အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အခန်း (၂၅၅)
အသက်ကယ် ကျေးဇူးကို ဘယ်လိုဆပ်မလဲ
လုကျောက်မှာ မှင်တက်သွားရသည်။
“ဟိုမှာရှိတဲ့ သေတ္တာတွေ အကုန်လုံးလား”
“ဟုတ်တယ်၊ အကုန်လုံးပဲ။ ဒါကြောင့် အသေးစိတ်တွေ သိပ်မကြည့်တော့ဘဲ နာမည်တွေပဲ အရင်မှတ်ရအောင်။ တကယ်လို့ ရှင် အသေးစိတ် ကြည့်ချင်တယ်ဆိုရင်တော့ နောက်နေ့မှ ကျွန်မဆီ လာခဲ့လေ”
“နေဦး၊ ကျွန်တော် ကွန်ပျူတာ ပြောင်းလိုက်ဦးမယ်။ အဲဒါမှ ကြည့်ရတာ ပိုအဆင်ပြေမှာ”
ထိုသို့ ပြောကာ စာကြည့်ခန်းထဲသို့ သွားပြီး ကွန်ပျူတာဖွင့်၊ ကော်ဖီတစ်ခွက် ဖျော်လိုက်သည်။
သူ သေသေချာချာ ထိုင်ပြီးနောက်မှ ဟွာကျွင်းထံသို့ ဗီဒီယိုကောလ် ပြန်ခေါ်လိုက်သည်။
ဟွာကျွင်း ချက်ချင်းပင် ဖုန်းဖြေလိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လျက် ပြော၏။
“ကဲ... အစပြန်စကြရအောင်”
လုကျောက်သည်လည်း အလွန်ပင် ပူးပေါင်းဆောင်ရွက်ရှာ၏။ သူ ပစ္စည်းအမည်များကို တန်းစီရွတ်ပြရုံတင်မကဘဲ အသံထွက်ဆင်တူသော်လည်း အဓိပ္ပာယ်ကွဲလွဲသည့် စာလုံးများကိုပါ မှားမှာစိုး၍ ပြင်ပေးသေးသည်။
ဓားတစ်လက်ကို မြင်လိုက်ရသောအခါတွင်မူ သူ၏ လေသံမှာ စိုးရိမ်တကြီး ဖြစ်သွား၏။
“ဒါကိုတော့ ခဏရပ်ပါဦး၊ ကျွန်တော် အနီးကပ် သေသေချာချာ ကြည့်ပါရစေ”
ဟွာကျွင်း ဖုန်းကင်မရာကို ဓားဆီသို့ ချိန်ပေးကာ ထောင့်စုံမှ ပြလိုက်သည်။
“ဒါက... ဒါက... ဝုဇ်စတီးလ်လား”
“အနောက်တိုင်း နာမည်ကြီးပါလား၊ ရှင် မှားနေတာများလား”
လုကျောက် အခိုင်အမာ ငြင်းဆို၏။
“မမှားဘူး။ ဓားပေါ်က အစင်းကြောင်းတွေကို ကြည့်၊ ဒါက ထွင်းထားတာ မဟုတ်ဘူး။ ပန်းပဲခတ်တုန်းက ဖြစ်ပေါ်လာတဲ့ အစင်းကြောင်းတွေ။ ဒီလို ပန်းပဲနည်းပညာက အခုဆိုရင် ပျောက်ကွယ်သွားပြီ”
ဟွာကျွင်းသည် စာကပ်စက္ကူပေါ်တွင် သေသေချာချာ ရေးမှတ်လိုက်ပြီး ကြယ်ငါးပွင့်ပုံ တစ်ခု ဆွဲလိုက်သည်။
“အဲဒီ ကြယ်ပုံက ဘာကို ဆိုလိုတာလဲ”
လုကျောက် မေးလိုက်သည်။
“တန်ဖိုး အရမ်းကြီးတယ်လို့ အဓိပ္ပာယ်ရတာ”
“ဒါဆိုရင်တော့ ကြယ်ငါးပွင့် ငါးခုလောက် ဆွဲထားလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒါက တကယ့်ကို တန်ဖိုးဖြတ်မရသလို သုတေသနလုပ်ဖို့လည်း အရမ်းအဖိုးတန်လို့ပဲ”
ကြယ်ငါးပွင့် ငါးခုဆိုသည်မှာပင် နည်းသေးသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် လုကျောက်သည် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော ပစ္စည်းများကို တစ်ခုပြီးတစ်ခု တွေ့နေရသောကြောင့်ပင်။
“ဒါကိုတော့ ကြယ်ငါးပွင့် ခုနစ်ခု ဆွဲလိုက်”
လုကျောက် ပိုးထည်တစ်ထည်ကို ညွှန်ပြကာ ပြော၏။ “ဒီလို ပိုးချည် ထုတ်လုပ်တဲ့ ပိုးကောင်တွေတောင် အခုဆိုရင် မျိုးတုံးသွားပြီ”
“ဒါကိုတော့ (၁၀)ပွင့် ဆွဲလိုက်။ ဒါမျိုးကို နောက်ဆုံးတွေ့ခဲ့တာက နိုင်ငံခြားက ပြတိုက်တစ်ခုမှာပဲ”
ဟွာကျွင်းမှာ စာရေးရလွန်းသဖြင့် ဘောပင်ကိုပင် ပစ်ချချင်စိတ် ပေါက်သွားသည်။
“ဘာလို့ ကြယ်တွေ ဒီလောက် အများကြီး ဆွဲခိုင်းနေရတာလဲ၊ နာမည်က ငါးလုံးပဲ ရေးရတယ်၊ ကြယ်က (၁၀) ပွင့် ဆွဲနေရတယ်။ ရှင် ရူးနေတာလား”
“အားနာပါတယ်၊ ဒီလောက်အထိ အဖိုးတန်တဲ့ ပစ္စည်းတွေ အများကြီး ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားလို့ပါ။ ဒီပစ္စည်းတွေကို ရောင်းဖို့ စိတ်ကူးရှိလား။ တကယ်လို့ ရှိရင် ကျွန်တော် မနက်ဖြန် လာခဲ့ပြီး တန်ဖိုးဖြတ်ပေးမယ်လေ”
ဟွာကျွင်း မူလက ထိုပစ္စည်းများကို စာရင်းပြုစုပြီး အချိန်တန်မှ ဖြည်းဖြည်းချင်း ရောင်းရန် စိတ်ကူးထားသော်လည်း ယခုတော့ စိတ်ပြောင်းသွားပြီဖြစ်သည်။
“ဟင့်အင်း၊ လောလောဆယ် မရောင်းဖို့ ဆုံးဖြတ်လိုက်ပြီ”
သူတို့နှစ်ဦး တစ်ညလုံး အချိန်ပေးကာ ပစ္စည်းအားလုံးကို စစ်ဆေးပြီးသွားကြသည်။ ဗီဒီယိုကောလ် ချလိုက်ပြီးနောက် ဟွာကျွင်းသည် ဗိသုကာပညာရှင်တစ်ဦးကို ဆက်သွယ်လိုက်၏။
“ကျွန်မ ပြတိုက်တစ်ခု ဆောက်ချင်တယ်။ အဲဒီမှာ အကောင်းဆုံး လုံခြုံရေးစနစ် ပါရမယ်၊ အပူချိန်နဲ့ စိုထိုင်းဆကိုလည်း အမျိုးသားပြတိုက် စံနှုန်းတွေအတိုင်း တိတိကျကျ ထိန်းချုပ်နိုင်ရမယ်။ အတိုချုပ်ပြောရရင် အမျိုးသားပြတိုက်က ဘယ်လိုမျိုးလဲ၊ ကျွန်မရဲ့ ပြတိုက်ကလည်း အဲဒီလိုပဲ ဖြစ်ရမယ်။ ပိုက်ဆံကိုတော့ စိတ်မပူပါနဲ့”
သူမသည် ကြယ်ငါးပွင့်အထက် ရရှိသော ရတနာများကို ပြသရန်အတွက် ကိုယ်ပိုင်ပြတိုက်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ဤမျှ အရေးကြီးသော ပစ္စည်းများကို လေလံတင်ရောင်းချပြီး ပုဂ္ဂလိကလက်ထဲ ထည့်လိုက်ခြင်း သို့မဟုတ် နိုင်ငံခြားသို့ ရောက်ရှိသွားခြင်းမျိုး မဖြစ်စေချင်ပေ။
သူမ ထိုပစ္စည်းများကို လှူဒါန်းရန်လည်း မဝံ့ရဲသဖြင့် ပြသထားရုံသာ ပြသမည်ဖြစ်သည်။ ထိုပစ္စည်းများမှာ အစစ်လား၊ အတုလား ဆိုသည်မှာလည်း အရေးမကြီးတော့ပေ၊၊ ၎င်းတို့နောက်ကွယ်မှ အနုပညာတန်ဖိုးကို ကမ္ဘာက သိမြင်သွားလျှင်ပင် လုံလောက်ပြီဖြစ်၏။
ထို့ပြင် ဝင်ကြေးလည်း ကောက်မည်ဖြစ်၍ ပျော်ရွှင်စရာ အခြေအနေပေ။
ဗိသုကာပညာရှင် ထိုကဲ့သို့သော ပရောဂျက်မျိုး တစ်ခါမှ မလုပ်ဖူးသော်လည်း သူ့အသိုင်းအဝိုင်းထဲမှ ပြတိုက်အလှဆင်ခြင်းကို အထူးပြုသည့် ပညာရှင်တစ်ဦးကို ရှာတွေ့ခဲ့သည်။
မကြာခင်မှာပင် ဟွာကျွင်းနှင့် သူတို့အဖွဲ့ ပြတိုက်ဆောက်မည့် နေရာကို သတ်မှတ်လိုက်ကြ၏။ မြို့လယ်ခေါင်နှင့် နီးသောနေရာတွင်ဖြစ်ပြီး ကျန်ရှိသော အသေးစိတ်ကိစ္စများကိုတော့ ကန်ထရိုက်တာနှင့် ဆက်သွယ်ရန် လွှဲပေးလိုက်သည်။
ယခုအခါ ဟွာကျွင်း၏ အချိန်ဇယားမှာ လုံးဝ ပြောင်းလဲသွားသည်။ သူမသည် နေ့ခင်းဘက်တွင် အိပ်စက်ပြီး ညနေပိုင်း မုန့်ဆိုင်ဖွင့်ခါနီးမှ ဟွာရှန့် နှိုးပေးရ၏။
သူမသည် မုန့်ဆိုင်တွင် ခဏတဖြုတ် အလုပ်ရှုပ်ကာ အစားအစာများကို ပြင်ဆင်ပြီးနောက် လမ်းလျှောက်ရန် အပြင်သို့ ထွက်လာခဲ့သည်။
နာဘုက သူမကို လှမ်းခေါ်လိုက်၏။ “သူဌေးမဟွာ”
ဟွာကျွင်း သူ့ကို ခဏကြာ ကြည့်နေပြီးမှ မှတ်မိသွားသည်။ “ရှင် ဟိုညက ဒဏ်ရာရလာတဲ့လူ မဟုတ်လား”
“ဟုတ်ပါတယ်၊ ကျွန်တော့်နာမည်က နာဘုပါ။ တိရှိုးက လွှတ်လိုက်တဲ့ သူလျှိုတစ်ယောက်ပါ”
ဟွာကျွင်း ခေါင်းညိတ်ပြကာ မေး၏။
“ဒဏ်ရာတွေကော သက်သာသွားပြီလား”
“သူဌေးမဟွာ ပေးတဲ့ဆေးတွေ သောက်ပြီးတော့ သိပ်မနာတော့ပါဘူး”
“ရှင့်ကို ခေါ်လာပေးတဲ့ ရှောင်ရွီရော”
“သူ ပြည့်တန်ဆာအိမ်ကို ပြန်သွားပါပြီ။ သူက အရာရှိဟောင်း တစ်ယောက်ရဲ့ သမီးဆိုတော့ ပြည့်တန်ဆာအိမ်ကနေ အကြာကြီး ထွက်သွားလို့ မရဘူးလို့ ပြောတယ်”
“ကောင်းပါပြီ၊ ရှင် ဒီမှာပဲ အေးအေးဆေးဆေး အနားယူပါဦး”
ထိုသို့ ပြောပြီးနောက် သူမသည် တည်းခိုခန်းဘက်သို့ သွားရန် ပြင်လိုက်သည်။
သို့သော် နာဘုက တားလိုက်၏။
“သူဌေးမ တည်းခိုခန်းဘက်ကို မသွားတာ ပိုကောင်းမယ်”
ဟွာကျွင်းမှာ ဇဝေဇဝါဖြစ်သွားပြီး ပြန်မေးတော့၏။
“ဘာလို့ သွားလို့မရတာလဲ”
နာဘုက သူမနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောသည်။
“အခု တည်းခိုခန်းထဲမှာ တိရှိုးလူမျိုးတွေ အများကြီးရှိနေတယ်။ အများစုက မြို့ထဲကနေ ထွက်ပြေးလာကြတဲ့လူတွေ”
သူ နောက်သို့ တစ်လှမ်းဆုတ်ကာ ပြောတော့သည်။
“ခင်ဗျားက ကျွန်တော့်အသက်ကို ကယ်ခဲ့တာဆိုတော့ ဒါက ကျွန်တော့် ကျေးဇူးဆပ်တာပါ။ အဲဒီကို မသွားတာ အကောင်းဆုံးပဲ။ သူတို့က စစ်သူကြီးလုနဲ့ ခင်ဗျားရဲ့ ပတ်သက်မှုကို သိနေကြတာမို့ စစ်သူကြီးလုကို ခြိမ်းခြောက်ဖို့ ခင်ဗျားကို အသုံးချသွားနိုင်တယ်”
ဟွာကျွင်း ရယ်မောလျက် ပြန်ပြော၏။
“ရှင်က စနေတာလား၊ ကျွန်မ သူတို့ကို ကြောက်နေမယ်လို့ ထင်နေတာလား။ ကျွန်မ ရှင့်အသက်ကို ကယ်ခဲ့တာနော်။ ရှင် ဒီစကားတစ်ခွန်းတည်းနဲ့ ကျေးဇူးဆပ်တော့မလို့လား”
သူမ စကားကြောင့် နာဘု၏ နားရွက်များ နီရဲသွားတော့သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း ရွာသားများက သူဌေးမဟွာ ကျေးဇူးမလိုလား ကောင်းမှုကုသိုလ်သာ လုပ်တတ်သူဖြစ်ကြောင်း ပြောသံကို ကြားဖူးခဲ့သဖြင့် သူမ ပျော့ပျောင်းလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်၏။ ယခုကဲ့သို့ ပြတ်သားပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”
“ရှင် ဘယ်လိုပဲ ဆိုလိုဆိုလို”
ဟွာကျွင်း သူ့စကားကို ဖြတ်ပြောလိုက်သည်။
“အခု ကျေးဇူးဆပ်ဖို့ အခွင့်အရေးကောင်းတစ်ခု ရှိတယ်။ ရှင် လုပ်မလား”
နာဘု နားမလည်နိုင် ဖြစ်သွားသည်။
“ဘာ... ဘာအခွင့်အရေးလဲ”
ဟွာကျွင်း သူ့ကို မုန့်ဆိုင် ဒုတိယထပ်သို့ ခေါ်သွားကာ စာရွက်နှင့် ဘောပင်ကို ထုတ်ပေးလိုက်၏။
“တည်းခိုခန်းထဲမှာရှိတဲ့ အဲဒီ တိရှိုးလူမျိုးတွေရဲ့ နာမည်တွေကို ရေးပေးပါ”
နာဘု ဝုန်းခနဲ ထရပ်ကာ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“ခင်ဗျားက ကျွန်တော့်ကို သစ္စာဖောက်တစ်ယောက် ဖြစ်စေချင်တာလား။ သူတို့ ကျွန်တော့်လက်မောင်းကို ဖြတ်ခဲ့ရင်တောင် အဲဒါက ကျွန်တော့်အမှားကြောင့်ပဲ။ ကျွန်တော် အမိမြေကို ဘယ်တော့မှ သစ္စာမဖောက်ဘူး”
“အဲဒီလောက်အထိ ပုံကြီးမချဲ့ပါနဲ့”
ဟွာကျွင်း ပြောသည်။
“ကျွန်မမှာ သူတို့ကို သတ်နိုင်တဲ့ စွမ်းအားလည်း မရှိပါဘူး။ သူတို့က စစ်သူကြီးလုနဲ့ တွေ့ရမှာပဲ။ စောတာနဲ့ နောက်ကျတာပဲ ကွာမှာ။ ရှင် ဘာကို ကြောက်နေတာလဲ”
နာဘု မယုံနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ “ခင်ဗျား.. အကုန်သိနေတာလား”
ဟွာကျွင်း ခြေထောက်ချိတ်ထိုင်လိုက်ပြီး ပြော၏။
“ဟုတ်တယ်၊၊ အဲဒါကို ရှင်က သွားတိုင်မလို့လား”
နာဘု စကားထစ်သွားသည်။
“ကျွန်တော်... ကျွန်တော်...”
ဟွာကျွင်း ဆက်ပြောသည်။
“မြက်ခင်းပြင်က လူတွေအားလုံး သူတို့ရဲ့ ကျေးဇူးရှင်ကို ဒီလိုကျေးဇူးဆပ်တာလား”
နာဘု ဆုံးဖြတ်ချက် ချလိုက်သည်။
“ကျွန်တော် မတိုင်ပါဘူး”
ဟွာကျွင်းက စာရွက်ကို သူ့ရှေ့သို့ တွန်းပေးလိုက်၏။
“ဒါဆို ရေးတော့”
နာဘု ဘောပင်ကို ယူလိုက်သော်လည်း တုံ့ဆိုင်းနေဆဲ ဖြစ်သည်။
“အသက်တစ်ချောင်းနော်။ ရှင့်အသက်ကို ကယ်ဖို့ ဆရာဝန်ရှာရတာ ဘယ်လောက်အန္တရာယ်များလဲ။ ရှင် သိလား ရှင် သောက်ခဲ့တဲ့ အဲဒီ ဆေးတောင့် ဆေးဝါးတွေက ဘယ်လောက်တန်ဖိုးရှိလဲ ရှင် သိလား။ အဖျားကို ချက်ချင်းကျစေပြီး နာကျင်မှုကို ယူပစ်သလို ပျောက်ကင်းစေတဲ့ အဲဒီဆေးတွေက ရှားပါးရတနာတွေပဲ”
“နာမည်လေး အနည်းငယ် ရေးပေးရုံပါ။ အဲဒါက ကျွန်မအတွက်လည်း သိပ်ပြီး အသုံးဝင်လှတာ မဟုတ်ပါဘူး။ ဒါလေးတောင် မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ကျွန်မ ရှင့်ကို ကယ်ခဲ့ရတာ အလကားပဲ”
“နောက်ပြီး ရှောင်ရွီကို ကြည့်ဦး။ သူက ရှင့်အတွက်နဲ့ သူ့ခေါင်းကို လောင်းကြေးထပ်ခဲ့တာ ရှင့်ကို ပြုစုဖို့ သူ တစ်ညလုံး မအိပ်ဘဲ စောင့်ပေးခဲ့တာပဲ မဟုတ်လား”
နာဘု၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာ၏။ “သူဌေးမဟွာ ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့။ ကျွန်တော် ရေးပါ့မယ်။ ရပြီလား”
သူ ခေါင်းငုံ့ကာ အလျင်အမြန် စတင်ရေးသားတော့သည်။
ဟွာကျွင်းသည် စာရွက်ကို စိတ်ကျေနပ်စွာ ကိုင်ကြည့်ကာ ပြော၏။
“ရှင်က စာလည်း ရေးတတ်တာပဲ။ လက်ရေးကလည်း တော်တော်လှသားပဲ”
နာဘု၏ ရင်ထဲတွင် သစ္စာဖောက်မှု၏ အရှက်ရစိတ်မှာ ပျောက်ကွယ်မသွားသေးပေ။
သူ လေသံတိုးတိုးဖြင့် ဖြေသည်။ “ကျွန်တော် စာသင်ခဲ့ဖူးပါတယ်။ နန်းတော်ရဲ့ မြေပုံအားလုံးကို ကျွန်တော်ကိုယ်တိုင် ဆွဲခဲ့တာပါ”
“ဪ...”
ဟွာကျွင်း၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားတော့၏။
အခန်း (၂၅၆)
ငါးပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်
နာဘု သူ စကားမှားသွားမှန်း သိလိုက်သော်လည်း တုန်လှုပ်မသွားပေ။
“ခင်ဗျား သိသွားလည်း ကိစ္စမရှိပါဘူး။ ကျွန်တော် ဘာသတင်းအချက်အလက်မှတော့ ထုတ်ဖော်မှာ မဟုတ်ဘူး”
“ရှင် အဲဒီလို မပြောပါနဲ့။ ကျွန်မ ရှင့်ကို ဘာမှလုပ်ခိုင်းနေတာမှ မဟုတ်တာ”
သူမ သန်းခေါင်စာရင်း စစ်ဆေးနေသကဲ့သို့ သူ့ကို မေးခွန်းထုတ်တော့သည်။
“ရှင့်မှာ တခြား မိသားစုဝင်တွေရှိလား၊ မိဘတွေရော သက်ရှိထင်ရှား ရှိသေးလား၊ မောင်နှမတွေရောရှိလား”
နာဘု: “ဘာလို့ မေးခွန်းတွေ အများကြီး မေးနေရတာလဲ”
“ကျွန်မ ကယ်လိုက်တဲ့လူက ဘယ်လိုလူလဲဆိုတာ သိချင်လို့ပါ”
“ကျွန်တော့်မိဘတွေ ဆုံးပါးသွားပါပြီ။ ညီလေးတစ်ယောက်ပဲ ရှိတော့တယ်”
“ရှင့်ညီလေးကရော ဒီမှာပဲ အလုပ်လုပ်တာလား”
“ကျွန်တော်တို့က အသက်ကို လောင်းကြေးထပ်ပြီး ရှင်သန်နေရတဲ့သူတွေပဲ၊၊ သူ့ကို ဒီကိစ္စတွေထဲ ဘယ်လိုလုပ်ပြီး ပတ်သက်ခွင့်ပြုမှာလဲ”
ဟွာကျွင်း ခေါင်းညိတ်လိုက်ပြီး နာမည်ရေးထားသော စာရွက်ကို ခေါက်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ၊ ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရှင် သွားနိုင်ပါပြီ”
နာဘု ဇဝေဇဝါ ဖြစ်သွား၏။
“ဒါပဲလား၊ ကျွန်တော့်ကို လွှတ်ပေးတာလား”
“ကျွန်မ ဒီမှာ ဘယ်သူ့ကိုမှ အတင်းအကျပ် မထားဘူး။ အဲဒီအခန်းက ရှင့်အတွက် သီးသန့်ထားပေးတာပါ။ တကယ်လို့ ရှင် နေချင်တယ်ဆိုရင် နေလို့ရတယ်။ ဒါပေမဲ့ ရွာအတွက် လက်တွေ့ကျတဲ့ အလုပ်တစ်ခုခုတော့ လုပ်ပေးရမယ်။ တကယ်လို့ မနေချင်ဘူးဆိုရင်လည်း အချိန်မရွေး ထွက်သွားနိုင်ပါတယ်”
နာဘု တုံ့ဆိုင်းသွားပြီးမှ မတ်တတ်ရပ်ကာ ဖြည်းဖြည်းချင်း လျှောက်ထွက်သွားသည်။
လှေကားထစ်ကို ရောက်သောအခါ သူ လှည့်ကြည့်ပြီး မေးလိုက်၏။
“တကယ်လို့ ကျွန်တော် ဒီမှာ နေမယ်ဆိုရင် ဘာလုပ်ပေးနိုင်မလဲ။ ကူပါးက မြင်းလေ့ကျင့်ပေးနိုင်ပေမဲ့ ကျွန်တော်ကတော့ ဘာမှ မလုပ်တတ်ဘူး”
“ရှင်က မြေပုံဆွဲတာ၊ ပထဝီဝင် မြေပုံတွေ ဖော်ပြတာ ကျွမ်းကျင်တာ မဟုတ်လား”
ဟွာကျွင်းက ပေါ့ပေါ့ပါးပါးပင် ဆက်ပြော၏။
“ရှင် မူလတန်းကျောင်းကို သွားပြီး ကလေးတွေကို ပုံဆွဲနည်း သွားသင်ပေးလို့ ရတာပဲ”
နာဘု တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ဟွာကျွင်း ချက်ချင်းပင် စကားဖြတ်ပြောလိုက်၏။
“စိတ်မပူပါနဲ့။ ရှင့်လျှို့ဝှက်ချက်တွေကို ဘာမှ ထုတ်ပြောစရာ မလိုပါဘူး။ ရှင့်နည်းပညာတွေကိုပဲ သင်ပေးရမှာ။ ဥပမာ တောင်တွေရဲ့ အမြင့်၊ ချိုင့်ဝှမ်းတွေရဲ့ အနက်၊ အကွာအဝေးကို ဘယ်လိုတိုင်းတာမလဲ၊၊ တိုင်းတာရေး ကိရိယာတွေကို ဘယ်လိုသုံးမလဲ၊ စက္ကူပေါ်မှာ ဘယ်လို မှတ်သားမလဲ ဆိုတာမျိုးတွေပေါ့။ ဒါပဲလေ”
ထိုစကားကို ကြားပြီးနောက် နာဘု ခဏတာမျှ စဉ်းစားကာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
သူ ထွက်သွားပြီးနောက် မော့ချွမ်း မီးဖိုချောင်ထဲမှ ထွက်လာ၏။
“သူ့ကို ဒီမှာ ထားမလို့လား၊ သူက နန်းတွင်းကလူနော်”
“သူက ပထဝီဝင် မြေပုံတွေ ဆွဲနိုင်တယ်လေ၊၊ သူ့ကို အလွတ်မပေးနိုင်ဘူး”
“ပထဝီဝင် မြေပုံဆွဲတာက ဘာခက်လို့လဲ”
“ရှင် ဆွဲတတ်လို့လား”
ဟွာကျွင်း ပြန်ပက်လိုက်သည်။
“မဆွဲတတ်ဘူး”
သူ အတည်ပေါက်ပင် ဆက်ပြော၏။
“ဒါပေမဲ့ အခုခေတ်မှာ ခေတ်မီကိရိယာတွေ အများကြီး ရှိတာပဲ။ ဒရုန်းတစ်စီး လွှတ်လိုက်ရင် အကုန် မှတ်တမ်းတင်လို့ ရတာပဲ မဟုတ်လား၊၊ ဪ ပြီးတော့ ဟို အသံဖမ်းစက်လိုမျိုး...”
“မဟုတ်ဘူး၊ မဟုတ်ဘူး”
ဟွာကျွင်း ချက်ချင်း ငြင်းလိုက်သည်။
“ဒီလို အီလက်ထရွန်နစ် ပစ္စည်းတွေက အကွာအဝေး ကန့်သတ်ချက် ရှိတယ်။ နောက်ပြီး မြက်ခင်းပြင်အထိ သွားဖို့က အန္တရာယ်များတယ်။ ဒါ့အပြင် ကျွန်မတို့မှာ အသင့်ဆွဲပြီးသား မြေပုံတွေမရှိဘူးမလား။ သူ့ကို ထားနိုင်သရွေ့တော့ အဲဒါတွေရဖို့ မခက်ပါဘူး”
“ဒုတိယအချက်ကတော့ လူတစ်ယောက်ကို ငါးတစ်ကောင် ပေးတာထက် ငါးဖမ်းနည်း သင်ပေးတာက ပိုကောင်းတယ်။ မြေပုံက အရေးကြီးသလား၊၊ မဟုတ်ဘူး၊ မြေပုံဆွဲတဲ့ နည်းစနစ်က ပိုအရေးကြီးတာ”
မော့ချွမ်း
“ဒါတောင် မကောင်းသေးပါဘူး။ သူက အရမ်းအန္တရာယ်များတယ်။ ကျွန်တော် သူ့ကို သိတယ်။ သူက မြှောက်ပြောတတ်တဲ့လူ၊ သူ့ဘုရင်ကိုပဲ သူ ဂရုစိုက်တာ”
ဟွာကျွင်း မော့ချွမ်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ “ရှင် သူ့ကို တော်တော် သိနေသလိုပဲနော်”
မော့ချွမ်းက ကိုယ်ကို ခပ်မတ်မတ် ပြန်ပြင်ထိုင်ကာ ပြောလိုက်သည်။
“လျှောက်မပြောပါနဲ့။ ကျွန်တော်က လူအကဲခတ် ကောင်းလို့ပါ”
မော့ချွမ်းတွင် လျှို့ဝှက်ချက် ရှိနေမှန်း ဟွာကျွင်း သိသော်လည်း သူ မပြောချင်လျှင် သူမ အတင်းအကျပ် မမေးပေ။ ဟွာကျွင်း သိထားသည်မှာ သူမ လုံးဝ သိသင့်သိထိုက်သည့် ကိစ္စဖြစ်လျှင် မော့ချွမ်း သူမကို လုံးဝ ဖုံးကွယ်ထားမည် မဟုတ်ပေ။
‘သူ မပြောတာက ဖြစ်နိုင်တာကတော့ အဲဒီကိစ္စက သိပ်မရေးကြီးလို့ ဖြစ်မှာပါ’
ထို့အပြင် သူ ယခင်က မည်သူဖြစ်ပါစေ မုန့်ဆိုင်ထဲ ရောက်လာပြီဆိုလျှင် သူက မော့ချွမ်းပင်။ ၎င်းက ပြောင်းလဲ၍မရသည့် အချက်ပေ။
ဟွာကျွင်း
“ပထဝီဝင် မြေပုံတွေ ရဖို့အတွက် ကျွန်မမှာ အစီအစဉ်တစ်ခုတော့ ရှိတယ်၊၊ ဒါပေမဲ့ နည်းနည်းတော့ ယုတ်မာရာ ကျမလားလို့”
မော့ချွမ်း မျက်လုံးများ တောက်ပသွား၏။
“ဘာအစီအစဉ်လဲ၊ ဘာဖြစ်လို့ ယုတ်မာရမှာလဲ၊ အလုပ်ဖြစ်ဖို့ပဲ လိုတာလေ”
ဟွာကျွင်းက သူ့ကို အနားသို့ လက်ယပ်ခေါ်လိုက်သည်။ “အနားတိုးခဲ့။ ရှင် ဒါကို အရင်လုပ်၊ ပြီးရင် ဟိုဟာကို”
မော့ချွမ်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် တည်းခိုခန်းအတွင်း၌ ဆူညံသံများဖြင့် ပြည့်နှက်နေ၏။
အဘွားကျန်း လူအုပ်စုတစ်စုကို တားဆီးကာ ပြောနေသည်။
“ရှင်တို့ ဒါမျိုး လုပ်လို့မရဘူးလေ။ ဒီမနက်စာတွေက ကိုယ်တိုင်ယူစားရတာဆိုပေမဲ့ ကိုယ်စားနိုင်သလောက်ပဲ ယူရမှာ။ ဘယ်လိုလုပ်ပြီး တစ်အိုးလုံးကို ယူသွားရတာလဲ”
အလယ်ပိုင်းသားကဲ့သို့ ဝတ်ဆင်ထားပြီး ငွေရောင် ထမင်းဘူးကို ကိုင်ထားသော ထွားကြိုင်းသည့် အမျိုးသားတစ်ဦး လေသံဝဲဝဲဖြင့် ပြန်ပြော၏။
“ခင်ဗျားကိုယ်တိုင်ပဲ ကိုယ်တိုင်ယူစားရမယ်လို့ ပြောတာ။ အခု ဘာလို့ ကျွန်တော်တို့ကို စားခွင့်မပေးတာလဲ”
အဘွားကျန်း ရှင်းပြသည်။
“စားခွင့်မပေးတာ မဟုတ်ဘူး။ ကုန်ရင် ထပ်လာယူလို့ ရပါတယ်။ အခု ရှင်တို့က အကုန်ယူသွားတော့ တခြား ဧည့်သည်တွေ ဘာစားကြမလဲ”
“ဒါဆိုလည်း တခြားလူတွေကို မောင်းထုတ်လိုက်တာပေါ့။ ဘယ်သူက ကျွန်တော်တို့ကို လာယှဉ်ရဲလဲ ကြည့်ကြသေးတာပေါ့”
“ရှင်တို့ ဒါမျိုး လုပ်လို့မရဘူး။ ဒါမျိုး ဆက်လုပ်နေမယ်ဆိုရင်တော့ အရာရှိတွေကို တိုင်ရလိမ့်မယ်”
ထိုစဉ် ခါးတွင် ဓားချိတ်ထားသော အမျိုးသားတစ်ဦး လှေကားပေါ်မှ ဆင်းလာကာ ထိုမြင်ကွင်းကို ကြည့်ပြီး ဒေါသတကြီးဖြင့် ထိုလူစုကို သတိပေးလိုက်၏။
“မင်းတို့က ဘယ်ကောင်တွေလဲ သတိရ။ ဒီမှာ ပြဿနာ မရှာကြနဲ့”
အစောပိုင်း အဆူညံဆုံးဖြစ်သော လူမှာ အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး တိုးတိုးလေး ပြောတော့သည်။
“ထီလီ ငါတို့ ပုန်းနေရတာလည်း ရက်အတော်ကြာပြီ။ ညီအစ်ကိုတွေလည်း ဗိုက်ဆာနေကြပြီ။ ဒီဆိုင်က ကြည့်ရတာ အတော်ကောင်းတယ်။ အစားအသောက်တွေလည်း အများကြီးပဲ။ ဆိုင်မှာ ရှိတာကလည်း မိန်းမတွေ။ ငါတို့ ဘာလို့ ဒီဆိုင်ကို မလုယက်ရမှာလဲ”
“ဟုတ်တယ်၊ ဒီမှာ ကောင်းတာတွေ အများကြီးပဲ။ အကုန်လုလိုက်ရင် ငါတို့ ညီအစ်ကိုတွေ ဝဝလင်လင် စားရမှာပေါ့”
ထီလီ
“ငတုံးတွေ မင်းသားကြီးက စစ်သူကြီးလုနဲ့ တွေ့ဖို့ ဘာလို့ ဒီဆိုင်ကို ရွေးခဲ့တာလဲဆိုတာ သိလား”
“မြို့ပြင်မှာရှိပြီး သီးသန့်ဖြစ်နေလို့လား”
ထီလီ စိတ်ပျက်လက်ပျက်ဖြင့် ပြောတော့သည်။
“ဘာလို့လဲဆိုတော့ ဒီဆိုင်ရဲ့ ပိုင်ရှင်က လုမင်လီရဲ့ မိန်းမဖြစ်နေလို့ပဲ၊၊ တကယ်လို့ မင်းတို့သာ မင်းသားကြီးရဲ့ အစီအစဉ်တွေကို ဖျက်ဆီးရဲရင် မင်းတို့ ခေါင်းတွေ ပြတ်ကုန်လိမ့်မယ်”
ထီလီ စားပွဲကို အားဖြင့် ထုလိုက်၏။
“မင်းသားကြီး ဒီည ဒီကို ရောက်လာလိမ့်မယ်။ မင်းတို့ အားလုံး ငြိမ်ငြိမ်နေကြစမ်း”
ထီလီ စိတ်ဆိုးသွားသည်ကို မြင်သောအခါ သူတို့ ချော့မော့သည့် လေသံဖြင့် ပြောလိုက်သည်။
“စိတ်မဆိုးပါနဲ့၊ ကျွန်တော်တို့ ဗိုက်အရမ်းဆာလို့ပါ။ ထီလီ၊ ဒီနို့ကို မြည်းကြည့်ပါဦး။ မြင်းနို့ထက်တောင် ပိုချိုသေးတယ်”
“ဟုတ်တယ်။ ပြီးတော့ ဒီအဖြူရောင် ပေါက်စီ လေးလည်း စားကြည့်ဦး။ ဒါက ဆရာ့အတွက် အထူးယူထားတာ၊ အထဲမှာ အဆာတွေ အပြည့်ပဲ”
သူတို့ ထီလီရှေ့သို့ အစားအသောက်တွေ တဖြည်းဖြည်း ပုံပေးလိုက်ကြသဖြင့် သူ၏ လေသံမှာလည်း ပျော့ပျောင်းသွားသည်။
“အားလုံး မလောကြနဲ့။ မင်းသားကြီးနဲ့ စစ်သူကြီးလုတို့ ဆွေးနွေးပြီးသွားရင် မင်းတို့ စားစရာတွေ နည်းသွားမှာကျလို့လား၊ အဲဒီကျရင် မင်းတို့ ဘာစားချင်စားချင် ဒီဆိုင်ရှင်မိန်းမကိုပဲ ခိုင်းလိုက်။ သူ ငြင်းရဲမှာ မဟုတ်ဘူး”
“ဟားဟားဟားဟား”
ထိုစကားကို ကြားသောအခါ သူတို့အားလုံး မုန့်ဆိုင်ထဲတွင် မောက်မောက်မာမာ ထိုင်နေကြသည့် ပုံစံကို စိတ်ကူးယဉ်ကာ ပျော်ရွှင်စွာ ရယ်မောလိုက်ကြတော့၏။
“ရှောင်ရွီ၊ ဒီနေ့ ဘယ်လိုဖြစ်လို့ အားနေတာလဲ”
အဘွားကျန်း တံခါးပြင်ပရှိ တစ်စုံတစ်ယောက်ကို နှုတ်ဆက်လိုက်သည်။
ထီလီ၏ နားများမှာ လှုပ်ခတ်သွားပြီး ထိုအသံကို ကြားသည်နှင့် ခေါင်းကို အမြန်လှည့်ကြည့်လိုက်၏။
ရင်းနှီးနေသော ပုံရိပ်တစ်ခု ဆိုင်ပြင်ပတွင် ရပ်ကာ အဘွားကျန်းကို စကားပြောနေသည်ကို သူ တွေ့လိုက်ရသည်။
“ကျွန်မ အစ်ကိုကြီး နာဘုရဲ့ အဝတ်အစားတွေကို ဖာပေးထားတာ။ နေ့ခင်းဘက်လည်း ဘာမှလုပ်စရာ မရှိတာနဲ့ သူ့ဆီ လာပို့ပေးတာပါ”
“ဪ၊ နာဘုက မူလတန်းကျောင်းမှာ ရှိလိမ့်မယ်။ အဲဒီမှာ သွားရှာကြည့်လိုက်လေ”
ထီလီနှင့် အတူရှိနေသော လူအချို့မှာ စိတ်လှုပ်ရှားသွားကြ၏။
“နာဘု မသေသေးဘူးလား။ သူ ဒီမှာ ပုန်းနေတာပေါ့။ သူက တကယ့် သစ္စာဖောက်ပဲ။ သွားသတ်ကြစို့”
ဤအကြောင်းအရာက ထီလီကို အံ့သြသွားစေ၏။ သူ သူတို့ကို တားဆီးလိုက်ပြီး ပြောလိုက်သည်။
“နေ့ခင်းဘက် လှုပ်ရှားဖို့က မကောင်းဘူး။ မှောင်မှပဲ ငါတို့ စလုပ်ကြမယ်”
ညနေပိုင်းတွင် မုန့်ဆိုင် ဖွင့်လိုက်သောအခါ ဟွာကျွင်းသည် ရှေ့ဖုံးခါးစည်းလေးကို ဝတ်ဆင်ကာ အလုပ်များနေတော့သည်။
ဖောက်သည်များက စပ်စုကြ၏။
“သူဌေးမဟွာ၊ ဒီနေ့ ဘာလို့ ဒီလောက် အလုပ်များနေတာလဲ၊ ညီအစ်ကိုမော့ရော ဘယ်ရောက်သွားလဲ”
ဟွာကျွင်းက ပြုံးပြကာ ပြန်ဖြေ၏။
“ဒီနေ့ သူ ကိစ္စလေးတစ်ခု ရှိလို့ပါ၊ ဒါကြောင့် ကျွန်မပဲ ဆိုင်စောင့်နေတာ”
သူတို့ ရယ်မောကာ စနောက်လိုက်ကြသည်။
“ဒါဆိုရင်တော့ ကျွန်တော်တို့ တကယ့်ကို ကံကောင်းတာပဲ၊ သူဌေးမဟွာ ကိုယ်တိုင် ပြုစုတာကို ခံရတော့မှာပေါ့။ ဟားဟား”