အခန်း ၉၁၆
Vol. 62 Ch. 916
အပိုင်း ( ၉၁၆ ) ခွဲထုတ်ပြီး ချေမှုန်းခြင်း
ဆန်နီ မြင်တွေ့ခဲ့ရသလောက်ဆိုရင်တော့.. အိပ်မက်ဆိုး သားရဲအုပ်စု နှစ်စုလုံးဟာ အန္တာတိက စစ်ဆင်ရေး အစောပိုင်းတုန်းက သူ့ရဲ့ အဖွဲ့သားတွေ အမြစ်ပြတ် သုတ်သင်ခဲ့ရတဲ့ မျက်လုံးမပါတဲ့ သားရဲအုပ်ကြီးလိုမျိုး အားကောင်းကြပါတယ်..။ ပထမ အုပ်စုမှာ သတ္တဝါ အရေအတွက် နှစ်ရာနီးပါး ပါဝင်ပြီး.. အများစုက နိုးထမူ အဆင့်တွေ ဖြစ်ကြကာ သူတို့ကို ဦးဆောင်နေတဲ့ ကျရှုံးမှုအဆင့် ဆယ်ဂဏန်းလောက်လည်း ရှိနေပါသေးတယ်..။
ဒုတိယ အုပ်စုကတော့ အဝေးတစ်နေရာမှာ ရှိနေခဲ့ပြီး..အရွယ်အစားသေးငယ်ကာ အရေအတွက် ငါးဆယ်ထက် မပိုခဲ့ပေ..။သို့ပေမဲ့ အဲဒီသတ္တဝါ အားလုံးက ကျရှုံးမှုအဆင့်တွေ ဖြစ်နေတဲ့အပြင်.. သူတို့ထဲမှာ ပျက်ပြားခြင်းအဆင့် လေးကောင်တောင် ပါဝင်နေခဲ့ပါတယ်..။
ဒီသားရဲအုပ်တွေကို တစ်စုစီ ခွဲပြီး တိုက်ခိုက်ရတာက ခက်ခဲလိမ့်မယ် ဆိုပေမဲ့.. မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..။ ဒါပေမဲ့ သူတို့ကိုသာ အင်အားချင်း ပူးပေါင်းခွင့် ပေးလိုက်မယ်ဆိုရင်တော့… ဘာတွေဖြစ်လာမလဲဆိုတာ ဆန်နီလည်း မတွေးရဲတော့ပေ..။
အိပ်မက်ဆိုး သားရဲတွေဟာ တစ်ကောင်နဲ့တစ်ကောင် အပြန်အလှန် ကိုက်ဖြတ် ဖျက်ဆီးကြလိမ့်မယ်လို့ သူ့နှလုံးသားထဲမှာ မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့ပေမဲ့.. အခုလို အခြေအနေမျိုးမှာတော့ ဒါက မဖြစ်နိုင်သလောက်ပါပဲ..။ ဒီသားရဲမျိုးနွယ်စု နှစ်ခုကြားမှာ ဘယ်လိုပဲ ရန်ငြိုးတွေ ရှိနေပါစေ.. လူသားတွေကို ဝါးမြိုချင်တဲ့ သူတို့ရဲ့ ရူးသွပ်တဲ့ အလိုရမ္မက်ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး..။ အနီးအနားမှာ ကာကွယ်မဲ့နေတဲ့ အရပ်သား ရာပေါင်းများစွာ ရှိနေတာကြောင့်.. အဲဒီသွေးဆာမှုတွေဟာ သူတို့ရဲ့ သွေးကြောတွေထဲမှာ မီးလျှံတွေလိုမျိုး စီးဆင်းနေကြပါပြီ။
တိုက်ပွဲကတော့ မလွဲမသွေ ဖြစ်လာတော့မှာပါ..။
မေးခွန်းကတော့… သူ့အနေနဲ့ ဒီတိုက်ပွဲကို ဘယ်လိုပုံစံ ဆင်နွှဲရမလဲ ဆိုတာပါပဲ..။
အကောင်းဆုံး ဖြေရှင်းနည်းကတော့ သားရဲတွေရဲ့ အရှိန်အဟုန်နဲ့ တိုက်ခိုက်မှုကို ကျဉ်းမြောင်းစေတဲ့ တောင်ပေါ်လမ်းပေါ်မှာရှိတဲ့ ယာဉ်တန်းအနီးမှာပဲ တားဆီးပိတ်ဆို့ထားဖို့ပါပဲ..။ ဒီနေရာမှာဆိုရင် ရန်သူတွေဟာ သူတို့ရဲ့ သာလွန်တဲ့ အရေအတွက် အားသာချက်ကို အသုံးချဖို့ နေရာမရှိတာကြောင့်.. ကာကွယ်သူတွေအနေနဲ့ သူတို့ကို တစ်ကောင်ချင်းစီ ရင်ဆိုင်သွားလို့ ရနိုင်ပါတယ်..။
ဒါပေမဲ့ အိပ်မက်ဆိုး သားရဲတွေက ဆင်ခြင်တုံတရားနဲ့ မိမိကိုယ်ကို ကာကွယ်လိုစိတ် ပြင်းပြတဲ့အရာတွေ မဟုတ်ကြပါဘူး..။ သူတို့ဟာ ရူးသွပ်စွာ တိုးဝှေ့လာကြမှာ ဖြစ်ပြီး.. ဆန်နီနဲ့ သူ့ရဲ့ အဖွဲ့သားတွေကို အလောင်းပုံကြီးတွေအောက်မှာ မြှုပ်နှံပစ်နိုင်ပါတယ်..။ သူတို့ထဲက ဘယ်လောက်များများ အခုတ်ခံရမလဲ ဒါမှမဟုတ် တောင်ကြားရဲ့ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားမလဲဆိုတာက သူတို့အတွက် အရေးမကြီးပါဘူး..။သူတို့အတွက်တော့ လူသားတွေရဲ့ အသားကို စားသုံးနိုင်ဖို့သာ အဓိကပါ..။
ထပ်ပြောရရင်.. ဒီသားရဲတွေမှာ ဘယ်လို ထူးဆန်းတဲ့ စွမ်းအားတွေ ရှိနေလဲဆိုတာကို သူ မသိတာကြောင့်.. ယာဉ်တန်းကို ထိခိုက်ပျက်စီးမှု မရှိစေရဘူးလို့ သူ အာမခံချက် မပေးနိုင်ပါဘူး..။
ဒါပေမဲ့ အရေးကြီးဆုံးကတော့…
ဆန်နီအနေနဲ့ သားရဲအုပ် နှစ်ခုကို လုံးဝ ပူးပေါင်းခွင့် မပေးနိုင်တာပါပဲ..။ လျင်မြန်ပြီး ပြတ်သားတဲ့ အောင်ပွဲ ရရှိဖို့အတွက် သူမြင်နေရတဲ့ တစ်ခုတည်းသော အခွင့်အရေးကတော့.. အဲလိုကိစ္စ မဖြစ်လာခင်မှာပဲ သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ပါပဲ..။
ဒါကြောင့် အထူးတပ်ဖွဲ့ဝင်တွေအနေနဲ့ ရှေ့ကို ဆက်တိုးပြီး.. ရှေ့မှာရှိတဲ့ ကျယ်ပြန့်တဲ့ ချိုင့်ဝှမ်း စစ်တလင်းပေါ်မှာ ရန်သူကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်..။ ဒုတိယ သားရဲအုပ် ရောက်မလာခင်မှာပဲ ပထမ အုပ်စုကို ချေမှုန်းပစ်ရမှာ ဖြစ်သလို.. ဒါမှမဟုတ်ရင်လည်း နှစ်ဖွဲ့လုံးကို တစ်ချိန်တည်းမှာပဲ ဘယ်လိုနည်းနဲ့မဆို ထိန်းထားရမှာပါ..။ မဟုတ်ရင်တော့ လူတွေအများကြီး သေဆုံးကုန်ပါလိမ့်မယ်..။
‘ ချီးတဲ့မှပဲ ’
ရိုင်နိုက ရပ်တန့်သွားခဲ့ပြီ ဖြစ်တာကြောင့်.. သူ့နောက်ကနေ မောင်းနှင်လာတဲ့ ယာဉ်တွေကိုလည်း လိုက်ပြီး ရပ်တန့်လိုက်ကြပါတယ်..။ APC ယာဉ်က လမ်းတစ်ခုလုံးကို ပိတ်ဆို့ထားတာကြောင့်.. သူတို့ ကျော်တက်ချင်ရင်တောင်မှ ကျော်တက်လို့ မရပါဘူး..။ ဆန်နီနဲ့ သူ့လူတွေကတော့ အပေါ်ဘက် ထွက်ပေါက်ကနေတဆင့် အမိုးပေါ်ကို တက်လှမ်းခဲ့ကြပြီး.. အောက်ကို ခုန်ချလိုက်ကြတယ်..။
မကြာခင်မှာပဲ ဂီရီ ရဲ့ တုန်ရီနေတဲ့ အသံက လက်ကိုင် ရေဒီယို စပီကာကနေ ထွက်ပေါ်လာခဲ့ပါတယ်..။
“ကပ္ပတိန် ဆန်းလပ်စ်.. နောက်ထပ် အတားအဆီး ရှိနေလို့လား..”
ဆန်နီ ခနလောက် တိတ်ဆိတ်သွားပြီးမှ.. တည်ငြိမ်တဲ့ လေသံနဲ့ ပြန်လည် ဖြေကြားလိုက်တယ်..။
“မဟုတ်ပါဘူး.. ရှေ့မှာ ပြဿနာ ရှိနေတယ်.. စစ်သားတွေကို နေရာချပြီး ယာဉ်တန်းကို ကာကွယ်ဖို့ ပြင်ဆင်ထားပါ..။ကျွန်တော့်အဖွဲ့က ရန်သူကို ရင်ဆိုင်ဖို့ ရှေ့ကို တက်သွားရလိမ့်မယ်..။ ဒါပေမဲ့ တကယ်လို့ အရာတစ်ခုခုက ကျွန်တော်တို့ကို ကျော်ဖြတ်သွားခဲ့ရင်တော့.. အဲဒါကို တားဆီးဖို့က ခင်ဗျားနဲ့ ခင်ဗျားလူတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်..”
စိတ်မကောင်းစရာကတော့.. ဂီရီ လုပ်နိုင်တာ အများကြီး မရှိပါဘူး..။ သူတို့မှာ အိပ်စက်သူ တစ်ယောက် နဲ့.. ဘန်ကာကနေ မထွက်ခွာခင် ဆမ်မာရာက ထောက်ပံ့ပေးခဲ့တဲ့ စွမ်းအင်ဖြည့် ကျည်ဆန် အနည်းငယ်ပဲ ရှိပါတယ်..။ ကျည်ဆန်မှာ ပါဝင်တဲ့ စွမ်းအင်တွေက လုံးဝ ပျောက်ကွယ်သွားဦးမှာ မဟုတ်တာကြောင့်.. သူတို့မှာ တိုးမြှင့်မှု စွမ်းရည်ပါတဲ့ ကျည်ဆန်အချို့ကို အသုံးပြုဖို့ နာရီအနည်းငယ်ပဲ အချိန်ကျန်ပါတော့တယ်..။
ဒါပေမဲ့ အဲဒါက အကုန်ပါပဲ..။ အကာအကွယ် ချပ်ဝတ်တွေတောင် မရှိဘဲနဲ့တော့.. သာမန်စစ်သားတွေဟာ အိပ်စက်သူ အဆင့်ထက် မြင့်မားတဲ့ အိပ်မက်ဆိုး သားရဲတွေကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး..။
ခနလောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ ဂီရီရဲ့ ပြန်လည်ဖြေကြားသံ ထွက်ပေါ်လာခဲ့ပါတယ်..။
“…နားလည်ပါပြီ..”
‘ဘာလုပ်ရမလဲ.. ဘာလုပ်ရမလဲ…’
ဆန်နီဟာ ရှေ့ကို ကြည့်ရင်း.ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ အများအပြားကို စိတ်လှုပ်ရှားစွာနဲ့ စဉ်းစားနေခဲ့တယ်။သူက.. အန္တရာယ်တွေကို တွက်ချက်ကာ ယာဉ်တန်းအတွက် ဘေးအန္တရာယ် မကျရောက်စေမယ့် နည်းလမ်းကို ရှာဖွေဖို့ ကြိုးစားနေခဲ့ပါတယ်..။ သူ ဘယ်လိုပဲ တွေးကြည့်ပါစေ.. သူတို့ဘက်က အခြေအနေ အသာစီးရဖို့အတွက် အရာတစ်ခုခုကိုတော့ စွန့်လွှတ်ရမှာပါ..။
သူ့ရဲ့ ဦးနှောက်က အစွမ်းကုန် အလုပ်လုပ်နေပေမဲ့.. ဆုံးဖြတ်ချက်တစ်ခုကိုတော့ မချနိုင်သေးပါဘူး..။
မကြာခင်မှာပဲ.. သူက အံကို ကြိတ်လိုက်ပြီး အထူးတပ်ဖွဲ့ဝင်တွေကို ရှေ့ဆက်တိုးဖို့ အမိန့်ပေးလိုက်ပါတယ်..။ သူတို့က အေးစက်တဲ့ တိတ်ဆိတ်မှုထဲမှာ ဆီးနှင်းတွေကို ဖြတ်သန်းပြီး ရှေ့ကို ပြေးတက်သွားခဲ့ကြတယ်..။ သေးငယ်တဲ့ ချိုင့်ဝှမ်းဆီကို ရောက်ဖို့ အချိန်အများကြီး မကြာလိုက်ပါဘူး..။ အိပ်မက်ဆိုး သားရဲတွေရဲ့ ပထမ အုပ်စုက တောင်ပေါ်ကနေ ဆင်းမလာခင်မှာပဲ သူတို့က ချိုင့်ဝှမ်းအစွန်းကို ရောက်ရှိသွားခဲ့ပါတယ်..။ ဒါပေမဲ့ ကပ်သီလေး ပါပဲ..။ သူတို့မှာ တစ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက်ပဲ အချိန်ကျန်တော့တာပါ..။
ဒုတိယ သားရဲ အုပ်စုကတော့ မြင့်မားတဲ့ တောင်စောင်းတစ်ခုရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေဆဲ ဖြစ်ပြီး.. အနည်းငယ် ကွာဝေးတဲ့ နေရာမှာ ရှိနေပါသေးတယ်..။
သူတို့ရဲ့ ရှေ့မှာတော့ ကျယ်ပြန့်ပြီး ဘာမှမရှိတဲ့ နေရာလွတ်တစ်ခု ရှိနေခဲ့တယ်..။ အဲဒီနေရာက ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းပြီး ညီညာပြန့်ပြူးနေခဲ့ပါတယ်..။ ဒါကတော့ ချိုင့်ဝှမ်းရဲ့ အစိတ်အပိုင်း အများစုကို တောင်ပေါ် ရေအိုင်တစ်ခုက နေရာယူထားလို့ ဖြစ်ပြီး.. အခုတော့ အန္တာတိက မှာ ရှည်လျားတဲ့ ညအချိန် ရောက်ရှိနေတာကြောင့် ရေခဲနေခဲ့တာပါ..။
ဒီနေရာကတော့ သူတို့ တိုက်ပွဲဝင်ရမယ့် နေရာပါပဲ..။ မကြာခင်မှာပဲ.. သန့်စင်နေတဲ့ ဆီးနှင်းမျက်နှာပြင်ဟာ သွေးတွေနဲ့ စွန်းထင်သွားပါလိမ့်မယ်..။ အိပ်မက်ဆိုး သားရဲတွေရဲ့ သွေးတွေ ဖြစ်ဖို့ မျှော်လင့်ရပေမဲ့.. လူသားတွေရဲ့ သွေးတွေလည်း ဖြစ်သွားနိုင်ပါပဲ..။
ဆန်နီက သူ့ရဲ့ စစ်သားတွေကို မြင့်မားတဲ့ ကျောက်တုံးကြီးတွေရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေဖို့ အမိန့်ပေးလိုက်ပြီး.. သူကိုယ်တိုင်လည်း ကျောက်တုံးကြီးတစ်ခုရဲ့ အပေါ်ကို တက်လိုက်တယ်..။ ပြီးတာနဲ့ သူက [မော်ဂန်ရဲ့ စစ်ပွဲလေး] ကို ဆင့်ခေါ်လိုက်ပြီး မျက်လုံးတွေကို ခနလောက် မှိတ်ထားခဲ့ပါတယ်..။
သူက လုံလောက်အောင် အားမကောင်းသေးပါဘူး..။ သူ့လက်ထဲမှာလည်း အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေက နည်းပါးလွန်းနေခဲ့တယ်..။ ဒီ သောက်ကျိုးနဲ စစ်ပွဲက တကယ်ကို မတရားတာပါ..။
တစ်ယောက်ယောက်က ပိုပြီးကြီးမားတဲ့ သားရဲအုပ်ကို တားဆီးရမှာ ဖြစ်သလို..တစ်ခြား တစ်ယောက်ကလည်း သေးငယ်ပေမယ့် အစွမ်းထက်တဲ့ သားရဲအုပ်ကို အချိန်ဆွဲထားရမှာပါ..။ တစ်စုံတစ်ယောက်က ရှေ့ကို တက်သွားရမှာ ဖြစ်သလို.. ကျန်တဲ့ တစ်ယောက်ကလည်း နောက်မှာ ကျန်ခဲ့ပြီး ယာဉ်တန်းကို ကာကွယ်ရပါလိမ့်မယ်..။
တစ်စုံတစ်ခုကို အဆုံးရှုံးမခံဘဲနဲ့တော့ ဒီရည်မှန်းချက်တွေ အားလုံးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်း လုံးဝမရှိပါဘူး..။ ဆန်နီက ဘယ်လို ဆုံးဖြတ်ချက်မျိုးကို ချရမလဲဆိုတာ သိနေရင်တောင်မှ.. အဲဒီဆုံးဖြတ်ချက်ကို ချဖို့ကတော့ မလွယ်ကူပါဘူး..။
‘…တောင်းပန်ပါတယ်.. သူတော်စင်..’
သူ့ရဲ့ သစ္စာရှိတဲ့ နတ်မိစ္ဆာကတော့ သူမရဲ့ ဘေးမှာ အိပ်မက်ဆိုး တစ်ကောင်တည်းနဲ့ပဲ ဒုတိယ သားရဲအုပ်ကို ရင်ဆိုင်ပြီး.. သူ့ရဲ့ လစ်ဟင်းမှုတွေကို ဖြည့်ဆည်းပေးရတော့မှာပါ..။ သူက သူတို့နှစ်ယောက်ကို အားဖြည့်ပေးဖို့ အရိပ်တစ်ခုတောင်မှ မပေးလိုက်နိုင်ပါဘူး..။ အရိပ်တစ်ခုက ယာဉ်တန်းကို စောင့်ကြည့်နေရပြီး.. ကျန်တဲ့ သုံးခုကိုတော့ သူကိုယ်တိုင် အသုံးပြုဖို့ လိုအပ်နေလို့ပါ..။
သူတော်စင်က အမြဲတမ်း ထူးချွန်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ဖူးပေမဲ့.. သူမတစ်ယောက်တည်းနဲ့ ကျရှုံးမှုအဆင့် ငါးဆယ်နဲ့ ပျက်ပြားခြင်းအဆင့် သားရဲသုံးကောင်ကို ရင်ဆိုင်ဖို့ကတော့ မဖြစ်နိုင်တဲ့အရာပါ..။ အနက်ရောင် မြင်း ကတော့ အကူအညီ ဖြစ်စေမှာ သေချာပါတယ်..။ အထူးသဖြင့် အခုဆိုရင် သူက အိပ်မက်ဆိုး အများအပြားကို အောင်နိုင်ထားပြီ ဖြစ်ပေမဲ့.. အခြေအနေကတော့ သူတို့ဘက်မှာ အသာစီး မရှိခဲ့ပါဘူး..။ တကယ်လို့ ရန်သူကို သူတို့နဲ့ပဲ ရင်ဆိုင်ဖို့ ပစ်ထားလိုက်မယ်ဆိုရင်တော့.. အရိပ်နှစ်ခုစလုံးဟာ နောက်ဆုံးမှာ ပျက်စီးသွားပါလိမ့်မယ်..။
ဒါကြောင့် အမြန်နှုန်းက အရေးကြီးဆုံး ကိစ္စရပ်ပါပဲ..။ တကယ်လို့ အထူးတပ်ဖွဲ့ဝင်တွေက ကြီးမားတဲ့ သားရဲအုပ်ကို မြန်မြန်ဆန်ဆန် ချေမှုန်းနိုင်ခဲ့ရင်.. သူတို့က သူတော်စင်ကို ကယ်တင်ဖို့ သွားနိုင်ပါလိမ့်မယ်..။
မဟုတ်ရင်တော့…
ဆန်နီအနေနဲ့ သူ့ရဲ့ အရိပ်တွေကို ဆုံးရှုံးရမယ့် အန္တရာယ်ကို ရင်ဆိုင်ရမှာ ဖြစ်သလို.. ဒါမှမဟုတ်ရင်လည်း အရိပ်တွေကို ပြန်ရုပ်သိမ်းလိုက်ပြီး.. နှစ်ဖက်ညှပ် တိုက်ခိုက်ခြင်းကို ခံရကာ အထူးတပ်ဖွဲ့ဝင်တွေရဲ့ အသက်အန္တရာယ်ကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်..။
“ကင်မ်.. ငါ မင်းရဲ့ အကူအညီ လိုအပ်တယ်..”
သူက စိတ်မကောင်းစွာနဲ့ သက်ပြင်းချလိုက်ပြီး.. လေးကို မြှောက်ကာ လေးကြိုးကို ဆွဲတင်လိုက်ပါတယ်..။
အပိုင်း ( ၉၁၆ ) ပြီး၏။