အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အခန်း(245)
စုဝေ့ချင်းက ပုံမှန်အတိုင်းပင် ပြန်ဖြေလေသည်။
“ကိုယ်တို့ စုမိသားစုမှာ ယောက်ျားလေးတွေ မရှားပါဘူး”
သမီးမိန်းကလေးကသာ အရှားပါးဆုံး ဖြစ်သည်။
ထိုမျှပင်မကသေးပေ။
စုချန်နဲ့ စုကျွင့်တို့ အပါအဝင် ချုံကျိုးတွင်ရှိသည့် စုကျိလေးတို့၏ နာမည်များကို ကြည့်လျှင်လည်း သူတို့၏ နာမည်များပေါ်တွင် စိတ်ကူးစိတ်သန်းများ ထည့်ထားပုံမရပေ။
သားလေးကို စုလော်လို့ အမည်ပေးလိုက်တာက ပိုမကောင်းဘူးလား။
တခြားနာမည်တွေထက်စာရင် အများကြီး နားထောင်လို့ ကောင်းတာပေါ့။
သေချာပေ၏။
စုမိသားစု၏ နောက်မျိုးဆက်က အဖိုဓာတ်များ လွှမ်းမိုးနေပြီး လူတိုင်းက ယောက်ျားလေးများသာ ဖြစ်နေခဲ့ကြ၏။
အကယ်၍ သူမသာ သမီးမိန်းကလေးကို မွေးဖွားခဲ့လျှင် ကောင်းမွန်သော်လည်း သားယောက်ျားလေးကို မွေးဖွားခဲ့လျှင်တော့ စုမိသားစု၏ စတုတ္ထမြောက် သားငယ် ဖြစ်လာပေလိမ့်မည်။
ထို့အပြင် မူရင်းဝတ္ထုထဲတွင် ဝူလီက သားတစ်ယောက်ကို မွေးဖွားခဲ့သကဲ့သို့ ကျန်းဝမ်ကျန့်ကလည်း သားသုံးယောက်ကို မွေးဖွားခဲ့သေးသည်။
ဖြစ်နိုင်သည်မှာ.. တခြားမိသားစုများက နတ်သမီး သမီးတော်ခုနစ်ပါး ရှိတတ်ကြသော်လည်း စုမိသားစုက နတ်သား သားတော်ခုနစ်ပါး ဖြစ်အောင် ကြိုးစားနေကြခြင်းများလား။
ထိုသို့ တွေးတောမိသည့်အချိန်တွင် လီရှန်း အံ့အားသင့်သွားရတော့၏။
သူမက မနေနိုင်ဘဲ ခေါင်းကို ငုံ့လျက် သူမ၏ ဗိုက်လေးကို ပွတ်သပ်ရင်း ခပ်တိုးတိုး ပြောလိုက်မိ၏။
“ကလေးလေး၊ စုမိသားစုမှာ သားတော်ခုနစ်ပါးဖြစ်လာမလားဆိုတာကတော့ ကလေးလေးအပေါ်မှာပဲ မူတည်တယ်နော်”
လီရှန်းက ဧပြီလတွင် ကိုယ်ဝန်ရရှိခဲ့ခြင်းဖြစ်၍ ဒီဇင်ဘာလတွင် မွေးဖွားမည် ဖြစ်သည်။
သူမက ကလေးမွေးဖွားပြီးနောက် အလုပ်ပိတ်ရက်ကို အသုံးပြု၍ မီးနေသည် သေသေချာချာ နေထိုင်ရန် စီစဉ်ထား၏။
အကယ်၍ သူမသာ ကံကောင်းလျှင်် (၄၂) ရက်ပြည့်အောင် မီးနေသည် နေထိုင်ခွင့်ရရှိနိုင်လိမ့်မည်။
ထိုနေထိုင်ခွင့်က သူမ၏ ခန္ဓာကိုယ်ကျန်းမာရေးကို ပြန်လည်၍ ကောင်းမွန်လာစေရန် သေချာပေါက် ကူညီပေးနိုင်ပေလိမ့်မည်။
အထူးသဖြင့် ဖန်ချင်းက လီရှန်းတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို ကြားသိရကတည်းက ကြက်ပေါက်လေးများကို ဖမ်းဆီးခြင်းနှင့် ပြုစုပျိုးထောင်ခြင်းလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေခဲ့သည်။
အိမ်ထောင်စုတစ်စုလျှင် ကြက်သုံးကောင်သာ မွေးမြူခွင့်ရှိသောကြောင့် ဖန်ချင်းက စက်မှုယန္တယားစက်ရုံ၏ ခြံဝင်းလေးထဲ၌ မွေးမြူရုံသာမက ရှီယွမ်ရှိ အိမ်ဟောင်းသို့လည်း နောက်ထပ် သုံးကောင်သွားရောက်ပို့ဆောင်ထားခဲ့၏။
ဝူယွီနျန်ကလည်း ရင်ဘတ်ကိုပုတ်လျက် ထိုကြက်များကို သေသေချာချာ ပြုစုပေးမည်ဖြစ်ကြောင်းကို အာမခံထားပြီး လီရှန်းအနေဖြင့် လတ်ဆတ်သော ကြက်သားများကို စားသုံးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားပေးကြရန် အာမခံထားကြသည်။
ကျန်းဟုန်မေ့နှင့် ယန်အန်းကော်တို့ကလည်း ရဲစခန်း၏ ဝန်ထမ်းအိမ်ရာဝင်းထဲရှိ သူတို့၏ ခြံဝင်းလေးထဲတွင် ဘဲသုံးကောင်ကို မွေးမြူထားကြလေ၏။
ကျန်းဟုန်မေ့ကတော့ ပိုမို၍ သတ္တိရှိလွန်းနေပြီး ဘဲများကို ရဲစခန်း၏ ခြံဝင်းထဲ၌ တိုက်ရိုက်မွေးမြူထားခဲ့သည်။
မကြာသေးမီက ထိုဘဲငယ်လေးများက ကြီးပြင်းလာကြပြီဖြစ်၍ စက်ရုံတံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် သူတို့၏ တဗျက်ဗျက် အော်ဟစ်သံများကို ကြားရလေ့ရှိ၏။
ထိုဘဲများက ဝဖြိုးစွာ အော်ဟစ်နေကြခြင်းက ရဲစခန်းထဲရှိ သန်မာလွန်းသော လူငယ်များကို နေ့တိုင်း တံတွေးမျိုချမိစေခဲ့သည်။
သူတို့အနေဖြင့် ဥပဒေကို ဖောက်ဖျက်ပြီး ထိုဘဲများကို ဖမ်းဆီး၍ အမွေးနှုတ်ကာ တိတ်ဆိတ်သော နေရာတစ်ခုတွင် အရသာရှိလွန်းသော “သူတောင်းစားဘဲကင်” ပြုလုပ်စားသောက်ချင်စိတ်များသာ ဖြစ်နေခဲ့ရသည်။
ကျန်းရှင်းမင်တစ်ဦးတည်းသာလျှင် တိုက်ခန်းတွဲတွင် နေထိုင်ရသူဖြစ်သောကြောင့် ကြက်မွေးမြူခွင့် မရှိခဲ့ပေ။
သူလည်း စိတ်မကောင်းဖြစ်ရသောကြောင့် အိမ်သို့ ပြန်ရောက်ချိန်တွင် စာများကို အပြင်းအထန် ရေးသားလေတော့သည်။
သူက သူ့ကိုယ်သူ အရည်အချင်းမရှိသကဲ့သို့ ကြိုးစားမှုမရှိသောကြောင့် ကြက်မွေးမြူနိုင်မည့် ခြံဝင်းအသေးစားလေးတစ်ခုကိုပင် မဝယ်ယူနိုင်ခြင်းဖြစ်သည်ဟု အပြစ်တင်နေခဲ့၏။
မူလက ချန်ဖန်းအနေဖြင်် ကြက်မွေးမြူမည့် ကိစ္စအပေါ် စိုးရိမ်မှုတချို့ ရှိနေခဲ့သည်။
သို့သော် ကျန်းရှင်းမင်၏ စိတ်အားထက်သန်ပြီး ကြိုးစားအားထုတ်နေသည့် ပုံစံကို မြင်တွေ့ရသည့်အချိန်တွင် သူမလည်း သူ့အတွက် အမှန်တကယ်ပင် စိတ်မကောင်းဖြစ်ရလေ၏။ သူမက သူ၏အရှေ့တွင် ခဏခဏ သက်ပြင်းချလျက် “ကျွန်မတို့တွေ ဘာလို့ ကြက်မွေးလို့မရရတာလဲ မသိဘူး” ဟု ခပ်တိုးတိုး ညည်းတွားလေ့ရှိသည်။
ကျန်းရှင်းမင်ကလည်း သေချာပေါက် ပိုမို၍ မကျေမနပ်ဖြစ်ရပြီး ပိုမို၍ ကြိုးစားအားထုတ်တော့၏။
လီရှန်းက ဤကိစ္စရပ်များကို မသိရှိသော်လည်း စုဝေ့ချင်းက အရာအားလုံးကို သိရှိနေခဲ့သည်။
သူက ကျန်းမိသားစုမှ လီရှန်းအပေါ်တွင် ဤမျှအထိ ချစ်မြတ်နိုးကြခြင်းအတွက် အလွန်ပျော်ရွှင်နေမိလေ၏။
ချစ်ခင်ပေးမည့် မိသားစုရှိသော မိန်းကလေးများက အမြဲတစေ ပိုမို၍ ပျော်ရွှင်ကြရသည် မဟုတ်ပါလား။
ဝူလီ၏ မိသားစုက ပြဿနာများကို အကြိမ်ကြိမ် လာရောက်ရှာဖွေခဲ့ကြပြီး လီရှန်းကိုပါ ပါဝင်ပတ်သက်စေခဲ့သည်။
သူ့အနေဖြင့် ဒေါသဖြစ်သော်လည်း မတ်ဖြစ်သူတစ်ဦးအနေဖြင့် မရီးဖြစ်သူကို စကားအများကြီး ပြောဆိုရန် အဆင်မပြေပေ။
ဤသို့ဆိုလျှင် သူက သူ၏ ဇနီးဖြစ်သူကို နောက်ခံအင်အားတောင့်တင်းသော ဇနီးတစ်ဦး၏ ဘဝမျိုးဖြင့် ဖြတ်သန်းနေရကြောင်းကို ပြသလိုက်ရလိမ့်မည်။
ထိုမှသာ သူမအနေဖြင့် အမြဲတစေ မနာလိုဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရသည့် ကိစ္စရပ်များကို သက်သာစေမည် မဟုတ်ပါလား။
အဆောက်အအုံအသစ်ကို ဆောက်လုပ်မှုက ပြီးစီးသွားခဲ့ပြီဖြစ်ပြီး အမိုးတင်ရန်သာ ကျန်ရှိတော့၏။
ဤကဲ့သို့သော အဆောက်အအုံမျိုးအတွက် မူလအတိုင်း အမိုးတင်သည့် အခမ်းအနားမျိုး မရှိသော်လည်း လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ကြရသေးသည်။
မနက်အစောကြီးတွင် စုဝေ့မင်က လူတစ်စုကို ခေါ်ဆောင်ပြီး အဆောက်အအုံအသစ်သို့ သွားရောက်၍ လျှို့ဝှက်သော လုပ်ငန်းစဉ်တချို့ကို ဆောင်ရွက်ခဲ့၏။
ထိုနေရာတွင် ရှိနေသူအားလုံးကလည်း ယုံကြည်စိတ်ချရသူများသာ ဖြစ်ကြသည်။
သူတို့က ဆောင်ရွက်ပြီးစီးချိန်တွင် ဆောက်လုပ်ရေး အလုပ်သမားများလည်း ရောက်ရှိလာကြလေ၏။
သူတို့ ကျင်းပသော အမိုးတင်အခမ်းအနားက အလွန်ပင် တရားဝင်ဆန်လွန်းသည်။
စက်ရုံခေါင်းဆောင်များကို တစ်ဦးပြီးတစ်ဦး စကားပြောစေခဲ့ပြီး လက်ခုပ်တီးကြပြီးနောက်တွင်မှ အသစ်စက်စက် ပြုလုပ်ထားသော ရွှေရောင်ပန်းပွင့်ကြီးကို အမိုးပေါ်တွင် တင်ပေးလိုက်ကြသည်။
အမိုးတင်အခမ်းအနားကအောင်မြင်စွာ ပြီးဆုံးသွားလေပြီ။
သေချာပေ၏။
နေ့လယ်စာ စားပွဲကတော့ သေချာပေါက် ပါဝင်ရသည်။
အမိုးတင်သည့် လုပ်ထုံးလုပ်နည်းကို ပြောင်းလဲနိုင်သော်လည်း အမိုးတင်ပွဲအတွက် ဟင်းလျာစားပွဲကြီးကိုတော့ ချန်လှပ်ထား၍ မရပေ။
ထို့ကြောင့် ထမင်းစားဆောင်တွင် နေ့လယ်စာအတွက် ဝက်သားစတူးကို ပြင်ဆင်ပေးခဲ့လေသည်။
စုဝေ့ချင်းသည်လည်း အားနာခြင်းမရှိဘဲ ထမင်းဘူးကို အပြည့်ထည့်ပြီး အိမ်သို့ စောစီးစွာ ပြန်လာခဲ့လေ၏။
စုဝေ့မင်နှင့် လော်ယွီရှို့တို့မှာ အိမ်သို့ ပြန်ရောက်ချိန်တွင် ထိုဇနီးမောင်နှံက စားသောက်နေကြလေပြီ။
ဆိုရလျှင် စုဝေ့ချင်းတစ်ဦးတည်းကသာ အားပါးတရစားသောက်နေခြင်းဖြစ်ပြီး လီရှန်းကတော့ ထမင်းပန်းကန်လုံးအသေးလေး၏ တစ်ဝက်ခန့်ကိုသာ စားသုံးပြီး တူကို ချလိုက်လေသည်။
သူမက ကိုယ်ဝန်ရရှိကတည်းက ခံတွင်းက ပိုမိုကောင်းလာသော်လည်း အများကြီးတော့ မဟုတ်ပေ။
ထို့ကြောင့် သူမ၏ တစ်ကိုယ်လုံးက အလွန်ပင် သွယ်လျနေဆဲဖြစ်ပြီး သူမ၏ ဗိုက်လေးကသာလျှင် ကြီးထွားနေလေသည်။
တစ်ဖက်တွင် လီရှန်းထက် ကိုယ်ဝန်နှစ်လ ပို၍ရင့်သော လီလင်း၏ ဗိုက်မှာတော့ ပိုမို၍ ထိတ်လန့်စရာ ကောင်းလာခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူမက မူလကတည်းက အရပ်မပုသည့်အပြင် ကျန်းမာသန်စွမ်းသော မိန်းကလေးတစ်ဦးလည်း ဖြစ်လေသည်။
သူမက ဗိုက်ကြီးတကားကားဖြင့် ဖျတ်လတ်စွာ လျှောက်လှမ်းနိုင်သောကြောင့် ဘေးရှိလူများကို အနည်းငယ် ကြောက်လန့်မိစေခဲ့၏။
ယခင်က ရှုရှင်းလန်၏ ကိစ္စကြောင့် လီလင်းတစ်ယောက် လီရှန်းအပေါ် အလွန် အားနာမိခဲ့ပြီး လီရှန်းထံသို့ ခဏမျှ လာရောက်တွေ့ဆုံရန် မဝံ့ရဲခဲ့ပေ။
နောက်ဆုံးတွင် လီရှန်း၏ ကိုယ်ဝန်က တည်ငြိမ်သွားပြီးနောက် သူမက အလုပ်ရုံဘက်သို့ ဆင်းသွားချိန်ကျမှသာ လီလင်းနှင့် နောက်တစ်ကြိမ် ပြန်လည်၍ ဆုံတွေ့ခဲ့သည်။
စကားခဏမျှ ပြောဆိုပြီးနောက်တွင်မှ သူမ၏ စိတ်ထဲ၌ တင်းကျပ်နေမှုများက ပြေလည်သွားခဲ့ရတော့၏။
သူမက သူမကိုယ်သူမ အမြဲတစေ လှည့်စားခြင်းကို ခံနေရသောကြောင့် အလွန်ပင် မိုက်မဲလွန်းသည်ဟု ခံစားနေရသည်။
လီရှန်းက လီလင်းကဲ့သို့သော လူမျိုးသာလျှင် သူမ၏ ယခင်ဘဝ၌ ဟဲထန်နှင့် ကျန်းယွဲ့တို့ကို ပြင်းထန်စွာ ဆဲဆိုကျိန်ဆဲရဲလိမ့်မည်ဟု ခံစားလိုက်ရ၏။
သို့သော် ဟဲထန်နှင့် ကျန်းယွဲ့တို့အကြောင်းကို ပြောရလျှင် သူမက ထိုလူတို့၏ သတင်းကို မကြားရသည်ကကြာပေပြီ။
သူမ ခန့်မှန်းကြည့်ရသလောက် သူတို့က ယခုထိ ချစ်ခြင်းမုန်းခြင်းများကြားတွင် ရုန်းကန်လျက် အချင်းချင်း ပတ်သက်နေကြဆဲဖြစ်ပေလိမ့်မည်။
သို့သော် ဤဘဝတွင် သူတို့က သူမ၏ ဘဝထဲသို့ မည်သည့်အချိန်တွင်မှ ထပ်မံ၍ ဝင်ရောက်လာနိုင်ကြတော့မည် မဟုတ်ပေ။
ထိုအချက်က အကောင်းဆုံးသော အချက်ပင် ဖြစ်ပေတော့သည်။
လီရှန်းက ကိုယ်ဝန်ငါးလခန့် ရှိချိန်တွင် လီလင်းက အမြွှာသားယောက်ျားလေးများကို မွေးဖွားခဲ့လေ၏။
သူမက မင်္ဂလာမဆောင်မီကတည်းက ကိုယ်ဝန်ရှိခဲ့ခြင်းကြောင့် တစ်ကြောင်းဖြစ်ပြီး ၊ အမြွှာများဖြစ်သောကြောင့် ကိုယ်ဝန်ရှစ်လကျော်မှာပင် လမစေ့ဘဲ စောစီးစွာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ကလေးငယ်များက မွေးဖွားချိန်တွင် အလွန်ပင် သေးငယ်ကြလေ၏။
သားကြီးက လေးပေါင်ခွဲသာ ရှိပြီး သားငယ်က လေးပေါင်သာ ရှိသည်။
ယခုအချိန်တွင် မည်သူကမျှ လီလင်း၏ ကိုယ်ဝန်ရက်စွဲအပေါ် မေးခွန်းထုတ်ခြင်း မပြုကြတော့ပေ။
ဆန့်ကျင်ဘက်အားဖြင့် လူတိုင်းက သူမအကြောင်းကို ပြောဆိုမိတိုင်း သနားစိတ်များဖြစ်ပေါ်နေကြတော့၏။
ထိုဇနီးမောင်နှံငယ်တွင် ပြုစုစောင့်ရှောက်ပေးမည့် လူကြီးမိဘများ မရှိကြပေ။
ခင်ပွန်းသည်၏ မိဘများက ဝေးလံလွန်းသော ဇာတိရွာတွင် နေထိုင်ကြပြီး အိမ်၌လည်း မောင်နှမသားချင်း အများအပြား ရှိကြသည်။
သူတို့အနေဖြင့် ထိုဒေသရှိ မိသားစုများကို ပစ်ထားခဲ့ပြီး လီလင်းကို လာရောက်ပြုစုပေးရန် မဖြစ်နိုင်ပေ။
လီလင်း၏ မိဘများဘက်ကတော့ လီလင်းတစ်ယောက် ကျေးလက်ဒေသသို့ သွားရောက်ရန် ငြင်းဆန်ခဲ့ပြီး သူမ၏ အလုပ်နေရာကို အစ်ကိုဖြစ်သူကို လွှဲပြောင်းမပေးနိုင်ခဲ့ကတည်းက သူမနှင့် အဆက်အသွယ် လုံးဝ ဖြတ်တောက်ထားခဲ့ကြသည်။
လီလင်းက မီးဖွားပြီးနောက်တွင် သူမ၏ခင်ပွန်းက သတင်းကောင်းပါးရန် သူမ၏ မိဘများအိမ်သို့ သွားရောက်ခဲ့၏။
ရလဒ်အနေဖြင့် သူမ၏မိသားစုက ကြက်ဥနီများကိုသာ လက်ခံခဲ့ပြီး သူမအတွက် နှစ်သစ်ကူး လက်ဆောင်နီတစ်ခုပင် ပြန်လည် ပေးအပ်ခြင်း မရှိပေ။
သူမ၏ခင်ပွန်းက မည်သည့်စကားမှမပြောရသေးမီမှာပင် လီလင်း၏ စိတ်အခြေအနေက အေးစက်သွားခဲ့ရပြီး သူမတွင်မိသားစု မရှိတော့ဟုသာ သတ်မှတ်ခဲ့သည်။
ကလေး၏ ရက်တစ်ရာပြည့် အခမ်းအနားကိုပင် သူမ၏မိသားစုထံသို့ သတင်းမပို့ရန် ဆုံးဖြတ်လိုက်လေ၏။
*
အခန်း(246)
“ငါက အသည်းမာတာ မဟုတ်ပါဘူး၊ သူတို့တွေ ငါ့အပေါ် ဘယ်လိုပဲ ဆက်ဆံပါစေ၊ ငါ သည်းခံနိုင်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ ကလေးအပေါ်တော့ ဒီလိုမျိုး လာလုပ်လို့ မရဘူးလေ”
လီလင်းက စကားပြောရင်း မျက်ဝန်းများက နီရဲလာခဲ့လေ၏။
လီရှန်းက အမြန်ပင် ဖျောင်းဖျလိုက်လေသည်။
“ဒါဆို နင် မငိုနဲ့တော့၊ နင်က အခု မီးနေသည်ကာလမှာ ရှိနေတုန်းပဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ဖို့ လိုတယ်၊
တကယ်လို့ နင် အခု ငိုပြီး ကျန်းမာရေး ပျက်စီးသွားရင် နောက်ပိုင်းကျရင် နင့်မိသားစုက နင့်ရဲ့ သားတွေကို ဘယ်လိုမျိုး လာပြီး နှိပ်စက်ကြဦးမလဲဆိုတာ ဘယ်သူသိမှာလဲ”
“နင်ပြောတာ မှန်တယ်”
ထိုစကားကို ကြားရသည့်အချိန်တွင် လီလင်းက သူမ၏ မျက်ရည်များကို အမြန်ပင် သုတ်လိုက်တော့၏။
သူမက မီးနေသည်ကာလတွင် ရှိနေဆဲဖြစ်သော်လည်း စိတ်ထဲ၍ အတိုင်းအဆမဲ့သော တိုက်ခိုက်လိုစိတ်များက ပြည့်နှက်လာခဲ့ပြီး ပြောလိုက်လေသည်။
“ငါ ဘဝကို ကောင်းမွန်အောင် ဖြတ်သန်းပြီး သားတွေကို အကောင်းဆုံး ပျိုးထောင်ရမယ်၊
နောက်ပိုင်းကျရင် သူတို့ထဲက တစ်ယောက်က အစိုးရဌာနမှာ သူ့အဖေရဲ့ အလုပ်ကို လွှဲပြောင်းယူရမယ်၊
နောက်တစ်ယောက်ကတော့ ဆေးဝါးစက်ရုံမှာ ငါ့ရဲ့ အလုပ်ကို လွှဲပြောင်းယူရမယ်၊
ငါ့ရဲ့ အစ်ကိုတွေက အဲဒီလောက်အထိ မိုက်မဲနေကြတာ သူတို့ရဲ့ ကလေးတွေလည်း ထက်မြက်လာမှာ မဟုတ်ပါဘူး၊
ငါ့အမေက ငါတို့တွေလို မိန်းကလေးတွေကို မချစ်ဘူးဆိုတော့ ငါတို့တွေက သူမရဲ့ သားတွေထက် ပိုပြီး ကောင်းမွန်အောင် နေထိုင်ပြရမှာပေါ့”
လီရှန်း : “...”
လီလင်းက အမြဲတစေ အားအင်ပြည့်ဝနေသည့် ပုံစံမျိုး ရှိနေခဲ့သည်ပင်။
“ဒါဆိုရင် နင့်အမေကို ကလေးရဲ့ ရက်တစ်ရာပြည့် အခမ်းအနားကို တကယ်ပဲ မဖိတ်တော့ဘူးလား”
“မဖိတ်တော့ပါဘူး”
လီလင်းက ဤအချက်အပေါ်တွင် အလွန်ပင် ပြတ်သားလွန်း၏။
သူမက စိတ်နုသူဖြစ်သော်လည်း ခေါင်းမာသူတစ်ဦးဖြစ်၏။ အထူးသဖြင့် ကျောင်းပြီးကတည်းက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများက သူမ၏ ခေါင်းမာမှုကို ပိုမို၍ တွန်းအားပေးခဲ့သည်။
သူမက လီရှန်း၏ လက်ကို ကိုင်လျက် ပြောလိုက်လေ၏။
“ငါ နင်နဲ့ ရဲဘော်စုကိုပဲ ဖိတ်မယ်၊ ယခုကစပြီး နင်တို့က ငါ့ရဲ့ မိသားစုပဲ”
သူမက သူမအပေါ်တွင် အမြတ်ထုတ်ချင်နေခဲ့သော ထိုမိသားစုကို အလွန်ပင် စက်ဆုပ်ရွံရှာနေခဲ့လေ၏။
“ငါနဲ့ ဝေ့ချင်းကတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ နင်နောက်ပိုင်းကျရင် နောင်တမရစေဖို့အတွက် သေသေချာချာ ပြန်ပြီး တွေးတောဦး”
လီလင်းက နှုတ်ခမ်းကို စေ့လိုက်ရင်း အတွေးနက်သွားဟန် ရှိလေသည်။
သူမက လီရှန်း၏ စကားများကို အလေးအနက် တွေးနေပုံရ၏။
သူမ၏ ပုံစံကို ကြည့်ရင်း လီရှန်းက သက်ပြင်းချလိုက်မိပြီး ပြောလိုက်လေသည်။
“နင် လုံးဝ လက်မလျှော့သေးဘူးလို့ ငါ ထင်တယ်၊ ဘာလို့ ထပ်ပြီး မတွေးတောရမှာလဲ၊
ဘာပဲဖြစ်ဖြစ် ကလေးရဲ့ ရက်တစ်ရာပြည့်ပွဲအတွက် နောက်ထပ် လဝက်ကျော် အချိန်လိုသေးတာပဲလေ၊
အခမ်းအနားမတိုင်မီ သုံးရက်အလိုမှာ ငါ့ကို သတင်းပေးလိုက်ပါ၊
တကယ်လို့ နင်က ငါ့ကို မိသားစုဝင်အဖြစ် တကယ် သဘောထားတယ်ဆိုရင်တော့ ငါ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာပေါ့”
ရက်တစ်ရာပြည့် အခမ်းအနားတွင် မိခင်ဘက်မှ မိသားစုထံမှ လက်ဆောင်များကို လက်ခံရယူမည့် လုပ်ငန်းစဉ်က ဤမျှအထိ မရိုးရှင်းပေ။
ကလေး၏ ခေါင်း၊ ခြေထောက်နှင့် ခြေချောင်းများအတွက် အစစအရာရာကို မိခင်ဘက်မှ အဘိုးအဘွားများက ပြင်ဆင်ပေးကြရခြင်း ဖြစ်သည်။
လီလင်းအနေဖြင့် သူမ၏မိခင်ဘက်မှ မိသားစုအား ကလေးနှစ်ဦးအတွက် လက်ဆောင်များကို ပေးအပ်လာမည်ကို ငြင်းဆန်ခဲ့လျှင် လီရှန်းက လုပာဆောင်ပေးရလိမ့်မည်။ ဤပမာဏက သူမအတွက် မများပါချေ။
သို့သော် တချို့သောအရာများကို တိတိကျကျ ရှင်းလင်းထားရန် လိုအပ်သည်။
သူမဘက်က လက်ဆောင်များကို ပြင်ဆင်ပေးပြီးသည်နှင့် လီလင်းနှင့် သူမ၏ မိခင်ဘက်မှ မိသားစုကြားရှိ ဆက်ဆံရေးက လုံးဝပြတ်တောက်သွားလိမ့်မည်။
လီလင်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် သူ့အဖေ ပြန်လာတာနဲ့ ငါ သေသေချာချာ တိုင်ပင်လိုက်ဦးမယ်”
လီရှန်းက ပြုံးပြလိုက်ပြီးနောက် ပြန်ရန်အတွက် ထရပ်လိုက်တော့သည်။
အကယ်၍ လီလင်းကိုယ်တိုင်သာ ဆုံးဖြတ်ချက်ချရပါက သူမက အနည်းငယ် တွန့်ဆုတ်နေနိုင်၏။
သို့သော် လီလင်း၏ ခင်ပွန်းသာဆိုလျှင်၊ သူ၏ ဇနီးတွင် သူ့အပေါ် အဟန့်အတားဖြစ်စေမည့် မိသားစု ရှိနေခြင်းနှင့်၊ သို့မဟုတ် ဆေးဝါးစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး၏ ချွေးမက သူမ၏ မိသားစုအဖြစ် ရှိနေခြင်းကြားတွင် မည်သည့်အရာကို ရွေးချယ်ရမည်ကို စဉ်းစားနေစရာပင် လိုမည်မဟုတ်ပေ။
လီလင်း၏ အိမ်မှ အိမ်သို့ပြန်ရောက်ပြီးနောက် လီရှန်းက စာရွက်နီတစ်ရွက်ကို ထုတ်ယူပြီး စာရင်းတစ်ခု စတင်ပြုလုပ်တော့၏။
စုဝေ့ချင်းက သူမကို ကြည့်ကာ ရယ်မောရင်း မေးလိုက်လေ၏။
“မင်းက တကယ်ပဲ လီလင်းရဲ့ မိသားစုဝင် ဖြစ်ချင်နေတာလား”
လီရှန်းက ဘောပင်ကို ကိုင်ဆောင်လျက် စာရင်းကို အဆင်ပြေချောမွေ့စွာ ရေးသားနေရင်း ပြန်ဖြေလေသည်။
“ဟုတ်တယ်၊ ကျွန်မ ကတိပေးထားပြီးပြီဖြစ်လို့ သေချာပေါက် ဆောင်ရွက်ရမှာပေါ့၊ ဒါတင်မကသေးပါဘူး၊ လီလင်းက ကျွန်မအတွက်တော့ ထူးခြားတဲ့သူတစ်ယောက်ပဲလေ”
ထို့အပြင်..
“ဒါက နောက်ဆုံးအကြိမ်ပဲ”
လီလင်းက အိမ်ထောင်ကျပြီး ကလေးရရှိပြီး ကိုယ်ပိုင်မိသားစုကို ထူထောင်နိုင်ခဲ့ပြီဖြစ်၍ သူမအနေဖြင့် ယခုကဲ့သို့ ကူညီပေးတော့မည် မဟုတ်ပေ။
ယခုမှစ၍ လီလင်းက သူမ၏ လမ်းစဉ်ကို သူမဘာသာ လျှောက်လှမ်းရတော့ပေလိမ်မည်။
လီလင်းက အမြွှာများကို မွေးဖွားခဲ့ပြီး သူမက မီးဖွားသည့် အချိန်ကာလကလည်း မကောင်းလွန်းပေ။
နွေနှောင်းနှင့် ဆောင်းဦးအစ ကာလကြားတွင် ကျရောက်နေခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် ယခုနှစ်တွင် နွေနှောင်းကာလဖြစ်သော်လည်း နွေဦးပိုင်းက မပူဘဲ ဆောင်းဦးအစတွင် အလွန်ပင် ပူပြင်းလွန်းသည်။
ထို့ကြောင့် လီလင်းက မီးနေသည်ဘဝကို အလွန်ပင် ခက်ခဲစွာ ဖြတ်သန်းခဲ့ရ၏။
ကလေးမွေးဖွားခြင်းက အားအင်များကို ကုန်ခမ်းစေသည့်အပြင် မိဘအသစ်များအနေဖြင့် ကလေးတစ်ယောက်ကို ပြုစုရုံမျှဖြင့်ပင် ပင်ပန်းလွန်းသည်ဖြစ်၍ နှစ်ယောက်ကို ပြုစုရခြင်းက ပိုမို၍ ကမောက်ကမ ဖြစ်ရတော့သည်။
လီရှန်းတစ်ယောက် လီလင်းထံသို့ နောက်တစ်ကြိမ် သွားရောက်လည်ပတ်ချိန်တွင် အိမ်ထဲ၌ မိန်းကလေးတစ်ဦး ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။
“ဒါ ငါ့ရဲ့ ယောက်မလေးလေ”
လီလင်း၏ မျက်နှာလေးက အနည်းငယ် ညှိုးငယ်နေပြီး မျက်ကွင်းများလည်း ညိုနေခဲ့သည်။
ကြည့်ရသည်က ဤရက်ပိုင်းအတွင်း သူမက ကောင်းကောင်း အနားမရသည့်ပုံပင်။
“သူမကို ရှောင်ထုန် လို့ခေါ်လို့ရတယ်”
ထိုမိန်းကလေးက တည်ငြိမ်ပြီး ပွင့်လင်းသူတစ်ဦး ဖြစ်သည်။
သူမက လီရှန်းကို ပြုံးပြလိုက်ပြီး ပြောလိုက်လေ၏။
“ကျွန်မရဲ့ ယောက်မက အမြွှာတွေ မွေးထားတာလေ၊ ကျွန်မ မိဘတွေကလည်း အရမ်းဝမ်းသာကြပေမဲ့ သူတို့က တစ်သက်လုံး အိမ်ကနေ အပြင်မထွက်ဖူးကြတော့ ကြောက်နေကြတာ၊
ဒါတင်မကသေးဘူး၊ အိမ်မှာလည်း တခြား တူတွေ တူမတွေ အများကြီး ရှိနေသေးတော့ သူတို့ ထွက်လာလို့ မရကြဘူးလေ၊
အဲဒါကြောင့် ကျွန်မကိုယ်တိုင်ပဲ ယောက်မကို ပြုစုပေးဖို့ လာခဲ့တာပါ”
လီရှန်းက ရှောင်ထုန်ဟူသော မိန်းကလေးကို အကဲခတ်ကြည့်လိုက်ပြီးမေးလိုက်မိသည်။
“မင်း အသက်ဘယ်လောက်ရှိပြီလဲ”
“ကျွန်မ အသက်ဆယ့်ခုနစ်နှစ်ရှိပါပြီ၊ ကျွန်မ အသက်ငယ်တယ်ဆိုပြီး အထင်မသေးနဲ့ဦးနော်၊
ကျွန်မ ကလေးထိန်းလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ၊ ကျွန်မရဲ့ တူတွေ တူမတွေအားလုံးကို ကျွန်မပဲ ပြုစုပျိုးထောင်ခဲ့တာလေ”
လီရှန်းက သူမကို နားလည်မှုလွဲမည်ကို စိုးသောကြောင့် ရှောင်ထုန်က အလျင်အမြန်ပင် ရှင်းပြလိုက်ခြင်း ဖြစ်သည်။
သူမက စကားပြောရင်း လီလင်းကိုလည်း ကူညီပေးရန် တောင်းဆိုသော မျက်ဝန်းလေးများဖြင့် လှမ်းကြည့်လိုက်မိ၏။
လီလင်းကလည်း သူမ၏ ယောက်မလေးအတွက် အမြန်ပင် ဝင်ရောက်ပြောဆိုပေးလိုက်လေသည်။
“ဒီရက်ပိုင်းအတွင်း ရှောင်ထုန်ရှိနေလို့ ငါတို့တွေ တကယ်ပဲ ကျေးဇူးတင်ရတာ၊
ဒီကလေးနှစ်ယောက်က ဘယ်လောက်တောင် ငိုတတ်လဲဆိုတာ နင်သိမှာမဟုတ်ဘူး၊
ငါလည်း မီးနေသည်ကာလဆိုတော့ သူတို့ကို ခဏလောက် ချီထားရုံနဲ့တင် လက်တွေ တုန်လာတာပဲ၊
ငါခင်ပွန်းနဲ့ ငါလည်း တကယ်ကို မတတ်နိုင်တော့လို့ ဇာတိရွာကို အကူအညီတောင်းဖို့ ကြေးနန်းရိုက်လိုက်ရတာလေ”
သူမက စကားပြောရင်း ရှောင်ထုန်ကို မိတ်ဆက်ပေးလိုက်ပြန်သည်။
“ဒါ ငါ့ရဲ့ မိသားစုဝင်ပဲလေ၊ သူမကိုလည်း ယောက်မလို့ပဲ ခေါ်လိုက်ပါဦး”
လီရှန်းအနေဖြင့် မည်သည့်မေးခွန်းမျှ မမေးရသေးမီမှာပင် လီလင်း၏ လေသံကို ကြားရုံမျှဖြင့် မည်သို့ဖြစ်ခဲ့သည်ကို သဘောပေါက်သွားခဲ့ရပြီ။
ထို့ကြောင့် သူမက မေးမြန်းမည့် လုပ်ငန်းစဉ်ကို ကျော်လိုက်ပြီး သူမ၏ အိတ်ထဲမှ စာရွက်နီစာရင်းကို ထုတ်ယူပြီး လီလင်းထံသို့ ကမ်းပေးလိုက်ရင်း မေးလိုက်လေသည်။
“တစ်ချက်လောက် ကြည့်ပေးပါဦး၊ ဒါ ကလေးနှစ်ယောက်အတွက် ရက်တစ်ရာပြည့် လက်ဆောင်စာရင်းပဲ။ ထပ်ပြီး ဖြည့်စွက်ချင်တာ ရှိသေးလား”
လီလင်းက ကြောင်အန်းအန်း ဖြစ်သွားရပြီး လီရှန်း ကိုင်ဆောင်ထားသော စာရွက်နီလေးကို စိုက်ကြည့်နေမိတော့သည်။
“ဒါက..”
သူမက မယုံကြည်နိုင် ဖြစ်နေသော်လည်း စာရွက်နီလေးက အစစ်အမှန်ဖြစ်နေသောကြောင့် လီရှန်းက စနောက်နေခြင်း မဟုတ်လောက်ပေ။
“ယူပြီး သေသေချာချာ ကြည့်လိုက်ပါဦး”
သူမက စကားပြောရင်း စာရွက်နီလေးကို လီလင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ထိုင်ရန်အတွက် ထိုင်ခုံလေးတစ်လုံး ရှာဖွေလေတော့၏။
မမျှော်လင့်ဘဲ သူမ လှည့်လိုက်ချိန်တွင် ရှောင်ထုန်က စိတ်အားထက်သန်သော အပြုံးလေးဖြင့် ထိုင်ခုံလေးတစ်လုံးကို လာရောက် ချပေးလိုက်ပြီး ပြောလိုက်လေသည်။
“ယောက်မ၊ ထိုင်ပါဦး၊ ကျွန်မ ယောက်မအတွက် ရေတစ်ခွက် သွားခပ်ပေးပါ့မယ်”
“မလိုပါဘူး၊ မလိုပါဘူး၊ ပင်ပန်းမခံပါနဲ့ဦး၊ နင့်ယောက်မကိုပဲ ရက်တစ်ရာပြည့်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုရိုးရာဓလေ့တွေ လိုသေးလဲဆိုတာကိုပဲ ကူညီကြည့်ပေးလိုက်ပါဦး၊
နင့်မှာ တူတွေအများကြီး ရှိတာဆိုတော့ ဒီအကြောင်းတွေကို သိမှာပဲမဟုတ်ဘူးလား”
လီရှန်းက လက်ကာပြလျက် ငြင်းဆိုလိုက်လေ၏။ ထို့နောက် လီလင်းက မီးနေသည်ကာလတွင် ရှိနေဆဲဖြစ်သောကြောင့် အလွန် စိတ်မပင်ပန်းစေရန် ရှောင်ထုန်ကို ကူညီခိုင်းလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအကြိမ်တွင်တော့ ရှောင်ထုန်သည် တွန့်ဆုတ်သွားခဲ့ရ၏။
သူမက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျက်နှာလေးက နီရဲလျက် ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
“ကျွန်မ၊ ယောက်မ..ကျွန်မ စာမတတ်ဘူး”
ဟင်။
“ဟုတ်လား.. ဒါပေမဲ့ မင်းရဲ့ စကားပြောပုံကို ကြားရတာတော့ ကျောင်းတက်ခဲ့ဖူးတဲ့ ပုံစံမျိုးပဲ”
မည်သို့ပင်ဖြစ်စေ သူမက မူလကတည်းက သူမကိုယ်တိုင်ရောက်လာခဲ့ခြင်း ဟူသော စကားလုံးမျိုးကို အသုံးပြုခဲ့သည် မဟုတ်ပါလား။
“အရင်တုန်းက ကျွန်မရဲ့ တူကို အဖွဲ့အစည်းရဲ့ မူလတန်းကျောင်းဆီကို မနက်တိုင်း လိုက်ပို့ပေးခဲ့တာလေ၊
ကျွန်မ အပြင်ဘက်မှာ စောင့်နေရင်းနဲ့ အထဲက စာဖတ်သံတွေကို ကြားခဲ့ရတာ”
ထို့ကြောင့် သူမက နားဖြင့်သာ မှတ်မိနေခြင်းဖြစ်ပြီး မျက်စိဖြင့် စာလုံးများကို မမြင်ဖူးပေ။
သူမတွင် အတန်းထဲတွင် ထိုင်ကာ စာသင်ကြားခွင့်ဟူ၍ မည်သည့်အချိန်မျှ မရရှိခဲ့ပေ။
လီရှန်း : “...”
သူမက နှုတ်ခမ်းကို စေ့လိုက်ပြီး မေးလိုက်မိ၏။
“မင်း တစ်ခေါက်မှ ကျောင်းမတက်ခဲ့ရဘူးလား”
“အင်း”
ရှောင်ထုန်က ခေါင်းကို ငုံ့လိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မရဲ့ အစ်ကိုက အရင်တုန်းက ကျွန်မ စာသင်ဖို့အတွက် အိမ်ကို ငွေတွေ ပြန်ပို့ပေးချင်ခဲ့တာ၊
ဒါပေမဲ့ ကျွန်မက ငြင်းခဲ့တာပါ၊ တကယ်လို့ သူ့ဘက်က ငွေတွေ ပြန်ပို့ပေးခဲ့ရင်တောင် သူတို့က ကျွန်မကို စာသင်ခွင့် ပေးကြမှာ မဟုတ်ဘူးလေ”
*