လီမူဝမ်၏ခံစားချက်
Vol. 004 Ch. 162
မကောင်းဆိုးဝါး၏ မျက်နှာက ချက်ချင်း အားလျော့ သွားသကဲ့သို့ ဖြစ်သွားပြီး ဝိညာဉ်များကို တစ်ခုပြီးတစ်ခု အန်ထုတ်လိုက်သည်။ ဝိညာဉ်၄၀ကျော်ကို အန်ထုတ်ပြီးနောက် သူ၏ရွှေအမြုတေသည် ပြိုကွဲရန် တဲတဲလေးသာ လိုတော့သည်။
ဝမ်လင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ် ၄၃ ကောင်သည် သူ၏နဖူးအတွင်းသို့ ဝင်သွား၏။ သူတို့က သူ၏အသိစိတ် ပင်လယ်ထဲသို့ ရောက်လာပြီး ရွှမ်းဝူနိုင်ငံမှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်၏ ဝိညာဉ် ဘေးနားတွင် မျောနေကြ၏။
ဂျိနယ်ပယ် နတ်ဘုရား စိတ်အာရုံသည် ဝိညာဉ်များကို တစ်ကောင်ပြီး တစ်ကောင် ဖြတ်သွား၏။ ဝိညာဉ်များ အားလုံးက ပျောက်ကွယ် သွားသောအခါ ဝမ်လင်းသည် သူ၏ဝိညာဉ်က ယခင်ကထက် ကြီးမားလာသည်ကို ခံစားမိလိုက်၏။
မကောင်းဆိုးဝါး စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ဝမ်လင်းအား စူးစိုက်ကြည့်ကာ စိတ်ထဲတွင် ပြောလိုက်သည်။
“ဒါတော့ တော်တော်များသွားပြီ… ဒီဝိညာဉ်တွေ အားလုံးကို ဟိုဓားစုတ်ဆီကနေ မနည်းလုထားရတာ… ထားလိုက်ပါ… မကြာမီ ဒါမမဟုတ် နောင်တစ်ချိန် အခွင့်အရေးရရင် ကျိန်းသေ လက်စားပြန်ချေမယ်… အခုတော့ ငါ့ရဲ့ကျင့်စဉ်ကို စဦးစိတ်ဝိညာဉ် အဆင့်ထိ ရောက်အောင် စောင့်ရမယ်”
ထိုအချိန်တွင် ဝမ်လင်းက မကောင်းဆိုးဝါးအား ဆွဲယူပြီး နဂါးအရွတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုအခါ မကောင်းဆိုးဝါးသည် မချင့်မရဲဖြင့် သက်ပြင်းချ လိုက်သည်။ နဂါးအရွတ်ထဲသို့ ပြန်ရောက်သောအခါ သူ့စိတ်ထဲတွင် ဝမ်လင်းအား ဆန့်ကျင်ချင်သည့် စိတ်များက ပြန်ပေါ်လာပြန်သည်။ သို့သော်လည်း ထိုစိတ်များက ချက်ချင်းပျောက်ကွယ်သွား၏။
ဝမ်လင်းက စိတ်ဝိညာဉ် အရည်များကို ထုတ်သောက်ပြီး ကြမ်းပြင်တွင် ထိုင်ကာ စတင် ကျင့်ကြံလိုက်သည်။
ဝမ်လင်းသည် ကျဲတုန်လေ့၏ ဓားကျင့်စဉ်အကြောင်းကို စဉ်းစားမိပြီး စိတ်ဝိညာဉ် ကျောက်တုံး ရာပေါင်းများစွာကို ထုတ်လိုက်သည်။ ထိုစိတ်ဝိညာဉ် ကျောက်တုံးများဖြင့် သူ့ကိုယ်တွင် လိပ်ခွံ အကာအကွယ် ဝင်္ကပါကို ပြုလုပ်လိုက်၏။
အားလုံးပြီးသွားပြီးနောက် သူက လေကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး နံရံကို လက်ဖြင့် ဖိလိုက်သည်။ ထိုအခါ နဂါးပါးစပ်က တဖြည်းဖြည်း ပွင့်လာသည်။ ဝမ်လင်းက ထရပ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။
သူက နဂါးပါးစပ်ထဲမှ လမ်းလျှောက် ထွက်လာသည့် အချိန်တွင် နဂါး၏ အမြီးနားတွင် ဆွဲမက်ဖွယ်ကောင်းသော ပုံရိပ်လေးတစ်ခု ရပ်နေသည်ကို မြင်လိုက်ရသည်။ လီမူဝမ်၏ အသွင်အပြင်သည် မျက်တွင်း ကျနေသော်လည်း သူမ၏ မျက်လုံးများသည် အလွန်တောက်ပနေကာ နဂါးအမြီးမှ အကြေးခွံများကို စိုက်ကြည့် နေလေသည်။
ရှန့်ကွမ်းမိုသည် သူမ၏ဘေးနားတွင် အလင်းပုလဲ နှင့်အတူ ရပ်လျက် ရှိနေပြီး သူမအတွက် အလင်းရောင် ပြပေးနေ၏။
ဝမ်လင်းက တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သူ့ရင်ထဲတွင် သက်ပြင်းချလိုက်ကာ အောက်သို့ ခုန်ဆင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က ညက်ညောစွာ ကျဆင်လာပြီး သူမ၏ဘေးတွင် ကျသွား၏။
ရှန့်ကွမ်းမိုက ဝမ်လင်းအား မြင်သောအခါ စိတ်စွမ်းအင်များကို ပုလဲအတွင်းသို့ ပိုမိုထုတ်လွှတ်ပြီး အလင်းရောင်ကို တိုးမြှင့်လိုက်သည်။ ထို့အတူ သူက တစ်ခုခုကို အာရုံစိုက် လွန်းရသည့် ဟန်ဖြင့် သူ၏နဖူးတွင် ချွေးများ စတင်ထွက်လာသည်။
ဝမ်လင်းက နူးညံ့သော သူမ၏ မျက်နှာလေးအား စိုက်ကြည့်ပြီး စိတ်ထဲတွင် လှုပ်ရှားလာသည်။ သူမ၏ မျက်ခုံးများက မျက်နှာလေးပေါ်တွင် ဆေးခြယ်ထားသကဲ့သို့ ရှိနေပြီး သူမက နဂါးအကြေးခွံကို စိုက်ကြည့်နေရင်း အောက်နှုတ်ခမ်းလေးအား ကိုက်ထား၏။ ထိုအခိုက်တွင် လေပြည်လေး တစ်ချက် ဝေ့သွားရာ သူမ၏ဆံနွယ် တချို့က လှုပ်ရှားသွား၏။
ဝမ်လင်းက နူးညံ့စွာဖြင့် သူမအား ပြောလိုက်သည်။
“သွားစို့… ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်”
လီမူဝမ်၏လက်ချောင်းများက တုန်ယင်သွားပြီး ဝမ်လင်းကို မော့ကြည့်လိုက်သည်။ ဝမ်လင်း၏ မျက်နှာအား အချိန်တော်တော်ကြာအောင် စိုက်ကြည့်ပြီးနောက် တိုးတိုးလေး ပြန်ပြောလိုက်သည်။
“နင်က တကယ်ပဲ ငါ့ကို ပြန်ပို့မှာလား”
ဝမ်လင်းက လီမူဝမ်၏ အကြည့်ကို ရှောင်လိုက်ပြီး ခေါင်းညိတ် ပြလိုက်သည်။
လီမူဝမ်က ရယ်လိုက်သည်။ သို့သော်လည်း သူမ၏ ရယ်သံထဲတွင် ဝမ်းနည်းမှုများ ရောစွတ်ပါနေသည်။ သူမက မတ်တတ်ရပ်လိုက်ပြီး သူမ၏ အဝတ်အစားများကို ဖြန့်ပြီးနောက် သူမက ပြောလိုက်သည်။
“ငါ့ကို့ ၃ရက်လောက် အချိန်ပေးပါ… အဆင်ပြေလား”
ဝမ်လင်းက သူမအား တစ်ချက်ကြည့်ပြီး နဂါးဦးခေါင်းဆီသို့ ပျံတက်သွားကာ အခန်းထဲသို့ ပြန်ဝင်သွား၏။ ထို့နောက် အခန်းထဲတွင် ကြာပန်းသဏ္ဌာန် ထိုင်ချလိုက်သည်။
လီမူဝမ်က သိုလှောင်အိတ် အတွင်းမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူပြီး နဖူးပေါ် တင်လိုက်သည်။ သူမ မှတ်ထားသော မှတ်ဉာဏ်များကို ကျောက်စိမ်းပြား အတွင်းသို့ မှတ်သား ထားပြီးနောက် သူက ရှန့်ကွမ်းမိုဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ငါ့အတွက် အခန်းတစ်ခန်းလောက် စီစဉ်ပေးပါ”
ရှန့်ကွမ်းမိုသည် အလျင်အမြန် သဘောတူလိုက်သည်။ သူက ယခုအချိန်ရောက်မှ မိစ္ဆာကောင်လေးနှင့် ဤမိန်းကလေးသည် သူထင်ထားသည့် ဆက်ဆံရေးမျိုး မဟုတ်ကြောင်း သိသွား၏။
အခန်းထဲ၌ လီမူဝမ်သည် ကြမ်းပြင်ပေါ် ထိုင်နေပြီး ယခင်နှစ်များက အကြောင်းများကို ပြန်စဉ်းစားနေ၏။ သူမကို ရွှမ်းဝူနိုင်ငံမှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကျင့်ကြံသူက လိုက်ဖမ်းနေသည့် အချိန်တွင် ဝမ်လင်း သူမအား ကယ်ခဲ့သည်။ နှစ်ယောက်သား အတူ ထွက်ပြေးကြရင်း မီးလျှံသားရဲများကြောင့် နတ်ဆိုး ပင်လယ်သို့ ရောက်လာကြသည်။ တောင်တစ်ခုတွင် ဂူတစ်ခုလုပ်ပြီး အခန်းများဖွဲ့ကာ နေခဲ့ကြသည်။ သူမသည် ထိုအချိန်က ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်းကို သုံးနှစ်ကြာ ပျောက်နေသည့် ဝမ်လင်းက သူမအတွက် ဆေးမီးဖို ယူလာသည့် အချိန်အထိ အာရုံစိုက်နေခဲ့သည်။ သူ ပြန်လာသောအခါ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ၁၀ယောက် ပါလာခဲ့သည်။ ထို့နောက် သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်ပြီး သွေးခင်းလမ်းကို လျှောက်ခဲ့သည်။
ဝမ်လင်းသည် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်အောင် ကြိုးစားနေသည့် အချိန် သူမက အမြုတေ ဖွဲ့တည်ခြင်းအဆင့် ၁၀ယောက်ကို ရင်ဆိုင်နေရချိန်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ ဆုံးဖြတ်ခဲ့သည်။ ထိုအချိန်တွင် ဝမ်လင်းက ရုတ်တရက် ထွက်လာပြီး သူမအား ကယ်တင်သွားသည်။ သူမသည် ထိုအချိန်က သူမ၏စိတ်ထဲမှ ပြောင်းလဲမှုကို နားမလည်ခဲ့ပေ။ ထိုအချိန်က သူမ၏ ခန္ဓာကိုယ်သည် အားနည်းနေပြီး ပြုတ်ကျတော့မည့် အချိန်တွင် ဝမ်လင်းက သူမအား ဖမ်းထားခဲ့သည်။
“မလှုပ်နဲ့… ဒီကောင်တွေကို သတ်ဖို့ မင်းကို ခေါ်သွားပေးမယ်” ထိုစကားသံသည် သူမ၏နားထဲတွင် အကြိမ်ကြိမ် ပဲ့တင်ထပ်ကာ ကြားယောင်နေပြီး သူမ၏နှလုံးသားထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များစွာ ပေါ်လာစေပြီး သူမ၏ မျက်နှာလေးက နီရဲသွားစေခဲ့၏။ လမ်းတစ်လျှောက်လုံးတွင်လည်း သူမသည် ထိုအကြောင်းကို အကြိမ်များစွာ တွေးပြီး အကြိမ်ကြိမ် ခါးသက်စွာ ပြုံးမိခဲ့သည်။ သို့သော်လည်း ဝမ်လင်းက လမ်းတစ်လျှောက်လုံး သတ်ဖြတ်ခြင်းကို စတင်လာခဲ့သည်။ ထိုတစ်လမ်းလုံးတွင်လည်း ဝမ်လင်း၏ စကားသံက သူမ၏ နှလုံးသားထဲတွင် လေးလံနေခဲ့သည်။
“ဒီလူတွေကို သတ်ဖို့ ငါ မင်းကို ခေါ်သွားပေးမယ်”
လီမူဝမ်က ရေရွတ်ပြီး သူမ၏နှုတ်ခမ်းက အပေါ်သို့ တွန့်ကွေးသွားကာ အပြုံးလေး တစ်ခု ပေါ်လာသည်။ ထို့နောက် သူမက သက်ပြင်းချလိုက်သည်။
“တခြားသူတွေက ငါ့ကို လှပတဲ့လ ဒါမှမဟုတ် နေဝင်ချိန်ကို ကြည့်ဖို့ ခေါ်ကြလိမ့်မယ်… ဒါပေမဲ့ သူကတော့ လူသတ်ဖို့ ငါ့ကို ခေါ်သွားခဲ့တယ်”
“ဒီနှစ်တွေထဲမှာ သူက ငါ့နာမည်ကို တစ်ခါလေးတောင် မမေးဖူးဘူး… ငါလည်း သူ့နာမည်ကို မသိဘူး… သူ့ရဲ့မျက်လုံးထဲမှာ ငါ့နာမည်က အရေးမကြီးတာ ဖြစ်နိုင်တယ်… သူ့အတွက် အရေးကြီးတာက ငါ တတ်ကျွမ်းနေတဲ့ ဆေးဖော်စပ်တဲ့ အတတ်ပညာ… အခု ဆေးလုံးတွေကိုလည်း သန့်စင်ပေးပြီးပြီဆိုတော့ သူ့မျက်လုံးထဲမှာ ငါ့တန်ဖိုးက ကျသွားတာလား”
ထိုအကြောင်းကို တွေးမိပြီး သူမ၏နှလုံးသားထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များက ပိုပြီး ကြီးမားလာကာ သူမ၏နှလုံးသားကို နာကျင်လာစေသည်။ တွေးနေရင်း သူမ၏ ပါးစပ်ထောင့်မှ သွေးစီးကြောင်း တစ်ခုက စီးကျလာသည်။ ထိုသွေးစီးကြောင်းသည် သူမ၏အလှနှင့် ယှဉ်ကြည့်လိုက်လျှင် ဆန့်ကျင်စွာ တည်ရှိနေသည်။
ယခုအချိန်တွင် ဝမ်းနည်းစရာ အလှပိုင်ရှင်သည် သူမအတွက် အလွန်သင့်တော်ပေသည်။
အချိန်တော်တော် ကြာပြီးနောက် သူမက အောက်နှုတ်ခမ်းကို ကိုက်ပြီး သိုလှောင်အိတ် အတွင်းမှ ကျောက်စိမ်း အကြေးခွံများကို ထုတ်လိုက်၏။ ကျောက်စိမ်း အကြေးခွံများသည် နဂါး၏ကိုယ်ပေါ်ရှိ အကြေးခွံ အရေအတွက်ဖြစ်သည့် ၁၈၈၇၄ ခု ရှိသည်။
ကျဲတုန်လေ့သည် နဂါးအကြေးခွံများ ပေါ်တွင် ရပ်ခိုင်းရန် တပည့် အရေအတွက်က အလုံအလောက် မရှိခဲ့ပေ။
ဤကျောက်စိမ်း အကြေးခွံများသည် လွန်ခဲ့သည့် လဝက်က မအိပ်ဘဲ ကြိုးစားခဲ့မှု၏ အသီးအပွင့်များ ဖြစ်သည်။ သူမက နဂါးကြေးခွံများကို မှတ်သားရင်းဖြင့် အချိန်များကို ကုန်ဆုံးခဲ့သည်။ ထိုကြိုးစားမှုကြောင့် သူမ၏ အသက် သက်တမ်းက ၅နှစ်ခန့် ကုန်ဆုံးသွားခဲ့ရသည်။
ယခုတော့ မည်သည့်အရာကိုမှ ဂရုစိုက်မနေတော့ချေ။ သူက နဂါးကြေးခွံများကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီး ချိတ်ဆက် လိုက်သည်။
ပထမတွင် သူမက ကျောက်စိမ်းကြေးခွံအခု ၂၀၀၀၀ နီးပါးကို ကျောက်စိမ်း ကြေးခွံအခု ၁၀၀၀၀အဖြစ် ပေါင်းစပ်နိုင်ခဲ့၏။ ထို့နောက် ၅၀၀၀ အဖြစ် ပေါင်းစပ်နိုင်ခဲ့ပြီး အကြေးခွံများကို ဆက်လက် ပေါင်းစပ်နေခဲ့သည်။
သုံးရက် ကြာသောအခါ သူမ၏မျက်နှာက ဖြူရော်နေပြီး သူမ၏ ခန္ဓာကိုယ်ကလည်း အလွန် အားနည်းနေသည်။ သူမက အခန်းအပြင်ဘက်သို့ လမ်းလျှောက် ထွက်လာပြီး နံရံကို မှီလိုက်သည်။
ဝမ်လင်းသည် ၃ရက်လုံး ပစ္စည်းတစ်ခုကို ကိုင်ထားပြီး လေ့လာနေခဲ့သည်။ လီမူဝမ် ထွက်လာသောအခါ သူက ပစ္စည်းကို သိမ်းလိုက်ပြီး သူမဆီသို့ ဆင်းလာသည်။ သူက သူမ၏ နွမ်းနယ်နေသော မျက်နှာလေးအား မြင်လိုက်ရသောအခါ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ဒီ၃ ရက်မှာ မင်း ဘာတွေ လုပ်နေတာလဲ… ဒီဟာကို သောက်လိုက်”
သူက စိတ်ဝိညာဉ်အရည် အစက်၃၀၀ပါသည့် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ပြီး လီမူဝမ်၏လက်ထဲ ထည့်ပေးလိုက်သည်။
လီမူဝမ်က ကျောက်စိမ်းပုလင်းကို ရတနာတစ်ခုကဲ့သို့ သိမ်းလိုက်ပြီး အားနည်းနေသည့် အသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်… စီနီယာအစ်ကို… ငါ အဆင်ပြေပါတယ်… သွားကြရအောင်”
ပြောပြီးသည်နှင့် သူမ၏မျက်နှာတွင် အရောင်တချို့ ပြောင်းသွားပြီး သူမက ဝမ်လင်း၏ ပခုံးပေါ်သို့ မှီကာ ပြောလိုက်သည်။
“သွားကြမယ် … အိမ်ကို ပြန်ကြရအောင်”
ဝမ်လင်းက အချိန်တော်တော် ကြာအောင် စဉ်းစားလိုက်ပြီး ဘယ်လက်ဖြင့် သူမ၏ခါးကို ထွေးပွေ့လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားပြီး မြူများထဲတွင် ပျောက်ကွယ်သွား၏။
***
အရက်ဆိုင်တစ်ခုတွင် ကျင့်ကြံသူများသည် တစ်ယောက်နှင့် တစ်ယောက် စကားပြော နေကြသည်။ သို့သော်လည်း အဘိုးအို တစ်ယောက် ဝင်လာသည်နှင့် စကားပြောသံများက ရပ်တန့်သွား၏။ တချို့က အဘိုးအိုကို စိုက်ကြည့် လိုက်ကြသော်လည်း ဘာမှ မထူးခြားဟန်ဖြင့် သူတို့၏အကြည့်များကို ပြန်ရုပ်သိမ်း လိုက်ကြသည်။
အဘိုးကြီးက အရက်ဆိုင်ထဲသို့ ဝင်လာပြီးနောက် သူက ဘယ်မှကြည့်မနေဘဲ ပြတင်းပေါက်နှင့် နီးသည့် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ သူ၏မျက်ခုံးသည် တစ်ခါတစ်ရံတွင် ကျုံ့သွားပြီး တစ်ခါတစ်ရံတွင် ပြေလျော့သွား၏။
ထိုအချိန်တွင် အရက်ဆိုင်ထဲ၌ စကားသံများ ပြန်လည်ထွက်ပေါ်လာသည်။
စားပွဲတစ်လုံးမှ ကျင့်ကြံသူများထဲမှ တစ်ယောက်သည် စိုးရိမ်သည့် အမူအရာဖြင့် တိုးတိုးလေး ပြောလိုက်သည်။
“အဲ့ဒီမိစ္ဆာကောင်က သူ့လမ်းမှာရှိတဲ့ လူအားလုံးကို သတ်ခဲ့ပြီးတော့ တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်း ခေါင်းဆောင် ကျဲတုန်လေ့နဲ့တောင် ၃ ရက် ၃ ည ချတာတဲ့… နောက်ဆုံးမှာ အဲ့မိစ္ဆာကောင်လေးက ထူးဆန်းတဲ့ မှော်ရတနာတစ်ခုကို သုံးပြီး ကျဲတုန်လေ့ကို သတ်လိုက်တယ်… ပြီးတော့ ကျဲတုန်လေ့ရဲ့ ခန္ဓာကိုယ်ကို ၇ ရက်တိတိ ကျာပွတ်နဲ့ ရိုက်တယ်လို့ ကြားတယ်… ဟီးဟီး… ငါ ထင်တာတော့ နန်ဒူမြို့မှာ မြို့အရှင် ရှိလာတော့မယ် ထင်တယ်”
‘ထူးဆန်းတဲ့ မှော်ရတနာ’ဆိုသည့် စကားကို ကြားသောအခါ အဘိုးအို၏ မျက်နှာအမူအရာက ပြောင်းလဲသွား၏။
မျက်နှာဝိုင်းဝိုင်းနှင့် ကျင့်ကြံသူ တစ်ယောက်ကလည်း သက်ပြင်းချပြီး ပြောပြလိုက်သည်။
“ဟီးဟီ… ငါကတော့ သူ့ကို ကိုယ်တိုင် မြင်ဖူးတယ်… ငါ မြင်တဲ့အချိန်က သူ့နောက်မှာ ခန္ဓာကိုယ် တစ်ထောင်ကျော်ကို ကြိုးနဲ့ချည်ပြီး ဆွဲလာတာ… အလောင်းတွေဆိုတာ ကောင်းကင်ကိုတောင် ဖုံးမတတ်ဘဲ… အဲဒီမိစ္ဆာကောင်က ကိုယ့်ကိုယ်တော့ ဘယ်လိုပျော်အောင် လုပ်ရမလဲတော့ သိတယ်ဟ… သူက လက်မောင်းထဲမှာ ကောင်မလေးကို ဖက်ပြီး ကောင်းကင်ပေါ်မှာ ပျံသွားတာ ငါ့တစ်သက်တော့ ဒီမြင်ကွင်းကို မေ့တော့မယ် မထင်ဘူး”
အဘိုးအိုက မသိမသာ မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
အေးစက်သော မျက်နှာနှင့် လူငယ် တစ်ယောက်က အရက်သောက်ပြီး လှောင်လိုက်သည်။
“မင်းတို့ကောင်တွေ တိတ်တိတ် နေသင့်တယ်… အဲဒီကောင်က သေဆုံးခြင်း မန္တန်ကို လေ့ကျင့်ထားတာလို့ ကြားတယ်… သူက သူ့အကြောင်းကို တခြားသူတွေ ပြောတာမကြိုက်ဘူး… ဂရုစိုက်ဦး … ဒီစကားတွေသာ သူ့နားထဲ ရောက်သွားလို့ကတော့ မင်းတို့ကောင်တွေ မြေမမြုပ် လိုက်ရဘဲ သေသွားမယ်”
အဘိုးအိုက ‘သေဆုံးခြင်း မန္တန်ဆိုသည့် စကားကို ကြားပြီး သူ့မျက်လုံးက အရောင်လက်သွား၏။
လူငယ်က ပြောပြီးသည်နှင့် နောက်ထပ် တစ်ကျိုက် မော့သောက်ပြီး ဆက်ပြောလိုက်သည်။
“ငါ့ရဲ့ အမြင်အရဆိုရင်… သူ့မှာ သတ်ဖြတ်ခြင်း အမိန့်တော် မှတ်သားခြင်းကို ခံထားရတဲ့အတွက် နန်ဒူမြို့မှာပဲ ရှိနေမယ်ဆိုရင် သူ ကြာကြာ အသက်ရှင်မှာ မဟုတ်ဘူး… အခုတော့ နန်ဒူမြို့မှာ စဦးစိတ်ဝိညာဉ် အဆင့် မရှိဘူး… ဒါပေမဲ့ သတင်းက ပြန့်နေပြီ။ စဦးစိတ်ဝိညာဉ် အဆင့်တွေ ကျိန်းသေ လာနေလောက်ပြီ… ငါသာ သူ့နေရာမှာဆို ရက်၁၀၀ပြည့်အောင် ပုန်းနိုင်မဲ့ နေရာတစ်ခုရှာပြီး ပုန်းနေမှာပဲ”
“သတ်ဖြတ်ခြင်း အမိန့်တော်လား” အဘိုးအို၏မျက်လုံးများက ချက်ချင်း တောက်ပလာပြီး ညာလက်ကို ဆန့်ထုတ်လိုက်ရာ လူငယ်၏မျက်နှာက ချက်ချင်း နီရဲသွားပြီး သူ၏လည်ပင်းကို အားတစ်ခုခုဖြင့် ဆွဲယူခြင်းခံလိုက်ရကာ အဘိုးအို၏ လက်တွင်းသို့ ရောက်သွား၏။
“ကောင်လေး… ဒီအဘိုးကြီးက မင်းပြောတဲ့ လူအကြောင်းကို စိတ်ဝင်စားတယ်။ ငါ့ကို သူ့အကြောင်း အကုန် ပြောပြပေးနိုင်မလား”
***