အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
အခန်း ၁၈၅ - မီးပုံဘေးက စကားဝိုင်း
ကျဆင်းနေစဥ်အတွင်း ချီရွှမ်းစု၏ အတွေးများက စတင်၍ ဟိုရောက်သည်ရောက် ဖြစ်လာသည်။ သူက အခြေအနေတိုင်းမှာ အရင်ဆုံး ကိုယ်လွတ်ရုန်းဖို့ တွေးပြီး အမြဲတမ်း တစ်ကိုယ်ကောင်းဆန်ခဲ့သည်။
ဒါဆို ဒီတစ်ခေါက် သူဘာလို့ စိတ်လိုက်မာန်ပါ လုပ်ခဲ့ရတာလဲ။ ဤဆုံးဖြတ်ချက်ကို များစွာစဥ်းစားတွေးတောခြင်း မရှိဘဲ သူ အလိုလို ဆုံးဖြတ်မိခဲ့ပုံရသည်။ ပို၍ပင် ထူးဆန်းသည်မှာ သူက ဤလုပ်ရပ်နှင့်ပတ်သက်၍ နောင်တ လုံးဝရမနေပေ။ ဒါက ကျန်းယွဲ့လုအပေါ် သူ၏ စိတ်ရင်းမှန်ကန်မှု ဖြစ်မလား။
ချီရွှမ်းစု၏ ဘေးပတ်လည်မှာ ဝေဟင်ပျံသင်္ဘော၏ အပိုင်းအစများက မီးစွဲနေသော ဥက္ကာပျံများကဲ့သို့ ဖြတ်သန်းသွားသည်။ ချီရွှမ်းစုသည် တာအိုဆရာအိုကြီး၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လွှတ်ချပေးလိုက်ပြီး အောက်ဘက်မှာရှိသော အဖြူရောင်တစ်ခွင်တစ်ပြင်ကို ငုံ့ကြည့်နေ၏။
ဒီတိုင်းပဲ ငါသေရတော့မှာလား... ငါ့မှာ မလုပ်ရသေးတဲ့အရာတွေ အများကြီးရှိသေးတယ်... ချင်းဖျင်အသင်းကနေ ထွက်ရမယ်... ဉာဏ်ပညာဓားကို ကိုင်စွဲရမယ်... ပြီးရင် တာကျန်းစံအိမ်မှာ ကျန်းယွဲ့လုနဲ့ လက်ထပ်ရဦးမယ်...
အရာအားလုံးက မစတင်ခင်မှာပင် အဆုံးသတ်သွားရပြီဖြစ်သည်။
ဝေဟင်ပျံသင်္ဘော၏ ပျက်စီးနေသော အစိတ်အပိုင်းများက နှစ်ဖက်ခွဲပြီး ကျဆင်းသွား၏။ ဤတစ်ခေါက် ယာဉ်ပေါ်မှာ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပေ။ တချို့သည် သင်္ဘောပေါ်ရှိ ဝင်္ကပါများ အဆက်မပြတ် ပေါက်ကွဲခြင်းကနေ မီးစွဲခံလိုက်ရသည်။ တချို့က ပြင်းထန်ကြမ်းတမ်းသော လေဖြင့် တိုက်ချခံလိုက်ရ၏။
ကျန်းယွဲ့လုသည် သူမ၏ နောက်ကျောရှိ စက္ကူတောင်ပံကို အားပြုပြီး လေစီးကြောင်းအတိုင်း မျောပါနေ၏။ သူမသည် အောက်ဘက်မှာ ပျောက်ကွယ်သွားသည့် အရာရာတိုင်းနှင့် လူတိုင်းကို ကြည့်ရင်း လုံးဝကို ယူကျုံးမရဖြစ်နေသည်။
သူမ၏ အကြည့်မှာ မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် မုန်းတီးမှုတို့ ပါဝင်နေပြီး မျက်ရည်များက အဆက်မပြတ်စီးကျနေ၏။
ချီရွှမ်းစုကို ဆုံးရှုံးလိုက်ရခြင်းကြောင့် သူမက တစ်ဘဝလုံး မချိတင်ကဲ ခံစားနေရနိုင်သည်။ ပြီးခဲ့သည့်ညက သူ အရက်မူးနေတုန်း ပြောခဲ့သည့် စကားများကို ပြန်လည်ကြားယောင်နေဆဲဖြစ်၏။ ချီရွှမ်းစုသည် အဆင့် ၆ ကို တရားဝင် တိုးမြှင့်ပေးခြင်း မခံရသေးဘဲ နောက်ဆုံးမှာတော့ အဆင့် ၇ တာအိုဆရာတစ်ဦးအဖြစ်နှင့် ဤလောကကနေ ထွက်ခွာသွားပြီဖြစ်သည်။
ကျန်းယွဲ့လုက သူတို့အတူရှိခဲ့သည့် အချိန်များကို ပြန်လည်စဥ်းစားကြည့်လိုက်သည်။ ခုနစ်လပိုင်း ဆယ့်ငါးရက်နေ့ ကျုံးယွမ်ပွဲတော်မှာ သူတို့ ပထမဆုံး တွေ့ဆုံခဲ့ကြသည်။ ထို့နောက် အနောက်ဘက်ဒေသသို့ စစ်ဆင်ရေးဖြင့် ခရီးထွက်ခဲ့ကြ၏။ ဆယ်လပိုင်း ဆယ့်ငါးရက်နေ့ ရှယွမ်ပွဲတော်မှာ သူတို့ ပြဇာတ်အတူ သွားကြည့်ခဲ့ကြခြင်းနှင့် နောက်ဆုံး ပြီးခဲ့သည့်ညက သူ မူးနေတုန်း ပြောခဲ့သည့် စကားများကိုလည်း သူမ ပြန်လည်အမှတ်ရနေ၏။
တစ်လပိုင်း ဆယ့်ငါးရက်နေ့ ရှယွမ်ပွဲတော်ကို မရောက်ခင်မှာပင် သူက သူမ အနားကနေ ထွက်ခွာသွားပြီဖြစ်သည်။
ဤငါးလခွဲက ရှည်လျားသော အိပ်မက်တစ်ခုလို ခံစားရ၏။ သို့သော် အိပ်မက်ကနေ နိုးထလာပြီးနောက် သူမထံတွင် ကျန်ရစ်ခဲ့သည်မှာ ခါးသီးမှုများသာဖြစ်သည်။
ကျန်းယွဲ့လုသည် စိတ်တထင့်ထင့် ခံစားချက်ကို ရရှိခဲ့စဥ် နှစ်သစ်ကူးနေ့မှာ ယွင်ကျင်းတောင်ကနေ ထွက်လာမိသည့်အတွက် သူမကိုယ်သူမ အပြစ်တင်မိနေသည်။ တစ်လပိုင်း ဆယ့်ငါးရက်နေ့အထိ စောင့်ခဲ့မည်ဆိုလျှင် ကျောက်စိမ်းနေပြည်တော်သို့ ပြန်လာရာ ဝေဟင်ပျံသင်္ဘောပေါ်မှာ နောက်ထပ် အဆင့်မြင့်တာအိုဆရာများနှင့် ကောင်းကင်သက်ရှိများ ပါလာပေလိမ့်မည်။ ထိုအခါ ဝူလောကိုယ်တိုင် ပေါ်ထွက်မလာသရွေ့ သူမ၏ ရုပ်ပုံလွှာကပင် ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းယွဲ့လုသည် ဝမ်းနည်းမှုအပြင် ကြီးမားသော မုန်းတီးမှုနှင့် ပြင်းထန်သော အမျက်ဒေါသကိုလည်း ခံစားနေရသည်။ သူမသည် ပြင်းထန်သော ထိုးနှက်ချက်များနှင့် ကြုံတွေ့ရပြီးနောက် ချောင်မှာကပ်ပြီး ငိုနေမည့်သူမျိုး မဟုတ်ပေ။
အနောက်တိုင်း မွန်မြတ်သန့်စင်နန်းတော်သည် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ အသက်တစ်သက်အတွက် အသက်တစ်သက်ဟု ယုံကြည်ထားကြသည်။ ကွန်ဖြူးရှပ်များကလည်း ကြင်နာမှုကို ကြင်နာမှုနှင့် ပြန်လည်ပေးဆပ်ဖို့၊ မကျေနပ်ချက်များကို တရားမျှတမှုဖြင့် ပြန်လည်ပေးဆပ်ဖို့ ယုံကြည်ထားကြသည်။
ဤအချိန်မှာ ကျန်းယွဲ့လုက ဤသွေးကြွေးကို ပြန်လည်ရယူမည်ဟု ကျိန်ဆိုလိုက်၏။ သူမသည် ရှေးဟောင်းအင်မော်တယ် ဝူလောအပါအဝင် မည်သည့် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းဝင်ကိုမှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ လက်စားချေဖို့ နှစ်ပေါင်းတစ်ရာကြာ စောင့်ရမည်ဆိုလျှင်ပင် သူမက လက်လျှော့လိမ့်မည် မဟုတ်ပေ။
. . . . . .
ပြိုကျတော့မည့်ဆဲဆဲ သုခဘုံတစ်ခု ရှိနေသည်။ တစ်ခါက ထွန်းတောက်ခဲ့ဖူးသော နေရာ၏ အကြွင်းအကျန်များက ယခုအချိန်မှာ အနက်ရောင် အပေါက်များဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ အင်မတန်ကြီးမားသော အရွယ်အစားကြောင့် အဲဒါက ဆယ်စုနှစ်ကြာ တိုက်စားမှုများကို တွန်းလှန်ပြီး ယခုအချိန်ထိ လုံးလုံးလျားလျား ပျောက်ကွယ်မသွားသေးပေ။
ကျယ်ပြန့်သော ဤကုန်းမြေမှာ မြင်မြင်သမျှ အရာရာတိုင်းက ကျက်တီးမြေသာ ဖြစ်နေသည်။ ကျန်နေခဲ့သည်မှာ ဗလာကျင်းနေသော လျှိုမြောင်များနှင့် ခြောက်သွေ့အက်ကွဲနေသော မြေပြင်ဖြစ်သည်။ ခြောက်ကပ်နေသော အရိုးစုများနှင့် ကျိုးပဲ့နေသော လက်နက်များက နေရာတိုင်းမှာ ပြန့်ကျဲပြီး ကြီးမားသော တောကောင်အရိုးစုများက တောင်လို ပုံထပ်နေသည်။
ဤနေရာမှာ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသည့် မဟူရာတောင်တစ်လုံး ရှိနေပြီး ကျိုးပဲ့နေသော တောင်ထွတ်များက လေထဲမှာ လွင့်မျောကာ မဟူရာတောင်ကို အလွန်တရာ နှေးကွေးစွာဖြင့် လှည့်ပတ်နေကြသည်။ တောင်ခြေကနေ တောင်ထိပ်ကို မတွေ့မြင်ရပေ။
မိုးကုပ်စက်ဝိုင်း၏ အဆုံးမှာ လေဟာနယ်ထဲတွင် တွန့်လိမ်ပြီး ကစဉ့်ကလျားဖြစ်နေသော မြင်ကွင်းတစ်ခုရှိသည်။ မိုးကြိုးလျှပ်စီးများက ခန့်မှန်းရခက်စွာဖြင့် တဖျပ်ဖျပ်လက်နေ၏။ အဝေးကနေပင်လျှင် ထိုမိုးကြိုးလျှပ်စီးများ၏ ကြောက်စရာကောင်းသော စွမ်းအားကို ခံစားမိနိုင်သည်။
တိမ်စိုင်များအထက် ထိုးဖောက်ထားသော မဟူရာတောင်က ဤသုခဘုံ၏ ဗဟိုချက်မဖြစ်သည်။ မဟူရာတောင်နှင့် ပိုမိုနီးကပ်လာလေ နက်မှောင်နေသော ပင့်ကူအိမ်တစ်ခုက တောင်ကို လွှမ်းခြုံထားသကဲ့သို့ ကောင်းကင်ထက်မှာ အက်ကွဲကြောင်းများက ပို၍ ပေါ်ထွက်လာလေပင်။
မဟူရာတောင်ထိပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ငြိမ်းသေသွားခဲ့ပြီဖြစ်သော ကြီးမားသည့် မီးပုံတစ်ခု ရှိနေသည်။ လောင်ကျွမ်းခံထားရသော ထင်းချောင်းများနှင့် ပြာများကပင် ရှေးကျသော အငွေ့အသက်ကို ထုတ်ပေးနေ၏။
အနီးကပ် စစ်ဆေးကြည့်မည်ဆိုလျှင် ပြာပုံများ၏ အောက်မှာ ခပ်ဖျော့ဖျော့ မီးကျီးခဲများ ရှိနေသေးသည်ကို တွေ့မြင်ရပေမည်။ သေးငယ်သော မီးပွားများက ပြတ်တောင်းပြတ်တောင်းဖြင့် တဖျပ်ဖျပ်လက်နေ၏။
အရိပ်များ လွှမ်းခြုံထားသည့် အရပ်မြင့်မြင့် ပုံရိပ်တစ်ခုက မီးပုံဘေးမှာ မတ်တတ်ရပ်နေ၏။ အဖြူရောင်ဆံပင်ရှည်နှင့် နီရဲနေသော မျက်လုံးများရှိသည့် ထိုပုံရိပ်က ကြယ်များဖြင့် စီခြယ်ထားသည်ဟု ထင်ရသော တလက်လက်တောက်ပနေသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
မြင့်မားသော ပုံရိပ်က သူ့လက်အရွယ်အစားနှင့် ကိုက်ညီသည့် သေရည်ခွက်တစ်ခွက်ကို ကိုင်ထားပြီး သေရည်မျက်နှာပြင်မှာ ဝူလောက ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးနေသည့်မြင်ကွင်း ရောင်ပြန်ဟပ်နေ၏။
နီရဲနေသော မျက်လုံးများက တဖျပ်ဖျပ်ခတ်ပြီး အလေးအနက် စဥ်းစားတွေးတောနေပုံရသည်။
အသံတစ်သံက ကြားဖြတ်ဝင်ရောက်လာ၏။
“လင်းရှန်စုန်းကဝေဂိုဏ်းက တာအိုဂိုဏ်းတော်အတွင်းက လှုပ်ရှားမှုတွေကို သတိထားမိခဲ့တယ်... သူတို့က ခွန်လွင်တာအိုစံအိမ်မှာ လူသူအင်အား လျော့ကျနေတာကို အခွင့်ကောင်းယူပြီး ဝူလောအတွက် ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားဆင်းသက်မှုကို ဖော်ဆောင်ခဲ့ကြတယ်”
“သူတို့တွေက ဒီစစ်ဆင်ရေးမှာ ကံကြမ္မာ အယူဝါဒဂိုဏ်းရဲ့ ကူညီထောက်ပံ့မှုကို ရခဲ့တာ အံ့ဩစရာတော့ မရှိဘူး... ကျီကွမ်းအသင်း၊ လင်းရှန်စုန်းကဝေဂိုဏ်းနဲ့ ကံကြမ္မာအယူဝါဒဂိုဏ်းတို့က အမြဲတမ်း အတူတူ ရှေ့တက်ပြီး အတူတူ နောက်ဆုတ်ခဲ့ကြတယ်”
“တာအိုဂိုဏ်းတော်ရဲ့ စိတ်အာရုံကို ရှောင်လွှဲဖို့အတွက် သူတို့က အဆင့်မြင့်ခေါင်းဆောင်တွေကို ပို့လွှတ်မယ့်အစား နှစ်ပေါင်းများစွာ ခိုအောင်းနေတဲ့ အလယ်အလတ်အဆင့် အဖွဲ့ဝင်တွေကို အသုံးချခဲ့ကြတယ်... ဒါပေမဲ့ ထျန်ကန်းခန်းမက တာအိုဆရာနှစ်ဦးက အဲဒါကို အမှတ်မထင် ရှာတွေ့ရှိပြီး သူတို့ရဲ့ အစီအစဥ်ကို ဖျက်ဆီးပစ်လိုက်တာက မထင်မှတ်ထားစရာပဲ”
“အကျိုးဆက်အနေနဲ့ ထျန်ကန်းခန်းမက နောက်ထပ် လူအင်အားကို ပို့လွှတ်ပြီး ယီရှန်မြို့ကနေစ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်... သဲလွန်စတွေနောက်ကို လိုက်ပြီး သူတို့က ခွန်လွင်တာအိုစံအိမ်က လင်းရှန်စုန်းကဝေဂိုဏ်းဝင် အတော်များများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်... ဒီလိုနဲ့ လင်းရှန်စုန်းကဝေဂိုဏ်းရဲ့ ဆယ်နှစ်ကျော်ကြာ ကြိုးစားအားထုတ်မှုက အချည်းနှီး ဖြစ်သွားခဲ့ရတယ်”
“အဲဒါကြောင့်ပဲ လင်းရှန်စုန်းကဝေဂိုဏ်းက ဒေါသချောင်းချောင်းထွက်ပြီးတော့ အငြိုးအတေးကြီးကြီးနဲ့ လက်စားချေချင်ခဲ့တယ်... အဲဒါက ဝူလောရဲ့ စိတ်နေစရိုက်နဲ့ အံကိုက်ပဲ... သူက ဘယ်တုန်းကမှ သည်းမခံတတ်ခဲ့ဘူး... အရင်တုန်းက သူ့ရဲ့ ညီအစ်မတွေတောင် မရခဲ့ဘူး”
“ဒီတစ်ခေါက် လင်းရှန်စုန်းကဝေဂိုဏ်းက နောက်ထပ် အဖွဲ့ဝင်တစ်ဦးကို ဝူလောနဲ့ စစ်မင်ရဲ့ နတ်ဘုရားစွမ်းအားပါတဲ့ ပစ္စည်းတွေပေးပြီး ချန်ရှင်းစီရင်စုကို စေလွှတ်ခဲ့တယ်… နှစ်သစ်ကူးနေ့ ထွက်လာမယ့် ဝေဟင်ပျံသင်္ဘောပေါ်မှာ အဆင့် ၄ နဲ့အထက် တာအိုဆရာတွေ မပါဘူးလို့ ကျီကွမ်းအသင်းက လင်းရှန်စုန်းကဝေဂိုဏ်းကို သတင်းပေးတယ်”
“အဲဒါကြောင့် ဝေဟင်ပျံသင်္ဘောက ရှုကျိုးနယ်စပ်ကနေထွက်ပြီး ယုံကျိုးကို ဝင်ရောက်လာတဲ့အချိန်မှာ အယူဝါဒအဖွဲ့ဝင်က ဝေဟင်ပျံသင်္ဘောကို တိုက်ခိုက်ခဲ့တယ်... အဲဒါက ခွန်လွင်တောင်ကြားလမ်းတပ်စခန်းနဲ့ မလှမ်းမကမ်း ကျာလင်းရေကန်နဲ့ အယ်လင်းရေကန်အထက်မှာ ပျက်ကျသွားခဲ့တယ်”
“နှစ်သစ်ကူးနေ့ ဝေဟင်ပျံသင်္ဘောပေါ်မှာ ကျန်းယွဲ့လု ပါမလာရင်တောင် လင်းရှန်စုန်းကဝေဂိုဏ်းက ဒီလိုမျိုး မဟာအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး… သူတို့က ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးဦးမှာပဲ... ဘာပဲပြောပြော ဝေဟင်ပျံသင်္ဘောပေါ်မှာ ကောင်းကင်သက်ရှိတွေ ပါမလာတာက တကယ့်ကို ရှားရှားပါးပါး အခွင့်အရေးပဲ”
“နောက်ပြီး ခွန်လွင်တာအိုစံအိမ်က ကျောက်စိမ်းနေပြည်တော်မှာ လူသူအင်အား ဖြန့်ကြက်ထားတဲ့အတွက် ခွန်လွင်တောင်ကြားလမ်း အပြင်ဘက် နေရာတချို့က အုပ်ချုပ်မှု ကင်းမဲ့နေတယ်… လင်းရှန်စုန်းကဝေဂိုဏ်းအတွက်တော့ ကျန်းယွဲ့လုကို သတ်ဖြတ်တာက ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးဖို့လောက် အရေးမကြီးဘူး”
“ဝေဟင်ပျံသင်္ဘော ပျက်ကျသွားတဲ့ သတင်းက တာအိုအဖွဲ့အစည်းအတွင်းမှာ ပျံ့နှံ့သွားဖို့ သိပ်ကြာမှာ မဟုတ်လောက်ဘူး… တာအိုဂိုဏ်းတော်အတွက်တော့ ဒါက မျက်နှာကို ဖြတ်ရိုက်ခံရတာပဲ... အဲဒါက သူတို့ကို မကိုင်လှုပ်နိုင်ပေမဲ့ သူတို့ရဲ့ မာနကိုတော့ ထိခိုက်သွားလိမ့်မယ်… အဲဒါကြောင့် သူတို့ ဒေါသချောင်းချောင်းထွက်လာလိမ့်မယ်... သူတို့ရဲ့ အတွင်းရေး ပဋိပက္ခတွေကြောင့် သူတို့အနားမှာ တဝီဝီ အော်မြည်နေတဲ့ ခြင်တွေနဲ့ ယင်တွေကို လျစ်လျူရှုထားခဲ့ကြတယ်... အဲဒါက ဝူလောရဲ့ စိတ်ကြိုက်ဖြစ်ခဲ့တာပဲ”
လူအသံနှင့်မတူသော အရပ်မြင့်မြင့်ပုံရိပ်၏ အက်ကွဲနက်ရှိုင်းသော အသံက အနက်ရောင် အရိပ်များကြားကနေ ထွက်ပေါ်လာ၏။
“ဝူလောက ပိုပိုပြီးတော့ ဆိုးလာပြီ”
စောစောက ပြောခဲ့သော အသံက ရှင်းပြလိုက်၏။
“ဝူလောက ပူဇော်ပသ စွမ်းအားတွေ အများကြီးကို သိမ်းယူထားခဲ့တယ်… သူက စိတ်ဆန္ဒတွေနဲ့ မကျေမချမ်းမှုတွေ အများကြီး ပါဝင်တဲ့ သွေးယဇ်ပူဇော်မှုရဲ့ အရသာကိုလည်း ကြိုက်နှစ်သက်တယ်… အဲဒါက မဟာယာန စကားလုံးအရဆိုရင်တော့ ကြမ္မာစွမ်းအားပေါ့… ဒီနှစ်တွေထဲမှာ အဲဒီစွမ်းအားက သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ ပင်ကိုယ်စရိုက်အပေါ် မသိမသာ သက်ရောက်မှု ရှိလာခဲ့တယ်”
အရပ်မြင့်မြင့်ပုံရိပ်က မေးခွန်းထုတ်လိုက်၏။
“ဓမ္မ အဆုံးမသတ်ခင် ရှေးဟောင်းစုန်းတွေက လူ့လောကကို ပြန်ရောက်လာမယ်ဆိုတဲ့ ဗျာဒိတ်ရှိတယ်... ရှေးဟောင်းစုန်းတွေက လူ့လောကမှာ အရင်စုန်းနန်းတော်ကို ပြန်ပြီးတော့ တည်ဆောက်နိုင်မှာလား... တာအိုဂိုဏ်းတော်ဘက်မှာ ရှိနေတဲ့ ရှေးဟောင်းစုန်းတွေရဲ့ စိတ်သဘောထားကရော ဘယ်လိုရှိမလဲ”
စောစောက အသံပိုင်ရှင်က အဖြေပေးနိုင်ပုံမရဘဲ နှုတ်ဆိတ်သွားသည်။
အရပ်မြင့်မြင့်ပုံရိပ်ကလည်း အဖြေရဖို့ မျှော်လင့်မထားဘဲ သေရည်ခွက်ကိုသာ ညင်သာစွာ လှုပ်ခါလိုက်၏။ သေရည်ခွက်ထဲမှာ ဝေဟင်ပျံသင်္ဘော ပျက်ကျနေသော မြင်ကွင်းက ဝဲဂယက်များနှင့်အတူ ပျောက်ကွယ်သွားသည်။
ခဏနေပြီးနောက် စောစောက အသံက နောက်ဆုံးမှာ ပြောလိုက်သည်။
“တာအိုဂိုဏ်းတော်က ဘယ်လိုပဲ တုံ့ပြန်တုံ့ပြန်… ပျက်စီးတာက ပျက်စီးသွားပြီ... ပျက်ကျတဲ့ ဝေဟင်ပျံသင်္ဘောကို ပြန်မရနိုင်တော့ဘူး... သေသွားတဲ့သူတွေကိုလည်း ပြန်အသက်မသွင်းနိုင်တော့ဘူး”
အရပ်မြင့်မြင့်ပုံရိပ်က ငြိမ်းသေနေသော မီးထဲကို အတွေးနက်စွာဖြင့် ငေးကြည့်နေသည်။
ပြာများအောက်မှာ သေးငယ်သော မီးပွားများက တဖျပ်ဖျပ်နှင့် ပို၍ တောက်ပလာသည်။ တနေ့မှာ သူတို့သည် ဤမီးပုံကို ပြန်လည်အသက်သွင်းနိုင်ကောင်း သွင်းနိုင်ပေလိမ့်မည်။
အခန်း ၁၈၆ - အနိဠာရုံ၏ နောက်ဆက်တွဲ (၁)
ဝေဟင်ပျံသင်္ဘော ပျက်ကျသော ကြီးမားသည့် ပေါက်ကွဲမှုသည် ခွန်လွင်တာအိုစံအိမ်ကနေ နောက်ဆုံး ကျောက်စိမ်းနေပြည်တော်အထိ သတင်းရောက်ရှိသွားသည်။
ခွန်လွင်တာအိုစံအိမ်နှင့် ထျန်ကန်းခန်းမက သိပ်မကြာခင် ယုံကျိုးသို့ သူတို့၏ အမှုထမ်းများကို စေလွှတ်လိုက်ကြသည်။ ဤသည်က ကြီးမားသည့် ဖြစ်ရပ်ကြီးဖြစ်ပြီး ထျန်ကန်းခန်းမသခင်က ကိုယ်တိုင်လိုက်ပါလာ၏။ ထိုသို့ဖြင့် လေထဲမှာ လွင့်မျောနေဆဲ ကျန်းယွဲ့လုကို ကယ်တင်လိုက်ကြသည်။ ထျန်ကန်းခန်းမသခင်သည် သူမကို မြေပြင်ပေါ်မှာ နေရာချပေးပြီးနောက် ဝေဟင်ပျံသင်္ဘော၏ အပျက်အစီးများကို ရှာတွေ့သည့် မိုင် ၁၅၀ ပတ်လည်အတွင်း ပိတ်ဆို့ရှာဖွေဖို့ စိတ်ဝိညာဉ်တပ်သားများကို စေလွှတ်လိုက်၏။
ထျန်ကန်းခန်းမမှ စိတ်ဝိညာဉ်တပ်သားများသည် ကျန်းယွဲ့လုကို ခေါ်ဆောင်လာသောနေရာမှာ ခန်းမသခင်အတွက် ယာယီတဲထိုးပေးလိုက်ကြသည်။ ယာယီတဲမှာ ကော်ဇောများ၊ စားပွဲများ၊ ကုလားထိုင်များနှင့် အခြားသော ပစ္စည်းများ ပါဝင်သည်။ ခွန်လွင်တာအိုစံအိမ်က ထုတ်ပေးထားသည့် အသေးစိတ်ကျသော မြေပုံတစ်ချပ်ကို နံရံမှာ ချိတ်ဆွဲထား၏။ ၎င်းသည် စစ်ပွဲကာလတုန်းက ဝတ်ရုံနက်များ အသုံးပြုခဲ့သည့် ယာယီတဲနှင့် များစွာမကွာခြားပေ။
ကျန်းယွဲ့လုက ထောင့်တစ်နေရာမှာ တစ်ယောက်တည်းထိုင်ပြီး သူမ၏ မျက်လုံးများက ငေးငိုင်နေ၏။ သူမ၏ မျက်နှာကလည်း ဆိုးဆိုးဝါးဝါး ဖြူဖျော့နေသည်။ သူမသည် ဝေဟင်ပျံသင်္ဘောပေါ်မှ တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ယခုအချိန်ထိ တုန်လှုပ်မှုကနေ ရုန်းမထွက်နိုင်သေးဟု အခြားသူများက တွေးမိကြပေလိမ့်မည်။
ဤအချိန်မှာ အမျိုးမျိုးသော အရေးကိစ္စများကို ထျန်ကန်းခန်းမသခင်ထံ အစီရင်ခံတင်ပြရန် လူများစွာက ယာယီတဲထဲ ဝင်လိုက်ထွက်လိုက် ရှိနေကြသည်။
ဝေဟင်ပျံသင်္ဘောသည် ခွန်လွင်တောင်ကြားလမ်းစခန်း အပြင်ဘက် ကျာလင်းရေကန်နှင့် အယ်လင်းရေကန်အထက်မှာ ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ဝေဟင်ပျံသင်္ဘော၏ အပျက်အစီးအများစုနှင့် နစ်နာသူများက ရေကန်ထဲသို့ ပြုတ်ကျသွားပြီး ရှာဖွေရ ပိုမိုခက်ခဲသွားစေသည်။ သာမန်စိတ်ဝိညာဉ်တပ်သားများက ရေအောက်အနက်ပိုင်းထဲ မငုပ်လျှိုးနိုင်သည့်အတွက် တာအိုဂိုဏ်းတော်သည် အဆင့် ၃ နှင့်အထက် စိတ်ဝိညာဉ်တပ်သားများကို စေလွှတ်ရမည်။
ဒါ့အပြင် ဝေဟင်ပျံသင်္ဘောသည် ပေပေါင်းထောင်ချီအမြင့်ကနေ ပျက်ကျသွားခဲ့သည်။ ပြင်းထန်သော လေအဟုန်ကြောင့် အပျက်အစီးနှင့် အပိုင်းအစများက အောက်တည့်တည့်ကို ကျဆင်းမသွားခဲ့ဘဲ အပိုင်းအစနှင့် လူတချို့က မိုင် ၁၅၀ ပတ်လည်၏ အပြင်ဘက်ကို ရောက်ရှိသွားနိုင်သည်။ ရှာဖွေမည့်နေရာကို ချဲ့ထွင်ဖို့အတွက် နောက်ထပ် လူသူအင်အား လိုအပ်နေ၏။
ထျန်ကန်းခန်းမသခင်သည် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ဖို့နှင့် ဝေဟင်ပျံသင်္ဘော၏ နဂါးပုလဲကို ပြန်လည်ရယူဖို့ အဓိက အာရုံစိုက်ထားပြီး ကီလိုမီတာ ၂၅၀ ပတ်လည်အတွင်းမှာ အရင်ဆုံး ပိုက်စိပ်တိုက်ရှာဖွေဖို့ သူ၏ လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်သည်။ စစ်ကူများ ရောက်လာပြီးမှ ရှာဖွေသည့် ဧရိယာကို ချဲ့ထွင်ပြီး ရေအောက်သို့ ငုပ်လျှိုးရှာဖွေခြင်းများ ပြုလုပ်ရပေမည်။
ရှာဖွေမှုအပြင် အမျိုးမျိုးသော အဖွဲ့အစည်းများမှ မေးမြန်းစုံစမ်းမှုများနှင့် စာများလည်း ရှိနေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဤဖြစ်ရပ်သည် လက်ထောက်မဟာအကြီးအကဲ သုံးဦးစလုံးကို တစ်ပြိုင်နက်တည်း ဆွဲဆောင်မိသွား၏။
ဤဝေဟင်ပျံသင်္ဘောသည် ရှန်ချင်းနန်းတော်ကနေ ထွက်လာသောကြောင့် ခရီးသည်အများစုက ကျန်းယီဂိုဏ်းမှ ဖြစ်ကြသည်။ ထို့ကြောင့် ကောင်းကင်ဆရာသခင်က မေးမြန်းစုံစမ်းဖို့ တာဝန်ရှိနေသည်။ ဤဖြစ်ရပ်သည် နှစ်သစ်ကူးနေ့မှာ ဖြစ်ပြီး ထိုနေ့မှာပင် မြေကမ္ဘာဆရာသခင်သည် မဟာသူတော်စင် လွင်ကျစ်ဘွဲ့ကို အင်ပါယာဆရာသခင်ထံ လွှဲပြောင်းပေးရသည်။
ဤကဲ့သို့ အရေးပါသောနေ့မှာ ဤကဲ့သို့ ကြီးမားသော မတော်တဆမှု ဖြစ်ပွားခြင်းနှင့်အတူ လက်ထောက်မဟာအကြီးအကဲများက လျစ်လျူရှုမထားနိုင်ကြပေ။ ပို၍အရေးပါသည်မှာ ဤဝေဟင်ပျံသင်္ဘောပေါ်တွင် ကျန်းယွဲ့လုလည်း လိုက်ပါလာခဲ့သည်။ သူမသည် ကောင်းကင်ဆရာသခင်၏ မြေးဖြစ်ပြီး လက်ထောက်မဟာအကြီးအကဲ သုံးဦးစလုံးက သူမကို သိရှိထားကြသည်။ သူမ၏ ပါရမီအရည်အချင်းကို မြေကမ္ဘာဆရာသခင်က တန်ဖိုးထားပြီး လက်ထောက်ထျန်ကန်းခန်းမသခင်အဖြစ် တိုးမြှင့်ပေးခဲ့သည်။ လီထျန်ကျန်းနှင့် သူမ၏ ယှဉ်ပြိုင်မှုကြောင့် အင်ပါယာဆရာသခင်ကလည်း ကျန်းယွဲ့လုကို သိရှိထား၏။
ထို့ကြောင့် ထျန်ကန်းခန်းမသခင်သည် လက်ထောက်မဟာအကြီးအကဲသုံးဦး၏ စာများကို ကိုယ်တိုင်ပြန်ပေးပြီး အခြေအနေ အသေးစိတ်ကို အစီရင်ခံတင်ပြပေးရသည်။
ပေချန်ခန်းမ၊ ဟွာရှန်ခန်းမနှင့် ခွန်လွင်တာအိုစံအိမ်ကဲ့သို့ အခြားသော ခန်းမများမှ မေးမြန်းစုံစမ်းမှုများလည်း ရှိနေသည်။ ဤဖြစ်ရပ်အပြီးမှာ ဤကဲ့သို့သော ကိစ္စမျိုး နောက်တစ်ခါ မဖြစ်ပွားစေရန် ပေချန်ခန်းမသည် စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပြီး ဟာကွက်များကို ရှာဖွေဖို့အတွက် အတွင်းပိုင်း စစ်ကြောရေးကိုလည်း ပြုလုပ်ရပေလိမ့်မည်။ ဟွာရှန်ခန်းမက သေကြေပျက်စီးထိခိုက်မှုများကို မေးမြန်းပြီး လိုအပ်သည့် ထောက်ပံ့မှုများကို ပြုလုပ်ပေးရမည်ဖြစ်သည်။
သူတို့၏ ပိုင်နက်နယ်မြေထဲမှာ ဖြစ်ပွားခဲ့သောကြောင့် ခွန်လွင်တာအိုစံအိမ်ကလည်း ပါဝင်ပတ်သက်ရပြီး သူတို့က လိုအပ်သည့် အကူအညီများ ပေးခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို တတ်နိုင်သမျှ လျှော့ချလိုကြသည်။ တကယ်တော့ ဤယာဉ်ပျက်ကျမှုက တာအိုဂိုဏ်းတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ် မဟုတ်သော်လည်း မကောင်းသည့် သက်ရောက်မှုတစ်ခု ရှိလာသည်။ ရွှေနန်းမြင့်မျှော်စင်က စစ်ဆေးမေးမြန်းမှု စတင်ပြုလုပ်သည့်အခါ ဤဖြစ်ရပ်အတွက် တစ်ယောက်ယောက်ကတော့ မလွဲမသွေ တာဝန်ခံရပေတော့မည်။
ပထမဆုံးနှင့် အဓိကကျသော ခွန်လွင်တာအိုစံအိမ်သည် အုပ်ချုပ်မှု လျော့ကျခဲ့သည့်အတွက် တာဝန်ယူမှုကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ဤအချက်ကြောင့် သူတို့သည် ဝေဟင်ပျံသင်္ဘောကို အချိန်မီ မကယ်ဆယ်နိုင်ခဲ့ပေ။
ဤဖြစ်ရပ်သည် လျှို့ဝှက်အသင်းအဖွဲ့များနှင့် ပတ်သက်နေသောကြောင့် ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမကလည်း တာဝန်ယူ တာဝန်ခံရပေလိမ့်မည်။ နောက်ဆုံးမှာတော့ ဝေဟင်ပျံသင်္ဘောပေါ်တွင် လုံခြုံရေးပိုင်း ကြိုတင်ပြင်ဆင်မှုများကို လျစ်လျူရှုမိသည့်အတွက် ဝူကျိုးတာအိုစံအိမ်ကလည်း တာဝန်ယူရပေလိမ့်မည်။
ယခုအချိန်မှာ ကျန်းယွဲ့လုက အပြင်လူတစ်ယောက်လို ဖြစ်နေသည်။ သူမ၏ ဘေးပတ်လည်မှ အရာရာတိုင်းကို လျစ်လျူရှုထားပြီး ပါဝင်ပတ်သက်ချင်ပုံ မရပေ။ သူမက ယာယီတဲ၏ ထောင့်မှာ တစ်ယောက်တည်းထိုင်ပြီး အတွေးများထဲ နစ်မျောနေ၏။
ဝေဟင်ပျံသင်္ဘောကို ဖျက်ဆီးခဲ့သည့် တာအိုဆရာအိုကြီးက လင်းရှန်စုန်းကဝေဂိုဏ်းဝင် ဖြစ်သော်လည်း သူ့တွင် အစစ်အမှန်အရှင်စစ်မင်၏ နတ်ဘုရားစွမ်းအားလည်း ရှိနေခဲ့သည်။ ဤအချက်သည် ဤဖြစ်ရပ်မှာ ကံကြမ္မာအယူဝါဒဂိုဏ်းလည်း ပါဝင်ပတ်သက်နေသည်ဟု ညွှန်ပြနေ၏။ သို့သော် ၎င်းက ဘယ်လောက်စွမ်းအားကြီးမားသည်ဖြစ်စေ… တာအိုဂိုဏ်းတော်မှ အဆင့်မြင့်တာအိုဆရာများသည် ဝူလော၏ ရုပ်ပုံလွှာကို ကိုင်တွယ်နိုင်စွမ်းရှိသည့်အတွက် အဲ့ဒါက အဓိကမကျပေ။
ကျန်းယွဲ့လု အဓိက အာရုံစိုက်မိသည့်အရာမှာ ဤတစ်ခေါက် ဝေဟင်ပျံသင်္ဘောပေါ်တွင် ကောင်းကင်သက်ရှိများ ပါမလာဟု လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းက အတိအကျ သိရှိနေခဲ့ခြင်း ဖြစ်သည်။ ခရီးသည်များအားလုံးက အဆင့် ၄ နှင့်အောက် ဖြစ်ခဲ့ကြသည်။ သူတို့က ဤသတင်းအချက်အလက်ကို ဘယ်လို ရရှိသွားကြတာလဲ။
ပထမဆုံး သံသယဝင်မိသည်မှာ ကျိကွမ်းအသင်းဖြစ်သည်။ ကျန်းယွဲ့လုသည် ပေချန်ခန်းမမှာ အလုပ်လုပ်ခဲ့ဖူးသောကြောင့် အမျိုးမျိုးသော လျှို့ဝှက်အသင်းအဖွဲ့များ၏ ဝိသေသလက္ခဏာများကို အလွယ်တကူ ခွဲခြားနိုင်သည်။ ရှန်ချင်းနန်းတော်မှာ ခရီးသည်များ၏ နာမည်စာရင်း ရှိထားပြီး ကျိကွမ်းအသင်းသည် ရှန်ချင်းနန်းတော်ကို စိမ့်ဝင်ထိုးဖောက်နေခဲ့သည် သို့မဟုတ် ရှန်ချင်းနန်းတော်မှ တာအိုဆရာတစ်ဦးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိထားသည်ဟု အဓိပ္ပာယ်ရလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကြားမှာ သူလျှိုတစ်ဦး ရှိနေခဲ့သည့်အတွက် ကျန်းမိသားစုကလည်း စုံစမ်းစစ်ဆေးမှုကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ဤအချိန်မှာ ယာယီတဲထဲသို့ လူတစ်ယောက် ဝင်လာပြီး ထျန်ကန်းခန်းမသခင်ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။ ထျန်ကန်းခန်းမသခင်က လက်ကာပြလိုက်ပြီးနောက် ထိုအမျိုးသမီးက ကျန်းယွဲ့လုရှိရာသို့ မြန်မြန်ဆန်ဆန် လျှောက်လှမ်းလာ၏။
အမျိုးသမီးက ကျန်းယွဲ့လုရှေ့မှာ ဒူးထောက်၍ သူမ၏ လက်ကို ကျန်းယွဲ့လု၏ ဒူးနှစ်ဖက်ပေါ် ညင်သာစွာ တင်ကာ ခေါ်လိုက်သည်။
“ချင်းရှောင်...”
ကျန်းယွဲ့လုက ဖြည်းဖြည်းချင်း ခေါင်းမော့ပြီး မူကျင်းကို တွေ့မြင်လိုက်ရ၏။
မူကျင်းက ကျောက်စိမ်းနေပြည်တော်မှာ ရှိနေခဲ့သည်။ သူမသည် ထျန်ကန်းခန်းမသခင်နှင့် အတူလိုက်လာပြီး ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ပေးခံထားရသည်။ မည်သို့ပင်ဆိုစေ ဤရှာဖွေမှုကို ထျန်ကန်းခန်းမနှင့် ခွန်လွင်တာအိုစံအိမ်က တာဝန်ယူထားသည်။ ထျန်ကန်းခန်းမသခင်က အလုံးစုံအခြေအနေတစ်ရပ်လုံးကို တာဝန်ယူထားသော်လည်း ကိစ္စများစွာမှာ အမျိုးမျိုးသော အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး သူတို့ကို ဆက်သွယ်ညှိနှိုင်းပေးဖို့က မူကျင်း၏ တာဝန်ဖြစ်သည်။
ရှာဖွေမှုမှာ ပူးပေါင်းဆောင်ရွက်ပေးပြီးနောက် နောက်ဆုံး အချိန်အနည်းငယ်ရသည့်အခါ မူကျင်းက ကျန်းယွဲ့လုကို အပြေးအလွှား လာတွေ့ခြင်း ဖြစ်သည်။
ချီရွှမ်းစုနှင့် မူကျင်း၏ ဆက်ဆံရေးကို အသာထား၊ မူကျင်းနှင့် ကျန်းယွဲ့လုသည် ပေချန်ခန်းမမှာ ရှိစဉ်ကတည်းက ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ကြသည်။
ကျန်းယွဲ့လု၏ အကြည့်က မူကျင်းအပေါ် ရောက်ရှိလာသော်လည်း သူမက စကားပြောဆိုခြင်း မရှိချေ။
“ထျန်းယွမ်...”
မူကျင်းသည် ကျန်းယွဲ့လုအတွက် စိတ်မကောင်းဖြစ်နေခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ ထို့ကြောင့် သူမက ပထမဆုံးအကြိမ်အဖြစ် သူ၏ လူရင်းနာမည်ကို ခေါ်လိုက်သည်။
“ထျမ်းယွမ်…”
ကျန်းယွဲ့လုကလည်း ထိုနာမည်ကို လိုက်ပါရေရွတ်ပြီး သူမ၏ အသံက ခြောက်သွေ့အက်ကွဲနေ၏။
မူကျင်းက ကျန်းယွဲ့လု၏ ကျောကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“ကျွန်မ တကယ် စိတ်မကောင်းပါဘူး... သေတဲ့သူက သေသွားပြီပဲ... ကျန်တဲ့သူက ဆက်ပြီးတော့ ရှင်သန်ရဦးမယ်လေ”
ကျန်းယွဲ့လုက စိတ်ထိခိုက်တုန်လှုပ်မှုဖြင့် သူမ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။
“ထျန်းယွမ်ကြောင့် မဟုတ်ရင် ငါ အခု ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး”
မူကျင်းက ဘာပြောရမည် မသိတော့ပေ။ သူမထံမှ ကျန်းယွဲ့လုကို ခိုးယူသွားသည့်အတွက် မူကျင်းသည် ချီရွှမ်းစုကို သဘောမကျရုံသာဖြစ်သည်။ သို့သော် အရိုးသားဆုံး ပြောရလျှင် သူမက သူ့ကို မုန်းတီးနေခြင်း မရှိပေ။ အထူးသဖြင့် သူက ကျန်းယွဲ့လုအတွက် သူ့ကိုယ်သူ စွန့်လွှတ်စတေးခဲ့ရသည်ဟု သိရှိလိုက်ရချိန်မှာ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်မှာ အငြိုးအတေးများ အားလုံးက ပြေပျောက်သွားပြီ ဖြစ်သည်။
ကျန်းယွဲ့လုက သူမ၏ မျက်လုံးများကို နောက်တစ်ဖန် ဖွင့်လိုက်သည့်အချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်၏။
“ငါ ထျန်ကန်းခန်းမကို လွှဲပြောင်းပေးခံခဲ့ရတာက အချိန်မှန်ဖြစ်ခဲ့တဲ့ပုံပဲ... ငါ့ရဲ့ အားလပ်ရက်တွေ အားလုံးကို ဖျက်သိမ်းပြီး တတ်နိုင်သမျှမြန်မြန် တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦး ဖြစ်လာအောင် ကြိုးပမ်းရမယ်... အဲ့ဒါမှ လက်ထောက်ခန်းမသခင်ဆိုတဲ့ ငါ့ရဲ့ရာထူးနဲ့ ကိုက်ညီမှု ရှိလိမ့်မယ်”
မူကျင်းက သတိပေးလိုက်၏။
“ဒါပေမဲ့ ရာထူးသက်တမ်းစနစ်အရဆိုရင် အဆင့် ၄ ကနေ အဆင့် ၃ ကို တိုးမြှင့်ပေးခံရဖို့ အချိန်သုံးနှစ် ယူရမယ်မလား... အစ်မက အဆင့် ၄ ကို မကြာသေးခင်ကမှ တိုးမြှင့်ပေးခံထားရတာဆိုတော့ လုံလောက်တဲ့ အကျိုးဆောင်မှုကို စုဆောင်းထားနိုင်မယ်ဆိုရင်တောင် အဆင့် ၄ မှာ နောက်ထပ်နှစ်နှစ် နေရဦးမယ်မလား”
ကျန်းယွဲ့လုက ပြတ်သားစွာဖြင့် ပြောလိုက်၏။
“ဘယ်အရာမှ တပ်အပ်သေချာ မရှိဘူး... ငါ ခြွင်းချက် ရလိမ့်မယ်”
မူကျင်းက ခဏမျှ စဉ်းစားပြီးနောက် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
“ခြွင်းချက်လား... အစ်မက ကောင်းကင်သက်ရှိတစ်ဦးအဖြစ် တက်လှမ်းတော့မှာလား”
ကျန်းယွဲ့လုက အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“ငါ ကောင်းကင်သက်ရှိတစ်ဦး ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်... ထျန်ကန်းခန်းမမှာ အကျိုးဆောင်မှုတွေကို စုဆောင်းဖို့က ငါ့အတွက် အခက်အခဲ မရှိဘူး”
“ကျွန်မ နားလည်ပါပြီ...”
မူကျင်းက ခေါင်းညိတ်ပြလိုက်၏။
ကျန်းယွဲ့လု၏ မျက်လုံးများက အေးစက်လာသည်။
“သူတို့ရဲ့ ဦးခေါင်းတွေနဲ့ အကျိုးဆောင်မှုတွေကို လဲယူဖို့က အန္တရာယ်များတဲ့ ကစားပွဲတစ်ခုလို့ လင်းရှန်စုန်းကဝေဂိုဏ်းက ပြောတယ်... ဒီကစားပွဲမှာ ငါတို့ထဲ ဘယ်သူက နောက်ဆုံးအထိ ကျန်ရှိနိုင်မလဲ ကြည့်ရသေးတာပေါ့”
“အင်း...”
မူကျင်းက ကျန်းယွဲ့လုကို ဘယ်လိုဖျောင်းဖျရမည် မသိဘဲ သက်ပြင်းသာ ချလိုက်၏။
“ထျန်းယွမ်ရဲ့ နေရာကို ဘယ်လို လုပ်မလဲ”
ကျန်းယွဲ့လု၏ မျက်လုံးများက သုန်မှုန်လာသော်လည်း သူမက ဖြေပေးလိုက်သည်။
“သူက သေပြီလားဆိုတာ ငါတို့ သေချာမသိရသေးဘူး... သူ့ရဲ့ အလုပ်တွေကို လောလောဆယ် နင်တာဝန်ယူထားလိုက်… သုံးလကြာပြီးရင် သူ့ကို ပျောက်ဆုံးစာရင်း သွင်းလိုက်… သုံးနှစ်ကြာပြီးရင်တော့…”
“ကောင်းပါပြီ… ကျွန်မ နားလည်ပါပြီ”
မူကျင်းက ကျန်းယွဲ့လုအတွက် စိတ်မကောင်းဖြစ်နေပြီး မည်သည့် ကန့်ကွက်မှုမှ မရှိပေ။
ဤကဲ့သို့သော ဖြစ်ရပ်များမှာ တာအိုဂိုဏ်းတော်သည် သေဆုံးသူများကို လျော်ကြေးပေးဖို့အတွက် ရန်ပုံငွေတစ်ခုကို ခွဲဝေပေးပေလိမ့်မည်။ ထို့ကြောင့် လူအများစုက သိပ်ကြာကြာ အချိန်ဆွဲမထားချင်ဘဲ နစ်နာသူကို သေဆုံးစာရင်းသွင်းလိုကြသည်။ သို့သော်လည်း ကျန်းယွဲ့လု ပြောသည်မှာ မှန်သည်။ သူတို့က ချီရွှမ်းစု၏ အလောင်းကို ရှာမတွေ့လျှင် သူ့ကို အရင်ဆုံး ပျောက်ဆုံးစာရင်းသွင်းထားပြီး နောက်မှ သေဆုံးစာရင်းသွင်းရမည်ဖြစ်သည်။
ဒါ့အပြင် ချီရွှမ်းစုမှာ မိသားစု၊ တာအိုလက်တွဲဖော် သို့မဟုတ် ဆရာ မရှိပေ။ တာအိုအဖွဲ့အစည်းအတွင်းမှာ ရှိပုံမရသည့် အစ်မချီဟုခေါ်သော လူတစ်ယောက်ကိုသာ ကျန်းယွဲ့လု ကြားဖူးထားသည်။ ကျန်းယွဲ့လုက ထိုအမျိုးသမီးကို ဘယ်မှာသွားရှာရမလဲ မသိသည့်အတွက် အစ်မချီကို လျော်ကြေးပေးဖို့ကလည်း မဖြစ်နိုင်ပေ။ ကျန်းယွဲ့လုသည် လျော်ကြေးငွေအားလုံးကို သေဆုံးသူအတွက် ရည်စူးသော ငွေစက္ကူနှင့် လဲယူမည်ဆိုလျှင်တောင် ချီရွှမ်းစုမှာ နောက်ဆုံး အနားယူစရာနေရာ မရှိခဲ့သည့်အတွက် ထိုငွေစက္ကူများကို ဘယ်နေရာမှာ မီးသွားရှို့ပေးရမလဲပင် မသိပေ။
ဒါ့အပြင် ချီရွှမ်းစုက တစ်နေ့မှာ ပြန်လာနိုင်သေးသည်ဟု ကျန်းယွဲ့လုက မျှော်လင့်ချက်ထားနေဆဲဖြစ်သည်။