အပိုင်း (၁၆၀)
Vol. 004 Ch. 160
သည်အခြေအနေ အတိုင်းသာ ဆက်သွားလျှင် ကျဲတုန်လေ့အတွက် အခြေအနေ မကောင်းပေ။ ဝင်္ကပါသည် ၂နာရီသာ အသုံးပြု၍ ရနိုင်မည်ဖြစ်ပြီး အချိန်တစ်ဝက် ကုန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူက ဘာလုပ်သင့်သလဲ ဆိုတာကို သေချာ စဉ်းစား လိုက်သည်။
သူက ဝမ်လင်းအား တိုက်ခိုက်နိုင်ရန် အတွက် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ၁၀ယောက်ကို သုံး၍ ခဏတာ တားဆီးထားရန် စီစဉ်ထားခဲ့၏။ သို့သော်လည်း အဓိက အချိန်ရောက်မှ ထိုအမြုတေ ဖွဲ့တည်ခြင်း အဆင့်များသည် ဝမ်လင်းက အလွန် ကြောက်ရွံ့ နေကြသည်။ ထို့ကြောင့် အမြုတေ အဆင့်များအား နောက်သို့ ပြန်ဆုတ်စေပြီး သူကိုယ်တိုင် လှုပ်ရှား ရတော့သည်။ သို့သော် ဝမ်လင်းက ဝင်္ကပါအဓိက အားနည်းချက်ကို ရှာတွေ့သွား၏။
ယခုအချိန်တွင် သူက ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေသို့ ရောက်နေ လေသည်။
ဝမ်လင်းက သူ့ကို ကြည့်ပြီး လီမူဝမ်ကို ဆွဲခေါ်ကာ နောက်သို့ ပေ၁၀၀ကျော် ဆုတ်သွား၏။ သူ၏မျက်နှာပေါ်မှ လှောင်ပြောင်သည့် အမူအရာကလည်း ပိုမို ပီပြင် လာသည်။
ကျဲတုန်လေ့က သက်ပြင်းချပြီး နဂါးခေါင်းပေါ်သို့ ခုန်တက်သွားကာ ပြောလိုက်သည်… “ထားလိုက်တော့… ဒီအဘိုးကြီးက အရှုံးပေးတယ်…”
ပြောပြီးသည်နှင့် နဂါးခေါင်းပေါ်တွင် ဖနောင့် ပေါက်လိုက်ရာ သူ၏ ကိုယ်တွင်းမှ စိတ်စွမ်းအင်များ နဂါး၏ ခန္ဓာကိုယ်တွင်းသို့ ပြန်လည် စီးဝင်သွား၏။
နဂါး မျက်လုံး အတွင်းမှ အလင်းရောင် ကလည်း ပိုမို တောက်ပ လာသည်။ စိတ်စွမ်းအင်များ အားလုံး ပြန်ပေးပြီးသည်နှင့် ကျဲတုန်လေ့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့မျက်နှာတွင် နာကျင်သည့် အမူအရာက ပေါ်လာ၏။
တဖြည်းဖြည်းနှင့် နာကျင်နေသည့် အမူအရာနှင့်အတူ သူ၏ ခန္ဓာကိုယ်ကလည်း ကျုံ့ဝင်သွား၏။ သူက မူလ အရွယ်အစားသို့ ပြန်လည် ရောက်ရှိ သွားသောအခါ သူက နဂါးခေါင်းပေါ်တွင် ဒူးထောက် လိုက်သည်။ သူ၏ အသက်ကလည်း ၁၀ခန့် ကြီးသွားသကဲ့သို့ အိုစာသွား၏။ သူက ခေါင်းကို မော့ပြီး အားနည်းနေသည့် အသံဖြင့် ပြောလိုက်သည်… “ဒီအဘိုးကြီးက အရှုံးကို ဝန်ခံပါတယ်… ဒီနေ့ကစပြီး မင်း ဘာပဲပြောပြော ငါ အကုန် လုပ်ပေးပါ့မယ်… ဒါက တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့် တံဆိပ်ပြားပဲ…”
ပြောပြီးသည်နှင့် သူ၏တုန်ယင်နေသော လက်ဖြင့် ခရမ်းရောင် တြိဂံပုံ တံဆိပ်ပြားကို ထုတ်ယူပြီး ဝမ်လင်းဆီသို့ ရောက်စေရန် စိတ်စွမ်းအင် အနည်းငယ် ထည့်သွင်း၍ ပစ်ပေး လိုက်သည်။
ဝမ်လင်း၏ မျက်လုံးက အရောင်လက် သွားပြီး ကျဲတုန်လေ့ကို ကြည့်လိုက်သည်။ ပြီးနောက် တံဆိပ်ပြားကို ကြည့်ပြီး လီမူဝမ်ကို ဆွဲခေါ်ကာ နောက်သို့ အလျင်အမြန် ဆုတ်သွား၏။
ဝမ်လင်း၏ ခန္ဓာကိုယ်က နောက်ဆုတ် သွားသည်နှင့် ကျဲတုန်လေ့၏ ပုံရိပ်က ဝမ်လင်း ရပ်နေသည့် နေရာတွင် ပေါ်လာပြီး ဓားစွမ်းအင် အလင်းတန်း အဖြစ်သို့ ပြောင်းကာ ဝမ်လင်းဆီသို့ တိုးဝင် သွား၏။
ဝမ်လင်း၏ အမြန်နှုန်းက အလွန် လျင်မြန် သော်လည်း ဓားပျံ၏ အမြန်နှုန်းနှင့်တော့ မယှဉ်ပြိုင်နိုင်ချေ။ နောက်သို့ ပေ၃၀ခန့် ဆုတ်ပြီးသောအခါ ဓားက ဝမ်လင်းဆီသို့ ရောက်လာသည်။
ဓားပျံက ဝမ်လင်း၏ ရင်ဘတ်ကို ဖောက်ဝင် သော်လည်း နဂါးအရေခွံ ကိုယ်ကျပ်အင်္ကျီနှင့် ထိမိသောအခါ ခဏလောက် တန့်သွား၏။ ထို အခိုက်အတန့်လေးတွင် ဝမ်လင်း၏ လက်ချောင်းများက ဓား၏ ကိုယ်ထည်ကို ရိုက်ထုတ် လိုက်သည်။
ဝမ်လင်း၏ မျက်နှာက သုန်မှုန်သွား၏။ ရန်သူ၏ ဓားပျံသည် ခုခံရန် မဖြစ်နိုင်သော်လည်း တုံ့ပြန်ရန် အတွက် အချိန်အနည်းငယ် ရလိုက်ခြင်းက သူ့ကို ကံကောင်း သွားစေခဲ့သည်။ မဟုတ်လျှင် ဓားက သူ့ရင်ဘတ်ကို ဖောက်သွားမှာ အသေအချာပင်။
ဓားပျံက အနည်းငယ် တုန်သွားပြီး အလယ်မှ ၂ပိုင်း ကျိုးသွား၏။ ထိုအခါ အနက်ရောင် မီးတောက်တစ်ခုက ကျိုးသွားသည့် နေရာမှ ထွက်ပေါ်လာပြီး ဓားတစ်ချောင်းလုံးကို အမှုန့် ဖြစ်သွားစေသည်။
ထို့နောက် ဝမ်လင်းက နဂါးဦးခေါင်းပေါ်မှ ကျဲတုန်လေ့ကို အေးစက်စွာ ကြည့်လိုက်သည်။
ကျဲတုန်လေ့က နောက်တရသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်က ပြာမှုန်များ ဖြစ်သွား၏။ သူ၏နောက်ဆုံး တိုက်ခိုက်မှုသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက် တစ်ခုလည်း ဖြစ်သည်။
“ဒါ… သူက ဓားကျင့်ကြံသူပဲ…”
လီမူဝမ်၏ မျက်နှာတွင် အံ့ဩမှုများဖြင့် ပြည့်နေလေသည်။ သူမ၏ရှေ့မှ မြင်ကွင်းသည် သူမ၏ခန္ဓာကိုယ်အား တုန်ယင် သွားစေသည်။
ရှေးခေတ်အခါက ဓားကျင့်ကြံသူများ အများအပြား ရှိသော်လည်း ယခုခေတ်တွင် ကျင့်ကြံသူများသည် ဓားကို ရတနာအဖြစ်သာ အသုံးပြု ကြတော့၏။
ဓားကျင့်ကြံသူ တစ်ဦး၏ အမြန်နှုန်းနှင့် စွမ်းအားသည် သာမန် ကျင့်ကြံသူများထက် ပိုမို သန်မာ၏။ ဓားကျင့်စဉ်များ အများအပြား ရှိသော်လည်း ထိပ်တန်းအဆင့် ဓားကျင့်စဉ်နှင့် ထိပ်တန်းအဆင့် ဓားတစ်ချောင်း ကသာ ဓားကျင့်ကြံသူ၏ စွမ်းအား အစစ်အမှန် ဖြစ်သည်။
ကျဲတုန်လေ့၏ ဓားကျင့်စဉ်က ကောင်းသည့် အထဲလည်း မပါသကဲ့သို့ ဓားပျံကလည်း အရည်အသွေး မကောင်းပေ။ သူ့တွင်သာ ထိပ်တန်း ကျင့်စဉ်နှင့် ဓားပျံတစ်လက် ရှိပါက နန်ဒူမြို့ရှိ ကျင့်ကြံသူများကို မောင်းထုတ်ပြီး သူက မင်းမူ နိုင်ပေလိမ့်မည်။
ကျဲတုန်လေ့ ပစ်လွှတ်လိုက်သော ဓားက သူ၏ ရွှေအမြုတေဟု သတ်မှတ် နိုင်သည်။ သူ၏ နောက်ဆုံး တိုက်ကွက်က အားလုံးကို အံ့အားသင့် သွားစေသော်လည်း မအောင်မြင်ခဲ့ပေ။
ကျဲတုန်လေ့ သေဆုံး သွားသောအခါ မူနန်နှင့်မူပေသည် အပျော်ဆုံး ဖြစ်သည်။ သူတို့က ဝမ်လင်းရှေ့တွင် ချက်ချင်း ဒူးထောက် ချလိုက်သည်… “ရန်သူကို အောင်နိုင် သွားတဲ့ အတွက် ဂုဏ်ယူပါတယ်… ဂိုဏ်းခေါင်းဆောင်…”
ရှန့်ကွမ်းမိုသည် အရှက်မရှိသည့် ထိုညီအစ်ကိုအား စိတ်ထဲမှ ကျိန်ဆဲ လိုက်သော်လည်း သူကိုယ်တိုင်လည်း ဝမ်လင်း၏ ရှေ့သို့ ပျံသန်းသွားကာ ဦးညွှတ် အရိုအသေ ပေးလိုက်သည်။
“ဂုဏ်ယူ ဝမ်းမြောက်ပါတယ် ဆရာ … အခုဆိုရင် ဆရာက တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း ခေါင်းဆောင် ဖြစ်သွားပါပြီ…”
တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ အကြီးအကဲ ၁၀ယောက်သည်လည်း ဓားဝင်္ကပါကို ဖျက်ပြီး ဘာလုပ်ရမှန်း မသိသည့် အမူအရာဖြင့် ခဏတာ တုံ့ဆိုင်း နေပြီးနောက် အားလုံးက ဝမ်လင်းဆီသို့ ဦးညွှတ် လိုက်ကြသည်။ ထိုအဓိပ္ပာယ်ကာ အလွန် ရှင်းလင်း သိသာလှသည်။
နဂါးဝင်္ကပါမှ တပည့် တစ်သောင်းကျော် ကတော့ သူတို့၏ စိတ်စွမ်းအင် ၈၀ရာခိုင်နှုန်းခန့်ကို ကျဲတုန်လေ့မှ အသုံးပြု သွားသောကြောင့် မတ်တတ် ရပ်သည်ကိုပင် ကြိုးစား၍ ရပ်နေရသည်။ သူတို့က အကြီးအကဲများ ဦးညွှတ်သည်ကို မြင်သည်နှင့် သူတို့အားလည်း ဦးညွှတ်ပြီး ဝမ်လင်းအား ကျယ်လောင်စွာဖြင့် ကြိုဆို လိုက်ကြသည်။
ဝမ်လင်းသည် ကျဲတုန်လေ့ သေဆုံးသွားသည့် အတွက်လည်း ပျော်ရွှင်မှုကို မခံစားရပေ။ ကျင့်ကြံခြင်း လောကတွင် မှားသည်၊ မှန်သည် မရှိဘဲ အင်အား ကြီးမားသူကသာ အမှန်ဖြစ်သည်။ ကျင့်ကြံခြင်း လောကတွင် ရက်စက်တတ်ဖို့ လိုအပ်သည်။ သူသာ ဒီနေရာကို မလာခဲ့ပါက တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ လက်တုံ့ပြန်မှုများကို အကြိမ်ပေါင်းများစွာ တွေ့ကြုံ နေရမည် ဖြစ်သည်။
သူ့ကိုယ်သူ ကာကွယ်ရန် အတွက် အားလုံးအား သူက သူတို့ မရှုပ်နိုင်သည့် လူတစ်ယောက် ဖြစ်ကြောင်း သက်သေ ပြရပေမည်။ ယခုဆိုလျှင် သူ၏ စွမ်းအားကို နန်ဒူမြို့၏ ပိုင်နက် နယ်မြေအတွင်း အားလုံးက သိသွားကြလေပြီ။
သူ့ကို ဦးညွှတ်နေကြသည့် တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းမှ တပည့် တစ်သောင်းကျော်အား ကြည့်ပြီးနောက် ဝမ်လင်းက နတ်ဆိုးပင်လယ်၏ အတွင်းပိုင်းသို့ ကြည့်ကာ တွေးလိုက်သည်… “ထန်းဟွယွမ်… အင်မော်တယ်ပဲ ဖြစ်ဖြစ်… မိစ္ဆာပဲဖြစ်ဖြစ်… ငါကိုယ်တိုင် မင်းကို လက်စားချေမယ်…”
သူက အေးစက်စွာ ပြုံးလိုက်ပြီး သူ့အကြည့်က ရှန့်ကွမ်းမိုထဲသို့ ရောက်သွားကာ ပြောလိုက်သည်… “ဒီနေ့ကစပြီး မင်းက တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ…”
ရှန့်ကွမ်းမိုက အံ့အားသင့် သွားပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်ချိန်တွင် ဝမ်လင်း၏ မျက်လုံးထဲမှ အေးစက်မှုများက မြင်သွားပြီး ချက်ချင်း ခေါင်းညိတ် လိုက်သည်။
“ငါ့အတွက် အခန်းတစ်ခန်း စီစဉ်ပေးပါ … ငါ တံခါးပိတ် ကျင့်ကြံဖို့ လိုတယ်…” ဝမ်လင်းက လီမူဝမ်အား ဆွဲခေါ်ပြီး တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းဆီသို့ ပျံသန်း သွားလိုက်၏။
အခန်းတစ်ခန်းကို ချက်ချင်း ပြင်ဆင် ပေးလိုက်သည်။ ထိုအခန်းသည် ကျဲတုန်လေ့၏ အခန်းဖြစ်ပြီး နဂါးဦးခေါင်း၏ အထဲတွင် ရှိ၏။ ဝမ်လင်းက အခန့်တွင် ခြေချိတ်ထိုင်ပြီး လီမူဝမ်အား ကြည့်ကာ ပြောလိုက်သည်… “ငါ တံခါးပိတ် ကျင့်ကြံပြီးတာနဲ့ မင်းကို အိမ်ပြန် ပို့ပေးမယ်… ဒီမတိုင်ခင်အထိ မင်း လွတ်လွတ်လပ်လပ် နေနိုင်တယ်…”
ပြောပြီးသည်နှင့် သူက မျက်လုံးကို ပိတ်ပြီး ကျင့်ကြံ လိုက်သည်။
လီမူဝမ်က အချိန် တော်တော် ကြာအောင် စိုက်ကြည့်ပြီးနောက် သူမက ပြောလိုက်သည်… “ကျေးဇူး တင်ပါတယ်…”
ထိုစကားကို ပြောလိုက်သည့် အချိန်တွင် သူမ၏နှလုံးသားထဲတွင် တင်းကျပ်သွား သကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူမက နောက်လှည့်ပြီး အခန်းထဲမှ ထွက်သွား၏။
သူမ ထွက်သွားသည်နှင့် ဝမ်လင်းက မျက်လုံးကို ဖွင့်လိုက်သည်။ ယခုအချိန်တွင် သူ၏မျက်လုံးထဲ၌ အေးစက်မှုများ မရှိတော့ဘဲ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။ စိတ်ရှုပ်ထွေးမှုက ပိုမို ကြီးမားလာပြီး ယခင်က အဖြစ်အပျက်များကို ပြန်မြင်ယောင်ကာ စိတ်ထဲတွင် ဝမ်းနည်း လာသည်။
“ထေ့ကျူး … မင်းက မငယ်တော့ဘူး … မင်းနဲ့ ရွယ်တူတွေဆိုရင် လွန်ခဲ့တဲ့ နှစ်တွေ ကတည်းက အိမ်ထောင်ကျ ကုန်ကြပြီ… ဒါကြောင့် မင်း နောက်တစ်ခါ အိမ်ပြန်လာရင် မင်း ကြာကြာ နေရမယ်… အမေ့အနားကို လာပါဦး… ဒီမှာကြည့်စမ်း… မင်းကြိုက်တဲ့သူ ရှိရင် ငါတို့ မင်းနဲ့ နေရာချထားပေးမလို့…”
“ကောင်စုတ်လေး… မင်းနဲ့ သက်တူ ရွယ်တူတွေဆိုရင် ကလေးတွေရလို့ အဲဒီကလေးတွေက ရွာထဲမှာတောင် ပြေးလွှား ကစားနေကြပြီ…”
“မိန်းမ … ဘာလို့ ဒီကိစ္စတွေကို စိုးရိမ်နေတာလဲ… ငါတို့သားက အင်မော်တယ် တစ်ယောက်လေ… အင်မော်တယ် ဆိုတာကို မင်း နားလည်ရဲ့လား… သူက သာမန် သေမျိုး တစ်ယောက်ကို ဘယ်လိုလုပ် ဇနီးအဖြစ် သတ်မှတ် နိုင်ပါ့မလဲ… ထေ့ကျူးက မင်းအတွက် အင်မော်တယ် ချွေးမတစ်ယောက်ကို ခေါ်လာ ပေးလိမ့်မယ်…”
“အင်မော်တယ် ချွေးမက ဘာကောင်းလို့လဲ.. အင်မော်တယ် တစ်ယောက်က အိမ်ကို ငါးနှစ် တစ်ခါတောင် ပြန်မလာနိုင်ဘူး… ငါ့မှာသာ အင်မော်တယ် ချွေးမတစ်ယောက် ရှိရင် သူတို့က ၁၀နှစ်နေလို့ တစ်ကြိမ်တောင် ပြန်လာမှာ မဟုတ်ဘူး…”
“ကောင်းပြီ… မင်းအဖေရဲ့ စကားကို ငါ နားထောင်လိုက်မယ်… ဒီအမေက မင်းခေါ်လာမဲ့ ချွေးမကို စောင့်ကြည့် လိုက်ဦးမယ်…”
“အမေ … စိတ်ချပါ… အမေ့ရဲ့သားက အမေ့အတွက် ချွေးမကောင်းလေး တစ်ယောက် ရှာလာပေးမှာပါ…”
တဖြည်းဖြည်းနှင့် ဝမ်လင်း၏ မျက်လုံးမှ သွေးစီးကြောင်း နှစ်ခုက စီးကျလာသည်။ သူ၏လက်ကလည်း တင်းကျပ်စွာ လက်သီးဆုပ် ဆုပ်ထား၏။ အချိန်တော်တော် ကြာပြီးနောက် ဝမ်လင်းက သွေးမျက်ရည်များကို သုတ်ပစ်လိုက်ပြီး တစ်ဖက်မှ နံရံကို လက်သီးဖြင့် ထိုးချလိုက်သည်။ နဂါး၏ပါးစပ်ကို ပိတ်ထားသဖြင့် မည်သည့် အသံမှ အပြင်သို့ ထွက်မလာပေ။
ထို့နောက် ဝမ်လင်းက သူ့ဘေးတွင် ဝင်္ကပါတချို့ ချထားလိုက်ပြီး သူ့စိတ်ထဲမှ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို အာရုံစိုက် လိုက်၏။ သူ၏ခန္ဓာကိုယ်က ရုတ်တရက် အခန်းထဲမှ ပျောက်ကွယ်သွားပြီး ‘အပြစ်ပေးခြင်း’ ဆိုသည့် စကားလုံးတောင်မှ ပျောက်ကွယ် သွားသည်။
သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ အတွင်းသို့ ဝင်သွားသည်နှင့် ရှန့်ကွမ်မိုသည် ဝမ်လင်း၏ အော်ရာ ပျောက်သွားသည်ကို ခံစားမိပြီး တုန်ယင် သွား၏။
တိတိကျကျ ပြောရလျှင် သူ၏ဝိညာဉ် အဆီအနှစ် သွေးစက်က အစအန ရှာမရအောင် ပျောက်ကွယ် သွားသည်ကို ခံစားမိလိုက်ခြင်း ဖြစ်သည်။ ထိုအဖြစ်က သူ့အား အံ့ဩသွားစေပြီး လေထဲသို့ ပျံတတ်သွား၏။ သူက အနီးအနား တစ်ဝိုက်တွင် ပျံသန်း လိုက်ပြီးနောက် သူ့မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာ တစ်ခုက ပေါ်လာသည်။
လီမူဝမ်သည် နဂါးဦးခေါင်းမှ ဆင်းလာပြီး နောက်တွင် ရုတ်တရက် အံ့ဩ သွားသော်လည်း နဂါး ဦးခေါင်းဆီသို့ ပြန်လှည့် ကြည့်ပြီး သက်ပြင်း ချလိုက်၏။
ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ အိပ်မက်နယ်မြေ အတွင်းတွင် စစ်ထူနန်၏ ဝိညာဉ်က လေထဲတွင် မျောနေပြီး သူ၏ မျက်လုံးများက ပိတ်ထားကာ စိတ်စွမ်းအင်များက သူ၏ ခန္ဓာအတွင်းတွင် စီးဆင်းနေသည်။ သူ၏ဘေးတွင် ခပ်မှိန်မှိန်လေး လင်းနေသော အဖြူရောင် အလင်းနှစ်ခု ရှိနေသည်။
ဝမ်လင်းက စဦးဝိညာဉ်၏ အောက်တွင် ရပ်လိုက်ပြီး အလင်းနှစ်ခုကို ကြည့်ကာ ဒူးထောက် ချလိုက်သည်။
“အမေ … ထေ့ကျူးက အမေတို့ နှစ်ယောက်အတွက် ချွေးမကောင်း တစ်ယောက်ကို ကျိန်းသေ ရှာလာပေးမှာပါ… ဒါပေမဲ့ အခုတော့ အချိန်မကျသေးဘူး…”
အချိန် တော်တော် ကြာပြီးနောက် ဝမ်လင်းက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး စစ်ထူနန်၏ စဦးဝိညာဉ်ကို မော့ကြည့် လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ရှိနေပြီး သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်… “စစ်ထူ… မင်းလည်း စိတ်ချ လက်ချ နေပါ… ငါ အခု အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်ပြီ… ငါ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်တာနဲ့ မင်းကို အပြင်ထုတ် ပေးမှာပါ… ပြီးတော့ မင်းအတွက် ခန္ဓာကိုယ် တစ်ခုကိုလည်း ရှာပေးမယ်… ဒါက ငါ့ရဲ့ကတိပဲ…”
ပြောပြီးသည်နှင့် ဝမ်လင်းက ထရပ်ပြီး စစ်ထူနန်အား ဦးညွှတ် လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က အိပ်မက်နယ်မြေထဲမှ ပျောက်ကွယ် သွား၏။
***