အခန်း (၁၆၇၁-၁၆၇၂)
Vol. 119 Ch. 1671-1672
အခန်း (၁၆၇၁) အကျိုးအမြတ်ကိုရိတ်သိမ်း
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ မျက်ဝန်းအစုံတွင် ကောက်ကျစ်ယုတ်မာမှုများဖြင့် ပြည့်နက်နေသည်။
သူ လှမ်းကြည့်လိုက်တော့ ခွေမုလန်၊ ခြင်္သေ့နတ်ဘုရား နှင့် အခြားသော မဟာနတ်မိစ္ဆာများမှာ အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များနှင့် အပြင်းအထန် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့က ဗုဒ္ဓဘာသာကျင့်ကြံသူများကို တားဆီးနိုင်ခဲ့သော်လည်း တိုက်ပွဲထဲတွင် ပိတ်မိလျှက် ရုန်းကန်နေကြရသည်။
သို့သော် ခွေမုလန်မှာ ပိုင်ဟွာရှို့အတွက် စိုးရိမ်နေသည်ဖြစ်ရာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓထံမှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ မတည်မငြိမ်ဖြစ်နေသည်ကို ချက်ချင်းပင် သတိပြုမိသွားသည်။
ခွေမုလန် ဘာဖြစ်မှန်းမသိသည့်တိုင် ထိုနေရာသို့ အာရုံစိုက်မိသွားသည်။
သို့ပေသိ ဗုဒ္ဓဘာသာကိုယ်တော်အုပ်စုတစ်စုက သူ့ကိုဝိုင်းရံပိတ်ဆို့ထားလေရာ ခွေမုလန်မှာ ထိုဝိုင်းရံမှုကို ထိုးဖောက်ထွက်ပြီး ပိုင်ဟွာရှို့ရှိရာသို့ သွားရောက်နိုင်ခဲ့ခြင်း မရှိပေ။
ခွေမုလန် ရောက်မလာနိုင်ကြောင်း တွေ့မြင်သည်နှင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ နောက်ဆုံးကျန်ရှိနေသေးသည့် စိုးရိမ်စိတ်များမှာ လုံးဝ ပျောက်ကွယ်သွားပြီး ၊ သူက အပြာရောင်ဝတ်မိန်းမပျိုကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ထိုအချိန် ဗလာနယ်ထဲတွင် ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုပုံရိပ်က မတည်မငြိမ်ဖြစ်နေသည့် ဗုဒ္ဓအလင်းတန်းရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်လာလေသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ထွက်ပေါ်လာပြီး ထိုပုံရိပ်ကို ကြားဖြတ်ဟန့်တားလိုက်သည်။
ရန်ကျောက်ကဲ သေချာစွာ အကဲခတ်လိုက်တော့ ထိုပုံရိပ်က အနီရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားကြောင်း တွေ့ရသည်။
ထိုသူက အညိုရောင်မျက်နှာ ၊ ဆင်စွယ်ရောင်ဆံပင်များကိုပိုင်ဆိုင်ထားသည်။
သူ့တွင် ဦးခေါင်း(၃)လုံးနှင့် လက်(၆)ဖက် ပါရှိပြီး ရွှေရောင်မျက်လုံးရှိသော ကုလားအုတ်တစ်ကောင်ကို စီးနင်းထားသည်။
သူ၏ပုံပန်းသဏ္ဌန်က ထိုက်စွေ့ကောင်းကင်ဘုံအရှင်’ယင်ကျောက်’ နှင့် ဆင်တူလေသည်။
တစ်ဖက်လူ၏ပုံပန်းသဏ္ဌန်ကို တွေ့မြင်သည်နှင့် မည်သူနှင့်ရင်ဆိုင်နေရကြောင်း ရန်ကျောက်ကဲ ချက်ချင်း ရိပ်မိသွားသည်။
“ဒါ... ကပ်ဘေးရောဂါကောင်းကင်ဘုံအရှင်ပဲ”
သူ၏အမည်က “လုယွဲ့” ဖြစ်သည်။
ရှေးခေတ်ကာလတွင် သူက စန့်ချင်အဆက်အနွယ် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး နဂါးကိုးကောင်ကျွန်းတွင် ကျောက်ဂူအိမ်တော်တည်ဆောက်ကာ စံမြန်းနေထိုင်ခဲ့သူအဖြစ် ထင်ရှားသည်။
သူပိုင်ဆိုင်သည့် ရတနာပစ္စည်းများသည်လည်း အလွန်တရာ ကျော်ကြားသည်ပင်။
လောကီကောင်ကင်စည်းတံဆိပ် ၊ ကပ်ဘေးရောဂါခေါင်းလောင်း ၊ ကူးစက်ရောဂါအလံရှည်နှင့် ကပ်ဘေးဓားတို့မှာ အလွန်နာမည်ကျော်ကြားသည်။
နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် လုယွဲ့သည်လည်း မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်သို့ ဝင်ရောက်ခဲ့ပြီး “ကပ်ဘေးရောဂါကောင်းကင်ဘုံအရှင်” ဆိုသောဘွဲ့အမည် အပ်နှင်းခြင်းခံရသည်။
သူသည်လည်း မဟာကပ်ဘေးကာလတွင် နတ်ဘုရားများအပ်နှင်းခြင်းမှ လွတ်မြောက်သွားပြီး ဖြောင့်မတ်ခြင်းနတ်ဘုရား’ယွိဟွမ်လုန်’ နှင့်အတူ အမတခုံရုံးသို့ ဝင်ရောက်ခဲ့သည်။
သူက အဖြူရောင်ကြာပန်းသုခဘုံနှင့် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ပြီး အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့သူ ဖြစ်၏။
သူ ဤနေရာတွင် ရုတ်တရက်ပေါ်လာခြင်းက ရန်ကျောက်ကဲအတွက် အံ့အားသင့်စရာ ဖြစ်စေသည်။
အဘယ်ကြောင့်ဆိုသော အမတခုံရုံးက အဖြူရောင်ကြာပန်းသုခဘုံကို အသေအလဲ ခုခံနေရသည်ဖြစ်ရာ အဖြူရောင်ကြာပန်းသုခဘုံအနေဖြင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို ဤနေရာသို့ စေလွှတ်နိုင်သည်အထိ အင်အားပိုလျှံနေသေးသော်လည်း အမတခုံရုံးကတော့ လုယွဲ့ကို ဤနေရာသို့ စေလွှတ်နိုင်သည်အထိ အင်အားများသည် မဟုတ်ပေ။
ဟုတ်ပေ၏။
ပိုင်ဟွာရှို့ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်က ကြိုတင်အကွက်ချ စီစဉ်ထားပုံရသည်။
အဓိကအားဖြင့် အမတခုံရုံးက ဤနေရာတွင် တပ်ဖွဲ့များခွဲထုတ်ထားခြင်းမှာ နောက်ကွယ်မှ လုယွဲ့ စီစဉ်နေခြင်း ဖြစ်နိုင်သည်။
သို့သော် ရန်ကျောက်ကဲက ကြားဖြတ်ဟန့်တားလိုက်ရာ လုယွဲ့ ကြည့်မကောင်းလောက်အောင် အကြီးအကျယ် မျက်နှာပျက်သွားရသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နတ်မိစ္ဆာအသွင်ဖြစ်သော်လည်း သူ၏မူလမျက်နှာကိုတော့ ပြသထားသည်။
ထိုမျက်နှာက ရန်ကျောက်ကဲကိုယ်တိုင်၏မျက်နှာလောက် နာမည်မကြီးသော်လည်း လူသိများသည့် မျက်နှာတစ်ခုပင် ဖြစ်၏။
လုယွဲ့က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏မျက်နှာကိုမြင်လိုက်သည်နှင့် ချက်ချင်းပင် ဇာစ်မြစ်ကိုသိရှိသွားသည်။
ရန်ကျောက်ကဲ၏ကိုယ်ပွား ဤနေရာတွင် ထွက်ပေါ်လာခြင်းက တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း လုယွဲ့ နားလည်လိုက်သည်။
သို့ပေသိ သူ၏အစီအစဉ်က လေးမှလွှတ်သော မြားတစ်စင်းပမာဖြစ်လေရာ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
သူက ရွှေရောင်မျက်လုံးရှိသော ကုလားအုတ်ထက်မှ ခုန်ဆင်းလိုက်သည်။
ထို့နောက်...
“တိုက်...”
သူ အမိန့်ပေးလိုက်သည်နှင့် ကုလားအုတ်က မိုးကြိုးလျှပ်စီးနှင့် မီးတောက်မီးလျှံများမှုတ်ထုတ်ကာ ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအား တိုက်ခိုက်လိုက်၏။
လုယွဲ့ကတော့ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓနှင့် ပိုင်ဟွာရှို့တို့ထံသို့ ဆက်လက်ချဉ်းကပ်သွားသည်။
ရွှေရောင်မျက်လုံးပါသော ကုလားအုတ်က မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် မယှဉ်နိုင်ပေ။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခန္ဓာကိုယ် အနည်းငယ်ကိုင်းညွှတ်လိုက်ရာ ညာဘက်ပခုံးထက်မှ မျောက်ဝံပုံစံတက်တူးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကြီးမားသော နတ်မိစ္ဆာမျောက်ဝံကြီးတစ်ကောင်၏ပုံရိပ် ထွက်ပေါ်လာသည်။
မဟာသူတော်စင်ရွှေခန္ဓာက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိပြီး နက်နဲသည့် သိုင်းပညာရပ်များစွာကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် 'ချီထျန်းမဟာသူတော်စင်' က တိုက်ခိုက်ရေး အလွန်ကျွမ်းကျင်သူ ဖြစ်၏။
နတ်မိစ္ဆာမျောက်ဝံကြီးက သူ၏ခန္ဓာကိုယ်အား တစ်ချက်ခါယမ်းလိုက်ပြိး ဟင်းလင်းပြင်ထဲသို့ ခုန်ဝင်သွားလေရာ လုယွဲ့မှာ အလွယ်တကူ ရှေ့ဆက်၍ မရတော့ပေ။
လုယွဲ့က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏လက်(၆)ဖက်မှ တစ်ဖက်ကိုပင့်မြှောက်လိုက်သည်။ သူ့လက်ထဲတွင် အလံရှည်တစ်ခုပေါ်လာပြီး မဟာသူတော်စင်ရွှေခန္ဓာရှိရာသို့ ဝှေ့ယမ်းလိုက်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ အသွင်ပြောင်းထားသည့် မဟာသူတော်စင်ရွှေခန္ဓာမှာ နေရာမှာပင် ရုတ်တရက် အေးခဲသွားသည်။
အလံရှည်မှ ထွက်ပေါ်လာသည့်စွမ်းအားက မဟာသူတော်စင်ရွှေခန္ဓာကို အားနည်းသွားစေပြီး စွမ်းအားကိုကျဆင်းစေကာ လှုပ်ရှားမှုများကိုလည်း နှေးကွေးသွားစေသည်။
အားနည်းသွားသည့်ခံစားချက်မှာ အစပိုင်းတွင် မပြင်းထန်သော်လည်း တဖြည်းဖြည်း ပိုမိုသိသာထင်ရှားလာသည်။ အဆုံးသတ်မှာတော့ သက်ရောက်မှုများ ပေါင်းစည်းသွားပြီး မဟာသူတော်စင်ရွှေခန္ဓာကို သိသိသာသာ ထိခိုက်စေခဲ့သည်။
အလံရှည်၏သက်ရောက်မှုစွမ်းအား စုပုံလာခြင်းမှာ ပေါင်းထည့်ခြင်းပုံစံမျိုးမဟုတ်ဘဲ အမြှောက်ကိန်းဖြင့် တိုးပွားလာခြင်းမျိုး ဖြစ်၏။
မကြာမီမှာပင် အားနည်းစေသည့်သက်ရောက်မှုက ပိုမိုပြင်းထန်လာသည်။
ရှေးယခင်ကတည်းကပင် လုယွဲ့က ဤစွမ်းအားကို အသုံးပြုပြီး ရန်သူများစွာကို အနိုင်ယူခဲ့ပြီး ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် သူ့ကိုယှဉ်နိုင်သူ အလွန်နည်းပါးသည်။
သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည်ပင် သူ့ကို ရှောင်ရှားလေ့ ရှိကြသည်။
အဘယ်ကြောင့်ဆိုသော ကပ်ရောဂါဖြင့် အားနည်းစေတတ်သော သက်ရောက်မှုမှာ ကြာရှည်စွာတည်ရှိနေပါက နောက်ဆုံး လုယွဲ့လက်ချက်ဖြင့် အသက်ပျောက်မည်ကို သိနေကြသောကြောင့် ဖြစ်၏။
ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရားတစ်ပါးကို ထိခိုက်အောင်လုပ်နိုင်ရန် ခဲယဉ်းသော်လည်း လုယွဲ့၏ ကပ်ဘေးရောဂါကတော့ ကောင်းကင်နတ်ဘုရားများကိုပင် တိုက်စားသွားနိုင်စွမ်း ရှိသည်။
လုယွဲ့အနေဖြင့် ကျင့်ကြံခြင်းအဆင့်ကွာဟချက်ကို ကျော်ဖြတ်ပြီး ကြီးကြီးမားမား ထိခိုက်ပျက်ဆီးအောင် မလုပ်ဆောင်နိုင်သော်လည်း ကောင်းကင်နတ်ဘုရားများကို အတိုင်းအတာတစ်ခုအထိ အားနည်းသွားအောင်တော့ လုပ်ဆောင်နိုင်သည်။
ဤသို့ ထူးဆန်းပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ကျင့်စဉ်စွမ်းအားမှာ အလွန်ရှားပါးပြီး ဒဏ္ဍာရီဆန်လွန်းသည်ပင်။
မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်ခဲ့သော လုယွဲ့က သူတော်စင်မ'ကျင်းလင်' ၊ ခုနစ်စဉ်ကြယ်အကြီးအကဲဖြစ်သော ’တာ့လော်ကျီ’ ၊ မိုးကြိုးလျှပ်စီးအကြီးအကဲဖြစ်သော ‘ဝန်ကျုန်း’ တို့နှင့် တစ်တန်းတည်းထားနိုင်လောက်အောင် စွမ်းအားကြီးမားသူ ဖြစ်သည်။
ဟုတ်ပေ၏။
သူက လက်ရှိတွင် ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်နေသည့်အတွက် လမ်းမှန်တာအိုဝါဒ ကောင်းကင်နတ်ဘုရားများထက်တော့ အဆင့်နိမ့်နေသေးသည်ပင်။
မည်သို့ပင်ဖြစ်စေ ချီထျန်းမဟာသူတော်စင်ဆိုသည်ကလည်း တူညီသောကျင့်ကြံခြင်းအဆင့်တွင် စွမ်းအားအကြီးဆုံး ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
မြေကြီးအမြုတေကျောက်တုံး၏ တန်ခိုးစွမ်းအား မပါရှိသဖြင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင်သာ ရှိနေသည့်တိုင် ထိုမျောက်မင်း၏ရုပ်ခန္ဓာက ရန်သူများစွာကို အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်နေသေးသည်။
ရုပ်ခန္ဓာသန်မာလေ လုယွဲ့၏ကပ်ရောဂါကို ခုခံနိုင်လေ ဖြစ်၏။
တစ်နည်းဆိုရသော် ထိုမျောက်ဝံမိစ္ဆာသည်ပင် လုယွဲ့အတွက် ကပ်ဘေးတစ်ခုပမာ ဖြစ်နေပေသည်။
လုယွဲ့က ပြင်ပတာအိုကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးဖြစ်သူဖြစ်သည်။
မဟုတ်ပါက သူ၏အလံရှည်ဝှေ့ယမ်းရုံဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မဟာသူတော်စင်ရွှေခန္ဓာကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
လုယွဲ့သာ ကောင်းကင်နတ်ဘုရားမဟုတ်ဘဲ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ရှိနေပါက အမြင့်ဆုံးပညာရပ်ဖြစ်သည့် ယင်ယန်နက်ရှိုင်းပညာရပ်ကို ကျင့်ကြံထားသော”ယန်ကျန်း” ၊ ရတနာကြာပန်းနတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားသော”နီကျား” တို့နှင့် ရင်ဆိုင်ရသကဲ့သို့ မဟာသူတော်စင်ရွှေခန္ဓာကို အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ဟုတ်ပေသည်။
ယခုလည်း လုယွဲ့၏ ကပ်ဘေးရောဂါစွမ်းအားက အကန့်အသတ်ရှိနေပေသည်။
မျောက်မင်းက မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်ပြီး သွားများကိုဖြီးကာ ဟိန်းဟောက်လိုက်သည်။
သူ၏ရွှေရောင်အမွှေးများအားလုံး ထောင်တက်သွားပြီး မွေးညင်းပေါက်များမှ မီးလျှံပမာပြင်းထန်သော သန်မာသည့်ချီစွမ်းအားများ ထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် နေမင်းပေါင်းတစ်ထောင် တပြိုင်တည်းထွက်ပေါ်လာသည့်အလား မျောက်မင်း၏ ပြင်းထန်သော ချီစွမ်းအားနှင့် သွေးစွမ်းအားများက ကပ်ဘေးရောဂါကို အပြင်းအထန် ခုခံလိုက်သည်။
ဤသည်ကိုမြင်တော့ လုယွဲ့က ကူးစက်ရောဂါအလံရှည်နှင့် ကပ်ဘေးဓားကိုအသုံးပြုပြီး တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်မှာပင် လုယွဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓနှင့် ပိုင်ဟွာရှို့တို့ရှိနေသည့်နေရာတွင် လူရိပ်တစ်ခု ပေါ်လာသောကြောင့် ဖြစ်၏။
ထိုလူရိပ်ကို သူက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက်ပင် ပိုမို ရင်းနှီးနေသည်။
ဟုတ်ပေ၏။
ထိုလူရိပ်သည်ကား ရန်ကျောက်ကဲ ကိုယ်တိုင်ပင် ဖြစ်သည်။
ရန်ကျောက်ကဲက အကျိုးအမြတ်များကို ရိတ်သိမ်းလိုက်ပြီး လုယွဲ့ဘက်သို့လှည့်ကာ အေးဆေးစွာ လက်ပြနှုတ်ဆက် စကားဆိုလိုက်သည်။
“မင်း ဘယ်လိုပဲ အစီအစဉ်ဆွဲထားဆွဲထား... ငါ့ဘက်က ကြိုတင်ပြီး ကျေးဇူးတင်စကားဆိုပါရစေ”
အခန်း (၁၆၇၂) မင်းကိုပျောက်ကွယ်သွားအောင်လုပ်ပစ်မယ်
ခွေမုလန်တစ်ယောက် အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ပိတ်ဆို့တိုက်ခိုက်မှုအား ရုန်းထွက်ပြီး ပိုင်ဟွာရှို့ကိုကယ်တင်ရန် လှုပ်ရှားလိုက်ချိန်တွင် အခွင့်ကောင်းစောင့်နေသည့် ရန်ကျောက်ကဲကလည်း အချိန်တန်ပြီဖြစ်ကြောင်း သိရှိလိုက်သည်။
ခွေမုလန်က ပိုင်ဟွာရှို့ကို တစ်လျှောက်လုံး အာရုံစိုက်နေခဲ့ခြင်း ဖြစ်၏။
သူ၏စိုးရိမ်စိတ်က သူ့ကိုလှုပ်ရှားလာစေသည့်အခါ အခြေအနေများက မလွဲဧကန် ပိုမိုတင်းမာလာတော့မည်ဖြစ်ကြောင်း ရန်ကျောက်ကဲ အသေအချာ သိရှိလိုက်သည်။
ဤသို့သောအခြေအနေမျိုးတွင် အလှည့်အပြောင်းများအတွက် သူ့ဘက်မှ အသင့်ပြင်ထားမှ ဖြစ်ပေမည်။
ခွေမုလန်က ပိုင်ဟွာရှို့ကို ဖမ်းခေါ်လာပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ သတင်းလက်ခံရရှိပြီး ရန်ကျောက်ကဲကိုယ်တိုင် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
သူတွေးထားသည့်အတိုင်းပင် ခွေမုလန်နှင့် ခြင်္သေ့နတ်ဘုရားတို့က ပိုင်ဟွာရှို့ကို တရားအလင်းပေးရန်အတွက် အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါးကို ခေါ်ဆောင်လာခဲ့ကြသည်။
ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်သည့်ဖြစ်စဉ်တွင် အရှုပ်အထွေးများစွာ ဖြစ်ပေါ်ခဲ့ပြီး အနောက်ဘက်သူတော်စင်ဘုံမှ ကျွမ်းကျင်သူများ ရောက်ရှိလာကြသည်။
တစ်ချိန်တည်းမှာပင် ပိုင်ဟွာရှို့ကို ဗုဒ္ဓရောင်ခြည်အလင်းတန်း ပေးအပ်ခြင်းမှာလည်း အတားအဆီးများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
အခွင့်အရေးရလောက်ပြီဟု ခံစားရချိန် ရန်ကျောက်ကဲက တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။
အမတခုံရုံးမှ ကပ်ဘေးရောဂါကောင်းကင်ဘုံအရှင် ထွက်ပေါ်လာချိန်တွင် ရန်ကျောက်ကဲက ဤနေရာသို့ ရောက်ရှိနှင့်နေပြီ ဖြစ်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လုယွဲ့ကို ဟန့်တားထားပြီး ရန်ကျောက်ကဲအစစ်ကတော့ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓနှင့် ပိုင်ဟွာရှို့တို့ ရှိရာနေရာသို့ ရောက်ရှိသွားသည်။
ရန်ကျောက်ကဲက မတည်မငြိမ်ဖြစ်နေသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းကို တစ်ချက်မတုံ့ဆိုင်းဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ကောင်းကင်ဖွင့်ကျမ်းစာကို ကျင့်ကြံထားသည့် သူ၏လက်ဖဝါးက စကြာဝဠာကိုပင် ဖန်ဆင်းနိုင်စွမ်းရှိလေရာ ဗုဒ္ဓရောင်ခြည်အလင်းတန်းမှာ အပိုင်းပိုင်းအစစ ပျက်ဆီးသွားသည်။
ဗုဒ္ဓရောင်ခြည်အလင်းတန်းအတွင်းမှ အဖြူရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။
ကြာပန်းထက်တွင် ရွှေခန္ဓာပိုင်ဆိုင်ထားသည့် ဗုဒ္ဓတစ်ပါး တင်ပျဉ်ခွေထိုင်လျှက် လက်အုပ်ချီထားပြီး ၊ သူ၏လက်ဖဝါးအတွင်းမှ ရောင်စုံဒြပ်စင်စွမ်းအားများ ထွက်ပေါ်နေသည်။
ရောင်စုံဒြပ်စင်စွမ်းအားများထဲတွင် အပြာရောင်ဝတ်မိန်းမပျိုမှာ ဝေဝါးသည့်မျက်ဝန်းများဖြင့် ရှိနေသည်။ သူမ၏မျက်ဝန်းများက အသက်မဲ့နေပြီး ခုခံလိုစိတ် လုံးဝ ပျောက်ဆုံးနေပုံရသည်။
သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ယုံကြည်ခြင်းရတနာအလင်းတန်းများဖြင့် ပြည့်နက်နေသော်လည်း ဗုဒ္ဓ၏လက်ဖဝါးထဲမှ ရောင်စုံဒြပ်စင်စွမ်းအားကိုတော့ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
ထိုဗုဒ္ဓကိုတွေ့သည်နှင့် ရန်ကျောက်ကဲ ချက်ချင်းမှတ်မိသွားသည်။
"တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓပဲ..."
ပြိုင်ဘက်၏ လှုပ်ရှားမှုများကိုကြည့်ရင်း ရန်ကျောက်ကဲမှာ မျက်လုံးများ လှန်မိမတတ် ဖြစ်သွားရ၏။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ ပိုင်ဟွာရှို့ကို တရားအလင်းပေးသည့် လုပ်ငန်းစဉ်တွင် အခက်အခဲအချို့နှင့် ကြုံတွေ့နေရပုံ ပေါ်သည်။
သို့သော်လည်း တင်ကွမ်းဗုဒ္ဓ၏ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် ထိုဗုဒ္ဓကက ပိုင်ဟွာရှို့၏အသက်ဓာတ်စွမ်းအားများကို အတင်းအကျပ်နှုတ်ယူနေကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။
"တော်တော်လေး ရှုပ်ထွေးတဲ့ကိစ္စပဲ..."
ရန်ကျောက်ကဲ ခေါင်းရှုပ်သွားရသည်။
“ခွေမုလန်က ပိုင်ဟွာရှို့ကို ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူဖြစ်လာအောင် တရားအလင်းပေးဖို့ အကူအညီတောင်းထားတာ... မင်းကတော့ သူ့လင်ငယ်လုပ်နေတာလား”
ရန်ကျောက်ကဲ ရုတ်တရက် ပေါ်လာသည်ကို တွေ့မြင်သည်နှင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ တုန်လှုပ်သွားသည်။
သူက ပိုင်ဟွာရှို့ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် ရန်ကျောက်ကဲကို ရိုက်ချလိုက်၏။ ရန်ကျောက်ကဲ၏ မျက်ဝန်းအစုံမှာ ဝေဝါးသွားပြီး သူ့ရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။
လေထုထဲတွင် ငှက်ငယ်လေးများ ပျံဝဲလျှက် တေးသီဆိုနေကြပြီး မျက်နှာချေနံ့သာရနံ့များက လေထဲလွင့်ပျံလျှက် ရှိသည်။
ရန်ကျောက်ကဲ၏မျက်စိရှေ့တွင် ပန်းရောင်ခြယ်သော ကမ္ဘာတစ်ခု ထွက်ပေါ်လာသည်။
သူ့နားထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်နေသော ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ရပ်တန့်သွားပြီး အလွန်အမင်းတပ်မက်ဖွယ်ကောင်းသော တေးသံသများ ထွက်ပေါ်လာသည်။
ထိုအသံများက ကျယ်လောင်ခြင်းမရှိသော်လည်း လူတစ်ယောက်၏ စိတ်နှလုံးအတွင်းသို့ စူးနစ်ဝင်ရောက်သွားကာ အလိုဆန္ဒများ မထိန်းချုပ်နိုင်လောက်အောင် တောင်လောင်လာစေပြီး ကာမဆန္ဒကို လှုံ့ဆော်ပေးနေသည်။
ရန်ကျောက်ကဲ တစ်ချက်ပြုံးလိုက်ပြီး ‘ကောင်းကင်ခွင်းလှံရှည်’ ကို ဆင့်ခေါ်ကာ သူ့အရှေ့မှ ပန်းရောင်ကမ္ဘာကို တစ်ချက်တည်းဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ခုတ်ပိုင်းပစ်လိုက်သည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ခေါင်းကိုက်သွားရသည်။
ထိုအချိန် ဝတ်ရုံဝါနတ်မိစ္ဆာက ဝိုင်းရံထားမှုကို ဖောက်ထွက်ပြီး သူ့ထံသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိာလသည်ကို မျက်လုံးထောင့်စွန်းမှတစ်ဆင့် တွေ့မြင်လိုက်ရသည်။
ခွေမုလန်က အခြေအနေမဟန်ကြောင်း ရိပ်မိသွားသည်နှင့် အနောက်ဘက်သူတော်စင်ဘုံမှ ကိုယ်တော်များကို ထိုးဖောက်ပြီး ဤနေရာသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုအချိန် တင်ကွမ်းဗောဓိသတ္တ စိုးရိမ်ပူပန်လာသည်။
သူက ရန်ကျောက်ကဲအား တည်ကြည်လေးနက်သည့် မျက်နှာအမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။
“ကရုဏာရှင်ဖြစ်သော ဗုဒ္ဓ”
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ဗုဒ္ဓကျမ်းစာများ စတင်ရွတ်ဖတ်လိုက်ရာ သူ၏ဗုဒ္ဓရောင်ခြည်အလင်းတန်းက ပိုမိုတောက်ပလာသည်။
အရောင်အသွေးစုံလင်သည့် ဖန်သားပုတီးစေ့များပမာ တောက်ပသည့်အလင်းတန်းများက ရောင်စုံဒြပ်စင်စွမ်းအားနှင့် ပေါင်းစပ်သွားပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ ကိုယ်ပွားတစ်ခု ဖြစ်တည်လာသည်။
ထို့နောက် အလင်းတန်းများ ဆက်တိုက်လည်ပတ်လျှက် အလွန်တရာကြီးမားသော ရုပ်တုကြီးတစ်ခု ထွက်ပေါ်လာသည်။
သို့သော် ထိုရုပ်တုကြီးက အလွန်တရာ ထူးဆန်းလှသည်။
ယောကျ်ားနှင့် မိန်းမ ခန္ဓာကိုယ်နှစ်ခုက မျက်နှာချင်းဆိုင်အနေအထားဖြင့် တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားပြီး ယောကျ်ားဖြစ်သူ၏မျက်နှာက ဘီလူးများ ဘေးဘက်သို့ ခေါင်းစောင်းကြည့်သည့်ပမာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ယောကျ်ားဖြစ်သူ၏ရင်ခွင်ထဲတွင်ရှိနေသော မိန်းမပျိုက အဝတ်အစားကင်းမဲ့နေသည်။
သူမ၏ခန္ဓာကိုယ်က အမျိုးသားတိုင်း၏နှလုံးသားကို တုန်လှုပ်စေပြီး စိတ်ဆန္ဒများကို ပွက်ပွက်ဆူလာစေနိုင်သည်အထိ လှပတင့်တယ်လွန်းသည်။
သို့သော် ထိုမိန်းကလေးပုံရိပ်ကတော့ ကြောက်မက်ဖွယ်ရာမကောင်းဘဲ ကျက်သရေရှိပြီး တည်ကြည်လေသည်။
အမျက်ဒေါသမီးလျှံများကလည်း ရုပ်တုကို ဖုံးလွှမ်းလျှက် ရှိ၏။
ထိုရုပ်တုကိုတွေ့မြင်သည်နှင့် တပ်မက်မှုဆန္ဒများသာမက စိတ်ပျက်အားငယ်ဖွယ် အချည်းနှီးဖြစ်သော ခံစားချက်များပါ လွှမ်းမိုးသွားစေသည်။
ရန်ကျောက်ကဲပင်လျှင် အနည်းငယ် စိတ်အာရုံ လွင့်ပါးသွားပြီး သူ၏အတွေးများ ထိခိုက်ခံလိုက်ရသည်။
တစ်ယောက်ကိုတစ်ယောက် ဖက်တွယ်ထားသည့် ယောကျ်ားပျိုနှင့် မိန်းမပျိုက ရန်ကျောက်ကဲဘက်သို့ လှည့်ကြည့်လာပြီး လက်ဖဝါးနှစ်ဖက်ဖြင့် ပြိုင်တူရိုက်ချလိုက်ကြသည်။
လက်ဝါးရိုက်ချက်တစ်ခုက ကြီးကျယ်ခမ်းနားပြီး တည်ကြည်သော်လည်း အလွန်ကြမ်းတမ်းပြင်းထန်သည်။
နောက်ထပ်လက်ဝါးရိုက်ချက်ကတော့ လိုချင်တပ်မက်စိတ်ဆန္ဒကို လှုံ့ဆော်နေသည့်တိုင် အလွန်အမင်း အထီးကျန်ပြီး အချည်းနှီးဖြစ်သည့် ခံစားချက်ကို ပေးစွမ်းသည်။
လောကဆန်ခြင်းနှင့် လောကကိုကျော်လွန်ခြင်း သဘောတရားများ ရောယှက်နေသည့် ထိုတိုက်ခိုက်မှုက ရေဝဲဂယက်တစ်ခုပမာ လည်ပတ်လျှက် ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
“အရင်တုန်းက ကောင်းကင်နတ်ဘုရားအဆင့်ထိ ရောက်ခဲ့ဖူးတာ တကယ့်ကို ထိုက်တန်ပါတယ် ၊ မင်းက ဗုဒ္ဓကျမ်းစာတွေကိုလေ့လာပြီး အကောင်းဆုံးပညာတွေကို ကောက်နုတ်သုံးစွဲထားတာပဲ ၊ ပြင်ပကျင့်ကြံသူဖြစ်သွားတဲ့တိုင် အထင်သေးလို့မရဘူးပဲ”
ရန်ကျောက်ကဲက စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ချီကျူးကားဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် စိတ်ဝိညာဉ်သရဖူ စုစည်းလာပြီး ခေါင်းလောင်သံပမာ အသံတစ်မျိုး ထွက်ပေါ်လာသည်။
'ယွိချင်' အဆက်အနွယ်၏ 'မူလကောင်းကင် ကျမ်းစာ(၃)စောင်' ပေါင်းစည်းသွားပြီး နက်နဲသည့်ပညာရပ်များက မူကနဦး ကမ္ဘာဦးအစကို ဖော်ဆောင်ပေးလိုက်သည်။
မိုးနှင့်မြေ မွေးဖွားခြင်း လျှို့ဝှက်ချက်များ ၊ အဆုံးမရှိသော အံ့သြဖွယ်ရာတာအိုတရားများနှင့် အမြင့်ဆုံးသော တန်ခိုးစွမ်းအားများကို ထုတ်ဖော်ပြလိုက်သည်သည်။
တန်ခိုးစွမ်းအား အားလုံး ပေါင်းစည်းသွားသည်နှင့် ရန်ကျောက်ကဲက “မူလပရမ်းပတာ ကောင်းကင်ဖွင့်လှစ်ခြင်း” စွမ်းအားကို ဆင့်ခေါ်လိုက်ပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ၏ “အချည်းနှီးပျော်ရွှင်ခြင်းလက်ဝါးသိုင်း” အား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
လမ်းမှန်ဗုဒ္ဓဘာသာမှ တရားအလင်းရရှိထားသည့် “ပတ္တမြားတံခွန်ဗုဒ္ဓ” သည်ပင် ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို အလေးအနက်ထားပြီး ရင်ဆိုင်ခဲ့ရသည်။
ယခု အမတခုံရုံး၏ ယုံကြည်ခြင်းရတနာအလင်းတန်းဖြင့် ဖိနှိပ်ခံထားရသည့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအနေဖြင့် ရန်ကျောက်ကဲ၏တိုက်ကွက်ကို မည်သို့တားဆီးနိုင်ပါမည်နည်း။
ကနဦးကောင်းကင် ဖန်ဆင်းခြင်းစွမ်းအားတို့ ပါဝင်နေသည့် ရန်ကျောက်ကဲ၏တိုက်ခိုက်မှုက တင်ကွမ်းဗုဒ္ဓ၏ လက်ဝါးရိုက်ချက်ကို တစ်စစီဖြစ်သွားအောင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
သူ၏တိုက်ကွက်က လက်ဝါးရိုက်ချက်ကိုသာမက ပုံရိပ်ယောင်ခန္ဓာနှစ်ခုကိုပါ အပိုင်းပိုင်း အက်ကွဲသွားစေသည်။
ဘီလူးတစ်ကောင် ဘေးတစောင်းကြည့်နေသည့် ဟန်ပန်နှင့် ယောကျ်ားပျိုရော တင့်တယ်လှပသော မိန်းမပျိုပါ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်အောက်တွင် ပျက်သုဉ်းသွားရသည်။
ရန်ကျောက်ကဲ၏တိုက်ကွက်က အရာအားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည့်အလားပင်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ အစွမ်းကုန်တိုက်ခိုက်လိုက်သည့်တိုင် ရန်ကျောက်ကဲ၏စွမ်းအားရောင်ဝါကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။
ရန်ကျော်ကဲကလည်း တိုက်ခိုက်မှုအရှိန်အဟုန်ကိုမလျှော့ဘဲ တင်ကွမ်းဗုဒ္ဓအား အရှိန်ပြင်းစွာ ရိုက်ချလိုက်သည်။
ရတနာပစ္စည်းများဖြင့်ပင် ကောင်းကင်နတ်ဘုရားအဆင့်ကို ထိခိုက်အောင်လုပ်ရန် ခဲယဉ်းလှသည်။
ထို့ကြောင့် ရန်ကျောက်ကဲ၏ရိုက်ချက်က တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓအား အရှက်တကွဲဖြစ်သွားစေသည့်တိုင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရစေခြင်း မရှိခဲ့ပေ။
ထိုအချိန် အဝေးမှ ခွေမုလန်သည်လည်း အလျှင်အမြန် ချဉ်းကပ်လာနေသည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ ပိုင်ဟွာရှို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရတနာအလင်းတန်းများနှင့် ချုပ်ကိုင်ခံထားရပြီး ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကိုလည်းခံရသဖြင့် အတော်လေး စိတ်ဒုက္ခရောက်နေရသည်။
"နောက်ဆုတ်လိုက်စမ်း..."
သူက ပိုင်ဟွာရှို့ကို ဆွဲကိုင်ထားရင်း ရန်ကျောက်ကဲအား အော်ဟစ်လိုက်သည်။
တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓက ရန်ကျောက်ကဲနှင့် ပိုင်ဟွာရှို့တို့အကြား မည်သည့်ဆက်စပ်မှုမှ မရှိကြောင်း သိရှိထားသည်။
ထို့ကြောင့် ရန်ကျောက်ကဲ ဤကိစ္စကို ဝင်ရောက်စွက်ဖက်နေခြင်းမှာ ပိုင်ဟွာရှို့နှင့် ခွေမုလန်တို့၏ ဆက်သွယ်မှုကြောင့်သာ ဖြစ်ရမည်ဟု သူတွေးဆမိသည်။
ရန်ကျောက်ကဲနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ခွေမုလန်နှင့် ရင်ဆိုင်ရသည်ဖြစ်စေ ပိုင်ဟွာရှို့က သူ့လက်ထဲရောက်နေသည့် အရေးကြီးဆုံး အာမခံပစ္စည်း ဖြစ်သည်။
ထိုအချိန် ရန်ကျောက်ကဲဘေးနားတွင် ဗုံတစ်လုံးပေါ်လာသည်။
သူက တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓထံသို့ လျှောက်လှမ်းသွားရင်း ဗုံကိုတီးခတ်လိုက်သည်။ ဗုံသံပေါ်ထွက်လာသည်နှင့် တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓ ခဏမျှ မှင်တက်ငေးငိုင်သွားရသည်။
ထို့နောက်မှာတော့ သူ့လက်ထဲတွင်ရှိနေသော ပိုင်ဟွာရှို့မှာ ရန်ကျောက်ကဲလက်ထဲသို့ ရောက်ရှိသွားလေသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက 'မူလပရမ်းပတာတူ' ကို ဆင့်ခေါပြီး အားပြင်းပြင်းဖြင့် ရိုက်ချလိုက်ရာ တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓမှာ ဘူးသီးခြောက်တစ်လုံးပမာ လွင့်စင်ထွက်သွားတော့၏။