← Chapters

အခန်း (၁၆၆၅-၁၆၆၆)

Vol. 119 Ch. 1665-1666

အခန်း (၁၆၆၅-၁၆၆၆)

Vol. 119 Ch. 1665-1666

အခန်း (၁၆၆၅) ပိုင်ဟွာရှို့

ရန်ကျောက်ကဲက အမတခုံရုံးနယ်မြေထဲတွင် တိုက်ခိုက်နေသည့် သိုင်းကျင့်ကြံသူများကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။

သူက မိန်းကလေးများဆီသို့သာ အဓိကအာရုံစိုက်ပြီး အကဲခတ်လိုက်သည်။

ခွေမုလန်၏ပစ်မှတ်က ယောကျ်ားလေး မဟုတ်နိုင်ဘဲ မိန်းကလေးသာ ဖြစ်ရမည်ဟု သူ့စိတ်ထဲတွင် အာရုံခံမိနေသည်။

ဤသည်က ရန်ကျောက်ကဲ၏အတွေးများ မှောင်မိုက်နေခြင်း မဟုတ်ပေ။ သူက ခွေမုလန်နှင့်ပတ်သက်သည့် ကောလဟလအချို့ကို ကြားဖူးထားသောကြောင့် ဖြစ်၏။

ဒဏ္ဍာရီလာမှတ်တမ်းများအရ ခွေမုလန် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် ကြာတာရာ (၂၈)လုံးအဖွဲ့ဝင်အဖြစ်ရှိစဉ်က နတ်မိမယ်တစ်ပါးနှင့် မေတ္တာမျှခဲ့ဖူးသည်။

သူတို့နှစ်ယောက် သေမျိုးလူသားကမ္ဘာသို့ တိတ်တဆိတ်ဆင်းသက်လာပြီး လျှို့ဝှက်အိမ်ထောင်ပြုခဲ့ကြသော်လည်း အနောက်သို့ခရီးနှင်ကြသည့် ထန်စန်းကျန့် ၊ စွန်းရှင်ကျေတို့အုပ်စုနှင့် ပတ်သက်မိသွားကြသည်။

ထိုဖြစ်ရပ်တွင် ခွေမုလန်မှာ သူ၏ လူသားအမြုတေကျောက်တုံးအပိုင်းအစကို ဆုံးရှုံးခဲ့ရပြီး ကောင်းကင်ဘုံနန်းတော်သို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

သို့သော် သူနှင့် ချစ်ကြိုက်ခဲ့သည့်နတ်မိမယ်‌လေးကတော့ သေမျိုးလူသားကမ္ဘာတွင်ပင် လူပြန်ဝင်စားခဲ့ပြီး ကောင်းကင်ဘုံသို့ ပြန်လည်ရောက်ရှိမလာတော့ပေ။

ထိုအချိန်မှစပြီး သူတို့ဇနီးမောင်နှံမှ လူနှင့် နတ်ဆိုသည့် ခြားနားချက်ကြီးကြောင့် တစ်ယောက်နှင့်တစ်ယောက် ဝေးကွာသွားခဲ့ရသည်။

ရန်ကျောက်ကဲ စုံစမ်းသိရှိသလောက် ဤကိစ္စနောက်ကွယ်တွင် ဗုဒ္ဓဘာသာ၊ နတ်မိစ္ဆာမျိုးနွယ်၊ လမ်းမှန်တာအိုဝါဒ နှင့် မိုးကောင်းကင်ခုံရုံးတို့အကြား အားပြိုင်မှုများ ပါဝင်ပတ်သက်နေပြီး လူအများမသိနိုင်သော လျှို့ဝှက်ချက်များလည်း ရှိနေသည်။

ထိုအချိန်မှစတင်ပြီး ခွေမုလန်မှာလည်းသူ၏ဇနီးဖြင့် အဆက်အသွယ် ပြတ်တောက်သွားသည်။

ယခုအချိန်တွင် ဤကိစ္စကိုတွေးမိခြင်းက အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း ခွေမုလန်ကို အကဲခတ်နေရင်း ရန်ကျောက်ကဲ ထိုကိစ္စကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

လူတိုင်းက အတင်းအဖျင်းနှင့် ကောလဟလများကို စိတ်ဝင်စားတတ်သည်ဖြစ်ရာ ရန်ကျောက်ကဲသည်လည်း ချွင်းချက်မရှိပေ။

မိမိနှင့်မသက်ဆိုင်သည့်တိုင် သူတပါး၏လျှို့ဝှက်ချက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည့်အခါ မည်သူမဆို စပ်စုလိုမည်သာ ဖြစ်၏။

"အလယ်ခေတ် အစောပိုင်းတုန်းက အဲဒီနတ်မိမယ်က ပိုင်ဟွာရှို့မင်းသမီးအဖြစ် လူပြန်ဝင်စားခဲ့တာ... သူက ခွေမုလန်နဲ့ ပြန်ပြီး အဆက်အသွယ်မရတော့ဘူး...”

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုအကဲခတ်ရင်း စဉ်းစားနေမိသည်။

“ပြီးတော့ သူက နတ်ဘုရားတံခါးကို ထပ်ပြီး မကျော်ဖြတ်နိုင်တဲ့အပြင် ကောင်းကင်ဘုံနန်းတော်ကိုလည်း ပြန်မလာနိုင်ခဲ့ဘူး ၊ အခု နှစ်တွေအများကြီးကြာပြီဆိုတော့ သူ သံသရာလည်ပြီး ဘယ်နှစ်ကြိမ်တောင် လူပြန်ဝင်စားပြီးနေပြီလဲ မသိဘူး”

ထိုသို့ဆိုလျှင် ခွေမုလန်က သူ့ချစ်သူကို လိုက်လံရှာဖွေချင်လျှင်တောင်မှ အကြိမ်ကြိမ်လူဝင်စားခဲ့ပြီဖြစ်သော ပိုင်ဟွာရှို့ကို မည်သို့ မှတ်မိနိုင်ပါမည်နည်း။

ပြီးတော့ သူက ပိုင်ဟွာရှို့ကို လိုက်လံရှာဖွေမည်ဆိုလျှင်လည်း အဘယ့်ကြောင့် ယနေ့အချိန်ထိ စောင့်ဆိုင်းနေရပါသနည်း။

ရန်ကျောက်ကဲသိသလောက်တော့ ထိုနတ်မိမယ် ပထမဆုံးအကြိမ် လူပြန်ဝင်စားကတည်းက အတိတ်ဘဝကို လုံးဝ မမှတ်မိတော့ပေ။

ထို့‌ကြောင့် အတိတ်ဘဝ အကြောင်းအရာများကို မှတ်မိမည်မဟုတ်သလို ခွေမုလန်ကိုလည်း မှတ်မိတော့မည် မဟုတ်ပေ။

သူတို့နှစ်ယောက်၏ သေမျိုးလူသားကမ္ဘာမှ အိမ်ထောင်ရေးမှာလည်း စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲလှသည်။

အချို့ကတော့ ထိုကိစ္စမှ ခွေမုလန်တစ်ဦးတည်း၏ အလိုဆန္ဒဖြစ်ပြီး အရာအားလုံးကို ဇွတ်အတင်းဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြေသော်လည်း အချို့ကောလဟလများတွင်တော့ ထိုဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ခင်ပြီး ဆက်ဆံရေးသည်လည်း အလွန်အဆင်ပြေသည်ဟု ဆိုကြပြန်သည်။

ဟုတ်ပေ၏။

ထိုစဉ်က ခွေမုလန်မှာ သူ၏ လူသားအမြုတေဝိညာဉ်ကျောက်တုံး အပိုင်းအစ ဆုံးရှုံးခဲ့ရခြင်းမှာ ပိုင်ဟွာရှို့မင်းသမီးနှင့် ဆက်စပ်နေသည်ဟုလည်း ကောလဟလများ ထွက်ခဲ့ဖူးသည်။

မည်သို့ပင်ဖြစ်စေ ထို ဝံပုလွေနတ်မိစ္ဆာကြီးက ဇနီးဖြစ်သူအပေါ် အတော်လေး ဂရုစိုက်ကြင်နာခဲ့သည် အမှန်ပင်။

“ပြန်တွေးကြည့်ရရင် ပိုက်ဟွာရှို့ လူပြန်ဝင်စားတဲ့နောက်ကွယ်မှာ ဗုဒ္ဓဘာသာကျင့်ကြံသူတွေ ပါဝင်ပတ်သက်နေလောက်တယ်”

ရန်ကျောက်ကဲ တွေးလိုက်သည်။

ဤအမတခုံရုံးနယ်မြေတွင် ရန်သူများကိုတိုက်ခိုက်နေသည့် မိန်းကလေးကျင့်ကြံသူများစွာရှိသော်လည်း ကျင့်ကြံခြင်းအဆင့် မြင့်မားသူ အနည်းငယ်သာ ရှိသည်။

ရန်ကျောက်ကဲ သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။

အကယ်၍ ပိုင်ဟွာရှို့ လူပြန်ဝင်စားသူ ဤနေရာတွင်ရှိနေလျှင်ပင် ရန်ကျောက်ကဲအနေဖြင့် သူမကိုတွေ့မြင်ရုံမျှဖြင့် မှတ်မိနိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲ အရင်ဘဝက ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုင်တွင် ပိုင်ဟွာရှို့၏ ပုံတူပန်းချီကားကို မြင်တွေ့ဖူးခဲ့သော်လည်း အကြိမ်ကြိမ် လူဝင်စားဖြစ်ပြီးနောက် သူမ၏ရုပ်ရည်သည်လည်း ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် ရန်ကျောက်ကဲက စစ်မြေပြင်မှ မိန်းမပျိုများကို အကဲခတ်သည့်အခါ ရုပ်ရည်သွင်ပြင်ကို အဓိကမထားဘဲ ဝိညာဉ်အငွေ့အသက်ကို ပိုပြီးအာရုံစိုက်လိုက်သည်။

အကြိမ်ကြိမ် လူပြန်ဝင်စားခဲ့သည့်အတွက် အတိတ်ဘဝမှ မှတ်ဉာဏ်များ မရှိတော့သည့်တိုင် သူမ၏ မူလကပင် ထက်မြက်သန်မာသည့် ဝိညာဉ်ကြောင့် အငွေ့အသက်က ထူးခြားနေဆဲ ဖြစ်သည်။

သို့ဖြစ်ရာ သူမနှင့် ရင်းနှီးကျွမ်းဝင်သူများအနေဖြင့် သူမကို အလွယ်တကူ မှတ်မိနိုင်ပေသည်။

ခွေမုလန်သာ လူပြန်ဝင်စားသည့် ပိုင်ဟွာရှို့မင်းသမီးကို ရှာဖွေမည်ဆိုပါက သူမ၏ ဝိညာဉ်တွင် ထူးခြားသော အမှတ်အသားတစ်ခုခု သို့မဟုတ် သူမကို အခြားသူများနှင့် ကွဲပြားစေမည့် ထင်ရှားသော လက္ခဏာရပ်များ ရှိနေမည်မှာ သေချာသည်။

ရန်ကျောက်ကဲအနေဖြင့် ထိုထူးခြားချက်ကို အတိအကျမသိသော်လည်း သာမန်လူများနှင့် ကွဲပြားသောအရာတစ်ခုခုတော့ သေချာပေါက် ရှိနေရပေမည်။

ရန်ကျောက်ကဲက ထိုစံနှုန်းအတိုင်း ကိုက်ညီမည့် ပစ်မှတ်ကို လိုက်လံစစ်ဆေးကြည့်လိုက်သည်။

သူ၏စိတ်အာရုံက သိုင်းသူတော်စင် ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေသည့် မိန်းမပျိုတစ်ယောက်ထံသို့ ကျရောက်သွားသည်။

သူမခန္ဓာကိုယ်မှ အလွန်တရာတောက်ပသည့် ယုံကြည်ခြင်းအလင်းတန်းများ ထွက်ပေါ်နေသည်။

ပြင်ပတာအို ကျင့်ကြံသူတစ်ယောက်၏စံနှုန်းဖြင့် တိုင်းတာမည်ဆိုပါက သူမ၏စွမ်းအားက အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။

ရန်ကျောက်ကဲအနေဖြင့် ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူမအတွက် နတ်ဘုရားတံခါးကိုကျောဖြတ်ရန် အချိန်မည်မျှကြာဦးမည်ကို အတိအကျ မခန့်မှန်းနိုင်သော်လည်း မကြာမီအချိန်အတွင်း သေချာပေါက် ဖြစ်လာပေမည်။

“သူများလား...”

ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်သည်။

“မဟာကပ်ဘေးကြီးမတိုင်ခင်တုန်းက ခွေမုလန်က နတ်ဘုရားများအပ်နှင်းခြင်းနဲ့ ချုပ်နှောင်ခံထားရတယ် ၊ မဟာကပ်ဘေးကြီးပြီးတော့လည်း သူ ပြန်ပေါ်လာတာ မကြာသေးဘူး ၊ သူ ချက်ချင်း ဒီနေရာကိုရောက်လာတာ ဒီမိန်းကလေးအတွက်များလား”

အကြိမ်ကြိမ်လူပြန်ဝင်စားသည့် ဖြစ်စဉ်တစ်လျှောက် တာအိုအဓိပတိတစ်ယောက်က ထိုဝိညာဉ်ကို အထူးတလည် စောင့်ရှောက်ပေးမထးခဲ့လျှင် နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီးနောက် ဤကဲ့သို့ သီးခြားလူတစ်ယောက်ကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။

ဖြစ်နိုင်ချေရှိသည်မှာ သူမ ပိုင်ဟွာရှို့မင်းသမီးအဖြစ် ရှိနေစဉ်ကတည်းက တစ်စုံတစ်ယောက်က သူမ၏ လူပြန်ဝင်စားမှု ခြေရာလက်ရာတိုင်းကို အထူးတလည် အာရုံစိုက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်နိုင်သည်။

သို့ဆိုလျှင် သူမ၏နောက်ကြောင်းကို မည်သည့်အချိန်တွင်မဆို ပြန်လည်ထုတ်ဖော်နိုင်ပေလိမ့်မည်။

ဤကဲ့သို့သော လုပ်ရပ်မျိုးမှာ အချိန်ဖြုန်းတီးခြင်းဟု ထင်ရပြီး ဘာမှလုပ်စရာမရှိဘဲ အားယားနေသူများသာ လုပ်ဆောင်လိမ့်မည် ဖြစ်သော်လည်း အချို့သော အခြေအနေများတွင်မူ ဤနည်းလမ်းက အလွန်ပင် ထိရောက်မှု ရှိလှသည်။

အကြိမ်ကြိမ် လူဝင်စားဖြစ်ပြီးနောက် သူမ၏အတိတ်ဘဝမှတ်ဉာဏ်များ ကျန်ရှိနေတော့မည် မဟုတ်ချေ။ ထို့

ကြောင့် သူမသည် ပိုင်ဟွာရှို့မင်းသမီး ဟုတ်မဟုတ် ဆိုသည်မှာမူ ကြည့်မြင်သူ၏ အယူအဆအပေါ်တွင်သာ မူတည်သွားပေမည်။

"ဒီကိစ္စက ဗုဒ္ဓဘာသာဘက်ကလူတွေ ပါဝင်ပတ်သက်နေတာလား... ဒါမှမဟုတ် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ လက်ချက်လား... တကယ်စိတ်ဝင်စားစရာ ကောင်းတာပဲ”

ရန်ကျောက်ကဲက ထူးထူးခြားခြား ပေါ်လွင်နေသော ထိုမိန်းကလေးကျင့်ကြံသူကို ဆက်လက်အာရုံစိုက်ထားရင်း အခြားသေသာ တိုက်ပွဲဝင် ကျင့်ကြံသူများကိုပါ တစ်ယောက်ချင်း လိုက်လံစစ်ဆေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူက တစ်ဖက်တွင်ရှိနေသော ခွေမုလန်၏ လှုပ်ရှားမှုကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

ခွေမုလန်က ထိုအမတခုံရုံနယ်မြေမှ တိုက်ပွဲကိုသာ သေချာအာရုံစူးစိုက်ကြည့်နေသည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခပ်လှမ်းလှမ်းတွင် ရှိနေခြင်းဖြစ်လေရာ ခွေမုလန်ကြည့်နေသူမှာ သူကြည့်နေသူနှင့် တစ်ယောက်တည်း ဟုတ် မဟုတ် အတည်ပြုနိုင်ရန် ခက်ခဲသည်။

သို့သော် ခွေမုလန်အာရုံစိုက်နေသည်မှာ ရတနာပစ္စည်းမဟုတ်ဘဲ စစ်မြေပြင်မှ လူတစ်ယောက်အပေါ်တွင်ဖြစ်ကြောင်းကိုတော့ ရန်ကျောက်ကဲ တဖြည်းဖြည်း ကောက်ချက်ချနိုင်ပေပြီ။

အမတခုံရုံးနယ်မြေမှလူများကတော့ မည်သည့်အရာကိုမှ ဂရုမထားနိုင်ဘဲ အပြင်းအထန် ဆက်လက်တိုက်ခိုက်နေကြဆဲပင်။

တိုက်ပွဲက ပို၍ အရှိန်အဟုန် မြင့်မားလာပြီး ဗလာနယ်ဟင်းလင်းပြင်ထဲတွင် သူတို့ကိုစောင့်ကြည့်နေသည့် ထိပ်တန်း တန်ခိုးစွမ်းအားရှင်များရောက်ရှိနေကြသည်ကို သတိပြုမိခြင်း မရှိကြပေ။

နှစ်ဖက်လုံးက အချိန်အတန်ကြာအောင် သူသေကိုယ်သေ တိုက်ခိုက်နေပြီး အနိုင်အရှုံးလည်း မသဲကွဲပေ။ အမတခုံရုံးမှာ တိုက်ပွဲအခြေအနေမလှ ဖြစ်နေသည့်တိုင် ခံစစ်မပြိုလဲအောင် ကြိတ်မှိတ်ထိန်းထားနိုင်ခဲ့သည်။

အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာ ကျင့်ကြံသူများကလည်း အသာစီးရမှုကို အသုံးချကာ ရှေ့သို့ အဆက်မပြတ်တိုးဝင် တိုက်ခိုက်နေကြသည်။

သူတို့က ဤအမတခုံရုံးနယ်မြေအတွင်းမှ ကမ္ဘာငယ်များကို သိမ်းပိုက်ရန် တရွေ့ရွေ့နှင့် ရှေ့တိုးတိုက်ခိုက်နေကြခြင်း ဖြစ်၏။

ရံဖန်ရံခါ အမတခုံရုံးဘက်မှ ပြန်လည်ထိုးစစ်ဆင်လာသည့်အခါ နောက်ပြန်ဆုတ်ပေးရပြန်သည်။

ထို့ကြောင့် ဤနေရာမှကမ္ဘာမှာ အင်အားစုနှစ်ခု အလှည့်ကျ ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေခြင်းအား ဖြတ်သန်းနေရလေသည်။

ရန်ကျောက်ကဲ စောင့်ကြည့်နေစဉ်မှာပင် ပိုင်ဟွာရှို့မင်းသမီး လူပြန်ဝင်စားသည်ဟု သံသယရှိသူ အပြာရောင်ဝတ်မိန်းကလေးမှာ တိုက်ပွဲအတအွင်း ဒဏ်ရာရရှိသွားပြီး စစ်မြေပြင်မှ ယာယီဆုတ်ခွာသွားသည်။

ခွေမုလန်က မည်သည့်ခံစားချက်မှမရှိသော တည်ငြိမ်သည့်မျက်နှာဖြင့်ပင် ထိုမြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။

ထို့သော် ထိုမိန်းမပျို စစ်မြေပြင်မှ ဆုတ်ခွာသွားသည်နှင့် ခွေမုလန်သည်လည်း ဤနေရာမှတိုက်ပွဲကို ဆက်လက်စောင့်ကြည့်ရန် စိတ်မပါတော့ပေ။

"သူ့လို ဝါရင့်မဟာသူတော်စင်ကြီးရဲ့ အာရုံခံစားနိုင်စွမ်းနဲ့ဆိုရင် အဲဒီတုန်းက ကြုံရတဲ့အန္တရာယ်က အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ မစိုးရိမ်ရဘူးဆိုတာ ရိပ်မိမှာပေါ့..."

ရန်ကျောက်ကဲက အခြေအနေကို ကောင်းစွာ သဘောပေါက်ထားသည့်အလား တွေးတောလိုက်မိသည်။

“ဒါပေမဲ့ ကောလဟလတွေအရဆိုရင် ခွေမုလန်က သူ့မိန်းမကို အလိုလိုက်ပြီး အရမ်းချစ်တဲ့သူလို့ နာမည်ကြီးတာ ၊ ကြည့်ရတာ... သူက အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ပိုင်ဟွာရှို့အပေါ် စိတ်ထဲမှာ တစ်ခုခုအဖုအထစ်ဖြစ်ပြီး အငြိုးအတေးထားနေတုန်းပဲထင်တယ် ၊ သူ့ရင်ထဲမှ ခံစားချက်နှစ်ခု လွန်ဆွဲနေတာများလား ၊ ဒါမှမဟုတ် အဲဒီမိန်းကလေးက ပိုင်ဟွာရှို့မင်းသမီး လူပြန်ဝင်စားတဲ့သူ ဟုတ်မဟုတ် မသေချာသေးလို့ သတိကြီးကြီးထားပြီး စောင့်ကြည့်နေတာများလား”

ရန်ကျောက်ကဲက ခွေမုလန်၏ လှုပ်ရှားမှုများကို အကဲခတ်လိုက်သည်။

ခွေမုလန်က အပြာရောင်ဝတ်မိန်းကလေးနောက်သို့ လိုက်ပါသွားခြင်းမရှိဘဲ ထိုမိန်းကလေး ထွက်ခွာသွားရာ လမ်းကြောင်းဆီသို့သာ စိတ်လွတ်သူတစ်ယောက်ပမာ ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။

အခန်း (၁၆၆၆) သာမန်ဖြစ်ရပ်တစ်ခု

ခွေမုလန်က နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်ရင်း အပြာရောင်ဝတ်မိန်းမပျို ထွက်ခွာသွားသည့်နေရာသို့ ငေးမောကြည့်နေခဲ့သည်။

သို့သော် ခွေမုလန်အနေဖြင့် ဤနေရာတွင် ဆက်လက်စောင့်ကြည့်လိုစိတ် လုံးဝမရှိတော့ကြောင်း ရန်ကျောက်ကဲ မရေမရာ အာရုံခံလိုက်မိသည်။

ထို အပြာရောင်ဝတ်စုံဝတ် မိန်းမပျိုက ပိုင်ဟွာရှို့မင်းသမီး လူပြန်ဝင်စားသူဖြစ်နိုင်ကြောင်း ပိုမိုထင်ရှားလာခဲ့ပေပြီ။

ပိုင်ဟွာရှို့မင်းသမီး မဟုတ်လျှင်တောင်မှ ထိုမိန်းမပျိုက ခွေမုလန်နှင့် ပတ်သက်ဆက်နွယ်မှုတစုံတရာ ရှိနေသည်မှာ သေချာသည်။

သူမ၏ ဖြစ်တည်မှုတွင် ထူးခြားဆန်းပြားသော အရာတစ်ခုခု ရှိနေသည်မှာမူ သံသယဝင်ဖွယ် မရှိချေ။

ခွေမုလန်က နေရာမှမရွေ့ဘဲ ဤအတိုင်း ဆက်ရပ်နေခြင်းမှာ သူ၏ ပုံမှန်မဟုတ်သော အပြုအမူကို အခြားသူများရိပ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ဟန်တူသည်။

သူ ပစ်မှတ်ထားသည်က ထို အပြာရောင်ဝတ် မိန်းမပျိုဖြစ်နေကြောင်း အခြားသူများ သိရှိသွားမည်ကို စိတ်ပူဟန် ရှိသည်။

ဝတ်ရုံဝါမဟာသူတော်စင်က စိတ်ဆတ်ပြီး ဒေါသကြီးတတ်သည်ဟု ကောလာဟလများ ရှိသော်လည်း သူက အတွေ့အကြုံရင့်ကျက်သူဖြစ်လေရာ သူ၏လှုပ်ရှားမှုများက သူ့အားချုပ်ကိုင်မည့် အားနည်းချက်တစ်ခု ဖြစ်သွားနိုင်ကြောင်း ကောင်းစွာသဘောပေါက်ထားသည်။

သို့သော် ရန်ကျောက်ကဲကတော့ ဤဖြစ်ရပ်တွင် ခွေမုလန်က တစ်ဖက်သတ် အချစ်ကြီးနေခြင်းဖြစ်နိုင်သည်ဟု ခံစားရသည်။

ရန်ကျောက်ကဲ သေသေချာချာ မသိသော်လည်း ခွေမုလန် လောကအလယ် ပြန်လည်မထွက်ပေါ်လာမီ အချိန်ထိ ထို အပြာရောင်ဝတ် မိန်းမပျိုအနားသို့ ချဉ်းကပ်ခဲ့ခြင်း မရှိကြောင်း ရိပ်မိလိုက်သည်။

အကယ်၍ ထိုသို့သာဆိုလျှင် ထို အပြာရောင်ဝတ်မိန်းမပျိုမှာ အမတခုံရုံးဘက်မှ ခွေမုလန်ကို မျှားခေါ်ရန်အတွက် အစကတည်းက ကြိုတင်ပြင်ဆင်ထားထသည့် ဝှက်ဖဲတစ်ချပ် ဖြစ်နေနိုင်သည်။

သူ ထောင်ချောက်ထဲသို့ သက်ဆင်းလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုသို့သော အခြေအနေမျိုးတွင် ခွေမုလန်ဘက်က လုံးဝဥပေက္ခာပြု၍ အေးစက်မနေနိုင်သရွေ့ သူ မည်မျှပင် ဖုံးကွယ်ရန် ကြိုးစားပါစေ ၊ သူ၏ ကြိုးပမ်းမှုက အလကားဖြစ်သွားပေမည်။

အမှန်တကယ်တော့ သူ၏ လျှို့ဝှက်ချက်မှာ ပေါ်သွားခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် ခွေမုလန်နောက်သို့လိုက်လာသည့် ဗုဒ္ဓဘာသာကျင့်ကြံသူက ဤအချက်ကို ရိပ်မိချင်မှ ရိပ်မိပေလိမ့်မည်။

သို့သော် သူက အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးသို့ သတင်းပေးပို့လိုက်မည်ဆိုပါက ထိုအင်အားစုနှစ်ခုလုံးက ခွေမုလန်၏ ပုံမှန်မဟုတ်သော အပြုအမူကို ချက်ချင်း ရိပ်မိသွားကြပေမည်။

ထိုဝှက်ဖဲကို ကစားခဲ့သည့် နောက်ကွယ်မှကြိုးကိုင်သူသည်လည်း သူ၏အစီအစဉ် အလုပ်ဖြစ်ကြောင်း သိရှိသွားပေမည်။ ထို အပြာရောင်ဝတ်အိန်းမပျိုမှာ ခွေမုလန်၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီ မဟုတ်ပါလား။

ဟုတ်ပေ၏။

ဤအကြံအစည်ကို ကြံစည်နေသူ၏ဆန္ဒအတိုင်း အရာရာက ချောချောမွေ့မွေ့ ဖြစ်မြောက်အောင်မြင်သွားမည်ဟုတော့ တပ်အပ်မပြောနိုင်ပေ။

ယခုကဲ့သို့ တိုက်ဆိုင်မှုမျိုးအောက်တွင် ခွေမုလန်အနေဖြင့်လည်း သံသယဝင်မည်မှာ မလွဲဧကန်ပင်။

နောက်ဆုံးရလဒ်ကတော့ ဤကိစ္စကို ခွေမုလန် မည်သို့တုံ့ပြန်ချဉ်းကပ်မည်ဆိုသော အချက်ပေါ်တွင်သာ မူတည်သည်။

တစ်နည်းဆိုရသော ခွေမုလန်၏ နှလုံးသားထဲတွင် ပိုင်ဟွာရှို့သည် မည်မျှအထိ အရေးပါနေဆဲလဲ ဆိုသည့်အပေါ် မူတည်နေခြင်းပင်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူတို့အကြားတွင် ရှိခဲ့ဖူးသော သံယောဇဉ် ဆက်ဆံရေးမှာ ယနေ့တွင် ကြုံတွေ့ရသည့် အခြေအနေများကြောင့် ပြောင်းလဲသွားနိုင်ပေသည်။

ရန်ကျောက်ကဲ ဤကိစ္စအပေါ် အတော်လေး စိတ်ဝင်စားသွားမိသည်။

ဟုတ်ပေ၏။

သူက အတင်းအဖျင်းကိစ္စများကို စိတ်ဝင်စားနေသော်လည်း အဓိကရည်ရွယ်ချက်ကို မေ့လျော့သွားခြင်း မရှိပေ။

ထို့ထက်ပိုပြီး သူအလေးထားသည်မှာ သူ့မျက်စိရှေ့တွင် ကြုံတွေ့ရသည့် အခြေအနေကို မိမိအတွက် အကျိုးရှိအောင် မည်သို့အသုံးချမည်ဆိုသောအချက်ပင် ဖြစ်သည်။

အတွေးနှင့်အတူ ရန်ကျောက်ကဲက ခွေမုလန်ကို လှမ်းကြည့်လိုက်သည်။

ဝတ်ရုံဝါမဟာသူတော်စင်က နောက်သို့ အနည်းငယ်ပြန်ဆုတ်သွားပြီး တည်ငြိမ်အေးစက်သော အမူအရာဖြင့် ပြင်ပကျင့်ကြံသူများ တိုက်ခိုက်နေကြသည်ကို ဆက်ကြည့်နေလေသည်။

သူ ဆုတ်ခွာသွားသည်ကိုမြင်မှ အမတခုံရုံးဘက်မှ ကောင်းကင်နတ်ဘုရားများမှာလည်း ရင်ထဲမှကြိတ်ပြီး သက်ပြင်းချကာ စိတ်အေးသွားကြရသည်။

အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသည်လည်း အနောက်သို့ ပြန်ဆုတ်သွားလေသည်။

သူတို့အနေဖြင့် အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ကြား လက်ရှိဖြစ်ပွားနေသော စစ်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ရန် အစီအစဉ် မရှိကြပေ။

ဤစစ်မြေပြင်ကို ခွေမုလန်နှင့်အတူ စောင့်ကြည့်အကဲခတ်နေသော ခြင်္သေ့နတ်ဘုရားက ခွေမုလန်ပြန်ရောက်လာသည်နှင့် လှမ်း၍မေးလိုက်သည်။

“ဘာကိစ္စရှိလို့ ထွက်သွားတာလဲ”

ဝါစဉ်အရဆိုလျှင် ခြင်္သေ့နတ်ဘုရားက ခွေမုလန်၏ဂိုဏ်းတူအစ်ကို ဖြစ်သည်။

သို့သော် ညီဖြစ်သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းအောင်မြင်သွားခဲ့ပြီဖြစ်ရာ ဤမျှ ထူးချွန်ထက်မြက်သော ညီရှေ့တွင် ဆရာကြီးပုံစံလုပ်ခြင်းက ပညာမရှိရာကျသည်ဟု သူ ခံစားမိသည်။

ခွေမုလန်က တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသူများထဲတွင် ထိပ်တန်းအဆင့်တစ်‌ယောက်ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်ထားသည် မဟုတ်လား။

ယခင်က ခွေမုလန်က ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော သူတော်စင်ငယ်တစ်ယောက်မျှသာ ဖြစ်ခဲ့သော်လည်း ယခု မဟာသူတော်စင်အဖြစ်သို့ အဆင့်တက်ပြီး ပို၍အင်အားကြီးမားလာပြီဖြစ်ရာ အထင်သေး၍မရတော့ပေ။

ထို့ကြောင့် ခြင်္သေ့နတ်ဘုရားက သူ့အပေါ်တွင် အတော်လေး မျက်နှာသာပေး ဆက်ဆံလေသည်။

ခွေမုလန်က ခေါင်းခါယမ်းလိုက်ပြီး...

"ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး..."

ခွေမုလန်က ခေါင်းခါယမ်းလျက် ပြန်လည်ဖြေကြားလိုက်၏။ "ကျွန်တော်နဲ့ တူညီတဲ့ ကျင့်စဉ်ကို ကျင့်ကြံထားတဲ့သူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာမို့... နည်းနည်း စူးစမ်းချင်စိတ်ဖြစ်လို့ အနီးကပ် သွားကြည့်မိတာပါ..."

လက်ရှိခေတ် ကနဦးကာလတွင် မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံ၏ သွန်သင်မှုကိုပြောင်းလဲပြီး ဗုဒ္ဓအသစ်အဖြစ် ခံယူခဲ့သည်။

ထိုစဉ်က ခွေမုလန်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သဖြင့် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသည်။

သို့သော် အမတခုံရုံးဆိုသည်ကတော့ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းမှသာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

ခွေမုလန်က တစ်ချိန်လုံး ချန်စန်းရှင်းဟိုင်တွင် ပုန်းအောင်းနေခဲ့ပြီး ယခု လောကအလယ် ပြန်လည်ထွက်ပေါ်လာသည်မှာ မကြာသေးပေ။

ထို့ကြောင့် သူ့အနေဖြင့် ပြင်ပတာအိုကျင့်ကြံသူများနှင့် ဆက်ဆံရေး သိပ်မရှိခဲ့ပေ။

ရံဖန်ရံခါ သတင်းစကားအချို့ ကြားသိရတတ်ပြီး ယခုကဲ့သို့ အနီးကပ်စောင့်ကြည့်ခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ခြင်္သေ့နတ်ဘုရားက...

“အမတခုံရုံးကလူတွေက ဒီနေ့ခေတ် အလယ်ပိုင်းသုခဘုံကလူတွေနဲ့ ဆင်တူတယ်..."

သူက ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လူသားအမြုတေကျောက်တုံးအပိုင်းအစတင်မကဘဲ ကောင်းကင်အမြုတေကျောက်တုံးရဲ့ အစိတ်အပိုင်းတချို့ကိုပါ ပိုင်ဆိုင်ထားတယ်လို့ ကောလာဟလတွေ ရှိနေတယ်..."

ခွေမုလန်က ဖြည်းညင်းစွာဖြင့်...

“အဲဒါ သိပ်တော့လည်း ကွာတယ်မထင်ရပါဘူး”

ခြင်္သေ့နတ်ဘုရားက ရယ်မောလိုက်ပြီး...

“ဒါပေမဲ့ သူက လူတွေကို ယုံကြည်ခြင်းအလင်းပေးတဲ့နေရာမှာ ဘုရားလောင်းထက်ပိုပြီး အဆင်ပြေပြေလုပ်နိုင်တယ်”

သူက ဆက်ပြောလိုက်သည်။

“ကောင်းကင်အမြုတေကျောက်တုံးတစ်ခုလုံး ရမသွားတာ ကံကောင်းတယ်မှတ် ၊ မဟုတ်ရင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လူကိုယ်တိုင် လာတွေ့စရာတောင်မလိုဘဲ အတင်းအကျပ် ယုံကြည်ခြင်းအလင်းပေးသွားတာ ခံရလိမ့်မယ် ၊ တာအိုဝါဒက ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ရှိတဲ့သူတွေတာင် လွတ်မှာမဟုတ်ဘူး ၊ လူတစ်ယောက် ဘယ်မှာရှိနေလဲဆိုတာကိုသိတာနဲ့ တာအိုဝါဒအဆက်အနွယ် ဖြစ်နေပါစေ သူ့လက်က လွတ်မှာမဟုတ်ဘူး”

ခွေမုလန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါယမ်းလိုက်ကာ ဘာမျှ ပြန်လည်မပြောတော့ပေ။

ခြင်္သေ့နတ်ဘုရားက သူ့ကိုလှည့်ကြည့်ပြီး ပြုံးလိုက်သည်။ ခွေမုလန် ဘာတွေးနေကြောင်း သူ ကောင်းစွာ ရိပ်မိလေသည်။

သူတို့နှစ်ယောက်လုံးက နတ်မိစ္ဆာများဖြစ်ကြသော်လည်း တာအိုဝါဒ သွန်သင်ဆုံးမမှုများကို နာယူဖူးကြသည်။ ထို့ကြောင့် စန်းချင်း(၃)ပါး အဆက်အနွယ်များ မဟုတ်ကြသည့်တိုင် တာအိုဝါဒ နောက်ခံရှိသူများဟု သတ်မှတ်၍ ရသည်။

ခြင်္သေ့နတ်ဘုရားက နှာတစ်ချက်မှုတ်လိုက်ရင်း...

"ငါတို့က စန်းချင်း(၃)ပါး အဆက်အနွယ်တွေကို ဘာအကြွေးမှ တင်မထားဘူး... ၊ သူတို့ကသာ ငါတို့ကို အကြွေးတင်နေတာ”

ခွေမုလန်က ခေါင်းခါယမ်းလိုက်ရင်း...

“ဒါတွေက အတိတ်ကကိစ္စတွေဖြစ်ကုန်ပါပြီ ၊ ဒါကြောင့် ဘာမှ မှတ်ချက်မပေးချင်တော့ပါဘူး”

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကတော့ ထို မဟာနတ်မိစ္ဆာနှစ်ယောက်စကားပြောနေသည်ကို တိတ်ဆိတ်စွာကြည့်နေပြီး သူရှိနေသည့် နေရာအနေအထားကို သိမ်မွေ့စွာ ပြင်ဆင်လိုက်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စွမ်းအားရောင်ဝါနှင့် အသက်ဓာတ်ကို လုံးဝ ဖုံးကွယ်ထားသဖြင့် သူ၏တည်ရှိမှုကို မည်သူမှ သတိမထားမိကြပေ။

ခွေမုလန်၏ ရုတ်တရက် ထူးဆန်းသောအပြုအမူက ပြင်ပကျင့်ကြံသူ အုပ်စုနှစ်စုကြားတွင် သေးငယ်သောကိစ္စတစ်ခုသာ ဖြစ်ခဲ့ပုံရသည်။

သူ၏ချဉ်းကပ်မှုက လူအနည်းငယ်ကိုသာ ထိတ်လန့်သွားစေခဲ့ပြီး သူက ပြန်လည်ဆုတ်ခွာလာသဖြင့် စစ်ပွဲထဲ အာရုံရောက်နေကြသည့် ပြင်ပကျင့်ကြံသူများအတွက် ဤကိစ္စက ထူးခြားပြီး အာရုံစိုက်စရာ ဖြစ်မလာခဲ့ပေ။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့က ရှေ့တန်းစစ်မျက်နှာပြင်သို့ ကျွမ်းကျင်သူ အမြောက်အမြားစေလွှတ်ကာ အပြန်အလှန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ထိပ်တန်းကျွမ်းကျင်သူများသည်လည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ထိန်းချုပ်ပိတ်ဆို့ထားကြပြီး အောက်ခြေကျင့်ကြံသူများကတော့ စစ်ပွဲဦးတည်ချက်ကို အဆုံးအဖြတ်ပေးရန် ကြိုးစားနေကြသည်။

အုပ်စုတစ်စုမှ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် အသာစီးရသွားပြီး အခြားနေရာများသို့ ဝင်ရောက်ကူညီခွင့် ရသွားပါက အခြားတစ်ဖက်မှ ပြိုင်ဘက်အနေဖြင့် အထိနာသွားပေမည်။

ထိုသို့အန္တရယ်ရှိသည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ဆန့်ကျင်ဘက်အုပ်စုကလည်း များပြားလှသော မဟာဗျူဟာနှင့် နည်းဗျူဟာများကို ပြင်ဆင်ထားလေ့ရှိသည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

တိုက်ပွဲများသည် နေရာအနှံ့အပြားတွင် ဖြစ်ပွားနေပြီး အချို့တိုက်ပွဲများက အလွန်ပြင်းထန်ပြီး အချို့ကတော့ တရွေ့ရွေ့ဖြင့်သာ တိုက်ခိုက်နေကြသည်။

ခြုံပြောရလျှင် စစ်ပွဲတစ်ခုလုံး အရှိန်အဟုန်မြင့်လာပြီ ဖြစ်၏။

ယခင်က ခဏအနားယူနေကြသော သိုင်းကျင့်ကြံသူများသည်လည်း စစ်မြေပြင်သို့ အလျင်အမြန် ပြန်လည်ရောက်ရှိလာကြပြီး ဆက်လက် စစ်ခင်းနေကြတော့သည်။

ရန်ကျောက်ကဲက အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ တိုက်ခိုက်နေသည့် ရှေ့တန်းစစ်မြေပြင်ကို သေချာစွာ အကဲခတ်နေခဲ့သည်။

ရုတ်တရက်ဆိုသလို ရန်ကျောက်ကဲ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

အဘယ်ကြောင့်ဆိုသော ပိုင်ဟွာရှို့မင်းသမီး လူပြန်ဝင်စားသည်ဟု သံသယရှိသော အပြာရောင်ဝတ်မိန်းမပျို တိုက်ပွဲအတွင်း ပြန်လည်ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

အစောပိုင်းက သူမက ဒဏ်ရာရရှိသွားသဖြင့် ရှေ့တန်းစစ်မြေပြင်မှ ဆုတ်ခွာသွားခဲ့သော်လည်း ယခု ဒဏ်ရာသက်သာပြီဖြစ်ရာ တိုက်ပွဲအတွင်း ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။

ဤသည်ကိုမြင်တော့ ရန်ကျောက်ကဲ ခွေမုလန်ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ယခုတစ်ကြိမ်မှာတော့ ခွေမုလန်က ထူးထူးခြားခြား လှုပ်ရှားမှုမျိုး မပြုလုပ်ဘဲ မူလနေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေလေသည်။

သူတို့ကြားရှိ အကွာအဝေးက အလွန်ပင် အလှမ်းဝေးလှသည်။

ထို့ပြင် ခွေမုလန်က ကျင့်ကြံခြင်းအဆင့် မြင့်မားသည်ဖြစ်ရာ သူ တိတ်တဆိတ် စွမ်းအားတစ်စုံတစ်ခု ထုတ်ဖော်နေခြင်း ရှိမရှိ ရန်ကျောက်ကဲအနေဖြင့် အတိအကျ မခန့်မှန်းနိုင်ပေ။

သို့သော် ခွေမုလန်သာ ထိုအပြာရောင်ဝတ်မိန်းကလေးကို အမှန်တကယ် စိတ်ဝင်စားသည်ဆိုပါက သူမ စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာသည်ကို သေချာပေါက် အာရုံခံမိပေမည်။

သူက အခြားသူများ အာရုံစိုက်မိမည်ကို စိုးရိမ်သဖြင့် အပြင်ပန်း ဘာမှမဖြစ်သည့်အလား ဟန်ဆောင်နေခြင်း ဖြစ်နိုင်၏။

All Chapters