← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃)

အထိတ်တလန့် ဖြစ်ရုံလေးတင်ပါ

အစောင့်စစ်သားကသူမကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

“ဪ၊ စစ်သူကြီးကတော်ဖြစ်နေတာကိုး။ ဒါဆိုရင်တော့ အတွင်းထဲဝင်လို့ ရပါတယ်။ ဝင်ပါ ဝင်ပါ”

ထို့နောက် သူ ဟွာကျွင်းကို မျက်စိတစ်ဖက်မှိတ်ပြကာ ဘေးသို့ ဖယ်ပေးလိုက်သူ၏။

ဟွာကျွင်း ထွေထွေထူးထူး တွေးတောနေရန်အချိန်မရှိပေ။ သူမသည် အိမ်တော်အတွင်းသို့ တိုးဝင်ကာ အပြေးအလွှား သွားတော့သည်။

အစေခံအိုကြီးမှာ သူမနောက်မှ အသည်းအသန် လိုက်ရင်း အော်ပြောနေရှာသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး။ သခင်မလေး လမ်းမှားနေပြီ”

ဟွာကျွင်း သူမဘာသာ တိုးတိုးလေး ကျိန်ဆဲမိသည်။

“လမ်းမမှတ်မိတဲ့ ရောဂါက တကယ် ဒုက္ခပေးတာပဲ”

ရင်းနှီးနေသော ခြံဝင်းတံခါးဝသို့ ရောက်သောအခါ တစ်စုံတစ်ယောက် တံခါးကို ဖွင့်ပေးထားပြီးသား ဖြစ်၏။ “ဟွာကျွင်း၊ စစ်သူကြီးက ဒီဘက်မှာပါ”

ဟွာကျွင်း တံခါးကို ဝုန်းခနဲ တွန်းဖွင့်ပြီး ဝင်လိုက်၏။ ခုတင်ပေါ်တွင် မှောက်လျက် လဲလျောင်းနေသော လုမင်လီကို တွေ့လိုက်ရသည်။ သူ့ဆံပင်နက်များမှာ ကျောပြင်ပေါ်တွင် ဖရိုဖရဲ ကျနေပြီး ခါးအောက်ပိုင်းကို စောင်ပါးလေးတစ်ထည်ဖြင့် ဖုံးအုပ်ထား၏။

“ယွမ်ကျိုး ရှင် အဆင်ပြေရဲ့လား”

ဟွာကျွင်း ငိုမထွက်လာစေရန် သူမ စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရသည်။

လုမင်လီကို ကြည့်လိုက်ရာ သူ့မျက်ဝန်းများမှာ အံ့သြမှုများဖြင့် ပြည့်နှက်နေ၏။ “မင်း... ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ”

သူ့အသံကို ကြားလိုက်ရမှ ဟွာကျွင်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမ ရှေ့သို့ လှမ်းတိုးလိုက်ပြီး ပြောလိုက်၏။

“ကျွန်မ ဆေးတွေ ယူလာတယ်။ ရှင့်ဒဏ်ရာကို ကြည့်ပါရစေဦး”

ပြောပြောဆိုဆိုနှင့်ပင် သူမ သူ၏ စောင်ကို ဆွဲလှန်ရန် လက်လှမ်းလိုက်သည်။

“နေဦး”

လုမင်လီက သူမ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်၏။

“ယောကျ်ားနဲ့ မိန်းကလေးဆိုတာ နီးနီးစပ်စပ်မနေသင့်ဘူးလေ။ ကိုယ်တို့က လက်ထပ်ရသေးတာ မဟုတ်ဘူး”

ဟွာကျွင်း လက်ကို အတင်းဆွဲထုတ်ကာ မေးလိုက်သည်။ “ဒါက အချိန်တန်ရင် ဖြစ်လာမှာပဲ မဟုတ်ဘူးလား”

လုမင်လီ မှောက်လျက် အနေအထားမို့ အားသိပ်မစိုက်နိုင်ဘဲ စောင်မှာ ဟွာကျွင်း၏ လက်ထဲသို့ ပါသွားတော့သည်။ သူမ သူ့ခါးစည်းကို ဆွဲဖြုတ်ရန် ပြင်လိုက်သောအခါ လုမင်လီ လန့်ဖြန့်သွားပြီး သူ့ဘောင်းဘီကို ဖမ်းဆုပ်ကာ ခုတင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်၏။ သူ အသံကို နှိမ့်ကာ ပြောလိုက်သည်။

“တော်တော့၊ မချွတ်နဲ့တော့၊ ကိုယ် ဘာမှမဖြစ်ဘူး”

သူ့ထံတွင် ပြင်းထန်သော ဒဏ်ရာရထားသည့် လက္ခဏာ တစ်စုံတစ်ရာမျှ မရှိပေ။

ဟွာကျွင်းမှာ မှင်တက်သွားရ၏။

“ရှင် ဘာမှမဖြစ်ဘူးလား။ အားလုံးက ပြောကြတာတော့...”

လုမင်လီ ဟွာကျွင်း၏ ပါးစပ်ကို ပိတ်ကာ သက်ပြင်းချလိုက်သည်။

“ဒါက ဧကရာဇ်မင်းနဲ့ ကိုယ် ကြံစည်ထားတဲ့ အကွက်တစ်ခုပါ”

သူ ခုတင်ပေါ်တွင် ပြန်လှဲကာ စောင်ကို ခြုံလိုက်ပြီး ဟွာကျွင်းကို ကြည့်ကာ ပြုံးလိုက်၏။

“ဇာတ်ကတော့ ဆုံးအောင် ကရမှာပေါ့၊ ဂရုစိုက်တာ ပိုကောင်းပါတယ်”

ဟွာကျွင်းမှာ ဒေါသထွက်သွားပြီး သူ၏ ကျောကို လှမ်းဆိတ်လိုက်သည်။

“ဘာလို့ စောစောက မပြောတာလဲ။ ရှင့်ကြောင့် ကျွန်မ သေမတတ် လန့်သွားတာပဲ”

လုမင်လီအတွက်တော့ ထိုအဆိတ်မှာ ဘာမှမဟုတ်ပေ။ “ကိုယ် လူလွှတ်ပြီး ပြောခိုင်းသားပဲ။ လမ်းမှာ မတွေ့မိဘူးလား”

ဟွာကျွင်း ဆိတ်ရလွန်းသဖြင့် လက်ချောင်းများပင် နာလာကာ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်၏။

“မတွေ့ပါဘူး။ ရှင် ပြဿနာတက်နေပြီလို့ ကြားတာနဲ့ ကျွန်မ ပြေးလာခဲ့တာ”

သူမ ခဏစဉ်းစားကြည့်ပြီးမှ ဆက်ပြောသည်။

“တောထဲမှာ တစ်ယောက်ယောက်က ကျွန်မကို လက်လှမ်းပြနေတာတော့ တွေ့သားပဲ၊ ဒါပေမဲ့ ကျွန်မက လောနေတာနဲ့ ဂရုမစိုက်မိတာ”

လုမင်လီ “...”

“ထားလိုက်ပါတော့၊ အနည်းဆုံးတော့ ကိုယ် ဘာမှမဖြစ်တာကို မင်း မြင်သွားပြီပဲ။ အခု စိတ်အေးသွားပြီ မဟုတ်လား”

“ဒါဆိုရင်လည်း ကျွန်မ အလကား ရောက်လာတာ မဖြစ်အောင် ရှင့်အတွက် စွပ်ပြုတ်တစ်မျိုး ချက်ပေးမယ်လေ”

လုမင်လီမှာ အလွန်ပင် ကျေနပ်သွားပြီး ပြုံးဖြီးသွား၏။

“အတော်ပဲ။ ကိုယ် မင်းရဲ့ လက်ရာကို မစားရတာ ကြာပြီ”

ဟွာကျွင်း တံခါးဝက အစေခံနှင့် စကားအနည်းငယ် ပြောလိုက်သည်နှင့် ချက်ချင်းပင် တစ်စုံတစ်ယောက် အခန်းထဲသို့ မီးဖို၊ မီးသွေးနှင့် မြေအိုးတို့ကို လာချပေးသည်။ မီးတောင် ကူမွှေးပေးပြီးမှ ဦးညွှတ်ကာ ထွက်သွားကြ၏။

ဟွာကျွင်း ပြင်ဆင်လာသော ကြက်တစ်ကောင်ကို ထုတ်ယူလိုက်သည်။

လုမင်လီ ကိုယ်ကို အားယူလှည့်ကြည့်ကာ ပြောလိုက်သည်။

“ကြက်စွပ်ပြုတ်ကိုး၊ ကောင်းတယ်၊ ကောင်းတယ်”

ဟွာကျွင်းသည် ပါလာသော ဆေးမြစ်များကို ထုတ်လိုက်၏။

“တန်ရှန်း၊ တန်ကွီ ၊ ဟွမ်ချီ...”

“ဘာလို့ ဆေးမြစ်တွေ ဒီလောက် အများကြီးလဲ”

လုမင်လီ ရုတ်တရက် လန့်သွား၏။

“ရှင့်ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့လေ”

သူ အမြန်ငြင်းသည်။

“ကြက်စွပ်ပြုတ် သက်သက်ဆို ရပါပြီ။ ကိုယ် ဆေးနံ့ရတာနဲ့တင် ခေါင်းကိုက်ချင်လာတာ”

ဆေးရည်များ သောက်ပြီး ခုတင်ပေါ်မှာ လဲနေခဲ့ရသော အချိန်များကို သူ မမေ့နိုင်သေးပေ။ ထိုစဉ် သူ၏ ပါးစပ်မှာ အမြဲတမ်း ခါးနေခဲ့၏။

ဟွာကျွင်း နှုတ်ခမ်းဆူကာ ပြောတော့သည်။

“ဒါဆို ဘယ်လိုလုပ်မလဲ၊ အကုန်သယ်လာပြီးပြီလေ။ ဒါတွေကို ပြန်သယ်သွားခိုင်းချင်တာလား”

လုမင်လီ အလျှော့ပေးလိုက်ရသည်။

“ကောင်းပါပြီ ချက်လိုက်ပါ၊ ကိုယ် စားပါ့မယ်။ ဟုတ်ပြီလား”

ဟွာကျွင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“အဲဒါမှပေါ့”

လုမင်လီ သက်ပြင်းချလိုက်မိ၏။

‘ဘာတတ်နိုင်မှာလဲ၊ အတင်းမြိုချရုံပေါ့’

ဟွာကျွင်း ဦးစွာ ဆေးမြစ်အားလုံးကို အိုးထဲထည့်၊ ရေထည့်ကာ အေးအေးဆေးဆေး ကျိုလိုက်သည်။ မကြာခင်မှာပင် အခန်းတစ်ခုလုံး ဆေးနံ့များဖြင့် ပြည့်နှက်သွားတော့၏။

ထိုအနံ့ကို ရလိုက်သည်နှင့် လုမင်လီ ခေါင်းကိုက်ချင်လာသည်။ ယခင်ကတော့ ဆေးကို ကျိုပြီးသား လာတိုက်ကြခြင်း ဖြစ်သည်။ ယခုတော့ သူ့အခန်းထဲမှာတင် လာကျိုနေ၏။ ၎င်းသာ ဟွာကျွင်း မဟုတ်လျှင် သူ မီးဖိုရော အိုးကိုပါ အပြင်ကို ပစ်ထုတ်လိုက်မိမှာ သေချာသည်။

ဆေးရနံ့ အပြည့်အဝ ထွက်လာသောအခါမှ ဟွာကျွင်းသည် ကြက်သားတုံးများကို ထည့်ကာ အိုးဖုံးပိတ်ပြီး ဆက်ကျိုလိုက်၏။

ရေပြန်ဆူလာသောအခါတွင် ပြင်းထန်လှသော ဆေးနံ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြက်စွပ်ပြုတ်၏ မွှေးကြိုင်သော ရနံ့ အစားထိုးဝင်ရောက်လာသည်။

လုမင်လီပင် မအောင့်နိုင်တော့ဘဲ ရေရွတ်မိ၏။

“မွှေးလိုက်တာ”

နောက်ထပ် မိနစ် (၂၀)ခန့် ကျိုပြီးနောက် ဟွာကျွင်း အိုးဖုံးကိုဖွင့်ကာ ဂိုဂျီဘယ်ရီ နှင့် ဆားအနည်းငယ် ထည့်လိုက်သည်။ “နောက် (၁၀)မိနစ်ဆို ရပါပြီ”

လုမင်လီ ပြုံးလျက် စနောက်လိုက်၏။

“မင်း ကိုယ့်ကို အငြိုးထားပြီး တရုတ်တိုင်းရင်းဆေးတွေနဲ့ ကလဲ့စားချေတော့မလို့ ထင်နေတာ”

ဟွာကျွင်း

“ရှင် ကျွန်မကို ဘယ်လိုလူလို့ ထင်နေတာလဲ။ ကျွန်မ အဲဒီလောက်အထိ စိတ်ပုတဲ့လူလား”

လုမင်လီ

“အဲဒီနေ့က မင်း ထွက်သွားပြီးနောက် ကိုယ် အကြာကြီး စဉ်းစားခဲ့ပါတယ်။ အရင်က ကိုယ် အရမ်းအတ္တကြီးခဲ့မိတယ်။ မင်းကို အန္တရာယ်ထဲ မပါစေချင်ပေမဲ့ မင်းရဲ့ ခံစားချက်ကို လျစ်လျူရှုမိခဲ့တယ်”

“စိတ်မပူပါနဲ့၊ နောက်ဆို ဘာကိစ္စပဲဖြစ်ဖြစ် မင်းနဲ့ အရင်တိုင်ပင်ပါ့မယ်”

ဟွာကျွင်း မီးပိတ်လိုက်ပြီး အိုးဖုံးကိုဖွင့်ကာ စွပ်ပြုတ်တစ်ပန်းကန် ခပ်လိုက်သည်။ ဤနည်းအတိုင်း ချက်ထားသော ကြက်စွပ်ပြုတ်မှာ ရွှေအိုရောင် တောက်နေပြီး ဆီလေးများ ဝေ့နေသည်။

“ကျွန်မ ခွံ့ပေးရမလား”

“ခွံ့ပေးရင်တော့ ကျေးဇူးတင်တာပေါ့”

လုမင်လီ ကိုယ်ကို အနည်းငယ် ကြွလိုက်ပြီး အိစက်သော ခေါင်းအုံးနှစ်လုံးကို အနောက်တွင် ခုလိုက်၏။

ဟွာကျွင်း ဇွန်းနှင့်ခပ်ကာ အရင်မှုတ်ပြီးမှ လုမင်လီ၏ ပါးစပ်နားသို့ ပို့ပေးလိုက်သည်။

သူမ ပြော၏။

“လူနှစ်ယောက် အတူတူရှိနေဖို့ဆိုရင် ပထမဆုံးအချက်က အချင်းချင်း ရိုးသားဖို့ပဲလို့ ကျွန်မ ထင်တယ်။ ဒါက အခြေခံအကျဆုံး အပြန်အလှန် လေးစားမှုပဲ”

စွပ်ပြုတ်မှာ လုမင်လီ၏ လည်ချောင်းထဲသို့ စီးဝင်သွားသည်။ တန်ကွီ၏ ဆေးရနံ့၊ ဂိုဂျီဘယ်ရီ၏ အချိုဓာတ်၊ တန်ရှန်း၏ သင်းပျံ့သော အရသာနှင့် ကြက်စွပ်ပြုတ်၏ မွှေးကြိုင်မှုတို့သည် တစ်ငုံတည်းမှာတင် ရောယှက်နေပြီး အရသာမှာ အလွန်ပင် ထူးကဲလှ၏။ ဆေးမြစ်များနှင့်ချက်ခြင်းကို ဤမျှ အရသာရှိမည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။

“ပထမအချက် ရှိတယ်ဆိုရင် ဒုတိယအချက်ရော ရှိသေးလား”

“ဒုတိယအချက်ကတော့ မယားငယ် မရှိရဘူး၊ ကျွန်မတို့ဆီမှာတော့ လင်တစ်ယောက် မယားတစ်ယောက်စနစ်ပဲ၊ မယားငယ်ထားတာက တရားမဝင်ဘူး”

လုမင်လီ ရယ်မောကာ ပြောလိုက်သည်။

“အဲဒီအတွက်တော့ မင်း စိတ်ချပါ။ ကိုယ်တို့ မိသားစုမှာ မယားငယ်ယူတဲ့ ထုံးစံ မရှိပါဘူး”

ဟွာကျွင်း စပ်စုလိုက်၏။

“ရှင့် အဖေရော မယားငယ် မရှိဘူးလား”

လုမင်လီ ခေါင်းခါပြသည်။

“ကိုယ့်အဖေမှာ အစကနေ အဆုံးအထိ ကိုယ့်မိခင် တစ်ယောက်တည်းပဲ ရှိခဲ့တာ။ သူတို့ရဲ့ သံယောဇဉ်က အရမ်းနက်ရှိုင်းလွန်းလို့ အဖေဆုံးပြီးတာနဲ့ မိခင်ကလည်း ချက်ချင်း လိုက်သွားခဲ့တာ”

သူ့မျက်ဝန်းများ မှိန်ကျသွားကာ ဆက်ပြောသည်။

“အဲဒီအချိန်တုန်းက မင်ကျဲက ငယ်သေးတယ်၊ အဘွားရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး။ သူ ဘာလို့ ငါတို့ကို ပစ်သွားရလောက်အောင် ဒီလောက်အထိ ရက်စက်ရတာလဲဆိုတာ ကိုယ် လုံးဝ နားမလည်နိုင်ခဲ့ဘူး”

သူ၏ အားနည်းနေသော ပုံစံကို မြင်ရသဖြင့် ဟွာကျွင်း စိတ်မကောင်းဖြစ်သွားသည်။

“သူက မိခင်တစ်ယောက် ဖြစ်ပေမဲ့ အရင်က သူဟာ လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက်ပဲလေ။ သူ့မှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်”

သူမ ဆက်ပြော၏။

“နောက်ပြီး သူ ရှင့်ကို ယုံကြည်လို့ ဖြစ်မှာပါ။ ရှင် လုမိသားစုကို သေသေချာချာ စောင့်ရှောက်နိုင်မယ်ဆိုတာ သိလို့ စိတ်အေးလက်အေး ထွက်သွားနိုင်ခဲ့တာပေါ့”

လုမင်လီ တိုးတိုးလေး ရေရွတ်လိုက်၏။

“ဟုတ်တယ်။ သူ့မှာ ကိုယ့်ဘဝကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ ကိုယ် တစ်ခါမှ မတွေးဖူးခဲ့ဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး သူ့အပေါ်မှာ အငြိုးပဲ ထားခဲ့မိတယ်”

ဟွာကျွင်း သူ့ကို နှစ်သိမ့်ပေးသည်။

“ရပါတယ်။ သူ့ဝိညာဉ် ကောင်းကင်မှာ ရှိနေမယ်ဆိုရင် ရှင့်ကို နားလည်ပေးမှာပါ”

“အမေ့ ဝိညာဉ် ကောင်းကင်မှာ ရှိနေတယ်ဆိုရင် မင်းနဲ့ ကိုယ် ဆုံတွေ့ရအောင် သူ ဆုတောင်းပေးခဲ့တာ နေမှာပါ။ မင်းက ကိုယ့်ဘဝကို ပြောင်းလဲပေးခဲ့တယ်”

ဟွာကျွင်း ရှက်သွားသဖြင့် မျက်နှာကို လက်နှင့်အုပ်လိုက်၏။

“အာ ရှင့်ဆီက ဒီလိုစကားမျိုး ကြားရတာ နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်နော်”

ဟွာကျွင်း၏ ပုံကြီးချဲ့တုံ့ပြန်မှုကို မြင်ရသဖြင့် လုမင်လီ မရယ်ဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူမကို မေးလိုက်သည်။ “တခြားရော ရှိသေးလား”

“ဘာလဲ”

ဟွာကျွင်း နားမလည်သလို မေးလိုက်သည်။

“ပထမနဲ့ ဒုတိယအချက် ပြောပြီးပြီလေ။ တခြား တောင်းဆိုစရာတွေရော ရှိသေးလား”

“လောလောဆယ်တော့ မရှိတော့ပါဘူး။ စဉ်းစားမိမှ ရှင့်ကို ထပ်ပြောမယ်”

အခန်း (၂၅၄)

လက်လျှော့အညံ့ခံလွှာ

ပြတင်းပေါက်မှ အချက်ပေးသံ နှစ်ချက် ထွက်ပေါ်လာသည်။ လုမင်လီ စောင်ကို ဖယ်ကာ ခုတင်ပေါ်မှ ဆင်းလိုက်၏။

ဟွာကျွင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “အိပ်ချင်ယောင် ဆောင်မနေတော့ဘူးလား”

လုမင်လီ တည်ငြိမ်စွာပင် ပြန်ဖြေသည်။

“ကိုယ့်လူတွေ အိမ်တော်တစ်ခုလုံးကို သေသေချာချာ ရှာဖွေပြီးပြီ။ သူလျှိုတွေ မရှိတော့ဘူးဆိုတာ သေချာသွားပြီ။ ခုနက အချက်ပေးသံက အားလုံး ဘေးကင်းပြီဆိုတဲ့ အချက်ပဲ”

သူ စာရွက်နှင့် စုတ်တံကို ထုတ်ယူကာ စက္ကူပေါ်တွင် အလျင်အမြန် စာရေးလိုက်သည်။

“အချိန်ရတုန်းမှာ ကိုယ်တို့ဆီမှာရှိတဲ့ သတင်းအချက်အလက်တွေကို တိုက်စစ်ဆေးကြည့်ရအောင်”

သူသည် စာရွက်ပေါ်တွင် တစ်ခုနှင့်တစ်ခု ထပ်နေသော စက်ဝိုင်းနှစ်ခုကို ဆွဲလိုက်၏။

“လောလောဆယ် မြို့ထဲမှာ အခြေစိုက်နေတဲ့ အင်အားစု နှစ်ခုရှိတယ်။ တစ်ခုက တိရှိုးသူလျှိုတွေ။ နောက်တစ်ခုကတော့ နန်းတွင်းက သစ္စာဖောက်တွေပဲ”

ဟွာကျွင်း လက်ပိုက်ကာ သူမ မေးစေ့ကို လက်နှင့်ထောက်လျက် အာရုံစိုက် နားထောင်နေသည်။

“အဲဒီ အင်အားစုနှစ်ခုလုံးရဲ့ ပစ်မှတ်က ကိုယ်ပဲ”

ဟွာကျွင်း၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွား၏။

“သူတို့ ရှင်ပြန်လာမှာကို စောင့်နေကြတယ်ဆိုတာ သိပေမဲ့ ဘာလို့ ရှင့်ကိုမှလဲ”

“သူတို့က ကိုယ့်ကို ပုန်ကန်အောင် စည်းရုံးချင်နေကြတာ။ ကိုယ့်လက်ထဲမှာ စစ်အာဏာရှိတယ်။ နောက်ပြီး ကိုယ့်အဖေကို ဧကရာဇ်မင်းက အဆုံးစီရင်ခိုင်းခဲ့တယ်လို့ သူတို့က ယုံကြည်နေကြတာကြောင့် ကိုယ့်မှာ ပုန်ကန်လိုစိတ် ရှိလိမ့်မယ်လို့ သူတို့က ယူဆထားကြတာ”

ဟွာကျွင်း အသံကို နှိမ့်ကာ မေးလိုက်၏။

“ဒါဆို... ရှင် ပုန်ကန်မှာလား”

လုမင်လီ ခေါင်းကို ခိုင်ခိုင်မာမာ ခါယမ်းပြသည်။

“မလုပ်ပါဘူး။ သူတို့မသိတာက ကိုယ့်အဖေက ဧကရာဇ်ရဲ့ အမိန့်ကြောင့် သေဆုံးခဲ့တာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာပဲ”

ဟွာကျွင်း အသက်ရှူမှားသွားကာ ပါးစပ်ကို လက်နှင့် အလိုအလျောက် အုပ်လိုက်မိ၏။

“ဘာလို့လဲ”

“အဲဒီအချိန်တုန်းက တိရှိုးဟာ နန်းတွင်းက အရေးပါတဲ့ အမတ်တွေနဲ့ ပူးပေါင်းကြံစည်နေခဲ့တာ။ ဧကရာဇ်က ဒါကို ကြိုမြင်ပြီး ကိုယ့်အဖေကို လျှို့ဝှက် စုံစမ်းခိုင်းတယ်။ မထင်မှတ်ဘဲ တစ်ဖက်လူက လက်ဦးမှုယူပြီး ကိုယ့်အဖေကို ရန်သူနဲ့ ပူးပေါင်းတယ်ဆိုပြီး ထောင်ချောက်ဆင် ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ခဲ့ကြတယ်”

“ကိုယ့်အဖေ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပေမဲ့ နောက်ကွယ်က ကြိုးကိုင်သူကို မဖော်ထုတ်နိုင်ခဲ့ဘူး။ တစ်ဖက်လူရဲ့ ထိုးစစ်ကလည်း ပိုပြင်းထန်လာပြီး နန်းတွင်းမှာ ဝေဖန်မှုတွေက ဒီရေလို တက်လာခဲ့တယ်။ ဧကရာဇ်ရဲ့ အစီအစဉ်ကို ဆက်ထိန်းထားနိုင်ဖို့ ကိုယ့်အဖေဟာ ဧကရာဇ်ရဲ့ စာကြည့်ဆောင်ထဲမှာပဲ အဆိပ်သောက်ပြီး သေဆုံးခဲ့တယ်။ ဒါ အခြေအနေကို ဖောက်ထွက်ဖို့ သူနဲ့ ဧကရာဇ်တို့ သဘောတူထားတဲ့ နည်းဗျူဟာတစ်ခုပဲ”

သူ စုတ်တံက စာရွက်ပေါ်တွင် မျဉ်းတစ်ကြောင်းကို အားပါပါ ဆွဲချလိုက်၏။

“သစ္စာဖောက်ဆိုတဲ့ စွပ်စွဲချက်က သူတို့အတွက် နောက်ဆုံး လက်နက်ပဲ။ ဒါက ပုန်းအောင်းနေတဲ့ ပုန်ကန်သူတွေကို သတိလက်လွတ်ဖြစ်အောင် လုပ်လိုက်တာလည်း ဖြစ်တယ်။ သူတို့က အောင်ပွဲဟာ သူတို့လက်ထဲ ရောက်တော့မယ်လို့ ထင်နေတဲ့အချိန်က ကိုယ် ပိုက်ကွန်စချဖို့ အခွင့်အရေးပဲ”

ဟွာကျွင်း သဘောပေါက်သွားသည်။

“ဒါဆို ရှင့်ရန်သူတွေက အဲဒီလူတွေပေါ့။ ဧကရာဇ် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူတို့က အဲဒါကို မသိဘဲ ရှင့်အဖေကို သတ်တဲ့လူကို လက်စားချေဖို့ဆိုပြီး ရှင့်ကို သူတို့ဘက်ပါအောင် ဆွဲဆောင်ချင်နေကြတာလား”

“အတိအကျပဲ။ သူတို့က ကိုယ် ဧကရာဇ်နဲ့ စကားများပြီး ပြန်ပို့ခံရတဲ့အချိန် ကိုယ် လမ်းစပျောက်နေတဲ့အချိန်မှာ အကူအညီပေးပြီး ဆွဲဆောင်ဖို့ တွက်ထားကြတာ”

ဟွာကျွင်း မေး၏။

“ဒါဆို သူတို့က ဘာလို့ ဆန်တွေကို မီးရှို့ပြီး ကျောက်လုအာ ကို ဖမ်းသွားကြတာလဲ”

“ဒါက ခန့်မှန်းရမခက်ပါဘူး။ သေသေချာချာ စဉ်းစားကြည့်။ သူတို့ ကျီတွေကို မီးမရှို့ခင် ဆန်စပါးတွေကို တခြားနေရာကို ရွှေ့ဖို့ ပြင်ဆင်နေကြတာ မဟုတ်လား။ နောက်ပြီး ကျောက်လုအာကို ဖမ်းထားရင် မြို့ဝန်မင်း ကျောက် သူတို့ခိုင်းတာ လုပ်ရတော့မှာပေါ့”

ဟွာကျွင်း ခေါင်းညိတ်လိုက်သည်။

“သူတို့က ကိုယ့်ကို ပုန်ကန်အောင် စည်းရုံးချင်တော့ သူတို့လက်ထဲမှာ အင်အားရှိနေဖို့ လိုတယ်။ ဒီရိက္ခာတွေက သူတို့အင်အားပဲ။ မြို့ဝန်မင်းကျောက်က တစ်မြို့လုံးရဲ့ လူဦးရေစာရင်းနဲ့ မြေစာရင်းတွေကို ကိုင်ထားတာ။ တကယ်လို့ ကိုယ် စစ်တပ်ဖွဲ့မယ်ဆိုရင် ဒီနေရာကို အခြေစိုက်စခန်းအဖြစ် သုံးမှာ သေချာတယ်”

သူ စာရွက်ပေါ်တွင် “ရိက္ခာကျီ” နှင့် “မြို့ဝန်ရုံး” ဟု ရေးလိုက်သည်။

“ဒါတွေက သူတို့ ကိုယ့်ကို ပေးမဲ့ လက်ဆောင်တွေပေါ့”

ဟွာကျွင်း

“အဲဒါကို ကျွန်မ ဝင်ရှုပ်လိုက်မိမယ်လို့ မထင်ထားဘူး။ အခုတော့ သူတို့မှာ အပေးအယူလုပ်ဖို့ ဘာမှမရှိတော့ဘူးဆိုတော့ ရှင့်အစီအစဉ်တွေကို ကျွန်မ ဖျက်ဆီးလိုက်မိပြီလား”

လုမင်လီ စုတ်တံကို ချကာ ပြုံးလိုက်သည်။

“ရပါတယ်။ အဲဒါက သူတို့ရဲ့ ပြဿနာပါ။ ကိုယ်တို့ကတော့ ဘာဆက်ဖြစ်မလဲဆိုတာ ထိုင်စောင့်ကြည့်နေရုံပဲ”

ဟွာကျွင်း ထပ်မေး၏။

“မြင်းဇောင်းကိစ္စကော ဘယ်လိုလဲ”

လုမင်လီ စိတ်ရှည်လက်ရှည် ရှင်းပြသည်။

“တကယ်လို့ စစ်ပွဲဖြစ်ခဲ့ရင် နန်းတွင်းက အနောက်မြောက်ဘက်ကနေ စစ်ကူတွေ လွှတ်မှာ သေချာတယ်။ စစ်မြင်းတွေ မရှိရင် စစ်ကူတွေ ရောက်လာမှာ မဟုတ်ဘူး။ တိလူမျိုးတွေက တောင်ဘက်ကို ချီတက်လာပြီး ကိုယ်နဲ့ ပူးပေါင်းဖို့ ရက်သတ္တပတ် နှစ်ပတ်ပဲ လိုလိမ့်မယ်။ အဲဒီကနေ မြို့တော်ကို သိမ်းဖို့က သုံးရက်ပဲ ကြာလိမ့်မယ်”

ဟွာကျွင်း အံ့သြတကြီး အော်လိုက်၏။

“ဘုရားရေ၊ သူတို့ အကွက်တွေက တော်တော်လေး စေ့စပ်တာပဲ”

လုမင်လီ ခေါင်းခါရင်း ပြောလိုက်သည်။

“နှမြောစရာကောင်းတာက ကိုယ် ပုန်ကန်မှာ မဟုတ်ဘူးဆိုတာ သူတို့ မတွက်ချက်နိုင်ခဲ့တာပဲ။ အခုတော့ အလှည့်က ကိုယ်တို့ဆီ ရောက်လာပြီ”

“ဝံပုလွေကို ထောင်ချောက်ထဲ ဆွဲခေါ်တာပေါ့”

လုမင်လီ ခဏစဉ်းစားပြီးမှ ပြုံးလျက် ခေါင်းညိတ်၏။ “ဟုတ်တယ်၊ ဝံပုလွေကို ထောင်ချောက်ထဲ ဆွဲခေါ်တာပေါ့”

ညဉ့်နက်လာပြီဖြစ်၍ ဟွာကျွင်း ထပြန်ရန် ပြင်၏။ သူမ ပြောလိုက်သည်။

“ကြက်စွပ်ပြုတ်ကို ကုန်အောင် သောက်ဖို့ မမေ့နဲ့ဦး၊၊ ဘာမှ မချန်ထားနဲ့။ ရှင် တော်တော်လေး ပိန်သွားတာပဲ။ ဟို တံခါးဝက လူ”

“ချင်းယာ”

လုမင်လီ တိုးတိုးလေး ခေါ်လိုက်သည်။

လူငယ်အစေခံတစ်ဦး တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး ဟွာကျွင်းကို ဦးညွှတ်၏။

“ကျွန်တော်က ချင်းယာပါ။ သခင်မလေး ဘာများ မှာစရာ ရှိပါသလဲ”

ဟွာကျွင်း မြေအိုးကို ညွှန်ပြကာ ပြော၏။

“သူ ဒါတွေ အကုန်သောက်တာကို သေသေချာချာ စောင့်ကြည့်ဦး။ မသောက်ရင် ရှင့်ကို လာရှင်းမယ်”

ချင်းယာ လုမင်လီကို မော့ကြည့်ရာ သူက ခေါင်းငုံ့ကာ မတတ်သာသည့်အလား ပြုံးနေသည်။

ထို့နောက် ချင်းယာ ဟွာကျွင်းကို တည်တည်ကြည်ကြည်နှင့် ပြန်ဖြေသည်။

“ဟုတ်ကဲ့ပါ”

“ကဲ ကျွန်မ သွားတော့မယ်။ ကောင်းကောင်း အနားယူဦး”

“ဪ... နေဦး”

လုမင်လီ သူမကို လှမ်းခေါ်လိုက်သည်။

“ကိုယ် ပစ္စည်းအချို့လည်း ပြန်သယ်လာသေးတယ်။ အခုလောက်ဆို မုန့်ဆိုင်ကို ရောက်လောက်ပြီ။ အဲဒါတွေက တန်ဖိုးရှိတဲ့ ရတနာတွေချည်းပဲ။ မင်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”

“ဟိုတစ်ခါက ပုလဲလိုမျိုးလား”

“အဲဒီလိုပါပဲ”

ဟွာကျွင်း လက်ဆောင်ဖွင့်ချင်နေသော ကလေးလေးတစ်ယောက်ကဲ့သို့ မော့ချွမ်းကို အိမ်အမြန်ပြန်ရန် တဖွဖွ တိုက်တွန်းနေတော့သည်။

မုန့်ဆိုင်ရှေ့သို့ ရောက်သောအခါ သူမ စူးရှသော မျက်လုံးများက တောအုပ်ထဲတွင် ရပ်ထားသော မြင်းလှည်းအချို့ကို မြင်လိုက်ရ၏။ သို့သော် သူမထံမှ သတင်းစောင့်နေသော ပြည်သူများ အများကြီး ရှိနေသေးသဖြင့် သူမ စိတ်ရှည်လက်ရှည်ပင် ပြောလိုက်သည်။

“စစ်သူကြီးလုက အန္တရာယ်ကင်းသွားပါပြီ။ အခု အနားယူနေပါတယ်။ အားလုံး စိတ်မပူကြပါနဲ့”

လူစုကွဲသွားမှ သူမ မြင်းလှည်းကို အနားသို့ လာခိုင်းလိုက်သည်။

“ဟေး၊ ဘုရားရေ၊ စစ်သူကြီးလု တစ်အိမ်လုံးကို သယ်လာတာလား မသိဘူး”

ကုန်ပစ္စည်း အပြည့်တင်ထားသော မြင်းလှည်း (၅) စီးကို ကြည့်ပြီး မော့ချွမ်း အံ့သြတကြီး အော်လိုက်၏။

ဟွာကျွင်းလည်း ဤမျှများပြားလိမ့်မည်ဟု မထင်ထားသဖြင့် လန့်သွားသည်။

သူတို့အားလုံး ဆိုင်ထဲသို့ ဝိုင်းသယ်ကြရာ အရွယ်အစားစုံ သေတ္တာကြီးငယ်များမှာ ကြမ်းပြင်ပေါ်တွင် ပုံနေတော့သည်။

ထိုညနေမှာပင် သူတို့ ပစ္စည်းအားလုံးကို အိမ်သို့ ပြန်သယ်ကာ ဧည့်ခန်းထဲတွင် စီထားလိုက်ကြသည်။

ဟွာကျွင်း သေတ္တာအချို့ကို ဖွင့်ကြည့်သော်လည်း အထဲက ပစ္စည်းတစ်ခုမှ သူမ မသိပေ။ ထိုအခါ ဗဟုသုတဆိုသည်မှာ မည်မျှ အရေးကြီးကြောင်း သူမ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

မတတ်နိုင်သဖြင့် အကူအညီ လှမ်းတောင်းရတော့သည်။

သူမသည် လုကျောက် ထံသို့ ဗီဒီယိုကောလ် တိုက်ရိုက် ခေါ်လိုက်၏။ သူ စိတ်ဆိုးမည် မဟုတ်ဟု သူမ ယူဆထားသည်။

‘ဘာပဲဖြစ်ဖြစ် ဒီလောက်များပြားတဲ့ ရတနာတွေကို ဘယ်သူက မကြည့်ချင်ဘဲ နေမှာလဲ’

လုကျောက် ဖုန်းဖြေလာပြီး ဇဝေဇဝါဖြင့် မေး၏။

“ဟွာကျွင်း ဒီလောက် နောက်ကျမှ ဘာအရေးကြီးကိစ္စ ရှိလို့လဲ”

“ရှင့်ကို ပစ္စည်းအချို့ ကြည့်ပေးပြီး အမည်လေးတွေ ပြောပြစေချင်လို့ပါ”

“ဗီဒီယိုထဲမှာဆိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရဘူးလေ။ အဲဒါတွေက ဘာလဲဆိုတာပဲ ပြောပြနိုင်မယ်၊၊ အစစ်အမှန် ဟုတ်မဟုတ်တော့ သေချာ မခွဲခြားနိုင်ဘူးနော်”

“ရပါတယ်”

ဟွာကျွင်း အမြန်ပြန်ဖြေ၏။ “အဲဒါတွေက ဘာလဲဆိုတာပဲ ပြောပြရင် ရပြီ”

‘ဘာပဲဖြစ်ဖြစ် အတုတွေတော့ မဖြစ်နိုင်တာ သေချာတယ်’

သူမ သေတ္တာတစ်လုံးကို ဖွင့်ကာ ဖုန်းကင်မရာကို ပြလိုက်သည်။

“အင်း...”

လုကျောက် ကြည့်လိုက်၏။

“ဒါက မက်မွန်ပန်းပုံစံပန်းကန်ပဲ။ ခန့်မှန်းခြေ ခုနှစ်ကို သိချင်လား”

“မလိုပါဘူး။”

ဟွာကျွင်းသည် စာကပ်စက္ကူလေး တစ်ရွက်ကို ယူကာ မက်မွန်ပန်းပုံစံပန်းကန်ဟု ရေးပြီး သေတ္တာပေါ်တွင် ကပ်လိုက်သည်။

“နောက်တစ်လုံး။ အိပ်ချိန်ကို နှောင့်ယှက်မိတာ အားနာပါတယ်၊ မြန်မြန်လေး လုပ်ကြရအောင်”

“ရပါတယ်။ ကျွန်တော်လည်း အိပ်ဖို့ မလောသေးပါဘူး” လုကျောက် စိတ်ကောင်းရှိစွာ ပြောသည်။ သူ ရှေ့မှာ ရင်ဆိုင်ရတော့မည်အရာများကို သိပုံမရပေ။

မော့ချွမ်း သူမဘေးတွင် သစ်သားသေတ္တာများကို တစ်လုံးချင်း ဖွင့်ပေးနေပြီး ဟွာကျွင်းနှင့် လုကျောက်တို့က တစ်ခုချင်းစီကို စစ်ဆေးနေကြ၏။

“ကြာပန်းနွယ်ပုံစံ ဖြူပြာရောင် ပန်းအိုး”

“ကြာပန်းပုံစံနွားမျက်လုံး ခွက်”

“ကျောက်စိမ်း နဂါးချိတ် ဒီကျောက်စိမ်းက အတော်ကောင်းတာပဲ”

တစ်ခုပြီးတစ်ခု ခွဲခြားပြီးနောက် လုကျောက် တွေးမိ၏။

‘ကျန်သေးတာလား၊ ပစ္စည်းတွေ ဘယ်လောက်တောင် များနေတာလဲ’

“ဒါက ရှုခင်းပုံစံရှစ်မြောင့်ရွှေခွက်၊ နေဦး။ အောက်ခြေကို ပြပါဦး”

“လုကျောက်၊ ဒီနေ့တော့ အောက်ခြေတွေကို မကြည့်ဘဲ နေရအောင်။ ပစ္စည်းတွေက တော်တော်လေး များနေလို့”

သူမ ဖုန်းကို မြှောက်လိုက်ပြီး ပစ္စည်းအားလုံးကို အပေါ်စီးကနေ တစ်ကွင်းလုံးစာ ရိုက်ပြလိုက်သည်။

All Chapters