အခန်း ၉၁၇
Vol. 62 Ch. 917
အပိုင်း ( ၉၁၇ ) အနက်ရောင် လျှာ သားရဲ များ
လမရှိတဲ့ ညအမှောင်ထဲမှာ အနက်ရောင် မြှားတစ်စင်းဟာ တိတ်ဆိတ်စွာ ဖြတ်သန်းသွားပြီး.. ဖြူဖွေးနေတဲ့ ဆီးနှင်းတွေထဲကို အစအနမကျန် ပျောက်ကွယ်သွားခဲ့ပါတယ်..။ ပြီးတော့ နောက်ထပ် တစ်စင်း..။ ဆန်နီက သားရဲအုပ်ကြီး ရောက်မလာခင်မှာ ဖြစ်နိုင်သမျှ မြှားအရေအတွက် အများကြီးကို ပစ်လွှတ်ဖို့ ကြိုးစားနေခဲ့တာပါ..။
နောက်ဆုံးမှာတော့.. သူ လေးကြိုးကို ဆယ့်လေးကြိမ် ဆွဲတင်နိုင်ခဲ့ပါတယ်..။
သူတော်စင်ကို သွားရောက်ကယ်တင်ရမယ်.. ကယ်တင်ဖို့လည်း အချိန်ရလိမ့်မယ်လို့ မျှော်လင့်ထားတာကြောင့်.. ဆန်နီက အခုလာမယ့် တိုက်ပွဲမှာ [မြေအောက်ကမ္ဘာ ဝတ်ရုံတော်] ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့ပါတယ်..။ [သေဆုံးခြင်း ဆန္ဒ] က ဝတ်ရုံတော်နဲ့ ပေါင်းစပ်ပြီးသား ဖြစ်ပေမဲ့.. ဆန်နီက ကိုယ်ကိုကို အာရုံစိုက်မခံချင်တာကြောင့်.. အထွတ်အထိပ်အဆင့် ရတနာထဲကို သူ့ရဲ့ အဆီအနှစ်တွေ မသွန်းလောင်းသေးပါဘူး..။
အခု လောလောဆယ်မှာတော့.. သူက ညဉ့်အမှောင်ထု နောက်ခံမှာ အနက်ရောင် အရိပ်သဏ္ဍာန်တစ်ခုမျှသာ ဖြစ်ပြီး.. ကောင်းကင်ထက်မှာ ရစ်ဝဲနေတဲ့ တစ္ဆေအလင်းရောင်နဲ့ ကြက်သွေးရောင် အလင်းတန်းတွေရဲ့ တောက်ပမှုသာ မရှိရင်.. လုံးဝ သတိထားမိစရာ မရှိပါဘူး..။
မကြာခင်မှာပဲ သားရဲအုပ်ကြီးက ချိုင့်ဝှမ်းထဲကို ဆင်းသက်လာခဲ့ပါတယ်..။
အိပ်မက်ဆိုး သားရဲတွေရဲ့ ပုံပန်းသဏ္ဍာန်က တိရစ္ဆာန်ရိုင်းတွေလိုပဲ ဖြစ်ပြီး.. ညစ်ပတ်တဲ့ အမွေးအမှင်တွေနဲ့ ပိန်လှီခြောက်ကပ်နေတဲ့ ခန္ဓာကိုယ်တွေမှာတော့ ပြင်းထန်တဲ့ စွမ်းအားတွေ ပြည့်နှက်နေခဲ့တယ်..။ သူတို့ရဲ့ နှာခေါင်းတွေက ရှည်လျားပြီး ကျဉ်းမြောင်းကာ.. သတ္တုကိုတောင် ဖြတ်တောက်နိုင်လောက်အောင် ထက်မြက်တဲ့ အစွယ်ပေါင်းများစွာနဲ့ အနက်ရောင် လျှာတွေ ရှိနေခဲ့တယ်။သူတို့က ဆာလောင်မွတ်သိပ်နေတဲ့ ပါးစပ်ပေါက်ကြီးတွေကိုလည်း ဖော်ပြနေခဲ့ပါသေးတယ်..။
ကျရှုံးမှုအဆင့် သားရဲတွေကတော့ အတော်လေး ရက်စက်ကြမ်းကြုတ်ပါတယ်..။ သူတို့ရဲ့ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်တွေက [အိပ်မက်ဆိုး] ထက် နှစ်ဆလောက် ပိုကြီးပြီး.. ကွက်တိကွက်ကြား အမွေးတွေကြားထဲကနေ သွေးစွန်းနေတဲ့ အရိုးတွေက ကြောက်စရာကောင်းတဲ့ ချပ်ဝတ်တန်ဆာလိုမျိုး ထွက်ပေါ်နေခဲ့ကြတယ်..။
သူတို့ရဲ့ အမြီးတွေက တွားသွားနေတဲ့ မြွေတွေနဲ့ တူပြီး.. သူတို့ရဲ့ ရှည်လျားတဲ့ အနက်ရောင် လျှာတွေဆီကနေ အဆိပ်ရှိတဲ့ တံတွေးတွေ စီးကျနေခဲ့ပါတယ်..။
ဆန်နီ အရင်က ဒီလို သားရဲအမျိုးအစားမျိုးနဲ့ တစ်ခါမှ မကြုံဖူးပါဘူး..။
အန္တာတိက စစ်ဆင်ရေး နှစ်လတာ ကာလအတွင်းမှာတော့.. ပထမ စစ်တပ်ဟာ အိပ်မက်ဆိုး ချိန်းကြိုးအကြောင်း အချို့ကို သိရှိလာခဲ့ကြတယ်..။ ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုပဲ ပြုလုပ်ထားပါစေ.. နိုးထသူ အများအပြားဟာ ခေါ်သံကြောင့် အိမ်မက်ကမ္ဘာထဲကို ဆွဲသွင်းခြင်း ခံနေရတယ် ဆိုတာပါပဲ..။ သူတို့ထဲက အများစုက ဘယ်တော့မှ ပြန်မလာတော့ပေမဲ့.. နှစ်ယောက် ဒါမှမဟုတ် သုံးယောက်လောက်ကတော့ မျိုးစေ့ကို ရှာဖွေတွေ့ရှိပြီး ၎င်းရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့်.. မာစတာတွေ ဖြစ်လာခဲ့ကြပါတယ်..။
သူတို့အားလုံးက တူညီတဲ့ သတင်းစကားကို ယူဆောင်လာခဲ့ကြတာပါ..။ အိပ်မက်ကမ္ဘာရဲ့ ယခင်က မသိရှိခဲ့တဲ့ နယ်မြေတစ်ခုမှာ အိပ်မက်ဆိုး မျိုးစေ့ပေါင်းများစွာ ပွင့်လန်းနေသလို ဖြစ်နေပြီး.. အိပ်မက်ဆိုး သားရဲပေါင်း မြောက်မြားစွာကို ရူးသွပ်စေခဲ့ပါတယ်..။ ဒါက အပျက်အဆီးတွေနဲ့ ပြည့်နှက်နေတဲ့ ကျယ်ပြန့်တဲ့ သဲကန္တရ ကြီးတစ်ခုဖြစ်ပြီး..ကြီးမားတဲ့ ပိရမစ် ကြီးတွေကလည်း တစ်ခါတစ်လေ ကောင်းကင်ထက်မှာ ပေါ်လာတတ်ပါတယ်။
ထွက်ပေါက် အများစုက အဲဒီ ကျိန်စာသင့်နယ်မြေကနေ မြစ်ဖျားခံလာတာကို ထည့်သွင်းစဉ်းစားရင်.. နိုးထခြင်း ကမ္ဘာဆီကို ရောက်ရှိလာတဲ့ အိပ်မက်ဆိုး သားရဲတွေကလည်း မကြာခနတူညီနေတတ်တာ အံ့သြစရာ မဟုတ်ပါဘူး..။ ပထမ ရွှေ့ပြောင်းကယ်ဆယ်ရေး စစ်တပ်ဟာ ဒီသားရဲမျိုးနွယ်စုတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရပါတယ်..။ ဥပမာအားဖြင့်.. မျက်လုံးမပါတဲ့ သားရဲတွေက အန္တာတိက တစ်ခွင်မှာ အတွေ့ရများတာကြောင့်.. လူသားတွေဟာ သူတို့ကို နှိမ်နင်းမယ့် နည်းလမ်းတွေကို ဖော်ထုတ်ထားနိုင်ပြီးသားပါ။
…ဒါပေမဲ့ ဒီ အနက်ရောင် လျှာနဲ့ သားရဲ တွေကတော့ အသစ်အဆန်းပါပဲ..။ ဆန်နီ သူတို့ကို အရင်က တစ်ခါမှ မမြင်ဖူးသလို ကြားလည်း မကြားခဲ့ဖူးပေ..။
‘ဆင်းလာခဲ့ကြစမ်း..ခွေးသားတွေ..’
ဆန်နီက [မော်ဂန်ရဲ့ စစ်ပွဲလေး] ကို အောက်ချလိုက်ပြီး.. အရိပ်တွေရဲ့ ပွေ့ဖက်မှုထဲမှာ တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။ အရိပ်တွေ ဝန်းရံထားတာကြောင့် သူက လုံးဝ မမြင်နိုင်သလောက်ပါပဲ..။ ဒါက ကောင်းတဲ့အချက်ပါ..။ ဘာလို့လဲဆိုတော့ သူက သားရဲတွေ သူ့ကို အခုချက်ချင်း သတိမပြုမိစေချင်သေးလို့ပါပဲ..။
သူ့ရဲ့ အမိန့်အတိုင်း.. အဖွဲ့သားတွေလည်း ပုန်းကွယ်နေခဲ့ကြပါတယ်..။ ရန်သူတွေ ချဉ်းကပ်လာချိန်မှာ အဝေးကနေ မြှားတွေနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်မယ့် အခွင့်အရေးကို စွန့်လွှတ်ရမှာ ဖြစ်ရင်တောင်မှ.. ဆန်နီက သူ့ရဲ့ အချက်ပြမှုကို စောင့်ဆိုင်းဖို့ သူတို့ကို အမိန့်ပေးထားခဲ့တယ်..။
စက္ကန့်တွေက နှိပ်စက်ညှဉ်းပန်းနေသလိုမျိုး အရမ်းကို နှေးကွေးစွာ ကုန်ဆုံးနေခဲ့ပါတယ်..။ လေပြင်းတွေက တောင်တန်းတွေကို ဖြတ်သန်းတိုက်ခတ်နေပြီး.. ညှီစော်နံတဲ့ သွေးညှီနံ့နဲ့ ပုပ်စော်နံတွေကို ယူဆောင်လာခဲ့တယ်..။ သူက စိတ်ထဲကနေ ကျိန်ဆဲရင်း အံကို ကြိတ်ထားလိုက်မိတယ်..။
သိပ်မဝေးလှတဲ့ တစ်နေရာမှာတော့.. သူတော်စင်နဲ့ [အိပ်မက်ဆိုး] တို့ဟာ ဒုတိယ သားရဲအုပ်ကို စတင်ရင်ဆိုင်နေလောက်ပါပြီ ..။ ဆန်နီက ဒေါသတကြီး အော်ဟစ်သံတွေကို ကြားရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့.. သူ့ကို အံ့သြပြီး စိတ်မသက်မသာ ဖြစ်စေတာကတော့ လေတိုက်သံကလွဲလို့ ဘာမှမကြားရတာပါပဲ..။
သူ့ရဲ့ အရိပ် သုံးခုက လေးမှာ ရစ်ပတ်ထားပြီး အနားမှာ ရှိနေခဲ့ကာ.. စတုတ္ထတစ်ခုကတော့ ယာဉ်တန်းနဲ့အတူ ရှိနေတာကြောင့်.. ဆန်နီက တောင်စောင်းရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို လုံးဝ မမြင်နိုင်ပါဘူး..။
သတင်းအချက်အလက် မရှိခြင်းက သူ့ကို အရူးတစ်ယောက်လို ဖြစ်စေပြီး.. သူ့ရဲ့ ကြွက်သားတွေကလည်း အလျင်အမြန် ဆောင်ရွက်ဖို့အတွက် အစွမ်းကုန် တောင်းဆိုနေခဲ့ကြပါတယ်..။
ဒါပေမဲ့ သူက အစီအစဥ်အတိုင်း..မလှုပ်မယှက် နေဖို့ကိုသာ ကိုယ့်ကိုကို အတင်းအကျပ် ထိန်းချုပ်ထားခဲ့တယ်..။
ဆန်နီအနေနဲ့ တိုက်ခိုက်မှုတွေ မစတင်ခင်မှာ.. အနက်ရောင် လျှာ သားရဲအုပ်စုတစ်ခုလုံး ချိုင့်ဝှမ်းထဲကို ဆင်းလာဖို့ လိုအပ်ပါတယ်..။
“မြန်မြန်လုပ်ကြစမ်း.. ခွေးမသားတွေ..။ မင်းတို့ ယာဉ်တန်းကို မမြင်တာ၊ မကြားတာ ဒါမှမဟုတ် အနံ့မရတာ လုံးဝ မဖြစ်နိုင်ဘူး..။ အရသာရှိတဲ့ လူသားအသားတွေကို မစားချင်ကြဘူးလား..”
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့.. သားရဲတွေဟာ ချိုင့်ဝှမ်းရဲ့ ညီညာပြန့်ပြူးတဲ့ မျက်နှာပြင်ပေါ်ကို နောက်ဆုံးမှာတော့ ရောက်ရှိလာခဲ့ပါတယ်..။ တိရစ္ဆာန်ရိုင်းတွေလို ခန္ဓာကိုယ်အုပ်စုကြီးက ရေခဲနေတဲ့ ရေအိုင်ကို ဖြတ်ကျော်ဖို့ ရည်ရွယ်ပြီး တောင်ဘက်ဆီကို လျောက်လှမ်းသွားခဲ့ကြတယ်..။ သူတို့က အနီးအနားမှာ သားကောင်ရှိတယ်ဆိုတာကို သိရှိထားတာကြောင့်.. ရည်ရွယ်ချက်ရှိရှိနဲ့ ရွေ့လျားနေတာ သိသာပါတယ်..။
‘မင်းတို့ ထင်ထားတာထက် ပိုနီးတယ်…’
ဆန်နီက သားရဲအုပ်ကြီး ရေအိုင်ရဲ့ အလယ်တည့်တည့်ကို ရောက်တဲ့အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ.. နောက်ဆုံးမှာတော့ စတင်လှုပ်ရှားခဲ့ပါတယ်..။
သူက အာရုံစူးစိုက်လိုက်ပြီး.. သူ့ရဲ့ အဆီအနှစ်တွေကို [မော်ဂန်ရဲ့ စစ်ပွဲလေး] ထဲကို သွန်းလောင်းလိုက်တယ်..။ သို့ပေမဲ့ သူက လေးကြိုးကို ထပ်ပြီး မဆွဲတင်ခဲ့ပါဘူး…။
အဲဒီအစား.. သူက [ငြိမ်းချမ်းရေး ဖိအား] တိုးမြှင့်မှုကို အသက်သွင်းလိုက်တာကြောင့်.. အစောပိုင်းက ပစ်လွှတ်ထားခဲ့တဲ့ မြှားဆယ့်လေးစင်းဟာ ရုတ်တရက် ခံနိုင်ရည်မရှိလောက်အောင် လေးလံသွားခဲ့ကြတယ်..။
မြှားအရေအတွက် အများကြီးကို တစ်ချိန်တည်းမှာ ထိန်းချုပ်ဖို့က သူ့အတွက်တောင်မှ မလွယ်ကူတဲ့ အလုပ်တစ်ခုပါ..။ ဆန်နီက သူလိုချင်တဲ့ အရာကို ရရှိဖို့အတွက် သူ့ရဲ့ အဆီအနှစ် ထိန်းချုပ်မှုနဲ့ အာရုံစူးစိုက်မှုရဲ့ အကန့်အသတ်တွေကို စမ်းသပ်ခဲ့ရပါတယ်..။ မကြာခင်မှာပဲ သူက သွေးအန်ပြီး သတိလစ်သွားတော့မလိုမျိုး ခံစားလိုက်ရတယ်..။
ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆန်နီ ဒီစမ်းသပ်မှုကို အောင်မြင်ခဲ့ပါတယ်..။
မြှားတစ်စင်းစီဟာ ရေအိုင်ကို ဖုံးလွှမ်းထားတဲ့ ရေခဲပြင်ရဲ့ အားနည်းတဲ့ အစိပ်အပိုင်းတွေထဲကို စိုက်ဝင်နေခဲ့တာ ဖြစ်ပြီး.. ဒါကိုတော့ သူက ကင်မ်ရဲ့ အကူအညီနဲ့ ရှာဖွေထားခဲ့တာပါ..။ အခုတော့ ဒီမြှားဆယ့်လေးစင်းလုံးက ရေခဲပြင်ပေါ်ကို ပြင်းထန်တဲ့ အလေးချိန်နဲ့ ရုတ်တရက် ဖိနှိပ်လိုက်တာကြောင့်…
ရေခဲပြင်က စတင်အက်ကွဲလာခဲ့တယ်..။
ဒီဖြစ်စဥ်က အစပိုင်းမှာ နှေးကွေးပေမဲ့.. နောက်ပိုင်းမှာ ပိုပိုပြီး မြန်ဆန်လာကာ.. ဧရာမ မှန်ချပ်ကြီးတစ်ခု ကွဲအက်သွားသလိုမျိုး အက်ကြောင်းကွန်ရက်တစ်ခုက ဆီးနှင်းတွေအောက်မှာ ပြန့်နှံ့သွားခဲ့တယ်..။ ဖော်ပြလို့မရလောက်အောင် လှပပြီး ကျယ်လောင်တဲ့ ရေခဲပြင် ကွဲအက်သံက လေပြင်းတိုက်ခတ်သံကို ခနလောက် ဖုံးလွှမ်းသွားခဲ့တာကြောင့်.. အိပ်မက်ဆိုး သားရဲတွေ တောင့်တင်းသွားခဲ့ကြပါတယ်..။
ဒါပေမဲ့ နောက်ကျသွားခဲ့ပါပြီ..။
သူတို့ ဘာမှမလုပ်နိုင်ခင်မှာပဲ.. သူတို့ခြေထောက်အောက်က ရေခဲ မျက်နှာပြင်က ကျိုးပျက်သွားခဲ့ပြီး.. သားရဲကောင် ရာပေါင်းများစွာကို အေးစက်တုန်ရီနေတဲ့ ရေထဲကို ကျရောက်သွားစေခဲ့တယ်..။ ချက်ချင်းဆိုသလိုပဲ.. သန့်စင်နေတဲ့ ဆီးနှင်းပြင်ကျယ်ကြီးက မရှိတော့ပဲ.. အဲဒီအစား လုံးဝ ပရမ်းပတာ မြင်ကွင်းတစ်ခုနဲ့ အစားထိုးသွားခဲ့ပါတယ်..။ ရေတွက်လို့မရတဲ့ အိပ်မက်ဆိုး သားရဲတွေဟာ လုံးဝမှောင်မိုက်ပြီး ခံနိုင်ရည်မရှိလောက်အောင် အေးစက်နေတဲ့ ရေထဲကို ပြုတ်ကျသွားတာကြောင့်.. ဧရာမ ရေခဲတုံးကြီးတွေက ပြိုကျလာခဲ့ကြတယ်။
သူတို့က ခိုင်မာတဲ့ အရာတစ်ခုခုပေါ်ကို ပြန်တက်ဖို့ ရုန်းကန်ခဲ့ကြပေမဲ့.. သူတို့ရဲ့ အလေးချိန်ကို ထိန်းထားပေးမယ့်အရာ ဘာမှမရှိတော့ပါဘူး..။ သားရဲအုပ်ကြီးတစ်ခုလုံးကို ရေအိုင်က ဝါးမြိုနေခဲ့တာပါ..။
…ဒါပေါ့.. အေးစက်တဲ့ ရေက အိပ်မက်ဆိုး သားရဲတစ်ကောင်ကို သတ်နိုင်မှာ မဟုတ်ပါဘူး..။ သူတို့က ရေနစ်သေမှာလည်း မဟုတ်ပေ..။ လိုအပ်ရင်.. ဒီသားရဲတွေက ကမ်းခြေဆီကို ရေကူးသွားကြလိမ့်မယ် ဒါမှမဟုတ် ရေအိုင်ရဲ့ အောက်ခြေမှာ လမ်းလျှောက်ပြီး အခြားတစ်ဖက်က ရေခဲတွေကို ဖောက်ထွက်ကာ မျက်နှာပြင်ပေါ်ကို ပြန်ရောက်လာကြမှာ ဖြစ်ပါတယ်..။ ဒီလို မိစ္ဆာကောင်တွေအတွက်တော့.. အေးခဲနေတဲ့ ရေအိုင်ထဲကို ပစ်ချခံရတာက အလွန်ဆုံးရှိမှ အနှောင့်အယှက် သေးသေးလေးတစ်ခုမျှသာပါပဲ..။
ဆန်နီက အော်ဟစ်လိုက်ပြီး.. နေရာကနေ ထရပ်ကာ [မော်ဂန်ရဲ့ စစ်ပွဲလေး] ကို နောက်တစ်ကြိမ် ဆွဲတင်လိုက်ပါတယ်..။ ဒီတစ်ကြိမ်မှာတော့.. သူ့ရဲ့ လေးကြိုးပေါ်မှာ မတူညီတဲ့ မြှားအမျိုးအစားတစ်ခု ပေါ်လာခဲ့တယ်…။
ဒါ မိုးကြိုးလျှပ်စီးတစ်ခုကို ပိတ်လှောင်ထားတဲ့ ထူးဆန်းတဲ့ မြှားတစ်စင်းပါပဲ..။
[မိုးကြိုး ပစ်ခတ်ခြင်း] မှာ အရိပ်သုံးခုကို ရစ်ပတ်လိုက်ပြီးနောက်.. ဆန်နီက ချိန်ရွယ်ဖို့တောင် အားမထုတ်တော့ဘဲ လေးကြိုးကို ဒီတိုင်း လွှတ်လိုက်တာကြောင့်.. တက်ရောက်သူအဆင့် မြှားဟာ ရေအိုင်ရဲ့ အလယ်တည့်တည့်ဆီကို ပျံသန်းသွားခဲ့ပါတယ်..။
ဒေါသတကြီးနဲ့ ပစ်လွှတ်လိုက်တဲ့ မိုးကြိုးမြှားက ရေမျက်နှာပြင်နဲ့ ထိတွေ့လိုက်တဲ့ အခိုက်အတန့်မှာပဲ…
စူးရှတောက်ပတဲ့ လျှပ်စီးအလင်းတန်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး.. ဆန်နီကို ခနလောက် မျက်စိကန်းသွားစေခဲ့ပါတယ်..။
သူ အမြင်အာရုံ ပြန်မရခင်မှာပဲ.. အခိုက်အတန့်ရဲ့ အသံက သူ့နားထဲမှာ သီချင်းသံစဥ်တွေလိုမျိုး ထွက်ပေါ်လာနေခဲ့ပါပြီ..။
[သင်သည်…တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်..]
[သင်သည်…တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်..]
[သင်သည်…တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်..]
[သင်သည် မှတ်သားမှုတစ်ခုကို ရရှိခဲ့သည်..]
[သင်သည် မှတ်သားမှုတစ်ခုကို ရရှိခဲ့သည်..]
[သင်သည်…တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်..]
[သင်သည်…တစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်..]
အပိုင်း ( ၉၁၇ ) ပြီး၏။