← Chapters

အခန်း (၁၆၆၇-၁၆၆၈)

Vol. 119 Ch. 1667-1668

အခန်း (၁၆၆၇-၁၆၆၈)

Vol. 119 Ch. 1667-1668

အခန်း (၁၆၆၇) မိန်းမပျိုကိုလုယူခြင်း

ရန်ကျောက်ကဲ သေချာစွာ အကဲခတ်နေသော်လည်း ထိုအပြာရောင်ဝတ်မိန်းမပျိုထံမှ ထူးဆန်းသည့် အမူအရာ တစ်စုံတစ်ခု တွေ့မြင်ရခြင်း မရှိပေ။

သူမက တစ်ချိန်က ပိုင်ဟွာရှို့မင်းသမီးဖြစ်ခဲ့သည့်တိုင် အတိတ်ဘဝမှတ်ဉာဏ်များ လုံးဝ ရှိမနေသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကမှလည်း သူမကို အထူးညွှန်ကြားချက်များ ပေးထားဟန် မရှိပေ။

ထိုအပြာရောင်ဝတ် မိန်းမပျိုက အမတခုံရုံးမှ အခြားသော ပြင်ပတာအိုကျင့်ကြံသူများကဲ့သို့ပင် အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများကို အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။

ယခင်က သူမအား ဒဏ်ရာရအောင် ပြုလုပ်ခဲ့သူမှာ အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာကိုယ်တော် တစ်ပါး ဖြစ်၏။

သူမသည်လည်း တိုက်ပွဲအတွင်း အဖြူရောင်ကြာပန်းသုခဘုံဘက်မှ ကျင့်ကြံသူအချို့ကို သတ်ဖြတ်ခဲ့ပြီး အချို့ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့သည်။

"အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးကို အရင်လာပြီး ကျူးကျော်တာဆိုတော့ သူလည်း တခြားသူတွေလို ကိုယ့်မြေကို ကာကွယ်နေရတာပဲ”

ရန်ကျောက်ကဲက ခပ်လှမ်းလှမ်းမှနေပြီး အပြာရောင်ဝတ် မိန်းမပျိုနှင့် ခွေမုလန်တို့ကို မျက်ခြေမပြတ် အကဲခတ်နေသည်။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့အကြား စစ်ပွဲကတော့ ကာလတာရှည်ဦးမည် အမှန်ပင်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။

ရန်ကျောက်ကဲနှင့် ခွေမုလန်တို့ စောင့်ကြည့်မှုအောက်မှာပင် အပြာရောင်ဝတ်မိန်းမပျိုမှာ နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီး အစစ်အမှန်နတ်ဘုရားအဖြစ် အဆင့်တက်သွားသည်။

ဤသည်မှာ နှစ်ပေါင်းများစွာ တိုက်ခိုက်ရေးအတွေ့အကြုံများပေါင်းစည်းပြီး အကျိုးအမြတ် ခံစားရခြင်းပင် ဖြစ်၏။

ပြင်ပကျင့်ကြံသူများအတွက် နတ်ဘုရားတံခါးတွန်းဖွင့်နိုင်ရန်မှာ အဓိကအားဖြင့် ယုံကြည်ခြင်း ရတနာအလင်းတန်း သို့မဟုတ် ဗုဒ္ဓရောင်ခြည်အလင်းတန်းအပေါ်တွင်သာ မှီခိုနေရသည်။

သူတို့အနေဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် သို့မဟုတ် ဘုရားလောင်း အပေါ်တွင် ထားရှိသည့် ယုံကြည်ခြင်းအပေါ်တွင် အများဆုံးမူတည်သည်။

ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ အရည်အချင်းကွာခြားမှု အများကြီးလျော့နည်းသွားခဲ့သည်။

ကွာခြားမှု လျော့နည်းသွားသည်ဆိုဦးတော့ လုံးဝ မရှိခြင်းမျိုးတော့ မဟုတ်ပေ။ ကွာခြားချက်အချို့တော့ ရှိနေစမြဲပင်။

ယုံကြည်ခြင်းရတနာအလင်းတန်း၏ ပံ့ပိုးမှုအပြင် မိမိကိုယ်ပိုင်အရည်အသွေးနှင့် တိုက်ပွဲအတွေ့အကြုံများကြောင့် အပြာရောင်ဝတ်မိန်းမပျိုက အခြားသူများထက် ပိုမိုလျှင်မြန်စွာ အဆင့်တက်သွားခြင်း ဖြစ်၏။

အပြာရောင်ဝတ်စုံနှင့် မိန်းမပျိုက တိုက်ပွဲအတွင်း အခွင့်အရေးအချို့ရရှိပြီး နတ်ဘုရားခန္ဓာ အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ကာ အစစ်အမှန်နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

ဤသို့ ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခု အပြင်းအထန် စစ်ခင်းနေကြသည့်အချိန်တွင် အစစ်အမှန်နတ်ဘုရားတစ်ပါး ထပ်မံတိုးပွားလာခြင်းက တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်လောက်သည့်အရာ မဟုတ်ပေ။

သို့သော် အပြာရောင်ဝတ် မိန်းမပျိုကတော့ ကျင့်ကြံခြင်းအဆင့်တက်သွားသည့်အတွက် အမတခုံရုံးနေရာတိုင်းသို့ ဝင်ထွက်သွားလာခွင့်ရရှိသွားသလို ပိုမိုမြင့်မားသည့် တိုက်ပွဲများတွင်လည်း ပါဝင်ဆင်နွှဲနိုင်ပြီ ဖြစ်သည်။

သူမအနေဖြင့် ပိုမိုကြီးမားသော တာဝန်များကိုလည်း ထမ်းဆောင်ရမည်ဖြစ်လေရာ အကျိုး‌ကျေးဇူးနှင့် ဆုလာဘ်များလည်း ပိုမိုများပြာားလာပေမည်။

တစ်ချိန်တည်းမှာပင် သူမ ရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာလည်း ပိုမိုအစွမ်းထက်လာပြီး အန္တရယ်ပိုမိုကြီးမားသည့် အခြေအနေကို ရင်ဆိုင်ရပေမည်။

လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင် ဖြစ်စေ၊ အစစ်အမှန်နတ်ဘုရားအဆင့်ဖြစ်စေ ယခုကဲ့သို့ ပြင်းထန်သော တိုက်ပွဲကြီးအတွင်း မည်သူမဆို ကျဆုံးသွားနိုင်ခြေ ရှိသည်။

ဟုတ်ပေ၏။

ယခုလည်း အပြာရောင်ဝတ် မိန်းမပျိုမှာ နောက်တစ်ကြိမ် အန္တရယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယခုတစ်ကြိမ်မှာတော့ သေခြင်း ရှင်ခြင်းကြား လွန်ဆွဲရမည့် အသက်န္တရယ် ကြုံတွေ့ရခြင်း ဖြစ်၏။

အမတခုံရုံးမှ အခြားသော သိုင်းကျင့်ကြံသူများမှာလည်း သူမအား ဝင်ရောက်ကူညီရန် အချိန်မမီတော့ပေ။

သေခြင်းတရားဆိုသည်က သက်ရှိအားလုံး၏ရှေ့မှောက်တွင် အတူတူပင်ဖြစ်လေရာ သူမသည်လည်း ဤနိယာမတရားဖြင့် ကင်းလွတ်ခြင်း မရှိပေ။

အမတခုံရုံးမှ ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် တန်ခိုးစွမ်းအားရှင်များမှာလည်း အဆင့်တူပြိုင်ဘက်များဖြင့် ရင်ဆိုင်နေရသဖြင့် သူမကို မကူညီနိုင်ခဲ့ကြပေ။

သူမကို စောင့်ကြိုနေသည်မှာ သေခြင်းတရားသာ ဖြစ်ပေသည်။

အပြာရောင်ဝတ်မိန်းမပျိုသည်လည်း ဤစစ်ပွဲ၏ သားကောင်တစ်ယောက်အဖြစ် အမတခုံရုံးမှ ကျဆုံးသွားခဲ့သော အခြားကျင့်ကြံသူများနောက်သို့ လိုက်ပါသွားရပေတော့မည်။

ထိုအချိန် ရန်ကျောက်ကဲက ခွေမုလန်၏ လှုပ်ရှားမှုများကို သေချာအာရုံစိုက် စောင့်ကြည့်နေခဲ့သည်။

ခွေမုလန်ကတော့ ဤဖြစ်ရပ်တစ်ခုလုံးဆီသို့ စိတ်အာရုံ နစ်မြုပ်သွားဟန် ရှိသည်။

သို့‌သော် သူက ပိုင်ဟွာရှို့မင်းသမီး လူပြန်ဝင်စားသည်ဟု သံသယရှိသော မိန်းမပျိုတစ်ယောက်တည်းထံသို့သာ စိတ်အာရုံတစ်ခုလုံး ပုံ‌အောထားခြင်းမျိုး မဟုတ်ပေ။

ဟုတ်ပေ၏။

ခွေမုလန်၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်နှင့်ယှဉ်လျှင် အစစ်အမှန်နတ်ဘုရားများနှင့် နက်ရှိုင်းနတ်ဘုရားများ၏လှုပ်ရှားမှုက အလွန်ပင် နှေးကွေးသည်ဖြစ်ရာ သူ့အနေဖြင့် ကြားဖြတ်ဝင်ရောက်ကူညီရန် အချိန်အလုံအလောက် ရှိပေသည်။

လက်ရှိမှာတော့ ခွေမုလန်က ပတ်ဝန်းကျင်လှုပ်ရှားမှုများကို အထူးအာရုံစိုက် စောင့်ကြည့်နေပြီး -

ဤအခြေအနေက သူ့အတွက် ထောင်ချောက်တစ်ခု ဖြစ်နိုင်မလား။

သူသာ အပြာရောင်ဝတ်မိန်းမပျိုကို ယခုအချိန် ဝင်မကယ်ပါက အခြားတစ်ယောက်က ထိုမိန်းမပျိုကို ကယ်တင်မည်လား။

သူ ဝင်ရောက်လှုပ်ရှားပါက သူ့ကို နောက်ကွယ်မှ ချောင်းမြောင်းတိုက်ခိုက်မည့်သူ စောင့်ဆိုင်းနေသလား။

တစ်ယောက်ယောက်က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခြင်း ရှိမရှိ။

စသည်များကို တွက်ချက်ကြည့်နေသည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်ထားခြင်း မဟုတ်ဘဲ နတ်မိစ္ဆာတစ်ယောက်အဖြစ် ဟန်ဆောင်ထားသည့်အတွက် သူ၏လှုပ်ရှားမှုများက ခွေမုလန်ကို အနှောက်အယှက် မဖြစ်စေခဲ့ပေ။

ခွေမုလန်က ခဏမျှစောင့်ကြည့်ပြီးနောက် ဗုဒ္ဓဘာသာ သို့မဟုတ် အမတခုံရုံးဘက်မှ မည်သူတစ်ဦးတစ်ယောက်မှ သူ့ကို စောင့်ကြည့်နေခြင်း မရှိကြောင်း ကောက်ချက်ချလိုက်သည်။

အကယ်၍ တစ်စုံတစ်ရာ ရှိနေခဲ့လျှင်ပင် အပြန်အလှန်စောင့်ကြည့်ခြင်းမျှသာဖြစ်ပြီး မည်သည့်ထူးခြားချက်မှ ရှိမနေခဲ့ပေ။

“တကယ်လို့ တာအိုအဆက်အနွယ်ထဲက တန်ခိုးစွမ်းအားရှင်တစ်ယောက်ယောက်က ငါ့ကို အလုံးစုံဖျက်ဆီးခြင်း အသူရာချောက်နက်လို သိုင်းပညာမျိုးနဲ့ အလစ်ချောင်းတိုက်ခိုက်ဖို့ စောင့်နေရင်တော့... အဲဒါ ငါ့ ကြံကြမ္မာလို့ပဲ ပြောရတော့မှာပဲ”

ခွေမုလန်က သူ့ကိုယ်သူ လှောင်ပြောင်သရော်ရင်းတွေးလိုက်ပြီး အပြာရောင်ဝတ်မိန်းမပျိုကိုလမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... မင်းကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပါဘူး..."

ခြင်္သေ့နတ်ဘုရားနှင့် အခြားသော မဟာနတ်မိစ္ဆာများ၏ တုန်လှုပ်ခြောက်ခြားသွားသော အကြည့်များအောက်မှာပင် ခွေမုလန်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး တိုက်ပွဲစစ်မြေပြင်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်သွားသည်။

ကျင့်ကြံခြင်းစွမ်းအား ကွာခြားလှသဖြင့် ခွေမုလန်မှာ မည်သူ့ကိုမှ ထိခိုက်ဒဏ်ရာရခြင်း မရှိစေဘဲ အပြာရောင်ဝတ်မိန်းမပျိုကို လျှင်မြန်စွာ ကယ်တင်လိုက်နိုင်သည်။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံမှ ပြင်ပကျင့်ကြံသူများမှာ ဤအခြေအနေကို လုံးဝ မျှော်လင့်မထားကြသဖြင့် ယောက်ယက်ခတ်သွားကြသည်။

အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်သည်လည်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

အမတခုံရုံးဘက်မှ ကောင်းကင်နတ်ဘုရားအဆင့်နှင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ရှိကြသော ထိပ်တန်းကျွမ်းကျင်သူများမှာလည်း ဤဖြစ်ရပ်ကို တွေ့မြင်ပြီး အလွန်ပင် အံ့အားသင့်သွားကြသည်။

အဖြူရောင်ကြာပန်းသုခဘုံနှင့် မဟာမိတ်ဖြစ်သော နတ်မိစ္ဆာ မဟာသူတော်စင်တစ်ယောက်က အဘယ့်ကြောင် အမတခုံရုံးမှ သိုင်းကျင့်ကြံသူတစ်ယောက်ကို လာရောက်ကယ်တင်ရပါသနည်း။

သူတို့အားလုံး လုံးဝ နားမလည်နိုင် ဖြစ်သွားကြသည်။

ခွေမုလန်က အများကြီး ရှင်းပြမနေခဲ့ပေ။

သူက တုံ့ဆိုင်းမနေဘဲ အပြာရောင်ဝတ်မိန်းမပျိုကို ပွေ့ချီလျှက် စစ်မြေပြင်မှ ခေါ်ဆောင်သွားသည်။

သူက ရုတ်တရက် ရောက်ရှိလာပြီး လျှင်မြန်စွာ ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။

သူ့ကိုတားဆီးရန်အတွက် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများ ရောက်ရှိလာချိန်မှာတော့ အရာအားလုံး နောက်ကျသွားခဲ့ပေပြီ။

ခွေမုလန်က မိန်းမပျိုကို ပွေ့ချီထွက်ခွာသွားသည်ကို ဤအတိုင်းသာ ကြည့်နေကြရတော့၏။

အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓတစ်ပါးက ခွေမုလန် ဘာကိုကြံစည်နေကြောင်း နားမလည်သည့်တိုင် မိမိတို့ မဟာမိတ်ဘက်မှလူကို အတင်းအကျပ် ခေါ်ဆောင်သွားခြင်းခံရသဖြင့် ခွေမုလန်ကို လိုက်လံဟန့်တား တိုက်ခိုက်လေသည်။

ခွေမုလန်က ထိုဗုဒ္ဓ၏တိုက်ခိုက်မှုကိုတားဆီးလိုက်ပြီး ကတ္တရာစေးပမာ နက်မှောင်သည့် အနက်ရောင်လေပွေအဖြစ်ပြောင်းလဲကာ အဝေးသို့ ချက်ချင်း ထွက်ခွာသွားသည်။

သူက ထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ထိုဗုဒ္ဓအနေဖြင့်လည်း တားဆီးနိုင်စွမ်း မရှိခဲ့ပေ။

အနောက်ဘက်သူတော်စင်ဘုံမှ အခြားသော တန်ခိုးစွမ်းအားရှင်များ ဝိုင်းရံပိတ်ဆို့ခြင်း မပြုနိုင်မီမှာပင် ခွေမုလန်က ဗလာနယ်အပြင်ဘက်သို့ ထိုးဖောက်ထွက်ကာ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ခြင်္သေ့နတ်ဘုရားသည်လည်း ခွေမုလန်ကို ကြောင်တောင်တောင်ဖြင့် စူးစိုက်ကြည့်ရင်း...

"မင်း ဘာတွေလုပ်လိုက်တာလဲ... ရုတ်တရက်ကြီး သွေးဆာသွားတာလား။ အသားစားချင် သွေးသောက်ချင်တယ်ဆိုလည်း ဘယ်နေရာမှာမဆို ရှာလို့ရတာပဲကို... ဘာလို့ ဒီလိုတွေ လျှောက်လုပ်ရတာလဲ။ ဒါမှမဟုတ် မင်းအောက်ကညီတော်မောင်ကို မထိန်းနိုင်တော့လို့လား”

ခွေမုလန်က...

“သူက ငါ့ဇနီးပါ ၊ သူ လူပြန်ဝင်စားခဲ့ပေမယ့် ငါကတော့ သူ့ကို သေချာပေါက် မှတ်မိနေတုန်းပဲ”

ခြင်္သေ့နတ်ဘုရား မျက်မှောင်ကြုတ်လိုက်ပြီး အပြာရောင်ဝတ်မိန်းမပျိုကို အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ် အကဲခတ်ကြည့်ရှုလိုက်သည်။

ခွေမုလန်နှင့် ရင်ဆိုင်နေရသည့်တိုင် ထို အပြာရောင်ဝတ်မိန်းမပျိုက ကြောက်ရွံ့ထိတ်လန့်ခြင်း ၊ ပျာယာခတ်ခြင်းမျိုး သိပ်ပြီးရှိမနေခဲ့ပေ။

သူမက မည်သည့်စကားမှမဆိုသော်လည်း သတိကြီးကြီးထားနေပုံရသည်။

ကြည့်ရသည်မှာ သူမက အတိတ်ဘဝက ခွေမုလန်နှင့် ပတ်သက်မှုများကို မှတ်မိဟန် မရှိပေ။

"မင်း မှားနေတာများလား..."

ခြင်္သေ့နတ်ဘုရားက သံသယဝင်စွာဖြင့် မေးမြန်းလိုက်၏။

“နေပါဦး... မင်းဇနီးကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ ၊ ငါမှတ်မိသလောက် မင်းရဲ့ဇနီးက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကိုတောင် တက်လှမ်းနိုင်ခဲ့တာ မဟုတ်ဘူး။ အခု နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ သူ လူပြန်ဝင်စားရင်တောင် ဘဝပေါင်းများစွာ ဖြတ်ကျော်ခဲ့ပြီးပြီ မဟုတ်ဘူးလား”

ခွေမုလန်က ပြတ်သားသည့် လေသံဖြင့်...

“တခြားသူဆိုရင်တော့ ငါ အတိအကျ မပြောနိုင်ပေမယ့် သူ့ကိုတော့ ငါ ဘယ်တော့မှ မမှားနိုင်ဘူး”

ခြင်္သေ့နတ်ဘုရားက လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရင်း...

“မင်းမမှားဘူးဆိုရင်တောင်... မင်းကပဲ သူ့ကိုမှတ်မိတာလေ ၊ သူက မင်းကို မှတ်မိတော့တာမှ မဟုတ်တာ ၊ ဒီတော့ မင်း အခုလို သူ့ကိုခေါ်လာလို့ ဘာအသုံးဝင်မှာတဲ့လဲ”

ခဏမျှ စကားစဖြတ်ပြီးနောက် ခြင်္သေ့နတ်ဘုရားက ခွေမုလန်ကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။

“ငါ အမှတ်မမှားဘူးဆိုရင်... အရင်တုန်းကလည်း မင်း သူ့ကို အတင်းလက်ထပ်ယူခဲ့တာ မဟုတ်လား ၊ ဒီမိန်းကလေးကြောင့်ပဲ မင်းရဲ့ လူသားအမြုတေကျောက်တုံး အပိုင်းအစ ဆုံးရှုံးခဲ့ရပြီး အရှေ့ဧကရာဇ်ရဲ့အစီအစဉ် ပျက်ဆီးသွားရတာလေ”

ခွေမုလန်က အံတင်းတင်းကြိတ်လိုက်ပြီး အက်ရှသည့်လေသံဖြင့် စကားဆိုလိုက်သည်။

"အဲဒီတုန်းက ဖြစ်ခဲ့တာတွေက ဗုဒ္ဓဘာသာဘက်က ကြားဖြတ်ဝင်စွက်ဖက်ခဲ့လို့ပဲ။ သူ အခုလိုမျိုး အတိတ်မှတ်ဉာဏ်တွေ မရှိတော့ဘဲ လူပြန်ဝင်စားတာကလည်း သူတို့နဲ့ပတ်သက်နေတယ်”

သူက ဆက်ပြောလိုက်သည်။

“ငါ့ကြောင့်ပဲ သူ ဒုက္ခရောက်ခဲ့ရတာ ၊ ဒါကြောင့်လည်း ဒီနှစ်တစ်လျှောက်လုံး သူ့ကိုလိုက်မရှာဘဲနေခဲ့တာပေါ့ ၊ ဒါပေမဲ့... နောက်ဆုံး‌တော့လည်း သူနဲ့ ပြန်ဆုံရတာပါပဲ”

ခြင်္သေ့နတ်ဘုရားက မျက်လုံးများကို မှေးစင်းလိုက်ပြီး...

“ဒါဖြင့် တစ်ယောက်ယောက်က သူ့ကို အသုံးချပြီး မင်းကို တိုက်ခိုက်ဖို့ ကြံစည်နေတာများလား..."

ခွေမုလန်က...

“အဲဒီလိုတော့ အတိအကျကြီး မခံစားရပါဘူး”

သူက ဆက်ပြောလိုက်သည်။

“မဟုတ်ရင်... ငါ သူ့ကို ဒီလောက်လွယ်လွယ်နဲ့ ခေါ်လာနိုင်စရာ အကြောင်းမရှိဘူးလေ”

“အဲဒါက ဟုတ်ချင်မှ ဟုတ်မှာပေါ့ ၊ ငါမင်းကို စောစောက ပြောထားတယ်လေ ၊ ပြင်တာအိုကျင့်ကြံသူတွေရဲ့ ရတနာပစ္စည်းတွေ ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းလည်းသိသားနဲ့”

ခြင်္သေ့နတ်ဘုရားက အားနာခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် စကားဆိုလိုက်သည်။

အခန်း (၁၆၆၈) စိတ်အနှောက်အယှက်ဖြစ်စရာဂုဏ်ပုဒ်နာမည်

ခြင်္သေ့နတ်ဘုရား၏ စကားကိုကြားတော့ ခွေမုလန် ပြန်လည်ချေပခြင်းမပြုဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။

မဟာကပ်ဘေးကြီး မတိုင်ခင်က သူက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ နတ်ဘုရားတစ်ပါးဖြစ်ခဲ့သဖြင့် သတင်းအချက်အလက်များကို ပိုမိုလွယ်ကူစွာ စုံစမ်းသိရှိနိုင်သည်။

ထို့ကြောင့်လည်း ဘုရားလောင်း’မီလဲ့ကိုယ်တော်’ တည်ထောင်ခဲ့သည့် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူ အဆက်အနွယ်ဖြစ်သော အဖြူရောင်ကြာပန်းသုခဘုံအကြောင်း အကြမ်းဖျင်း နားလည်ထားခဲ့ခြင်း ဖြစ်သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက်မှာတော့ သူက တံခါးပိတ်ကျင့်ကြံကာ အေးအေးဆေးဆေး နေထိုင်ခဲ့ပြီး မကြာသေးခင်ကမှ ချန်စန်းရှင်းဟိုင်ရှိ သူ၏ကျောက်ဂူအိမ်တော်မှ ထွက်ခွာလာခြင်း ဖြစ်သည်။

ယခု သူက အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများနှင့် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံဖူးခြင်း ဖြစ်သော်လည်း သူတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လုံးဝ မျက်စိပိတ် နားပိတ် ဖြစ်မနေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ချန်စန်းရှင်းဟိုင်ရှိ အခြားသော မဟာနတ်မိစ္ဆာများထံမှ သတင်းအချက်အလက်များကို ရံဖန်ရံခါ ရရှိထားသောကြောင့် ဖြစ်၏။

ဟုတ်ပေ၏။

ပိုင်ဟွာရှို့ ပြန်လည်ဝင်စားသူ အပြာရောင်ဝတ်မိန်းမပျိုအား အတင်းအကျပ်ခေါ်ဆောင်လာခြင်းက သူ့အတွက် မည်သို့မှ အရာမထင်နိုင်ကြောင်း ခွေမုလန် နားလည်ပါသည်။

အဘယ်ကြောင့်ဆိုသော သူမက ယုံကြည်ခြင်းအလင်းတန်း လမ်းစဉ်အတိုင်းသာ ဆက်လက်လျှောက်လှမ်းမည်ဖြစ်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ဆက်လက်ကိုးကွယ်ကြည်ညိုနေပေဦးမည်။

သို့ဖြစ်ရာ သူမက နတ်မိစ္ဆာမျိုးနွယ်များနှင့် ရန်သူများအဖြစ် ဆက်လက်တည်ရှိနေပေမည်။

နောက်တစ်ချက်မှာ သူမက အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်လည်ရရှိသွားခဲ့လျှင်ဖြစ်စေ သို့မဟုတ် ခွေမုလန်၏စကားများကို ယုံကြည်သွားခဲ့လျှင်ဖြစ်စေ အခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု တပ်အပ်မပြောနိုင်ပေ။

သူမ၏ ကိုးကွယ်ယုံကြည်မှုကို စွန့်ပယ်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးအပေါ်ထားရှိသည့် သက်ဝင်ယုံကြည်မှုကို စွန့်လွှတ်လိုက်သည်နှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် သို့မဟုတ် အမတခုံရုံးမှ အခြားသော ထိပ်တန်းအဆင့် ကျွမ်းကျင်သူများက သူမကို ချက်ချင်း သတ်ဖြတ်ပစ်ပေလိမ့်မည်။

ထို့ပြင် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ ဖန်တီးထားသည့် ယုံကြည်ခြင်းရတနာအလင်းတန်းဆိုသည်မှာ စိတ်ဝိညာဉ်၏ နက်ရှိုင်းသောအောက်ခြေအထိ စွဲမြဲနေသည့်အရာဖြစ်သည်။

ထို့ကြောင့် ပိုင်ဟွာရှို့၏ ဝိညာဉ်ကို ကာကွယ်စောင့်ရှောက်ပြီး သူမအား နောက်တစ်ကြိမ် ဘဝကူးပြောင်း လူပြန်ဝင်စားစေမည်ဆိုလျှင်ပင် ယုံကြည်ခြင်းရတနာအလင်းတန်းက သူမ၏ ဝိညာဉ်နှင့်အတူ နောင်ဘဝအထိ ပါရှိသွားမည် ဖြစ်သည်။

ဤ ယုံကြည်ခြင်းရတနာအလင်းတန်းက စိတ်ဝိညာဉ်အတွင်း အမြစ်တွယ်ကပ်ငြိနေသည်ဖြစ်ရာ ဖျက်ဆီးပစ်ရန် အလွန်ခက်ခဲလှ၏။

ခွေမုလန် အကျပ်ရိုက်လျှက် ရှိချေပြီ။

သူ့အနေဖြင့် မိန်းမပျိုကို ဝင်ရောက်မကယ်တင်ခြင်းကပင် ပို၍ကောင်းမွန်ပေဦးမည်။

သို့သော် ခွေမုလန်က သူ၏ဆုံးဖြတ်ချက်အပေါ် နောင်တရခြင်း မရှိပေ။

သူက တည်ကြည်လေးနက်စွာဖြင့်ပင် ခြင်္သေ့နတ်ဘုရားကို စကားဆိုလိုက်သည်။

“ငါ သူ့ကို ငါ့အနားမှာပဲ ဆက်ပြီးရှိနေစေချင်သေးတယ်”

ခြင်္သေ့နတ်ဘုရားက ခွေမုလန်ကို စူးစိုက်ကြည့်လိုက်ပြီး...

“အဲဒါ တန်လို့လား”

ခွေမုလန်က...

"သေချာပေါက် တန်တာပေါ့..."

ဤသို့မပြုလုပ်ခင်က သူ အနည်းငယ် တုံ့ဆိုင်းနေခဲ့သေးသော်လည်း ယခုတော့ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ အခြားအရာများကို ဘေးဖယ်ထားပြီး သူ၏ဆုံးဖြတ်ချက်အတိုင်း ဆုံးခန်းတိုင်အောင်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်လိုက်ပေပြီ။

ခွေမုလန်၏ သဘောထားကို သိရှိသည်နှင့် ခြင်္သေ့နတ်ဘုရားက ပေါ့ပေါ့ဆဆ သဘောမထားဝံ့တော့ပေ။

ခွေမုလန်သာ သူ၏နှလုံးသားရေးရာ ပဋိပက္ခကို ဖြေရှင်းနိုင်ခြင်းမရှိပါက ပိုင်ဟွာရှို့နှင့်အတူနေထိုင်နိုင်ရန်အတွက် အမတခုံရုံးသို့ ဘက်ပြောင်းသွားနိုင်ခြေရှိကြောင်း သံသယဝင်စရာ ရှိသည်။

ခွေမုလန်က ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အခြေအနေအရ ကြည့်မည်ဆိုလျှင် သူအနေဖြင့် အမတခုံရုံးထံ ဒူးထောက်အညံခံစရာ အကြောင်းမရှိပေ။

သို့သော် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဝိုင်းရံလျှက် ရှိကြသည်။

ခွေမုလန်က ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သဖြင့် မည်သည့်နေရာတွင်မဆို အမြဲတမ်း ကြိုဆိုခံရမည်သာ။

အနောက်ဘက်သူတော်စင်ဘုံကလည်း သူ့ကို ရရှိရန်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမည်ဖြစ်ပြီး အမတခုံရုံးကလည်း ပူးပေါင်းဆောင်ရွက်ရန် လိုလားပေမည်။

ယခင်အချိန်များက မည်သူတစ်ဦးတစ်ယောက်မှ ဤသို့ ပြုလုပ်ဖူးခြင်းမရှိကြောင်း ခြင်္သေ့နတ်ဘုရား သိရှိထားသော်လည်း ယခုအချိန်မှာတော့ ဤကိစ္စက အလွန်ပင် ဖြစ်နိုင်ခြေ မြင့်မားနေကြောင်း သူ၏ မသိစိတ်က သတိပေးလျှက် ရှိ၏။

ဤသို့သောရလဒ်မျိုးက ချန်စန်းရှင်းဟိုင်နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့အတွက်တော့ အလွန်ပင် အထိနာလှသည်။

ခွေမုလန်က ကောင်းကင်နတ်ဘုရားအဆင့် ရောက်ရှိခါစဖြစ်ပြီး အတွေ့အကြုံသိပ်မရှိသေးသည့်တိုင် ၊ ပြင်ပကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းဖြင့် ဤအဆင့်တက်လှမ်းနိုင်သည်က အလွန်ပင် အရည်အချင်းရှိသည်ဟု ဆိုနိုင်သည်။

ယနေ့ခေတ်ကာလတွင် ပြင်ပတာအိုနည်းလမ်း သို့မဟုတ် နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကို အသုံးမပြုဘဲ ကိုယ်ပိုင်ပါရမီကိုအားကိုးပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသော ကျင့်ကြံသူအရေအတွက်မှာ လက်ချိုးရေတွက်၍ရလောက်အောင် နည်းပါးလှသည်။

ဟုတ်ပေ၏။

ကံကောင်းသည်မှာ ချန်စန်းရှင်းဟိုင်တွင် ဝတ်ရုံဝါ မဟာသူတော်စင် ‘ခွေမုလန်’ ကို သူတို့ဘက်ပါအောင် ဆက်လက်ဆွဲဆောင်ထားနိုင်သည့် နည်းလမ်းများ ရှိနေခဲ့သည်။

ခြင်္သေ့နတ်ဘုရားက အေးဆေးသည့်လေသံဖြင့်...

“မင်းရဲ့ဇနီးက ပြင်ပတာအိုထဲရောက်သွားပြီဆိုတော့ အဲဒီက ရုန်းထွက်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပဲ ၊ ဒါပေမဲ့ မင်း သူနဲ့အတူ ထာဝရနေချင်တယ်ဆိုရင်တော့... နောက်ထပ်နည်းလမ်းတစ်ခု ရှိပါသေးတယ်”

ခွေမုလန်က မည်သည့်စကားမှ မဆိုသော်လည်း ခြင်္သေ့နတ်ဘုရား ပြောလိုက်သည့်စကား၏အဓိပ္ပါယ်ကို ချက်ချင်းပင် တွေးလိုက်မိသည်။

ထိုနည်းလမ်းမှာ အဖြူရောင်ကြာပန်းသုခဘုံမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကို အကူအညီတောင်းပြီး ပိုင်ဟွာရှို့အား အတင်းအကျပ် ဗုဒ္ဓရောင်ခြည်းအလင်းတန်း ခံယူစေခြင်း ဖြစ်သည်။

ထိုသို့ ပြုလုပ်လိုက်ပါက သူမအနေဖြင့် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူအဖြစ် ပြောင်းလဲသွားပြီး ဝိညာဉ်ထဲအထိစွဲလန်းနေသည့် ယုံကြည်ခြင်းရတနာအလင်းတန်းအား ဗုဒ္ဓရောင်ခြည်အလင်းတန်းဖြင့် အစားထိုးနိုင်ပေမည်။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ကြား ဖြစ်ပွားခဲ့သော စစ်ပွဲသမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့ဖူးသည်။

ဤသည်က ဖန်တစ်ရာတေနေသည့် အကွက်တစ်ခုသာ ဖြစ်၏။

သို့သော် ဤနည်းလမ်းက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများအတွက် ပိုမိုသင့်တော်ပြီး နတ်ဘုရားတံခါးကို ကျော်ဖြတ်ပြီးသူများအတွက်တော့ အနည်းငယ်ခက်ခဲသလို ရှားပါးဖြစ်ရပ်လည်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤနည်းလမ်းက ခွေမုလန်နှင့် ပိုင်ဟွာရှို့တို့၏ လက်ရှိအခြေအနေအရ အလုံခြုံဆုံးနှင့် အစိတ်ချရဆုံးသော ဖြေရှင်းနည်းပင် ဖြစ်၏။

အခြားရှု‌ထောင့်မှကြည့်မည်ဆိုပါက ဤသည်က အဆိပ်ကို အဆိပ်ဖြင့်ဖြေခြင်းသာ ဖြစ်ပေသည်။

အပြာရောင်ဝတ်မိန်းမပျိုက ပြင်ပကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့လေရာ ဤနည်းလမ်းက သူမကို ဂိုဏ်းပြောင်းပေးလိုက်ခြင်းဖြစ်ပြီး နတ်မိစ္ဆာများနှင့် တစ်ဖက်တည်းသားချင်း ဖြစ်သွားစေနိုင်သည်။

ခွေမုလန်သည်လည်း ဤနည်းလမ်းကို တွေးမိထားပြီးဖြစ်သည်။

သို့ပေသိ အခြားသော မျှော်လင့်ချက်သာ ရှိနေဦးမည်ဆိုပါက သူ့အနေဖြင့် ပိုင်ဟွာရှို့ကို ပြင်ပတာအိုလမ်းစဉ်သို့ မလိုက်စေဘဲ လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်အဖြစ်သာ ရှိနေစေချင်သည်။

စိတ်မကောင်းစရာမှာ ခြင်္သေ့နတ်ဘုရား၏စကားက သူ့အား ပိုပြီးမျှော်လင့်ချက် မဲ့သွားစေသည်။

ခြင်္သေ့နတ်ဘုရားက စကားတစ်ခွန်းမှ မဆိုဘဲ ခွေမုလန်ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေသည်။ ခွေမုလန်သည်လည်း သူပြောသည့်နည်းလမ်းကို တွေးပြီးသားဖြစ်ကြောင်း သူ သဘောပေါက်ပေသည်။

ထိုနည်းလမ်းကို လက်ခံနိုင်ခြင်း ရှိ မရှိ ဆိုသည်ကတော့ ခွေမုလန်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်။

သို့ရာတွင် ခွေမုလန်အပေါ်ထားရှိမည့် ချန်စန်းရှင်းဟိုင်၏ သဘောထားမှာ ဤအချက်အပေါ်တွင် ရာနှုန်းပြည့်မူတည်နေကြောင်း ငြင်းပယ်မရနိုင်ပေ။

ခြင်္သေ့နတ်ဘုရားက မျက်လုံးများ မှေးမှိတ်လိုက်သည်။

သူ မည်သည့်စကားမှမဆိုတော့ဘဲ ခွေမုလန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ရန်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။

ခဏမျှစဉ်းစားပြီးနောက် ခွေမုလန်က ပြတ်သားစွာပင် ဆုံးဖြတ်ချက် ချလိုက်သည်။

“အဲဒီလိုပဲ လုပ်ကြတာပေါ့ ၊ ငါတို့ အလယ်ပိုင်းသုခဘုံက ဗုဒ္ဓတစ်ပါးရှာပြီး ဒီကိစ္စလုပ်ခိုင်းရမယ်”

သူက ဆက်ပြောလိုက်သည်။

“ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ တန်ခိုးစွမ်းအားရှင်တစ်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ပါးကို ဗုဒ္ဓရောင်ခြည်းအလင်း ပေးအပ်ဖို့ဆိုတာ ပြဿနာမရှိလောက်ပါဘူး ၊ ငါကိုယ်တိုင်လည်း ဘေးကနေ ကူညီပေးသွားမှာပဲလေ”

ထိုစကားကြားတော့ ခြင်္သေ့နတ်ဘုရားက မျက်လုံးများပြန်ဖွင့်လိုက်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် ခွေမုလန်ကို လှမ်းကြည့်လိုက်သည်။

“အခုတိုက်ပွဲမှာ အလယ်ပိုင်းသုခဘုံက အနိုင်ရနေတာလေ ၊ ငါ သူတို့ဘက်က အင်အားစုတွေနဲ့ ညှိနှိုင်းပေးနိုင်ပါတယ် ၊ မင်း စိတ်မပူနဲ့”

ခွေမုလန် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့..."

ထို့နောက် သူက လက်ဖဝါးဖြန့်လိုက်ရာ တောက်ပသည့်အလင်းစက်ဝန်းတစ်ခု ဖြစ်တည်လာသည်။ ထိုအလင်းစက်ဝန်းက သီးခြားကမ္ဘာငယ်တစ်ခုနှင့် များစွာဆင်တူသည်။

ထိုအလင်းစက်ဝန်းကမ္ဘာငယ်ထဲတွင် အပြာရောင်ဝတ်မိန်းမပျို တင်ပျဉ်ခွေထိုင်နေပြီး သူမ၏ခန္ဓာကိုယ်မှ ယုံကြည်ခြင်းရတနာအလင်းတန်းများ ဖြာလင်းထွက်ပေါ်လျှက် ရှိသည်။

သူမက ယုံကြည်ခြင်း ရတနာအလင်းတန်းကိုအသုံးပြုပြီး အမတခုံရုံးမှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများနှင့် ဆက်သွယ်ရန် ကြိုးစားနေခြင်း ဖြစ်၏။

ထိုယုံကြည်ခြင်းရတနာအလင်းတန်းက အလွန်တရာ ဆန်းကြယ်သည်ဖြစ်ရာ ခွေမုလန်သည်ပင် အပြည့်အဝ ပိတ်ဆို့ဟန့်တားနိုင်ခြင်းမရှိဘဲ ဂရုတစိုက် ကိုင်တွယ်နေရသည်။

လက်ရှိတွင် အပြာရောင်ဝတ်မိန်းမပျိုက ငြိမ်သက်နေသော်လည်း အစောပိုင်းကတော့ အတော်လေး ပြင်းပြင်းထန်ထန် လှုပ်ရှားရုန်းကန်နေခဲ့သည်။

သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်နှင့် ခွေမုလန် ပြုလုပ်ထားသည့် အရံအတားကို မည်သို့မှ ဖောက်ထွက်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် သူမက ရုန်းကန်ခြင်းကိုရပ်တန့်လိုက်ပြီး အပြင်လောကနှင့် အဆက်အသွယ်ရရန် အာရုံစိုက် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ရန်သူ့လက်တွင်း ကျရောက်သည့်တိုင် မလျှော့သောဇွဲဖြင့် အချုပ်အနှောင်မှလွတ်မြောက်အောင် အပြင်းအထန် ကြိုးစားနေသည့် မိန်းမပျိုကိုကြည့်ရင်း ခွေမုလန် သက်ပြင်းချလိုက်မိ၏။

ခြင်္သေ့နတ်ဘုရားမှာလည်း ဤအခြေအနေကို အတော်လေး သဘောမကျ ဖြစ်မိသည့်တိုင် ထပ်မံဝေဖန်ပြောဆိုခြင်း မပြုတော့ပေ။

သူက ဤကိစ္စအား ချန်စန်းရှင်းဟိုင်မှ တာအိုသခင်’လုယာ’ နှင့် အခြားသော မဟာနတ်မိစ္ဆာများကို ဆက်သွယ်အကြောင်းကြားလိုက်သည်။

တစ်ချိန်တည်းမှာပင် စစ်မြေပြင်တွင်ရှိနေသည့် အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများထံသို့လည်း ချက်ချင်းပင် ဆက်သွယ်လိုက်သည်။

အဖြူရောင်ကြာပန်းသုခဘုံက အချိန်မဆွဲဘဲ ချက်ချင်းပင် တုံ့ပြန်လာသည်။

ဟုတ်ပေ၏။

အဖြူရောင်ကြာပန်းသုခဘုံဘက်မှ ကြည့်ပါက ဤကိစ္စမှာ ခွေမုလန်ကို သူတို့ဘက်တော်သားအဖြစ် ဆွဲဆောင်ထားနိုင်မည်ဖြစ်သလို နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီးသား ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်ကိုလည်း ရရှိမည်ဖြစ်ရာ ဝမ်းမြောက်ဝမ်းသာပင် ကူညီပေလိမ့်မည်။

သို့သော် ရောက်ရှိလာသူကို တွေ့မြင်လိုက်ချိန်မှာတော့ ခွေမုလန် ချက်ချင်းပင် မျက်မှောင်ကြုံ့သွားရသည်။

"တာအိုရောင်းရင်း... စိတ်မပူပါနဲ့။ ငါ့ကို အချိန်နည်းနည်းလောက်ပဲပေး... မင်းရဲ့ဇနီး ဘေးကင်းလုံခြုံစေရမယ်လို့ ငါ သေချာပေါက် အာမခံပါတယ်..."

အဖြူရောင်ကြာပန်းထက်တွင် ထိုင်နေသည့် သူ့အရှေ့မှဗုဒ္ဓက တည်ကြည်လေးနက်စွာ စကားဆိုလိုက်သည်။

သို့သော် ခွေမုလန်က ချက်ချင်းပြန်မဖြေဘဲ ခြင်္သေ့နတ်ဘုရားကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ခြင်္သေ့နတ်ဘုရားက ကြားထဲမှ အတည်ပြုပေးလိုက်သည်။

"တင်ကွမ်းဗုဒ္ဓက ငါတို့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး..."

အဖြူရောင်ကြာပန်းသုခဘုံမှ သူတို့အားကူညီရန် ရောက်ရှိလာသူက အခြားသူ မဟုတ်ပေ။

တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ပင် ဖြစ်သည်။

ခြင်္သေ့နတ်ဘုရားရော ခွေမုလန်ပါ သူနှင့် အလွန်ပင် ရင်းနှီးကြသည်။

ရှေးခေတ်ကာလတုန်းက သူတို့(၃)ယောက်လုံး စန့်ချင်းအဆက်အနွယ် သွန်သင်မှုများကို အတူတကွ နာယူခဲ့ဖူးကြသည်။

ဟုတ်ပေ၏။

သူတို့အချင်းချင်း သိကျွမ်းခင်မင်ကြသောကြောင့်ပင် ခွေမုလန်က ပို၍ စိတ်မအေးနိုင် ဖြစ်ရခြင်းပင်။

အခြားကိစ္စများကို ဘေးဖယ်ထား ၊ “ဗုဒ္ဓ” ဆိုသော ဂုဏ်ပုဒ်ကပင် သူ့အတွက် အတော်လေး စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလှသည်။

အထူးသဖြင့် ပိုင်ဟွာရှို့နှင့် ပတ်သက်နေသည့်အတွက် ပို၍ပင် ဆိုးရွားနေတော့၏။

All Chapters