အခန်း ၉၂၉
Vol. 62 Ch. 929
အပိုင်း ( ၉၂၉ ) သားရဲအုပ်
ယာဉ်တန်းကြီးက ပျက်စီးနေတဲ့ ဥမင်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်ဆီကို အသည်းအသန် မောင်းနှင်နေချိန်မှာပဲ ‘ဝါးမြိုခြင်း တိမ်တိုက်’ က နောက်ဆုံးမှာ ချောက်ကမ်းပါးကြီးဆီကိုရောက်ရှိလာခဲ့ပါပြီ..။
ကောင်းကင်ကြီးက လုံးဝ ပျောက်ကွယ်သွားပြီး.. တောင်ပံတွေနဲ့ ပြည့်နှက်နေတဲ့ သတ္တဝါတွေရဲ့ လှုပ်ရှားမှုအောက်မှာ ကမ္ဘာကြီးက ထိုးဖောက်မရတဲ့ အမှောင်ထုထဲကို နစ်မြုပ်သွားခဲ့ရတယ်။ လရောင်နဲ့ ကြယ်တာရာတွေရဲ့ ဝေဝါးတဲ့အလင်းရောင်တွေတောင် လုံးဝ ငြိမ်းသတ်ခြင်း ခံလိုက်ရတာပါ..။
သားရဲအုပ်ကြီးဟာ တောင်စောင်းတွေအတိုင်း ဒီရေလှိုင်းတစ်ခုလိုမျိုး စီးဆင်း လာနေခဲ့ပါပြီ..။
ရိုင်နို ရဲ့ သံချပ်ကာကိုယ်ထည်ကို ဖောက်ထွင်းလာတဲ့ မရေမတွက်နိုင်တဲ့ တောင်ပံခတ်သံတွေက ဆန်နီရဲ့ နားထဲကို ဆူညံစွာ ဝင်ရောက်လာခဲ့တယ်..။ သူက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး.. မော်နီတာ တွေကို နောက်ဆုံးတစ်ကြိမ် အမြန်ကြည့်လိုက်ကာ အမိုးပေါ်ကို တက်ဖို့အတွက် အပေါက်ဆီကို အပြေးအလွှား သွားခဲ့ပါတယ်..။ အပြင်ဘက်ကို ရောက်သွားတဲ့အခါမှာတော့ အသံတွေက ပိုပြီးတော့ ကြမ်းတမ်းလာခဲ့တယ်။ဒါက. သူ့ပတ်ဝန်းကျင်မှာ မုန်တိုင်းတစ်ခု တိုက်ခတ်နေသလိုပါပဲ..။
အိပ်မက်ဆိုး သားရဲအုပ်ကြီးက ယာဉ်တန်းရဲ့ နောက်ဆုံးယာဉ်တွေကို ဝါးမြိုဖို့အတွက် စက္ကန့်ပိုင်းလောက်ပဲ လိုတော့တာပါ..။ အပူလွန်ကဲနေတဲ့ စက်သေနတ်ပြောင်းဝတွေကနေ ကျည်ဆန်မိုးတွေကို ဆက်လက် ပစ်ခတ်နေခဲ့ကြပြီး.. အလင်းရောင်တွေ တောက်ပနေတဲ့ ပြောင်းဝတွေကနေ မီးတောက်ကြီးတွေ ထွက်ပေါ်နေခဲ့တယ်..။ အဲ့အချိန်မှာတော့ စစ်သားတွေက ပစ်မှတ်ကို ထိမှန်ဖို့အတွက် ချိန်ရွယ်နေစရာတောင် မလိုတော့ပါဘူး..။ ဒါပေမဲ့လည်း သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးက အလကား ဖြစ်နေခဲ့ရတယ်..။
ဒီလို အကျည်းတန်တဲ့ သားရဲအုပ်ကြီးကို အနည်းငယ်လောက်ပဲ ဖြစ်ဖြစ် ထိခိုက်စေဖို့ ဆိုရင် ဆန်နီအနေနဲ့ စစ်သားထောင်ပေါင်းများစွာနဲ့ အမြောက်တင်ယာဉ်တွေ အများကြီး လိုအပ်ပါတယ်။
သို့ပေမယ့် သူက အချိန်အနည်းငယ်လောက်ပဲ ရအောင် ကြိုးစားနေခဲ့တာပါ..။
“သူတော်စင်”
သူ့ရဲ့ အမိန့်အတိုင်း သူတော်စင် က နောက်ကို လှည့်လာပြီး မော်ဂန်ရဲ့ စစ်ပွဲလေး ကို သူ့ဆီကို ပစ်ပေးလိုက်ပါတယ်..။ဆန်နီ လေးကို ဖမ်းယူလိုက်ပြီး ယိမ်းထိုးနေတဲ့ အမိုးပေါ်မှာ ဟန်ချက်ညီအောင် ခနလောက် အချိန်ယူလိုက်ပြီးမှ.. စိတ်ဓာတ်ပြင်းပြစွာနဲ့ လေးကြိုးကို ဆွဲလိုက်မိတယ်။
သူ့ရဲ့ အရိပ် လေးခုစလုံးက လက်ချောင်းတွေဆီကနေ အရှေ့ကို စီးဆင်းသွားခဲ့ပါတယ်။
မိုးကြိုးလျှပ်စီး ပစ်ခတ်မူ တစ်ခုက လေထဲကို ထိုးဖောက်သွားပြီး..သားရဲ တစ်ကောင်ကို ထိမှန်သွားခဲ့တယ်..။ သတ္တဝါရဲ့ ခန္ဓာကိုယ်က မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေ နဲ့အတူ ပေါက်ကွဲသွားခဲ့ပြီး.. လျှပ်စီးတန်းတွေက သားရဲအုပ်ကြီးထဲကို မီတာ ဒါဇင်ပေါင်းများစွာအထိ ဖြန့်ကျက်သွားခဲ့ပါတယ်..။တစ်ခန အတွင်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံးက တောက်ပတဲ့ အလင်းရောင်တွေနဲ့အတူ လင်းထိန်သွားခဲ့တယ်..။
ဒါကလည်း ယာဉ်တန်းအတွက် အချိန်အနည်းငယ်လောက်ပဲ ပိုရစေခဲ့တာပါ။
‘မလုံလောက်သေးဘူး…’
ဆန်နီမှာ အဆီအနှစ်တွေ အပိုရှိနေရင်တောင်မှ [မိုးကြိုးလျှပ်စီး] ကို ခနခန အသုံးပြုလို့ မရပါဘူး..။ တခြား မှတ်သားမှု တွေလိုပဲ သူ့ကို ဆင့်ခေါ်ဖို့နဲ့ ပြန်သိမ်းဖို့အတွက် အချိန်လိုအပ်ပါသေးတယ်..။ လုပ်ငန်းစဉ်တစ်ခုလုံးက စက္ကန့်အနည်းငယ်ပဲ ကြာပေမဲ့.. လက်ရှိ အခြေအနေမှာတော့ အဲ့အချိန်လောက်ကပဲ သူတို့အားလုံးသေဆုံးဖို့ လုံလောက်နေခဲ့ပါတယ်..။
ဝင်းတား သာ ဒီနေရာမှာ ရှိနေရင် တစ်ခုခုလုပ်နိုင်လောက်မှာပါ..။ ဒါပေမဲ့လည်း ကံဆိုးစွာနဲ့ ဆန်နီ တစ်ယောက်တည်း ဖြစ်နေခဲ့ပါတယ်.။
အင်း.. တစ်ယောက်တည်းလို့တော့ မဟုတ်ပါဘူး..။
အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးရဲ့ အမိုးပေါ်မှာတော့ ဆမ်မာရာ က သူမရဲ့ အားကောင်းတဲ့ ရိုင်ဖယ်သေနတ်ကို အပြင်းအထန် ပစ်ခတ်နေခဲ့တယ်။.ဒီပစ်ခတ်မူတွေကြောင့် သေနတ်ထဲက ဝါယာကြိုး အချို့က မီးပွားတွေနဲ့အတူ အရည်ပျော်သွားခဲ့ပါတယ်..။ စက်ပစ္စည်းတွေ အလုပ်လုပ်နေတဲ့ အသံတိုးတိုးလေးတွေကို တောင်ပံခတ်သံ ထောင်ပေါင်းများစွာရဲ့ ဆူညံသံတွေက ဝါးမြိုသွားခဲ့ပေမဲ့.. ပစ်ခတ်လိုက်တဲ့ အသံကျယ်ကြီးတွေကိုတော့ ဖုံးကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး..။
တောက်ပတဲ့ အလင်းရောင် အမှုန်အမွှားလေးက သားရဲအုပ်ကြီးဆီကို အရှိန်အဟုန်နဲ့ ပြေးသွားခဲ့ပြီး.. အလွန်အမင်း ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့တာပါ..။ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခုက မြေပြင်ကို တုန်ခါသွားစေခဲ့ပြီး.. တိုက်ခိုက်နေတဲ့ သားရဲတွေကို တစ်စုတစ်ဝေးတည်း ဝါးမြိုသွားခဲ့တယ်..။
ဆမ်မာရာ ဟာ ယိုင်သွားခဲ့ပြီး သွေးတစ်လုပ်ကို အန်ထုတ်လိုက်တယ်..။ သူမရဲ့ အဆီအနှစ်တွေ အတော်လေး ကုန်ဆုံးနေပြီ ဖြစ်ပေမဲ့ တခြား အထူးတပ်ဖွဲ့ဝင် တွေကလည်း ငြိမ်နေခဲ့ကြတာတော့ မဟုတ်ပါဘူး..။ အဆိပ်လူးထားတဲ့ ကျည်ဆံတွေနဲ့ သူတို့ရဲ့ မှတ်သားမှု တွေက သူတို့ရဲ့ အလုပ်ကို လုပ်ဆောင်နေခဲ့ကြပြီး.. ယာဉ်တန်းအတွက် အဖိုးတန်တဲ့ အချိန်တွေကို ဝယ်ယူပေးနေခဲပါတယ်..။ ဥမင်လိုဏ်ခေါင်းကလည်း ပိုပြီး နီးကပ်လာနေခဲ့တယ်။
ဒါပေမဲ့လည်း လုံလောက်မှု မရှိသေးပါဘူး..။ အနောက်ဆုံးမှာရှိတဲ့ ယာဥ်ကတော့ တိုက်ခိုက်မှုတွေကြောင့် ရုန်းကန်နေရပါပြီ..။ သူ့ရဲ့ သံချပ်ကာကိုယ်ထည်က စက္ကန့်ပိုင်းအတွင်းမှာပဲ စာရွက်တစ်ရွက်လိုမျိုး အပိုင်းပိုင်း အစအစ ဖြစ်သွားခဲ့ပြီး.. သွေးတွေကလည်း ဘေးဘက်တွေကနေ စီးကျနေခဲ့တယ်..။ စက်သေနတ်ကို ထိန်းချုပ်နေတဲ့ စစ်သားကို မတွေ့ရတော့ပေမဲ့.. နောက်တစ်ယောက်က အစားထိုးလိုက်ပါတယ်..။ ဒါပေမဲ့ ခနအကြာမှာပဲ ရူးသွပ်နေတဲ့ သားရဲ တစ်ကောင်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွယ်တွေက သူ့လက်မောင်းကို ကိုက်ခဲလိုက်တဲ့အတွက် အော်ဟစ်လိုက်ရတယ်..။
သွေးတွေ မိုးလို ရွာကျလာတဲ့အခါမှာတော့ စစ်သားက အံကိုကြိတ်ပြီး သူ့ရဲ့ သေနတ်ကို ထုတ်ကာ သာမန်ကျည်ဆံတွေ နဲ့ သတ္တဝါရဲ့ လည်ပင်းဆီကို ပစ်ခတ်လိုက်ပေမဲ့ ဘာမှ ထူးမလာခဲ့ပါဘူး..။
ဆန်နီ ကတော့ ကျန်တာတွေကို ဆက်မကြည့်နိုင်တော့ပေ..။
[မိုးကြိုးလျှပ်စီး] က နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး.. အရိပ်တွေကလည်း ပြန်ရောက်လာတာကြောင့်.. သူက လျှပ်စီးတန်းတွေကို သားရဲအုပ်ကြီးထဲကို နောက်တစ်ကြိမ် ထပ်ပြီး ပစ်လွှတ်လိုက်တယ်..။
[သေဆုံးခြင်း ဆန္ဒ] ရဲ့ ဆွဲဆောင်မှုကြောင့် သားရဲအုပ်ကြီးက ယာဉ်တန်းကို မတိုက်ခိုက်တော့ပဲ ရိုင်နို ကိုပဲ ဦးတည်ပြီး ခုန်အုပ်နေခဲ့ကြတာပါ..။ အခုထိတော့ ဘယ်ကောင်မှ သူတော်စင် ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး..။ သူတော်စင် က [နှစ်သိမ့်ခြင်းပြစ်ဒဏ်] ကို ဝှေ့ယမ်းရင်း သူ့ကို ကာကွယ်ပေးနေခဲ့ပါတယ်..။ ဒါပေမဲ့လည်း သူ ဘယ်လောက်ကြာကြာ လုံခြုံနေဦးမလဲ ဆိုတာကို ဆန်နီ သိနေခဲ့တယ်..။
သူတို့ရဲ့ လွတ်မြောက်ရာ နေရာက အရမ်းကို နီးကပ်နေခဲ့ပါပြီ..။
ဒါပေမဲ့လည်း သူတို့ရဲ့ အချိန်တွေ ကုန်ဆုံးသွားခဲ့တယ်။
ကြိုးစားအားထုတ်မှုတွေ အားလုံး ရှိပေမဲ့ ဆန်နီ နဲ့ စစ်သားတွေက ‘ဝါးမြိုခြင်း တိမ်တိုက်’ ကို ဆက်လက် တားဆီးထားနိုင်ခြင်း မရှိတော့ပါဘူး..။ ယာဉ်တန်းတစ်ခုလုံးက အိပ်မက်ဆိုး သတ္တဝါတွေရဲ့ ဝန်းရံခြင်းကို ခံလိုက်ရပါပြီ..။
အံ့ဩတုန်လှုပ်စွာနဲ့ပဲ ဆန်နီ က နောက်ဆုံးယာဉ်ကို သားရဲအုပ်ကြီးက ဝါးမြိုသွားတာကို ကြည့်နေခဲ့မိတယ်..။ ယာဉ်ရဲ့ သံချပ်ကာတွေက စက္ကန့်ပိုင်းအတွင်းမှာပဲ စက္ကူတစ်ရွက်လိုမျိုး စုတ်ပြဲသွားခဲ့ရတာပါ..။ နောက်ထပ် ဘာတွေ ဖြစ်လာမလဲ ဆိုတာကတော့…
‘ငရဲကိုပဲ သွားတော့…’
သူ ဘာလုပ်နေလဲ ဆိုတာကို မသိလိုက်ခင်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်က အရှေ့ကို ရွေ့လျားသွားခဲ့တယ်..။သူက ရိုင်နို ရဲ့ အနောက်ဘက်ကို ပြေးသွားပြီး ကြွက်သားတွေကို အဆီအနှစ်တွေနဲ့ ဖြည့်ဆည်းလိုက်ကာ.. ခုန်ချလိုက်ပါတယ်..။
‘…ငါ ရူးသွားတာပဲ ဖြစ်ရမယ်…’
ဆန်နီ က ယာဉ်တန်းရဲ့ အပေါ်ဘက်ကို တက်သွားရင်း.. [ထာဝရချိန်း] ရဲ့ အေးစက်တဲ့ သံမဏိပေါ်မှာ ချွန်ထက်တဲ့ အစွယ်တွေ ကုတ်ခြစ်နေတာကို ခံစားလိုက်ရတယ်..။ သူ့ခါးပတ်ပေါ်မှာရှိတဲ့ အနက်ရောင် ကျောက်တုံးနဲ့ ပြုလုပ်ထားတဲ့ မီးအိမ် လေးက ရုတ်တရက် ပွင့်သွားပြီး အမှောင်ထုတွေ စီးဆင်းလာခဲ့ပါတယ်..။ အမှောင်ထုတွေနဲ့ ဝန်းရံထားရင်း သူက ပျက်စီးနေတဲ့ နောက်ဆုံးယာဉ်ရဲ့ အမိုးပေါ်ကို ကျရောက်သွားခဲ့တယ်..။
အရိပ်တွေနဲ့ ဖုံးလွှမ်းထားတဲ့ ဒူးထောက်နေတဲ့ ပုံရိပ်ဆီကနေ လက်ချောင်းတွေ အများကြီး ပေါက်ထွက်လာပြီး.. သားရဲတွေကို အပိုင်းပိုင်း ဖြစ်သွားစေခဲ့ပါတယ်..။ နောက်ထပ် အရိပ်တွေကလည်း ရေလိုမျိုး စီးဆင်းသွားပြီး ယာဉ်ကိုယ်ထည်မှာ ရှိနေတဲ့ အပေါက်တွေကို ဖုံးအုပ်ကာ ခိုင်ခံ့တဲ့ သံချပ်ကာအဖြစ် ပြောင်းလဲ သွားခဲ့တယ်..။
တစ်ချိန်တည်းမှာပဲ မြေပြင်ကနေ အနက်ရောင် နံရံတွေ ပေါ်ထွက်လာပြီး ယာဉ်တန်းတစ်ခုလုံးကို ဝန်းရံထားလိုက်ပါတယ်..။ သားရဲတွေက အဲဒီ နံရံတွေကို ဒေါသတကြီး ဝင်တိုက်နေခဲ့တာကြောင့်.. နံရံတွေက တုန်ခါသွားခဲ့ရတယ်..။
ဒါပေမဲ့လည်း အနည်းဆုံးတော့ အခုအချိန်အထိ.. ခံနိုင်ရည် ရှိနေပါသေးတယ်..။
ယာဉ်တန်းရဲ့ အရှေ့မှာတော့ ရိုင်နို ဟာ နောက်ဆုံးမှာ ဥမင်လိုဏ်ခေါင်းကို ရောက်ရှိလာပြီး အထဲကို မောင်းဝင်သွားခဲ့ပါတယ်။သူက.. အလင်းရောင် မရှိတဲ့ အမှောင်ထုထဲမှာ ပျောက်ကွယ်သွားခဲ့တယ်..။ တစ်စီးပြီး တစ်စီး ဆိုသလိုပဲ တခြား ယာဉ်တွေနဲ့အတူ အိပ်မက်ဆိုး သတ္တဝါ အချို့ပါ လိုက်ပါသွားခဲ့ကြတာပါ..။ သတ္တဝါတွေကိုတော့ အထူးတပ်ဖွဲ့ဝင် တွေက ချက်ချင်းပဲ ပစ်သတ်လိုက်ကြတယ်..။
ဆန်နီ ရောက်ရှိနေတဲ့ ပျက်စီးနေတဲ့ ယာဉ်ကတော့ နောက်ဆုံးမှ ဥမင်လိုဏ်ခေါင်းထဲကို ဝင်ရောက်လာခဲ့တယ်။ဒီကားက. ခနလောက် မောင်းပြီးနောက်မှာတော့ တုန်ခါစွာနဲ့ ရပ်တန့်သွားခဲ့ပါတယ်..။
သူက အမိုးပေါ်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ကာ.. ယိုင်နဲ့နဲ့ နဲ့ ပြန်ထရပ်လိုက်တယ်..။ သူတို့ရဲ့ အနောက်ဘက်မှာတော့ နောက်ထပ် အရိပ်နံရံ တစ်ခု ပေါ်ထွက်လာပြီး ဥမင်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်ကို ပိတ်ဆို့လိုက်ပါတယ်..။ ဒီ အရိပ်နံရံကတော့ အရင် နံရံတွေထက် ပိုပြီး ထူထဲနေခဲ့တယ်..။
ချက်ချင်းဆိုသလိုပဲ သူက ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို ခံလိုက်ရပါတော့တယ်..။ သူ့ရဲ့ အရိပ် မျက်နှာပြင်တွေက တုန်ခါသွားခဲ့ကြတယ်။ဒီ နံရံကြီးက အက်ကွဲခြင်း မရှိသေးပေမဲ့လည်း ရပ်တန့်ခြင်း မရှိတဲ့ တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံဖို့အတွက် အတော်လေး ရုန်းကန်နေရတာပါ..။
ဥမင်လိုဏ်ခေါင်းရဲ့ တိတ်ဆိတ်မှုထဲမှာတော့ ဆန်နီ က ခန္တာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သွေးတွေကို အန်ထုတ်ကာ ပင်ပန်းနွမ်းနယ်စွာနဲ့ အပေါ်ကို မော့ကြည့်လိုက်မိတယ်..။
သူ့ရဲ့ မွန်းကျပ်နေသလိုမျိုး အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်..။
“တစ်ယောက်ယောက် အဲဒီဝင်ပေါက်ကို အမြန် ဖောက်ခွဲလိုက်တာ ပိုကောင်းလိမ့်မယ်…”
အပိုင်း ( ၉၂၉ ) ပြီး၏။