အခန်း ၉၂၁
Vol. 62 Ch. 921
အပိုင်း ( ၉၂၁ ) အိမ်မွေးတိရစ္ဆာန်အသစ်များ
ဆန်နီ လူစတာကို ခနလောက် စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်တယ်..။
“ဒီကောင် ဘာဖြစ်နေတာလဲ..”
လူငယ်လေးကတော့ သူ့ မျက်လုံးတွေကို ဘယ်နားထားရမှန်း မသိဖြစ်နေပုံရပါတယ်..။ သူ့ရဲ့ အံ့ဩနေတဲ့ အကြည့်တွေက ဆန်နီနဲ့ သူတော်စင်ကြားမှာ ကူးလူးနေခဲ့တယ်..။ ယင်းနောက် သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရောင်တွေ တောက်ပလာပြီး..
“အာ.. ငါသဘောပေါက်ပြီ.. ဒါဆို ဒါက…”
ဆန်နီက သူ့ကို အဆုံးထိ စကားပြောခွင့်မပေးခဲ့ပါဘူး..။
“မင်း အသက်ရှင်နေသေးတာပဲ.. ကောင်းတယ်.. သားရဲအုပ်ကြီးကို ရှင်းလင်းပြီးပြီလို့ပဲ ငါယူဆလိုက်မယ်..”
အဲဒီအချိန်မှာပဲ ကျန်တဲ့ အဖွဲ့သားတွေလည်း ချဉ်းကပ်လာကြတာကြောင့် အားလုံး အသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတာ သေချာသွားခဲ့ပါပြီ..။ သူတို့တွေက ဘာဒဏ်ရာမှ မရဘဲ အကောင်းတိုင်း ရှိနေခဲ့ကြတယ်..။ ဆန်နီနဲ့ သူတော်စင်တို့ရဲ့ အခြေအနေနဲ့တော့ လုံးဝ ကွာခြားနေခဲ့တာပါ..။
နှစ်ယောက်လုံးက အတော်လေး ဒဏ်ရာရထားပြီး စကားမပြောတဲ့ နတ်မိစ္ဆာက သူ့ထက် ပိုပြီး အခြေအနေဆိုးနေခဲ့တယ်..။ [အိပ်မက်ဆိုး] ကလည်း ပြင်းထန်စွာ ဒဏ်ရာရထားတာကြောင့် ဆန်နီက သူ့ကို ပြန်ရုပ်သိမ်းလိုက်ရပါတယ်..။ အခုတော့ အနက်ရောင် မြင်းကြီးက ဆန်နီ့ဝိညာဉ်ရဲ့ မှောင်မိုက်တဲ့ မီးတောက်တွေထဲမှာ ဒဏ်ရာတွေကို ပြန်လည်ကုသနေရတယ်..။
ဒါပေမဲ့ သူတော်စင်ကိုတော့ သူ အခုထိ ပြန်မရုတ်သိမ်းသေးပါဘူး..။ ယာဉ်တန်းကို ဘေးကင်းအောင် ကာကွယ်ဖို့အတွက် သူမရဲ့ ခွန်အားကို သူ လိုအပ်နေသေးလို့ပါပဲ..။တကယ်လို့ အရိပ်တစ်ခုက ပြင်းထန်တဲ့ ပျက်စီးမှုကို ခံစားရပြီး ပြန်ရုပ်သိမ်းခံရရင် သူက အိပ်စက်ခြင်း အခြေအနေထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်..။ အဲဒီ အိပ်စက်ခြင်းက ဒဏ်ရာတွေ လုံလောက်အောင် ပြန်ကောင်းမွန်လာတဲ့အထိ ကြာမြင့်မှာ ဖြစ်တာကြောင့် ဆန်နီအနေနဲ့ အိပ်စက်နေတဲ့ အရိပ်ကို အချိန်အတော်ကြာအထိ ဆင့်ခေါ်နိုင်တော့မှာ မဟုတ်ပါဘူး..။
သူတော်စင်ရဲ့ ဒဏ်ရာတွေက အများကြီး ဖြစ်နေပေမဲ့ အသက်အန္တရာယ် မရှိတာကြောင့်.. လာမယ့်ရက်တွေမှာ သူမကို သူ့ဘေးနားမှာ ရှိနေစေဖို့ ဆန်နီ မျှော်လင့်နေမိခဲ့တယ်..။
…ထူးဆန်းတဲ့ သူရဲကောင်း ကို စပ်စုတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတာက လူစတာ တစ်ယောက်တည်း မဟုတ်ပါဘူး..။ ကျန်တဲ့ အထူးတပ်ဖွဲ့ဝင်တွေမှာလည်း မေးခွန်းတွေ အများကြီး ရှိနေပုံရပါတယ်..။ သူတို့ထဲက အချို့က ကပ္ပတိန်မှာ ဝှက်ဖဲတစ်ခု ရှိတယ်ဆိုတာ သိထားကြပေမဲ့ ဘယ်သူမှ သူမကို မမြင်ဖူးခဲ့ကြပေ..။
အံ့ဩစရာကောင်းစွာပဲ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်တဲ့ ကင်မ်က ပထမဆုံး စပြီး မေးလာခဲ့တယ်။
“ကပ္ပတိန်.. ဆရာ.. အဲဒါ.. ဘယ်သူလဲဟင်.. အို.. တောင်းပန်ပါတယ် မဒမ်.. တွေ့ရတာ ဝမ်းသာပါတယ်..”
သူတော်စင်ကတော့ ပုံမှန်အတိုင်းပဲ ဘာမှမဖြစ်သလို တိတ်ဆိတ်ပြီးသာ နေနေခဲ့တယ်..။ သူမရဲ့ အေးတိအေးစက် နေထိုင်မှုကြောင့် ကင်မ်
တုံ့ဆိုင်းသွားခဲ့ပါတယ်..။ ကြောက်တတ်တဲ့ မိန်းကလေး က နတ်မိစ္ဆာကို ဇဝေဇဝါနဲ့ ကြည့်နေခဲ့တယ်..။
ဆန်နီ ခေါင်းကို အနည်းငယ် စောင်းပြီး သူမကို လှမ်းကြည့်လိုက်ပါတယ်..။
‘…မဒမ် တဲ့လား.. ဒီ လေသံက ဘာလဲ.. ပြီးတော့ သူမက ဘာလို့ ငါ့ထက် သူတော်စင်ကို ပိုပြီး ရိုသေနေတယ်လို့ ခံစားနေရတာလဲ..’
သူက မျက်မှောင်အနည်းငယ် ကျုတ်ရင်း ပြောလိုက်တယ်..။
“ဒါက သူတော်စင်.. သူမက… တစ်မျိုးပြောရရင် ထပ်တူညီမှု တစ်ခုပေါ့..”
လူစတာရဲ့ မျက်လုံးတွေက အဝိုင်းသား ဖြစ်သွားခဲ့ရတယ်..။
“ဟင်… သူတော်စင် လား..။ ကပ္ပတိန်မှာ ထပ်တူညီမှု အဖြစ် သူတော်စင် အဆင့် ရှိတာလား..”
ဆန်နီရဲ့ ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ နာကျင်မှုလှိုင်းတစ်ခု ဖြတ်သန်းသွားတာကြောင့် သူက မျက်နှာပျက်သွားပြီး ညည်းတွားသံကို အောင့်ကာ ခေါင်းခါယမ်းလိုက်တယ်..။
'ဘယ်လို ငတုံးမျိုးက ဒီလို အတွေးမျိုးကို တွေးမိမှာလဲ. ဘုရားသခင်တို့..'
“မဟုတ်ဘူး… သူမက တက်ရောက်သူ အဆင့် နတ်မိစ္ဆာ သက်သက်ပဲ..။ နာမည်ကို သူတော်စင်လို့ ခေါ်တာ.. ။ဘာပဲဖြစ်ဖြစ် သူတော်စင်က ယာဉ်တန်းဆီကို ခြိမ်းခြောက်မှုတွေ မရောက်လာခင် ကတည်းက အများကြီး တားဆီးပေးခဲ့တာလေ...။.. အခုတော့ သူမက ငါတို့နဲ့အတူ ခနလောက် လိုက်ပါလာလိမ့်မယ်.. ဒါကြောင့်…အသားကျအောင် လုပ်ထားကြ..”
အထူးတပ်ဖွဲ့ဝင်တွေကတော့ ဘာမှမဖြစ်ပါဘူး..။ ဆန်နီ အသုံးပြုခဲ့တဲ့ နတ်မိစ္ဆာ သက်သက်ပဲ ဆိုတဲ့ စကားလုံးက သိပ်တော့ မကိုက်ညီခဲ့ပေ။ တက်ရောက်သူ အဆင့် နတ်မိစ္ဆာ ကတော့ တက်ရောက်သူ အဆင့် နတ်မိစ္ဆာပါပဲ..။ ဒီလို သတ္တဝါမျိုးကို ရင်ဆိုင်ရရင် မာစတာ အများစုအတွက်တောင် အတော်လေး ဒုက္ခရောက်နိုင်ပါတယ်..။ အဖွဲ့ဝင်တွေ အနေနဲ့ ကြည့်ရင်တော့ ဒီလို သန်မာတဲ့ သတ္တဝါက သူတို့ဘက်ကနေ တိုက်ခိုက်ပေးမှာ ဖြစ်တာကြောင့် တကယ့်ကို မယုံနိုင်လောက်တဲ့ ကောင်းချီးပေးမူ ကြီးပါပဲ.။
အဲ့အချိန်မှာပဲ ချီတင်က ရုတ်တရက် စကားပြောလာခဲ့တယ်..။ သူ့ရဲ့ ပုံမှန် ခံ့ညားနေတဲ့ အသံက အခုတော့ အနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့ပါပြီ..။
“အိုး… ကျွန်တော် အစီရင်ခံစရာ တစ်ခုရှိတယ် ကပ္ပတိန်..။ သားရဲအုပ်ကြီးကို ရှင်းလင်းပြီးတဲ့နောက်မှာ ပုံမှန်အတိုင်းပဲ ကျွန်တော်တို့
မှတ်သားမှု အချို့ ရရှိခဲ့ပါတယ်..။ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အခြားအရာတစ်ခုလည်း ပါလာတယ်လေ..”
သူက ဆမ်မာရာကို လှမ်းကြည့်လိုက်တယ်။ ယင်းနောက် သူတို့ပတ်ပတ်လည်မှာ အလင်းစက်လေးတွေ ထွက်ပေါ်လာခဲ့ပါတယ်..။
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..
‘ဒါက ငါထင်နေတဲ့ အရာလား…’
မကြာခင်မှာပဲ အလင်းစက်တွေထဲကနေ ပုံသဏ္ဌာန် နှစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။ နှစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းတဲ့ အသွင်အပြင် ရှိပြီး အိပ်မက်ဆိုး အမဲလိုက်ခွေးတွေနဲ့ တူနေခဲ့တယ်..။ တစ်ကောင်က အကောင်ကြီးကာ ဝံပုလွေတစ်ကောင် အရွယ်အစားလောက် ရှိပြီး အခြားတစ်ကောင်ကတော့ ပီတီဗွီ စစ်ကားတစ်စီးထက်တောင် ပိုပြီး ကြီးမားနေခဲ့တယ်..။ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ပါးစပ်ကြီးတွေထဲကနေ အဆိပ်တွေ စီးကျနေတဲ့ အနက်ရောင် လျှာကြီးတွေက တွဲလောင်းကျနေခဲ့ကြပါတယ်..။
ချီတင်က တောက်ပစွာ ပြုံးလိုက်ပြီး အကောင်အနည်းငယ် သေးတဲ့ သားရဲကြီးရဲ့ ခေါင်းကို ပွတ်သပ်ပေးလိုက်တယ်..။
“…ကျွန်တော်တို့ ထပ်တူညီမှု နှစ်ခုလည်း ရရှိခဲ့တယ်.. ။ဒီတစ်ကောင်က ‘ဘလက်ကီ’ တဲ့.. နိုးထသူ အဆင့် သားရဲ ပေါ့.. အခြားတစ်ကောင်ကတော့ တက်ရောက်သူ အဆင့် နတ်မိစ္ဆာ … အာ… အမှန်အတိုင်းပြောရရင် ဆမ် က ဘယ်လိုခေါ်လဲဆိုတာ ကျွန်တော် သေချာမသိဘူး..”
သူက ကြီးမားတဲ့ သားရဲကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆမ်မာရာကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။
သူမရဲ့ မျက်နှာကတော့ ပုံမှန်အတိုင်းပဲ ခံစားချက်မရှိ အေးစက်နေတုန်းပါပဲ..။ သူမက ခနလောက် တိတ်ဆိတ်နေပြီးမှ တိုတိုတုတ်တုတ် ပြောလိုက်တယ်..။
“…သားရဲကောင်..”
ချီတင်က ချောင်းတစ်ချက် ဟန့်လိုက်တယ်..။
“အင်း..နောက်တစ်ကောင်ရဲ့ နာမည်က သားရဲကောင် တဲ့..။ကျွန်တော်တို့ တစ်နေ့နေ့ကျရင် ထပ်တူညီမှုတစ်ခု ရလိမ့်မယ်လို့ ထင်ထားပေမဲ့ နှစ်ခုတောင် တစ်ပြိုင်တည်း ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..။ဒါက တကယ်ပဲ သတင်းကောင်း မဟုတ်ဘူးလား ကပ္ပတိန်..”
ဆန်နီကတော့ တည်ငြိမ်နေပုံပေါက်အောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ရတယ်..။ သူ့ရဲ့ မျက်နှာအမူအရာက ပြီးပြည့်စုံစွာ တည်ငြိမ်နေခဲ့ပါတယ်..။
‘သောက်ကျိုးနဲ… ငါ့ကို… လာနောက်နေတာလား..’
ဘယ်လိုငရဲမျိုးလဲ။.. သူက ရန်သူပေါင်း ထောင်သောင်းချီကို သတ်ဖြတ်ခဲ့ပေမယ့် [အိပ်မက်ဆိုး] ကို ရပြီးကတည်းက တစ်ခုမှ ထပ်မရတော့ပါဘူး။.. သူတို့ကြတော့ ဘယ်လိုဖြစ်ပြီး ထပ်တူညီမှု နှစ်ခုလုံးတောင် ရရှိသွားရတာလဲ..။
ဒါက ဘယ်လို ကံဆိုးမှုကြီးလဲ..။
ရုတ်တရက်ဆိုသလိုပဲ သူရရှိထားပြီး မကြာခင် လေ့လာဖို့ စိတ်အားထက်သန်နေတဲ့ အထွတ်အထိပ်အဆင့် မီးမှတ်သားမှုကလည်း ကောင်းမွန်သလိုမျိုး မခံစားရတော့ပါဘူး..။
ဆန်နီ မျက်နှာပေါ်မှာ တုန်ရီနေတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
“အင်း… တကယ် သတင်းကောင်းပဲ..”
သူက အကြီးတစ်ကောင်၊ အငယ်တစ်ကောင် ဖြစ်နေတဲ့ ကြောက်စရာကောင်းတဲ့ အမဲလိုက်ခွေး နှစ်ကောင်ကို လှမ်းကြည့်ရင်း ခါးသီးတဲ့ မနာလိုစိတ်ကို မျိုသိပ်လိုက်ရတယ်..။ ယင်းနောက် ဆန်နီက ချီတင်ဘက်လှည့်ပြီး ပြောလိုက်ပါတယ်..။
“ဘာပဲဖြစ်ဖြစ် မင်းရဲ့ စွမ်းရည်ကို အသုံးပြုပြီး သူတော်စင်ကို ကုသပေးလို့.. အာ.. ပြုပြင်ပေးလို့.. ရမလားဆိုတာ ငါ့ကို ကြည့်ပေးစေချင်တယ်..။အလုပ်ဖြစ်မလားတော့ ငါမသိဘူး.. ဒါပေမဲ့… အတတ်နိုင်ဆုံး ကြိုးစားပေးပါ.. ငါတို့ မကြာခင် သူမရဲ့ ခွန်အားကို လိုအပ်လိမ့်မယ်..”
........
ဆန်နီ့အနေနဲ့ ချီတင်ရဲ့ ကုသခြင်း စွမ်းရည်က သူတော်စင်ကို အနည်းဆုံးတော့ အတိုင်းအတာ တစ်ခု အထိ ကူညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိနေခဲ့ပါတယ်..။
ထည်ဝါလှပတဲ့ သူရဲကောင်း က ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ပါပဲ..။ သူမရဲ့ ခန္ဓာကိုယ်က လူသားတွေ သို့မဟုတ် အိပ်မက်ဆိုး သားရဲအများစုနဲ့ မတူပါဘူး..။ဒါက အသားနဲ့ လုံးဝ တည်ဆောက်ထားတာမျိုး မဟုတ်သလို ကျောက်တုံးသက်သက်လည်း မဟုတ်ခဲ့ပေ..။ အဲဒီအစား ဒီသတ္တဝါက နှစ်ခုလုံးရဲ့ ဝိသေသလက္ခဏာတွေ ပါဝင်နေတဲ့ ကြားခံတစ်ခုခု ဖြစ်နေခဲ့ပါတယ်..။
ခေတ်သစ်ဆေးပညာကို အသုံးပြုဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး..။ အတော်ဆုံး ခွဲစိတ်ဆရာဝန်တွေတောင် သူတော်စင်ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို မြင်ရင် ဘာလုပ်ရမှန်း သိမှာ မဟုတ်ကြပေ..။ သာမန် ကုသခြင်း စွမ်းရည်တွေကလည်း အသွေးအသားတွေကို ပြန်လည်ပြုပြင်ဖို့အတွက်ပဲ ရည်ရွယ်တာကြောင့် ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး..။
ဒါပေမဲ့ အဲဒီအပိုင်းမှာတော့ ချီတင်က နည်းနည်း ထူးခြားနေခဲ့တယ်..။
သူ့ရဲ့ စွမ်းရည်က ဒဏ်ရာကို ကုသပေးတာမျိုး မဟုတ်ဘဲ အခြေအနေကို ပြန်လည်နဂိုအတိုင်း ဖြစ်အောင် လုပ်ပေးတာပါပဲ..။ဒါက တိုက်ရိုက်ကုသတဲ့ စွမ်းအားတွေထက် ပိုပြီး နှေးကွေးကာ ထိရောက်မှု နည်းပေမဲ့ ပိုပြီးတော့ အသုံးဝင်ပါတယ်..။ ဆန်နီက ချီတင် လူတွေကို ကုသပေးတာ.. စက်ပစ္စည်း အစိတ်အပိုင်းတွေကို ပြုပြင်ပေးတာ.. ရေငုပ်သင်္ဘောရဲ့ ကိုယ်ထည်က အက်ကြောင်းတွေကို ပြန်ဖာထေးပေးတာတွေကို မြင်ဖူးခဲ့ပါတယ်..။ တိုက်ပွဲတွေထဲမှာတော့ သူက အဲဒီစွမ်းရည်ကို အသုံးပြုပြီး သူ့ရဲ့ ချပ်ဝတ်တန်ဆာ ဘယ်လောက်ပဲ ပျက်စီးပါစေ ကျိုးကြေမသွားအောင် ထိန်းထားလေ့ ရှိတာပါ။
ဒါကြောင့်… ဒီ ကုသပေးသူက သက်ရှိတွေရော သက်မဲ့အရာတွေကိုပါ ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့်.. နှစ်ခုလုံးရဲ့ လက္ခဏာတွေ ပါဝင်နေတဲ့ သူတော်စင်ကို ကုသပေးဖို့အတွက် သူ့ထက် သင့်တော်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ..။
ဆန်နီ ယာဉ်တန်းဆီ ပြန်သွားရင်း ဆီးနှင်းတွေထဲ လမ်းလျှောက်နေချိန်မှာဒီအကြောင်းကို တွေးတောနေခဲ့တာပါ..။
ကံကောင်းထောက်မစွာပဲ သူ့ရဲ့ ခန့်မှန်းချက်က မှန်ကန်သွားခဲ့တယ်..။ နှေးကွေးတယ် ဆိုပေမဲ့လည်း ချီတင်ရဲ့ လက်ချောင်းတွေအောက်မှာ သူတော်စင်ရဲ့ ကျိုးပဲ့နေတဲ့ ချပ်ဝတ်တန်ဆာက ပြန်လည်စေ့စပ်လာခဲ့ပြီး.. သူမရဲ့ သွေးအဖြစ် အသုံးပြုတဲ့ ပတ္တမြားမှုန်တွေ စီးကျနေတာကလည်း ရပ်တန့်သွားခဲ့ရပါတယ်..။
လောလောဆယ်တော့ သူမက ဒုက္ခသည်တွေကို ကာကွယ်ဖို့အတွက် သူ့ကို ဆက်ပြီး ကူညီပေးနိုင်ဦးမှာပါ..။
…ဒါပေမဲ့ ဒီနေ့ သူတို့ အနိုင်ရခဲ့တဲ့ တိုက်ပွဲလိုမျိုး ရှေ့မှာ နောက်ထပ် ဘယ်နှစ်ကြိမ်တောင် ရင်ဆိုင်ရဦးမှာလဲ..။
အားလုံးကို သတ်ပစ်ဖို့အတွက် ဆိုရင်ဘယ်လောက်တောင် ထပ်ပြီး လိုအပ်နေသေးတာလဲ..။
အပိုင်း ( ၉၂၁ ) ပြီး၏။