အခန်း (၁၆၆၉-၁၆၇၀)
Vol. 119 Ch. 1669-1670
အခန်း (၁၆၆၉) ဗုဒ္ဓရောင်ခြည်အလင်းတန်း
ခွေမုလန် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို သံသယဖြင့် စူးစိုက်ကြည့်လိုက်သည်။
တကယ်တော့ သူက နားရွက်ရှည်တင်ကွမ်းနတ်ဘုရားဟု လူသိများခဲ့သည့် ဤတင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓနှင့် ယခင်ကတည်းက ရင်းနှီးခဲ့သူ ဖြစ်သည်။
ယနေ့ အကူအညီပေးမည့်သူမှာ ရှေးခေတ်အချိန်က နားရွက်ရှည်တင်ကွမ်းနတ်ဘုရားသာ ဖြစ်နေခဲ့လျှင် ခွေမုလန်အနေဖြင့် စိတ်ထဲထားနေမည် မဟုတ်ပေ။
သို့သော် အလယ်ခေတ်တွင် နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီးနောက် နားရွက်ရှည်တင်ကွမ်းနတ်ဘုရား လျှောက်လှမ်းခဲ့သည့် ကျင့်စဉ်လမ်းက အတော်လေး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်ဟု ခွေမုလန် ခံစားနေရသည်။
ခွေမုလန်က ကောင်းကင်ဘုံနန်းတော်တွင် ရှိနေခဲ့သော်လည်း ဗုဒ္ဓဘာသာသို့ဝင်ရောကသွားသည့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ကျင့်ကြံသည့်ကျင့်စဉ်များနှင့်ပတ်သက်ပြီး အနည်းနှင့်အများ ကြားသိထားဖူးသည်။
ပိုင်ဟွာရှို့ ပါဝင်ပတ်သက်နေသည့် ဤအခြေအနေမျိုးတွင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက တရားအလင်းပြ ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်မည်ကို မြင်လိုက်ရသဖြင့် ခွေမုလန် အတော်လေး စိတ်မသက်မသာ ဖြစ်သွားရသည်။
သူက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခြင်္သေ့နတ်ဘုရားထံသို့ အကြည့်လွှဲပြောင်းလိုက်သည်။
ဤသို့သောအခြေအနေမျိုးတွင် ချန်စန်းရှင်းဟိုင်နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ ပူးပေါင်းပြီး သူ့ကို တမင်သက်သက် ပြဿနာရှာရန် ကြံစည်နေခြင်းလေလားဟု သံသယမဝင်ဘဲ မနေနိုင်ပေ။
ခြင်္သေ့နတ်ဘုရားက တည်ကြည်လေးနက်သောမျက်နှာထားဖြင့် ခွေမုလန်ကို ခေါင်းညိတ်ပြလိုက်သည်။
"တာအိုရောင်းရင်း... သိပ်ပြီး စိတ်မပူပါနဲ့ ၊ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက တကယ် စိတ်ချရတဲ့သူပါ..."
ဟုတ်ပေ၏။
ခြင်္သေ့နတ်ဘုရားကိုယ်တိုင်သည်ပင် ဤကိစ္စတွင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ပါဝင်ပတ်သက်လာခြင်းမှာ အလွန် စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားနေရလေသည်။
အချို့ရှုထောင့်မှကြည့်လျှင် ထိုဗုဒ္ဓ၏ နာမည်ဂုဏ်သတင်းက အလွန်ဆိုးရွားလှသဖြင့် ခွေမုလန်တစ်ယောက် ဤမျှ စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းကို အပြစ်ဆို၍ မရပေ။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ပါဝင်ပတ်သက်လာမှုမှာ ခွေမုလန်ကို တမင်သက်သက် ရန်စစော်ကားပြီး အကျပ်ရိုက်အောင် နှိပ်စက်နေသကဲ့သို့ပင် ဖြစ်နေသည်။
ထို့ပြင် ခြင်္သေ့နတ်ဘုရားနှင့် ခွေမုလန်က ချန်စန်းရှင်းဟိုင်မှ အဆင့်အတန်းတူညီသည့် မဟာနတ်မိစ္ဆာများ ဖြစ်ကြသည်။
သူတို့နှစ်ယောက်၏ သွေးသောက်ညီအစ်ကိုစိတ်ဓာတ်ကြောင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ထွက်ပေါ်လာသည့်အခါ ခြင်္သေ့နတ်ဘုရားမှာလည်း အဖြူရောင်ကြာပန်းသုခဘုံအပေါ် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့ရသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကတော့ အေးဆေးတည်ငြိမ်နေပေသည်။
အမှန်တော့ အဖြူရောင်ကြာပန်းသုခဘုံဘက်ကလည်း မကောင်းသောရည်ရွယ်ချက် ရှိဟန်မတူပေ။
လတ်တလောတွင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက အားလပ်နေသောကြောင့်သာ သူ့ကို ဤနေရာသို့ စေလွှတ်လိုက်ခြင်း ဖြစ်၏။
နှစ်ဖက်တိုက်ပွဲတွင် အဖြူရောင်ကြာပန်းသုခဘုံက အသာစီးရနေသည့်တိုင် အမတခုံရုံးကလည်း တန်ပြန်တိုက်ခိုက်နိုင်သည့် အင်အားမျိုး ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
သို့ဖြစ်ရာ အဖြူရောင်ကြာပန်းသုခဘုံအနေဖြင့် ရှေ့တန်းတွင်တိုက်ခိုက်နေသည့် ဗုဒ္ဓဘာသာကျင့်ကြံသူများကို နောက်တန်းသို့ပြန်ဆုတ်လာရန် အမိန့်ပေးနိုင်ခြင်း မရှိပေ။
ထို့ကြောင့် လတ်တလော မည်သည့်တာဝန်မှမရှိဘဲ အားလပ်နေသည့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကိုသာ ဤနေရာသို့ လာရောက်ကူညီရန် စေလွှတ်လိုက်ရခြင်း ဖြစ်သည်။
ခြင်္သေ့နတ်ဘုရားက ထိုအချက်ကို သဘောပေါက်လိုက်သည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက တစ်မူထူးခြားသည့် သိုင်းပညာရပ်ကို ကျင့်ကြံသူဖြစ်သော်လည်း ယခုကိစ္စတွင် ခွေမုလန်ကို တမင်သက်သက် ရန်စခြင်း မဖြစ်နိုင်ပေ။
သူက ဤတာဝန်ကို အလေးအနက်ထား ဆောင်ရွက်မည်မှာ သေချာသည်။
အမှန်တော့ ဤမဟာနတ်မိစ္ဆာနှစ်ယောက်သည်သာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို ဒုက္ခပေးရန် အကြောင်းပြချက် ပိုမိုများပြားပေသည်။
ခွေမုလန်က နတ်မိစ္ဆာမျိုးနွယ်၏ မဟာသူတော်စင်ခန္ဓာကို ရရှိထားပြီးဖြစ်သည်။
ထို့ကြောင့် သူ၏တန်ခိုးစွမ်းအားက ပြင်ပဗုဒ္ဓဘာသာလမ်းစဉ်ဖြင့် ဗုဒ္ဓအဆင့်သို့ တက်လှမ်းခဲ့သည့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ထို့ပြင် ချန်စန်းရှင်းဟိုင်၏ အလုံးစုံအင်အားသည်လည်း အဖြူရောင်ကြာပန်းသုခဘုံထက် သာလွန်သည်ဟု ဆိုနိုင်၏။
ဤသို့သောအခြေအနေအောက်တွင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအနေဖြင့် မကောင်းသောအကြံအစည်များ ရှိခဲ့လျှင်ပင် ထိုအကြံကို သေချာပေါက် စွန့်လွှတ်ရပေမည်။
ထို့ကြောင့် ခြင်္သေ့နတ်ဘုရားက ကြားမှဝင်ပြီး အခြေအနေ ထိန်းသိမ်းပေးလိုက်ခြင်းပင်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓသည်လည်း အခြေအနေကို နားလည်သူဖြစ်လေရာ ဤသို့သော အရေးကြီးကိစ္စတွင် စိတ်ထင်တိုင်း လျှောက်လုပ်ရဲမည် မဟုတ်ပေ။
ခြင်္သေ့နတ်ဘုရားနှင့် ခွေမုလန်တို့က တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ အကြောင်းကို ကောင်းစွာသိရှိထားသကဲ့သို့ပင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓသည်လည်း ထိုမဟာနတ်မိစ္ဆာကြီးနှစ်ဦး၏ အမျက်ဒေါသနှင့် စရိုက်သဘာဝကို ကောင်းစွာသိရှိပေသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ခွေမုလန်နှင့် ပိုင်ဟွာရှို့တို့၏ အတိတ်ဇာတ်လမ်းကို သိရှိထားသည်ဖြစ်ရာ ခွေမုလန်အနေဖြင့် ပိုင်ဟွာရှို့ကို မည်မျှအထိ တန်ဖိုးထားကြောင်း အလေးအနက် သဘောပေါက်ထားသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ပြုံးလိုက်ပြီး...
“ဒီဒကာမလေးကို ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်ပြီးတာနဲ့ တာအိုရောင်းရင်းအနေနဲ့ သူ့ကို ချန်စန်းရှင်းဟိုင်ကို ပြန်ခေါ်သွားလို့ရပါတယ်”
သူက ဆက်ပြောလိုက်သည်။
"မီလဲ့ကိုယ်တော်ကလည်း ဒါကို ကန့်ကွက်မှာမဟုတ်ပါဘူး”
ပြင်ပကျင့်ကြံသူများဆိုသည်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဖြစ်စေ ၊ ဘုရားလောင်း ဖြစ်စေ မိမိတို့ ကိုးကွယ်ရာ သက်ဝင်ယုံကြည်မှုအပေါ်တွင်သာ လုံးလုံးလျားလျား တည်မှီနေကြသူများ ဖြစ်သည်။
အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ စစ်ပွဲဆင်နွှဲသည့်အခါ ပြင်ပကျင့်ကြံသူများသည်လည်း အခြေအနေအပေါ် မူတည်၍ စစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ကြရသည်။
ယခု တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ပြောလိုက်သည့် စကားအဓိပ္ပါယ်မှာ ပိုင်ဟွာရှို့အနေဖြင့် အဖြူရောင်ကြာပန်းသုခဘုံသို့ ဝင်ရောက်ခဲ့လျှင်ပင် စစ်ပွဲတွင်ပါဝင်ခြင်းမပြုဘဲ ဘေးထွက်နေခွင့်ရှိကြောင်း ကတိပြုလိုက်ခြင်း ဖြစ်၏။
ဤသည်က ပိုင်ဟွာရှို့၏ အရည်အချင်းကြောင့် မဟုတ်ဘဲ အဖြူရောင်ကြာပန်းသုခဘုံဘက်က ခွေမုလန်နှင့် နတ်မိစ္ဆာမျိုးနွယ်စုများအပေါ် မျက်နှာသာပေးလိုက်ခြင်းသာ ဖြစ်သည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ ဤစကားများကို ကတိသစ္စာတစ်ခုအဖြစ် သတ်မှတ်၍ရပေသည်။
ဤသို့သောအခြေအနေမျိုးတွင် တင်ကွမ်းဗုဒ္ဓသာ စိတ်အလိုရှိသည့်အတိုင်း မလေးမစား ပြုမူမည်ဆိုပါက နတ်မိစ္ဆာများအား ရန်စသလို ဖြစ်သွားပေမည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ဤကိစ္စ၏ ကြီးလေးမှုကို ကောင်းစွာ နားလည်သဘောပေါက်ထားပေသည်။
ဤစကားကိုကြားတော့ ခွေမုလန်၏ မျက်နှာအမူအရာ တဖြည်းဖြည်း ပြေလျော့သွားပြီး တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူက လက်ဖဝါးကို ပြန်ဖြန့်လိုက်ရာ အလင်းစက်ဝန်း ကမ္ဘာငယ်လေး ပြန်လည်ထွက်ပေါ်လာသည်။
ထိုကမ္ဘာငယ်ထဲတွင် အပြာရောင်ဝတ်မိန်းမပျို ရှိနေဆဲပင်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ထိုအလင်းစက်ဝန်းကို လွှဲပြောင်းယူလိုက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထက်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများက ပို၍စူးရှတောက်ပလာသည်။
ထို့နောက် သူ၏လက်ဖဝါးနှစ်ဖက်ဆီသို့ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ စုစည်းဆင့်ခေါ်လိုက်ပြီး ပိုင်ဟွာရှို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံပိတ်ဆို့လိုက်သည်။
ပိုင်ဟွာရှို့၏ ခန္ဓာကိုယ်တွင်းမှ အမတခုံရုံးနှင့်သက်ဆိုင်သော ယုံကြည်ခြင်းရတနာအလင်းတန်းများက မကောင်းသည့်နိမိတ်ကို အလိုလိုသိမြင်သွားပြီး တဖျတ်ဖျတ်တောက်ပကာ ပြင်းထန်စွာ တုံ့ပြန်လာပြီး ဝင်ရောက်လာသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို အပြင်းအထန် ခုခံတွန်းလှန်လေသည်။
သို့သော် ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် ဗုဒ္ဓတစ်ပါး၏ တန်ခိုးစွမ်းအားကို အစစ်အမှန်နတ်ဘုရားမျှသာဖြစ်သော ပိုင်ဟွာရှို့မှာ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ထို့ကြောင့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများက သူမကို ဖိနှိပ်လိုက်နိုင်ပြီး အမတခုံရုံး၏ ယုံကြည်ခြင်းရတနာအလင်းတန်းမှာ တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ နောက်ဆုတ်သွားခဲ့ရသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းအောက်တွင် ပိုင်ဟွာရှို့၏ ခန္ဓာကိုယ်တွင်းမှ ယုံကြည်ခြင်းရတနာအလင်းတန်းက ဖြည်းဖြည်းချင်း ဆုတ်ခွာသွားလေသည်။
ထိုအလင်းတန်းက လုံးဝ ပျောက်ကွယ်သွားခြင်းမျိုးမဟုတ်ဘဲ တဖြည်းဖြည်း ပုံသဏ္ဌန်ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
အမတခုံရုံး၏ ဓမ္မတေးသံများ မှေးမှိန်ပျောက်ကွယ်သွားပြီး ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ စတင်ထွက်ပေါ်လာသည်။
အပြာရောင်ဝတ်မိန်းမပျိုမှာ အတင်းအကျပ်ခုခံရင်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏အမည်နာမကို ဆက်တိုက်ရွတ်ဆိုနေသော်လည်း တဖြည်းဖြည်း သူမ၏မျက်ဝန်းများက ဗလာကျင်းသွားကာ တောက်ပမှုများ မှိန်ဖျော့သွားသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဗုဒ္ဓကျမ်းစာကို စတင်ရွတ်ဆိုလိုက်သည်။
“မီလဲ့ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ပါတယ်”
ထိုအချိန်မှာတော့ မီလဲ့ကိုယ်တော်၏ အမည်နာမက အပြာရောင်ဝတ်မိန်းမပျို၏ စိတ်ဝိညာဉ် ၊ နှလုံးသားထဲတွင် တည်ရှိနေသော အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ တန်ခိုးစွမ်းအားကို အလုံးစုံ ဖုံးလွှမ်းသွားတော့သည်။
ခွေမုလန်နှင့် ခြင်္သေ့နတ်ဘုရားတို့က ဘေးတွင်ရပ်ပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းများဖြင့် ဝန်းရံနေသည့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။
ခပ်လှမ်းလှမ်းတွင် ရှိနေသော ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း သူ၏စွမ်းအားရောင်ဝါကို ထိန်းချုပ်ပြီး အဖြစ်အပျက်များကို အကဲခတ်စောင့်ကြည့်နေသည်။
ရန်ကျောက်ကဲမှာ အနားသို့ တိုးကပ်ရဲခြင်းမရှိသဖြင့် အခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိပေ။
သူ့အနေဖြင့် ထိုနတ်မိစ္ဆာမျိုးနွယ်၏ မဟာသူတော်စင်နှစ်ပါး အာရုံစိုက်မခံရစေရန် အစွမ်းကုန် သတိထားရမည် မဟုတ်လား။
သို့ပေသိ အဖြူရောင်ကြာပန်းသုခဘုံ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းကို တွေ့မြင်လိုက်ရချိန်မှာတော့ ထိုနေရာတွင် ဘာတွေဖြစ်ပျက်နေကြောင်း အကြမ်းဖျင်း ရိပ်မိသွားသည်။
"သူတို့က အဖြူရောင်ကြာပန်းသုခဘုံက ဗုဒ္ဓတစ်ပါးကို ရှာပြီးတော့ ပိုင်ဟွာရှို့ကို အတင်းအကျပ် ဗုဒ္ဓရောင်ခြည်အလင်းတန်းပေးဖို့ ကြိုးစားနေကြတာပဲ ၊ သူတို့က ပိုင်ဟွာရှို့ကို အဖြူရောင်ကြာပန်းသုခဘုံဘက် ပြောင်းခိုင်းပြီးတော့ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူဖြစ်လာအောင် ပြောင်းလဲပစ်နေတာပေါ့”
ရန်ကျောက်ကဲ မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်သည်။
တွေးနေစဉ်မှာပင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ဖျတ်ခနဲ လှုပ်ရှားသွားပြီး အခြားနေရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
အဝေးတစ်နေရာရှိ ဟင်းလင်းပြင်ကြီး ရုတ်တရက်အက်ကွဲသွားပြီး အစိမ်းရောင်ကြာပန်းတစ်ပွင့် တရွေ့ရွေ့ချဉ်းကပ်လာသည်။
အစိမ်းရောင်ကြာပန်းအပြင် အရောင်းများလင်းလက်နေသည့် အလံရှည်တစ်ခုလည်း ပါရှိသည်။
"အနောက်ဘက်သူတော်စင်ဘုံနဲ့... အမတခုံရုံးက လူတွေပဲ..."
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း တွေးလိုက်သည်။
ထို့နောက် ခွေမုလန်တို့အုပ်စုရှိရာဆီသို့ လှမ်းကြည့်လိုက်၏။
ဟုတ်ပေ၏။
ပိုင်ဟွာရှို့၏ခန္ဓာကိုယ်မှ ယုံကြည်ခြင်းရတနာအလင်းတန်းက လုံးဝ သန့်စင်သွားခြင်း မရှိသေးပေ။ ထိုအလင်းတန်းကပင် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ ဤနေရာသို့ ရောက်ရှိလာစေရန် လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်၏။
ရုတ်တရက်ရောက်ရှိလာသူများကြောင့် ခွေမုလန်မှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ ပိုင်ဟွာရှို့ကို ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်ခြင်း အရေးကြီးဆုံးအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ခွေမုလန်က အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးမှလူများ ချဉ်းကပ်မလာနိုင်စေရန် ရှေ့ထွက်ပြီး ရင်ဆိုင်ရတော့သည်။
ခြင်္သေ့နတ်ဘုရားမှာလည်း အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး ခွေမုလန်နှင့်အတူ ရှေ့သို့လိုက်ပါသွားသည်။
တစ်ချိန်တည်းပင် သူတို့က အနီးပတ်ဝန်းကျင်မှ မဟာနတ်မိစ္ဆာ ညီနောင်များကိုလည်း အကြောင်းကြားကာ လှမ်းခေါ်လိုက်ကြ၏။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သူတို့အနားသို့ တိတ်တဆတ်ချဉ်းကပ်သွားလေသည်။ သို့သော် သူက အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိပေ။
သူက ဤအခွင့်အရေးကိုအသုံးချပြီး ပိုင်ဟွာရှို့ထံမှ တစ်စုံတစ်ရာကို ရယူအကျိုးအမြတ်ထုတ်နိုင်မလားဟူ၍ တွေးတောကြံစည်နေခြင်း ဖြစ်သည်။
ထိုဗုဒ္ဓရောင်ခြည်အလင်းတန်းကို စူးစိုက်ကြည့်ရင်း ရန်ကျောက်ကဲစိတ်ထဲ အစီအစဉ်တစ်ခု စဉ်းစားမိသော်လည်း ရုတ်တရက်ပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုလိုက်မိသည်။
ယခု ဗုဒ္ဓရောင်ခြည်အလင်းတန်းက အလွန်ပင် မတည်မငြိမ် ဖြစ်နေလေသည်။
အခန်း (၁၆၇၀) ပိုမိုတင်းမာလာသည့်ပူးပေါင်းဆောင်ရွက်မှု
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ ရုတ်တရက် ပြောင်းလဲသွားသည့်အခြေအနေကြောင့် တုန်လှုပ်သွားရသည်။
သူနှင့် ပိုင်ဟွာရှို့က ကျင့်ကြံခြင်းအဆင့် အလွန်တရာ ကွာခြားသည်ဖြစ်ရာ သူမကို ဗုဒ္ဓရောင်ခြည်ပေးအပ်ခြင်းက လက်ဖျောက်တစ်ချက်တီးရသလောက် လွယ်ကူသည့်အလုပ်မျိုး ဖြစ်သည်။
သို့သော် တကယ့်အရေးကြီးသောအချိန်ရောက်မှ အနောက်ဘက်သူတော်စင်ဘုံနှင့် အမတခုံရုံးမှလူများက ဤနေရာသို့ အလုံးအရင်းနှင့် ချဉ်းကပ်လာကြလေသည်။
မည်သို့ပင်ဆိုစေ ဤသည်က ကြီးမားသော ပြဿနာတစ်ခု မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ခွေမုလန်နှင့် ခြင်္သေ့နတ်ဘုရားတို့က ရန်သူကိုရင်ဆိုင်မည်ဖြစ်ပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအနေဖြင့် လုပ်စရာရှိသည်ကို ဆက်လုပ်ရန်သာ လိုအပ်သည်။
သို့ပေသိ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှ လုံးဝမျှော်လင့်မထားသည့် အဟန့်အတားတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
အပြာရောင်ဝတ်မိန်းမပျိုအား ဗုဒ္ဓရောင်ခြည်အလင်း ပေးအပ်ခြင်း အောင်မြင်ရန်အတွက် လက်တစ်ကမ်းအလိုသို့ ရောက်ရှိချိန်ကျမှ ဤကိစ္စဖြစ်ပျက်သွားလေရာ တင်ကွမ်းဗုဒ္ဓမှာလည်း အံ့သြမှင်တက်သွားရသည်။
ဟုတ်ပေ၏။
အပြာရောင်ဝတ်မိန်းမပျိုထံမှ မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေသော အမတခုံရုံး၏ ယုံကြည်ခြင်းရတနာအလင်းတန်းများမှာ ရုတ်ချည်းပင် မူလအခြေအနေအတိုင်း ပြန်လည်တောက်ပလာလေသည်။
မထင်မှတ်ဘဲ ဖြစ်ပျက်သွားလေရာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှ ယုံကြည်ခြင်းရတနာအလင်းတန်းကို ဖိနှိပ်ရန်အတွက် သူ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းကို ထပ်မံမြှင့်တင်လိုက်ရသည်။
သို့သော် ထိုသို့ဖိအားပေးခံရသည်နှင့် အပြာရောင်ဝတ်မိန်းမပျိုထံမှ ထွက်ပေါ်လာသည့် ယုံကြည်ခြင်းရတနာအလင်းတန်းများက ပို၍ပင် အားကောင်းခိုင်မာလာသည်။
ထိုအလင်းတန်းက တစ်ချက်မှေးမှိန်သွားပြီးနောက် သေလုမျောပါးအခြေအနေမှ ပြန်လည်ရှင်သန်လာသည့်ပမာ အစွမ်းကုန်တောက်ပလာသဖြင့် တင်ကွမ်းဗုဒ္ဓ ကြိုးစားအားထုတ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်သွားရသည်။
ထိုယုံကြည်ခြင်းရတနာအလင်းတန်းက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းကို ဝါးမျိုပြီး ပြန်လည်မွေးဖွားလာခြင်းမျိုး မဟုတ်သော်လည်း ၊ ထိုအလင်းတန်း ပျက်ဆီးလုနီးပါးဖြစ်သွားသည့်အအကြိမ်တိုင်း သံသရာစက်ဝန်းတစ်ခု ဖန်တီးလိုက်သည့်ပမာ ဖြစ်စဉ်တစ်ခုလုံး အစမှပြန်လည်စတင်ရန် အတင်းအအကျပ် တွန်းပို့နေခြင်းမျိုး ဖြစ်၏။
"ဟင်..."
ထူးဆန်းသောအခြေအနေကြောင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ စိတ်ဝင်စားသွားကာ သေချာအာရုံစူးစိုက်လိုက်သည်။
ဤသို့ မျှော်လင့်မထားသည့် အံ့အားသင့်စရာဖြစ်ရပ်က ခွေမုလန်နှင့် ပိုင်ဟွာရှို့တို့ကြား ဖြစ်ပွားခဲ့သော အတိတ်ကပ်ဘေးများထက်ပင် ပိုမိုကြီးမားပေသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။
“ငါက အလယ်ပိုင်းသုခဘုံကလူဖြစ်ခဲ့ဖူးလို့ အမတခုံရုံးကလူတွေကို ဗုဒ္ဓရောင်ခြည်အလင်းတန်း မပေးအပ်နိုင်တော့တာများလား”
ထိုအတွေးသာမှန်သည်ဆိုပါက သက်ရောက်လာမည့်ဆိုးကျိုးက အမတခုံရုံးတွင် ကောင်းကင်နတ်ဘုရားများ ထပ်မံတိုးပွားလာသည်ထက်ပင် ပိုမိုဆိုးရွားလာပေမည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက အဖြူရောင်ကြာပန်းသုခဘုံမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်ဖြစ်လေရာ ဤအချက်နှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့သည်။
ဤသည်က မျှော်လင့်ထားသည့်ကိစ္စမျိုးမဟုတ်သလို မယုံကြည်နိုင်စရာလည်း ကောင်းလှသည်။
လက်ရှိတွင် ပြင်ပကျင့်ကြံသူ အင်အားစုနှစ်ခု စစ်ပွဲဆင်နွှဲနေကြဆဲဖြစ်ပြီး စစ်ပွဲကာလကတည်း အတော်အတန် ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
အဖြူရောင်ကြာပန်းသုခဘုံက စစ်ပွဲစတင်ခဲ့သူဖြစ်ပြီး စစ်ရေးအရလည်း အသာစီးရယူထားနိုင်သည်။
သူတို့က အမတခုံရုံး နယ်မြေအတွင်းသို့ ချဉ်းနင်းဝင်ရောက် ကျူးကျော်နိုင်ခဲ့ပြီး အကျိုးအမြတ်အချို့ကိုလည်း ရရှိခဲ့ကြသည်။
သူတို့အနေဖြင့် သိမ်းပိုက်ထားသည့် အမတခုံရုံးနယ်မြေများမှ ကျင့်ကြံသူများနှင့် သာမန်လူသားများကို ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်သည့်ဖြစ်စဉ်တစ်လျှောက်လုံး ပိုင်ဟွာရှို့နှင့်ဆင်တူသည့် ထူးဆန်းသောဖြစ်ရပ်မျိုး တစ်ခါမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိပေ။
"ဒါပေမဲ့... ငါတို့ အရင်က တရားအလင်းပေးခဲ့တဲ့သူတွေက ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူတွေ ဖြစ်နေလို့များလား..."
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ရေရွတ်လိုက်သည်။
"သူက နတ်ဘုရားတံခါးကို ကျော်ဖြတ်ပြီးသားသူ ဖြစ်နေလို့... အခုလိုမျိုး ဖြစ်နေတာများလား”
သူ ခွေမုလန် မည်သို့တွေးထင်မည်ကို အရေးမစိုက်နိုင်တော့ဘဲ သူ့ရှေ့မှ အပြာရောင်ဝတ်မိန်းမပျိုကို သေသေချာချာ စတင်စစ်ဆေးတော့သည်။
ယခုအချိန်တွင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအနေဖြင့် မိန်းမပျိုများအပေါ် ကာမအာရုံခံစားသည့်နည်းလမ်းဖြင့် သူမထံမှ အသက်ဓာတ်စွမ်းအားများကို စုပ်ယူကျင့်ကြံရန် လုံးဝ စိတ်ကူးမရှိပေ။
သူက မိန်မးပျို၏ ဝိညာဉ်အမြုတေကို စစ်ဆေးရန်သာ အာရုံစိုက်လိုက်သည်။
အတန်ကြာပြီးနောက်မှာတော့ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ထူးဆန်းမှုတစ်ခုကို ရှာတွေ့သွားသည်။
"ဒါက ဘာလဲ..."
ပိုင်ဟွာရှို့၏ မျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ် ယင်စွမ်းအားဗဟိုချက်တွင် တစ်စုံတစ်ခု ကွယ်ဝှက်တည်ရှိနေကြောင်း တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ တွေ့မြင်လိုက်ရသည်။
အနီးကပ် သေချာစွာ ထပ်မံကြည့်ရှုလိုက်သည့်အခါမှာတော့ ထိုအရာမှာ ခြောက်သွေ့ညှိုးနွမ်းနေသည့် သစ်ပင်အိုကြီးတစ်ပင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ပိုင်ဟွာရှို့ကိုယ်တွင်းမှ ယုံကြည်ခြင်းရတနာအလင်းတန်း မှေးမှိန်သွားသည့်အချိန်တိုင် ထိုသစ်ပင်အိုကြီးက နွေဦးသစ်ပင်တစ်ပင်ပမာ အညှောက်အဖူးများထွက်ပေါ်လာပြီး အသက်ဓာတ်စွမ်းအားများ ပြ်လည်ပြည့်ဝလာစေသည်။
သစ်ပင်ကြီး၏ သစ်ကိုင်းသစ်ခက်များ ပြောင်းလဲလှုပ်ရှားလာသည်နှင့်အမျှ ပိုင်ဟွာရှို့၏ ရတနာအလင်းတန်းမှာလည်း ယခင်အတိုင်း ပြန်လည်တောက်ပလာပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ တရားအလင်းပေးခြင်းလုပ်ငန်းစဉ်ကို ပျက်ယွင်းသွားစေသည်။
ဤအချက်ကိုတွေ့ရှိတော့မှ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ သက်ပြင်းချလိုက်နိုင်သည်။
“လက်စသတ်တော့ ဒါက ယန်သစ်ပင်ကိုး... တကယ့်ကို ပါးနပ်တဲ့ အစီအစဉ်ပါပဲ”
သူက ဆက်လက်ရေရွတ်လိုက်သည်။
“ဒါပေမဲ့ အကြောင်းရင်းကိုသိပြီဆိုတော့ ဘာမှ ကြောက်နေစရာမလိုတော့ဘူး ၊ ဒီအခက်အခဲကို အလွယ်တကူပဲ ကျော်ဖြတ်ပစ်လို့ ရနိုင်ပါတယ်..."
သူက ပိုင်ဟွာရှို့၏ စိတ်ဝိညာဉ် ယင်စွမ်းအားဗဟိုချက်တွင် ကွယ်ဝှက်နေသည့် ထိုခြောက်သွေ့နေသော သစ်ပင်အိုကြီးကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။
သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ထိုသစ်ပင်အိုကြီးကို ရိုက်ချိုးဖျက်ဆီးပစ်ရန် လုံးဝ ခဲယဉ်းခြင်း မရှိပေ။
သို့သော် ပိုင်ဟွာရှို့၏ စိတ်ဝိညာဉ်ကို ထိခိုက်ဒဏ်ရာမရစေဘဲ ထိုသစ်ပင်ကိုသာ သီးသန့်ဖျက်ဆီးရန်ကတော့ အတော်လေး အားစိုက်ထုတ်ရလေသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ထိုခြောက်သွေ့သစ်ပင်အိုကြီးကို ဖျက်ဆီးပစ်လိုက်သည်နှင့် ကျိုးပဲ့သွားသည့် သစ်ကိုင်းသစ်ခက်များကြားမှ ယခင်က တစ်ကြိမ်တစ်ခါမှ မတွေ့မြင်ဖူးသည့် ထူးခြားသော စွမ်းအားရောင်ဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ယုံကြည်ခြင်းရတနာအလင်းတန်းများက ပိုင်ဟွာရှို့၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး သူမ၏ဝိညာဉ်စွမ်းအားမှာလည်း အဆပေါင်းရာနှင့်ချီပြီး အပြင်းအထန် မြင့်တက်လာသည်။
မကြာမီ သူမက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကိုပင် ပြန်လည်ဖိနှိပ်နိုင်သည့် အနေအထားသို့ ရောက်ရှိလာသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ထိတ်လန့်တုန်လှုပ်သွားရသည်။
တောက်ပလွန်းသည့် ယုံကြည်ခြင်းရတနာအလင်းတန်းအောက်မှ ကျောက်စိမ်းတံခါးကြီတစ်ချပ် ထွက်ပေါ်လာသည်ကို ဝေဝါးစွာ တွေ့မြင်လိုက်ရသည်။
"ဒါ ထောင်ချောက်ပဲ..."
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ချက်ချင်းပင် အခြေအနေကို ရိပ်စားမိသွားသည်။
ယေဘုယျ ပြောရမည်ဆိုလျှင်မူ ပြင်ပကျင့်ကြံသူများဖြစ်သည့်တိုင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်း တို့သည်ပင် ကောင်းကင်နတ်ဘုရားအဆင့်ရှိသည့် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကို အတင်းအကျပ် တရားအလင်းပေးရန် လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။
သို့သော် လက်ရှိတွင် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက သူ၏ခံစစ်စွမ်းအားကိုလျှော့ချပြီး ပိုင်ဟွာရှို့၏ထူးခြားမှုကို စစ်ဆေးနေသည့်အချိန် ဖြစ်သည်။
ထို့ကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အား သူ့ကို ဖိနှိပ်နိုင်မည့်အခွင့်အရေးကို တမင်သက်သက် ပေးအပ်လိုက်သလို ဖြစ်သွားသည်။
“လက်စသတ်တော့ ယန်သစ်ပင်ထဲမှာ နောက်ထပ်ပစ္စည်းတစ်ခု ရှိနေသေးတာပဲ ၊ အဲဒါက မူလကနဦးမြေသားလား ၊ မအံ့သြတော့ပါဘူး ၊ ဒါသာမရှိရင် သူ ဒီလောက်အထိ အောင်မြင်မှုရမှာမဟုတ်ဘူး”
အတွေးနှင့်အတူ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ဒေါသချောင်းချောင်းထွက်သွားသည်။
“ဒီပစ္စည်းက ဟိုးအရင်ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား ၊ ဘာလို့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆီ ရှိနေရတာလဲ..."
ဟုတ်ပေ၏။
ဤမူလကနဦးမြေသားသာ မျိုးသုဉ်းပျောက်ကွယ်သွားခြင်းမရှိလျှင် ယခုကဲ့သို့ ဆင်တူထောင်ချောက်များ ထပ်ခါထပ်ခါ ဖြစ်ပွားနေပေလိမ့်မည်။
ယခုကိစ္စမှာတော့ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက မျှော်လင့်မထားသည့် အခြေအနေများကြောင့် အငိုက်မိသွားခြင်း ဖြစ်၏။
သူက မိမိကိုယ်ကို ပြန်လည်ကာကွယ်နိုင်ရန် အတင်းအကျပ်ရုန်းကန်နေရပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အကြံအစည် မအောင်မြင်စေရန်အတွက် “မီလဲ့ကိုယ်တော်” ၏ ဘွဲ့အမည်ကို အဆက်မပြတ် ရွတ်ဆိုနေခဲ့သည်။
သူက ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် ကောင်းကင်နတ်ဘုရားအဆင့်ရှိသော တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေက အပြန်အလှန် ထိန်းချုပ်ထားသည့် အကျပ်အတည်းတစ်ခုအတွင်း ကျရောက်သွားပြီ ဖြစ်၏။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ မျက်နှာထက်၌ အလွန်အမင်း ဝေဒနာခံစားနေရသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က သူ့ကို အတင်းအကျပ် တရားအလင်းပြရန် ကြံစည်နေပြီး တင်ကွမ်းဗုဒ္ဓကတော့ မနည်းရုန်းကန်က ခုခံတွန်းလှန်နေရသည်။
တစ်ဖက်မှ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သာ စိတ်မရှည် ဖြစ်သွားမည်ဆိုပါက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ စိတ်ဝိညာဉ်ကိုပင် ရိုက်ခွဲဖျက်ဆီးပစ်နိုင်သည်။
ထိုသို့ဖြစ်လာပါက မီလဲ့ကိုယ်တော်သည်ပင် သူ့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက အပြာရောင်ဝတ်မိန်းမပျိုကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်မိသည်။
အမှန်တော့ သူနှင့် ခွေမုလန်ကြားတွင် အပြန်အလှန် အမြင်မကြည်လင်ခြင်းများ ရှိခဲ့ကြသည်။
ရှေးခေတ်ကာလတုန်းက သူက ကောင်းကင်နတ်ဘုရားအဆင့်ရှိသော နားရွက်ရှည်တင်ကွမ်းနတ်ဘုရား ဖြစ်ခဲ့ပြီး ခွေမုလန်ကတော့ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင်သာ ရှိနေခဲ့သည်။
အလယ်ခေတ်ကာလတွင် သူက ဗုဒ္ဓဘာသာသို့ ဝင်ရောက်သွားခဲ့ပြီးတင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအဖြစ် ပြောင်းလဲခဲ့သည်။
သို့သော် အလယ်ခေတ်ကုန်ဆုံးချိန်တွင် အလယ်ပိုင်းသုခဘုံတစ်ခုလုံး ပရမ်းပတာဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဘာသာနှစ်ခြမ်းကွဲကာ ဆိုးရွားသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
ထိုအချိန်တွင် တင်ကွမ်းဗုဒ္ဓမှာ စန့်ချင်အဆက်အနွယ် ကျွမ်းကျင်သူတစ်ယောက်၏ တိုက်ခိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ ကောင်းကင်နတ်ဘုရားအဆင့်မှ လျှောကျသွားရသည်။
ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့် လျော့ကျသွားခြင်းက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအတွက် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်စေခဲ့သည်။
သူ့အနေဖြင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ ထပ်မံတက်ရောက်ရန်အတွက် မူလကောင်းကင်ကပ်ဘေးကို ဒုတိယအကြိမ် ထပ်မံကျော်ဖြတ်နိုင်စွမ်း မရှိတော့ပေ။
နောက်ဆုံးမှာတော့ အဖြူရောင်ကြာပန်းသုခဘုံသို့ ဝင်ရောက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ ဗုဒ္ဓရောင်ခြည်အလင်းတန်းခံယူကာ ကောင်းကင်နတ်ဘုရားအဆင့်သို့ ဒုတိယအကြိမ် ပြန်လည်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ၏ လက်ရှိကျင့်ကြံခြင်းစွမ်းအားမှာ အတိတ်ကနှင့်ယှဉ်လျှင် များစွာ အောက်ကျနောက်ကျ ရှိလှသည်။
တစ်ဖက်တွင်တော့ ခွေမုလန်က နတ်ဘုရားအပ်နှင်းခြင်းမှ ကင်းလွတ်သွားခဲ့ပြီး ပြင်ပကျင့်ကြံခြင်းနည်းလမ်းများကို အသုံးမပြုဘဲ ကိုယ်ပိုင်စွမ်းအားဖြင့် ကောင်းကင်နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ဤသို့ နှိုင်းယှဉ်ကြည့်မိတော့ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ မိမိကံကြမ္မာကို အလွန်ပင်မတရားသလို ခံစားလိုက်မိသည်။
သို့သော်လည်း ခေတ်ကာလများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ မည်သို့ပင် ခံစားနေရပါစေ လက်ရှိတွင် ခွေမုလန်က သူ့ထက် စွမ်းအားကြီးမားနေပေပြီ။
ထို့အတူပင် ချန်စန်းရှင်းဟိုင်၏ အင်အားတောင့်တင်းမှုသည်လည်း အဖြူရောင်ကြာပန်းသုခဘုံထက် သာလွန်လျက် ရှိနေပေသည်။
ထို့ကြောင့်ပင် အစောပိုင်းက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက စိတ်ကိုပြင်ဆင်ပြီး ခွေမုလန်၊ ခြင်္သေ့နတ်ဘုရားတို့နှင့် အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့် အခြေအနေ ပိုမိုဆိုးရွားလာပြီး ဤကြမ္မာဆိုးမှ ရုန်းထွက်နိုင်စွမ်းမရှိတော့ကြောင်း သိလိုက်ရသည့်အခါ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏စိတ်ထဲတွင် ရက်စက်ယုတ်မာသောအတွေးများ ထွက်ပေါ်လာသည်။
သူသာ ပိုင်ဟွာရှို့ကို သတ်ပစ်လိုက်မည်ဆိုပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် သူ့ကိုတရားအလင်းပေးနေခြင်းကို ဖြတ်တောက်နိုင်မည်ဖြစ်ပြီး လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းအတွင်းမှ ဆွဲထုတ်နိုင်ပေလိမ့်မည်။
ဤသို့ပြုလုပ်ခြင်းက တစ်ဖက်မှ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် စိတ်မရှည်ဖြစ်ကာ သူ့ကို သတ်ဖြတ်ပစ်မည့် အန္တရာယ်မှလည်း လွတ်မြောက်စေမည် ဖြစ်သည်။
ဤလုပ်ရပ်ကြောင့် ခွေမုလန် ဒေါသထွကမည်ဆိုလျှင်ပင် နောက်ပိုင်းတွင် မီးလဲ့ကိုယ်တော်က အရှေ့ဧကရာဇ်’ထိုက်ယိ’ ထံသွားရောက်ပြီး စေ့စပ်ညှိနှိုင်းပေနိုင်သည်။
ထိုသို့တွေးမိသည်နှင့် တင်ကွမ်းဗုဒ္ဓက ပိုင်ဟွာရှို့ကို သတ်ဖြတ်ပြီး သူ့အသက်ကိုကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။
"ဒီမိန်းမက သူမရဲ့ ယင်ချီစွမ်းအား အပျိုစင်ဘဝကို အပြည့်အဝ ထိန်းသိမ်းထားနိုင်ဆဲပဲ... ငါ နောက်ထပ် တုံ့ဆိုင်းနေစရာ အကြောင်းမရှိတော့ဘူး..."
မကောင်းသောအတွေးများ ဝင်လာသည်နှင့်အမျှ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ စိတ်ထဲတွင် ယခင်က ရှိနေခဲ့သော စိုးရိမ်ပူပန်မှုနှင့် တွန့်ဆုတ်မှုများအားလုံး လုံးဝ ကွယ်ပျောက်သွားသည်။
ဘာပဲဖြစ်ဖြစ် ဤကိစ္စများပြီးဆုံးသွားသည်နှင့် သက်သေများအားလုံးကို ဖျက်ဆီးပြီး တာဝန်ရှိသမျှကို အမတခုံရုံးနှင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်တို့အပေါ်သာ လွှဲချလိုက်နိုင်သည် မဟုတ်လား။