← Chapters

အခန်း ၉၃၀

Vol. 62 Ch. 930

အခန်း ၉၃၀

Vol. 62 Ch. 930

အပိုင်း ( ၉၃၀ ) ဥမင်ဟောင်း

ယာဉ်တန်းကြီးက ဥမင်လိုဏ်ခေါင်းထဲကို ဝင်ပြီးပြီးချင်းမှာပဲ ရပ်တန့်သွားခဲ့တယ်..။ မိနစ်အနည်းငယ်လောက်အထိတော့ အရိပ်နံရံပေါ်ကို ဆက်တိုက် ကျရောက်နေတဲ့ ရိုက်ခတ်သံတွေကလွဲလို့ ဘာသံမှ မကြားရတော့ပါဘူး..။ ကြောက်လန့်ပြီး မောပန်းနွမ်းနယ်နေကြတဲ့ လူတွေအားလုံးဟာ လမ်းပျောက်နေသလိုမျိုး စိတ်ဓာတ်တွေ ဝေဝါးနေခဲ့ကြတယ်..။

ဆန်နီရဲ့ အသံက သူတို့ကို လက်ရှိအခြေအနေဆီ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်..။

သူက အရှေ့ဘက်ကနေ ဘာကောင်မှ တိုက်ခိုက်မလာတာ သေချာအောင် ဥမင်လိုဏ်ခေါင်းရဲ့ အမှောင်ထုထဲကို လှမ်းကြည့်လိုက်တယ်..။ အခုထိတော့ ဘာမှ ရှိမနေသေးပါဘူး..။ သူက နောက်ကို အနည်းငယ် ဆုတ်လိုက်ပြီး အပေါ်က အေးစက်နေတဲ့ ကျောက်တုံးတွေကို အကဲခတ်လိုက်မိတယ်..။

ဥမင်လိုဏ်ခေါင်းရဲ့ သက်တမ်းက အရမ်းကို အိုမင်းနေပြီဖြစ်လို့ အမိုးရဲ့ အစိတ်အပိုင်းတစ်ခုကို ဖောက်ခွဲပစ်ဖို့ ဆိုတာက အကြံကောင်းတော့ မဟုတ်ပါဘူး..။ သို့ပေမယ့်လည်း တခြားရွေးချယ်စရာ လမ်းက ပိုပြီးတော့ ဆိုးရွားလွန်းနေခဲ့တယ်..။ သားရဲအုပ်ကြီးက ယာဉ်တန်းနောက်ကို လိုက်ပြီး အထဲကို ဝင်မလာနိုင်အောင် သူတို့ တားဆီးရပါလိမ့်မယ်..။ ဆန်နီမှာ အဆီအနှစ်တွေ အရမ်းနည်းနေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ အရိပ်နံရံကလည်း ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ပါဘူး..။

သူက နောက်ဆုံးက ယာဉ်ကို ကယ်တင်ဖို့အတွက် အသည်းအသန် ကြိုးစားခဲ့ရတာကြောင့် အဆီအနှစ် အတော်များများကို အသုံးပြုခဲ့ရပါတယ်..။ အမှန်အတိုင်းပြောရရင် ဆန်နီကိုယ်တိုင်တောင် သူ ဒီလိုမျိုး လုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ အခုလိုမျိုး အရိပ်ရုပ်သွင်ဖော်ခြင်း ကို အတိုင်းအဆကြီးမားစွာ အသုံးပြုနိုင်ခဲ့တာက သူ အရင်က တစ်ခါမှ မလုပ်ဆောင်နိုင်ခဲ့ဖူးတဲ့ အရာပါပဲ..။ အခြေအနေရဲ့ အရေးကြီးမှုနဲ့ စိတ်ဓာတ် တက်ကြွမှုက သူ့ရဲ့ နတ်ဘုရားအဆင့်စွမ်းရည် ကို အဆင့်အသစ်တစ်ခုအထိ ကျွမ်းကျင်သွားအောင် ကူညီပေးခဲ့တာပါ..။ အခုတော့ သူ အားအင်ကုန်ခမ်းနေခဲ့ပါပြီ..။ ဒါကြောင့် ဥမင်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်ကို ဖျက်ဆီးပစ်ရပါလိမ့်မယ်..။

‘ရှေ့နားမှာ လမ်းပိတ်နေတဲ့ အပိုင်းသာ ရှိနေရင်တကယ့်ကို မျက်နှာပူစရာ ဖြစ်တော့မှာပဲ…’

ဒါပေမယ့်လည်း ယာဉ်တန်းအနေနဲ့ ကျောက်တုံးအပျက်အစီးတွေကို တူးဆွဖို့ လမ်းစ ရှာနိုင်ပါသေးတယ်..။ ဝါးမြိုခြင်း တိမ်တိုက်က သူတို့ကို အရှင်လတ်လတ် ဝါးမြိုသွားရင်တော့ သေရာကနေ ပြန်ရှင်လာနိုင်တော့မှာ မဟုတ်ပါဘူး..။

ဆာဂျင် ဂီရီ ပေးထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေရဲ့ အကူအညီ၊ သက်ရှိနဲ့ သက်မဲ့ အရာတွေရဲ့ အားနည်းချက်တွေကို မြင်နိုင်တဲ့ ကင်မ်ရဲ့ စွမ်းရည်၊ ပြီးတော့ ပရော်ဖက်ဆာ အိုဘယ်ရဲ့ ရိုးရှင်းတဲ့ သိပ္ပံပညာ ဗဟုသုတတွေကြောင့် သူတို့က ဖောက်ခွဲရေးပစ္စည်း အနည်းငယ်ကို အသုံးပြုပြီး ဥမင်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်ကို ဖြိုချနိုင်ခဲ့ကြတယ်..။ဒါက အပြင်ဘက် ကမ္ဘာနဲ့ သူတို့ကို လုံးဝ အဆက်သွယ် ဖြတ်တောက်လိုက်တာပါ..။

အခုတော့ နောက်ပြန်လှည့်စရာ လမ်းမရှိတော့ပါဘူး..။သူတို့က အမှောင်ထုထဲကို ရှေ့ဆက်ဖို့ပဲ ရှိပါတော့တယ်..။

သို့ပေမယ့်လည်း လူတွေကတော့ နောက်ဆုံးမှာ ဘေးကင်းသွားခဲ့ကြပါပြီ..။ ဒါပေါ့ အကြမ်းဖျင်းအရ ပြောတာပါ..။ဥမင်ဟောင်းရဲ့ ခြောက်ခြားစရာ ကောင်းတဲ့ အမှောင်ထုထဲမှာ ဘာတွေ စောင့်ကြိုနေမလဲ ဆိုတာကို မသိနိုင်သေးပါဘူး..။ ဒါကြောင့် ဆန်နီ က ရိုင်နို ရဲ့ အရှေ့ဘက်မှာ ကင်းသမား အများအပြားကို ချထားလိုက်တယ်..။ အဲ့ဒါပြီးမှ သူက အခြေအနေတွေကို အကဲဖြတ်ဖို့ အချိန်ရပါတော့တယ်..။

ယာဉ်တန်းကြီးက… ပျက်စီးယိုယွင်းနေတဲ့ ပုံစံ ပေါက်နေခဲ့တာပါ..။ ကားတိုင်းက အနည်းနဲ့အများတော့ ထိခိုက်ဒဏ်ရာ ရထားခဲ့ကြပြီး.. ကားအများစုပေါ်မှာ အထူးတပ်ဖွဲ့ နဲ့ သာမန်စစ်သားတွေ ပစ်သတ်ထားတဲ့ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ သွေးတွေ ပေကျံနေခဲ့ပါတယ်..။ ဒါပေမယ့်လည်း ကားအားလုံးနီးပါးကတော့ မောင်းနှင်နိုင်ပါသေးတယ်..။

တစ်ခုတည်းသော ချွင်းချက်ကတော့ ဆန်နီ ကယ်တင်ခဲ့တဲ့ နောက်ဆုံးက စစ်ကားပါပဲ..။

အဲဒါကတော့ လုံးဝ သုံးစားလို့ မရတော့ပေ..။ အမှန်အတိုင်းပြောရရင် ဒီကားက အလုပ်လုပ်နေတဲ့ စက်ပစ္စည်းတစ်ခုထက်စာရင် သံတိုသံစပုံကြီးနဲ့ ပိုတူနေခဲ့ပါတယ်..။ ဒီကားက ဥမင်လိုဏ်ခေါင်းထဲအထိ ဘယ်လိုမျိုး မောင်းဝင်လာနိုင်လဲ ဆိုတာကတော့ တကယ့်ကို အံ့ဩစရာပါပဲ..။

သူ့ရဲ့ ရဲဘော်တွေလည်း ခံစားခဲ့ကြရတယ်..။

စစ်သားတစ်ယောက်က သေဆုံးသွားခဲ့ပြီး ကျန်တဲ့လူတွေကတော့ ပြင်းထန်စွာ ဒဏ်ရာရထားခဲ့ကြပါတယ်..။ ချီတင် သာ မရှိရင် သူတို့ထဲက အချို့က ရရှိထားတဲ့ ဒဏ်ရာတွေနဲ့တင် သေဆုံးသွားနိုင်ပါတယ်..။ လက်ရှိမှာတော့ သူက ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ စက်သေနတ်ကိုင် စစ်သားရဲ့ လက်မောင်းက သွေးထွက်ဒဏ်ရာတွေကို တားဆီးဖို့ ကြိုးစားနေခဲ့တယ်..။

ကုသသူရဲ့ စွမ်းရည်တွေ ရှိနေရင်တောင်မှ ဒီလူရဲ့ လက်မောင်းက ထိန်းသိမ်းထားဖို့ အရမ်းကို ပျက်စီးနေခဲ့ပါပြီ..။ စုတ်ပြဲနေတဲ့ အသားစတွေနဲ့ ကျိုးကြေနေတဲ့ အရိုးတွေကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ဖြတ်တောက်ရတော့မယ်ဆိုတာ ဆန်နီ သိလိုက်ပါတယ်..။

သူက ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်မသက်မသာ ဖြစ်နေခဲ့ရပေမယ့် အခုတော့ အခြေအနေက စိတ်ရှုပ်စရာ ကောင်းသွားခဲ့တယ်..။ ဝါးမြိုခြင်း တိမ်တိုက်ဆီကနေ အသည်းအသန် လွတ်မြောက်အောင် ပြေးခဲ့ရတဲ့ အချိန်အတွင်းမှာ သူ့လူတွေထဲက တစ်ယောက်ပဲ သေဆုံးခဲ့တဲ့ အတွက် သေဆုံးသွားတဲ့ နတ်ဘုရားတွေကိုတောင် ကျေးဇူးတင်ရမလို ဖြစ်နေခဲ့တာပါ..။ ဒါပေမယ့် ဆန်နီ ကတော့ ကျေးဇူးတင်ချင်စိတ် မရှိပါဘူး..။

အဲဒီအစား သူက ပရော်ဖက်ဆာ အိုဘယ်ကို မကြာခင်က ပေးခဲ့တဲ့ ကတိတစ်ခုကို သတိရမိသွားခဲ့တယ်..။ သူ့ဆီမှာ အသက်ကို အပ်နှံထားတဲ့ လူတိုင်းကို ကယ်တင်ဖို့ ကြိုးစားပါမယ်ဆိုတဲ့ ကတိပါပဲ..။

ဆန်နီ က အဲဒီကတိကို နှစ်ကြိမ်တိုင်တိုင် ဖျက်ဆီးမိခဲ့ပါပြီ..။ ဒုက္ခသည် အဘွားအို သေဆုံးသွားတာက သူ့ရဲ့ ထိန်းချုပ်မှု အပြင်ဘက်မှာ ဖြစ်ခဲ့ပေမယ့်.. အခု ကျဆုံးသွားတဲ့ စစ်သားကတော့… သူ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် တိုက်ရိုက် ဖြစ်လာရတာပါ..။

ဆန်နီ အတိတ်တုန်းက လူအများကြီးကို သတ်ခဲ့ဖူးပေမယ့် သူ တာဝန်ယူထားရတဲ့ လူတစ်ယောက်ရဲ့ သေဆုံးမှုကိုတော့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါဘူး..။

ဒါက တကယ့်ကို ခါးသီးပြီး နာကျင်ဖို့ကောင်းတဲ့ ခံစားချက်ပါပဲ..။ သူက ဘာဖြစ်လို့ တခြားသူစိမ်းတစ်ယောက်ရဲ့ သေဆုံးမှုအတွက် တာဝန်ယူနေရတာလဲ..။ အဲ့ဒီစစ်သားကိုက ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ..။

ဆန်နီ လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိတယ်..။

‘တကယ်… စိတ်အနှောင့်အယှက် ဖြစ်စရာပဲ…’

သူက ခနလောက် ငြိမ်သက်နေပြီးမှ မျက်နှာ

ရှုံ့မဲ့သွားခဲ့တယ်..။

ဘာပဲဖြစ်ဖြစ် စစ်ကားတစ်စီး ဆုံးရှုံးသွားတာက နာကျင်စရာ ဖြစ်ပေမယ့် ယာဉ်တန်းတစ်ခုလုံးကိုတော့ မထိခိုက်စေပါဘူး..။ အရပ်သား သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးသာ ဆုံးရှုံးခဲ့ရင် အသက်အန္တရာယ်တွေ အများကြီး ပိုပြီး ထိခိုက်နိုင်ပါတယ်..။

ဒဏ်ရာရထားတဲ့ စစ်သားတွေကတော့ သူတို့ရဲ့ ဒဏ်ရာအခြေအနေပေါ် မူတည်ပြီး ရက်အနည်းငယ် ဒါမှမဟုတ် အဲ့ဒီထက်မက တိုက်ပွဲဝင်နိုင်မှာ မဟုတ်တော့ပေ..။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့ အသက်ရှင်နိုင်ပါလိမ့်မယ်..။

ခြုံပြောရရင် သူတို့အားလုံး လွယ်လွယ်ကူကူနဲ့ လွတ်မြောက်လာခဲ့ကြတာပါ..။ ဆန်နီ ကတော့ ပျံသန်းနိုင်တဲ့ သားရဲတွေ ရောက်လာတာကို သိကတည်းက ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားတောါမယ်လို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်..။ စစ်သားတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အတွက် သူ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ ဒါက တကယ့်ကို ကံကောင်းလွန်းခဲ့တာပါ..။

…ဒါပေမယ့် သူတို့ အန္တရာယ်ကနေ လုံးဝ လွတ်မြောက်သွားတာတော့ မဟုတ်သေးပါဘူး..။

သူက ဥမင်ဟောင်းအကြောင်း ဘာမှ မသိပေမယ့် ဒီထဲမှာ သွားလာရတာက သိပ်ပြီး ဘေးကင်းလိမ့်မယ်လို့တော့ မထင်ပါဘူး..။ အမှန်အတိုင်းပြောရရင် ဒီထဲမှာ ခိုလှုံဖို့ ဆုံးဖြတ်ချက်က ဝါးမြိုခြင်း တိမ်တိုက်ရဲ့ ဝါးမြိုခြင်းကို ခံရတာထက်စာရင် ပိုပြီးတော့ ဆိုးရွားတဲ့ အခြေအနေမျိုးကိုတောင် ဖြစ်ပေါ်စေနိုင်ပါသေးတယ်..။

‘ငါ တကယ်ပဲ အကောင်းမြင်စိတ်တွေ များပြားနေပါလား…’

အိပ်မက်ဆိုး ချိန်းကြိုးကြီး ရောက်လာပြီးကတည်းက ဘယ်လို အိပ်မက်ဆိုး သတ္တဝါတွေမဆို ဒီနေရာမှာ အသိုက်ဆောက်ထားနိုင်ပါတယ်..။

…ပိုပြီးတော့ စိုးရိမ်စရာကောင်းတာက ဒီဥမင်လိုဏ်ခေါင်းထဲမှာ နိုးထခြင်း ကမ္ဘာဆီကို အစောကြီးကတည်းက ရောက်ရှိနေတဲ့ အရာတစ်ခုခု ရှိနေနိုင်တာပါပဲ..။

လူသားတွေက မြို့ပြတွေရဲ့ အနီးအနားမှာ ပွင့်လာတဲ့ ထွက်ပေါက် တွေကိုတော့ လိုအပ်ချက်အရ ပိတ်ဆို့တာ ဒါမှမဟုတ် ထိန်းချုပ်တာတွေ လုပ်နိုင်ခဲ့ကြပေမယ့် တောရိုင်းမြေတွေထဲမှာတော့ အဲ့လိုမျိုး လုပ်ဖို့ ဘယ်သူမှ စိတ်မဝင်စားကြသလို အင်အားလည်း မရှိကြပါဘူး..။ ထွက်ပေါက်အများစုက လူတွေ အများကြီး နေထိုင်တဲ့နေရာတွေမှာ ပွင့်တတ်ပေမယ့် အားလုံးတော့ မဟုတ်ပေ..။

ဥမင်လိုဏ်ခေါင်းရဲ့ တစ်နေရာရာမှာ ဆယ်စုနှစ်ပေါင်းများစွာ ဒါမှမဟုတ် ရာစုနှစ်ဝက်လောက်အထိ နေထိုင်လာခဲ့တဲ့ သားရဲတစ်ကောင်နဲ့ သူတို့ ထိပ်တိုက်တွေ့နိုင်ပါသေးတယ်..။

ဒါပေမယ့်လည်း ဒီထဲမှာ အိပ်မက်ဆိုး သားရဲတွေ မရှိဘဲ လုံးဝ ဘေးကင်းနေမယ့် အခွင့်အရေးလည်း ရှိနိုင်တာပါပဲ..။ အမှန်အတိုင်းပြောရရင် အဲ့ဒီလိုမျိုး ဖြစ်နိုင်ခြေကလည်း တူတူပဲ ရှိနေတာပါ..။

…ဆန်နီ စိတ်မချတာကြောင့် ယာဉ်တန်းရဲ့ အရှေ့ဘက်ကို လျှောက်သွားပြီး ကြီးမားတဲ့

ရိုင်နို ကို ဖြတ်ကာ ကင်းသမားတွေရဲ့ အနားမှာ ရပ်လိုက်တယ်..။

သူတို့ရဲ့ ရှေ့ဘက်မှာတော့ ကားရဲ့ မီးမောင်းတွေကြောင့် ဥမင်လိုဏ်ခေါင်းရဲ့ လမ်းအရှည်ကြီးက လင်းထိန်နေခဲ့ပါတယ်..။ သူက အရှေ့ဘက်က အမှောင်ထုထဲကို စိုက်ကြည့်လိုက်မိတယ်..။ ခနအကြာမှာတော့ ဆန်နီ က အောက်ကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းအရှည်ကြီးကို ချလိုက်ပါတယ်..။

‘ဒါက… နိမိတ်မကောင်းဘူး…’

သူ ဘာမှ မမြင်ရပါဘူး..။

ဒါက အရှေ့မှာ ဘာမှ ရှိမနေတာမျိုး မဟုတ်ပဲ ဥမင်လိုဏ်ခေါင်းကို လွှမ်းခြုံထားတဲ့ အမှောင်ထုကို ထိုးဖောက်မမြင်နိုင်တာကြောင့် ဖြစ်ပါတယ်..။ဒီအရာက အဓိပ္ပာယ် တစ်ခုတည်း ရှိနေခဲ့တယ်..။

ဒီနေရာက အရိပ်တွေနဲ့ ဖုံးလွှမ်းနေတာမျိုး မဟုတ်ပဲ အဲဲဒီအစား စစ်မှန်ပြီး သန့်စင်တဲ့ အမှောင်ထုအောက်မှာ နစ်မြုပ်နေခဲ့တာပါ..။

အပိုင်း ( ၉၃၀ ) ပြီး၏။

All Chapters