← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း(241)

စုမိသားစုဝင်များက အပြင်ဘက်မှ ပြန်လာကြချိန်တွင် စုဝေ့ချင်းက ဆန်ပြုတ်တစ်ပန်းကန်နှင့် တခြားလက်တစ်ဖက်တွင် ပြောင်းဖူးအကြီးကြီးတစ်ဖက်ကို ကိုင်လျက် စားသောက်နေသည်ကို တွေ့လိုက်ရ၏။

ကြည့်ရသည်မှာ သူတို့က အပြင်ဘက်တွင် အခြေအနေများကို စောင့်ကြည့်နေချိန်အတွင်း သူက အတော်ကြာအောင် စားသောက်နေခဲ့ပုံရသည်။

“ဘယ်အချိန်ကတည်းက ထနေတာလဲ”

လီရှန်းက စုဝေ့ချင်းကို အံ့ဩသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်မိသည်။

ဤအမျိုးသား၌ မည်သို့သော ထိန်းချုပ်နိုင်စွမ်းမျိုး ရှိနေပါသနည်း။

ဤမျှအထိ ကြီးမားသော ကိစ္စရပ်မျိုးကိုပင် အဘယ်ကြောင့် သွားမကြည့်ရပါသနည်း။

“အပြင်ဘက်က အဒေါ်မာမဟုတ်ဘူးလား”

စုဝေ့ချင်းက ခေါင်းကိုပွတ်လျက် သမ်းဝေလိုက်လေ၏။ သူက နိုးလာချိန်တွင် အိပ်ချင်မူးတူး ဖြစ်နေဆဲ ဖြစ်သည်။

“သူမ ဒီနေ့ အိမ်ပြောင်းရမယ်ဆိုတာ ကိုယ် သိထားပြီးပြီလေ၊ ပြီးတော့ သူမ ထွက်သွားပြီးရင် ဘယ်သူ ဝင်နေမလဲဆိုတာကိုပါ ကိုယ် သိတယ်”

ဘယ်သူလဲ။

စုဝေ့ချင်းက အတွင်းရေးမှူးရုံးတွင် အလုပ်လုပ်ကိုင်သူဖြစ်၍ သတင်းအချက်အလက်များစွာက သူတို့၏ လက်ထဲမှ ဖြတ်သန်းသွားလေ့ရှိသောကြောင့် သူက ဤအကြောင်းကို သိရှိနေခြင်းက အံ့ဩစရာ မဟုတ်ပေ။

“ကိုယ်တို့ သိတဲ့လူပဲ၊ ဥက္ကဋ္ဌယိုလေ”

“လောင်ယို ပြန်လာတော့မှာလား”

စုဝေ့မင်က စုဝေ့ချင်းကို ကြည့်လိုက်လေ၏။ ဒုတိယစက်ရုံမှူးဖြစ်သော သူကိုယ်တိုင်ပင် ဤသတင်းကို မကြားရသေးပေ။

“သူက သူရဲ့ သားအငယ်ဆုံးကို စာသင်ဖို့အတွက် ပြန်ခေါ်လာချင်တယ်လို့ ပြောတယ်”

ကြည့်ရသည်မှာ သူသည်လည်း သူ၏ ကလေးကို အနီးအနားတွင် ကျောင်းတက်ခိုင်းပြီး ဆေးဝါးစက်ရုံတွင် အလုပ်ဝင်ခွင့်ရရန်အတွက် စီစဉ်နေခြင်းဖြစ်ပေလိမ့်မည်။

ဥက္ကဋ္ဌယို၏ သားအငယ်ဆုံးက အသက်ဆယ့်ငါးနှစ်ရှိပြီဖြစ်၍ ကျန်းချောင်နှင့် အသက်အတူတူပင် ဖြစ်သည်။

သူ၏ အစ်ကိုများနှင့် အစ်မများက အိမ်ထောင်ကျပြီးသူများနှင် ပြည်နယ်မြို့တော်ရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစာနေသောကြောင့် မည်သူမျှ ကျေးလက်ဒေသသို့ ဆင်းစရာမလိုခဲ့ပေ။

မိသားစုထဲတွင် သူတစ်ဦးတည်းသာ ကျန်ရှိတော့သည်။

အကယ်၍ သူသာ အသက်ဆယ့်ခြောက်နှစ် ပြည့်ပြီးနောက်တွင် အလုပ်အကိုင် ရှာမတွေ့ပါက ကျေးလက်ဒေသသို့ ဆင်းရမည့် အိမ်ထောင်စုစာရင်းဝင်ဖြစ်လာပေလိမ့်မည်။

ဥက္ကဋ္ဌယိုက အသက်ကြီးမှ သားသမီးရရှိခဲ့ခြင်းဖြစ်၍ ထိုသားငယ်ကို အချစ်ဆုံး ဖြစ်လေသည်။

သူ့အနေဖြင့် သားငယ်ကို ကျေးလက်ဒေသသို့ သွားရောက်ပြီး ဒုက္ခခံရမည်ကို မလိုလားပေ။

သို့သော် သူ၏ တခြားသော ကလေးများအားလုံးမှာ ပြည်နယ်မြို့တော်တွင် အလုပ်အကိုင် အဆင်ပြေနေကြသောကြောင့် သားအငယ်ဆုံးသာ ကျန်ရှိတော့သည်။

အကယ်၍ သူသာ တခြားနည်းလမ်းဖြင့် စီစဉ်ပေးပါက သိသာလွန်းပေလိမ့်မည်။

ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးက အံကိုတင်းတင်းကြိတ်ပြီး အဒေါ်ယိုအား သားအငယ်ဆုံးကိုခေါ်လာခိုင်းခဲ့လေ၏။ သူတို့က ဆေးဝါးစက်ရုံဝင်းထဲတွင် လာရောက်နေထိုင်ပြီး ပိုင်မားခရိုင် အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရန် ဆုံးဖြတ်လိုက်ကြသည်။

ဤနည်းလမ်းဖြင့် သူက အထက်တန်းကျောင်းကို ဆက်လက်၍ တက်ရောက်နိုင်ပြီး ကျောင်းပြီးသည်နှင့် ဆေးဝါးစက်ရုံ၏ အလုပ်သမားခေါ်ယူမှု စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ပေလိမ့်မည်။

သို့သော်..

“ဒါပေမဲ့ ပိုင်မားခရိုင် အထက်တန်းကျောင်းက အိပ်ဆောင်ကျောင်းလေ”

လီရှန်းက စုဝေ့ချင်းကို နားမလည်သည့်အမူအရာဖြင့် ကြည့်လိုက်ပြီးမေးလိုက်လေသည်။

“ရှင်လည်း အရင်က အဲဒီအထက်တန်းကျောင်းမှာ တက်ခဲ့တာပဲ မဟုတ်ဘူးလား၊ ရှင် မသိဘူးလား”

“ကိုယ် သိပါတယ်၊ ဒါပေမဲ့ အဒေါ်ယိုက အပြင်မှာနေပြီး ကျောင်းတက်ခွင့် လျှောက်ထားလို့ရမယ်လို့ ထင်နေတာလေ”

စုဝေ့ချင်းက ပုခုံးကို တွန့်ပြလိုက်လေ၏။ စုဝေ့မင်က ဤအကြောင်းကို ဥက္ကဋ္ဌယိုထံသို့ ဖုံးကွယ်ထားလိမ့်မည်ဟု သူ မယုံကြည်ပေ။

သို့သော် သူတို့က ဆုံးဖြတ်ချက်ချပြီးပြီဖြစ်၍ ထပ်မံ၍ ဖျောင်းဖျနေရန် အဆင်မပြေပေ။

လူကိုယ်တိုင် လာရောက်စစ်ဆေးကြည့်မှသာ သိရှိနိုင်ပေလိမ့်မည်။

လီရှန်း : “...”

သူတို့က လူချင်းမတွေ့ရသေးသော်လည်း လီရှန်းတစ်ယောက် အဒေါ်ယိုက စကားပြောရ လွယ်ကူသော လူတစ်ဦး မဟုတ်ကြောင်း ခံစားလိုက်ရလေပြီ။

“အမေတစ်ယောက်အနေနဲ့ကတော့ ကြိုးစားမကြည့်မချင်း လက်လျှော့မှာ မဟုတ်ဘူးလေ၊ မင်းရဲ့အမေလည်း အဲဒီတုန်းက အကြိမ်ကြိမ် သွားခဲ့တာ မဟုတ်ဘူးလား”

စုဝေ့မင်က ဆန်ပြုတ်တစ်ငုံကို သောက်လိုက်ရင်း တူဖြင့် အရွက်ချဉ်များကို ယူစားကာ အတိတ်ကို ပြန်တွေးတောမိသည်။

“နောက်ဆုံးတော့ အပြင်ကနေ ကျောင်းတက်ဖို့ မဖြစ်နိုင်ခဲ့ဘူး၊

ဝေ့ချင်းလည်း ကျောင်းမှာပဲ တစ်နှစ်ကျော်ကြာအောင် နေခဲ့ရတာပဲ”

ထိုနောက်ဆုံး အချိန်ကာလအတွင်း စုဝေ့ချင်းက လီရှန်းကဲ့သို့ပင် အပြင်မှ ကျောင်းတက်ခွင့် ရရှိခဲ့သော်လည်း အချိန်အများစုတွင် အိမ်၌သာ နေထိုင်ခဲ့သည်။

ထို့ကြောင့် အဒေါ်ယိုအနေဖြင့် ကလေးကို အိမ်၌ထား၍ ကျောင်းတက်ခွင့်ရရန် အမှန်တကယ်ပင် အလွန်ခက်ခဲပေလိမ့်မည်။

“အဲဒါတော့ မသေချာဘူးနော်”

စုဝေ့ချင်းက နောက်ထပ်ပြောင်းဖူးတစ်ဖူးကို လှမ်းယူရင်း ပြောလိုက်လေသည်။

ယမန်နေ့ညက သူ၏ ဦးနှောက်ကို အလွန် အသုံးပြုလိုက်ရသောကြောင့် ယခုအချိန်တွင် နွားတစ်ကောင်လုံးကိုပင် ကုန်အောင် စားနိုင်မတတ် ဆာလောင်နေခဲ့၏။

“လက်ရှိ ပတ်ဝန်းကျင်က မကောင်းဘူးလေ၊ ပြည်နယ်မြို့တော်က အထက်တန်းကျောင်း အတော်များများက ကျောင်းပိတ်ထားကြတာ၊

ခရိုင်အထက်တန်းကျောင်းက တည်ငြိမ်နေတုန်းပဲဆိုပေမဲ့ ပြဿနာတက်မှာကိုလည်း ကြောက်ကြတာပဲ၊

တကယ်လို့ ယိုမိသားစုက အဲဒီကောင်လေးက ပြဿနာရှာတတ်တဲ့လူဆိုရင်တော့ သူတို့က သဘောတူလိမ့်မယ် ထင်တယ်”

“အဲဒီလိုတော့ မဟုတ်လောက်ပါဘူး”

လော်ယွီရှို့က တူကို ခေတ္တရပ်ဆိုင်းလိုက်ပြီး ပြောလိုက်လေသည်။

“လောင်ယိုက ဘယ်သူ့ကိုမှ စိတ်မဆိုးတတ်တဲ့ လူမျိုးပါ”

“မဟုတ်ဘူးအမေ၊ အဲဒီကောင်လေးက တကယ့်ကို ရိုးလွန်းတယ်၊ ကျွန်တော်ကတော့ အဲဒီကောင်လေး သူများ နှိပ်စက်တာ ခံရမှာကို ပိုစိုးရိမ်တယ်”

စုဝေ့မင်က ခေါင်းကို ခါယမ်းလျက် ယိုမိသားစု၏ သားအငယ်ဆုံးကို တွေးတောရင်း သက်ပြင်းချလိုက်မိသည်။

မရီးယိုက သူ့အပေါ် စည်းကမ်းကြီးလွန်းသောကြောင့် ထိုကလေးက ငုံးငှက်လေးတစ်ကောင်ကဲ့သို့ ရိုးအနေခဲ့ရ၏။

“ဒါဆိုရင်တော့ အဆင်ပြေပါတယ်၊ ကျွန်မရဲ့ မောင်လေး ကျန်းချောင်လည်း အထက်တန်းကျောင်းမှာဆိုတော့ နောက်ပိုင်းကျရင် သူတို့ကို မိတ်ဆက်ပေးလိုက်ရုံပေါ့”

သူတို့က လူချင်းတွေ့ပြီးနောက် သူငယ်ချင်းဖြစ်ကြမလား သို့မဟုတ် လျစ်လျူရှုကြမလားဆိုသည်ကတော့ သူမ ထိန်းချုပ်နိုင်သောအရာ မဟုတ်ပေ။

မနက်စာ စားပြီးနောက် အတော်ကြာမှသာ အောက်ထပ်မှ လူများ၏ အသံများက ပြန်လည်၍ ထွက်ပေါ်လာခဲ့တော့၏။

စုဝေ့ချင်းက လီရှန်းကို တွဲလျက် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။ သူမကို နည်းပညာဌာနသို့ အရင်ဆုံး လိုက်ပို့ရန် ရည်ရွယ်ထားခဲ့လေသည်။

သို့သော် သူတို့က အဒေါ်မာ၏ အိမ်ရှေ့တွင် လူအုပ်စုကြီးက စုဝေးနေကြသည်ကို တွေ့ရှိလိုက်ရလေ၏။ ထောက်ပံ့ရေး ဝန်ထမ်းတချို့ကလည်း ပစ္စည်းများကို အပြင်သို့ သယ်ထုတ်နေကြသည်။

လုချင်းလန်က အရှေ့ဆုံးမှနေ၍ ကျယ်လောင်စွာ လှမ်းအော်နေလေခဲ့သည်။

“ဒီခုတင်တွေနဲ့ ဘီဒိုတွေကို အမြန် ဆွဲထုတ်ပြီး ထင်းလုပ်ပစ်လိုက်ကြ၊

ထောက်ပံ့ရေး ဂိုဒေါင်ထဲမှာ ထားရင်လည်း အမြင်ကတ်စရာပဲ၊

လောင်မာက အဲဒီလို ပြစ်မှုမျိုးကို ကျူးလွန်ခဲ့တာဆိုတော့ သူအိပ်ခဲ့တဲ့ ခုတင်တွေကလည်း ကံမကောင်းတာတွေ ရှိနေမှာ”

“ဟုတ်ပါတယ်၊ သီလမရှိတဲ့ အလုပ်တွေကို မလုပ်ကြပါနဲ့၊ ရင်ခွဲရုံက ခုတင်တောင်မှ ဒီခုတင်လောက် ကံမဆိုးပါဘူး”

လီရှန်း အနည်းငယ် အံ့ဩသွားရပြီး မေးလိုက်မိသည်။

“အဒေါ်မာက ဒီပရိဘောဂတွေကို တစ်ခုမှ သယ်မသွားဘူးလား”

“ဒါတွေအားလုံးက စက်ရုံပိုင် ပစ္စည်းတွေပဲလေ၊ သူတို့ အသုံးပြုလို့ရပေမဲ့ သယ်သွားလို့တော့ မရဘူး”

စုဝေ့ချင်းက ဟောင်းနွမ်းနေသော ဘီဒိုများနှင့် ခုတင်များကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

“ဒါတွေက သုံးတာ နှစ်နည်းနည်းပဲ ရှိသေးတာကို”

သို့သော် တတ်နိုင်သည့်အရာမရှိပေ။ စက်ရုံဝန်ထမ်းများအနေဖြင့် မာမိသားစု အသုံးပြုခဲ့သော ပစ္စည်းများကို မည်သူကမှ အသုံးပြုကြမည် မဟုတ်ပေ။

လီရှန်းကလည်း သက်ပြင်းချလိုက်မိ၏။ သေချာပေ၏။ ထိုအရာများကို အသုံးပြုရသည်က စိတ်မသက်မသာ ဖြစ်ရသည်။

နောက်ပိုင်းတွင် တစ်ခုခု မှားယွင်းသွားပါက ခုတင်ကြောင့်ဟု အပြစ်တင်ကြဦးမည် မဟုတ်ပါလား။

ထို့ကြောင့် နောက်ပိုင်းတွင် မိသားစုထဲတွင် ပဋိပက္ခများကို မဖြစ်ပွားစေရန်အတွက် ထိုအရာများကို ဖျက်ဆီးပစ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

စုဝေ့ချင်းက လီရှန်းကို သူမ၏ ဌာနသို့ လိုက်ပို့ပေးပြီးနောက် သူမအတွက် ရေနွေးကိုပါ ကိုယ်တိုင် ထည့်ပေးခဲ့ကာ အလွန်ပင် အလိုက်သိလွန်းနေလေ၏။

ဖန်ထုံတစ်ယောက် ထိုမြင်ကွင်းကို ကြည့်ပြီး မနာလိုဖြစ်ရပြန်၏။

သူမ၏ ခင်ပွန်းဖြစ်သူက သူမအပေါ် ကောင်းမွန်သော်လည်း ခံစားချက်ပိုင်းတွင် အနည်းငယ် ရိုးအလွန်းသည်။

“နင်တို့ ရှောင်စုကတော့ တကယ့်ကို တော်တာပဲ”

“တော်တာတော့ တော်ပါတယ်၊ ဒါပေမဲ့ မနေ့ညကတော့ တစ်ညလုံး လုံးဝ မအိပ်ဘဲနဲ့ ကလေးအတွက် ပုံပြင်စာအုပ် ရေးချင်တယ်ဆိုပြီး သူ့အတွေးနဲ့သူ စာတွေလျှောက်ရေးနေတာလေ၊ ကလေးတစ်ယောက်အတိုင်းပဲ”

လီရှန်းက အပြုံးတစ်ခုနှင့် ညည်းတွားလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှုများက ပြည့်နှက်နေခဲ့၏။

ဖန်ထုံက သူမကို အနည်းငယ် တွန်းလိုက်ပြီး ပြောလိုက်လေသည်။

“ဒါကို ဘာလို့ ခေါ်လဲ နင်သိလား၊ ဒါကို ကလေးဆန်တဲ့ နှလုံးသား ရှိတယ်လို့ ခေါ်တာ”

အတိုချုပ်ရလျှင် စုဝေ့ချင်း၏ အပြုအမူက အမျိုးသမီးငယ်များကြားတွင် အလွန်ပင် ရေပန်းစားလွန်းသည်။

သို့သော် အသက်ကြီးပိုင်း အမျိုးသမီးများကတော့ စုဝေ့ချင်း၏ အပြုအမူက အနည်းငယ် အစွန်းရောက်လွန်းသည်ဟု ခံစားရလေ့ရှိ၏။

ထိုနေ့ည ညစာစားပွဲတွင် လော်ယွီရှို့က ဤကိစ္စကို ပြက်လုံးတစ်ခုအနေဖြင့် ထပ်မံ၍ ပြောဆိုလာခဲ့ပြီး နောက်ဆုံးတွင် လီရှန်းကို နှစ်သိမ့်ပေးလိုက်လေသည်။

“သူတို့ ဘာတွေပဲပြောပြော မင်း စိတ်ထဲမထားနဲ့နော်၊ အဲဒီလူတွေက တစ်သက်လုံး ကောင်းကောင်းမနေခဲ့ရတော့ သူတို့ရဲ့ မကျေနပ်ချက်တွေကို ချွေးမတွေအပေါ် ပုံချချင်ကြတာ၊

မင်းကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပြီး နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေလိုက်စမ်းပါ၊ သူတို့ပြောချင်ရာ ပြောပါစေပေါ့”

“ဒါဆို ကျွန်မ ဝေ့ချင်းကို စိတ်ကြိုက် ခိုင်းလို့ရတာပေါ့နော်”

လီရှန်းက စနောက်လိုက်မိသည်။

“အမေက တကယ်ပဲ သူ့ကို သနားမနေဘူးလား”

“ဘာကို သနားရမှာလဲ၊ မင်းမှာ ကိုယ်ဝန်ရှိနေတာပဲ၊ သူ့ကို လုပ်ချင်တာ အကုန်ခိုင်းစမ်းပါ၊ အမေကတော့ လုံးဝ သနားမှာ မဟုတ်ဘူး”

လော်ယွီရှို့က တွန့်ဆုတ်ခြင်းမရှိဘဲ ရင်ဘတ်ကို ပုတ်လျက် အလွန်ပင် ရိုးသားဖြူစင်သော အမူအရာဖြင့် ပြောဆိုလိုက်လေ၏။

ယခုတစ်ကြိမ်တွင် လီရှန်းပင်လျှင် အံ့ဩသွားရတော့သည်။

*

အခန်း(242)

ယခုခေတ်ကာလရှိ ယောက္ခမများက အလွန်ပင် စည်းကမ်းကြီးလွန်းပြီး အိမ်တွင်းစည်းမျဉ်းများကို တင်းကျပ်စွာ ထားရှိတတ်ကြသည် မဟုတ်ပါလား။

အိမ်ခွဲမနေရသေးသော မိသားစုအများစုတွင် သားဖြစ်သူ၏ လစာကိုပင် မိခင်ထံသို့ အပ်နှံကြရသေး၏။

လော်ယွီရှို့က မူလကတည်းက စိတ်သဘောထား ပွင့်လင်းသူဖြစ်ကြောင်းကို သူမ သိရှိထားသော်လည်း ယခုကဲ့သို့ အတိုင်းအတာအထိ ပွင့်လင်းလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

“အဲဒီတုန်းကတော့ မင်းတို့ရဲ့အမေလည်း ငါ့ကို အကြီးအကျယ် နှိပ်စက်ခဲ့တာလေ”

စုဝေ့မင်က သတင်းစာကို ကိုင်ဆောင်လျက် တိတ်တဆိတ် ဝင်ပြောလိုက်လေ၏။

သူ၏ လေသံက အနည်းငယ် ညှို့မှိုင်းနေခဲ့လေသည်။

ထိုအချိန်က စုဝေ့မင်တစ်ယောက် ကလေးလေးယောက်ကို ပြုစုစောင့်ရှောက်ခဲ့ရသည်။

ယခု ပြန်လည်၍ တွေးတောကြည့်လျှင် သူက အမှန်တကယ်ပင် အနှိုင်းမဲ့ကောင်းမွန်သောသော အမျိုးသားကောင်းတစ်ဦး ဖြစ်သည်ဟု ခံစားရ၏။

လော်ယွီရှို့က သူ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်မက ကလေးမွေးပေးရတာလေ၊ ရှင်က ကျွန်မကို ပြုစုပေးတယ်ဆိုတာလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်ဘူးလား”

စုဝေ့မင်က ချက်ချင်းပင် တိတ်ဆိတ်သွားရလေတော့၏။

သူလည်းမတတ်နိုင်ပါချေ။

ထိုအချိန်က အိမ်ရှိ အဘွားစုက ကူညီခြင်းမရှိခဲ့သောကြောင့် လော်ယွီရှို့က စိတ်နာပြီး စုဝေ့မင်ကို ရည်ရွယ်ချက်ရှိရှိ ပိုမို၍ နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။

လီရှန်းအနေဖြင်် ဝတ္ထုထဲမှ ဤဇာတ်ကွက်အပိုင်းကို ဖတ်ရှုခဲ့ရချိန်က အလွန်ပင် စိတ်လှုပ်ရှားခဲ့ရ၏။

ပြန်လည်၍ တွေးတောကြည့်လျှင်လည်း လီရှန်းက စိတ်လှုပ်ရှားနေဆဲ ဖြစ်သော်လည်း ယခုအချိန်တွင် အနည်းငယ် ရှက်ရွံ့ရသည်။

သူမက သူမ၏ ယောက္ခမများ၏ ချစ်ခြင်းမေတ္တာ သမိုင်းကြောင်းကို ကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရလေ၏။

“ဟုတ်ပါတယ်အမေ၊ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ပေးရတာ သဘာဝပဲလေ”

စုဝေ့ချင်းက စိတ်အားထက်သန်စွာဖြင့် လက်မောင်းကို မြှောက်ပြလိုက်ပြီးနောက် လီရှန်း၏ လက်ကို ကိုင်ကာ ပြောလိုက်လေသည်။

“အခု လက်တလော လုပ်စရာအလုပ် မရှိသေးတာနဲ့ ကျွန်တော် ရှန်းရှန်းနဲ့အတူ လမ်းလျှောက်ရင်း ကုန်တိုက်ဘက် သွားပြီး ပစ္စည်းတချို့ သွားဝယ်လိုက်ဦးမယ်၊

မနက်ဖြန်ကျရင်တော့ ရှန်းရှန်းရဲ့ အဒေါ်ဆီကို သွားလည်ကြမလို့”

လော်ယွီရှို့က အမြန်ပင် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

“ဒါပေါ့၊ အခုဆိုရင် သုံးလရှိပြီဆိုတော့ အိမ်ပြန်ပြီး သတင်းကောင်းကို ပြောပြသင့်တယ်”

လီရှန်းကလည်း ရှက်ပြုံးလေးဖြင့် ပြန်လည်၍ တုံ့ပြန်လိုက်လေ၏။

ဇနီးမောင်နှံနှစ်ဦးက အပြင်သို့ ထွက်ခွာခဲ့ကြပြီး မှောင်ရိပ်ကို အခွင့်ကောင်းယူ၍ စုဝေ့ချင်းက လီရှန်း၏ လက်ကို ဆွဲကိုင်လိုက်လေသည်။

ဇနီးမောင်နှံငယ်နှစ်ဦးက ရင်းနှီးစွာဖြင့် ကုန်တိုက်ဘက်သို့ လျှောက်လှမ်းသွားကြသည်ကို မြင်ရသည့်အချိန်တွင် လော်ယွီရှို့အနေဖြင့် များစွာ ကြည်နူးနေမိတော့၏။

ဒါကမှ သူမ အမြင်ချင်ဆုံးသော မြင်ကွင်းပဲ။

ဇနီးမောင်နှံနှစ်ဦးက အဆင်ပြေချောမွေ့စွာဖြင့် အပြန်အလှန် စနောက်ရယ်မောနေကြလေသည်။

ကံမကောင်းစွာဖြင့် သူမက တခြားသော သားနှစ်ဦး၏ ပုံစံကို မတွေ့ရသေးသော်လည်း နောက်ဆုံးမှ အိမ်ထောင်ကျခဲ့သော ဤသားအငယ်ဆုံး၏ ပုံစံကို မြင်တွေ့လိုက်ရလေပြီ။

စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်သို့ ရောက်ရှိလာခဲ့လေပြီ။

ဇနီးမောင်နှံနှစ်ဦးလုံးက အလုပ်ပိတ်ရက်ဖြစ်သောကြောင့် အလုပ်သွားရန် မလိုပေ။

သူတို့က ကျန်းမိသားစုအိမ်သို့ သွားကြလိမ့်မည်။

ထို့ကြောင့် မနက်အစောကြီး ထခဲ့ကြပြီး မနက်ခင်း လူရှုပ်သော အချိန်ကာလ ကျော်လွန်သွားသည်အထိ စောင့်ဆိုင်းပြီးမှ ခြင်းတောင်းများကို သယ်ဆောင်လျက် ကျန်းမိသားစုအိမ်သို့ ထွက်ခွာခဲ့ကြလေ၏။

ကျန်းကျူးရိကလည်း ထိုသတင်းကို အစောကြီးကတည်းက ရရှိထားခဲ့လေသည်။

ဖန်ချင်းက မနက်အစောကြီးကတည်းက အပြင်သို့ထွက်၍ ဟင်းချက်စရာများစွာကို ဝယ်ယူခဲ့လေ၏။

သူက တစ်လလျှင် တစ်ကြိမ်သာ အိမ်ပြန်ခွင့်ရသော သားဖြစ်သူ ကျန်းချောင်ကို လှမ်း၍ ညွှန်ကြားလိုက်လေသည်။

“မင်းရဲ့ ဝက်ခြံလို ညစ်ပတ်နေတဲ့ အခန်းကိုလည်း သေသေချာချာ သန့်ရှင်းရေးလုပ်ထားဦး၊ ယောက်ဖက လာပြီး လှောင်ရယ်နေဦးမယ်”

ကျန်းချောင်က အနည်းငယ် နားမလည်ဟန်ဖြင့် ပြောလိုက်လေ၏။

“အမေ၊ ကျွန်တော်က တစ်လမှာ သုံးရက်ပဲ အိမ်မှာနေရတာပါနော်”

ဒါကိုပဲ သူရဲ့ အခန်းကို ဝက်ခြံဟု ခေါ်နေမှာလား။

ထို့အပြင်..

“ကျွန်တော့ရဲ့ အခန်းက မရှုပ်ပါဘူး”

“ဘာပဲဖြစ်ဖြစ် သန့်ရှင်းရေးလုပ်ရမှာပဲ၊ နင့်အစ်မက ပြန်လာတာရှားတယ်၊ သူမကို စိုးရိမ်ပူပန်စရာတွေ မပေးပါနဲ့ဦး”

လီရှန်းက သူမ၏ မောင်အငယ်ဆုံးဖြစ်သော ကျန်းချောင်ကို အလွန်ပင် ချစ်ခင်သည်။

ကျန်းချောင် တစ်ခုခု စားချင်သောက်ချင်တိုင်း လီရှန်းက အမြဲတစေ ပြုလုပ်ပေးလေ့ရှိ၏။

သူမတွင် ငွေမရှိချိန်က ကိစ္စမရှိသော်လည်း ယခုအချိန်တွင် အိမ်ထောင်ကျ၍ ငွေကြေးရှိလာပြီဖြစ်၍ သူမက သူ့အတွက် ပစ္စည်းများကိုပါ ဝယ်ယူပေးလာနိုင်သည်။

ကျန်းချောင်က သူ၏ နှာခေါင်းကို သုတ်လိုက်ရင်း မိခင်ဖြစ်သူက မဆိုင်သောအရာများကို စိုးရိမ်ပူပန်နေသည်ဟု ခံစားလိုက်ရ၏။

လီရှန်းနှင့် စုဝေ့ချင်းတို့ အိမ်သို့ ရောက်ရှိလာချိန်တွင် ကျန်းချောင်က အိမ်ကို သုံးကြိမ်ခန့် သုတ်သင်ပြီးစီးနေပြီဖြစ်သည်။

သူက သူတို့နှစ်ဦးကို မြင်လိုက်ရချိန်တွင်မှ သက်ပြင်းချနိုင်တော့ပြီး ပြောလိုက်လေ၏။

“အစ်မတို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ၊ တကယ်လို့ အစ်မတို့သာ ထပ်ပြီး မလာသေးရင် ကျွန်တော့အမေက နံရံပေါ်က ထုံးတွေကိုပါ ခြစ်ခိုင်းတော့မှာ”

“သွားစမ်းပါ၊ ဘာတွေ လျှောက်ပြောနေတာလဲ”

ဖန်ချင်းက ဆေးကြောထားသော ပန်းသီးများကို ယူဆောင်လာပြီး လီရှန်း၏ အရှေ့သို့ တိုးပေးလိုက်ကာ ပြောလိုက်လေ၏။

“ရှန်းရှန်း၊ ပန်းသီးစားပါဦး၊ နင့်ဦးလေးက မနေ့တုန်းက ရွာကိုပြန်ပြီး တောင်ပေါ်ကနေ ကိုယ်တိုင် သွားခူးလာခဲ့တာလေ”

“အခု ရွာထဲက အခြေအနေတွေ ဘယ်လိုရှိလဲ၊ ပြဿနာရှာတဲ့လူတွေ ရှိနေတုန်းပဲလား”

လီရှန်းက ပန်းသီးတစ်လုံးကို ယူလိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေသည်။

“ဘာတွေ ပြဿနာရှာနေရမှာလဲ၊ အဓိကက ငွေရှာဖို့ပဲလေ၊

အထက်က တာဝန်အသစ်တစ်ခုကို ထပ်ပြီး ချမှတ်ထားလို့ အဖွဲ့အစည်းကလည်း ဒါကို တကယ့်ကို အလေးအနက် ထားနေတာ၊

တကယ်လို့ သူတို့ မလုပ်ချင်ရင်လည်း လုပ်မယ့်လူတွေ ရှိတာပဲ”

ဖန်ချင်းက နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြီးခဲ့သည့်လက ရွာထဲတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များကို ရယ်စရာတစ်ခုအဖြစ် တွေးမိနေခဲ့သည်။

ရှန်းရှန်းက အိမ်ထောင်ကျသွားခဲ့ပြီ ဖြစ်သော်လည်း ကျန်းရွာက လူများကို မေ့လျော့ခြင်း မရှိပေ။

သူမက တရုတ်တိုင်းရင်းဆေးပင်များကို စိုက်ပျိုးခွင့် အရည်အချင်းကို ရရှိအောင် ဆောင်ရွက်ပေးခဲ့သော်လည်း လူချို့က ပြဿနာရှာနေကြဆဲ ဖြစ်၏။

နောက်ဆုံးတွင် အဖွဲ့အစည်း၏ အတွင်းရေးမှူးကိုယ်တိုင် ဝင်ရောက် ဖြေရှင်းပေးမှသာ ကိစ္စရပ်များက တည်ငြိမ်သွားခဲ့သည်။

ဒါပေါ့...

ကျန်းကျူးရိကလည်း ခွင့်ယူ၍ ရွာသို့ ပြန်သွားခဲ့လေ၏။

သူက ခရိုင်ထဲရှိ စက်ရုံကြီးတစ်ခု၏ ကေဒါတစ်ဦးဖြစ်ပြီး သားဖြစ်သူများကလည်း စစ်တပ်ထဲ သို့ ဝင်ရောက်ထားကြသည်။

ထို့အပြင် တစ်ဦးတည်းသော တူမဖြစ်သူကလည်း ပြည်နယ်မြို့တော်ရှိ ဆေးဝါးစက်ရုံကြီးတစ်ခုသို့ ဝင်ကာ ထိုစက်ရုံမှ အရာရှိမိသားစုနှင့် အိမ်ထောင်ကျထားသူဖြစ်လေ၏။

ရွာထဲရှိ ဦးလေး၊ အဒေါ်များ၏ အမြင်တွင် သူက အအောင်မြင်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံး လူတစ်ဦး ဖြစ်သည်။

သူက ရွာသို့ပြန်၍ စကားတစ်ခွန်းကို ပြောဆိုလိုက်ခြင်းက အဖွဲ့ခေါင်းဆောင် ပြောသည်ထက်ပင် ပိုမို၍ လူများကို ယုံကြည်စေနိုင်၏။

သူ စိုက်ပျိုးထားသော ဆေးဘက်ဝင် အပင်များသာ စံနှုန်းနှင့် ကိုက်ညီပါက ပြည်နယ်မြို့တော်ရှိ ဆေးဝါးစက်ရုံက အရာအားလုံးကို လက်ခံဝယ်ယူလိမ့်မည်ဟု ပြောခဲ့သည်။

သူက ထိုသို့ပြောဆိုလိုက်သည်နှင့် တင်းမာမှုအားလုံးက ကွယ်ပျောက်သွားခဲ့ရပြီး လူတိုင်းက နည်းပညာရှင်၏ အနောက်သို့ လိုက်လံလျက် ပညာရပ်များကို လိမ်မာစွာ သင်ယူကြလေတော့၏။

သူ၏ လူများကို စည်းရုံးနိုင်စွမ်းက အဖွဲ့အတွင်းရေးမှူးကို အလွန် မနာလိုဖြစ်စေခဲ့သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့၊ အဒေါ်၊ ကျွန်မယောက္ခမက ဒါကို ပြောပြတုန်းက ကျွန်မ ဘယ်လောက်တောင် စိုးရိမ်နေခဲ့လဲ မသိဘူး၊

စက်ရုံက တခြားနေရာကို ပြောင်းလဲဝယ်ယူသွားမှာကို စိုးရိမ်နေခဲ့တာ”

လီရှန်းက ကိစ္စရပ်များက ပြေလည်သွားသည်ကို မြင်ရသည့်အချိန်မှ စိတ်အေးသွားရတော့၏။

အကယ်၍ သူမ၌ အရည်အချင်းရှိခဲ့ပါက သူမက သူမ၏ ဦးလေးအတွက် ဂုဏ်သိက္ခာ ရှိအောင် ဆောင်ရွက်ပေးချင်မိသည်။

အဓိကအားဖြင့် ထိုဒေသ၏ မြေဆီလွှာက ဆေးဘက်ဝင်အပင်များကို စိုက်ပျိုးရန် အလွန်ပင် သင့်တော်ခြင်းကြောင့် ဖြစ်၏။

ဆေးဝါးစက်ရုံသာ ပျက်စီးခြင်းမရှိသရွေ့ သူမ၏ ဇာတိမြေမှ တရုတ်တိုင်းရင်းဆေး စိုက်ပျိုးသူများက အလုပ်လက်မဲ့ ဖြစ်စရာ အကြောင်းမရှိပေ။

နောင်တစ်ချိန်တွင် ထိုဒေသက ဆေးဘက်ဝင်ပင် စိုက်ပျိုးရေး အခြေစိုက်စခန်းတစ်ခုပင် ဖြစ်လာနိုင်သည်ကို မည်သူက သိနိုင်ပါမည်နည်း။

“အစ်မ၊ ကျွန်တော့ရဲ့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က အိမ်ကို မှိုတွေအများကြီး ပို့ပေးထားတယ်၊ ဒီနေ့ည အိမ်ပြန်ရင် အစ်မတချို့ သယ်သွားဦးမလား”

ကျန်းချောင်က သူ၏ အရပ်ရှည်ရှည်ပြီး ထွားကြိုင်းသည့် ခန္ဓာကိုယ်ကြီးဖြင့် ထိုင်ခုံအသေးလေးပေါ်တွင် ခပ်ကုန်းကုန်း ထိုင်နေခဲ့ပြီး မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းလေးများဖြင့် ကြည့်နေခဲ့လေသည်။ သူ့၏အမူအရာမှာ သနားစရာကောင်းသော ကလေးငယ်လေးတစ်ဦးနှင့်ပင် တူနေခဲ့သည်။

“ရတာပေါ့၊ ဒီနေ့ည ပြန်ရင် ငါ နည်းနည်းလောက် ယူသွားမယ်”

လီရှန်းက ထိုသို့ပြောလိုက်သည့်အချိန်မီသာ ကျန်းချောင်၏ မျက်လုံးများက တောက်ပသွားရလေတော့၏။

ထိုစကားက လီရှန်းအနေဖြင့် အိမ်တွင် အနည်းဆုံး ညနေခင်းအထိ နေထိုင်လိမ့်မည်ဟု ဆိုလိုခြင်းပင်။

သူက စိတ်လှုပ်ရှားစွာဖြင့် သူမထံသို့ လှမ်း၍ ဖက်ရန်အတွက် ပြေးဝင်ခဲ့တော့၏။

လီရှန်းတစ်ယောက် အဖက်ခံရတော့မည့်ဆဲဆဲမှာပင် စုဝေ့ချင်းက ထိတ်လန့်သော အမူအရာဖြင့် ရုတ်တရက် ထရပ်လိုက်ပြီး ဆန့်ကျင်ဘက် အရပ်မျက်နှာမှနေ၍ သူမ၏ အရှေ့သို့ တိုးဝင်ပြီး ကျန်းချောင်ကို လှမ်းဖက်လိုက်လေသည်။

ထို့နောက် ခြံဝင်းထဲ၌ အကြိမ်ကြိမ် ပတ်ချာလည်အောင် အရှိန်ပြင်းစွာဖြင့် ဝှေ့ယမ်းလိုက်တော့၏။

ခြင်းတောင်းကို ကိုင်ဆောင်ထားသော ဖန်ချင်း : “...”

သူမက သားဖြစ်သူနှင့် သားမက်ဖြစ်သူတို့က ဆက်ဆံရေးကောင်းမွန်ကြောင်းကို သိထားသော်လည်း ဤမျှအထိ ကောင်းလွန်းနေလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

ကျန်းချောင်ကလည်း အံ့အားသင့်သွားသော အမူအရာဖြင့် စုဝေ့ချင်းကို စိုက်ကြည့်နေမိ၏။

စုဝေ့ချင်းက ချက်ချင်းပင် ခန္ဓာကိုယ်ကို ပြန်လည်၍ ထိန်းညှိလိုက်ပြီး ခါးကိုလက်ဖြင့် ထောက်လျက် အလျင်အမြန်ပင် ရှင်းပြလိုက်ရသည်။

“ရှန်းရှန်းမှာ ကိုယ်ဝန်ရှိနေပြီလေ၊ အဲဒီလိုမျိုး အရှိန်ပြင်းပြင်း လာပြီး ဖက်လို့ ဘယ်ဖြစ်မလဲ”

ထိုမျှတင်မကသေးပေ။

သူက အသက်ဆယ့်ငါးနှစ်အရွယ် ကောင်လေးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် လအနည်းငယ်အတွင်းမှာပင် အရပ်က အများစွာ ရှည်ထွက်လာခဲ့၍ လူများကို ဤကဲ့သို့ လှမ်း၍ ခုန်ဖက်ရန်က အမှန်တကယ်ပင် မသင့်တော်တော့ပေ။

စာရေးသူ၏ မှတ်ချက် :

ကျန်းချောင် : ကျွန်တော်က ပျော်လွန်းလို့ စိတ်လှုပ်ရှားသွားရုံလေးပါ။

All Chapters