← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း(243)

“ကိုယ်ဝန်ရှိနေပြီ ဟုတ်လား”

ကျန်းချောင် တစ်ယောက် မည်သည့်စကားမှပြန်မပြောနိုင်သေးမီမှာပင် ဖန်ချင်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိတော့သည်။

“ဟုတ်ပါတယ်အဒေါ်”

လီရှန်းက အနည်းငယ် ရှက်ရွံ့စွာပြုံးကာ ခေါင်းကို ညိတ်ပြလိုက်ရင်းပြောလိုက်လေ၏။

“အဒေါ်၊ အသံလေး နည်းနည်း တိုးပေးဦး”

ဖန်ချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပြောလာခဲ့လေသည်။

“ကောင်းပြီ၊ ကောင်းပြီ၊ အဒေါ် အသံကျယ်ကျယ်မပြောတော့ဘူး၊ ကလေးလေး လန့်သွားမှာစိုးရတယ်”

သူမက မူလက စိတ်လှုပ်ရှားနေခဲ့သော်လည်း နောက်ပိုင်းတွင် စိုးရိမ်ပူပန်မှုများက ဖြစ်ပေါ်လာခဲ့ပြီး ဆူပူလေတော့၏။

“မင်းကတော့.. ဒီသတင်းကို ရှောင်စုကိုပဲ လာပြောခိုင်းလိုက်ရင် ရတာကို၊

ဘာလို့ ဘတ်စ်ကားကို ကိုယ်တိုင် စီးပြီး လာရတာလဲ၊ လူတွေ ဒီလောက် တိုးဝှေ့နေတာကို တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“သုံးလရှိပြီဆိုတော့ ဘာမှမဖြစ်ပါဘူး ”

လီရှန်းက အနည်းငယ် ရယ်ချင်သွားရ၏။

သူမက ကိုယ်ဝန်ရှိရုံသက်သက်သာ ရှိသေးသော်လည်း ဆွေမျိုးများ၏ အမြင်တွင် သူမက ထိလိုက်ရုံနှင့် ကွဲအက်သွားမည့် ဖန်ရုပ်လေးတစ်ရုပ်ကဲ့သို့ ဖြစ်နေခဲ့လေပြီ။

“မင်း ဘာမှနားမလည်သေးဘူး၊ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ပြီဆိုရင် ဘယ်နှလပဲဖြစ်ဖြစ် အန္တရာယ်ရှိတာချည်းပဲ၊

သုံးလကျော်ရင် ကိုယ်ဝန်တည်ငြိမ်သွားပြီဆိုတဲ့ တခြားလူတွေရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို လျှောက်မယုံနဲ့”

ဖန်ချင်းက လီရှန်း၏ လက်မောင်းကို အပြစ်တင်သည့်အမူအရာဖြင့် ရိုက်လိုက်ပြီး စကားပြောရင်း လေသံကိုပါ သိသာစွာ မြှင့်လိုက်လေ၏။

သူမက မည်သူ့ကို ရည်ရွယ်၍ ပြောနေခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

လီရှန်းအနေဖြင့် မည်သည့်အရာမှတတ်နိုင်ခြင်းမရှိရုံသာမက ဘေးရှိ စုဝေ့ချင်းပင်လျှင် စကားပြန်မပြောရဲတော့ပေ။

“အဒေါ်၊ ကျွန်တော်က ရှန်းရှန်းကို အဖိုးတန်ရတနာတစ်ပါးလို ဂရုစိုက်နေတာပါ၊ သူမကို ဘယ်လိုလုပ်ပြီး အပင်ပန်းခံခိုင်းပါ့မလဲ”

စုဝေ့ချင်းက ဖန်ချင်းက အဘယ်ကြောင့် ဆဲဆိုနေရကြောင်းကို နားလည်ထားသည်။

မည်သို့ပင်ဖြစ်စေ သမီးမိန်းကလေးတစ်ဦးက အိမ်ထောင်ကျပြီးနောက် အပြင်ထွက်သွားချိန်တွင် မိဘများက အမြဲတစေ ဂရုမစိုက်နိုင်တော့သောကြောင့် အိမ်ပြန်လာချိန်တွင် ဆုံးမခြင်းကိုခံရခြင်း သဘာဝကျပေ၏။

ထိုအချိန်မှ ဖန်ချင်းက စိတ်ကျေနပ်သွားလေတော့၏။

ထို့အပြင် သူမကို ပိုမို၍ စိတ်ကျေနပ်စေမည့် အချက်တစ်ခု ရှိသေးသည်။

ထိုအရာက စုဝေ့ချင်းက စက်ရုံ၏ အိမ်ရာခွဲဝေမည့် အစီအစဉ်ကို ပြောပြလိုက်ခြင်းပင်။

ဖန်ချင်း ပို၍ပင် စိတ်လှုပ်ရှားသွားရပြီး ပြောလိုက်လေသည်။

“တိုက်ခန်းတွေ ခွဲဝေပေးမှာ ဟုတ်လား၊ ဒါက တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ”

“ဟုတ်ပါတယ်အဒေါ်၊ အဆင်ပြေချင်တော့ ကျွန်တော်တို့ရဲ့ ဘေးအိမ်က အိမ်နီးနားချင်းက တိုက်ခန်းအသစ်ကို ပြောင်းချင်နေတာနဲ့ အဲဒီအိမ်ကို ကျွန်တော်တို့ ယူဖို့ စီစဉ်လိုက်တာ၊

ဒါဆိုရင် မိဘတွေနဲ့လည်း ပိုပြီး နီးနီးနားနား နေရသလို နောက်ပိုင်းကျရင်လည်း သူတို့က ကျွန်တော်တို့ကို ကူညီပေးနိုင်တာပေါ့”

စုဝေ့ချင်းက လီရှန်း၏ တခြားလက်တစ်ဖက်ကို ဆွဲကိုင်၍ ဆုပ်နယ်လိုက်ရင်း ပြောလိုက်လေသည်။

“အဲဒီအဆောက်အအုံမှာ နေတဲ့လူတွေက လူတိုင်း အိမ်နီးနားချင်းဟောင်းတွေချည်းပဲမလို့ တစ်ဦးကိုတစ်ဦး သေသေချာချာ သိကြတော့ နောက်ပိုင်းကျရင် ပဋိပက္ခတွေ ဖြစ်စရာ အကြောင်းမရှိပါဘူး”

“ဒါဆိုရင်တော့ တကယ့်ကို အဆင်ပြေတာပေါ့”

ထိုအိမ်က စုမိသားစု နေထိုင်သော အဆောက်အအုံဟောင်းလေး

ထဲမှာပင် ရှိသည်ဟု ကြားလိုက်ရသည့်အချိန်တွင် ဖန်ချင်းမှာ ပိုမို၍ ဝမ်းမြောက်သွားရလေတော့၏။

ဆေးဝါးစက်ရုံ၏ ဝန်ထမ်းအိမ်ရာများက အထည်လိပ်စက်ရုံကဲ့သို့ သီးခြားအဆောက်အအုံမျိုး မဟုတ်သော်လည်း အဆင့်မြင့်အိမ်ရာများအဖြစ် သတ်မှတ်ထားသည်။

အထူးသဖြင့် စုမိသားစု နေထိုင်သောအဆောက်အအုံက စက်ရုံ၏ အဆင့်မြင့်ကေဒါများသာ အများဆုံး နေထိုင်ကြသော နေရာဖြစ်လေ၏။

အကယ်၍ ဤကလေးသာ ထိုကဲ့သို့သော ဝန်ထမ်းအိမ်ရာထဲတွင် ကြီးပြင်းလာခဲ့လျှင် စာပေယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကို ခံရပြီး နောင်တစ်ချိန်တွင် အဆင့်မြင့် ကေဒါတစ်ဦး သေချာပေါက် ဖြစ်လာနိုင်ပေလိမ့်မည်။

စက်မှုယန္တယားစက်ရုံက ဤကဲ့သို့ ကောင်းမွန်စွာ စီမံကိန်းချနိုင်ခြင်း မရှိသောကြောင့် ကျန်းကျူးရိအနေဖြင့် ကလေးများအတွက် ကေဒါအဆောက်အအုံမျိုးကို မတည်ဆောက်ပေးနိုင်ခဲ့ပေ။

“ဒါဆိုရင်တော့ ငါ ဟင်းရည်တစ်အိုး ထပ်ပြီး ချက်ရတော့မယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ဟင်းရည်များများ သောက်မှ ကလေးက အာဟာရ ပြည့်ပြည့်ဝဝ ရမှာ”

ဖန်ချင်းက အလျင်အမြန်ပင် ထရပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ထွက်သွားခဲ့သည်။

အိမ်ရှေ့ခန်းထဲ၌ ဇနီးမောင်နှံငယ်နှစ်ဦးနှင့် ကြောင်အန်းအန်း ဖြစ်နေသော ကျန်းချောင်သာ ကျန်ရစ်ခဲ့တော့၏။

ဇနီးမောင်နှံနှစ်ဦးက အချင်းချင်း စနောက်နေခဲ့ကြသည်။

သူတို့က တစ်ဦးကိုတစ်ဦး ချစ်ခင်စွာဖြင့် မှီတွဲနေကြသော်လည်း မည်သူကမျှ ကျန်းချောင်ကို သတိပေးခြင်း မပြုကြပေ။

ကျန်းချောင်တစ်ယောက် သတိပြန်ဝင်လာသည့် အချိန်ကျမှသာ သူတို့အားလုံးက ပြိုင်တူ ရယ်မောမိကြတော့၏။

ကျန်းချောင်က မူးဝေစွာဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးပြလျက် အလွန်ပင် မယုံကြည်နိုင်သည့်ပုံဖြင့် မေးလိုက်လေ၏။

“ကျွန်တော်..ကျွန်တော် ဦးလေးဖြစ်တော့မှာပေါ့.. ဟုတ်လား”

“ဒါပေါ့”

စုဝေ့ချင်းက ခန္ဓာကိုယ်ကိုကိုင်းလျက် ကျန်းချောင်၏ လည်ပင်းကို လှမ်းဖက်လိုက်ပြီး ပြောလိုက်လေသည်။

“ဦးလေး၊ နောက်လနည်းနည်းကြာရင် မင်းရဲ့ တူမလေး မွေးဖွားလာတော့မှာနော်၊

လူချင်းတွေ့တဲ့အချိန်ကျရင်လက်ဆောင်ပေးဖို့ မမေ့နဲ့ဦး”

လူချင်းတွေ့တဲ့အချိန်ကျရင်လက်ဆောင်ပေးရမယ် ဟုတ်လား။

ကျန်းချောင်၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားရတော့၏။

သူ့ထံတွင် ငွေကြေးမရှိပေ။

တစ်ခဏအတွင်း ကျန်းချောင်က သူ၏ ပိုက်ဆံအိတ်လေးက ကျုံ့သွားသကဲ့သို့ ခံစားလိုက်ရတော့၏။

ကျန်းကျူးရိက ဟင်းချက်စရာများကို အမြန်ဝယ်ယူ၍ အိမ်သို့ ပြန်ရောက်လာခဲ့သည်။

သူက လီရှန်းတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ကြားသိလိုက်ရချိန်တွင် အလွန်ပင် ဝမ်းမြောက်သွားရတော့၏။

သူက နေ့လယ်စာစားချိန်တွင် ဝိုင်တစ်ခွက်ကိုပင် ပိုမို၍ သောက်သုံးခဲ့ပြီး မွန်းလွဲပိုင်းတစ်လျှောက်လုံး နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။

ထိုအတောအတွင်း ဖန်ချင်းက ဘီဒိုကို လှန်လှောရှာဖွေခဲ့ပြီး နောက်ဆုံးတွင် အရောင်အသွေးစုံလင်သော ကလေးအင်္ကျီအသေးလေးများကို ရှာဖွေတွေ့ရှိခဲ့၏။၊

ထိုအရာအားလုံးက လီရှန်း ငယ်စဉ်က ဝတ်ဆင်ခဲ့သော အဝတ်အစားများ ဖြစ်ကြသည်။

သို့သော် ဤအဝတ်အစားများက သုံးနှစ် သို့မဟုတ် လေးနှစ်အရွယ် ကလေးများအတွက်သာ သင့်တော်ပေလိမ့်မည်။

“ငါတို့ကျန်းမိသားစုမှာ သမီးဆိုလို့ ရှန်းရှန်းတစ်ယောက်ပဲ ရှိတာ၊

ယောက်ျားလေးတွေကတော့ အင်္ကျီတွေကို မျှဝေဝတ်ဆင်နိုင်ကြပေမဲ့ သမီးမိန်းကလေးကိုတော့ အပြာရောင်နဲ့ မီးခိုးရောင် အင်္ကျီညစ်ပတ်တွေကို မဝတ်ခိုင်းနိုင်ပါဘူး၊

အဲဒါကြောင့် ရှန်းရှန်း ငယ်ငယ်က ဝတ်ခဲ့တဲ့ အင်္ကျီတွေအားလုံးက အသစ်စက်စက်တွေဖြစ်ပြီး အရောင်တွေကလည်း အရမ်းလှတယ်၊

နင်တို့ ကြည့်ပြီး ဝတ်လို့ရတာရှိရင် ရွေးသွားကြဦး၊ အိမ်သယ်သွားပြီး ကလေးကို ဝတ်ခိုင်းလိုက်ပါ”

စုဝေ့ချင်းက ဒူးထောက်ထိုင်လျက် ထိုအဝတ်အစားများကို လှန်လှောကြည့်ရှုလေတော့၏။

အဝတ်အစား အရေအတွက်က များစွာမရှိသော်လည်း အရာအားလုံးက သန့်ရှင်းစင်ကြယ်နေပြီး မည်သည့် စုတ်ပြဲခြင်း သို့မဟုတ် အရောင်လွင့်ခြင်းမျှ မရှိပေ။

ကြည့်ရသည်က လီရှန်းက ငယ်စဉ်ကတည်းက ငြိမ်သက်ပြီး သန့်ရှင်းမှုကို နှစ်သက်သော မိန်းကလေးငယ်တစ်ဦး ဖြစ်ခဲ့လိမ့်မည်။

“ကျွန်မ မှတ်မိသေးတယ်၊ ငယ်ငယ်တုန်းက ဦးလေးက ကျွန်မအတွက် သိုးမွေးအပ်တွေနဲ့ သိုးမွေးဘောင်းဘီကို ကိုယ်တိုင် ထိုးပေးခဲ့တာလေ”

လီရှန်းက ထိုအင်္ကျီအသေးလေးများကို မြင်ရသည့်အချိန်တွင် အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

သူမက ကျန်းမိသားစုသို့ ပြန်ရောက်ရှိချိန်တွင် ကျန်းရှင်းမင်က လူပျိုပေါက်အရွယ်သာ ရှိသေး၏။

သူက သူ၏ တူမငယ်လေးက သနားစရာဖြစ်နေသည်ကို မြင်တွေ့ရသည့်အချိန်တွင် မျက်ရည်များက ဝဲလျက် သူနှစ်ပေါင်းများစွာ စုဆောင်းထားသော ငွေကြေးများကို ယူဆောင်ပြီး အတန်းဖော်တစ်ဦးထံမှ သိုးမွေးချည်မျှင်များကို ဝယ်ယူစေခဲ့သည်။

ထို့နောက် သူမအတွက် သိုးမွေးဘောင်းဘီတစ်ထည်ကို သူကိုယ်တိုင် ထိုးပေးခဲ့လေ၏။

သူက မူလက အင်္ကျီတစ်စုံလုံးကို ထိုးပေးချင်ခဲ့သော်လည်း ငွေကြေး မလုံလောက်သောကြောင့် နောက်ဆုံးတွင် ဘောင်းဘီကိုသာ ရွေးချယ်ပေးခဲ့ခြင်းဖြစ်၏။

“ဒီမှာလေ၊ ဒါ အဲဒီဘောင်းဘီပဲ”

ဖန်ချင်းက အဝတ်အစားများထဲမှ အနီရင့်ရောင် သိုးမွေးဘောင်းဘီအသေးလေးတစ်ထည်ကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။ ထိုဘောင်းဘီ အတော်လေးကို ကြည့်ကောင်းနေဆဲ ဖြစ်သည်။

လီရှန်းက ထိုဘောင်းဘီလေးကို ကိုင်ဆောင်လျက် မျက်ဝန်းထဲတွင် လွမ်းဆွတ်မှုများက ပြည့်နှက်နေခဲ့၏။

ဖန်ချင်းက တခြားသော အဝတ်အစား အနည်းငယ်ကိုပါ ထပ်မံ၍ ထုတ်ယူလိုက်ပြီး ထိုအဝတ်အစားများကို မည်သူက မည်သည့်အချိန်တွင် ပေးခဲ့သည်ဟူသော အချက်ကိုပါ သေသေချာချာ ရှင်းပြနေခဲ့လေသည်။

ထိုအကြောင်းအရာများက လီရှန်းကိုယ်တိုင်ပင် မေ့လျော့နေခဲ့လေပြီ။

ဤအဝတ်အစားများကို မြင်တွေ့ရသည့်အချိန်တွင် လီရှန်းက ခဏမျှ ငေးမှိုင်သွားရတော့သည်။

အဘယ်ကြောင့် သူမ၏ ယခင်ဘဝက ဤကမ္ဘာပေါ်တွင် သူမကို ချစ်မည့်သူ မည်သူမျှမရှိဟု ခံစားခဲ့ရပါသနည်း။

သူမက သူမကိုယ်သူမ နောက်တစ်ကြိမ် ပြန်လည်၍ မေးခွန်းထုတ်မိသွားရပြန်သည်။

ညစာက ပိုမို၍ စည်ကားလွန်းသော်လည်း ဟင်းလျာများ၏ အရသာက နေ့လယ်စာထက် ပိုမို၍ ပေါ့ပါးလွန်း၏။

နေ့လယ်စာက မူလကတည်းက ကြိုတင်၍ ပြင်ဆင်ထားခြင်းဖြစ်၍ ပြောင်းလဲရန်အတွက် မလွယ်ကူပေ။

သို့သော် ဤညစာက ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဂရုစိုက်ရန်အတွက် သီးသန့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။

ကျန်းကျူးရကတော့ စားသောက်ပြီးနောက်တွင် သူ၏ ပါးစပ်က လုံးဝ ပေါ့ပျက်ပျက် ဖြစ်နေသည်ဟု ခံစားလိုက်ရတော့၏။

ညစာစားပြီးနောက်တွင် ဖန်ချင်းက သူတို့ကို အိမ်၌ ဆက်မနေခိုင်းတော့ပေ။

စက်ရုံ တံခါးမပိတ်မီ အိမ်သို့ အမြန်ပြန်ရန်အတွက် သူမက တိုက်တွန်းလိုက်လေသည်။

“အခုအချိန်မှာ ဘတ်စ်ကားပေါ်မှာ လူ အရမ်းမများသေးဘူး၊ ဒါမှ နင်တို့ ပြန်ရင် ထိုင်ခုံရမှာပေါ့”

ထို့ကြောင့် ဇနီးမောင်နှံငယ်နှစ်ဦးက အိမ်သို့ ပြန်ရန်အတွက် ဘတ်စ်ကားပေါ်သို့ စောစီးစွာ တက်ရောက်ခဲ့ကြသည်။

ယခုအချိန်တွင် ဘတ်စ်ကားပေါ်၌ လူများစွာ မရှိသေးပေ။

ဇနီးမောင်နှံငယ်နှစ်ဦးက စကားပြောဆို ရယ်မောရင်း ဆေးဝါးစက်ရုံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

သို့သော် သူတို့က စက်ရုံတံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် လော်စပီကာမှနေ၍ စုဝေ့မင်၏ အသံက ထွက်ပေါ်လာခဲ့သည်။

“ဌာနဆိုင်ရာ ခေါင်းဆောင်များအားလုံး ပြည်သူ့ခန်းမဆောင်ကြီးထဲ၌ ကျင်းပမည့် အစည်းအဝေးသို့ ချက်ချင်း တက်ရောက်ပေးကြပါရန်..”

*

အခန်း(244)

စုဝေ့ချင်း : “...”

သူက ဤအစည်းအဝေးအကြောင်းကို အဘယ်ကြောင့် ကြိုတင်မသိရှိခဲ့ပါသနည်း။

“သွားပြီး တစ်ချက်လောက် ကြည့်လိုက်ဦးလေ”

လီရှန်းသည်လည်း စုဝေ့ချင်းကအတွင်းရေးမှူးရုံး၏ ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ယခုကဲ့သို့သော အစည်းအဝေးမျိုးတွင် ရှိနေသင့်သည်ဟုယူဆသည်။

သူရှိနေပါက မှတ်တမ်းတင်ရန်ဖြစ်စေ၊ စာရွက်စာတမ်းကိစ္စများကို ဆောင်ရွက်ရန်ဖြစ်စေ၊ သို့မဟုတ် စားပွဲရွှေ့ရန်ဖြစ်စေ ကူညီနိုင်လိမ့်မည်။

စုဝေ့ချင်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

“မင်းကို အိမ်အရင်လိုက်ပို့ပေးမယ်လေ”

“ကျွန်မက စက်ရုံတံခါးဝကို ရောက်နေပြီလေ၊ တစ်စုံတစ်ယောက်က ကျွန်မကို လာပြီး ဒုက္ခပေးမှာကို စိုးရိမ်နေတာလား”

လီရှန်းက အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

စုဝေ့ချင်း စိတ်ရှုပ်ထွေးသွားရတော့၏။

နောက်ဆုံးတွင် လီရှန်းက သူ့ကို ထပ်မံ၍ ဖျောင်းဖျလိုက်သောကြောင့် စုဝေ့ချင်းက သူမကို လမ်းခရီးတွင် သတိထားသွားရန် အထပ်ထပ်မှာပြီးမှသာ ပြည်သူ့ခန်းမဆောင်ကြီးဘက်သို့ လှည့်ထွက်ခဲ့တော့၏။

ဤအစည်းအဝေးက ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်

သောကြောင့် စုဝေ့မင်က စုဝေ့ချင်းတစ်ယောက် အချိန်မီ ပြန်မလာနိုင်တော့ဟုပင် ထင်မှတ်ထားခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ စုဝေ့ချင်းက ပြည်သူ့ခန်းမဆောင်ထဲ၌ ပေါ်လာခဲ့လေ၏။

သူက စုဝေ့ချင်း၏ နောက်ကျောကို ပုတ်လိုက်ပြီး ညွှန်ကြားလိုက်လေသည်။

“လောင်ယိုရဲ့ အနောက်ကိုလိုက်ပြီး ရှုဝမ်ချန်ကို ကူညီပေးလိုက်ဦး”

စုဝေ့ချင်းတစ်ယောက် အစည်းအဝေး၏ အသေးစိတ်အချက်အလက်များကို သေချာမသိရသေးမီမှာပင် စုဝေ့မင်က သူ့ကို ဥက္ကဋ္ဌယိုရှိရာဘက်သို့ တွန်းပို့လိုက်တော့၏။

“ဒီနေ့ အစည်းအဝေးက အိမ်ရာခွဲဝေတဲ့ ကိစ္စအကြောင်းပဲ”

ရှုဝမ်ချန်က စုဝေ့ချင်းကို ဘေးသို့ ဆွဲခေါ်ပြီး ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်။

“သူတို့က နောက်ကျရင် အဆောက်အအုံလေးတစ်ခု ဆောက်မယ်လို့ ပြောတယ်၊

ဒီတစ်ကြိမ်မှာ ဟိုင်မြို့က ဆောက်လုပ်ရေးအဖွဲ့ကို ဖိတ်ခေါ်ထားပြီးတော့ ငါးထပ်အဆောက်အအုံ ဆောက်ဖို့ စီစဉ်နေတာလေ”

စက်ရုံထဲရှိ အမြင့်ဆုံး အဆောက်အအုံကပင် နှစ်ထပ်သာ ရှိသေးသည်။

အကယ်၍ ငါးထပ်အဆောက်အအုံသာ ဖြစ်လာခဲ့လျှင် ထိုအဆောက်အအုံက ဆေးဝါးစက်ရုံ၏ အထင်ကရ အဆောက်အအုံတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

မဟုတ်သေးပေ။ ထိုအဆောက်အအုံက ပိုင်မားခရိုင်တစ်ခုလုံး၏ အထင်ကရ အဆောက်အအုံပင် ဖြစ်လာပေလိမ့်မည်။

“အိမ်တွေ ဆောက်ပြီးမှ တိုက်ခန်းတွေကို ခွဲဝေပေးရမှာ မဟုတ်ဘူးလား”

အဘယ်ကြောင့် ဤမျှအထိ လောနေကြသည်လဲ။

“ဟိုင်မြို့က အိမ်ရာဒီဇိုင်နာတွေက စက်ရုံထဲက အိမ်ရာခွဲဝေမှုမှာ ပါဝင်မဲ့ မိသားစုတွေရဲ့ အခြေအနေပေါ် မူတည်ပြီး အိမ်တွေကို ဒီဇိုင်းဆွဲပေးတာလေ၊

ငါတို့တွေ ဒီမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့အတွက်ပေါ့”

ထိုစကားကို ကြားရသည့်အချိန်တွင် စုဝေ့ချင်းက စိတ်ထဲမှ အနည်းငယ် နောင်တရမိသွားသည်။

တိုက်ခန်းအသစ်က ဤမျှအထိ ကောင်းမွန်ကြောင်းကို သိခဲ့လျှင်် သူလည်း ထိုနေရာသို့ ပြောင်းရွှေ့နေထိုင်ရန် စဉ်းစားမိမည်ပင်။

“ဒါနဲ့၊ မင်းတို့တိုက်ထဲမှာ အပြင်ကို ပြောင်းချင်တဲ့လူတွေလည်းရှိမှာပဲ မဟုတ်ဘူးလား”

ရှုဝမ်ချန်က ရုတ်တရက် သူ၏ ပုခုံးကို တွန်းပြီး ပြောလိုက်လေသည်။

“ငါ့အတွက် အခြေအနေကို စောင့်ကြည့်ပေးဦးနော်၊ တကယ်လို့ အပြင်ပြောင်းချင်တဲ့လူရှိရင် ငါ့ကို ကြိုပြောပါဦး၊ ငါ ဝင်နေဖို့ လျှောက်ထားရအောင်”

စုဝေ့ချင်း : “...”

“မင်းက တိုက်ခန်းအသစ်မှာ နေမှာ မဟုတ်ဘူးလား”

ထို့အပြင်...

“ငါသိသလောက်တော့ မင်းက အိမ်ထောင်မကျသေးဘူးမလား”

အိမ်ထောင်မရှိသေးသော လူတစ်ဦးက အိမ်ရာလျှောက်ထားခွင့် ရှိနေသည်လား။

“မကြာခင် ကျတော့မှာပါ၊ ဥက္ကဋ္ဌယိုက ငါ့အတွက် အိမ်ထောင်ဖက် ရှာပေးနေတာဆိုတော့ ကျွန်တော်က ကြိုတင်ပြီး စုံစမ်းထားရုံသက်သက်ပဲ”

ရှုဝမ်ချန်က သူ၏ နှာခေါင်းကို သုတ်လိုက်ရင်း မျက်နှာတွင် ရှားပါးသည့် ရှက်ပြုံးလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

တိုက်ခန်းအသစ်တွင် နေထိုင်မည့် ကိစ္စနှင့် ပတ်သက်၍ မေးလိုက်လေ၏။

“မင်း မြို့တော်က အဲဒီစကားပုံကို မကြားဖူးဘူးလား”

“ဘာလဲ”

စုဝေ့ချင်းက သူအနေဖြင့် ပြည်နယ်မြို့တော်သို့ မရောက်ဖြစ်မှာ ကြာပြီဖြစ်ကြောင်းကို ပြောလိုက်လေသည်။

“ပထမထပ်က ညစ်ပတ်တယ်၊ ဒုတိယထပ်က ရှုပ်ပွတယ်၊ တတိယထပ်နဲ့ စတုတ္ထထပ်ကတော့ အဆင့်မြင့်အရာရှိတွေအတွက်ပေါ့”

ရှုဝမ်ချန်က သူ့ကိုယ်သူ ညွှန်ပြလိုက်ပြီး ပြောလိုက်လေသည်။

“ငါတို့တွေရဲ့ ရာထူးအဆင့်အတန်းနဲ့ဆိုရင် တတိယထပ်တွေ၊ စတုတ္ထထပ်မှာ နေခွင့်ရလိမ့်မယ်လို့ ထင်နေတာလား”

စုဝေ့ချင်း : “...”

ဟုတ်ပေ၏။ အကယ်၍ ထိုသို့သာဆိုလျှင် သူတို့အနေဖြင့် ပထမထပ် သို့မဟုတ် ဒုတိယထပ်ကိုသာ ရွေးချယ်နိုင်မည်ဖြစ်သည်။

သို့မဟုတ်ပါက ပဉ္စမထပ်တွင်သာ နေထိုင်ကြရပေလိမ့်မည်။

သို့သော် ပဉ္စမထပ်နှင့် ပတ်သက်၍ ရှုဝမ်ချန်တွင် ပြောစရာ စကားရှိနေပြန်သေး၏။

“အဲဒါက အရမ်းမြင့်လွန်းတယ်၊ လူငယ်တွေကတော့ မသိသေးပေမဲ့ အသက်ကြီးလာတဲ့အချိန်ကျရင် တက်ရတာ တကယ်ကို မခံနိုင်တော့ဘူး”

ထို့ကြောင့် အဆောက်အအုံဟောင်းလေးက ပို၍ ကောင်းမွန်လွန်းသည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်အေးချမ်းရုံသာမက နေထိုင်သူလည်း များများမရှိပေ။

ထို့အပြင် ထိုနေရာတွင် နေထိုင်ရန် ကျင့်သားရနေသူများကလည်း လူတိုင်း ပြောင်းရွှေ့သွားကြမည် မဟုတ်ပေ။

သူက အိမ်ထောင်ကျသည်နှင့် ဇနီးသည်ကိုခေါ်၍ ဝင်နေထိုင်ပါက ဥက္ကဋ္ဌယိုတို့ မိသားစုနှင့် အိမ်နီးနားချင်း ဖြစ်လာနိုင်သည် မဟုတ်ပါလား။

“ကောင်းပါပြီ၊ ငါ မင်းအတွက် စုံစမ်းပေးပါ့မယ်”

“ဒါနဲ့၊ မင်းရော ဒီတစ်ကြိမ်မှာ အိမ်ရမှာ သေချာရဲ့လား”

ဘေးရှိလူကလည်း နေစရာအိမ် မရှိသေးသည်ကို ရှုဝမ်ချန်က ရုတ်တရက် သတိရသွားသည်။

“အင်း၊ ငါတို့တွေ ကံကောင်းရင်တော့ အိမ်နီးနားချင်းတွေ ဖြစ်လာနိုင်တာပေါ့”

ရှုဝမ်ချန်က ချက်ချင်းပင် သဘောပေါက်သွားပြီး အလျင်အမြန် ပြောလိုက်လေသည်။

“ဒါဆိုရင်တော့ မင်း ငါ့ မေ့လို့မရဘူးနော်”

“စိတ်ချ၊ ငါ မင်းနဲ့ လာမပြိုင်ပါဘူး”

စုဝေ့ချင်းက ရှုဝမ်ချန်၏ ပုခုံးကို ပုတ်ပေးလိုက်လေ၏။ သူက သူ့အတွက် နေစရာနေရာ ရှာဖွေတွေ့ရှိထားပြီးဖြစ်၍ ရှုဝမ်ချန်၏ အိမ်ကိစ္စအတွက် ကူညီကြည့်ရှုပေးနိုင်သည်။

“ဒါပေမဲ့ ငါ့ကိုပဲ အပြည့်အဝ အားကိုးမနေနဲ့ဦးနော်”

“ဒါပေါ့၊ ဥက္ကဋ္ဌယိုကလည်း ငါ့အတွက် အခြေအနေတွေကို စောင့်ကြည့်ပေးနေတာပဲလေ”

စုဝေ့ချင်း : “...”

သူက ရှုဝမ်ချန်ကို သူ့ဘာသာ ရှာဖွေစေချင်ခြင်း ဖြစ်ပေသည်။

ရှုဝမ်ချန် ပြောပြသည့်အတိုင်းပင်။ အစည်းအဝေးက အိမ်ရာခွဲဝေမည့် ကိစ္စအကြောင်းပင် ဖြစ်လေ၏။

ဆေးဝါးစက်ရုံ၏ အိမ်ရာခွဲဝေမှုက တခြားသော စက်ရုံများနှင့် ဆင်တူသော်လည်း ပိုမို၍ လျော့ရဲသည်။

ပထမဦးစွာ အိမ်ရာကို လုပ်သက်အလိုက် ခွဲဝေပေးခြင်း ဖြစ်၏။

လုပ်သက်ရင့်ပြီး ယခင်က နေစရာအိမ်မရှိသေးသော ဇနီးမောင်နှံများကို အရင်ဆုံး ခွဲဝေပေးသည်။

ထို့နောက် ဝင်ငွေတစ်ခုတည်းရှိပြီး လုပ်သက်ရင့်သော မိသားစုများကို ခွဲဝေပေးလေ၏။

နောက်ဆုံးမှသာ လုပ်သက်နုသော ဇနီးမောင်နှံများကို ခွဲဝေပေးခြင်း ဖြစ်သည်။

ဝင်ငွေတစ်ခုတည်းရှိပြီး လုပ်သက်နုသော မိသားစုများက လက်တလောတွင် အိမ်ရာခွဲဝေခွင့် မရှိကြသေးပေ။

(T/n : ဝင်ငွေတစ်ခု ၊ နှစ်ခုဆိုတာ တစ်ယောက်တည်းပဲ ဝန်ထမ်း၊ နှစ်ယောက်လုံးဝန်ထမ်း ဆိုတာကိုပြောတာပါ)

စုဝေ့ချင်းက လုပ်သက်နုသော်လည်း သူနှင့် လီရှန်းနှစ်ဦးလုံးက အလုပ်ရှိကြသူများဖြစ်သောကြောင့် အိမ်ရာခွဲဝေခွင့် အရည်အချင်း ပြည့်မီကြသည်။

လီလင်းကတော့ ခွဲဝေခွင့် မရှိပေ။

သူမက လုပ်သက်နုရုံသာမက ဝင်ငွေတစ်ခုတည်းရှိသော မိသားစုဖြစ်ခြင်းကြောင့်လည်း ပါဝင်၏။

သို့သော် သူမ၏ ခင်ပွန်းဖြစ်သူတွင် အလုပ်ဌာနက ချပေးထားသော အိမ်ရှိသောကြောင့် သူမအနေဖြင့် အိမ်ရာခွဲဝေမှုကို သိပ်ပြီးမလိုအပ်ပေ။

အလုပ်သစ်ဝင်ခါစ သို့မဟုတ် အိမ်ထောင်ကျခါစ ဖြစ်ကြသော လူပျို၊ အပျို အလုပ်သမားများသာလျှင် မျက်နှာတွင် စိတ်ပျက်သော အမူအရာများက ရှိနေကြလေတော့၏။

သူတို့က တိုက်ခန်းအသစ်သို့ မပြောင်းရွှေ့ရန် ဆုံးဖြတ်ထားကြပြီးဖြစ်သည်။

ထို့ကြောင့် စုဝေ့ချင်းနှင့် ရှုဝမ်ချန်တို့က အစည်းအဝေးတစ်လျှောက်လုံး မည်သည့်စကားမျှ မပြောဘဲ ငြိမ်သက်စွာ ထိုင်နေခဲ့ကြသည့်အတွက် ထိုအပြုအမူက တခြားလူများကို အံ့ဩသွားစေခဲ့၏။

စုဝေ့ချင်းက ဒုတိယစက်ရုံမှူး၏ တတိယသားပင်။

သူက အမှန်တကယ့်ကို ဂုဏ်သိက္ခာရှိပြီး မြင့်မြတ်လွန်းသော လူတစ်ဦးများလား။

ဟိုင်မြို့မှ လာရောက်သော ဒီဇိုင်နာက အမှန်တကယ်ပင် အရည်အချင်းရှိသူ ဖြစ်သည်။

သူက လူတိုင်း သဘောကျမည့် ဒီဇိုင်းတစ်ခုကို အလျင်အမြန်ပင် ဖန်တီးပေးခဲ့၏။

ရှုဝမ်ချန် ပြောခဲ့သည့်အတိုင်းပင် ‘အဆင့်မြင့်အရာရှိတွေက တတိယထပ်နဲ့ စတုတ္ထထပ်မှာ နေကြသည်’ ဟု ပြောလေသည်။

လုတုန်းရှန်က စတုတ္ထထပ်ရှိ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် ဝရန်တာအသေးစားလေးတစ်ခု ပါဝင်သော အခန်းအကြီးစားလေးတစ်ခန်းကို လျှောက်ထားရရှိခဲ့လေ၏။

အခန်းကို ရရှိပြီးနောက်တွင် သူက ဝရန်တာကို အလုံပိတ်၍ သီးခြား မီးဖိုချောင်အသေးစားလေးတစ်ခုအဖြစ်သို့ ပြောင်းလဲရန် နည်းလမ်းရှာဖွေခဲ့၏။

ထိုမှသာ လျှောက်လမ်းတစ်ခုလုံးတွင် မီးဖိုများဖြင့် ပြည့်နှက်ပြီး ကြည့်ရဆိုးခြင်းမျိုးမရှုဘဲနေလိမ့်မည်။

ထို့အပြင် အထပ်တိုင်းတွင် အများသုံး အိမ်သာများနှင့် ရေချိုးခန်းတစ်ခုစီ ထားရှိပေးထား၏။

ရေချိုးခန်းက အလွန်ပင် ကြီးမားလွန်းပြီး နွေရာသီတွင် အေးဆေးစွာ ရေချိုးနိုင်သော နေရာမျိုး ဖြစ်သည်။

လုတုန်းရှန်နှင့် သူ၏ ဇနီးတို့က အလွန် သဘောကျခဲ့ကြသော်လည်း လီရှန်းကတော့ ထိုအရာကို မြင်တွေ့ပြီးနောက် အနည်းငယ် စိတ်ပျက်မိသွားရ၏။

သို့သော် လက်ရှိ ခေတ်ကာလ အခြေအနေအရ ဤကဲ့သို့သော အဆောက်အအုံလေးတွင် နေထိုင်ခွင့်ရခြင်းကပင် အတော်လေး ကောင်းမွန်လွန်းပြီဖြစ်သောကြောင့် သူမက သီးခြားအိမ်သာနှင့် မီးဖိုချောင်ကို ထပ်မံ၍ တောင်းဆိုခြင်း မပြုတော့ပေ။

ဤအဆောက်အအုံအသစ်အတွက် အခြေခံအုတ်မြစ်ကို မချရသေးပေ။

ဆောက်လုပ်ရေး နယ်မြေကို အတားအဆီးများဖြင့်သာ ဝန်းရံထားဆဲ ဖြစ်သည်။

ဟိုင်မြို့မှ ဒီဇိုင်နာများက ဒီဇိုင်းပုံစံများကို ထုတ်ပြန်ပေးခဲ့ပြီး ပြည်နယ်မြို့တော်နှင့် ခရိုင်ထဲရှိ ဆောက်လုပ်ရေးအဖွဲ့များက ပူးပေါင်း၍ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ၏။

ဆောက်လုပ်ရေး နယ်မြေကို သတ်မှတ်ပြီးနောက်တွင် သူတို့က အခြေခံအုတ်မြစ်ကို တူးဖော်ကြလေတော့သည်။

ထိုအချိန်မှစ၍ ထိုထောင့်စွန်းလေးတွင် ဆောက်လုပ်ရေး အလုပ်သမားများ၏ ဆူညံလွန်းသော အသံများဖြင့် ပြည့်နှက်နေခဲ့တော့၏။

လီရှန်း၏ ဗိုက်လေးက ပိုမို၍ ကြီးထွားလာခဲ့သကဲ့သို့ ဤအဆောက်အအုံကြီးကလည်း ပိုမို၍ မြင့်မားလာခဲ့သည်။

“တကယ်လို့ ဒီကလေးက သားလေးဖြစ်ရင်၊ ကိုယ်တို့တွေ သူ့ကို ရှောင်လော်လို့ နာမည်ပေးကြရအောင်”

စုဝေ့ချင်းက ငါးထပ်အထိ ဆောက်လုပ်ပြီးစီး၍ မကြာမီ ပြီးဆုံးတော့မည့် အဆောက်အအုံကြီးကို ကြည့်ရင်း လီရှန်းဘက်သို့ လှည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

လီရှန်း : “...”

ဒါက တကယ့်ကို ကမောက်ကမနိုင်လွန်းလွန်းတယ်။

“တကယ်လို့ မိန်းကလေးဆိုရင်ရော”

စုဝေ့ချင်းက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ခဏမျှ အတွေးနက်သွား၏။

သူက သမီးဖြစ်သူအတွက် နာမည်တစ်ခုကို အတော်ကြာအောင် စဉ်းစားလို့မရပေ။

အကြာကြီး တိတ်ဆိတ်သွားပြီးနောက်တွင်မှ သူက ပြောလိုက်လေသည်။

“ဝမ်ယန် အဲဒီနာမည်ဆိုရင် ဘယ်လိုလဲ၊ လူကြီးတွေပြောသလို ကျောက်စိမ်းလို တောက်ပတဲ့ အရည်အသွေးရှိတယ်ဆိုတော့ ကိုယ့် သမီးလေးက ကျောက်စိမ်းလို အဖိုးတန်တယ်လို့ အဓိပ္ပာယ်ရတာပေါ့”

လီရှန်း၏ မျက်နှာက ချက်ချင်းပင် လှုပ်ခတ်သွားရသည်။

“ရှင် ဘက်လိုက်တာ နည်းနည်းလွန်မနေဘူးလား”

သားဖြစ်သူကိုကျတော့ ရှောင်လော်ဟု ပေါ့ပေါ့ဆဆ နာမည်ပေးပြီး သမီးဖြစ်သူအတွက်တော့ ပိုမို၍ နုနယ်ဆန်းပြားသည့် ဝမ်ယန်ဆိုသည့် နာမည်ကို ပေးထားသည်မဟုတ်ပါလား။

ဤကဲ့သို့သော ‘သားထက် သမီးကို ပို၍ အလေးသာခြင်း’မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသကဲ့သို့ထင်ရပေ၏။

*

All Chapters