အခန်း (၁၆၅၉-၁၆၆၀)
Vol. 119 Ch. 1659-1660
အခန်း (၁၆၅၉) ပြိုင်ဘက်ကင်းသုတ်သင်ခြင်းဓား
နျဲ့ကျင်းရှန် ထွက်ခွာသွားပေပြီ။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းက သူ့နောက်မှ လိုက်သွားကြသည်။
ရန်ကျောက်ကဲတို့ ထွက်ခွာသွားသည်ဖြစ်ရာ တောင်ပိုင်းချန်စန်းဧကရာဇ်က တိုက်ပွဲမှ အမြန်ပင် ပြန်ဆုတ်ခွာလိုက်၏။
ကြာပန်းစိမ်းရတနာအလံက ငရဲကိုးထပ်မှ နတ်ဆိုးပင်လယ်ရေများဖြင့် စွန်းထင်းနေသည့်တိုင် ဆွဲဆောင်မှုရှိနေသေးသည် အမှန်ပင်။
ယခု ရန်ကျောက်ကဲက ထိုပစ္စည်းကို ရရှိသွားပေပြီ။
ဟုတ်ပေ၏။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာကျင့်ကြံသူများရော နတ်မိစ္ဆာများပါ သိပ်ပြီးကျေနပ်ကြခြင်း မရှိပေ။
သို့သော် လက်ရှိအခြေအနေက ပရမ်းပတာနိုင်သည်ဖြစ်ရာ အားလုံးမှာ အပြန်အလှန်သတိထားနေရသဖြင့် အံကြိတ်သည်းခံလိုက်ရုံသာ တတ်နိုင်သည်။
လူတိုင်း စိုးရိမ်ပူပန်စိတ်များဖြင့် ထွက်ခွာသွားကြသည်။
ငရဲကိုးထပ်မှ နတ်ဆိုးများမှာလည်း နျဲ့ကျင်းရှန်နှင့် ရန်ကျောက်ကဲတို့နောက်သို့ တပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
နျဲ့ကျင်းရှန်က ရှေ့မှ အရှိန်နှင့်သွားနေပြီး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းက သူ့နောက်မှ အမှီလိုက်နေကြသည်။
"အစ်ကို'နျဲ့'..."
ရန်ကျောက်ကဲ လှမ်းခေါ်လိုက်သည်။
သို့သော် နျဲ့ကျင်းရှန်က သူ့ကို ဂရုမစိုက်ဘဲ ရှေ့သို့သာဆက်သွားနေသည်။
ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်ပြီး သက်ပြင်းချလိုက်ရင်း...
“တောင်းပန်ပါတယ် အစ်ကို’နျဲ့’”
ပြောပြီးသည်နှင့် သူက မူလပရမ်းပတာတူကို ပင့်မြှောက်ကာ နျဲ့ကျင်းရှန်၏ကျောပြင်သို့ လွှဲရိုက်ချလိုက်သည်။
ထိုအခါမှ နျဲ့ကျင်းရှန် ခြေလှမ်းများရပ်တန့်သွားပြီး နောက်သို့လှည့်ကာ ဓားကိုဝှေ့ယမ်းလိုက်သည်။ သူ၏ဓားအလင်းတန်းက ဆုံမှတ်တစ်ခုတည်းအဖြစ် စုစည်းသွားပြီး မူလပရမ်းပတာတူကို ဝါးမြိုရန် ကြိုးစားလိုက်သည်။
“အစ်ကို’နျဲ့’ ... အပြစ်မယူပါနဲ့”
ဖန်းယွင်ရှန်းကလည်း တောင်းပန်စကားဆိုပြီး စတင်တိုက်ခိုက်လိုက်သည်။
သူမ၏ ဓားအလင်းတန်းက နျဲ့ကျင်းရှန်၏ ရွှေညိုရောင်ဓားအလင်းတန်းကို ပိတ်ဆို့လိုက်ပြီး မူလပရမ်းပတာတူကို လွတ်မြောက်စေလိုက်သည်။
"တာအိုရောင်းရင်းတို့... အားနာမနေကြပါနဲ့..."
နျဲ့ကျင်းရှန်၏ လေသံက အေးစက်တည်ငြိမ်လွန်းသည်။
ထို့နောက် ရွှေညိုရောင်ဓားအလင်းတန်း ပြန်လည်စုစည်းသွားပြီး ဖန်းယွင်ရှန်းအား ခုတ်ပိုင်းချလိုက်သည်။
သူ၏တိုက်ကွက်က သက်ရှိအားလုံးကို သုတ်သင်ဖျက်ဆီးပြီး ကမ္ဘာလောကကို ပျက်ဆီးသွားစေနိုင်သည့် နတ်ဆိုးတာအိုကို အပြည့်အဝ ဖော်ပြနေသည်။
နျဲ့ကျင်းရှန် နတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီးနောက် သူ၏ ပြိုင်ဘက်ကင်း ဓားတာအိုကို အဆင့်တစ်ခုသို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။
ယွိချင်ပြိုင်ဘက်ကင်းဓားသိုင်းကို ပြိုင်ဘက်ကင်းသုတ်သင်ခြင်းဓားသိုင်းအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ဤဖြစ်စဉ်တွင် သူ၏တာအိုက ဖျက်ဆီးခြင်းနှင့် ပျက်သုဉ်းခြင်းဘက်သို့ ပိုမိုတိမ်းဆောင်းသွားပြီး ပရမ်းပတာ ပျက်သုဉ်းခြင်း ၊ လွှမ်းမိုးနိုင်စွမ်းမြင့်မားခြင်း သဘောတရားများဖြင့် ပြည့်နက်နေသည်။
သူ၏ဓားသိုင်းက ဖန်းယွင်ရှန်၏ အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်ဓားသိုင်းနှင့် ဆင်တူရိုးမှား ဖြစ်ပေသည်။
ဟုတ်ပေ၏။
ဤဓားသိုင်းနှစ်ခုတွင် တူညီမှုများရှိနေသည့်တိုင် ကိုယ်ပိုင်နက်နဲထူးခြားမှုများကို ပိုင်ဆိုင်ထားသည်။
နျဲ့ကျင်းရှန်၏ ဓားအလင်းတန်းနှင့် ဖန်းယွင်ရှန်း၏ ဓားအလင်းတန်းတို့ ထိပ်တိုက်ရင်ဆိုင်မိကြပြီး ဖန်းယွင်ရှန်း၏ ဓားအလင်းတန်းက ပိုမိုရက်စက်ပြင်းထန်သဖြင့် အသာစီးရသွားသည်။
သိ့သော် နျဲ့ကျင်းရှန်၏ ဓားကွက်အလှည့်အပြောင်းက ဖန်းယွင်ရှန်းထက် ပိုမိုမြန်ဆန်သည်။
ပထမတစ်ကွက် ထိပ်တိုက်တွေ့ပြီးသည်နှင့် နောက်ထပ်ဓားကွက်တစ်ကွက်က ဖန်းယွင်ရှန်းထံ ချက်ချင်း ဝင်ရောက်လာသည်။
ထိုအချိန် ဖန်းယွင်ရှန်း၏ ဦးခေါင်းထက်တွင် ပရမ်းပတာချောက်နက်ကြီးတစ်ခု ပေါ်လာပြီး ချဉ်းကပ်လာသော နျဲ့ကျင်းရှန်၏ ဓားအလင်းတန်းကို ပိတ်ဆို့လိုက်သည်။
နျဲ့ကျင်းရှန်၏ဓားအလင်းတန်းသည်လည်း ပုံသဏ္ဌန်ပြေင်းလဲသွားပြီး ပရမ်းပတာ ချောက်နက်ကြီးထဲမှ အသာရှောင်ထွက်ကာ ဖန်းယွင်ရှန်းကို ဆက်လက်တိုက်ခိုက်လိုက်သည်။
ဓားသွားနှစ်ခု ဆက်တိုက်ပင် ရိုက်ခတ်မိနေပြီး နှစ်ဖက်လုံး အခြေအနေ တင်းမာလာသည်။
ရန်ကျောက်ကဲက မူလပရမ်းပတာတူကို ပြန်လည်သိမ်းဆည်းလိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် နျဲ့ကျင်းရှန်ကို ကြည့်လိုက်သည်။
သူတို့နောက်မှလိုက်လာသည့် မဟာနတ်ဆိုးများက ပိုမိုနီးကပ်လာပြီး တစ်ချိန်တည်းမှာပင် ဗလာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာပြီး အတွင်းမှ မိစ္ဆာချီများထွက်ပေါ်လာကာ ထိပ်တန်းအဆင့် နတ်ဆိုးများ ထပ်မံထွက်ပေါ်လာသည်။
သူတို့က နျဲ့ကျင်းရှန်တို့အုပ်စုအား လာရောက်ကူညီခြင်းမဟုတ်ဘဲ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ကို ဝိုင်းရံပိတ်ဆို့ရန် နေရာယူလိက်ကြသည်။
ထိုသူများထဲတွင် အဘိုးအိုတစ်ယောက်၏ပုံရိပ် ပါဝင်နေသည်။
ထိုသူကား မူလစိတ်ဝိညာဉ်နတ်ဆိုးပင် ဖြစ်၏။
ငရဲကိုးထပ်က ဖန်းယွင်ရှန်းကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားရန် အကြံအစည်က ဘယ်သောအခါမှ လက်မလျှော့ခဲ့သည်မှာ ထင်ရှားသည်။
ဗလာနယ်ထဲတွင် နတ်ဆိုးများထွက်ပေါ်လာချိန် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ယွင်ရှောင်းနတ်သမီးတို့၏ ပုံရိပ်များလည်း အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။
လမ်းမှန်တာအိုဝါဒဘက်မှလည်း စစ်ကူများ ရောက်ရှိလာခဲ့ပေပြီ။
နှစ်ဖက်လုံးမှ ထိပ်တန်းကျင့်ကြံသူမျးက တိုက်ပွဲအတွက် အသင့်ပြင်လိုက်ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် အကဲခတ်နေကြပြီး မည်သူမှ စတင်တိုက်ခိုက်ခြင်း မပြုသေးပေ။
အမှန်တော့ ငရဲကိုးထပ်မှ နတ်ဆိုးများရော လမ်းမှန်တာအိုဝါဒက လက်ရှိတွင် စစ်ပွဲစတင်ရန် အစီအစဉ် မရှိကြသေးပေ။
အဘယ်ကြောင့်ဆိုသော် သူတို့တိုက်ခိုက်ပါက အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ အချိန်မရွေး ဝင်ရောက်စွက်ဖက်လာပြီး ကြားထဲမှ အမြတ်ထုတ်သွားနိုင်သောကြောင့် ဖြစ်၏။
ရန်ကျောက်ကဲက ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး နျဲ့ကျင်းရှန်ကို ကြည့်လိုက်သည်။
"ဂိုဏ်းတူအစ်မ'ယွီ' အခုထိ သတိလည်မလာသေးဘူး ၊ ဒါပေမဲ့ အသက်အန္တရယ်တော့ မစိုးရိမ်ရတော့ပါဘူး”
နှစ်ဖက်လုံးက တိုက်ခိုက်လိုခြင်းမရှိသဖြင့် ဖန်းယွင်ရှန်းကလည်း ဓားကိုပြန်လည်သိမ်းဆည်းကာ နောက်ပြန်ဆုတ်လိုက်သည်။
ရန်ကျောက်ကဲစကားနှင့်ပတ်သက်ပြီး နျဲ့ကျင်းရှန်က မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ပေ။
သူက လက်ထဲမှ ရွှေညိုရောင်ဓားအလင်းတန်းကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
နျဲ့ကျင်းရှန်က ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်...
"မင်းပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ်၊ သူပဲဖြစ်ဖြစ်... နောက်ဆုံးမှာတော့ မရှိမှုတရားဆီပဲ ပြန်သွားကြမှာ မဟုတ်လား ၊ အရာအားလုံးက အနတ္တပါပဲ”
ထို့နောက် နျဲ့ကျင်းရှန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ မိစ္ဆာချီများထွက်ပေါ်လာပြီး နတ်ဆိုးနယ်မြေတစ်ခု ဖြစ်တည်လာသည်။
ထိုနတ်ဆိုးနယ်မြေက ရန်ကျောက်ကဲတို့မတ်တတ်ရပ်နေသည့် ဗလာနယ်မှ သီးခြားကွဲထွက်သွားပြီး ၊ မကြာခင်မှာပင် နတ်ဆိုးများအားလုံး နတ်ဆိုးနယ်မြေနှင့်အတူ ပျောက်ကွယ်သွားသည်။
နတ်ဆိုးအုပ်စု ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရန်ကျောက်ကဲတို့အုပ်စု အတန်ကြာအောင် တိတ်ဆိတ်နေမိကြသည်။
"မိတ်ဆွေလေး'ရန်'... စိတ်အေးအေးထားပါ..."
အတန်ကြာမှ တောင်ပိုင်းချန်စန်းဧကရာဇ်က ဖျောင်းဖျနှစ်သိမ့်စကား ဆိုလာသည်။
ယွင်ရှောင်းနတ်သမီးကလည်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့အား စိုးရိမ်တကြီး ကြည့်နေလေသည်။
ရန်ကျောက်ကဲက နျဲ့ကျင်းရှန်ကိုကြည့်နေသော အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
"ကျွန်တော့်အတွက် စိတ်မပူကြပါနဲ့... တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ ယွင်ရှောင်းနတ်သမီး..."
သူက ဆိုးတိတ်စွာ သက်ပြင်းချလိုက်ရင်း...
“ဒီနေ့လို အခြေအနေမျိုး ကြုံရမယ်ဆိုတာ ကျွန်တော် တွေးထားပြီးသားပါ ၊ ဒါပေမဲ့ တကယ်ကြုံတွေ့လိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ် ၊ ဒါပေမဲ့... ဒါတွေက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး”
တောင်ပိုင်းချန်စန်းဧကရာဇ်က လေးလံသည့်အသံဖြင့်...
“အရင်တုန်းက ငါတို့ဂိုဏ်းတူညီလေး’ဟွမ်လုန်’ အမှားတစ်ခုကျူးလွန်ခဲ့ပြီး နတ်ဆိုးတာအိုထဲကို ခြေစုံပစ်ဝင်သွားခဲ့တယ်... ၊ အဲဒီတုန်းက ငါတို့ဂိုဏ်းတူမောင်နှမတွေအားလုံး သူ့ကိုသတ်ပစ်လိုက်ရတယ် ၊ သူ့ရဲ့ မှားယွင်းနေတဲ့လမ်းကြောင်းကို ဖြတ်တောက်ပစ်ဖို့ ဒီတစ်နည်းပဲ ရှိတယ်လေ”
တောင်ပိုင်းချန်စန်းဧကရာဇ်ပြောပြသည့်ကိစ္စမှာ မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒ ၊ ယွိချင်အဆက်အနွယ်အတွက် အရှက်ရစရာ ဒဏ္ဍာရီတစ်ခု ဖြစ်သည်။
အလယ်ခေတ်ကာလအကုန် ၊ လက်ရှိခေတ်ကာလသို့ အစပြုဝင်ရောက်ချိန်တွင် ကျောက်စိမ်းဝိညာဉ်နတ်ဘုရား(၁၂)ပါးထဲမှ တစ်ပါးဖြစ်သော အဝါရောင်နဂါးနတ်ဘုရား’ဟွမ်လုန်’ က နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားပြီး ငရဲကိုးထပ်တွင်ခိုလှုံကာ အဝါရောင်နဂါးနတ်ဆိုးသခင် ဖြစ်လာခဲ့သည်။
ထိုကိစ္စက တာအိုဝါဒနှင့် ငရဲကိုးထပ်ကြား နှစ်ပေါင်းများစွာကြာအောင် အငြင်းပွားမှုကြီး ဖြစ်ပွားစေခဲ့သည်။
အဆုံးသတ်မှာတော့ တောင်ပိုင်းချန်စန်းဧကရာဇ်၊ ကွမ်းချန်ထျန်းကျွင်းနှင့် ယွိချင်အဆက်အနွယ်မှ အခြားသူများ စုပေါင်းကာ အဝါရောင်နဂါးနတ်ဆိုးသခင်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။
ထိုကပ်ဘေး၏ ရိုက်ခတ်မှုက အလွန်ကျယ်ပြန့်လှသည်။
အဝါရောင်နဂါးနတ်ဆိုးသခင်သာ သေဆုံးသွားသည် မဟုတ်ဘဲ တစ်ချိန်က မူလကောင်းကင်ကျမ်းစာကို ပထမဆုံး ကျင့်ကြံအောင်မြင်ခဲ့သူ ယွိချင်အဆက်အနွယ်၏ ထိတ်ပန်းတန်ခိုးစွမ်းအားရှင် ‘ယွင်ကျုန်းကျီ’ သည်လည်း မူလစိတ်ဝိညာဉ်နတ်ဆိုး၏လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။
ထိုတိုက်ပွဲတွင် မူလစိတ်ဝိညာဉ်နတ်ဆိုးကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ငရဲကိုးထပ်ထဲ၌ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ရသည်။
မဟာကပ်ဘေးကာလကိုကျော်လွန်ပြီး လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကမှ မူလစိတ်ဝိညာဉ်နတ်ဆိုး ပြန်လည်ထွက်ပေါ်လာနိုင်ခြင်း ဖြစ်၏။
သို့တိုင် သူ၏ဒဏ်ရာများက ယနေ့ထိ အပြည့်အဝ သက်သာပျောက်ကင်းသွားခြင်း မရှိသေးပေ။
ကျောက်စိမ်းဝိညာဉ်နန်းတော်ထဲရှိ ကျောက်စိမ်းဝိညာဉ်ဖန်မီးအိမ်ထဲတွင် ပိတ်လှောင်ထားသော မီးနတ်ဆိုးဝိညာဉ်မှာလည်း ထိုစဉ်အချိန်ကတိုက်ပွဲနှင့် ပတ်သက်မှုရှိနေသည်။
ယွိချင်အဆက်အနွယ် ထိတ်တန်းကျွမ်းကျင်သူများက မီးနတ်ဆိုးကိုသုတ်သင်ပြီး မတော်တဆ မီးနတ်ဆိုးဝိညာဉ်ကို ထိန်းချုပ်လိုက်နိုင်ပြီး ဖန်မီးအိမ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။
ဤသမိုင်းကြောင်းများကို ရန်ကျောက်ကဲလည်း ကြားဖူးခဲ့သည်ပင်။
ယခု တောင်ပိုင်းချန်စန်းဧကရာဇ်က ထိုအကြောင်းကို ပြန်လည်ထုတ်ဖော်ပြောဆိုလောလေရာ ရန်ကျောက်ကဲ သက်ပြင်းရှည်တစ်ချက်သာ ချလိုက်မိသည်။
သူက...
"ဒီကိစ္စအတွက် မစိုးရိမ်ပါနဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်... ကျွန်တော် လက်ရှိအခြေအနေကို သေချာ သဘောပေါက်ပါတယ်”
တောင်ပိုင်းချန်စန်းဧကရာဇ်က...
“ဒါဆိုရင်တော့ ကောင်းပါတယ်”
သူက ဆက်ပြောလိုက်သည်။
“အခုအခြေအနေက အဲဒီတုန်းကနဲ့ မတူဘူး ၊ ငရဲကိုးထပ်က သက်ရှိအားလုံးရဲ့ ရန်သူဆိုပေမယ့် သူတို့ကိုနှိမ်နင်းဖို့က အချိန်ယူရမှာဖြစ်သလို အစီအစဉ်တွေ အသေးစိတ်ရေးဆွဲဖို့လည်း လိုအပ်တယ်”
ဟုတ်ပေ၏။
အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ စစ်ဖြစ်နေသည့်တိုင် အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့၏ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ထို့ကြောင့် လမ်းမှန်တာအိုဝါဒအဖြေင့် ငရဲကိုးထပ်ကို အားကုန်သုံး စစ်ချီ၍ မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“ဟုတ်ကဲ့ပါ... လောလောဆယ်တော့ ကျွန်တော်တို့ ဒီနေရာက အမြန်ထွက်သွားရအောင် ၊ ကြာပန်းစိမ်းရတနာအလံက အသုံးပြုလို့ မရသေးဘူးဆိုတော့ တခြားအပြောင်းအလဲတွေ ထပ်ဖြစ်မလာခင် ရှောင်သွားတာကောင်းလိမ့်မယ်”
အခြားသူများကလည်း သူ့စကားကို သဘောတူလိုက်ကြသည်။
ထို့နောက် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ယွင်ရှောင်းနတ်သမီးတို့၏ပုံရိပ်များက ဗလာနယ်ထဲသို့ နစ်မြုပ်ပျောက်ကွယ်သွားလေသည်။
မူလပုံသဏ္ဌာန်သို့ ပြန်ပြောင်းသွားသော ပန်ပန်က ဖန်းယွင်ရှန်း၏ရင်ခွင်ထဲ ခေါင်းတိုးလျှက် ငြိမ်သက်စွာဝပ်နေသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ခေါင်းညိတ်ပြလိုက်ပြီး သူတို့နှစ်ယောက်လည်း နေရာမှ ထွက်ခွာလာခဲ့သည်။
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း...
"ကျောက်ကဲ..."
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ပြီး...
"ဒီကိစ္စကို နောင်အနာဂတ်ကျမှပဲ ငါတို့ ရှင်းကြတာပေါ့..."
သူက နားသယ်စပ်ကို ခပ်ဖွဖွပွတ်သကပ်ရင်း စိတ်မကောင်းစရာများထဲမှပင် အကောင်းမြင်စိတ်ဖြင့် ပြုံးလိုက်မိသည်။
"အစ်ကို'နျဲ့'ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့ကို သတ်နိုင်တဲ့လူက လက်ချိုးရေလို့ရသွားပြီ ၊ ပြီးတော့ သူလည်း မင်းလိုပဲ ရှေ့ဆက်တိုးတက်ဖို့ အလားအလာတွေ အများကြီးရှိနေသေးတယ်”
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲ၏မျက်ဝန်းများကို စူးစိုက်ကြည့်နေသော်လည်း သူမရင်ထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နက်နေသည်။
ရန်ကျောက်ကဲက...
"ငါ့အတွက် စိတ်မပူပါနဲ့... ငါ တကယ်အဆင်ပြေပါတယ်... ၊ ငါက ဂိုဏ်းတူအစ်ကို နျဲ့ ပြောသွားခဲ့တဲ့ စကားတွေကို ပြန်တွေးနေမိလို့ပါ..."
အခန်း (၁၆၆၀) မျှော်လင့်ချက်နဲ့ ယုံကြည်ချက်
"မင်းပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ်၊ သူပဲဖြစ်ဖြစ်... နောက်ဆုံးမှာတော့ မရှိမှုတရားဆီပဲ ပြန်သွားကြမှာ မဟုတ်လား ၊ အရာအားလုံးက အနတ္တပါပဲ”
ဖန်းယွင်ရှန်းက နျဲ့ကျင်းရှန်ပြောသွားသည့် စကားကို ပြန်လည်ရေရွတ်လိုက်သည်။
“ရှင် အဲဒီစကားကို ပြန်စဉ်းစားနေတာလား”
ရန်ကျောက်ကဲက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဖန်းယွင်ရှန်းမှာလည်း ထိုစကားကြောင့် အတွေးပင်လယ်ထဲ နစ်မျောသွားရသည်။
နျဲ့ကျင်းရှန်၏စကားက အပေါ်ယံကြည့်လျှင် ဘာမှမထူးခြားဟု ထင်ရသော်လည်း ရန်ကျောက်ကဲကတော့ အလေးအနက် မစဉ်းစားဘဲ မနေနိုင်ပေ။
သူက ထိုစကားအဓိပ္ပါယ်ကို စတင်စဉ်းစားမိသည်နှင့် အတွေးကိုရပ်တန့်မရတော့ဘဲ စိတ်ထဲတွင် ကောက်ချက်များစွာ ချလိုက်မိသည်။
“နောက်ဆုံးမှာတော့ မရှိမှုတရားဆီပဲ ပြန်သွားကြမှာ မဟုတ်လား”
ထိုစကားက နတ်ဆိုးများ၏သဘာဝကို အတိအကျထင်ဟပ်နေရုံသာမက ငရဲကိုးထပ်၏ နောက်ထပ်လှုပ်ရှားမှုအတွက်လည်း သဲလွန်စတစ်ခု ဖြစ်နိုင်သည်။
ဗုဒ္ဓဘာသာ၊ တာအိုဝါဒနှင့် နတ်မိစ္ဆာမျိုးနွယ်တို့မှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများက တာအိုအဆင့်တက်လှမ်းနိုင်မည့် အခွင့်အရေးရရှိရန်အတွက် ငရဲကိုးထပ်ကိုအသုံးချရန် ကိုယ်စီကြံစည်နေကြသည်။
ငရဲကိုးထပ်ကလည်း ဤအချက်ကို သိရှိထားသည်ဖြစ်ရာ ဤအတိုင်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
အင်အားစုအသီးသီးမှ ထိပ်တန်းခေါင်းဆောင်များက တစ်ဖက်တွင် ငရဲကိုးထပ်ကို ဖိနှိပ်ချုပ်ချယ်ထားပြီး အခြားတစ်ဖက်ကလည်း အကျိုးအမြတ်အတွက် ငရဲကိုးထပ်နှင့် အပေးအယူပြုလုပ်ကာ ကစားပွဲများ ဖန်တီးထားကြသည်။
ဤသို့ ရှုပ်ထွေးလှသော အခြေအနေများကြောင့်ပင် ငရဲကိုးထပ်သည်လည်း ကိုယ်ပိုင်အကွက်များရွှေ့ရန် အခွင့်အရေးရခဲ့ခြင်း ဖြစ်၏။
အဆုံးသတ်တွင် မည်သူက အနိုင်ရရှိသွားမည်ဆိုသည်က တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်ပေမည်။
ရန်ကျောက်ကဲက နျဲ့ကျင်းရှန်၏ စကားလုံးများထဲမှ တစ်စုံတစ်ခုကို မရေမရာ ရိပ်မိလိုက်သည်။
အကယ်၍ ဤစကားက သဲလွန်စဖြစ်သည်ဆိုပါက လမ်းမှန်တာအိုဝါဒကသာ ဤအချက်ကို ဖော်ထုတ်နိုင်မည်ဆိုလျှင် ကစားပွဲတွင် အသာစီးရရှိသွားပေမည်။
သို့သော် ဤအတွေးအပြင် အခြားသော အဓိပ္ပါယ်များလည်း ကောက်ယူ၍ရနိုင်သည်။
နျဲ့ကျင်းရှန်က “မင်း ၊ ငါနဲ့ သူ” ဟု အတိအကျ ပြောခဲ့သည်ဖြစ်ရာ ဤသည်က ရန်ကျောက်ကဲ ၊ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။
နျဲ့ကျင်းရှန်က သူတို့(၃)ယောက်ကို အထူးတလည် ထည့်သွင်းပြောဆိုခြင်းမှာ သူတို့က ဤဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများ ဖြစ်သောကြောင့် မဟုတ်ဘဲ သူတို့(၃)ယောက်ကြားတွင် တူညီသော အချက်တစ်ချက်ရှိနေခြင်းကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
သို့ဆိုလျှင် သူတို့ကြားတွင် မည်သည့်အချက်များ တူညီနေပါသနည်း။
“နောက်ဆုံးမှာတော့ မရှိမှုတရားဆီပဲ ပြန်သွားကြမှာ မဟုတ်လား” ဆိုသည့်စကားကို ပြန်တွေးကြည့်မိတော့ ရန်ကျောက်ကဲစိတ်ထဲ ထိတ်လန့်စရာကောင်းသည့် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားခဲ့မိသည်။
နျဲ့ကျင်းရှန်က သူ ၊ ယွီယဲ့နှင့် ဖန်းယွင်ရှန်းတို့ကို တူညီသည်ဟု ယူဆမည်ဆိုလျှင် -
လောလောဆယ် ယွီယဲ့က သတိမရသေးသော်လည်း သူမက မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို ကျင့်ကြံထားသူ ဖြစ်သည်။
လင်ပေါင်ထျန်းကျွင်း၏ သန့်စင်သော စန့်ချင်အဆက်အနွယ်ဖြစ်သည့်အလျောက် သူမက ပရမ်းပတာဖြစ်မှုနှင့် ပြိုင်ဘက်ကင်းမှုကို လေ့လာထားသူ ဖြစ်သည်။
ဖန်းယွင်ရှန်းသည်လည်း ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကို ပိုင်ဆိုင်ထားပြီး သူမ၏ကိုယ်ပိုင်လမ်းစဉ် ဖြစ်သော “အလုံးစုံဖျက်ဆီးခြင်း အသူရာချောက်နက်” လမ်းစဉ်ကို စတင်ခဲ့သူ ဖြစ်သည်။
ကျင့်ကြံသည့်နည်းလမ်းခြင်း မတူသည့်တိုင် ထိုလမ်းစဉ်က မူလပရမ်းပတာ သုတ်သင်ခြင်းကျင့်စဉ်ကျမ်းနှင့် သဘောတရားချင်း တူညီသည်။
နျဲ့ကျင်းရှန်က မူလက လမ်းမှန်ယွိချင်အဆက်အနွယ်မှ ဖြစ်သည်။
သူက မွေးရာပါ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကို ပိုင်ဆိုင်သူဖြ်စပြီး ထူးခြားထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့် ပေါင်းစပ်လိုက်သည့်အခါ “ပြိုင်ဘက်ကင်းတရား” ၏နက်နဲခြင်းကို သိရှိနားလည်ခဲ့သည်။
သူ နတ်ဆိုးလမ်းစဉ်သို့ ကျဆင်းသွားပြီးနောက် ယခင်က ယွိချင်လမ်းစဉ်သို့လိုက်သော သူ၏ ပြိုင်ဘက်ကင်းဓားသိုင်းက မရှိမှုသို့ကူးပြောင်းခြင်းဆိုသည့် စန့်ချင်အဆက်အနွယ်အယူအဆနှင့် တဖြည်းဖြည်း ပိုမိုဆင်တူလာသည်။
ထို့ကြောင့် သူ၏သိုင်းပညာအယူအဆက ယွီယဲ့ ၊ ဖန်းယွင်ရှန်းတို့နှင့် ပိုမိုနီးစပ်လာခဲ့သည်။
သို့ပေသိ နျဲ့ကျင်းရှန်၏စကားထဲတွင် ဖန်းယွင်ရှန်း မပါခဲ့ပေ။
နျဲ့ကျင်းရှန်က သူကိုယ်တိုင် ၊ ရန်ကျောက်ကဲနှင့် ယွီယဲ့တို့ (၃)ယောက်ကိုသာ ဦးတည်ပြောဆိုသွားသည်။
ဤအချက်က ရန်ကျောက်ကဲကို သတိမထားဘဲ မနေနိုင်အောင် ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် သူက နျဲ့ကျင်းရှန်၏စကားကို အာရုံမစိုက်ဘဲ မနေနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော သတ်မှတ်ချက်ကို အလွန်အမင်း တင်းကျပ်မထားဘူးဆိုလျှင် နျဲ့ကျင်းရှန်၏ အုပ်စုခွဲခြားမှုက မှန်ကန်နေသောကြောင့် ဖြစ်သည်။
နျဲ့ကျင်းရှန်ရော ရန်ကျောက်ကဲရောက ယွိချင်အဆက်အနွယ် ပထမဆုံးကောင်းကင်ကျမ်းစာဖြစ်သည့် “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” နှင့်အတူ ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ခဲ့ကြသူများ ဖြစ်သည်။
အကြောင်းပြချက်များစွာကြောင့် ရန်ကျောက်ကဲက ဤကိစ္စကို အမြဲတမ်း လျှို့ဝှက်ထားခဲ့သည်။ အရင်က ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ ၏ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို အကာအကွယ်အဖြစ် အသုံးပြုခဲ့သည်။
သို့သော် ဤပညာရပ်က ကနဦးအဆင့်များတွင်သာ အသုံးပြုနိုင်သည်။ အကြောင်းမှာ ယွိချင်အဆက်အနွယ်တွင် ယွမ်စီထျန်းကျွင်း၏လွှမ်းမိုးမှုက နောက်လိုက်ကျင့်ကြံသူများ၏လမ်းစဉ်ကို တစ်သားတည်းဖြစ်စေသောကြောင့် ဖြစ်၏။
ယွိချင်အဆက်အနွယ် နောက်လိုက်တပည့်များထဲတွင် ထူးခြားထက်မြက်သည့် ပါရမီရှင်များရှိပါက သူတို့က “ပြိုင်ဘက်ကင်းသဘောတရား” ကို ကိုယ်တိုင်အဓိပ္ပါယ်ဖွင့်ဆိုကြပေလိမ့်မည်။
နောက်ပိုင်းမှာတော့ မိမိတို့ဘာသာ ရုန်းကန်တက်လှမ်းကြရမည်ဖြစ်ပြီး လမ်းကြောင်းချင်း မတူညီကြသည့်တိုင် အဆုံးသတ်မှာတော့ ယွိချင်အဆက်အနွယ် ပထမဆုံးကျမ်းစာဖြစ်သည့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာဆိုသော ပန်းတိုင်တစ်ခုတည်းသို့ ဆိုက်ရောက်မည် ဖြစ်သည်။
ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ သည်လည်း ဤလမ်းစဉ်ကြောင့်ပင် လမ်းပတ်သွားခြင်း ဖြစ်သည်။
ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို မရရှိလျှင် သူ၏ကျင့်ကြံခြင်း ဆက်လက်မြင့်တက်ရန် ခက်ခဲသွားပြီး နောက်ဆုံး လုံးဝရပ်တန့်သွားရန်သာ ရှိသည်။
နျဲ့ကျင်းရှန်ကတော့ မွေးရာပါ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာကြောင့် ယင်ထျန်းရှတွင်မရှိသော အရည်အချင်းမျိုး ရရှိထားသည်။
ရန်ကျောက်ကဲကတော့ နဂိုကတည်းက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံခဲ့သူဖြစ်သဖြင့် ဆက်တိုက်တိုးတက်လာခဲ့ပြီး နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့ကာ သမ္မာတရားကပ်ဘေးကို ကျော်ဖြတ်ပြီးနက်ရှိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့သည်။
သူက ချီစွမ်းအားသုံးခုပေါင်းစည်းခြင်း၊ ချီစွမ်းအားလေးခုပေါင်းစည်းခြင်းမှသည် နောက်ဆုံး ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအထိ တစ်လှမ်းချင်းစီ တက်လှမ်းလာခဲ့သည်။
သူ ဤမျှလျှင်မြန်စွာ ကျင့်ကြံခြင်းအဆင့်တက်လာခြင်းမှာ ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်မျှဖြင့် မလုံလောက်ကြောင်း လူတိုင်း သိရှိကြသည်။
ထို့ကြောင့် သူ၏ဖုံးကွယ်ထားမှုမှာ သံသယဝင်စရာ ဖြစ်လာခဲ့သည်။
ကံကောင်းသည်မှာ ရန်ကျောက်ကဲက စန်းချင်း(၃)ပါး အဆက်အနွယ်ထံမှ ထိုက်ယီလက်သီးသိုင်းကို အစောပိုင်းကတည်းက ကျင့်ကြံထားခဲ့ခြင်း ဖြစ်၏။
ထိုက်ယီလက်သီးသိုင်းကလည်း အတိုင်းအတာတစ်ခုအထိ “ပြိုင်ဘက်ကင်းသဘောတရား” များနှင့် ပြည့်နက်နေသည်။
အမှန်တော့ စန်းချင်း(၃)ပါး အဆက်အနွယ် ကျင့်စဉ်များက ဘယ်သောအခါမှ ခွဲခြား၍မရဘဲ တစ်သားတည်း ရှိနေခဲ့ကြသည် မဟုတ်လား။
ထိုက်ယီလက်သီးသိုင်း၏ အယူအဆနှင့် သဘောတရားက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ ၊ မူလပရမ်းပတာ သုတ်သင်ကခြင်းကျင့်စဉ်ကျမ်းတို့နှင့် အနည်းငယ်ကွဲပြားသည့်တိုင် ရန်ကျောက်ကဲအတွက် ဖုံးကွယ်မှုတစ်ခုအဖြစ် အသုံးပြုရန် အဆင်ပြေလှသည်။
ဟုတ်ပေ၏။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အခြေခံပြီး ယိချင်အဆက်အနွယ် မူလကောင်းကင်ကျမ်းစာ (၁၀)စောင်မှ ကျန်ရှိနေသော(၉)စောင်ကိုပင် ထပ်မံစုဆောင်းပြီး အကုန်အစင် ကျင့်ကြံခဲ့သည်။
ထို မူလကောင်းကင်ကျမ်းစာ (၉)စောင်ကို ပြောင်းပြန်လှန်၍ လေ့လာမည်ဆိုလျှင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို တိုက်ရိုက်မထိတွေ့နိုင်သည့်တိုင် ယွိချင်အဆက်အနွယ်၏ ပြီးပြည့်စုံသော အယူအဆနှင့် သဘောတရားများကို နားလည်နိုင်မည့်လမ်းစကို ဖွင့်လှစ်ပေးနိုင်သည်။
အမှန်တော့ ဤသည်ကလည်း ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအောင်မြင်မှုနောက်ကွယ်မှ အကာအကွယ်တစ်ခုမျှသာ ဖြစ်သည်။
ရန်ကျောက်ကဲက နဂိုကတည်းက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားကြောင်း မည်သူမှ မသိရှိကြပေ။
ယခုဆိုလျှင် လူအတော်များများက ရန်ကျောက်ကဲအနေဖြင့် မူလကောင်းကင်ကျမ်းစာ(၉)စောင်ကို အသုံးပြုပြီး ပထမဆုံးကျမ်းစာဖြစ်သော “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” ကို ပြန်လည်ပုံဖော်နိုင်မည်လားဟု သိချင်နေခဲ့ကြသည်။
ဤသည်က လူအများ၏ မျှော်လင့်ချက်ပင် ဖြစ်လာခဲ့သည်။
ဤရှုထောင့်မှနေပြီး နျဲ့ကျင်းရှန်၏ စကားများကို နားလည်နိုင်သည်ပင်။
ထို့ကြောင့်လည်း ရန်ကျောက်ကဲက နျဲ့ကျင်းရှန်၏စကားများကို အခြားသူများကြားသွားခြင်းအတွက် စိုးရိမ်ပူပန်ခြင်း မဖြစ်ခဲ့ပေ။
သို့သော် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ပတ်သက်လျှင်တော့ သူက အမြဲတမ်း စိတ်မလုံဘဲ နိုးနိုးကြားကြားဖြင့် သတိထားနေမိဆဲ ဖြစ်သည်။
နျဲ့ကျင်းရှန်က တစ်စုံတစ်ခုကို ရည်ညွှန်းထောက်ပြခြင်းလား သို့မဟုတ် ထိုသတင်းကို သူ ဘယ်ကရသည်လဲ ရန်ကျောက်ကဲ မတွေးနိုင်အောင် ဖြစ်ရသည်။
ရန်ကျောက်ကဲက နျဲ့ကျင်းရှန်၏ အစွမ်းအစကို အသိအမှတ်ပြုသော်လည်း နျဲ့ကျင်းရှန်အနေဖြင့် သူက “ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ” ကျင့်ကြံထားကြောင်း အာရုံခံမိမည်ဟု မယုံကြည်ပေ။
သို့ဖြစ်ရာ တစ်ယောက်ယောက်က နျဲ့ကျင်းရှန်ကို သတင်းပေးခဲ့ခြင်းလား မပြောနိုင်ပေ။ သတင်းပေးခဲ့သည်ဆိုလျှင် ထိုသူက မည်သူဖြစ်နိုင်မည်နည်း။
ရန်ကျောက်ကဲ ဤပြဿနာကို အလေးအနက် တွေးတောနေမိသည်။
လက်ရှိအချိန်တွင် ရန်ကျောက်ကဲက အလွန်ကြီးမားသော အောင်မြင်မှုများကို ရရှိထားပြီးဖြစ်သော်လည်း သူပိုင်ဆိုင်ထားသည့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ပတ်သက်၍မူ သံသယစိတ် ရှိနေဆဲပင်။
တစ်ယောက်ယောက်က နျဲ့ကျင်းရှန်အား ဤအကြောင်းပြောပြထားသည်ဆိုလျှင် နျဲ့ကျင်းရှန်က ဘာကိုသဲလွန်စပေးချင်သောကြောင့် သူ့ကို ဤစကားတစ်ခွန်းပြောခဲ့ခြင်း ဖြစ်နိုင်ပါသနည်း။
စေတနာနှင့် သတိပေးခြင်းလား၊ သို့မဟုတ် ခြိမ်းခြောက် သတိပေးလိုက်ခြင်းမျိုးလား ဝေခွဲရခက်လှသည်။
ရန်ကျောက်ကဲအနေဖြင့် ထိုအချက်ကို အသေအချာ မပြောနိုင်သေးပေ။
တကယ်တော့ နျဲ့ကျင်းရှန်၏ စကားလုံးများကို အမှားအယွင်းမရှိ အတိအကျ အဓိပ္ပာယ်ကောက်ယူနိုင်မည့် စိတ်ချရသော နည်းလမ်းဟူ၍လည်း မရှိသေးပေ။
အခြားရှုထောင့်မှ ကြည့်မည်ဆိုလျှင် နျဲ့ကျင်းရှန်က ထိုစကားကို မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ပြောခဲ့သည်ဖြစ်စေ အခြေခံကျသော အချက်တစ်ချက်ပေါ်တွင် မူတည်နေသည်။
၎င်းမှာ နျဲ့ကျင်းရှန်၏ စကားများသည် စေတနာအရင်းခံဖြင့် ပြောကြားခဲ့ခြင်း ဖြစ်နိုင်သည်ဆိုသောအချက်ပင်။
ရန်ကျောက်ကဲ၏ ယခင်တွေးဆချက်များက တိကျစွာမှန်ကန်ခဲ့သည်။
နျဲ့ကျင်းရှန်က မွေးရာပါ ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ ပိုင်ရှင်ဖြစ်သည်။ နတ်ဆိုးအဖြစ်ပြောင်းလဲသွားသည့်တိုင် သူ၏မွေးရာပါရုပ်ခန္ဓာက ပျက်ဆီးသွားခြင်းမရှိပေ။
ထို့ကြောင့် သူက အခြားနတ်ဆိုးများနှင့်မတူဘဲ လုံးဝ ထူးခြားသည်ဟု ဆိုနိုင်၏။
မည်သို့ပင်ဖြစ်စေ ကိစ္စရပ်အားလုံးကို ခြုံငုံသုံးသပ်ထားသည့် မိမိ၏ကောက်ချက်ချမှုသည် လက်တွေ့နှင့် ထပ်တူကျခြင်း ရှိမရှိကိုတော့ ရန်ကျောက်ကဲကိုယ်တိုင်လည်း အသေအချာ မသိရှိသေးပေ။
နျဲ့ကျင်းရှန် နတ်ဆိုးလမ်းစဉ်သို့ ရောက်ရှိသွားပြီးနောက် သူ၏ အမူအကျင့်များက အခြားသော မဟာနတ်မိစ္ဆာများနှင့် ကွဲပြားခြားနားသည့်တိုင် သူနှင့် ဖန်းယွင်ရှန်းအပေါ်ထားရှိသော နျဲ့ကျင်းရှန်၏ သဘောထားကြောင့် ရန်ကျောက်ကဲစိတ်ထဲ လေးလံအုံ့မှိုင်းခြင်းကို ခံစားနေရဆဲပင်။
နျဲ့ကျင်းရှန်က သူနှင့် ခင်မင်ရင်းနှီးသူများအပေါ် နွေးထွေးစွာ ဆက်ဆံတတ်သော်လည်း ရန်သူများနှင့် သူစိမ်းများအပေါ်မှာတော့ အေးစက်ခက်ထန်လေ့ ရှိသည်။
အမှန်တော့ အစောပိုင်းက တွေ့ဆုံခြင်းတွင် နျဲ့ကျင်းရှန်ဘက်မှ စေတနာအမှန်ရှိနေစေဦးတော့ သူတို့အနေအထားက ရင်းရင်းနှီးနှီး စကားလက်ဆုံကျရမည့် အခြေအနေမျိုး မဟုတ်တော့ပေ။
ထို့ကြောင့်လည်း ရန်ကျောက်ကဲ ပို၍ ဇဝေဇဝါ ဖြစ်ရခြင်း ဖြစ်သည်။
နျဲ့ကျင်းရှန်၏စကားများက စေတနာကောင်းဖြင့် ပြောခဲ့ခြင်း ဖြစ်နိုင်သော်လည်း ရှိသမျှ ဖြစ်နိုင်ခြေအားလုံးတွင် မည်သည်က အမှန်ဆုံးဖြစ်သည်ကို အတိအကျ ဆုံးဖြတ်ရန် ခက်ခဲလှသည်။
အကယ်၍ နျဲ့ကျင်းရှန်၏စကားများက မရိုးသားသောအကြံအစည်ကို အရင်းခံထွက်ပေါ်လာခြင်းမျိုး ဖြစ်နေပါက နျဲ့ကျင်းရှန်အနေဖြင့် ရန်ကျောက်ကဲ လမ်းမှားရောက်အောင် ကြံစည်ခြင်းဖြစ်နိုင်ပြီး နောက်ပိုင်းတွင် ပြဿနာများစွာ ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
ရန်ကျောက်ကဲစိတ်ထဲ အတွေးပေါင်းစုံဖြင့် ချာချာလည်နေပြီး မျက်ခုံးများကို တွန့်ချိုးထားမိတော့သည်။
"ကျောက်ကဲ..."
ဖန်းယွင်ရှန်းက မျက်မှောင်ကြုတ်လျက် အတွေးလွန်နေသော ရန်ကျောက်ကဲကိုကြည့်ရင်း လှမ်းခေါ်လိုက်သည်။
ရန်ကျောက်ကဲက သတိဝင်လာပြီး...
"ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေတယ်... ဘာမဆို ဖြစ်လာနိုင်တယ်လို့ပဲ တွေးထားရတော့မှာပေါ့ ၊ လောလောဆယ်တော့ ဒီကိစ္စကို အဖြေမရှာနိုင်သေးပါဘူး...”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက တွန့်ချိုးထားသောမျက်ခုံးများကို ဖြေလျှော့လိုက်သည်။
သူက ဖန်းယွင်ရှန်းကို ပြုံးပြလိုက်ရင်း...
“ငါ့အမြင်အရဆိုရင်တော့... ငါ အစ်ကို’နျဲ့’ ကို ဆက်ပြီး ယုံကြည်ချင်နေတုန်းပဲ”
ရန်ကျောက်ကဲ ထပ်မံရေရွတ်လိုက်သည်။
“မဟုတ်ဘူး... အဲဒါက သူ့ကို ယုံကြည်တာ မယုံကြည်တာနဲ့မဆိုင်ဘူး ၊ အဲဒါက သူ့အပေါ်ထားတဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်ပဲ”