အခန်း (၁၆၆၃-၁၆၆၄)
Vol. 119 Ch. 1663-1664
အခန်း (၁၆၆၃) ခွေမုလန်
နတ်ဘုရားအပ်နှင်းခြင်းကာလတွင် ပါဝင်ခဲ့ကြသူအများစုတွင် ကန့်သတ်ချက်နှင့် အချုပ်အနှောင်များစွာ ရှိနေခဲ့သည်။
ထို့ကြောင့် နတ်ဘုရားစာရင်းမှ အမည်ပယ်ဖျက်ပြီး လွတ်မြောက်လာသည့်အခါတွင်လည်း နောက်ဆက်တွဲပြဿနာများစွာ ကြုံတွေ့ကြရသည်။
သို့သော် ခွေမုလန်ကတော့ နတ်ဘုရားများအပ်နှင်းခြင်းကာလ၏ ကန့်သတ်ချုပ်ချယ်မှုများမှ ရုန်းထွက်နိုင်ခဲ့သည့်အပြင် မည်သူမှထင်မှတ်မထားစွာ မူလကောင်းကင်ကပ်ဘေးကိုပါဖြတ်ကျော်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ဤသည်က အားလုံးအမြင်တွင် တကယ့်ကို အံ့သြဖွယ်ရာ ဖြစ်ခဲ့သည်။
တကယ်တော့ သူက ကောင်းကင်နတ်ဘုရားအဆင့်တက်ရောက်ရန်အတွက် ပြင်ပတာအိုကျင့်ကြံသူအဖြစ် ပြောင်းလဲကျင့်ကြံခဲ့ခြင်း မဟုတ်ပေ။
ထို့ပြင် သူက ယခုချိန်ထိအောင် ထိုက်ရွှီးမူလနတ်ဘုရား အဆင့်တွင် ပိတ်မိနေသည့် ကျော်ကြားလှသည့် မုကျားနှင့် မျိုးဆက်တစ်ခုတည်း ဖြစ်သည်။
သူက နွားရိုင်းမိစ္ဆာဘုရင်၊ ခြင်္သေ့နတ်ဘုရား ၊ အခြားသော မဟာနတ်မိစ္ဆာများနှင့်အတူ စကြာမုနိသရီရဓာတ်တော် လုယူရန်အတွက် ပြန်လည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
ဟုတ်ပေ၏။
မဟာမာရူယိရောက်ရှိလာပြီး နတ်မိစ္ဆာအုပ်စုကို ထိုးနှက်တိုက်ခိုက်ချိန်တွင် ခွေမုလန်သည်လည်း အခြားသော မဟာနတ်မိစ္ဆာများကဲ့သို့ပင် မဟာမာရူယိကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။
ထို့နောက် နျဲ့ကျင်းရှန်ဦးဆောင်သည့် ငရဲကိုးထပ်မှနတ်ဆိုးအုပ်စုထွက်ပေါ်လာပြီး တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်သည်လည်း မထင်မှတ်ဘဲ ရောက်ရှိလာကာ စကြာမုနိသရီရဓာတ်တော်ကို လုယူသွားခဲ့သည်။
မဟာမာရူယိက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နောက်သို့ လိုက်ပါသွားပြီးနောက် ခွေမုလန်သည်လည်း အခြားသော မဟာနတ်မိစ္ဆာများနှင့်အတူ ဆုတ်ခွာသွားခဲ့သည်။
မဟာမာရူယိကဲ့သို့ လောကပထမ ကောင်းကင်နတ်ဘုရားတစ်ပါးရှေ့တွင် ခွေမုလန်သည်လည်း သာမန်မျှသာ ဖြစ်နေခဲ့သည် အမှန်ပင်။
သို့သော် ရန်ကျောက်ကဲကတော့ သူ့ကို အစောကြီးကတည်းက သတိထားလိုက်မိသည်။
ရန်ကျောက်ကဲသည် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် ရှိနေစဉ်ကတည်းကပင် ကြယ်သခင်(၂၈)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ခွေမုလန်ထံ၌ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း ရှိခဲ့ဖူးကြောင်း ကြားသိထားခဲ့သည်။
ထိုစဉ်ကတော့ ရန်ကျောက်ကဲက ထိုသတင်းစကားကို သိပ်ပြီး အရေးမစိုက်ခဲ့မိပေ။
သို့သော် သူ၏ ထူးခြားသောဝိညာဉ်စွမ်းအားနှင့် ခိုင်မာသောမှတ်ဉာဏ်ကြောင့် ကြားဖူးခဲ့သမျှ သတင်းများနှင့် ကြုံတွေ့ခဲ့သမျှ အရာအားလုံးက စိတ်ထဲတွင် နက်ရှိုင်းစွာ အမှတ်ထင်ထင် ရှိနေခဲ့သည်။
သူက မည်သည့်အရာကိုမှ မေ့လျော့တတ်သည်မဟုတ်ရာ အချက်အလက်တိုင်းကို နောင်တစ်ချိန်တွင် အသုံးချနိုင်ရန် အမြဲတမ်း သိမ်းဆည်းထားတတ်သည်။
ယွီယဲ့ကို ဆေးကုသရန်အတွက် ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း လိုအပ်လာသည့်အခါ ရန်ကျောက်ကဲက ထိုသတင်းကို ချက်ချင်းသတိရသွားမိသည်။
ကံဆိုးသည်မှာ ခွေမုလန်နှင့်ပတ်သက်ပြီး ဘာသတင်းမှ မရခဲ့ပေ။
ရန်ကျောက်ကဲစိတ်ထဲ သူသည်လည်း မဟာကပ်ဘေးကြီးအတွင်း ကျဆုံးသွားခဲ့ပြီဟု တွေးထင်မိသဖြင့် အခြားသောနည်းလမ်းဖြင့် ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို ရှာဖွေနေခဲ့ရသည်။
ယခု ခွေမုလန် ပြန်လည်ထွက်ပေါ်လာပြီဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ထိုသူအား အနီးကပ် အာရုံစိုက် စောင့်ကြည့်ရပေတော့မည်။
ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းက ခွေမုလန်လက်ထဲတွင် ယခုထိ ရှိနေသေးသည်လား မသေချာပေ။
သို့သော် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရသည့် အခြေအနေထက်ဆာလျှင် ခိုင်မာသည့်သဲလွန်စတစ်ခု ရရှိလိုက်ခြင်းက ပိုမိုကောင်းမွန်သည် မဟုတ်လား။
ထို့ကြောင့် သူကိုယ်တိုင်က နျဲ့ကျင်းရှန်နောက်သို့ လိုက်ပါသွားသည့်တိုင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုတော့ ခွေမုလန်နောက်သို့ တိတ်တဆိတ် ခြေရာခံလိုက်ပါရန် စေလွှတ်လိုက်သည်။
ဖန်းယွင်ရှန်းက သိချင်စိတ်ဖြင့်...
"သူက ချန်စန်းရှင်းဟိုင်ကိုပဲ တန်းပြန်သွားတာလား..."
ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး...
“မပြန်သေးဘူး”
ထိုစကားကြားတော့ ဖန်းယွင်ရှန်းလည်း သဘောပေါက်သွားပြီး တစ်ချက် ပြုံးလိုက်သည်။
အကယ်၍ ခွေမုလန်သာ ချန်စန်းရှင်းဟိုင်သို့ တန်းပြန်သွားပြီး ပုန်းအောင်းနေမည်ဆိုပါက ရန်ကျောက်ကဲအနေဖြင့် ထိုသူဖြင့် သွားရောက်တွေ့ဆုံရန် မလွယ်ကူပေ။
ယခုအခါ လမ်းမှန်တာအိုဝါဒ၏ ရပ်တည်မှုက ယခင်ကနှင့်မတူတော့သည်ဖြစ်ရာ လှုပ်ရှားရသည်မှာ ပိုမိုလွတ်လပ်လာခဲ့သည်။
ဟုတ်ပေ၏။
ရန်ကျောက်ကဲကိုယ်တိုင် ချန်စန်းရှင်းဟိုင်သို့ ဗြောင်ကျကျ သွားရောက်လည်ပတ်လျှင်ပင် မည်သည့်ပြဿနာမှ ရှိတော့မည် မဟုတ်ပေ။
သို့သော် ဤသို့သွားရောက်တွေ့ဆုံပါက ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို တစ်ဖက်လူထံမှ အောက်ကျခံတောင်းယူရသလို ဖြစ်သွားပေမည်။
ပြီးတော့ ခွေမုလန်က အလဲအလှယ်အတွက် မတန်တဆ စျေးတောင်းလာပါက ရန်ကျောက်ကဲအနေဖြင့် အကြပ်ရိုက်ရမည်ဖြစ်ပြီး မျှတသောစျေးနှုန်းတစ်ခု ဖြစ်လာစေရန် ညှိနှိုင်းရသည်မှာလည်း ပိုမိုခက်ခဲသွားပေမည်။
ထို့ကြောင့် ဤအခြေအနေကို လူသိမများစေဘဲ ခွေမုလန်နှင့် သီးသန့် လျှို့ဝှက်ဆက်သွယ်နိုင်မည်ဆိုပါက ရန်ကျောက်ကဲအတွက် ပိုမိုကောင်းမွန်ပေမည်။
ရန်ကျောက်ကဲက...
“လောလောဆယ်တော့ ခွေမုလန်က အဖြူရောင်ကြာပန်းသုခဘုံနဲ့ အမတခုံရုံးကြားက စစ်ပွဲကို အာရုံစိုက်နေတယ်”
လမ်းမှန်တာအိုဝါဒနှင့် ငရဲကိုးထပ်တို့ကြောင့် နတ်မိစ္ဆာမျိုးနွယ်နှင့် အနောက်ဘက်သူတော်စင်ဘုံတို့က စိုးရိမ်ပူပန်နေပြီး စစ်ပွဲထဲသို့ ဝင်မပါကြပေ။
သို့သော် သူတို့က အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးကြား ဖြစ်ပွားနေသည့်စစ်ပါဲကိုတော့ အမြဲတမ်း အနီးကပ်စောင့်ကြည့်နေခဲ့ကြသည်။
ရုတ်တရက် အပြောင်းအလဲတစ်ခုခု ဖြစ်လာပါက အကောင်းဆုံး တုံ့ပြန်နိုင်ရန်အတွက် သူတို့ဘက်မှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကို စစ်မြေပြင်သို့စေလွှတ်ကာ စောင့်ကြည့်ထားစေခဲ့သည်။
ခွေမုလန်သည်လည်း ထိုစစ်မြေပြင်ကို စောင့်ကြည့်နေသည့် မဟာနတ်မိစ္ဆာများထဲမှ တစ်ယောက် ဖြစ်သည်။
ရန်ကျောက်ကဲက...
"အခြေအနေကို အရင် စောင့်ကြည့်ကြသေးတာပေါ့... သူ့ကို အလောတကြီး ဆက်သွယ်ဖို့ မလိုသေးပါဘူး..."
ရန်ကျောက်ကဲနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ လူများက ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်း၊ သွေးကျောက်ခြင်ဆီ ၊ ပင်လယ်ထက်သန်အမြုတေကဲ့သို့သော ရတနာများကို လျှို့ဝှက်စွာ လိုက်လံရှာဖွေနေခဲ့သော်လည်း အခြားသောအင်အားစုများက ရိပ်မိသွားမည်ကိုလည်း စိုးရိမ်ရသည်။
နတ်မိစ္ဆာမျိုးနွယ်များက ရန်ကျောက်ကဲတို့လိုချင်နေသည့်ပစ္စည်းများကို အသုံးချကာ ခွေမုလန်ကို အသုံးချပြီး ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ဆင်ထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက အလောတကြီးမလုပ်ဘဲ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုသာ ပစ်မှတ်နောက်သို့ တိတ်တဆိတ် ခြေရာခံခိုင်းခဲ့ခြင်း ဖြစ်၏။
သူကိုယ်တိုင်နှင့် ဖန်းယွင်ရှန်းကတော့ ကြာပန်းစိမ်းရတနာအလံကို ယူဆောင်ပြီး စောမင်ကျန့်ထံတွင် လာရောက် အကူအညီတောင်းခဲ့ကြခြင်း ဖြစ်သည်။
ဖန်းယွင်ရှန်းက ခေါင်းညိတ်လိုက်ပြီး...
“ဒါဖြင့် ရှင့်ရဲ့ အစီအစဉ်အတိုင်းပဲ စောင့်ကြည့်ကြတာပေါ့..."
ထို့နောက် သူတို့(၃)ယောက် ချန်းဟွာသစ်ပင်အောက်တွင်ထိုင်ရင်း စောမင်ကျန့်လက်ထဲမှ ကြာပန်းစိမ်းရတနာအလံထက်ရှိ အစွန်းအထင်းများ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
ဤသို့သန့်စင်ခြင်းက ခေါက်ဆွဲပြုတ်သကဲ့သို့ ချက်ချင်းပြီးမြောက်နိုင်သည့်ကိစ္စမျိုး မဟုတ်ပေ။
စောမင်ကျန့်ကဲ့သို့ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်သည်ပင် စိတ်ရှည်လက်ရှင်နှင့် ဖြည်းဖြည်းချင်း လုပ်ဆောင်ရပေသည်။
ရန်ကျောက်ကဲတို့ကလည်း အလျင်စလိုမရှိကြပေ။
သူတို့က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံမှ သတင်းစောင့်ရန်း စောမင်ကျန့်နှင့်အတူ ကျင့်ကြံခြင်းနှင့်ပတ်သက်သည်များကို စကားစမြည် ဆက်လက်ပြောဆိုနေကြသည်။
***
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ တိုက်ခိုက်နေသည့် စစ်မြေပြင်နှင့် မလှမ်းမကမ်းသို့ ရောက်ရှိနေသည်။
သူက လူသားအသွင်မဟုတ်ဘဲ မဟာနတ်မိစ္ဆာတစ်ပါးအသွင်ဖန်ဆင်းကာ မဲနက်မှောင်မိုက်သည့် ဗလာနယ်ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေသည်။
နှစ်ပေါင်းများစွာ ချီထျန်းမဟာသူတော်စင်ရွှေခန္ဓာ၏ လွှမ်းမိုးခြင်းခံရသည့်အတွက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းစွမ်းအားမှာလည်း ရွှီဖေးနှင့် ပန်ပန်တို့ကဲ့သို့ပင် နက်ရှိုင်းလှသည်။
ထို့ကြောင့် သူက အမှားအယွင်းမရှိစေရန်အတွက် နတ်မိစ္ဆာတစ်ပါးအသွင် ပြောင်းလဲထားခြင်း ဖြစ်၏။
သို့သော် သူက နတ်မိစ္ဆာမျိုးနွယ်မှ အခြားသော မဟာသူတော်စင်များနှင့် ဝေးဝေးနေပြီး ဟိုဟိုဒီဒီသွားလာခြင်းမလုပ်ဘဲ ပုန်းအောင်းနေခဲ့သည်။
အခြားသူများနှင့် အနီးကပ်ထိတွေ့မည်ဆိုပါက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ရုပ်ဖျက်ထားမှု ပေါ်သွားနိုင်ချေရှိသည် မဟုတ်လား။
ဤသို့သော အခြေအနေမျိုးတွင် ခွေမုလန်ကို အနီးကပ် စောင့်ကြည့်ရန် မလွယ်ကူလှသော်လည်း ပစ်မှတ်ဖြစ်သူမှာလည်း တစ်စုံတစ်ရာ ထူးခြားစွာ လှုပ်ရှားနေခြင်းမရှိသလို ခြေရာလက်ရာများကိုလည်း တမင်တကာ ဖုံးကွယ်ထားခြင်းမျိုး မရှိချေ။
ထို့ကြောင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့နောက်သို့ ဆက်တိုက်ဆိုသလို ခြေရာခံလိုက်ပါလာနိုင်ခဲ့သည်။
"လက်ရှိအချိန်အထိတော့ ဘာမှမထူးခြားသေးဘူး ၊ ကြည့်ရတာ... ငါတို့ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို လိုက်ရှာနေတာ နတ်မိစ္ဆာတွေဘက်က မရိပ်မိသေးလို့လား ၊ ဒါမှမဟုတ် ခွေမုလန်ရဲ့ လက်ထဲမှာ အဲဒီကျောက်စိမ်းရှိနေတာကို သူတို့ မသိကြလို့လားပဲ...”
ရန်ကျောက်ကဲ စိတ်ထဲမှ တွေးလိုက်သည်။
ဤသို့ ဖြစ်နိုင်ချေရှိသည်ကို ငြင်းမရနိုင်ပေ။
အကြောင်းမှာ ခွေမုလန်က မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်မှ ထွက်ခွာ၍ ချန်စန်းရှင်းဟိုင်သို့ ဝင်ရောက်ခိုလှုံခဲ့စဉ် သူပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ချန်စန်းရှင်းဟိုင်သို့ အစီရင်ခံတင်ပြမည် မဟုတ်သောကြောင့်ပင်။
ချန်စန်းရှင်းဟိုင်ရှိ နတ်မိစ္ဆာမျိုးနွယ်စုများထဲတွင်လည်း ယခင်က ဝိညာဉ်ဖြောက်တောက်ကျောက်စိမ်းအကြောင်း ကြားဖူးထားသူ တစ်ယောက်မှ မရှိနိုင်ပေ။
ဟုတ်ပေ၏။
ယွီယဲ့ကို ဆေးကုသရန်အတွက်သာ ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းက အလွန်အမင်း အရေးပါနေခြင်းဖြစ်ပြီး ခွေမုလန် အပါအဝင် အခြားသူများအတွက်ကတော့ ဤရတနာက ထူးထူးခြားခြား တန်ဖိုးရှိနေသည့်အရာ မဟုတ်ပေ။
အရာဝတ္ထုတစ်ခု၏ တန်ဖိုးဆိုသည်မှာ လိုအပ်ချက်ပေါ်တွင်သာမူတည်၍ ဆုံးဖြတ်ခြင်းပင် မဟုတ်လား။
"ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းက သူ့လက်ထဲမှာ အခုထိ ရှိနေသေးဖို့ပဲ မျှော်လင့်ပါတယ်... ဒါမှမဟုတ်ရင်လည်း အနည်းဆုံး အဲဒီရတနာ ဘယ်မှာရှိလဲဆိုတာကို သူ သိနိုင်ရင် အဆင်ပြေတယ်”
ရန်ကျောက်ကဲ စိတ်ထဲမှ ရေရွတ်လိုက်သည်။
သူက ခွေမုလန်၏ လှုပ်ရှားမှုများကို အာရုံစိုက်နေရင်း အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့အကြားမှ စစ်ပွဲကိုလည်း အာရုံစိုက်လျှက် ရှိသည်။
မကြာသေးမီနှစ်များအတွင်း စောမင်ကျန့်နှင့် ရန်ကျောက်ကဲတို့က အမတခုံရုံးကို အထိနာအောင် တိုက်ခိုက်ခဲ့ကြသဖြင့် နောက်ဆက်တွဲသက်ရောက်မှုများက ယနေ့ထိတိုင် ရှိနေဆဲပင်။
"ဒါပေမဲ့ ဒီပြင်ပတာအိုကျင့်ကြံသူတွေရဲ့ အင်အားဖြည့်တင်းတဲ့နှုန်းကတော့ အတော်မြန်ဆန်တာပဲ”
ထိုနယ်မြေတစ်ဝိုက် လှည့်လည်သွားလာရင်း ရန်ကျောက်ကဲ တွေးလိုက်မိသည်။
နှစ်ပေါင်း(၂၀၀)အတွင်းမှာပင် အမတခုံရုံးက ဆုံးရှုံးသွားသည့် ထိုက်ရွှီးမူလနတ်ဘုရား အရေအတွက်ကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
သို့သော် ဆုံးရှုံးသွားသည့် ကောင်းကင်နတ်ဘုရားများကိုတော့ ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိသေးပေ။
ထိုအခြေအနေကြောင့်ပင် လက်ရှိစစ်ပွဲတွင် အဖြူရောင်ကြာပန်းသုခဘုံက အသာစီးရနေခဲ့သည်။
ဟုတ်ပေ၏။
စစ်ပွဲကိုစတင်ခဲ့သူမှာလည်း အဖြူရောင်ကြာပန်းသုခဘုံပင်ဖြစ်သည် မဟုတ်ပါလား။
သို့သော် အနောက်ဘက်သူတော်စင်ဘုံက နောက်ခံပြုပေးထားသဖြင့် အဖြူရောင်ကြာပန်းသုခဘုံက အသာစီးရနေသည့်တိုင် အမတခုံရုံး၏ တန်ပြန်တိုက်စစ်သည်လည်း အားနည်းခြင်း မရှိခဲ့ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား အခြေအနေစောင့်ကြည့်နေစဉ်မှာပင် သူပစ်မှတ်ထားနေသော ခွေမုလန် စတင်လှုပ်ရှားလာသည်ကို သတိပြုလိုက်မိလေ၏။
အခန်း (၁၆၆၄) ပုံမှန်အတိုင်းသွားလို့ မအောင်မြင်နိုင်ဘူးဆိုရင်
ခွေမုလန်က ရုတ်တရက်ပင် အခြားနတ်မိစ္ဆာများနှင့်ခွဲထွက်ပြီး အခြားတစ်ဖက်သို့ တစ်ယောက်တည်းဦးတည်သွားကြောင်း မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား သတိပြုလိုက်မိသည်။
ဤနေရာတွင်ရှိနေသည့် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များက သိပ်များခြင်း မရှိပေ။
ခွေမုလန်က ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သောကြောင့် တန်ခိုးစွမ်းအားမြင့်မားသည်ဖြစ်ရာ
ကောင်းကင်နတ်ဘုရားအဆင့် သို့ အသစ်စက်စက် တက်လှမ်းထားသူ ဖြစ်သော်လည်း သူ၏ ထူးကဲလှသော စွမ်းဆောင်ရည်ကြောင့် ဤသို့ တစ်ကိုယ်တော် လှုပ်ရှားခြင်းမှာ ပုံမှန်ကိစ္စရပ်တစ်ခုကဲ့သို့ပင် ဖြစ်နေ၏။
ထို့ကြောင့် အခြားသော မဟာနတ်မိစ္ဆာများကလည်း ထိုကိစ္စနှင့်ပတ်သက်၍ သူ့ကိုဝင်ရောက်နှောင့်ယှက်ခြင်း မပြုခဲ့ကြချေ။
ရန်ကျောက်ကဲအနေဖြင့်လည်း ဤအခြေအနေပေါ်တွင် တစ်စုံတစ်ရာ သံသယဝင်မနေသော်လည်း ပစ်မှတ်နောက်သို့ နီးနီးကပ်ကပ် လိုက်ပါရန်အတွက် ပြင်ဆင်လိုက်သည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လှုပ်ရှားမှုများကို တိတ်တဆိတ် ပြောင်းလဲလိုက်သည်။
သူက ခွေမုလန် မရိပ်မိစေရန်အတွက် အနီးကပ်လိုက်ပါသွားခြင်းမရှိဘဲ မျက်ခြေပြတ်မသွားစေမည့် အကွာအဝေးတစ်ခုမှသာ လိုက်ပါသွားသည်။
ခွေမုလန်ကလည်း မရိုးမသားကိစ္စများကို လုပ်ဆောင်ဟန် မရှိပေ။ ထို့ကြောင့် ပတ်ဝန်းကျင်ကို အလွန်အမင်း သတိထား စောင့်ကြည့်မနေခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ သတိထားမှုက ပုံမှန်ထက်ပင် လျော့နည်းနေပြီး တစ်ခုခုက သူ့ကိုဆွဲဆောင်နေသည့်အလား အလောတကြီး ဖြစ်နေသည်။
ထို့ကြောင့် ရန်ကျောက်ကဲကလည်း ပိုမိုစိတ်ဝင်စားသွားရသည်။
သူ၏ကိုယ်ပွားက ပတ်ဝန်းကျင်ကို ခဏမျှစူးစမ်းလိုက်သော်လည်း ပုံမှန်မဟုတ်သည့်အရာ ဘာတစ်ခုမှ မတွေ့ရပေ။ ခွေမုလန်က တစ်ခုခုကို ရိပ်မိသွားပြီး သူ့ကို ထောင်ချောက်ဆင်နေခြင်းလည်း ဟုတ်ဟန်မတူပေ။
ယခု ခွေမုလန် တစ်ယောက်တည်းရှိနေသဖြင့် သူ့ကို သွားရောက် ဆက်သွယ်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ သို့သော် ရန်ကျောက်ကဲက ခွေမုလန် ဘာလုပ်မည်ကို ပိုပြီးစိတ်ဝင်စားနေမိသည်။
ရန်ကျောက်ကဲအနေဖြင့် ဤဖြစ်ရပ်မှတစ်ဆင့် နောက်ထပ် အကျိုးအမြတ်များကိုပါ ထပ်မံရရှိနိုင်မည်ဆိုပါက ခွေမုလန်နှင့် ဆက်သွယ်သည့်အခါတွင် သေချာပေါက် ပိုမိုအကျိုးရှိစေပေမည်။
မကြာမီ ခွေမုလန်က ရပ်တန့်လိုက်သည်ဖြစ်ရာ ရန်ကျောက်ကဲလည်းရပ်တန့်ပြီး အခြေအနေသကို သေချာစွာ အကဲခတ်လိုက်သည်။
အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့အကြား ဖြစ်ပွားနေသော ထိပ်တိုက်ရင်ဆိုင်မှုမှာ သာမန်ဒေသတွင်း ပဋိပက္ခမျိုး မဟုတ်ဘဲ ရာစုနှစ်တစ်ခုစီတိုင်းတွင် ဖြစ်ပွားလေ့ရှိသော စစ်ပွဲကြီးတစ်ခု ဖြစ်သည်။
ထို့ကြောင့် စစ်မီးက နေရာအနှံ့သို့ ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီး နေရာတိုင်းတွင် ပရမ်းပတာဖြင့် စစ်တလင်းအဖြစ် ပြောင်းလဲနေသည်။
အဖြူရောင်ကြာပန်းသုခဘုံက ပိုမိုအင်အားသာလွန်ပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ဖြစ်လေရာ စစ်ပွဲဒဏ်ကို အမတခုံရုံး ပိုင်နက်နယ်မြေများကသာ အဓိကခံစားရသည်။
ခွေမုလန် အပါအဝင် မဟာနတ်မိစ္ဆာများနှင့် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များက ဤစစ်ပွဲထဲသို့ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိကြချေ။
သူတို့က ဘေးမှသာ စောင့်ကြည့်အကဲခတ်နေပြီး ရံဖန်ရံခါ ဖြစ်ပွားတတ်သော ပဋိပက္ခအသေးစားလေးများကိုသာ ငြိမ်သက်အောင် ဖြေရှင်းပေးနေခြင်း ဖြစ်သည်။
ယခု ခွေမုလန်က ပြင်ပကျင့်ကြံသူများ အပြင်းအထန် စစ်ခင်းနေသည့် စစ်မျက်နှာတစ်ခုဆီသို့ ချဉ်းကပ်သွားခြင်း ဖြစ်သည်။
ထိုနေရာက အမတခုံရုံး နယ်မြေသုံးထောင်မှ နယ်မြေတစ်ခု ဖြစ်၏။
ပြင်ပကျင့်ကြံသူအုပ်စုနှစ်ခုလုံးက ဤနယ်မြေထဲမှ ကမ္ဘာအချို့ကိုလုယူရန် အငြိုးတကြီးဖြင့် အသေအလဲ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ဤနေရာတွင် တိုက်ခိုက်နေသည့် အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့မှ သိုင်းကျင့်ကြံသူများမှာ အမြင့်ဆုံး နက်ရှိုင်းနတ်ဘုရား အဆင့်မျှသာ ရှိကြသည်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ခွေမုလန်အတွက် သူတို့က ပြောပလောက်အောင် အဆင့်မရှိကြပေ။
သူတို့က ခွေမုလန် ချဉ်းကပ်လာသည်ကိုလည်း လုံးဝ ရိပ်မိကြခြင်း မရှိပေ။
သို့သော် အမတခုံရုံးဘက်မှ ထျန်းကျွင်းနယ်ပယ် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကတော့ ခွေမုလန် ရောက်ရှိလာသည်ကို သတိပြုမိသွားပြီး အလွန် ထိတ်လန့်တုန်လှုပ်သွားကြသည်။
လက်ရှိတွင် အဖြူရောင်ကြာပန်းသုခဘုံမှ ရောက်ရှိနေသည့် အင်အားစုများက အမတခုံရုံးထက် ပိုမိုများပြားနေသဖြင့် သူတို့ အကြီးအကျယ် ဖိစီးမှု ခံစားနေကြရသည်။
ဤသို့သော အခြေအနေမျိုးတွင် နတ်မိစ္ဆာမျိုးနွယ်မှ မဟာသူတော်စင် ခွေမုလန် ချဉ်းကပ်လာသည်ဖြစ်ရာ အမတခုံရုံးမှ အကြီးအကျယ် တုန်လှုပ်သွားရသည်ပင်။
သို့ပေသိ သူတို့အနေဖြင့် အလွန်အမင်း သောကရောက်နေရန် မလိုအပ်ပေ။
ခွေမုလန် ရောက်ရှိလာကြောင်း သတိပြုမိသည်နှင့် အခြေအနေစောင့်ကြည့်နေကြသော အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓများက လက်ပိုက်ကြည့်မနေခဲ့ကြပေ။
သူတို့ထဲမှ ဗုဒ္ဓတစ်ပါးက ချက်ချင်းဆိုသလို ခွေမုလန်ရှိရာသို့ ချဉ်းကပ်လာသည်။ ထိုကိုယ်တော်က ခွေမုလန်ကို စတင်တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ သတိကြီးစွာဖြင့်သာ စောင့်ကြည့်နေခဲ့သည်။
ခွေမုလန်ကလည်း တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။
သူက ထိုဗုဒ္ဓကို တစ်ချက်လှမ်းကြည့်ပြီးနောက် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့၏ တိုက်ပွဲဆီသို့သာ အကြည့်ကို ပြန်လည်ပို့လွှတ်လိုက်သည်။
နှစ်ဖက်လုံးက အပြန်အလှန်တိုက်ခိုက်နေကြသော်လည်း မည်သူမှ စည်းကျော်ပြီး လှုပ်ရှားကြခြင်း မရှိပေ။
ခွေမုလန်က တိုက်ပွဲအခြေအနေကို သေချာစွာအကဲခတ်ရင်း ပိုမိုနီးကပ်အောင် တရွေ့ရွေ့ ချဉ်းကပ်သွား၏။ ဤသည်ကိုမြင်တော့ လမ်းမှန်ဗုဒ္ဓဘာသာမှ ဗုဒ္ဓကလည်း ခွေမုလန်နောက်သို့ လိုက်ပါသွားသည်။
ခွေမုလန်က မိမိကွယ်ရာတွင် မရိုးမသား ကောက်ကျစ်မှုများ ပြုလုပ်လာမည်ကို ကာကွယ်ရန်အတွက် စိတ်ထဲမှနေ၍ ပိုမိုသတိကြီးစွာ ထားလိုက်၏။
သို့သော် ခွေမုလန်တွင် ထိုကဲ့သို့သော အကြံအစည်မျိုးရှိပုံမရဘဲ သူ့ရှေ့မှ စစ်မီးတောက်နေသော နယ်မြေကိုသာ တိတ်ဆိတ်စွာ စူးစိုက်ကြည်နေခဲ့သည်။
ရန်ကျောက်ကဲမှာလည်း မြင်ကွင်းကိုကြည့်ရင်း အံ့အားသင့်သွားသည်။
ထိုဝတ်ရုံဝါမဟာသူတော်စင် ဘာလုပ်ချင်နေမှန်း သူ လုံးဝသဘောမပေါက်နိုင်သေးပေ။
သူက ဝတ်ရုံဝါမဟာသူတော်စင်’ခွေမုလန်’ နှင့် အတော်ဝေးဝေးတွင် ရှိနေသည့်တိုင် ထိုနတ်မိစ္ဆာမှာ အတော်လေး စိတ်ပျံ့လွင့်နေကြောင်း အာရုံခံလိုက်မိသည်။
“သူက မဟာကပ်ဘေးကြီး ပြီးကတည်းက ချန်စန်းရှင်းဟိုင်မှာပဲ တောက်လျှောက် ပုန်းအောင်းနေခဲ့တာဆိုရင် အမတခုံရုံးရဲ့ နယ်မြေတွေဆီကို သူ ဒီလို ချဉ်းကပ်လာတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ရမယ်..."
ရန်ကျောက်ကဲ တွေးလိုက်သည်။
ခွေမုလန်က ချန်စန်းရှင်းဟိုင်ထဲတွင်သာ တစ်ချိန်လုံး နေထိုင်ခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဤမဟာသူတော်စင်နှင့်ပတ်သက်ပြီး ထွက်ပေါ်လာသော သတင်းအချက်အလက်ဟူ၍ မရှိသလောက် ရှားပါးသည်။
ရန်ကျောက်ကဲကတော့ ထိုမဟာသူတော်စင်မှာ မဟာကပ်ဘေးကာလကတည်းက သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သဖြင့် ဝိညာဉ်ဖြတ်တောက်ကျောက်စိမ်းကို ရှာဖွေရာတွင် ထိုပုဂ္ဂိုလ်ကို လုံးဝ ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိချေ။
ယခု ခွေမုလန် လောကအလယ်သို့ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူ ပထမဆုံး လုပ်ဆောင်သည့်အလုပ်မှာ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၊ နွားရိုင်းမိစ္ဆာဘုရင်၊ ခြင်္သေ့နတ်ဘုရား စသည့် မဟာနတ်မိစ္ဆာကြီးများနှင့်အတူ စကြာမုနိသရီရဓာတ်တော်ကို လာရောက်လုယူခြင်း ဖြစ်၏။
ထိုကိစ္စပြီးသည့်နောက် သူက ဤစစ်မြေပြင်သို့ရောက်လာပြီး တိုက်ပွဲကို လာရောက်စောင့်ကြည့်ခဲ့သည်။
“သူ ဒီနေရာကို တစ်ခါမှ မလာဖူးဘူးဆိုရင် အမတခုံရုံးကိုတော့ စိတ်ဝင်စားတာ မဖြစ်နိုင်ဘူး”
ရန်ကျောက်ကဲ ခွေမုလန်ကို စိတ်ဝင်တစား လှမ်းကြည့်ရင်း ဆက်လက်တွေးတောလိုက်သည်။
“ဒါဆို သူ ဒီနေရာကိုလာတာ လူတစ်ယောက် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကြောင့်များလား”
“သူက စစ်ပွဲအပြင်စည်းမှာ စောင့်ကြည့်နေရင်းကမှ ရုတ်တရက်ကြီး ဒီဘက်ကိုထွက်လာတာ ၊ ဒါက သိသာနေတာပဲ... တာဝန်အရလာတာမဟုတ်ဘူး ၊ မမျှော်လင့်ဘဲ တစ်ခုခုကိုသတိပြုမိသွားလို့ ဒီကိုထွက်လာတာ ဖြစ်ရမယ်”
“ဒါဆို သူ့ကို ဆွဲဆောင်တဲ့အရာက ဘာများဖြစ်နိုင်မလဲ”
ရန်ကျောက်ကဲ အဝေးတစ်နေရာမှနေ၍ ထိုနယ်မြေကို လှမ်းမျှော်အကဲခတ်ရင်း စဉ်းစားနေမိသည်။
ထိုအမတခုံရုံးနယ်မြေတွင် ကမ္ဘာ(၈)ခုရှိပြီး ကမ္ဘာအားလုံး ပရမ်းပတာစစ်မီးများ တောက်လောင်လျှက် ရှိသည်။ ထိုကမ္ဘာများတွင်ရှိနေသည့် ကျင့်ကြံသူများစွာသည်လည်း မိမိတို့ကျင့်ကြံခြင်းအဆင့်အလိုက် တိုက်ပွဲဝင်လျှက် ရှိသည်။
ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများက ကမ္ဘာ(၈)ခုအတွင်းတွင် အပြင်းအထန် တိုက်ခိုက်နေပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကတော့ ဗလာနယ်ထဲသို့ပျံသန်းကာ အပြန်အလှန် တိုက်ခိုက်နေကြသည်။
လက်ရှိ တိုက်ခိုက်နေသူများထဲတွင် စွမ်းအားအကြီးဆုံးကျင့်ကြံသူများမှာ အမတခုံရုံးမှ ဧကရာဇ်တစ်ပါးနှင့် အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါး ဖြစ်သည်။
သူတို့နှစ်ယောက်က သူသေကိုယ်သေ တိုက်ခိုက်လျှက် ရှိကြသည်။
ထို့ပြင် အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားအချို့နှင့် အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များသည်လည်း အုပ်စုများခွဲကာ အပြန်အလှန် တိုက်ခိုက်နေကြသည်။
ထိုတိုက်ပွဲအခြေအနေက ရန်ကျောက်ကဲအမြင်တွင်တော့ ဆွဲဆောင်မှုမရှိသလို စိတ်ဝင်စားစရာလည်း မကောင်းလှပေ။
ခွေမုလန်သည်လည်း ပြင်ပကျင့်ကြံသူ အစစ်အမှန်နတ်ဘုရားများနှင့် နက်ရှိုင်းနတ်ဘုရားများ၏ တိုက်ခိုက်မှုအပေါ် စိတ်ဝင်စားနေခြင်း မဟုတ်ကြောင်း ရန်ကျောက်ကဲ ယုံကြည်သည်။
ရန်ကျောက်ကဲက ကောင်းကင်ဘုံနန်းတော်တွင် ရှိစဉ်က ကြယ်တာရာ(၂၈)လုံးအဖွဲ့တွင် ပါဝင်ခဲ့သော ခွေမုလန်ကျင့်ကြံခံသည့်သိုင်းပညာကို ပြန်တွေးတောကြည့်လိုက်သည်။
ထို့နောက် သူက ခွေမုလန် ကျင့်ကြံခဲ့သည့် သိုင်းပညာနှင့် သူတို့ရှေ့မှ ပြင်ပကျင့်ကြံသူများ အသုံးပြုနေသည့် ပညာရပ်ကို နှိုင်းယှဉ်ကြည့်သော်လည်း မည်သည့်ဆက်စပ်မှုမှ မတွေ့ရပေ။
ထို့ကြောင့် ရန်ကျောက်ကဲက အမြင်ပြောင်းလိုက်ပြီး ထိုနယ်မြေထဲတွင် ထူးဆန်းသော ရတနာပစ္စည်းတစ်ခုခုများ ရှိလေမည်လားဟု အာရုံခံကြည့်လိုက်သည်။
ဖုံးကွယ်နေသည့် ရတနာပစ္စည်းကို အာရုံခံရန်ကတော့ အလွန်ခက်ခဲပေမည်။
သို့သော် ခွေမုလန် ထူးထူးဆန်းဆန်း ပြုမူနေသည်ဖြစ်ရာ ထိုရတနာပစ္စည်းက ဖုံးကွယ်ထားခြင်း မဖြစ်နိုင်တော့ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျင့်ကြံခြင်းအဆင့်က ခွေမုလန်ထက် နိမ့်ပါးသော်လည်း စွမ်းဆောင်ရည်ကတော့ အံ့မခန်း ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲ၏ ထူးခြားသော အာရုံခံနိုင်စွမ်းဖြင့် အချိန်အတန်ကြာ အကဲခတ်ကြည့်ရှုသည့်တိုင် မည်သည့်သဲလွန်စမှ တွေ့ရှိရခြင်း မရှိပေ။
ထို့နောက် ရန်ကျောက်ကဲက ဖြစ်နိုင်ခြေရှိသည်များကို ထပ်မံတွေးတောပြီး တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
“ဒီအတိုင်းသွားလို့ ငါ့ရည်ရွယ်ချက် မအောင်မြင်နိုင်ဘူးဆိုရင်တော့ အထူးနည်းလမ်းသုံးဖို့ စဉ်းစားရတော့မယ်”
ရန်ကျောက်ကဲ စိတ်ထဲမှ ပြုံးလိုက်မိသည်။
သူ့အကြည့်များက အမတခုံရုံးနယ်မြေအတွင်းရှိ ပြင်ပကျင့်ကြံသူများဆီသို့ ပြန်လည်ကျရောက်သွားသည်။
ယခုတစ်ကြိမ်မှာတော့ သူက ထိုနေရာတွင်ရှိနေသည့် အမျိုးသမီး ကျင့်ကြံသူများကိုသာ သီးသန့်အာရုံစိုက်ပြီး အကဲခတ်လိုက်သည်။