← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇)

ပုန်ကန်ခြင်း

နာဘုသည် သူ့လွတ်နေသော ဘယ်ဖက်အင်္ကျီလက်ကို လက်တစ်ဖက်တည်းဖြင့် အသာအယာ ချည်နှောင်လိုက်ရာ ပို၍ သက်သောင့်သက်သာ ရှိသွားသလို ခံစားရသည်။ ထို့နောက် သူ့ပစ္စည်းများကို သိမ်းဆည်းကာ မူလတန်းကျောင်းမှ ထွက်လာခဲ့၏။

ယနေ့သည် သူ၏ ပထမဆုံး စာသင်ရက်ဖြစ်ပြီး သူ့ကို တိုင်းတပါးသားတစ်ဦးအဖြစ် မည်သူကမှ ဖယ်ကျဉ်မထားသလို မသန်စွမ်းသူတစ်ဦးအဖြစ်လည်း မည်သူကမှ လှောင်ပြောင်ခြင်း မပြုကြသည်မှာ သူ့အတွက် အံ့သြစရာပင်။

ကလေးများအားလုံးက သူ့ကို ဆရာဟု ရိုရိုသေသေ ခေါ်ကြသည်။ ၎င်းမှာ သူတစ်ခါမှ မကြုံဖူးသော အတွေ့အကြုံသစ်ဖြစ်ပြီး ရင်ထဲတွင် တိတ်တဆိတ် ကြည်နူးနေမိ၏။

ကလေးများမှာ နေမဝင်မီကပင် အိမ်ပြန်သွားကြသော်လည်း သူကမူ မပြန်ချင်သေးသဖြင့် ကျန်ရစ်ခဲ့ကာ လေ့ကျင့်ခန်းစာအုပ်များကို စစ်ဆေးပေးပြီး စာသင်ခန်းကို သန့်ရှင်းရေး လုပ်ပေးနေသည်။

သူ ပြန်မော့ကြည့်လိုက်ချိန်တွင်တော့ ပတ်ဝန်းကျင်မှာ မှောင်မည်းနေ၏။

ကျောင်းထဲမှ ထွက်လာစဉ် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ အာရုံခံမိလိုက်သည်။

သူသည် လူစည်ကားရာနေရာသို့ သွားရန် ရည်ရွယ်လိုက်သော်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ရွာသားများ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်မိသွားသည်။

ထီလီနှင့် သူ့အဖွဲ့မှာ ထွက်ပြေးနေကြသူများဖြစ်၍ တည်းခိုခန်းမှ မထွက်လာလောက်ဟု သူ ထင်ခဲ့မိသည်။ သူ အကဲဖြတ်မှု မှားယွင်းခဲ့ခြင်းကိုသာ အပြစ်တင်ရတော့မည်။

သူ သက်ပြင်းချလိုက်ပြီး တောအုပ်ထဲသို့ လျှောက်ဝင်သွား၏။

တောအုပ်ထဲ (၁၀) မီတာခန့် ရောက်သောအခါ လူအချို့မှာ ရှေ့သို့ တိုးထွက်လာပြီး သူ့လမ်းကို ပိတ်လိုက်ကြ၏။ ခေါင်းဆောင်မှာတော့ ထီလီပင်။

“နာဘု မင်း တကယ့် သစ္စာဖောက်ပဲ၊ နန်းတော်ကို သစ္စာဖောက်တယ်၊ မြက်ခင်းပြင်ကို သစ္စာဖောက်တယ်၊ ပြီးတော့ မင်းမှာ အသက်ရှင်နေဖို့ သတ္တိရှိသေးတယ်ပေါ့လေ”

နာဘုက ပြန်လည်ရှင်းပြခြင်း မပြုဘဲ အကြံပြုစကားသာ ပြောလိုက်၏။

“ခင်ဗျားတို့ ပြန်သွားကြပါတော့။ ကျွန်တော်တို့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး။ သူတို့ ရိက္ခာတွေက ကျွန်တော်တို့ထက် အများကြီး သာလွန်တယ်။ အလယ်ပိုင်းဒေသက မြို့သုံးမြို့ကိုတောင် ကျွန်တော်တို့ သိမ်းပိုက်ပြီးပြီပဲ၊ အခု ရပ်တန့်ဖို့ အချိန်တန်ပြီ”

ထီလီ

“ပါးစပ်ပိတ်ထားစမ်း၊ မင်းလို သစ္စာဖောက်က ငါတို့ဂုဏ်သိက္ခာကို နှိမ့်ချပြီး သူတို့ဘက်ကို အမွှမ်းတင်ရဲတယ်ပေါ့လေ၊ သူတို့ မင်းကို ဘယ်လောက်တောင် အကျိုးအမြတ် ပေးလိုက်လို့လဲ၊ မင်း မြေပုံကို ပေးလိုက်ပြီလား”

နာဘု ခေါင်းခါပြ၏။

“ကျွန်တော် မပေးရသေးပါဘူး”

ထီလီက သူ့ခြေရင်းသို့ ဓားမြှောင်တစ်လက် ပစ်ချပေးလိုက်ပြီး ပြောလိုက်သည်။

“မင်း ငါ့နောက်ကို (၁၀) နှစ်လောက် လိုက်ခဲ့တာကို ထောက်ထားပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်စမ်း၊ မင်း ညီလေးကိုတော့ ငါတို့ ကောင်းကောင်း စောင့်ရှောက်ပေးပါ့မယ်”

“ကျွန်တော့်ညီလေး”

နာဘုသည် ရှေ့သို့ တစ်လှမ်းတိုးကာ စိုးရိမ်တကြီး မေးလိုက်၏။

“သူ အခု မျိုးနွယ်စုဝင် ခေါင်းဆောင်နဲ့ အတူရှိနေတာ မဟုတ်ဘူးလား”

ထီလီ

“မင်းက သစ္စာဖောက် ဖြစ်သွားပြီဆိုတော့ မင်းညီလေးက ပြစ်ဒဏ်ကနေ ဘယ်လို လွတ်မှာလဲ။ အခုကစပြီး သူ မင်းရဲ့နေရာမှာ နန်းတော်ရဲ့ မျက်စိအဖြစ် အစားထိုး တာဝန်ထမ်းဆောင်ရတော့မှာ”

စကားများ ထပ်ပြောနေလည်း အပိုပင်။ နာဘုသည် ဓားမြှောင်ကို ကောက်ကိုင်လိုက်ကာ သူတို့ကို ပြန်တိုက်ခိုက်ရန် ပြင်လိုက်၏။ သူ ထွက်ပြေးရမည်၊၊ သူ့ညီလေးကို ကယ်တင်ရမည်။

ရုတ်တရက် မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက် ပေါ်လာပြီး ဓားမြှောင်ကို ရိုက်ထုတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆလင်ဒါပုံစံ ပစ္စည်းအချို့ကို ပစ်ချလိုက်ရာ ခဏအတွင်းမှာပင် ထိုအရာများမှ ထူထပ်သော မီးခိုးများ ထွက်ပေါ်လာတော့၏။

အနီရောင်၊ အဝါရောင်၊ ခရမ်းရောင်၊ ပန်းရောင်။

ထိုမီးခိုးများက ထီလီနှင့် သူ့အဖွဲ့၏ မြင်ကွင်းကို ပိတ်ဆို့သွားသည်။ မျက်နှာဖုံးစွပ်ထားသူက နာဘုကို ဆွဲကာ မုန့်ဆိုင်ရှိရာသို့ အပြေးအလွှား ခေါ်သွားတော့၏။

မျက်နှာဖုံးစွပ်ထားသူ သူ့မျက်နှာပေါ်မှ အဝတ်အနက်ကို ဖယ်လိုက်သောအခါ နာဘု ထိုလူကို မှတ်မိသွားသည်။ သူသည် တိရှိုး အလေးပြုနည်းဖြင့် အလေးပြုလိုက်ပြီး ခေါ်လိုက်၏။

“မင်းသားသုံး”

ထို မင်းသားသုံးမှာ အခြားသူမဟုတ်ပေ။ မုန့်ဆိုင်တွင် စားပွဲထိုးမလုပ် ပျောက်နေသော မော့ချွမ်းပင် ဖြစ်သည်။ သူက နာဘုကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ “ကျွန်တော့်ကို မင်းသားသုံးလို့ မခေါ်ပါနဲ့တော့။ ကျွန်တော် တိရှိုးတွေနဲ့ ပတ်သက်မှု မရှိတာ ကြာပြီ”

နာဘု

“ဘာလို့လဲ၊ ခင်ဗျား ဘာလို့ မြက်ခင်းပြင်ကို သစ္စာဖောက်ရတာလဲ”

မော့ချွမ်း အံကြိတ်ကာ ပြောတော့သည်။

“သူတို့ ကျွန်တော့်အမေကို သတ်ခဲ့ကြတယ်၊ ပြီးတော့ ကျွန်တော့်ကိုပါ သတ်ချင်နေကြတာ၊ အဲဒီ အောက်တန်းကျတဲ့ ထီးနန်းကို ကျွန်တော် လုယူမှာ ကြောက်နေကြလို့ပဲ”

နာဘု

“ ဒီမှာပဲ ပုန်းနေတော့မှာလား။ လက်စားချေဖို့ မစဉ်းစားဘူးလား”

မော့ချွမ်း ကျောက်ခဲလေးတစ်လုံးကို ကန်ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ခင်ဗျား ဘာသိလို့လဲ၊ ကျွန်တော် အခု အများကြီး ပိုပြီး ကောင်းကောင်းမွန်မွန် နေနေရတယ်”

သူ နာဘုကို ကြည့်ကာ မေး၏။

“ကျွန်တော့်အကြောင်း ထားလိုက်ပါဦး။ ခင်ဗျား ညီလေးကို ကယ်ချင်တာလား”

နာဘု ခေါင်းညိတ်ပြသည်။

“ကျွန်တော် ကယ်ရမယ်။ မဟုတ်ရင် သူ သေလိမ့်မယ်”

မော့ချွမ်း တဲ့တိုးပင် ပြောလိုက်သည်။

“မြေပုံကို ပေးလိုက်၊ အဲဒါဆို ကျွန်တော့်လူလွှတ်ပြီး ခင်ဗျားညီလေးကို ကယ်ပေးမယ်”

နာဘု တုံ့ဆိုင်းသွား၏။

မော့ချွမ်း

“ခင်ဗျားအသက်ကရော အရေးမကြီးဘူးလား။ ဘာလို့ အခုမှ တွန့်ဆုတ်နေရတာလဲ။ ကျွန်တော်တောင် အဲဒီအရာတွေကို စွန့်လွှတ်နိုင်ခဲ့တာ။ ခင်ဗျားကရော ဘာကို မစွန့်လွှတ်နိုင်ရမှာလဲ”

နာဘု

“စာရွက်ပေးပါ၊ ကျွန်တော် ဆွဲပေးပါ့မယ်၊ ခင်ဗျား ကျွန်တော့်ညီလေးကို သေချာပေါက် ကယ်ပေးရမယ်နော်”

မော့ချွမ်း

“စိတ်မပူပါနဲ့၊ ကျွန်တော့်ကိုသာ ယုံလိုက်။ ခင်ဗျားဆီမှာ ကာကွယ်ရေးမြေပုံရော ရှိလား”

နာဘု

“ကျွန်တော် နှစ်ခါလောက် မြင်ဖူးတယ်။ (၇၀) ရာခိုင်နှုန်းကနေ (၈၀) ရာခိုင်နှုန်းလောက်အထိ မှတ်မိနိုင်တယ်”

“အကုန်လုံးကို ဆွဲချလိုက်။ ငါတို့ သူ့ကို ပြန်ပြီး ပုန်ကန်ကြမယ်”

မော့ချွမ်း နာဘု၏ ပုခုံးကို ဖက်ကာ မုန့်ဆိုင်အတွင်းသို့ ခေါ်သွားရင်း လမ်းတစ်လျှောက်လုံး တတွတ်တွတ် ပြောသွား၏။ “ကျွန်တော် ပြောပြမယ်၊ ပညာရှိဆိုတာ အခြေအနေကို ကြည့်ပြီး လိုက်လျောညီထွေ နေတတ်ရတယ်။ လူဆိုတာ သစ်ပင်တစ်ပင်တည်းမှာ၊ အထူးသဖြင့် စောင်းနေတဲ့ သစ်ပင်မှာ သွားပြီး လည်ပင်းမချိတ်သင့်ဘူး။ ပြီးတော့ ကျွန်တော့်ကို မင်းသားသုံးလို့ မခေါ်ဖို့ မှတ်ထားဦး၊ အထူးသဖြင့် ဟွာကျွင်း ရှေ့မှာပေါ့။ သူ ကျွန်တော့်ကို ပြဿနာကောင်လို့ ထင်သွားမှာ စိုးလို့”

နာဘုကလည်း တတွတ်တွတ် ခေါင်းညိတ် ဖြေကြားသည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ဟွာကျွင်းသည် သူတို့နှစ်ဦး ပုခုံးဖက်ကာ ဝင်လာသည်ကို မြင်သောအခါ မေးလိုက်၏။

“အကုန်လုံး အဆင်ပြေသွားပြီလား”

မော့ချွမ်း ပုခုံးဖက်ထားသည်ကို လွှတ်လိုက်ပြီး ပြုံးဖြဲဖြဲဖြင့် ဖြေသည်။

“ဟုတ်ကဲ့၊ သူတို့ဘက် လူအတော်များတယ်။ ကံကောင်းလို့ ခင်ဗျားဆီမှာ ဟို မီးရှူးမီးပန်းတွေ ရှိနေလို့ပေါ့၊ မဟုတ်ရင် ကျွန်တော် ဒဏ်ရာမရဘဲ လွတ်လာဖို့ မသေချာဘူး”

“ရှင်က ကျွန်မဆိုင်ရဲ့ အကောင်းဆုံး ဝန်ထမ်းပဲလေ၊ ရှင့်ကို အန္တရာယ်ထဲ ဘယ်လိုလုပ် ပစ်ထားမှာလဲ”

မော့ချွမ်း အကြောင်းပြချက်မရှိဘဲ ဂုဏ်ယူသွားကာ ပြောတော့သည်။

“အဲဒါပေါ့၊ ကျွန်တော် ရှိနေသရွေ့ ခင်ဗျား တခြားလူ ထပ်ငှားစရာ မလိုပါဘူး။ ကျွန်တော်က နက္ခတ်ဗေဒင်ကအစ”

“ကဲ... အလုပ်ကိစ္စကိုပဲ အာရုံစိုက်ရအောင်”

ဟွာကျွင်း သူ့စကားကို ဖြတ်ပြောလိုက်သည်။

သူတို့နှစ်ဦး အလွန်လွယ်ကူ လိုက်လျောညီထွေစွာ ဆက်ဆံနေကြသည်ကို ကြည့်ပြီး နာဘု ရင်ထဲ တိတ်တဆိတ် အံ့သြနေမိ၏။

‘မင်းသားသုံး မျိုးနွယ်စုက မြက်ခင်းပြင်မှာ အနိုင်မယူနိုင်တဲ့ စစ်သည်တော်တွေဆိုတာ လူတိုင်းသိတယ်’

သို့သော် သူသည် အတိတ်ကို လုံးဝ စွန့်လွှတ်ပြီး ဆိုင်လေးတွင် စားပွဲထိုးအဖြစ် အေးဆေးစွာ အလုပ်လုပ်နိုင်နေသည်။

မြေပုံဆွဲခြင်းသည် တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ဟွာကျွင်း ထိုမြေပုံကို စိတ်ကျေနပ်စွာ သိမ်းဆည်းလိုက်၏။

တစ်ဖက်တွင်လည်း ထီလီနှင့် သူ့အပေါင်းအပါများမှာ ရောင်စုံမီးခိုးများကြောင့် ထိတ်လန့်နေကြသည်။ လက်တစ်ဖက်က ဓားကိုကိုင်၊ နောက်လက်တစ်ဖက်က နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ကာ ထိုမီးခိုးများမှာ အဆိပ်ဖြစ်မည်စိုး၍ နောက်သို့သာ ဆုတ်နေကြသည်။

သူတို့ နာဘုကို ဂရုမစိုက်နိုင်တော့ပေ။ ကုန်းမြင့်တစ်ခုပေါ်သို့ ဆုတ်ခွာသွားပြီး မီးခိုးများ ပျောက်သွားသည်အထိ စောင့်နေကြ၏။ လရောင်အောက်တွင် ပြန်ကြည့်လိုက်သောအခါ နာဘုမှာ မရှိတော့ပေ။

လူတစ်ယောက် ဓားကိုမြှောက်ကာ ထီလီနား တိုးလာပြီး ပြောလိုက်၏။

“မီးခိုးတွေက ပြဿနာပဲ။ ဒီနေရာက တကယ့်ကို ထူးဆန်းတယ်”

ထီလီ လမင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းသားကြီး လာတော့မယ်။ အရင် ဆုတ်ခွာကြစို့”

သူတို့အုပ်စု မိုင်အတော်ကြာအောင် ပြေးလွှားခဲ့ကြပြီးနောက် လမ်းဘေးတွင် စောင့်နေသော မင်းသားကြီးနှင့် သူ့အခြွေအရံများကို တွေ့ဆုံလိုက်ရသည်။

မင်းသားကြီး ဘေးက အနီးကပ်လူတစ်ဦး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာလို့ ဒီလောက် နောက်ကျနေတာလဲ၊ မင်းသားကြီးကို ဒီမှာ အကြာကြီး စောင့်ခိုင်းထားရတယ်”

ထီလီ ပြောမထွက်နိုင်သော အခက်အခဲများ ရှိနေသဖြင့် တောင်းပန်စကားသာ ဆိုနိုင်တော့သည်။

မင်းသားကြီးမိကယ်လို လက်ဝေ့ယမ်းပြကာ အမိန့်ပေးလိုက်၏။

“အမြန် လမ်းပြစမ်း”

သူတို့ တည်းခိုခန်းသို့ အလျင်အမြန် ပြန်လာကြပြီး ဒုတိယထပ်ရှိ အခန်းငယ်တစ်ခုတွင် စောင့်နေသော လုမင်လီနှင့် တွေ့ဆုံကြသည်။

လုမင်လီ နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောတော့သည်။ “မင်းသားကြီးက အရှိန်အဝါ တော်တော်ကြီးတာပဲ၊ ကျွန်တော့်ကို နာရီဝက်လောက်တောင် စောင့်ခိုင်းထားတယ်”

ထိုစကားကို ကြားသောအခါ မိကယ်လို ဘေးကလူများမှာ မကျေမနပ် ဖြစ်သွားကြသည်။ တိုင်ပင်ခံကျန်း ရှေ့သို့ တိုးလာပြီး အရင်ဆုံး တောင်းပန်စကား ဆို၏။

“ကျွန်တော်တို့ လမ်းမှာ အနည်းငယ် ကြန့်ကြာသွားလို့ပါ။ စစ်သူကြီးလုအနေနဲ့ နားလည်ပေးပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လုမင်လီ အားမနာတမ်းပင် မေးလိုက်၏။

“ဒါ အတိုင်ပင်ခံကျန်း မဟုတ်လား၊ ခင်ဗျား ဘယ်တုန်းက တိလူမျိုးတွေရဲ့ ခွေး ဖြစ်သွားတာလဲ”

အတိုင်ပင်ခံကျန်း၏ မျက်နှာ ချက်ချင်းပင် ပျက်သွားသော်လည်း ပြန်မပြောရဲပေ။ သူ ပြုံးစစဖြင့်သာ ပြောနိုင်တော့သည်။

“မဟုတ်ပါဘူး၊ အသက်မွေးဝမ်းကျောင်းအတွက်ပါပဲ”

မိကယ်လို ကြားဖြတ်ပြောလိုက်၏။

“စကားကို တိုတိုပဲ ပြောရအောင်”

“ကျွန်တော်တို့တိရှိုးက စစ်သူကြီးလုနဲ့ ရိုးရိုးသားသား ပူးပေါင်းဆောင်ရွက်ချင်ပါတယ်၊ စစ်သူကြီးလုအနေနဲ့ ကျွန်တော်တို့ကို အခွင့်အရေး ပေးမယ်လို့ မျှော်လင့်ပါတယ်”

လုမင်လီ လက်ထဲက လက်ဖက်ရည်ခွက်ကို ကစားရင်း မေးလိုက်သည်။

“ဘယ်လို ပူးပေါင်းမှာလဲ”

“ခင်ဗျားက မြို့တော်ကို သိမ်းပိုက်ဖို့ ကျွန်တော်တို့ကို ကူညီပေးရမယ်။ အောင်မြင်သွားပြီဆိုရင်တော့ ခင်ဗျားကို မြင်းစီးတပ်နဲ့ ခြေလျင်တပ်ပေါင်းစုံရဲ့ စစ်သေနာပတိချုပ် ရာထူးကို ပေးအပ်ပါ့မယ်”

လုမင်လီ ပြုံးကာ ခေါင်းခါပြ၏။

“ကျွန်တော့်အသက်အရွယ်နဲ့ အခုတောင် စတုတ္ထအဆင့် အရာရှိ ဖြစ်နေပါပြီ။ နောင်တစ်ချိန်မှာ စစ်သေနာပတိချုပ် ရာထူးကို ရဖို့ဆိုတာ ကျွန်တော့်အတွက် မခက်ခဲပါဘူး။”

မိကယ်လို

“ခင်ဗျားက အဲဒီ ခွေးဧကရာဇ်ကို ဆက်ပြီး အမှုထမ်းချင်နေသေးတာလား။ ခင်ဗျားရဲ့ နက်ရှိုင်းလှတဲ့ အာဃာတတွေကို လက်စားမချေတော့ဘူးလား”

လုမင်လီက သူ့မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး ခဏအကြာတွင် ပြန်ဖြေလိုက်၏။

“ဟုတ်တယ်၊ ကျွန်တော့်မှာ လက်စားချေဖို့ နက်ရှိုင်းတဲ့ အာဃာတတွေ ရှိနေသေးတယ်”

အခန်း (၂၅၈)

ဆိတ်နံရိုး ထမင်းပေါင်း

လုမင်လီက်ို စည်းရုံးသိမ်းသွင်းနိုင်ပြီဟု ယူဆကာ မိကယ်လိုသည် သူ့ဖဲချပ်အားလုံးကို စားပွဲပေါ် တင်ပြလိုက်သည်။ သို့သော် သူ့လက်အောက်ငယ်သားများကမူ သူတို့လက်ထဲတွင် ရှိသည်ဟု ထင်မှတ်ထားသော အသာစီးရသည့် အချက်များမှာ အမှန်တကယ်တွင် မရှိတော့ကြောင်း သိနေကြသဖြင့် မည်သူမျှ စကားတစ်ခွန်းပင် မဟရဲကြချေ။

လုမင်လီကလည်း သူတို့ကို အရှက်မခွဲတော့ဘဲ ပြုံးလျက် ပြော၏။

“ကျွန်တော် လုပ်ချင်တဲ့ကိစ္စကို ဒါတွေမပါဘဲနဲ့လည်း ဘယ်သူမှ တားလို့မရပါဘူး။ ကြည့်ရတာ မင်းသားကြီးတို့အရည်အချင်းကလည်း သိပ်တော့ ထူးခြားလှတာ မဟုတ်ဘူးပဲ။ နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိလာမှပဲ ကျွန်တော့်ကို လာတွေ့ပါတော့”

အတိုင်ပင်ခံကျန်း

“စစ်သူကြီးလု၊ ကျွန်တော်တို့ကို အထင်မသေးပါနဲ့ဦး။ ကျွန်တော်တို့ရဲ့ သြဇာအာဏာက ခင်ဗျား စိတ်ကူးထားတာထက်တောင် ကျယ်ပြန့်နေပါပြီ”

နောက်ဆုံးတွင် လုမင်လီ စိတ်ဝင်စားသည့် အချက်ကို သူတို့ ထိမိသွားတော့သည်။ သူ ကုလားထိုင်တွင် မှီလိုက်ပြီး အေးအေးလူလူမေးလိုက်၏။

“ဪ... ဟုတ်လား၊ ဘယ်လိုမျိုးလဲ”

အတိုင်ပင်ခံကျန်း

“ခင်ဗျား ယုံချင်မှ ယုံလိမ့်မယ်။ နောက်နှစ်ရက်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို သေသေချာချာ ပြသပါ့မယ်”

လုမင်လီ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကျွန်တော် စောင့်ကြည့်နေပါ့မယ်”

သူ မတ်တတ်ရပ်လိုက်ပြီး ဆက်ပြော၏။

“ဒီညတော့ ဒီမှာပဲ ရပ်ကြရအောင်။ ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိနေသေးလို့ လိုက်မပို့နိုင်တာ ခွင့်လွှတ်ပါ”

ပြောရင်းနှင့် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ နဖူးကို လက်နှင့်ရိုက်လိုက်၏။

“အလို ကျွန်တော့်မှတ်ဉာဏ်ကတော့ ခက်ပြီ။ မင်းသားကြီးတို့ ထမင်းစားပြီးပြီလား မမေးမိဘူး။ ဒီမှာစားသွားကြလား”

ဤစကားမှာ မိကယ်လိုတို့အုပ်စုကို အရှက်ခွဲလိုက်ခြင်းပင်။ မိကယ်လို ဒေါသကို မျိုသိပ်ကာ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်၏။

“မလိုပါဘူး။ ကျွန်တော်တို့ အလယ်ပိုင်းဒေသ အစားအစာတွေကို သိပ်ပြီး အသားမကျဘူး။ ခွင့်ပြုပါဦး”

သူသည် လက်အောက်ငယ်သားများဘက် လှည့်ကာ အမိန့်ပေးလိုက်သည်။

“သွားကြစို့”

သူတို့ လှည့်မထွက်မီမှာပင် အခန်းတံခါးကို လာခေါက်သံ ကြားလိုက်ရ၏။

“စစ်သူကြီးလု ညစာ အဆင်သင့် ဖြစ်ပါပြီ။ အထဲကို ယူလာခဲ့ရမလား”

“ဝင်ခဲ့ပါ”

တံခါးပွင့်သွားပြီး ဟွာကျွင်းနှင့် အားမန်တို့ လင်ဗန်းကိုယ်စီဖြင့် ဝင်လာကြသည်။ သူတို့ ပန်းကန်များကို စားပွဲပေါ်တွင် တင်လိုက်ကြ၏။

ဟွာကျွင်းက ပြုံးလျက် ပြောလိုက်သည်။

“ဆိတ်နံရိုးတွေက နူးဖို့ နည်းနည်းခက်လို့ နာရီဝက်လောက် အချိန်ပေးပြီး ချက်လိုက်ရတယ်။ အားလုံးကို စောင့်ခိုင်းမိတာ အားနာပါတယ်ရှင်”

ပြောပြီးနောက် သူမ အိုးအဖုံးကို ဖွင့်လိုက်သည်။

ထိုအခါမှသာ မိကယ်လိုတို့သည် မွှေးကြိုင်လှသော ရနံ့ဆိုသည်မှာ မည်သို့ရှိကြောင်း သိလိုက်ရတော့သည်။ သူတို့ အခန်းထဲတွင် ပြန်ထိုင်ရမလို၊ ဆက်ထွက်သွားရမလိုနှင့် ဗျာများသွားကြ၏။

အထူးသဖြင့် ထီလီလက်အောက်က အစားကြူးသူများမှာ တံခါးဝတွင် ပိတ်ရပ်ကာ ထိုရနံ့ကို ရှူရှိုက်နေကြပြီး အပြင်သို့ ခြေတစ်လှမ်းပင် မတိုးချင်တော့ပေ။

သူမ လုမင်လီကို ပြောလိုက်၏။

“ရှင် တစ်ခါမှ မမြည်းစမ်းဖူးသေးတဲ့ ဆိတ်နံရိုး ထမင်းပေါင်းကို ဒီနေ့ ကျွန်မ ချက်ထားတယ်”

တံခါးဝက လူအချို့မှာ အိုးထဲသို့ လည်ပင်းရှည်ကြည့်ကြသည်။ အိုးထဲတွင် ဆိတ်နံရိုးများအပြင် ကြက်သွန်နီ၊ မုန်လာဥနီနှင့် ပြောင်းဖူးစေ့များ အရောင်အသွေး စုံလင်စွာ ဆီဦးထောပတ်များဖြင့် ဝင်းပြောင်နေသည်။ အမြင်၊ အနံ့၊ အရသာ သုံးပါးလုံး ပြည့်စုံလှပေသည်။

သူမ ထမင်းများကို ပန်းကန်ထဲသို့ ခပ်ထည့်ရင်း ရှင်းပြ၏။

“ဒီနေ့ ကံကောင်းလို့ ဆိတ်နံရိုး အကောင်းစားတွေ ရလာတာ။ ဒီဆိတ်နံရိုးတွေကို နှစ်ဖက်စလုံး ရွှေအိုရောင် သန်းလာတဲ့အထိ အရင်ကြော်တယ်။ ပြီးတော့ ကျန်တဲ့ဆီလေးနဲ့ ကြက်သွန်နီ၊ မုန်လာဥနီနဲ့ ပြောင်းဖူးစေ့တွေကို ကြော်လိုက်တာပါ”

ဟွာကျွင်း လက်ကလည်း အလုပ်လုပ်ရင်း လုမင်လီကိုလည်း သူငယ်ချင်းဟောင်းတစ်ယောက်ကဲ့သို့ တတွတ်တွတ် ပြောပြနေ၏။

“ဆိတ်နံရိုးတွေက ကျက်ဖို့ မလွယ်ဘူးလေ။ ဒါကြောင့် ဟို အရန်ဟင်းသီးဟင်းရွက်တွေနဲ့အတူ အိုးထဲပြန်ထည့်၊ ရေထည့်ပြီး မီးပြင်းပြင်းနဲ့ (၁၅) မိနစ်လောက် တည်လိုက်တာ ဆိတ်သားနံ့က တစ်အိမ်လုံးကို မွှေးပျံ့သွားတာပဲ။ အိမ်နီးနားချင်းက ကလေးတွေတောင် ဗိုက်ဆာလို့ ငိုကြတယ်”

သူမ တခိခိ ရယ်မောလိုက်ပြီးမှ မတ်တတ်ရပ်နေသော ဧည့်သည်များဘက် လှည့်ကာ ပြောလိုက်၏။

“အစားအသောက် နားလည်တဲ့သူတွေ ဆိုရင်တော့ သိကြမှာပါ။ မြက်ခင်းပြင်ကလာတဲ့ ဆိတ်သားက ညှီနံ့ လုံးဝမရှိဘဲ နို့နံ့သင်းသင်းလေးပဲ ရှိတာ။ ပြီးတော့ အရသာ ပိုရှိအောင် ကြက်သွန်နီနဲ့ ဇီရာ လေးလည်း ထည့်ထားသေးတယ်”

“အဲဒီနောက်မှာတယ ရေစိမ်ထားတဲ့ မွှေးရနံ့သင်းဆန်ကို ဆိတ်နံရိုးတွေနဲ့အတူ အိုးထဲထည့်ပြီး နောက်ထပ် မိနစ် (၃၀) လောက် ထပ်ပေါင်းရတယ်။ အိုးထဲက ရေတွေ အကုန်ခန်းသွားပြီဆိုရင်တော့ ထမင်းပေါင်းလေး ရပြီပေါ့”

သူမ ထမင်းပန်းကန်ကို အားလုံးထံ ကမ်းပေးလိုက်၏။၊

“ကြည့်ပါဦး၊ ဒီထမင်းစေ့လေးတွေက ဆိတ်သားရဲ့ အဆီနဲ့ အရသာတွေကို အပြည့်အဝ စုပ်ယူထားတာ။ တစ်လုတ် စားလိုက်ရုံနဲ့ တကယ့်ကို အရသာရှိတာနော်”

သူမ စကားများကြောင့် အားလုံး သွားရည်တမြှမြှ ဖြစ်ကုန်ကြပြီး အချို့မှာ တိတ်တဆိတ် သွားရည်မြိုချနေကြသည်။

ဟွာကျွင်း

“ရှင်တို့ ဘာလို့ ထမင်းမစားဘဲ ရပ်နေကြတာလဲ။ ကျွန်မ အများကြီး ချက်ထားပါတယ်”

အခြေအနေမှာ တကယ့်ကို စိတ်အကျဉ်းအကျပ် ဖြစ်စရာပင်။ မိကယ်လို ရုပ်တည်ကြီး ဖြစ်နေသော်လည်း ဘေးလူများကမူ မင်းသားကြီး၏ အဖြေကို ရင်တထိတ်ထိတ်နှင့် စောင့်နေကြသည်။

လုမင်လီ

“မင်းသားကြီးမှာ အရေးတကြီး ကိစ္စမရှိဘူးဆိုရင်တော့ အဆာပြေ မြည်းစမ်းသွားပါဦးလား”

ဟွာကျွင်း မျက်တောင်လေး ခတ်ကာ မိကယ်လိုကို ရိုးရိုးသားသား ကြည့်နေ၏။ မိကယ်လိုသည် မနက်ကတည်းက ပေါင်မုန့်ပြား တစ်ချပ်တည်းသာ စားထားရသဖြင့် ဗိုက် အတော်ပင် ဆာနေပြီဖြစ်သည်။

သူ အခွင့်အရေးကို ယူရန် ဆုံးဖြတ်လိုက်ပြီး ပြောလိုက်၏။

“ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်”

ထို့နောက် ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။

အားလုံး ရင်ထဲတွင် ဝမ်းသာသွားကြသော်လည်း အပြင်ပန်းတွင်မူ တည်တည်တံ့တံ့ဖြင့်ပင် နေရာပြန်ယူလိုက်ကြသည်။

ဟွာကျွင်းနှင့် အားမန်တို့ ပန်းကန်၊ ဇွန်း၊ တူများကို အမြန်ချပေးလိုက်ကြသည်။ မိကယ်လိုသည် ဆိတ်နံရိုး ထမင်းပေါင်းကို တစ်လုပ် မြည်းစမ်းလိုက်သည်နှင့် သူ့မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားကာ အလယ်ပိုင်းဒေသ အစားအစာမှာ ဤမျှ အရသာရှိလှပါလားဟု တိတ်တဆိတ် ရေရွတ်မိတော့သည်။

ဆိတ်နံရိုးများမှာ အရိုးမှ အသားများ အလိုလို ကွာကျလာသည်အထိ နူးအိနေပြီး အသားမျှင်လေးများမှာ ကြည်လင်နေ၏။ သွားလေးနှင့် အသာအယာ ဖိလိုက်ရုံဖြင့် ဆိတ်သားများမှာ ပျော့အိစွာ ကြေမွသွားတော့သည်။

အရှေ့မြောက်ပိုင်းမှ မွှေးရနံ့သင်းသော ဆန်စေ့ရှည်များမှာလည်း မုန်လာဥနီလေးများနှင့် ရောယှက်ကာ မွှေးရနံ့ကား အံ့မခန်းပင်။

သူတို့အားလုံး လေပြင်းမုန်တိုင်း တိုက်ခတ်သကဲ့သို့ အငမ်းမရ စားသောက်ကြရာ ခဏအတွင်းမှာပင် ထမင်းများ ကုန်သွားတော့သည်။ ပန်းကန်အောက်ခြေတွင် ကျန်နေသော ဆိတ်သားအဆီလွှာလေးကို ကြည့်ကာ သူတို့ မခွဲနိုင် မခွာရက် ဖြစ်နေကြ၏။ ဇွန်းနှင့် တဖျပ်ဖျပ် ခြစ်ယူသော်လည်း ပန်းကန်နံရံတွင် အဆီများစွာ ကပ်နေဆဲပင်။

အကယ်၍ အိမ်မှာသာဆိုလျှင် ခေါင်းငုံ့ပြီး လျှာနှင့် ရက်ပစ်လိုက်ကြမည် ဖြစ်သော်လည်း ယခုမူ မတတ်သာဘဲ ပန်းကန်ကို ချလိုက်ကြရသည်။

၎င်းကို မြင်သောအခါ လုမင်လီ၏ နှုတ်ခမ်းများ အပေါ်သို့ အသာအယာ ကွေးညွှတ်သွားပြီး မေးလိုက်၏။

“မင်းသားကြီး ဒီနေ့ ညစာကို စိတ်ကျေနပ်ရဲ့လား”

မိကယ်လို ပါးစပ်ထဲက အစာကို မျိုချလိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

“စစ်သူကြီးလု၊ ဒီနေ့ ညစာက တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ ဒါက ခင်ဗျားတို့ အလယ်ပိုင်းဒေသက ကျွန်တော်တို့ထက် အရာရာတိုင်းမှာ သာလွန်တယ်လို့ မဆိုလိုပါဘူး”

လုမင်လီ ပန်းကန်ကို ညွှန်ပြကာ ပြောလိုက်၏။ “မင်းသားကြီး သိလား။ ဒီပန်းကန်ထဲက ထမင်းစေ့တွေက အရှေ့မြောက်ပိုင်းက ပြည်နယ်လေးခုက လာတာ။ အခုလို ဆိတ်သားကောင်းကောင်းတွေကိုတော့ မင်းသားကြီးတို့ တိရှိုးကပဲ မွေးမြူနိုင်တာ။ ကျွန်တော်တို့က တစ်ဦးနဲ့တစ်ဦး အကျိုးတူ ပူးပေါင်းပြီး ကုန်သွယ်မှုတွေ လုပ်ခဲ့ကြရင် ရတာပဲ။ ဒါပေမဲ့ အခုတော့ စစ်ပွဲတွေကြောင့် ပြည်သူတွေ ငတ်မွတ်နေကြရပြီ။ ဆန်စပါးရဖို့ နေနေသာသာ၊ ဖွဲနုတစ်ဇွန်းတောင် ရှာဖို့ခက်နေပြီ”

မိကယ်လို မိမိပန်းကန်ထဲက အစားအစာများကို ကြည့်ကာ တိတ်ဆိတ်နေတော့သည်။ ဘေးက အတိုင်ပင်ခံကျန်း ဝင်ပြော၏။

“နိုင်ငံနှစ်ခုကြားက ပဋိပက္ခတွေကို ဘာလို့ အစားအသောက်နဲ့ သွားနှိုင်းယှဉ်နေတာလဲ၊၊ စစ်သူကြီးလု ကလေးဆန်လွန်းပါတယ်”

သူ ဆက်လက် ပြုံးရယ်လျက် ပြောသည်။

“တိရှိုးစစ်တပ်က အလယ်ပိုင်းဒေသကို သိမ်းပိုက်ပြီး စစ်သူကြီးလု လက်စားချေလို့ ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ ပြန်ထိုင်ပြီး ကုန်သွယ်ရေးအကြောင်း ဆွေးနွေးလို့ ရတာပဲ။ တကယ်လို့ စစ်သူကြီးက စီးပွားရေး စိတ်ဝင်စားတယ်ဆိုရင် အဲဒီအချိန်ကျမှ မင်းသားကြီးကို ပြောလိုက်ပါ၊ ဒီကိစ္စကို စစ်သူကြီးပဲ အုပ်ချုပ်ရမှာပါ”

လုမင်လီက အတိုင်ပင်ခံကျန်းကို ပြုံးစစဖြင့် ကြည့်ကာ ခဏအကြာတွင် ပြန်ပြောလိုက်၏။

“ကောင်းပြီ။ ဒါဆိုလည်း ခင်ဗျား ပြောသလိုပေါ့။ ခင်ဗျားတို့နည်းလမ်းတွေကို ကျွန်တော် စောင့်ကြည့်နေပါ့မယ်”

သူတို့ ထွက်သွားပြီးနောက် ဟွာကျွင်း လုမင်လီကို ချီးကျူးလိုက်သည်။

“ရှင် ပြောတာတွေက တကယ့်ကို မှန်တယ်။ အင်တာနက်ပေါ်မှာ စကားပုံတစ်ခု ရှိတယ်။ ဒီမြေကွက်လေးကို တစ်လက်မတောင် လက်မလွတ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီကနေ ဘယ်လို အရသာရှိတဲ့ အရာတွေ ထွက်လာဦးမလဲဆိုတာ ဘယ်သူမှ မသိလို့ပ’ တဲ့”

လုမင်လီ နားမလည်ဘဲ မေး၏။

“အဲဒါက ဘာကို ဆိုလိုတာလဲ”

“တိရှိုးကို တိုက်ရိုက်သိမ်းပိုက်ပြီး တစ်နိုင်ငံတည်း ဖြစ်အောင် လုပ်လိုက်ဖို့ပေါ့”

လုမင်လီ ထိုစကားကို ကြားသောအခါ ခေါင်းခါယမ်းကာ ပြန်ပြောသည်။

“ဟင့်အင်း၊ ပြည်သူတွေက စစ်ဒဏ်ကို ကြာရှည် ခံစားနေကြရတာ။ သူတို့ အခုဆိုရင်”

“အမြန် အောင်ပွဲရအောင် လုပ်ရမှာပေါ့”

“စစ်ပွဲကို အချိန်ဆွဲနေတာက ပိုပြီး အသက်အန္တရာယ် ရှိစေတာ”

ဟွာကျွင်းပြောလိုက်သည်။

လုမင်လီ သက်ပြင်းချလိုက်၏။

“ကိုယ်လည်း အမြန်အောင်ပွဲရဖို့ ဘယ်လောက်တောင် မျှော်လင့်နေလဲ။ ဒါပေမဲ့ စစ်ပွဲတစ်ခုက ငွေကြေး၊ ပစ္စည်းနဲ့ လူအင်အား အမြောက်အမြား လိုအပ်တယ်လေ။ ဒါက လွယ်တဲ့ကိစ္စ မဟုတ်ဘူး”

ထိုသို့ တွေးမိရင်း သူသည် ဟွာကျွင်းကို ရုတ်တရက် မော့ကြည့်လိုက်၏။

“မင်း ဆိုလိုတာ”

ဟွာကျွင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ရှင့်မှာ ပိုက်ဆံရှိရင် ပစ္စည်းတွေ မရမှာ စိုးရိမ်နေစရာ လိုသေးလို့လား။ ရိက္ခာနဲ့ မြင်းစာကိစ္စကတော့ ကျွန်မ အကျွမ်းကျင်ဆုံးပဲ၊၊ ရိက္ခာကိစ္စကို ဖြေရှင်းနိုင်ပြီး စစ်သည်အင်အားကိစ္စကိုပါ ဖြေရှင်းလိုက်မယ်ဆိုရင်တော့ ဒီစစ်ပွဲက မစခင်တည်းက တစ်ဝက်လောက် အနိုင်ရနေပြီလို့ ပြောလို့ရတယ်”

All Chapters