အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
အခန်း(247)
ထိုစကားကို ကြားရသည့်အချိန်တွင် လီလင်းက စာရွက်နီကို ချလိုက်ပြီး ပြောလိုက်လေ၏။
“ရှောင်ထုန်က သနားစရာကောင်းတဲ့ ကလေးလေးပါ၊ ငါ့ ယောက္ခမကတော့ တကယ့်ကိုဆိုးတယ်၊
ရှောင်ထုန်က အသက်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာကို တောင်ပေါ်ကလူတစ်ယောက်နဲ့ အတင်း လက်ထပ်ခိုင်းဖို့ စီစဉ်နေတာလေ၊
သူမရဲ့ အစ်ကိုကိုယ်တိုင် ရွာကိုပြန်ပြီး သူမကို ကယ်ထုတ်လာခဲ့ရတာ”
သူမက သူမ၏ ယောက္ခမများအကြောင်းကို မကောင်းမပြောချင်သော်လည်း ရှောင်ထုန်ကိုယ်တိုင်က ထုတ်ပြောလာသောကြောင့် ဖွင့်ပြောလိုက်မိသည်။
စိတ်ထဲက မကျေနပ်ချက်များကို ဖွင့်ထုတ်လိုက်ကြတာပေါ့။
ထိုအချိန်မှ လီရှန်းက လီလင်း၏ မိခင်ဘက်မှ မိသားစုကသာ စရိုက်ဆိုးခြင်းမဟုတ်ဘဲ သူမ၏ ခင်ပွန်းဘက်မှ မိသားစုက ပို၍ပင် စရိုက်ဆိုးကြောင်းကို သဘောပေါက်သွားတော့၏။
လီလင်း၏ ယောက္ခမက မိသားစုနှစ်စုကို တပြိုင်တည်း ထောက်ပံ့ပေးနေရသူဖြစ်ပြီး ကလေးခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့် ရှိသည်။
ကလေးများကို မိသားစုနှစ်စုကြား ခွဲဝေထားသောကြောင့် ယောက္ခမဖြစ်သူက ဘက်လိုက်တတ်၏။
လီလင်း၏ ခင်ပွန်းနှင့် ရှောင်ထုန်တို့က မောင်နှမအရင်းများ ဖြစ်ကြပြီး သူတို့နှစ်ဦးက အချစ်မခံရဆုံးသော ကလေးများ ဖြစ်ကြသည်။
လီရှန်းက မေးလိုက်လေ၏။
“..ဒါဆိုရင် နင့်ရဲ့ ယောက္ခမက တရားဝင် ဇနီးကြီး မဟုတ်ဘူးလား”
“အင်း”
လီလင်းက ခေါင်းညိတ်ပြလိုက်လေသည်။ ကေဒါတစ်ဦးဖြစ်လာရန်အတွက် နိုင်ငံရေးနောက်ခံ စုံစမ်းစစ်ဆေးမှုကို ဖြတ်သန်းရလေ့ရှိသည်။ ထို့ကြောင့် ဒုတိယမိသားစုအဖြစ် သွေးသားကို မွေးစားခြင်းကလည်း တိတ်တဆိတ်ပြစ်မှုတစ်ခုသာ ဖြစ်လေသည်။
ထိုမိသားစုရှိ ကလေးများမှာ အဖေဖြစ်သူကို ဦးလေးဟု ခေါ်ဆိုကြရသည်။
“ငါ့ရဲ့ ယောက္ခမက ပြီးခဲ့တဲ့ နှစ်ကတင် ဆုံးသွားခဲ့တာ၊ အခု အိမ်မှာ ရှောင်ထုန်တစ်ယောက်တည်းပဲ ကျန်တော့တာလေ”
နှစ်ပေါင်းများစွာကြာအောင် ရှောင်ထုန်က အိမ်၌ အစေခံတစ်ဦးကဲ့သို့ နေထိုင်ခဲ့ရပြီး သူမ၏ ယောက်မများနှင့် တူများကို ပြုစုပေးခဲ့ရသည်။
ယခုအချိန်တွင် သူမ၏ အစ်ကိုဖြစ်သူက အိမ်ထောင်ကျပြီး ယောက်မဖြစ်သူမှာလည်း မီးဖွားပြီး ပြုစုမည့်သူ လိုအပ်နေသည့်အတွက် ဤအချိန်ကျမှသာ ထိုအကြောင်းပြချက်ကို အသုံးပြု၍ သူမကို ကယ်ထုတ်လာနိုင်ခဲ့ရ၏။
“သူတို့က ဘေးအိမ်က ယောက်မကိုပါ လွှတ်ဖို့ စီစဉ်နေသေးတယ်၊ ဒါပေမဲ့ ငါ ငြင်းလိုက်တာ”
သူတို့က သူမကို ရွှံ့နဲ့လုပ်ထားတဲ့လူလို့ ထင်နေကြတာလား။ ဘယ်သူမဆို သူမထံမှ ငွေကြေး လာရောက်တောင်းခံနိုင်တယ်ထင်နေကြတာပဲ။
“ဒါပေါ့၊ နင်လုပ်တာ မှန်တယ်၊ တခြားမိသားစုက ယောက်မရဲ့ ကိစ္စတွေကို ငါတို့မိသားစုရဲ့ ကိစ္စတွေထဲ ဘာလို့ လာပြီး ရှုပ်စေမှာလဲ”
လီလင်း၏ လုပ်ဆောင်ချက်က အလွန်ပင် ယုတ္တိရှိလွန်းသည်။
လီရှန်းက စာရွက်နီလေးကို ညွှန်ပြလျက် မေးလိုက်လေ၏။
“ဒါကို ဘယ်လိုမြင်လဲ၊ လိုအပ်တာတွေ ရှိသေးလား”
လီလင်းက အမြန်ပင် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
“အများကြီး ပြည့်စုံသွားပါပြီ၊ ငါ့အမေတောင် ဒီလောက်အထိ ပြည့်စုံအောင် စဉ်းစားပေးနိုင်မှာ မဟုတ်ပါဘူး”
“ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ငါ ဒါအတိုင်းပဲ ပြင်ဆင်လိုက်မယ်”
လီရှန်းက စာရွက်နီလေးကို ပြန်ယူလိုက်ပြီး လီလင်းကို စကားအနည်းငယ် ထပ်မံ၍ ပြောဆိုကာ ကောင်းကောင်းအနားယူရန်မှာပြီး ပြန်လာခဲ့တော့၏။
လီရှန်းက ထွက်ခွာသွားပြီးနောက် လီလင်းက ရှောင်ထုန်ကို စာရွက်နီပေါ်တွင် ရေးသားထားသော အကြောင်းအရာများကို ရှင်းပြလိုက်လေသည်။
ရှောင်ထုန်ကတော့ မနေနိုင်ဘဲ နားရွက်ကိုကုတ်လျက် ပြောလိုက်၏။
“ဒါက တကယ့်ကို ကောင်းလွန်းနေတာပဲ၊ ဝမ်းကွဲအစ်မတွေက ယောက်မကို ဘာလို့ လာပြီးပြုစုချင်နေကြလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်၊
မြို့က ကလေးတွေကိုတော့ တကယ့်ကို ရတနာတွေလို ဆက်ဆံကြတာပဲနော်”
မျက်စိတစ်မှိတ်အတွင်းမှာပင် လီလင်း၏ မီးနေသည်ကာလက ပြီးဆုံးသွားခဲ့သည်။
ရှောင်ထုန် ရောက်ရှိလာပြီးနောက်တွင် အိမ်အတွင်းအပြင်ကလည်း သန့်ရှင်းစင်ကြယ်နေခဲ့လေ၏။
အမြွှာများ၏ ရက်တစ်ရာပြည့် အခမ်းအနားနေ့တွင် လီရှန်းက မင်္ဂလာရှိသော အချိန်ကောင်းကို ရွေးချယ်ကာ မိခင်ဘက်မှ မိသားစု အဖြစ် လက်ဆောင်များကို သယ်ဆောင်လျက် လာရောက်လည်ပတ်ခဲ့သည်။
စုဝေ့ချင်းက ကလေးငယ်ကို ကိုယ်တိုင်ချီထားပြီး ဆံပင်ညှပ်ဆရာကို ကလေး၏ ဆံပင်များကို ရိတ်ခိုင်းလိုက်လေ၏။
“အမေဘက်မှ ဦးလေးက အရေးအကြီးဆုံးပဲ”
စုဝေ့ချင်းက ကလေးကို ချီထားရင်း မိခင်ဘက်မှ ဦးလေးတစ်ဦး၏ တာဝန်ကို ယူထားလေသည်။
လီလင်း၏ ခင်ပွန်းဖြစ်သူ၏ လုပ်ဖော်ကိုင်ဖက်များက လာရောက်ဂုဏ်ပြုကြချိန်တွင် လီရှန်းနှင့် စုဝေ့ချင်းတို့ကို မြင်တွေ့ရသောကြောင့် လီလင်း၏ မိသားစုဝင်များလားဟု ချက်ချင်းပင် မေးမြန်းကြလေတော့သည်။
ထိုလူနှစ်ဦးက ဆေးဝါးစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး၏ သားနှင့် ချွေးမဖြစ်ကြောင်းကို သိရှိသွားကြရချိန်တွင် သူတို့၏ မျက်ဝန်းထဲ၌ မနာလိုဖြစ်မှုများက ပြည့်နှက်သွားရတော့၏။
“ရှန်းရှန်း၊ နင် ဘယ်လိုမြင်လဲ၊ ငါ ရှောင်ထုန်အတွက် ငါတို့စက်ရုံထဲကနေ ရည်းစားတစ်ယောက် ရှာပေးရင် ဘယ်လိုလဲ”
လီလင်းက အင်္ကျီအသစ်များကို ဝတ်ဆင်ထားသော အမြွှာကလေးငယ်ကို ချီထားရင်း လီရှန်းကို ခပ်တိုးတိုး ကပ်မေးလိုက်လေ၏။
“နင် ဘယ်သူ့ကို သဘောကျနေလို့လဲ”
လီလင်းက ထိုသို့ပြောဆိုလာပြီဖြစ်၍ စိတ်ထဲတွင် ရည်ရွယ်ချက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားလွန်း၏။
“ငါတို့နဲ့အတူ စာမေးပွဲဝင်ဖြေခဲ့တဲ့ ဒုတိယရတဲ့လူလေ၊ ရွှမ်ယန် လေ”
လီလင်းက သူမ၏ အစီအစဉ်အား လီရှန်းကို ခပ်တိုးတိုး ပြောပြလိုက်လေသည်။
“ငါ စုံစမ်းကြည့်ပြီးပြီ၊ ရွှမ်ယန်က မိဘမဲ့တစ်ဦးဖြစ်ပြီး ခရိုင်မြို့ထဲမှာ ခြံဝင်းအသေးစားလေးတစ်ခု ရှိတယ်၊
သူ ပြည်နယ်မြို့တော်ကို သွားပြီး စာမေးပွဲဖြေရတဲ့ အကြောင်းရင်းက ပြည်နယ်အစိုးရရုံးမှာ အလုပ်လုပ်တဲ့ ဦးလေးတစ်ယောက် ရှိနေလို့လေ၊ သူက ကြီးမားတဲ့ အာဏာရှိသူတော့ မဟုတ်ပါဘူး”
“ရှောင်ထုန်က စာမတတ်ဘူးလေ၊ တစ်ဖက်က အဲဒီတစ်ယောက်က ဒုတိယရအောင် ဖြေနိုင်ခဲ့တာကို ကြည့်ရင် စာသင်ကြားရတာကို အရမ်းနှစ်သက်လောက်တယ်မလား”
လီရှန်းကတော့ ထိုကိစ္စက စိတ်ချရသည့် ကိစ္စတစ်ခု မဟုတ်ဟု တွေးနေမိသည်။
သူတို့က လီလင်း၏ အတွေးက အနည်းငယ် အလှမ်းဝေးလွန်းသည်ဟု ထင်မှတ်မိသည်။
အရေးကြီးဆုံးက..
“ရှောင်ထုန်က အသက်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတာ၊ နင်က အရမ်း လောလွန်းနေပြီ”
“ငါက သူတို့ကို အရင်ဆုံး ရည်းစားအဆင့်လောက်ပဲ တွဲခိုင်းထားဖို့ စဉ်းစားတာပါ”
လီလင်းက သက်ပြင်းချလိုက်မိပြီး ကျေးလက်ဒေသတွင် အလုပ်လုပ်နေရသော သူမ၏ ညီမငယ်ကို သတိရသွားမိပြီး ပြောလိုက်လေသည်။
“ငါ့ရဲ့ ညီမလေးက အခု ဘယ်လိုနေမလဲ မသိဘူး၊ အမှန်အတိုင်းပြောရရင် ငါ အစက သူမကိုပဲ ပြန်လာပြီး ငါ့ရဲ့ မီးနေကာလကို ပြုစုပေးစေချင်တာ”
ကျေးလက်ဒေသသို့ ရောက်ရှိသွားသော ပညာတတ်လူငယ်များအတွက် မြို့သို့ ပြန်လာရန်အတွက် အလွန်ပင် ခက်ခဲလွန်းသည် မဟုတ်ပါလား။
ထိုစကားဖြင့်ပင် စကားဝိုင်းက ပြီးဆုံးသွားခဲ့ပြီး ထိုနေ့တစ်နေ့လုံးက စည်ကားသိုက်မြိုက်စွာဖြင့် ကုန်လွန်သွားခဲ့တော့၏။
သို့သော် ရာသီဥတုက အနည်းငယ် ပူပြင်းနေဆဲဖြစ်သောကြောင့် နေ့လယ်စာစားပြီးနောက် လူတိုင်းက နှုတ်ဆက်ကာ အိမ်ပြန်ပြီး နေ့လယ်ခင်းအိပ်စက်ခြင်း ပြုလုပ်ကြတော့၏။
ရာသီဥတုက ပူပြင်းချိန်တွင် နေ့လယ်ဘက်၌ ခဏမျှ မအိပ်စက်ပါက မွန်းလွဲပိုင်းတွင် အလွယ်တကူ ငိုက်မြည်းတတ်၏။
လီရှန်းလည်း အိမ်ပြန်ရောက်သည်နှင့် အိပ်ပျော်သွားခဲ့တော့သည်။
အမှန်အတိုင်း ပြောရလျှင် သူတစ်ပါး၏ အိမ်တွင် မည်သည့်အရာမှမလုပ်ဘဲ ထိုင်နေရုံမျှဖြင့်ပင် နာရီဝက်ခန့်ကြာလျှင် ပင်ပန်းနွမ်းနယ်မှုကို ခံစားရလေ့ရှိ၏။
ဇနီးမောင်နှံငယ်နှစ်ဦးက ခေတ္တမျှ အိပ်စက်လိုက်ကြပြီးနောက် မွန်းလွဲပိုင်းတွင် အားအင်ပြည့်ဝစွာဖြင့် အလုပ်သို့ ထွက်ခွာခဲ့ကြသည်။
နည်းပညာဌာနက သုတေသနဌာန၏ ဘေးနားတွင် တည်ရှိပြီး တည်နေရာက အလွန်ကောင်းမွန်သည်။ ရေကန်အတုလေးတစ်ခုသည်လည်း နီးကပ်စွာရှိကာ ပတ်ဝန်းကျင်တွင်လည်း သစ်ပင်များက ဝန်းရံထားလေ၏
ဤမျှအထိ ပူပြင်းသော ရာသီဥတုမျိုးတွင် ခြင်အနည်းငယ် ကိုက်တတ်သော်လည်း အပူရှိန်ကတော့လျော့ပါးသည်။
တစ်ဖက်တွင် စုဝေ့ချင်း နေထိုင်ရာ နေရာက လုံးဝ ကွာခြားလွန်းသည်။
ထိုနေရာက အလွန်ပူပြင်းပြီး ခြင်များလည်း ပေါလွန်းသည်။ ထို့ကြောင့် စက်ရုံသို့ သံပန်ကာများ ရောက်ရှိလာချိန်တွင် ပထမဆုံး တပ်ဆင်ပေးသည့် နေရာက အတွင်းရေးမှူးရုံးပင် ဖြစ်ခဲ့လေ၏။
ညွှန်ကြားရေးမှူးရုံးခန်းတွင်ပင် တပ်ဆင်ပေးခြင်း မရှိသေးပေ။
“အဲဒီလျှပ်စစ်ပန်ကာက တကယ်ကို ကောင်းတာပဲ၊ ကိုယ်တို့တွေလည်း တစ်လုံးဝယ်ပြီး အခန်းထဲမှာ တပ်ကြရင် မကောင်းဘူးလား”
စုဝေ့ချင်းက ရုံးခန်းထဲတွင် တစ်နေ့လုံး ပန်ကာလေကို ခံစားခဲ့ရသောကြောင့် လီရှန်းကို လာရောက် အကြံပြုတော့သည်။
“ထားလိုက်ပါတော့၊ အဲဒီမျက်နှာကြက်ပန်ကာက ကြည့်ရတာ အန္တရာယ်များလွန်းပါတယ်၊
ကျွန်မ ခေါင်းပေါ်ကို ပြုတ်ကျလာပြီး ခေါင်းပြတ်သွားမှာကို စိုးရိမ်ရတယ်”
ထို့ကြောင့် အခန်းထဲတွင် တပ်ဆင်ရန် မလိုအပ်ပေ။ ထိုပန်ကာက သူမကို လုံခြုံမှုမရှိသကဲ့သို့ ခံစားရစေသည်။
“ဒါဆို အိမ်ရှေ့ခန်းမှာ တပ်ရင်ရော”
စုဝေ့ချင်းက ယခုထိ လက်မလျှော့သေးပေ။
“အဲဒါကတော့ ရှင့်မိဘတွေကို သွားမေးရမှာပေါ့”
သူမအနေဖြင့် သူမနှင့် မသက်ဆိုင်သော အိမ်အတွက် ဆုံးဖြတ်ချက်ချရန် အဆင်မပြေပေ။
“ဒါဆိုရင် ကိုယ် သွားမေးလိုက်မယ်”
စုဝေ့ချင်းက ထရပ်ကာ လော်ယွီရှို့ကို သွားရောက် မေးမြန်းလေတော့၏။
လီရှန်းကတော့ ကလေးငယ်အား ဗိုက်ထဲတွင်ရှိနေစဥ်ကတည်းက ပညာသင်ကြားပေးသည့် အနေဖြင့် စာကို ဆက်လက်ဖတ်ရှုနေခဲ့လေ၏။
သို့သော် သူမက စာနှစ်လုံးမျှပင် မဖတ်ရသေးမီမှာပင် အပြင်ဘက်မှ ဆဲဆိုသံများကို ကြားလိုက်ရသည်။ ခဏအကြာတွင် စုဝေ့ချင်းက အလွန်ပင် ဖရိုဖရဲဖြစ်သော ပုံစံဖြင့် အခန်းထဲသို့ ပြန်လည်ထွက်ပြေးလာခဲ့တော့သည်။
လီရှန်းက ခေါင်းပင်မမော့ဘဲ မေးလိုက်လေ၏။
“အမေက သဘောမတူဘူးမလား”
သူမက အေးဆေးတည်ငြိမ်စွာဖြင့် စာမျက်နှာကို လှန်လိုက်လေသည်။
“ဟုတ်တယ်”
စုဝေ့ချင်းက စိတ်ပျက်စွာဖြင့် မျက်နှာကို သုတ်လိုက်ရင်း ပြောလိုက်လေသည်။
“သူမက အရမ်း ဖြုန်းတီးရာ ရောက်တယ်တဲ့”
လီရှန်းက ပုခုံးတွန့်ပြလိုက်သည်။ ဤရလဒ်အပေါ် အံ့ဩခြင်း မရှိခဲ့ပေ။
ထိုလုပ်ရပ်က အမှန်တကယ်ပင် အလွန် ဖြုန်းတီးလွန်းရာ ကျသည်။
ပိုင်မားခရိုင်တစ်ခုလုံးတွင် ဆေးဝါးစက်ရုံ၏ အတွင်းရေးမှူးရုံးခန်း၌သာ တစ်လုံး တပ်ဆင်ထားခြင်းဖြစ်၏။
ထပ်မံတပ်ဆင်မည်ဆိုလျှင်ပင် နောက်ထပ် နှစ်နှစ်အတွင်း၌ ဖြစ်လာနိုင်ခြေ မရှိပေ။
အနည်းဆုံးတော့ စက်ရုံတိုင်းတွင် တစ်လုံးစီ တပ်ဆင်ပြီးစီးသွားမှသာ သာမန်လူများ၏ အိမ်များတွင် တပ်ဆင်နိုင်ပေလိမ့်မည်။
စုဝေ့ချင်းက ပို၍ပင် စိတ်ပျက်သွားရတော့၏။
ထိုမျက်နှာကြက်ပန်ကာက အလွန်ပင် သက်သောင့်သက်သာ ရှိလွန်းသည်။
အကယ်၍ ညဘက်တွင် အနိမ့်ဆုံးအဆင့်သို့ ဖွင့်ထားလိုက်ပါက ညင်သာသော လေပြေလေညင်းလေးကို ရရှိမည်ဖြစ်ပြီး ခြင်များကိုပင် မြင်တွေ့ရတော့မည် မဟုတ်ပေ။
*
အခန်း(248)
စုဝေ့ချင်းတစ်ယောက် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လီလင်း၏ အိမ်တွင် ပြုလုပ်ခဲ့သည့် ကလေး၏ တစ်လပြည့် အထိမ်းအမှတ်ပွဲကို ပြန်လည်တွေးတောမိသည်။
ထိုအခန်းက ချွေးထုတ်ခန်းကဲ့သို့ ဖြစ်နေခဲ့လေ၏။ သူ့အနေဖြင့် လီရှန်းလည်း ထိုသို့ခံစားရမည်ကိုတွေးမိလျှင် အလွန် စိတ်မကောင်းဖြစ်မိသည်။ သူမအနေဖြင့် မီးနေသည်ကာလအတွင်း မည်မျှအထိ ခံစားရမည်ကို တွေးကြည့်ရုံမျှဖြင့်...
“ဒါပေမဲ့ ကျွန်မ ခန့်မှန်းရသလောက်တော့ ရာသီဥတု အေးလာတဲ့အချိန်ကျမှ မွေးမှာပါ”
လီရှန်းက စုဝေ့ချင်းကို စကားမပြောနိုင်စွာ ကြည့်လိုက်မိလေ၏။
ဤအမျိုးသားက သူမအတွက် အလွန်ကြင်နာစွာ တွေးတောပေးခဲ့သည်။
သို့သော်လည်း သူမ ကလေးမွေးပြီး မီးနေသည်ကာလသို့ ရောက်ရှိသည့်အချိန်တွင် ရာသီဥတုက လုံးဝ ပူနေမည်မဟုတ်ဘဲ အတော်လေးပင် အေးနေလောက်ပြီ။
စုဝေ့ချင်းက ချက်ချင်းပင် ဆွံ့အသွားရတော့သည်။
ဟုတ်သားပဲ။
လီရှန်းက လက်ရှိမှာ ကိုယ်ဝန် ငါးလပဲ ရှိသေးတာ။
သူမ ကလေးမွေးမည့်အချိန်သို့ ရောက်လျှင် ဆောင်းတွင်းနီးပါး ဖြစ်နေပေလိမ့်မည်။
စုဝေ့ချင်းက အနည်းငယ် မရေမရာ ဖြစ်သွားရပြီး ကလေးအတွက် ဂွမ်းအင်္ကျီလေးကို ချုပ်ရန်အတွက် ဂွမ်းတချို့ကို ရှာဖွေရမည်ဟု တွေးလိုက်လေသည်။
အဆုံးတွင်တော့ လီလင်း၌ ကလေးနှစ်ယောက် ရှိနေခဲ့လေ၏။
လီရှန်းက ကလေး၏ တစ်လပြည့်ပွဲအတွက် လုံလောက်စေရန်အတွက် ရင်ဖုံးအင်္ကျီနှင့် ဘောင်းဘီတို ချုပ်ဖို့ အထည်စတချို့ကို ဝယ်ယူခဲ့ပြီး ဖြစ်သည်။
“မင်ပြောကြည့် ကိုယ်တို့တွေ ကလေးအတွက် အရုပ်ချိတ်တစ်ခုလောက် ဝယ်သင့်လား”
အရုပ်ချိတ်လား။
လီရှန်း၏ စိတ်ထဲတွင် မစ်ရှင်ကမ္ဘာမှ လူကြီးစီးသည့် အရွယ်အစားရှိသော အရုပ်ချိတ်ကြီးကိုမြင်ယောင်မိသည်။
“မလိုပါဘူး”
“မဟုတ်ဘူး၊ ကိုယ်တို့မှာ အဲဒါ ရှိကိုရှိရမယ်”
စုဝေ့ချင်းက အံကို တင်းတင်းကြိတ်ပြီး သူ၏ အိမ်မျက်နှာကြက်ကို မော့ကြည့်လိုက်ပြီး ထိုအရုပ်ချိတ်ရောက်လာသည့်အချိန်တွင် ခေါင်မိုးပေါ်သို့ မည်သို့ တင်ရမည်ကို တွေးတောနေခဲ့လေ၏။
“တခြားကလေးတွေမှာ ရှိရင် ကိုယ်တို့သမီးလေးမှာလည်း ရှိရမယ်”
သူ့သမီးလေးက တခြားသူတွေထက် နိမ့်ကျလို့မဖြစ်ပေ။
လီရှန်း : “...”
တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူမအနေဖြင့် စုဝေ့ချင်းတစ်ယောက် ကိုယ်ဝန်သည်များဖြစ်တတ်သော ကလေးမမွေးခင် စိုးရိမ်သောကရောက်သည့် ဝေဒနာကို ခံစားနေရသည်ဟု ခံစားလိုက်ရသည်။
နောက်ရက်များတွင်လည်း လီရှန်းတစ်ယောက် စုဝေ့ချင်း၏ စိတ်ခံစားချက်များကို စတင်သတိထားမိလာခဲ့သည်။ သူမ၏ ဗိုက်က ကြီးလာလေလေ စုဝေ့ချင်း၏ အခြေအနေက ပို၍ ပြင်းထန်လာလေလေဖြစ်သည်ကို တွေ့ရှိခဲ့ရ၏။
အဆုံးတွင် လော်ယွီရှို့ပင်လျှင် သူ၏ ရောဂါလက္ခဏာများကို သတိပြုမိသွားပြီး စနောက်ခဲ့လေသည်။
“သူက သူ့အဖေအတိုင်းပဲ၊ အဲဒီတုန်းက သူ့အဖေကလည်း ဒီလိုပါပဲ၊တခြားကိုယ်ဝန်ဆောင်တွေက အသေအလဲ အန်နေကြချိန်မှာ ငါ့ယောက်ျားက လနဲ့ချီပြီး အန်နေခဲ့လို့ ဆယ်ပေါင်ကျော်တောင် ကျသွားခဲ့တယ်၊
သူ့ရုံးကလူတွေ အားလုံးက သူ့ကို လှောင်ကြတာ၊ သူ အရင်ရုံးကနေ ထွက်လာခဲ့လို့သာပေါ့၊ မဟုတ်ရင် အခု ဝေ့ချင်းကို ပြန်လှောင်ကြဦးမှာ”
“ဝေ့ချင်းရဲ့ တုံ့ပြန်မှုက အဖေနဲ့ အတော်လေး ကွဲပြားတယ်”
စုဝေ့မင်က အန်ရုံသာ အန်ခြင်းဖြစ်သော်လည်း စုဝေ့ချင်းက ပိုက်ဆံ သုံးရသည်ကို အလွန်နှစ်သက်နေခြင်း ဖြစ်၏။
သူက အိမ်ထဲရှိ ကလေးနှင့် ပတ်သက်နိုင်သမျှအရာအားလုံး၊ အထူးသဖြင့် နို့မှုန့်ကူပွန်များကိုပါ ဝယ်ယူခဲ့လေသည်။
သူ့ထံတွင် ယခုဆိုလျှင် ဆယ်ဂဏန်းအနည်းငယ်မျှသာ ကျန်တော့ပြီး သမီးလေး မွေးလာပြီးနောက် နေ့တိုင်း နို့မှုန့်သောက်ရန်အတွက်ပင် အဆင်ပြေသွားလေပြီ။
သူက သမီးလေး အပူငြိမ်းစေရန်အတွက် မြို့တော်မှ လိမ္မော်ရည်များကိုပင် လူကြုံနှင့် ပို့ပေးဖို့ တစ်ဆင့်တောင်းဆိုခဲ့သေး၏။
ပျားရည်က ဓာတ်မတည့်မှုကို အလွယ်တကူ ဖြစ်စေနိုင်သောကြောင့် စုဝေ့ချင်းက သူ၏အတွက် စံပြလိမ္မော်ရည်အနှစ်ကို ပြင်ဆင်ပေးထားခဲ့လေသည်။
“အမြန်သာ မွေးလိုက်မှရမယ်၊ မဟုတ်ရင် ဝေ့ချင်း မရူးခင် ကျွန်မ အရင် ရူးရလိမ့်မယ်”
လီရှန်းက သူမ၏ ခေါင်းကိုထိုးဖွရင်း လော်ယွီရှို့ထံတွင် ညည်းတွားလိုက်လေသည်။
သူတို့၏ အခန်းထဲတွင် လှုပ်ရှားသွားလာရန် နေရာ မရှိသလောက်ပင် ဖြစ်နေလေပြီ။
သစ်သားခုတင်အသေးစားလေး တစ်လုံး၊ အရုပ်ချိတာအသေးလေး တစ်လုံးနှင့် မီးအပူပေးပုံး တစ်ပုံး..
ဤလူက အမှန်တကယ်ပင် အရာအားလုံးကို တွေးတောထားခဲ့သည်။
လော်ယွီရှို့လည်း စိုးရိမ်စိတ်များ ရှိနေဆဲဖြစ်သောကြောင့် ခေါင်းကိုညိတ်ပြလိုက်လေ၏။
အတိအကျပင်။
အကယ်၍ အခြေအနေများက ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူမနှင့် လောင်စုတို့အနေဖြင့် မကြာမီပင် သူတို့၏ စုဆောင်းငွေများ ကုန်ဆုံးသွားရတော့ပေလိမ့်မည်။
ရက်များက ကုန်လွန်သွားခဲ့ပြီး ပထမဆုံး ဆီးနှင်းများက ကျဆင်းလာသည့် မနက်ခင်း၌ လီရှန်းတ်ယောက် ဗိုက်ထဲမှ ကန်လိုက်သကဲ့သို့ ခံစားလိုက်ရပြီးနောက် စူးရှသော နာကျင်မှုကို တွေ့ကြုံလိုက်ရသည်။
သူမက ဘေးနားရှိ စုဝေ့ချင်း၏ လက်ကို လှမ်းကိုင်လိုက်လေ၏။
“မြန်မြန်.. အမေတို့ကို သွားရှာပေးပါ၊ ကျွန်မ ကလေးမွေးတော့မယ်”
စုဝေ့ချင်း : “!”
သူက ရုတ်တရက် လူးလဲထလိုက်ပြီးနောက် မှောက်လျက်လဲကျသွားခဲ့သည်။
ထို့နောက် နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ ဖိနပ်ပင် မစီးအားတော့ဘဲ တံခါးကို ဝုန်းခနဲ ဖွင့်ပြီး အော်ဟစ်လိုက်လေ၏။
“အမေ၊ အဖေ၊ အမြန်လုပ်ကြပါဦး၊ ရှန်းရှန်း ကလေးမွေးတော့မယ်”
လီရှန်းကို ညတွင်းချင်းပင် စက်ရုံဆေးရုံသို့ ပို့ဆောင်လိုက်ကြရသည်။
ခရိုင်ဆေးရုံသို့ မသွားချင်၍ မဟုတ်ဘဲ စက်ရုံ၏ ပတ်ဝန်းကျင်က ပို၍ ရိုးရှင်းသောကြောင့် ဖြစ်လေ၏။
လွန်ခဲ့သော အချိန်တုန်းက ဘေးနားရှိ မြို့ပေါ်ဆေးရုံတွင် ကလေးချင်း မှားယွင်းလဲလှယ်မှု အရှုပ်တော်ပုံတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
ကလေး၏ အဖွားဖြစ်သူကို လက်ပူးလက်ကျပ် မိခဲ့ခြင်းဖြစ်သည်ဟု ပြောကြလေ၏။
မိသားစုတစ်ခုက သမီးငါးယောက်ကို ဆက်တိုက် မွေးဖွားခဲ့ပြီး ခြောက်ယောက်မြောက် ကလေးကလည်း မိန်းကလေးပင် ဖြစ်နေခဲ့လေသည်။
ထို့ကြောင့် ညသန်းခေါင်ယံအချိန်တွင် ဘေးခုတင်မှ သားသုံးယောက်ကို မွေးထားသည့် မိသားစု၏ ကလေးနှင့် တိတ်တဆိတ် လဲလှယ်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
သူတို့က မိသွားသည့်အချိန်တွင်ပင် ထိုလူများက အော်ဟစ်ခဲ့ကြသေး၏။
“ဘာပဲဖြစ်ဖြစ် နင်တို့မှာ သားတွေ အများကြီး ရှိနေတာပဲ၊ ငါ့ကလေးနဲ့ လဲတာ ဘာဖြစ်လို့လဲ”
ထိုအဖြစ်အပျက်က အလွန်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလွန်းသည်။
စုဝေ့ချင်းက အလွန်ပင် ထိတ်လန့်သွားခဲ့ရသောကြောင့် ညသန်းခေါင်ယံတွင် လန့်နိုးလာခဲ့ရပြီး သူ့သမီးကြီး အလဲခံလိုက်ရသည်ဟု ရက်ပေါင်းများစွာ အိပ်မက်မက်နေခဲ့ရလေ၏။
ထို့အပြင် လီရှန်း ကိုယ်ဝန်ရှိကတည်းက စက်ရုံတွင် ကိုယ်ဝန်ဆောင်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ကလေး၏ တည်နေပုံက မှန်ကန်နေသည့်အပြင် ကိုယ်ဝန်ရက်သတ္တပတ်ကလည်း ကွက်တိဖြစ်နေခဲ့သည်။
ရှုပ်ထွေးသော နောက်ဆက်တွဲပြဿနာများ မရှိသရွေ့ လီရှန်းက အဆင်ပြေချောမွေ့စွာ မွေးဖွားနိုင်ပေလိမ့်မည်။
စိတ်မအေးနိုင်သေးသောကြောင့် စုဝေ့ချင်းက အရှေ့ဘက်ရှိ အဆောက်အအုံအသေးလေးဆီသို့ ကိုယ်တိုင်သွားပြီး မကြာသေးမီက တခြားအလုပ်များနှင့် အလုပ်ရှုပ်နေခဲ့သော အစ်မလျို့ကိုပါ ဖိတ်ခေါ်ခဲ့လေ၏။
အစ်မလျို့က သူမအနေဖြင့် ခွဲစိတ်ဆရာဝန်တစ်ဦးသာ ဖြစ်ပြီး သားဖွားမီးယပ်နှင့် ပတ်သက်၍ မည်သည့်အရာမှမသိပါဟု ထပ်ခါတလဲလဲ ရှင်းပြခဲ့သော်လည်း စုဝေ့ချင်း၏ မိသားစုက အစ်မလျို့ ရှိနေသရွေ့ စိတ်အေးသွားကြပုံရ၏။
မကြာမီပင် ဝူလီလည်း သတင်းစကားကို ရရှိပြီးနောက် လက်နှိပ်ဓာတ်မီးကို ကိုင်ကာ စက်ဘီးဖြင့် ရောက်ရှိလာခဲ့လေသည်။
“ဘယ်လိုလဲ၊ မွေးဖို့ လက္ခဏာပြပြီလား”
သူမတွင် ကလေးနှစ်ယောက်ရှိသော်လည်း ကိုယ်တိုင် လုံးဝ မမွေးဖွားခဲ့ဖူးပေ။
ကလေးမွေးရန်အတွက် ညသန်းခေါင်ယံအချိန်တွင် ဆေးရုံသို့ ပထမဆုံးအကြိမ် ခေါ်ယူခြင်းကို ခံရသောကြောင့် သူမက အတော်လေး ပျာယာခတ်နေခဲ့ရသည်။
သူမ လက်မထပ်ခင်တုန်းက သူမ၏ ယောင်မဖြစ်သူက ဆေးရုံသို့ သွားရောက်ပြီး ကလေးမွေးဖွားလေ့ မရှိဘဲ အိမ်သို့ ဝမ်းဆွဲသည်ကိုသာ အမြဲတမ်း ခေါ်ယူလေ့ရှိ၏။
သွေးစွန်းနေသော ရေဇလုံများကို အပြင်သို့ သယ်ထုတ်လာသည်ကို သူမက မြင်တွေ့ခဲ့ဖူးသောကြောင့် ထိုအရာကို တွေးမိလိုက်လျှင် သူမ၏ မျက်နှာက ပို၍ပင် ဖြူလျော်သွားရဘေတော့သည်။
“ယောက်မက အခု ဘယ်လိုနေသေးလဲ”
သူမတွင် အတ္တတချို့ ရှိနေသော်လည်း အခြေခံအားဖြင့်တော့ လူကောင်းတစ်ယောက် ဖြစ်သည်။
လီရှန်း၏ ကိုယ်ဝန်အပေါ် မနာလိုဖြစ်ခဲ့သော်လည်း လီရှန်းအနေဖြင့် ကလေးမွေးဖွားချိန်တွင် မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားလိမ့်မည်ဟု သူမ တစ်ခေါက်မျှ မတွေးခဲ့ဖူးပေ။
ယခုအချိန်တွင် သူမ၏ ဦးနှောက်က တဝီဝီ မြည်နေခဲ့ပြီး မိခင်ရော ကလေးပါ ဘေးကင်းပါစေ၊ မည်သည့် အန္တရာယ်မှ မဖြစ်ပါစေနှင့်ဟူ၍သာ တွေးနေမိလေသည်။
လီရှန်းက ကလေးမွေးရန် စတင်ကာစသာ ရှိသေးသောကြောင့် ထိုမျှအထိ အမြန် မွေးဖွားလိမ့်မည် မဟုတ်ပေ။
သို့သော် စက်ရုံဆေးရုံတွင် လူနာ အများအပြား မရှိပေ။
ဆေးဝါးစက်ရုံ ဖြစ်သည့်အတွက် ဆေးဝါးကလည်း ပြတ်လပ်မှု လုံးဝ မရှိခဲ့ခြင်း ဖြစ်သည်။
မစိုးရိမ်ရသော ဖျားနာမှုများအတွက် စက်ရုံဆေးရုံသို့ လာရောက်ရန် မလိုသကဲ့သို့၊ ပြင်းထန်သော ရောဂါများကိုလည်း ဤနေရာတွင် ကုသ၍ မရနိုင်ပေ။
အလွန် အရေးကြီးသော ကိစ္စရပ်များကိုသာ ခေါ်ဆောင်လာလေ့ ရှိသည်။
ထိုညတွင် စက်ရုံက အလွန်ပင် အေးချမ်းနေခဲ့ပြီး လူတိုင်းက နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ကြ၏။
မည်သူကမျှ ဖျားနာခြင်း မရှိသောကြောင့် ထိုစက်ရုံဆေးရုံကြီးတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး လီရှန်းနှင့် သူမ၏ မိသားစုတစ်ခုလုံးသာ ရှိနေခဲ့လေသည်။
ထို့နောက်တွင်တော့...
လူတစ်စုက မွေးခန်းထဲတွင် လက်ဖက်ရည်ဝိုင်းလေးတစ်ခုကို စတင်လိုက်ကြတော့၏။
ဒေါက်တာလျို့က ဖရဲသီးစေ့တစ်ဆုပ်ကို လှမ်းယူလိုက်ပြီး ပြောလိုက်လေသည်။
“ပထမဆုံး ကလေးမွေးတာက အမြဲတမ်း နှေးတတ်တယ်၊ လူတိုင်း ထိုင်ကြပြီး စိတ်ကြည်လင်သွားအောင် တစ်ခုခု စားလိုက်ကြဦး၊
ဒီကလေး ဘယ်အချိန်ကျမှ ထွက်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”
“ကောင်းပါပြီ၊ ကျွန်မလည်း နည်းနည်း စားပါ့မယ်”
လော်ယွီရှို့က ကလေးအများအပြားကို မွေးဖွားခဲ့ဖူးသောကြောင့် အလွန် အတွေ့အကြုံရှိသော မိခင်သူရဲကောင်းတစ်ဦး ဖြစ်၏။
သူမသည်လည်း ပထမဆုံးအကြိမ် ကလေးမွေးဖွားခြင်းက နှေးကွေးတတ်သည်ကို သိရှိထားသောကြောင့် ဖရဲသီးစေ့တစ်ဆုပ်ကို လှမ်းယူလိုက်လေသည်။
သို့သော် သူမက စိုးရိမ်နေဆဲ ဖြစ်သောကြောင့် လီရှန်း၏ မျက်နှာအခြေအနေကို စောင့်ကြည့်ရန်အတွက် လီရှန်း၏ ခုတင်ဘေးတွင်သာ ထိုင်နေခဲ့လေ၏။
သူမက စားစရာတချို့ကို မြည်းစမ်းရုံသာ ရှိသေးသော်လည်း စုဝေ့မင်ကို တိုက်တွန်းလိုက်လေသည်။
“ရှင် အခု ပြန်ရင်ပြန်တော့၊ မနက်ဖြန်မနက်ကျရင် အလုပ်သွားရဦးမှာ”
“ဟုတ်ပါတယ် အဖေ၊ အဖေ အရင်ပြန်နှင့်ပါ၊ ကလေးနှစ်ယောက်ကိုလည်း ဟိုမှာ အိပ်ဖို့ ခေါ်သွားလိုက်ပါ၊ ကျွန်မကတော့ ဒီနေ့ ပြန်ဖို့ မရည်ရွယ်ထားပါဘူး”
ဝူလီက လော်ယွီရှို့၏ နောက်ကွယ်တွင် ရပ်နေရင်း စိုးရိမ်သောကရောက်နေသော မျက်နှာအမူအရာဖြင့် ထပ်ခါတလဲလဲ ခေါင်းကို ညိတ်ပြနေပြီး သူမကလည်း ပြန်ရန် အစီအစဉ် မရှိကြောင်းကို အထင်အရှား ပြသလိုက်လေ၏။
*