← Chapters

အခန်း ၉၂၄

Vol. 62 Ch. 924

အခန်း ၉၂၄

Vol. 62 Ch. 924

အပိုင်း ( ၉၂၄ ) ဟောင်းနွမ်းပျက်စီးခြင်း

ယာဉ်တန်းကြီးက မှောင်မိုက်နေတဲ့ တောနက်ထဲမှာ ရှေ့ကို ဆက်ပြီး ရွေ့လျားနေခဲ့ပါတယ်..။ ရေခဲဖုံးနေတဲ့ တောင်စောင်းတွေကို တက်ရင်းနဲ့ ရှေးဟောင်း ကွန်ကရစ်လမ်းဟောင်းတွေရဲ့ ရှုပ်ထွေးလှတဲ့ ကွန်ရက်ထဲမှာ ဖြတ်သန်းမောင်းနှင်နေကြတယ်..။ သူတို့တွေက [အိပ်မက်ဆိုး ချိန်းကြိုး] ဘေးဒုက္ခကနေ လွတ်မြောက်ဖို့အတွက် မျှော်လင့်ချက်အပြည့်နဲ့ မြောက်ဘက်ဆီကို ဦးတည်နေခဲ့ကြတာ ဖြစ်ပါတယ်..။

ခဲနေတဲ့ ကန်ရေပြင်ပေါ်က တိုက်ပွဲအပြီး တစ်ရက်အကြာမှာတော့.. ယာဉ်တန်းက ပျက်စီးနေတဲ့ မိုးလေဝသစခန်းတစ်ခုဆီ ရောက်ရှိသွားပြီး စခန်းချလိုက်ကြတယ်..။ စစ်ဘက်ဆိုင်ရာ ယာဉ်တွေကိုတော့ အမြောက်မျှော်စင်တွေ အပြင်ဘက်ကို မျက်နှာမူပြီး စက်ဝိုင်းပုံစံ စီစဉ်ထားခဲ့ပါတယ်..။ ဒုက္ခသည်တွေအတွက် အစားအစာတွေကို ချက်ပြုတ်ဝေငှပေးပြီး.. မောပန်းနေတဲ့ လူတွေကတော့ အနားယူအိပ်စက်ဖို့ တစ်ဝက်တစ်ပျက် ပြိုကျနေတဲ့ အဆောက်အဦးတွေထဲမှာ နေရာယူလိုက်ကြတယ်..။

ဆန်နီက သာမန်စစ်သားတွေရဲ့ ကျည်ဆန်တွေကို အဆိပ်လူးဖို့ စီစဉ်ထားတာကို အကောင်အထည်ဖော်ဖို့ ဒီအချိန်ကို အသုံးပြုလိုက်ပါတယ်..။ လုပ်ငန်းစဉ်က မျှော်လင့်ထားတာထက် ပိုပြီး ခက်ခဲနေခဲ့ပေမဲ့.. နောက်ဆုံးမှာတော့ သူတို့ အဖြေတစ်ခုကို ရှာဖွေနိုင်ခဲ့ကြတာပါပဲ..။ [ခါးသက်သော ခွက်] ကို ကိုင်တွယ်ရမယ့် အလုပ်ကိုတော့ ယာဉ်တန်းရဲ့ တစ်ဦးတည်းသော အိပ်စက်သူ ဆီကို လွှဲအပ်လိုက်ပါတယ်..။ သူ့ရဲ့ အစိမ်းရောင် မြွေအရေခွံ ချပ်ဝတ်တန်ဆာက ဒီလူငယ်လေးကို အဆိပ်အတောက်တွေအပေါ် ခံနိုင်ရည်အလုံအလောက် ရှိစေလို့ပါပဲ..။

ပထမဆုံး အိပ်မက်ဆိုးကို တစ်ယောက်တည်း ဖြတ်သန်းနေခဲ့တဲ့ အဖွားအိုကတော့ ဒီညမှာတင် တိတ်ဆိတ်စွာ ကွယ်လွန်သွားခဲ့ရပါပြီ..။ သူမရဲ့ ရုပ်အလောင်းက ရူးသွပ်နေတဲ့ သားရဲတစ်ကောင်အဖြစ် ပြောင်းလဲမသွားခဲ့တာကြောင့် အခိုက်အတန့် ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့တယ်လို့ သက်သေပြနေခဲ့တာပါ..။ ဒါပေမဲ့လည်း သူမရဲ့ မောပန်းနွမ်းနယ်နေတဲ့ ဝိညာဉ်က တည်ငြိမ်တဲ့ အမြုတေတစ်ခုကို မတည်ဆောက်နိုင်ခဲ့တာကြောင့်.. အားလုံးက ပြိုလဲသွားပြီး ဟောလိုး တစ်ယောက် ဖြစ်သွားခဲ့ရပါတယ်..။

ဆန်နီက ရုပ်အလောင်းကို ဖျောက်ဖျက်ရမယ့် တာဝန်ကို မိမိဘာသာပဲ ယူလိုက်တယ်..။ မနက်ခင်းမှာတော့ သူတို့တွေဟာ ထူးဆန်းတဲ့ အော်ရိုရာအလင်းတန်းတွေအောက်မှာ ဝမ်းနည်းစရာ ကောင်းတဲ့ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ကြပြီး.. ကွေ့ကောက်နေတဲ့ လမ်းတွေရဲ့ ခါးသီးလှတဲ့ အအေးဒဏ်ထဲကို ပြန်လည်ဝင်ရောက်ခဲ့ကြပြန်ပါတယ်..။

ယာဉ်တန်းငယ်လေးကတော့ တောင်တန်းတွေရဲ့ နက်ရှိုင်းရာဆီကို တဖြည်းဖြည်းချင်း ချဉ်းကပ်ရင်း.. ကြမ်းတမ်းတဲ့ မြေပြင်နဲ့ ဝန်ရိုးစွန်းညရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေတွေကို ဆက်ပြီး အသည်းအသန် အံတုနေခဲ့ရတာပါ..။ နောက်ရက်အနည်းငယ်မှာတော့ သူတို့တွေဟာ လှည့်လည်သွားလာနေတဲ့ အိပ်မက်ဆိုး သတ္တဝါအုပ်စုအချို့နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရပါသေးတယ်..။ ဒါပေမဲ့ အဲဒီအထဲက ဘယ်အုပ်စုမှ အထူးတပ်ဖွဲ့တွေ ချေမှုန်းခဲ့တဲ့ သားရဲအုပ်ကြီး နှစ်ခုလောက် မကြီးမားသလို ခြိမ်းခြောက်မှုလည်း မရှိခဲ့ပါဘူး..။

ဆန်နီရဲ့ ကြိုးပမ်းမှုနဲ့ ကံကောင်းမှုအနည်းငယ်ကြောင့် ယာဉ်တန်းရဲ့ တိုက်ပွဲဝင် နိင်စွမ်းတွေက တိုးတက်လာခဲ့ပါတယ်..။ အသစ်ရလာတဲ့ ထပ်တူညီမှု နှစ်ခုက ရှေ့တန်းကင်းထောက်တွေအဖြစ် တာဝန်ယူပေးပြီး တိုက်ပွဲတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အကူတွေကို ပေးစွမ်းနေခဲ့တာပါ..။ တက်ရောက်မူ အဆင့် ဖြစ်တဲ့ [သားရဲ] ကတော့ တကယ့်ကို ကြောက်စရာကောင်းလှပါတယ်..။ ဘယ်လီ စောင့်ရှောက်ပေးနေတဲ့ အိပ်စက်သူ ကလည်း သူ့ရဲ့ စွမ်းအားတွေကို ပိုပြီး ထိန်းချုပ်လာနိုင်နေပြီ ဖြစ်သလို.. သူ့ရဲ့ အမြုတေကလည်း အပြည့်အဝ ပြည့်ဝဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေခဲ့ပါပြီ..။

သာမန်စစ်သားတွေကလည်း [ခါးသက်သော ခွက်] ကြောင့် ပိုပြီး အားနည်းတဲ့ အိပ်မက်ဆိုး သတ္တဝါတွေကို ကိုင်တွယ်နိုင်စွမ်း ရှိလာခဲ့ကြတယ်..။ သူတော်စင်ကလည်း သူမရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာတာနဲ့အမျှ တဖြည်းဖြည်းချင်း ပိုပြီး သန်မာလာခဲ့သလို.. [မွန်းကျပ်သော အော်ဟစ်သံ] ရဲ့ [ပဲ့တင်ထပ်သော တိတ်ဆိတ်ခြင်း] တိုးမြှင့်မှုကလည်း စွမ်းအားတွေကို တဖြည်းဖြည်းချင်း စုဆောင်းနေခဲ့တာပါ..။

ယာဉ်တန်းက လူတွေအတွက်တော့ အခြေအနေတွေက ပိုပြီး ကောင်းမွန်လာသလို ထင်နေရပါတယ်..။

…ဒါပေမဲ့ ဒါက ထင်ယောင်ထင်မှား သက်သက်သာ ဖြစ်မှန်း ဆန်နီ သိနေခဲ့တယ်။

တကယ်တော့ သူတို့ရဲ့ အခြေအနေက နေ့စဉ်နဲ့အမျှ ပိုပြီးတော့ ဆိုးရွားလာနေခဲ့တာပါ..။

သူတို့တွေ မြောက်ဘက်ကို ပိုပြီး တိုးသွားလေလေ.. အိပ်မက်ဆိုး သတ္တဝါတွေက ပိုပြီးတော့ များပြားလာလေလေပါပဲ..။ သူတို့တွေ အနေနဲ့သားရဲအုပ်ကြီးတွေကြားထဲကနေ ဖြတ်သန်းမောင်းနှင်ဖို့ ပိုပြီး ခက်ခဲလာသလို.. တကယ့်ကို အလုံးအရင်းနဲ့ ရှိနေတဲ့ သားရဲအုပ်ကြီးတွေကို ရှောင်ကွင်းဖို့ကလည်း ခက်ခဲလာခဲ့ပါတယ်..။ အထူးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ ထပ်တူညီမှုတွေ ရင်ဆိုင်ရတဲ့ တိုက်ပွဲငယ်လေးတွေရဲ့ အရေအတွက်က ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာသလို.. ပိုပြီးတော့လည်း ပြင်းထန်လာခဲ့တယ်..။ လောလောဆယ်မှာတော့ သူတို့တွေက ဒီဖိအားကို ကောင်းကောင်း ကိုင်တွယ်နိုင်နေသေးပေမဲ့.. သူတို့ရဲ့ မောပန်းမှုတွေက ဆက်ပြီး စုပုံလာနေခဲ့သလို...ရုပ်ပိုင်းဆိုင်ရာ အခြေအနေကလည်း ကျဆင်းလာနေခဲ့ပါပြီ..။

သူတို့ရရှိခဲ့တဲ့ ဒဏ်ရာအနည်းငယ်က အနှေးနဲ့အမြန်ဆိုသလို စုပုံလာတော့မှာပါ..။ သူတို့ရဲ့ အဆီအနှစ် သိုလှောင်မှုတွေကလည်း လူစတာ ရဲ့ အကူအညီ ရှိနေရင်တောင်မှ တိုက်ပွဲတစ်ခုနဲ့တစ်ခုကြားမှာ ပြန်လည်ဖြည့်တင်းဖို့ အချိန်မလုံလောက်တဲ့ အခြေအနေဆီကို တဖြည်းဖြည်းချင်း နီးကပ်လာနေခဲ့တယ်..။

ဒါ့အပြင် တောင်တန်းတွေရဲ့ နက်ရှိုင်းရာဆီကို ပိုပြီး ဝင်ရောက်သွားလေလေ.. ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ လက္ခဏာတွေကို ပိုပြီးတော့ တွေ့ရှိရလေလေပါပဲ..။ လမ်းအတော်များများက တောင်ပြိုမှုတွေကြောင့် လုံးဝ ပျက်စီးနေခဲ့သလို.. ရေခဲမြစ်တွေရဲ့ တန်ချိန်များစွာအောက်မှာလည်း နစ်မြုပ်နေခဲ့ပါတယ်..။ ကျန်ရှိနေသေးတဲ့ လမ်းတွေမှာတော့ ရိုင်နို နဲ့တောင် လမ်းရှင်းဖို့မတတ်နိုင်တဲ့ အခြေအနေမျိုးတွေက ပိုပြီးတော့ များပြားလာခဲ့တယ်။

ဒါတွေအားလုံးက သူတို့ပတ်ဝန်းကျင်မှာ ရန်သူတွေ ပိုမို များပြားလာနေခဲ့ပြီး.. သွားလာဖို့ သင့်တော်တဲ့ လမ်းကြောင်းတွေ ရှားပါးလာနေခဲ့တာကို ဆိုလိုတာပါပဲ..။ ဆန်နီအနေနဲ့ နေ့စဉ်နဲ့အမျှ သူ့လည်ပင်းကို ကြိုးကွင်းတစ်ခုနဲ့ တင်းတင်းကျပ်ကျပ် အချည်ခံထားရသလိုမျိုး ခံစားနေရပါတယ်..။

ရလဒ်အနေနဲ့ သူက ယာဉ်တန်းကို ပိုပြီးတော့ အန္တရာယ်များတဲ့ လမ်းကြောင်းတွေ သုံးပြီး ရှေ့ကို ဦးဆောင်ခေါ်သွားခဲ့ရတာပါပဲ..။တစ်ချို့အချိန်တွေမှာဆိုရင် သာမန်အရပ်သား တင်ဆောင်လာတဲ့ ယာဉ်တွေက ပျက်စီးနေတဲ့ လမ်းတွေပေါ်ကနေ ပြုတ်ကျပြီး.. အောက်ခြေ နက်ရှိုင်းလှတဲ့ လျိုမြောင်တွေထဲကို ကျလုနီးပါး ဖြစ်ခဲ့ရသလို.. ပြိုကျလာတဲ့ ကျောက်တုံးတွေကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပါတယ်..။ သူက ရိုင်နို ပေါ်ကနေ ဆင်းပြီးတော့ သူ့ရဲ့ အရိပ်ချိန်းကြိုးတွေကို သုံးကာ ယာဉ်တွေကို ထိန်းထားပေးခဲ့ရသလို.. သူတို့ကို ကာကွယ်ပေးတာ ဒါမှမဟုတ် သူ့ရဲ့ လက်နဲ့ ဘေးကင်းရာဆီ ဆွဲတင်ပေးခဲ့ရတာမျိုးတွေ လုပ်ခဲ့ရပါတယ်။

သူက တောင်တန်းတွေကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ စွန့်ပစ် လိုဏ်ဂူဟောင်းတွေအနားကို ချဉ်းကပ်ဖို့အထိတောင် အားကိုးခဲ့ရပါသေးတယ်..။ အဲဒီလိုဏ်ဂူတွေက အဆင်ပြေတဲ့ ဖြတ်လမ်းတွေ ဖြစ်နိုင်သလို.. အေးစက်လှတဲ့ လေပြင်းဒဏ်ကနေလည်း ခိုလှုံရာ ဖြစ်စေနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ ဆာလောင်မွတ်သိပ် နေတဲ့ အမှောင်ထု ဂိတ်တံခါးဝတွေကို ကြည့်လိုက်ရုံတင်နဲ့တင် ဆန်နီ တုန်လှုပ်သွားခဲ့ရတယ်..။

ဒီ လိုဏ်ဂူဟောင်းတွေကို ဖြတ်မောင်းသွားရတာက သူ့ တစ်ကိုယ်လုံးကို ကိုက်ခဲစေတဲ့ မသက်မသာ ခံစားချက်ကြီးနဲ့ ပြည့်နှက်နေစေခဲ့ပါတယ်။

‘လုံးဝ မဖြစ်နိုင်ဘူး…’

ယာဉ်တွေရဲ့ အခြေအနေကလည်း ပိုပြီးတော့ ဆိုးရွားလာနေခဲ့တယ်..။ သူက ကြမ်းတမ်းတဲ့ လမ်းကြောင်းကို ပိုပြီး ရွေးချယ်လေလေ..

ဒီ ယာဥ်တွေက ပိုပြီးတော့ မြန်မြန် ပျက်စီးလေလေပါပဲ..။ ဆမ်မာရာ နဲ့ ကင်မ် တို့ကတော့ ကွင်းပြင်ထဲမှာပဲ ကမန်းကတန်း ပြုပြင်မှုတွေကို အကြိမ်အနည်းငယ်ထက်မက ပြုလုပ်ခဲ့ရပေမဲ့.. သူတို့လည်း အတတ်နိုင်ဆုံးပဲ လုပ်ပေးနိုင်ကြတာပါ..။

ယာဉ်တွေရဲ့ အင်ဂျင်တွေက ရုတ်တရက် ရပ်တန့်သွားတတ်ပါတယ်..။ သူတို့ရဲ့ ဘီးတွေကလည်း နက်ရှိုင်းတဲ့ နှင်းတွေထဲမှာ ပိတ်မိနေခဲ့သေးတယ်..။ အပူပေးစက်တွေကလည်း ချို့ယွင်းချက် ဖြစ်ပေါ်လာခဲ့ပြီး ယာဉ်အတွင်းပိုင်းတစ်ခုလုံးကို မွန်းကျပ်စရာ ကောင်းတဲ့ မီးခိုးငွေ့တွေနဲ့ ပြည့်နှက်သွားစေတ်ပါတယ်..။ ဘက်ထရီတွေကလည်း အလွန်အမင်း ပူပြင်းလွန်းတာရော.. ကြောက်စရာကောင်းတဲ့ အအေးဒဏ်နဲ့ ထိတွေ့မိတာကြောင့်ပါ အက်ကွဲပြီး ယိုစိမ့်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ..။

ဆန်နီ ဖြေရှင်းရမယ့် ပြဿနာတွေကတော့ အဆုံးမရှိနိုင်တော့ပါဘူး..။

‘ချီးတဲ့မှပဲ…’

ရိုင်နို ရဲ့ ကွပ်ကဲမှုအခန်းထဲက စခရင်တစ်ခုရဲ့ ရှေ့မှာ ထိုင်ရင်း သူက မြေပုံကို စိုက်ကြည့်နေမိခဲ့တယ်..။ ဆန်နီဟာ သူ့ရဲ့ အရိပ်တွေ အချိန်အကြာကြီး ကင်းထောက်ရာကနေ ယူဆောင်လာခဲ့တဲ့ အချက်အလက်တွေနဲ့ မြေပုံကို အဆင့်မြှင့်တင်လို့ ပြီးရုံတင် ရှိပါသေးတယ်..။

လမ်းကြောင်းအတော်များများကို မျဉ်းနီတားပြီး ဖျက်ပစ်လိုက်ရသလို.. နီရဲနေတဲ့ အမှတ်အသား အတော်များများကလည်း နေရာရွှေ့သွားခဲ့ကြပြီး ယာဉ်တန်းရဲ့ ပတ်ပတ်လည်မှာ ကျဉ်းမြောင်းတဲ့ ပိုက်ကွန်တစ်ခုလို တဖြည်းဖြည်းချင်း ရွေ့လျားနေခဲ့ကြတာပါ..။

အနက်ရောင် ဝတ်စုံ မရှိတော့တာကြောင့် သူက တိုက်ပွဲပြင်ပမှာတော့ [ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်] ကို ပြန်ပြီး ဝတ်ဆင်ထားခဲ့ရပါတယ်..။ သူ့ရဲ့ ဟောင်းနွမ်းပြီး ယုံကြည်စိတ်ချရတဲ့ ချပ်ဝတ်တန်ဆာမှာ [သံသယကင်းရှင်းခြင်း] လို့ ခေါ်တဲ့ တိုးမြှင့်မှုတစ်ခု ရှိနေခဲ့ပေမဲ့.. ဖြစ်ချင်တော့ သူက သံသယတွေ အပြည့်နဲ့ နေနေခဲ့ရတယ်..။

‘ငါက ဘယ်လို လုပ်ရတော့မှာလဲ..’

အဲဒီအချိန်မှာပဲ ရိုင်နို ရဲ့ အနောက်မှာ ရှိနေတဲ့ ယာဉ်တွေထဲက တစ်စီးက ပြင်းထန်တဲ့ အသံကြီးနဲ့အတူ ရုတ်တရက် ရပ်တန့်သွားခဲ့တယ်..။ယာဥ်ရဲ့ အတွင်းပိုင်းကို အလင်းပေးထားတဲ့ မီးလုံးတွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီး ပြင်းထန်တဲ့ ချို့ယွင်းမှုတစ်ခု ဖြစ်ပေါ်သွားကြောင်း အချက်ပြနေခဲ့တာပါ..။ ကျန်တဲ့ ယာဉ်တွေကလည်း အတင်းအကျပ် ရပ်တန့်လိုက်ကြရပါတယ်..။

ဆန်နီက အောက်ကို ငုံ့ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိတယ်..။

‘…အခုကော ဘာထပ်ဖြစ်ပြန်ပြီလဲ’

သူက မတ်တပ်ရပ်လိုက်ပြီး အကြောဆန့်ကာ မောပန်းနေတဲ့ ပုခုံးတွေကို နှိပ်နယ်လိုက်ရင်း အဓိက ဝင်ပေါက်ကနေတစ်ဆင့် ယာဉ်ပေါ်ကနေ ဆင်းလိုက်ပါတယ်..။

အမှောင်ထုနဲ့ ခါးသီးလှတဲ့ အအေးဒဏ်က သူ့ကို ချက်ချင်းပဲ ဆီးကြိုလိုက်ပြီး..အသားတွေကို လှီးဖြတ်မတတ် တိုက်ခတ်နေတဲ့ လေပြင်းက သူ့ခန္ဓာကိုယ်ထဲက အပူစွမ်းအင် အားလုံးကို ချက်ချင်းပဲ စုပ်ယူဖို့ ကြိုးစားလာခဲ့ကြတာပါ..။ ဆန်နီဟာ လွင့်စင်နေတဲ့ နှင်းမှုန်တွေကြားထဲမှာ ဖြတ်လျှောက်ရင်း ယာဉ်တန်းရဲ့ အနောက်ဘက်ဆီကို ဦးတည်လိုက်တယ်..။ သူတော်စင် ရဲ့ တိတ်ဆိတ်နေတဲ့ ပုံရိပ်က ရိုင်နို ရဲ့ အမိုးပေါ်ကနေ စိုက်ကြည့်နေခဲ့ပြီး.. သူမလက်ထဲမှာ တော့ လေးတစ်စင်းကို ကိုင်ထားခဲ့ပါတယ်..။

ဆန်နီ အပေါ်ကို မော့ကြည့်လိုက်တဲ့အချိန်မှာ အရှေ့ဘက်က ကြယ်ပွင့်တွေက တစ်စုံတစ်ခုရဲ့ ဖုံးကွယ်ခြင်းကို ခံနေသလိုမျိုး အနည်းငယ် ဝေဝါးနေတာကို တွေ့လိုက်ရတယ်..။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ မကျေနပ်တဲ့ မျက်မှောင်ကျုတ်မူ တစ်ခုပေါ်လာခဲ့ပါတယ်။

‘နှင်းမုန်တိုင်းက ပြန်ရောက်လာပြန်ပြီ လို့တော့ မပြောနဲ့နော်..’

ဒါက တကယ့်ကို သတင်းဆိုးပါပဲ..။

အပိုင်း ( ၉၂၄ ) ပြီး၏။

All Chapters