အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း (၂၅၉)
ကံကောင်းမှု အနည်းငယ်နဲ့ ဉာဏ်ပညာ အနည်းငယ်
“ပြီးတော့ ကျွန်မတို့ဆီမှာ ဒါရှိသေးတယ်လေ”
ဟွာကျွင်း သူမ၏ ဂါဝန်စကို မကာ ခြေထောက်တွင် ချည်နှောင်ထားသော လိပ်ထားသည့် စက္ကူလိပ်ကို ထုတ်ပြလိုက်သည်။
လုမင်လီ ၎င်းကို ဖြန့်ကြည့်လိုက်သောအခါ သူအသည်းအသန် ရဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ခံစစ်မြေပုံနှင့် ပထဝီဝင်အနေအထားပြ မြေပုံဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဟွာကျွင်းကို မှင်တက်ကာ ကြည့်နေမိတော့၏။
“ဒါကို မင်း ဘယ်လိုရခဲ့တာလဲ”
ဟွာကျွင်း အောင်နိုင်သူအပြုံးဖြင့် ပြန်ဖြေသည်။ “ကံကောင်းမှု အနည်းငယ်နဲ့ ဉာဏ်ပညာ အနည်းငယ် ပေါင်းစပ်လိုက်တာပေါ့”
သူမ သူ့အနားသို့ တိုးကပ်ကာ မေးလိုက်၏။
“ဘယ်လိုလဲ၊ တိုက်လို့ ရပြီလား”
လုမင်လီသည် ပထဝီဝင်မြေပုံကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဒီအချိန်မှာတော့ ကိုယ်တို့ သေချာ စဉ်းစားတွေးခေါ်ဖို့ လိုသေးတယ်”
လုမင်လီ စစ်မြေပြင်တွင် သွေးမြေကျခဲ့ရသော ရဲဘော်ရဲဘက်များနှင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ပြည်သူများကို မြင်တွေ့ခဲ့ဖူးသည်။ စစ်မြေပြင်တွင် ကျဆုံးသွားသော စစ်သည်များ၏ မျက်ဝန်းထဲတွင် သေခါနီးအချိန်၌ ဂုဏ်ဒြပ်နှင့် စည်းစိမ်များကို မြင်တွေ့ရသည်မဟုတ်ပေ။
ယင်းအစား ၎င်းမှာ နေရပ်ဌာနီနှင့် ချစ်ခင်ရသူများအပေါ် တမ်းတမှုများသာ ဖြစ်၏။
ထိုသို့သော အကြောင်းပြချက်များကြောင့် သူသည် စစ်ပွဲကို ဆန့်ကျင်သူဖြစ်ပြီး နန်းတွင်းတွင် ငြိမ်းချမ်းရေးလိုလားသည့် အစုအဖွဲ့ဘက်တွင် ပို၍ ရပ်တည်သည်။
သို့သော် ယနေ့ ဟွာကျွင်း ပြောသွားသည်မှာလည်း အကြောင်းမဲ့တော့မဟုတ်ပေ။ သူမ ပြောသကဲ့သို့ ရိက္ခာထောက်ပံ့မှု အဆက်မပြတ် ရှိနေမည်ဆိုလျှင် စစ်ပွဲမှာ မအောင်နိုင်စရာ အကြောင်းမရှိပေ။
လုမင်လီသည် သူ့နားထင်ကို ပွတ်လိုက်သည်။ စစ်မြေပြင်ဆိုသည်မှာ အမြဲတစေ ပြောင်းလဲနေပြီး အရာအားလုံး အဆင်သင့်ဖြစ်နေလျှင်ပင် စစ်ပွဲကို အချိန်တိုအတွင်း အဆုံးသတ်နိုင်မည်ဟု သူ အပြည့်အဝ ယုံကြည်မှု မရှိသေးပေ။
ထို့အပြင် သူ့ပုခုံးပေါ်တွင် စစ်သည်ပေါင်းများစွာ၏ အသက်များ ရှိနေသည်။
‘သူ ဘယ်လိုလုပ်ပြီး ဇွတ်တရွတ် လုပ်နိုင်ပါ့မလဲ’
“ဒါကို ကိုယ့်ဆရာနဲ့ သေသေချာချာ အရင် တိုင်ပင်ပါရစေဦး”
သူ နယ်စပ်ကာကွယ်ရေး မြေပုံကို ပြန်လိပ်လိုက်ပြီး ထပ်ပြော၏။
“အမှားအယွင်းမရှိတဲ့ အစီအစဉ်တစ်ခု ချမှတ်ပြီးမှပဲ စစ်တပ်ကို လွှတ်လို့ရမယ်”
ထို့နောက် သူ မေးလိုက်သည်။
“ပြီးခဲ့တဲ့ အခေါက်က ကိုယ်ပေးခဲ့တဲ့ ပစ္စည်းတွေကို မင်း သဘောကျရဲ့လား”
ဟွာကျွင်း လက်ခုပ်တီးကာ ပြန်ဖြေ၏။
“ပြောမလို့ အဲဒီအရာတွေက တကယ် အဖိုးတန်လွန်းတယ်။ ကျွန်မ ပြတိုက်တစ်ခု ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ပြီးတော့ အချို့ကို ရွေးပြီး ပြသထားမယ်လေ”
“ပြတိုက် ပြသထားမယ် ဟုတ်လား”
လုမင်လီအတွက် ထိုစကားလုံးနှစ်လုံးမှာ စိမ်းသက်နေ၏။
“ပြတိုက်ဆိုတာ အိမ်တစ်လုံးပါပဲ။ ပြသထားတယ်ဆိုတာက အဲဒီအရာတွေကို လူတိုင်း လာရောက် ခံစားကြည့်ရှုနိုင်အောင် ခင်းကျင်းထားတာကို ပြောတာ”
သူမ ထိုင်လိုက်ပြီး စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောလိုက်သည်။
“ရှင် ကျွန်မကို ပေးလိုက်တဲ့အထဲမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ အနုပညာလက်ရာတွေ အများကြီး ပါနေတယ်ဆိုတာ ရှင် သိလား။ အဲဒါတွေကို ရောင်းပစ်ဖို့ မသင့်ဘူးလို့ ကျွန်မ ထင်တယ်။ အဲဒီအစား လူတိုင်းမြင်နိုင်အောင် ပြသထားသင့်တယ်”
လုမင်လီ နားလည်သွား၏။
“မင်းမှာ အရမ်းကြီးမားတဲ့ မေတ္တာတရား ရှိတာပဲ”
ဟွာကျွင်း အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
“ဝင်ကြေးတော့ ကောက်ရမှာပေါ့၊ ကုန်ကျစရိတ်တွေ အားလုံးကို ကျွန်မတို့ချည်းပဲ မတတ်နိုင်ဘူးလေ”
“ကိုယ် မင်းအတွက် နောက်ထပ် ကောင်းတာလေးတွေ ရှာပေးပါဦးမယ်။ မင်း ရောင်းချင်ရင်လည်း ရောင်း၊ ဒါမှမဟုတ် ပြသထားချင်ရင်လည်း ပြသထားပေါ့”
“ရှင် အဲဒါတွေရဖို့ ပိုက်ဆံ အများကြီး ကုန်မှာပေါ့၊ ရှင့်မှာ ငွေအလုံအလောက် ရှိရဲ့လား”
“စိတ်မပူနဲ့။ ဧကရာဇ်မင်းမြတ်က ကိုယ့်ကို ပြန်ပေးနေတာပဲ၊ ကိုယ် ဘာတောင်းတောင်း သူ ပေးသလို၊ ကိုယ့်မှာ ငှားရမ်းခ ကောက်နေတဲ့ ဆိုင်တွေလည်း အများကြီး ရှိသေးတယ်၊ ဒါကြောင့် ကိုယ်က ချမ်းသာပါတယ်”
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ဟွာကျွင်းသည် ရေမိုးချိုး သန့်စင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာရာ လုကျောက်နှင့် အဘိုးလုတို့ ဧည့်ခန်း ဆိုဖာပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။
“ဘာလို့ ဒီကို ရောက်နေတာလဲ”
“ဘာလို့ ကျွန်မကို အစောကြီး မနှိုးတာလဲ၊ ရှင်တို့ စောင့်နေရတာ ကြာပြီပေါ့”
ဟွာကျွင်း မေးလိုက်သည်။
“ခင်ဗျားသူငယ်ချင်းက ခင်ဗျားကို နည်းနည်း ထပ်အနားယူခိုင်းလို့ပါ”
လုကျောက် ထိုသို့ ပြောရင်း မော့ချွမ်းကို တစ်ချက် လှည့်ကြည့်လိုက်သည်။
အဘိုးလု မတ်တတ်ရပ်ကာ ရိုးရိုးသားသားပင် ပြောလိုက်၏။
“မိန်းကလေးဟွာ၊ လုကျောက် ပြောတာ ကြားလိုက်တယ်၊ မင်းဆီကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ နောက်ထပ် ရောက်လာသေးတယ်ဆိုလို့ အဲဒါတွေကို ကြည့်ချင်လို့ သူ့ကို ခေါ်လာခိုင်းလိုက်တာပါ”
မည်သည့်ရှေးဟောင်းပစ္စည်း စုဆောင်းသူမှ ထိုအရာများကို မြင်ပြီး မမက်မောဘဲ မနေနိုင်ပေ။ လုကျောက် တစ်ညလုံး လူးလှိမ့်ကာ အိပ်မပျော်နိုင်ဖြစ်ခဲ့ပြီးနောက် သူ့အဘိုးကို ပြောပြခဲ့ခြင်းဖြစ်ရာ သူတို့သည် အလုပ်ကိစ္စများ ပြီးသည်နှင့် ချက်ချင်း ပြေးလာခဲ့ကြခြင်း ဖြစ်သည်။
“ရတာပေါ့။ ဘေးက အိမ်ထဲမှာ စုပုံထားတယ်။ ကျွန်မနောက် လိုက်ခဲ့ကြပါ”
ပြတိုက်မှာ မဆောက်ရသေးသဖြင့် သူမ ဆိုင်ခန်းတစ်ခုကို ရှင်းလင်းကာ စောင့်ကြည့်ကင်မရာများနှင့် လုံခြုံရေးစနစ်များကို တပ်ဆင်ပြီး ပစ္စည်းများကို ထိုနေရာသို့ ရွှေ့ထားလိုက်သည်။
လုကျောက်သည် လက်အိတ်ကို စွပ်ကာ ထိုရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များကို သေသေချာချာ ခံစားကြည့်ရှုနေ၏။
“ရှင် ပြီးခဲ့တဲ့အခါက ပြတိုက်အကြောင်း ပြောသွားတာနဲ့ သတိရလာလို့ ကျွန်မလည်း ဒီပစ္စည်းတွေကို ထားဖို့ ပြတိုက်တစ်ခု ဆောက်ဖို့ ပြင်နေတယ်”
လုကျောက် မှင်တက်သွား၏။
“ခင်ဗျား မရောင်းဘူးလား ပြသထားမလို့လား။ ဒါက တကယ့်ကို မျှော်လင့်မထားတဲ့ ကိစ္စပဲ”
အဘိုးလုက သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောသည်။ “ဒါက တကယ့်ကို ကောင်းတဲ့ စိတ်ကူးပဲ၊၊ ငါတို့ နိုင်ငံသားတွေအားလုံး ပျောက်ကွယ်သွားပြီဖြစ်တဲ့ အနုပညာလက်ရာတွေ ဘယ်လောက် လှပလဲဆိုတာကို မြင်တွေ့ခွင့် ရတာပေါ့”
လုကျောက်
“ကျွန်တော် ဘာများ ကူညီပေးရမလဲ၊၊ ကျွန်တော့်မှာ ရှေးဟောင်းပစ္စည်းတွေ ထိန်းသိမ်းတဲ့နေရာမှာ အတွေ့အကြုံ အနည်းငယ် ရှိပါတယ်”
ဟွာကျွင်း
“ပြတိုက်ဆောက်လုပ်ရေးကိုတော့ အထူးပြု ကုမ္ပဏီတစ်ခုကို လွှဲထားပြီးပါပြီ။ ဒါပေမဲ့ ဒီပစ္စည်းတွေရဲ့ နောက်ခံသမိုင်း အချက်အလက်တွေကို ဖြည့်စွက်တဲ့နေရာမှာတော့ ရှင်တို့ အကူအညီ လိုအပ်ပါတယ်”
ထိုမျှကြီးမားသော လုပ်ငန်းစဉ်ကို သူတို့နှစ်ဦးတည်း မတတ်နိုင်သဖြင့် အဘိုးလုသည် သူ့လက်ထောက်များနှင့် ကျောင်းသားများကို ခေါ်ယူခဲ့သည်။ သူတို့သည် နှစ်ရက်တိုင်တိုင် မနားမနေ အလုပ်လုပ်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် ရှေးဟောင်းပစ္စည်းများကို စနစ်တကျ စီစဉ်နိုင်ခဲ့ကြ၏။
“တကယ်ကို အများကြီးပဲ” လုကျောက် အံ့သြတကြီး ရေရွတ်လိုက်သည်။
“တစ်ခါတလေကျရင် ခင်ဗျား တစ်စုံတစ်ယောက်ရဲ့ ဂူကို တူးလာတာလားလို့တောင် ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ ပစ္စည်းတွေက အရမ်းကို စစ်မှန်လွန်းနေတယ်”
“ကျွန်မက ဘယ်လိုလုပ် ဂူဖောက်မှာလဲ၊၊ အဲဒီလိုလူနဲ့ တူလို့လား၊၊ ဒါတွေက နိုင်ငံခြားကနေ ပြန်ဝယ်လာတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
“နိုင်ငံခြားကလား”
လုကျောက် ထိုအကြောင်းပြချက်ကို လက်ခံနိုင်ဟန် ရှိသည်။ များစွာသော အဖိုးတန် အမျိုးသားရတနာတို့သည် ယခုအခါ နိုင်ငံခြား စုဆောင်းသူများ သို့မဟုတ် ပြတိုက်များတွင် ပျံ့နှံ့ရောက်ရှိနေပေသည်။
‘တကယ်လို့ သူတို့သာ ထုတ်မပြဘူးဆိုရင် ဒီနိုင်ငံကလူတွေက ရှေးပစ္စည်းတွေရဲ့ တကယ့် အသွင်အပြင်ကို မြင်တွေ့ခွင့် ရကြမှာ မဟုတ်ဘူး’
ဟွာကျွင်း ထိုစကားကို ကြားပြီးနောက် မင်းဆက်တစ်ခုတည်းက ပစ္စည်းများကိုသာ ရနေသည်ကို အနည်းငယ် နောင်တရသလို ခံစားမိပြီး နောက်ထပ် မင်းဆက်များကပါ ပစ္စည်းများ ရနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။
သူမ နေ့ခင်းပိုင်းတွင် အားလပ်ချိန် ရသဖြင့် မြို့ထဲရှိ ကုန်တိုက်ကြီးတစ်ခုသို့ သွားခဲ့၏။ ထို့နောက် ရေမွှေးကောင်တာသို့ တန်းသွားကာ နှာခေါင်းဖြင့် အနံ့မခံနိုင်တော့သည်အထိ စမ်းသပ်ပြီးနောက် နောက်ဆုံးတွင် ရေမွှေးသုံးမျိုးကို ရွေးချယ်လိုက်သည်။
ပထမတစ်ခုမှာ နှလုံးသားနွေးနွေး ဖြစ်ပြီး နို့နံ့သင်းသည့် ဇီးယိုနံ့ ရှိသည်။
ဒုတိယတစ်ခုမှာ ပျားရည်ပြင်းပြင်းဖြစ်ပြီး နှမ်းယိုနံ့ ရှိသည်။
တတိယတစ်ခုမှာ မြေထဲပင်လယ်ရင်ခုန်သံ ဖြစ်ပြီး လတ်ဆတ်သော သံပုရာသကြားလုံးနံ့ ရှိသည်။
သူမ တစ်မျိုးလျှင် ပုလင်း (၃၀)စီ ဝယ်ယူခဲ့သည်။
ထို့အပြင် သူမ အထူးပြုလုပ်ထားသော သစ်သားရေမွှေးပုလင်းများကို မှာယူပြီး ထိုရေမွှေးအမည်များနှင့် ဟွာကျွင်းမုန့်ဆိုင်ဟူသော အမည်ကို ရိုက်နှိပ်ထားလိုက်၏။
ဤသို့ဖြင့် ဟွာကျွင်းမုန့်ဆိုင်တွင် အမှတ်တရ ပစ္စည်းလေးများ ရရှိနေပြီဖြစ်သည်။
ညနေပိုင်းတွင် သူမ မော့ချွမ်းကို မြို့ပြင်သို့ လိုက်ပို့ခိုင်းပြီးနောက် ရေမွှေးပုလင်းများကို သယ်ကာ ဆရာကြီးရှန့်ကွမ်းထံ သွားသည်။
ဖင်းရှန့်ဆိုင်၏ နာမည်မှာ ဟင်းခတ်အမွေးအကြိုင် လုပ်ငန်းတွင် ကျော်ကြားလှသဖြင့် အဘိုးရှန့်ထံသို့ ရေမွှေးလာရောင်းခြင်းမှာ မှန်ကန်သော ရွေးချယ်မှုပင်။
ရှန့်ကွမ်း ဟွာကျွင်းကို မြင်သောအခါ အံ့အားသင့်သွားပြီး စနောက်လိုက်၏။
“သူဌေးမဟွာက မုန့်ဆိုင်နယ်မြေကနေ ထွက်လို့မရဘူး။ ထွက်လိုက်ရင် ဖုန်မှုန့်ဖြစ်သွားမှာလို့ ထင်နေတာ”
ဟွာကျွင်း ရယ်မောကာ ပြန်ဖြေလိုက်သည်။
“ကျွန်မကို မစပါနဲ့ဦး။ ဒီတစ်ခါတော့ ကောင်းတာလေးတွေ ယူလာတယ်”
ပြောရင်းနှင့် သူမ အထူးမှာယူထားသော သစ်သားရေမွှေးပုလင်းများကို ထုတ်ပြလိုက်သည်။
ရှန့်ကွမ်း စပ်စုသောစိတ်ဖြင့် ယူကြည့်ကာ ပုလင်းအဖုံးကို ဖွင့်ပြီး အသာအယာ နမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများ ချက်ချင်း တောက်ပသွားကာ ချီးကျူးလိုက်၏။
“ဒီရနံ့က တကယ့်ကို ထူးခြားတာပဲ၊ ပုလင်းဒီဇိုင်းကလည်း ပါးနပ်တယ်။ ကောင်းတယ်၊ တကယ့်ကို ကောင်းတယ်”
ဟွာကျွင်း
“ရှင့်အမြင်မှာ ဒီရေမွှေးတွေက ဘာနံ့နဲ့ တူလဲ”
ရှန့်ကွမ်း သေသေချာချာ ထပ်နမ်းကြည့်ပြီး ဖြေ၏။ “သူဌေးမရဲ့ ဆိုင်က မုန့်တွေရဲ့ ရနံ့နဲ့ တူတယ်”
“အတိအကျပါပဲ၊ ကျွန်မ ဒီရေမွှေးတွေကို ရောင်းဖို့ စီစဉ်ထားတယ်၊ ဟွာကျွင်းမုန့်ဆိုင်က မုန့်တွေနဲ့ တွဲဖက်ပြီး နာမည်ကြီးလာအောင် လုပ်မှာပါ”
ရှန့်ကွမ်းအဘိုးအိုက ရေမွှေးပုလင်းကို မနာလိုစရာကောင်းလောက်အောင် ပြန်ချလိုက်ပြီး သက်ပြင်းချကာ ပြောတော့သည်။
“မင်း တကယ့်ကို တော်တာပဲ၊ ငါကတော့ အိုနေပါပြီ၊ ဒီလို စီးပွားရေးအမြင်မျိုး မရှိတော့ဘူး”
သူက ဟွာကျွင်းကို လေးစားသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
“ဒီကမ္ဘာကြီးက နောက်ဆုံးတော့ မင်းတို့လို လူငယ်တွေရဲ့ လက်ထဲမှာပဲ ရှိတာပါ”
“ကျွန်မက ဒါတွေအကုန်လုံးကို ဘယ်လို စီမံနိုင်မှာလဲ။ ကျွန်မ့ဆိုင်မှာလည်း နေရာမရှိတော့ဘူး။ ဒါကြောင့် ဒီရေမွှေးတွေကို ရှင့်ရဲ့ ဖင်းရှန့်ဆိုင်မှာ တင်ရောင်းချင်လို့”
အဘိုးရှန့်ကွမ်း စိတ်ဝင်စားသွားသည်။
“သူဌေးမဟွာ ဆိုလိုတာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မယ်ပေါ့၊ ကျွန်တော်က ရောင်းပေးမယ်၊ ပြီးတော့ အကျိုးအမြတ်ကို ခွဲယူမယ်၊ ဟုတ်လား”
“အတိအကျပါပဲ”
“ဒါကတော့ တကယ့်ကို ကောင်းတာပေါ့၊ ဒါပေမဲ့ ဈေးနှုန်းကိုတော့ ဘယ်လို သတ်မှတ်ဖို့ စဉ်းစားထားလဲ”
အခန်း (၂၆၀)
ပူးပေါင်းထုတ်လုပ်သော ရေမွှေး
“ကျွန်မတို့ ဒီရေမွှေးတွေကို စျေးနှုန်း သိပ်မချသင့်ဘူး။ ပထမအချက်က ဒါတွေဟာ ရှားပါးပစ္စည်းတွေဖြစ်တယ်။ ဒုတိယအချက်က အရည်အသွေး ကောင်းမွန်ပြီး အနံ့က တော်တော်နဲ့ မပြယ်ဘူး။ တတိယအချက်ကတော့ ဒါဟာ ကျွန်မတို့ ဆိုင်နှစ်ဆိုင် ပူးပေါင်းထုတ်လုပ်ထားတာဖြစ်လို့ စျေးပေါလို့ မဖြစ်ဘူး”
အဘိုးရှန့်ကွမ်း ခေတ္တစဉ်းစားလိုက်ပြီး ပြန်ပြောသည်။
“ဟင်းခတ်အမွေးအကြိုင်တွေ ဆိုတာ သာမန်လူတန်းစားတွေအတွက် မဟုတ်ဘူး၊၊ မူလတည်းက စျေးကြီးပြီးသားပါ”
ထို့အပြင် သူသည် နန်းသုံးကုန်သည်တစ်ဦး ဖြစ်သဖြင့် သူ့ရောင်းစျေးများမှာ ပို၍ပင် မြင့်မားနေသေး၏။
သူသည် ရေမွှေးကို ထပ်မံနမ်းရှူကြည့်ပြီးနောက် ဤရနံ့မျိုးကို မည်သည့်အခါမျှ တုပ၍ရနိုင်မည်မဟုတ်ကြောင်း အသေအချာ သိလိုက်သည်။
“ငါ့ဆိုင်က အဆင့်မြင့်ဆုံး နံ့သာတွေထက်တောင် အများကြီး သာလွန်နေတယ်။ သူဌေးမဟွာ စျေးနှုန်းကို ငွေ (၁၂၀)တေးလောက် ထားရင်ရော ဘယ်လိုလဲ”
ဟွာကျွင်း မကန့်ကွက်ပေ။
“စျေးကြီးကြီးပဲ ရောင်းလိုက်ပါ၊ စျေးကြီးလေ ပိုကောင်းလေပဲ၊ တကယ်လို့ ဖြစ်နိုင်ရင် မြို့တော်မှာ သွားရောင်းလိုက်ပါ၊ အဲဒီမှာက ဝယ်လိုအား ပိုရှိလိမ့်မယ်”
ရှန့်ကွမ်းတွင်လည်း ထိုရည်ရွယ်ချက် ရှိပြီးသားဖြစ်၏။
“စိတ်မပူပါနဲ့၊ နောက်ရက်အနည်းငယ်အတွင်းမှာ ဝေမြို့စားကတော် ကြာပန်းရှုစားပွဲ တည်ခင်းဖို့ရှိတယ်၊၊ အဲဒီပွဲကိုသုံးပြီး စျေးကွက်ဖွင့်လိုက်မယ်”
ရှန့်ကွမ်း တစ်သက်လုံး နံ့သာလုပ်ငန်းနှင့် ကျင်လည်ခဲ့သူဖြစ်ရာ အရာရှိကြီးများ၏ ဇနီး၊ သမီးများနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ အထူးသဖြင့် မွှေးရနံ့ရှိသော ပစ္စည်းများကို အလွန်အမင်း နှစ်သက်သည့် ဝေမြို့စားကတော်နှင့် ပို၍ ရင်းနှီးပေသည်။
ဟွာကျွင်း ထွက်သွားပြီးနောက် ရှန့်ကွမ်း သူ့နံ့သာဖော်စပ်ရေး ပညာရှင်များကို အရင်ရှာလိုက်၏။ သူတို့ တစ်ညလုံးနီးပါး သုတေသနလုပ်ကြသော်လည်း ထိုရေမွှေး၏ ပါဝင်ပစ္စည်းများနှင့် ဖော်စပ်ပုံကို လုံးဝ ရှာမတွေ့ချေ။
“ကြည့်ရတာ ကျွန်တော်တို့ ကိုယ်တိုင်တော့ ဖော်စပ်လို့ မရနိုင်ဘူးပဲ”
သူ အနည်းငယ် နှမြောတသစွာ ပြောလိုက်သည်။
နံ့သာပညာရှင်ကလည်း ခေါင်းခါပြ၏။
“ရှက်ဖို့ကောင်းလိုက်တာ ကျွန်တော် မတတ်နိုင်ပါဘူး”
ရှန့်ကွမ်း
“ကိစ္စမရှိပါဘူး။ ဒီပစ္စည်းကနေ အကျိုးအမြတ် ရနေတာပဲ မဆိုးပါဘူး”
ထို့နောက် ဖန်ပုလင်းများ မှာယူပြီး ရေမွှေးများကို ပြန်လည် ထည့်သွင်းလိုက်သည်။ ထိုရေမွှေးများကို မွှေးရနံ့နှင်းစက်ဟု အမည်သစ် ပေးလိုက်၏။
သူ ပုလင်းတစ်လုံးကို အမှတ်မထင် ယူကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
“နှလုံးသားနွေးနွ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ နာမည်ပဲ။ ဒါကို ဝေမြို့စားအိမ်တော်ကို ပို့လိုက်စမ်း”
ဝေမြို့စားကတော်နှင့် ရှန့်ကွမ်းတို့အကြားတွင် ရေးသားထားခြင်းမရှိသော သဘောတူညီချက်တစ်ခု ရှိ၏။ ဖင်းရှန့်ဆိုင်မှ ထုတ်ကုန်သစ် ထွက်လာတိုင်း သူမထံသို့ အရင်ဆုံး ပို့ပေးရမည်ဖြစ်သည်။
ကြာပန်းရှုစားပွဲမှာ ထိုညနေခင်းတွင်ပင်ဖြစ်ရာ သူမဝတ်စားပြင်ဆင်နေချိန် ဖြစ်သည်။
“သခင်မ... သူဌေးရှန့်ကွမ်းက မွှေးရနံ့နှင်းစက်တစ်ပုလင်း ပို့လိုက်ပါတယ်”
သူမ အစေခံမလေးက အပြင်မှ ဝင်လာကာ ပြောသည်။
“မွှေးရနံ့နှင်းစက်”
ဝေမြို့စားကတော် အံ့သြစွာ ပြောလိုက်၏။ “ဘယ်လိုမျိုးလဲ။ ငါ့ကို ပြဦး”
သူမသည် အဖုံးကိုဖွင့်ကာ နမ်းကြည့်လိုက်ရာ ပြင်းရှသော မွှေးရနံ့ကို ရလိုက်၏။ ထိုအခါ လက်ကိုင်ပုဝါပေါ်သို့ နှစ်စက်ခန့် ချလိုက်ပြီး လေထဲတွင် နှစ်ခါ၊ သုံးခါခန့် ဝေ့ယမ်းလိုက်သည်။
“တကယ့်ကို မွှေးတာပဲ”
အစေခံမလေးများ အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။
“နှစ်စက်လေးပဲ ချလိုက်တာတောင် အခန်းထဲက အမွှေးတိုင်နံ့ကို ဖုံးသွားတယ်”
“ရနံ့က မုန့်နံ့လေးလိုပဲ၊ ဒါပေမဲ့ သေသေချာချာ နမ်းကြည့်ရင် သစ်သားနံ့ သင်းသင်းလေးလည်း ပါတယ်”
ဝေမြို့စားကတော် အလွန်ကျေနပ်သွား၏။
“သူဌေးရှန့်ကွမ်းကတော့ တကယ်ကို စိတ်မပျက်စေဘူးပဲ။ သူ့ကို ငွေပိုဆုချလိုက်ပါ”
“ဒီည ငါဝတ်မဲ့ အင်္ကျီက ဘယ်မှာလဲ။ အမွှေးတိုင်နံ့တွေ ထပ်မခံနဲ့တော့။ ဒီမွှေးရနံ့နှင်းစက်ကိုပဲ အင်္ကျီအနားသတ်တွေနဲ့ လက်ဖျားတွေမှာ ဆွတ်လိုက်”
ယခုည ပွဲတက်သူများထဲ သူမ အမွှေးဆုံးသူ ဖြစ်နေလိမ့်မည်ဟု တွေးမိရုံဖြင့် အလွန်ပျော်ရွှင်နေတော့၏။
ကြာပန်းရှုစားပွဲတွင် မင်းစိုးရာဇာ အမျိုးသမီးများနှင့် မိန်းမပျိုလေးများသည် အဖိုးတန် ပိုးထည်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
ဝေမြို့စားကတော် ပေါ်မလာသေးသော်လည်း ညလေညင်းနှင့်အတူ သူမ ရနံ့မှာ လူအုပ်ကြားထဲသို့ ပျံ့လွင့်လာ၏။
ယဉ်ကျေးမှုနှင့်အခမ်းအနားဝန်ကြီး၏ သမီး တိုးတိုးလေးမေးလိုက်သည်။
“ဒါ နန်းတွင်း မီးဖိုချောင်က ထွက်တဲ့ မုန့်အသစ်များလား၊ ဒီအချိုနံ့က ကျွန်မကို ဗိုက်တောင် ဆာစေတယ်”
“ကျွန်မကတော့ ဟွာကျွင်းမုန့်ဆိုင်က သစ်အယ်သီးမုန့်နံ့နဲ့ တူတယ်လို့ ခံစားရတယ်”
မူးမတ်အန်းယန်း၏ ဒုတိယသခင်မလေး ပြောလိုက်၏။
“ကျွန်မ အမေက နွေဦးတုန်းက အဲဒီဆိုင်က မုန့်နှစ်သေတ္တာ ဝယ်ခိုင်းဖူးတယ်။ အဲဒီတုန်းကလည်း ဒီရနံ့ပဲ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မလည်း ဒါကို ရင်းနှီးနေတာ”
“အို အားလုံးက ဟွာကျွင်းမုန့်ဆိုင်က မုန့်ကို မြည်းစမ်းဖူးကြတာပဲကိုး”
ဝေမြို့စားကတော် လမ်းလျှောက်ဝင်လာရာ သူမ ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် မွှေးရနံ့များ သင်းပျံ့ကျန်ရစ်ခဲ့သည်။
“နှမြောစရာပါပဲ၊ ဒီနေ့က ရာသီဥတု ပူတော့ မုန့်တွေ ပုပ်သွားမှာစိုးလို့ သစ်အယ်သီးမုန့် ပြင်မထားဖြစ်ဘူး”
ထိုအခါမှသာ ထိုမွှေးရနံ့မှာ ဝေမြို့စားကတော်ထံမှ လာခြင်းဖြစ်ကြောင်း အားလုံး သိလိုက်ကြရသည်။
မိန်းကလေးငယ်တစ်ဦး ဝေမြို့စားကတော် အနားသို့ တိုးသွားကာ သေသေချာချာ နမ်းကြည့်ပြီး ပြောတော့သည်။
“ဝေမြို့စားကတော်ဆီက တကယ့်ကို မွှေးတာပဲ၊၊ သခင်မ အင်္ကျီပေါ်မှာ သစ်အယ်သီးမုန့်တွေ တင်ထားတာလား”
“ရှောင်စီကတော့ ဗိုက်ဆာလွန်းလို့ အင်္ကျီကိုတောင် လျှာနဲ့ ရက်ချင်နေပြီ”
အားလုံးကရယ်မောကြရာ ဝေမြို့စားကတော်က ထိုမိန်းကလေး၏ နှာခေါင်းလေးကို အသာအယာ တို့လိုက်ပြီး ပြုံးလျက်ပြော၏။
“အင်္ကျီပေါ်မှာ မုန့်တင်ထားတာ မဟုတ်ဘူး။ ဖင်းရှန့်ဆိုင်က ထွက်တဲ့ မွှေးရနံ့နှင်းစက် အသစ်ကို ဆွတ်ထားတာ”
အားလုံး ထိုမွှေးရနံ့နှင်းစက်မှာ မည်သို့သောအရာဖြစ်ကြောင်း စပ်စုကြတော့သည်။
ဝေမြို့စားကတော် ဖန်ပုလင်းလေးကို ဂုဏ်ယူစွာ ထုတ်ပြလိုက်၏။
“ဒါ ဟွာကျွင်းမုန့်ဆိုင်က သစ်အယ်သီးမုန့်နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ပစ္စည်းလို့ သိရတယ်”
အမျိုးသမီးများနှင့် မိန်းမပျိုလေးများသည် ထိုပုလင်းလေးကို အလုအယက် လှည့်ပတ်ကြည့်ရှုကြသည်။ အဖုံးဖွင့်လိုက်ရုံနှင့်ပင် မွှေးရနံ့မှာ ပြင်းထန်လှ၏။
“တကယ်လို့ ဒါကို သုံးမယ်ဆိုရင် အင်္ကျီတွေကို မွှေးအောင် တစ်ညလုံး အမွှေးတိုင်ခံစရာ မလိုတော့ဘူးပေါ့”
“ကိုယ်ပေါ်မှာ ဆွတ်ထားရင်လည်း စေးကပ်တဲ့ နံ့သာဆီတွေ၊ လိမ်းဆေးတွေအစား သုံးလို့ရတာပဲ”
ထိုအချိန်တွင် မင်းသမီးတစ်ပါး မနာလိုသလို လေသံဖြင့် ပြောလိုက်သည်။
“ဝေမြို့စားကတော်ကတော့ တကယ့်ကို အစွမ်းထက်တာပဲ။ ကျွန်မ မိခင် ဒီနေ့ နန်းတော်ထဲသွားတော့ မိဖုရားကြီးက နန်းတော်ထဲက နံ့သာသားတွေ စိုထိုင်းနေလို့ အင်္ကျီတွေက မှိုနံ့ထွက်နေတယ်လို့ ညည်းညူနေတာ ကြားခဲ့ရတယ်။ ဖင်းရှန့်ဆိုင်မှာ ဒီလို ပစ္စည်းကောင်းရှိတာကို ရှင့်ဆီ အရင်ဆုံး ပို့ပေးတာပဲ”
ဝေမြို့စားကတော်က ပြုံးလျက် ပြန်ပြောသည်။ “မင်းသမီးလေး မသိလို့။ ဒါက ထုတ်ကုန်အသစ်လေ။ ဒီရနံ့အသစ်က မျိုးရိုးမြင့်တွေကို စိတ်ကျေနပ်မှု ပေးနိုင်ပါ့မလားလို့ သူဌေးရှန့်ကွမ်းက စိုးရိမ်နေတာနဲ့ ကျွန်မ့ကို အရင်ဆုံး စမ်းသပ်ခိုင်းလိုက်တာပါ”
ပြောရင်းနှင့် သူမသည် လက်ကိုင်ပုဝါကို မြှောက်ကာ ဝေ့ယမ်းပြရာ ရနံ့မှာ ပြင်းထန်နေဆဲပင်။
“ဒါကို နမ်းကြည့်ကြပါဦး၊ ဒီလက်ကိုင်ပုဝါက နေ့လယ်က စမ်းသပ်တုန်းက သုံးထားတာ။ နှစ်စက်ပဲ ချခဲ့တာကို အခုထိ မွှေးနေတုန်းပဲ”
ထို့ကြောင့် လက်ကိုင်ပုဝါကို အားလုံးက တစ်လှည့်စီ နမ်းကြည့်ကြပြန်၏။
“တကယ်ပဲ အခုထိ မွှေးနေတုန်းပဲ။ ဒီမွှေးရနံ့နှင်းစက်က တကယ့်ကို အံ့သြစရာပဲ”
“ပြီးတော့ ဒီလက်ကိုင်ပုဝါပေါ်က အနံ့က ပုလင်းထဲက ရနံ့နဲ့ အနည်းငယ် ကွဲပြားသလိုပဲ”
ဝေမြို့စားကတော် က ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။
“ညီမလေး ပြောတာ အမှန်ပဲ။ ဒီမွှေးရနံ့နှင်းစက်က အလွှာလိုက် အနံ့ထွက်တာ၊ အစပိုင်း၊ အလယ်ပိုင်းနဲ့ အဆုံးသတ် ရနံ့ဆိုပြီး ရှိတယ်။ အချိန်တစ်ခုစီမှာ ရနံ့က ပြောင်းလဲသွားတာ”
“အစပိုင်းမှာက မီးဖုတ်ထားတဲ့ သစ်အယ်သီးရဲ့ ချိုမြိန်တဲ့ ရနံ့၊ နောက်တစ်နာရီလောက်ကြာရင်တော့ အေးမြတဲ့ သစ်ကတိုး သစ်သားနံ့၊ နောက်ဆုံး ကျန်ရစ်တာကတော့ နေရောင်ခြည်ထိတွေ့နေတဲ့ သစ်သားနံ့လေး”
မင်းသမီးက အရှုံးမပေးချင်သဖြင့် မနှစ်မြို့စွာ ပြောလိုက်သည်။
“ကျွန်မကြည့်ရတာတော့ ဒါ အနောက်ဘက်ဒေသက လာတဲ့ အောက်လမ်း အမွှေးတိုင်လိုပဲ၊ အဆိပ်တောင် ပါနိုင်တယ်”
ထိုစကားကြောင့် အားလုံးမှာ ထိတ်လန့်သွားကြပြီး ဝေမြို့စားကတော်၏ မျက်နှာပင် ပျက်သွားတော့သည်။
“မင်းသမီးလေး အဲဒီစကားက မှားနေပါပြီ။ တကယ်လို့ အဆိပ်ပါရင် ကျွန်မ ဒီမှာ ညီမလေးတို့နဲ့ စကားပြောနေနိုင်ပါ့မလား၊ သွေးအန်ပြီး သေတာ ကြာလှပေါ့”
သို့သော် မင်းသမီး ဇွတ်တရွတ် လုပ်နေဆဲဖြစ်ရာ ဝေမြို့စားကတော်က သူမ အစေခံမလေးကို ခိုင်းလိုက်၏။
“ငွေအပ်တစ်ချောင်း ယူလာခဲ့”
ထို့နောက် သူမသည် ပန်းကန်လုံးငယ်လေး တစ်လုံးထုတ်ကာ ရေမွှေးအချို့ကို လောင်းထည့်လိုက်သည်။
“ညီမလေးတို့ရဲ့ သံသယကို ရှင်းဖို့အတွက် ကျွန်မ ဒီလောက်ပဲ လုပ်ပေးနိုင်ပါတယ်”
ငွေအပ်ကို ရေမွှေးထဲသို့ နှစ်လိုက်ပြီး ခဏအကြာတွင် ပြန်ထုတ်ကြည့်ရာ ငွေအပ်မှာ မည်းမသွားပေ။
ဝေမြို့စားကတော် သက်ပြင်းချနိုင်သွား၏။
“အခုတော့ အားလုံး စိတ်အေးသွားပြီ မဟုတ်လား”
ပွဲတက်လာသူ အားလုံး ခေါင်းညိတ်ကြသည်။
“သူဌေးရှန့်ကွမ်းက ကုန်သည်တစ်ယောက်လေ။ ပိုက်ဆံရရင် ပြီးတာပဲ။ သူ ဘာလို့ လူသတ်မလဲ”
ဝေမြို့စားကတော် မင်းသမီးကို မေးလိုက်၏။
“မင်းသမီးလေး ကိုယ်တိုင်ရော စမ်းကြည့်ဦးမလား”
မင်းသမီး ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည်။
“ကျွန်မက စတာပါ၊ ဝေမြို့စားကတော်က ဘာလို့ အတည်ပေါက်ကြီး ယူနေတာလဲ”
သို့သော် သူမ စိတ်ထဲတွင် တွေးနေမိသည်။
‘ငွေတေး တစ်ထောင်လောက် တန်မဲ့ ဒီမွှေးရနံ့နှင်းစက်တွေကို ဒီလိုပဲ သွန်ပစ်လိုက်တာ နှမြောစရာကြီး’
ဝေမြို့စားကတော်သည် ယနေ့ သူမ အနည်းငယ် လူလုံးထွက်ပြမိသွားမှန်း သိလိုက်၏။ အကယ်၍ မင်းသမီး မကျေမနပ်ဖြစ်ပြီး နန်းတော်ထဲတွင် ကောလာဟလ သွားဖြန့်၍ ဝေမြို့စားအိမ်တော် ပစ္စည်းများသည် မိဖုရားကြီးထက် သာနေသည်ဟု ပြောလိုက်လျှင် မိဖုရားကြီး စိတ်ထားကြီးလို့ ခွင့်လွှတ်ရင်တောင် နန်းတွင်း၌ ပြဿနာများ ဖြစ်လာနိုင်သည်။
သူမသည် ပြုံးလိုက်ပြီး အားလုံးကို ပြောလိုက်သည်။
“ဖွင့်ပြီးသွားပြီဆိုမှတော့ ကျွန်မတို့ အားလုံး ဝေမျှပြီး သုံးကြတာပေါ့”