အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အခန်း(249)
“ဝူလီ၊ မင်း ဘာလို့ အရင်မပြန်တာလဲ”
လော်ယွီရှို့က စိတ်အနှောင့်အယှက် ဖြစ်သည့် ပုံစံဖြင့် ကြည့်လိုက်လေသည်။
မတ်ဖြစ်သူ၏ ဇနီးက ကလေးမွေးသည့်အချိန်တွင် မရီးဖြစ်သူက တစ်ညလုံး ပြုစုစောင့်ရှောက်ပေးရမည်ဟူသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ဝူလီက ချက်ချင်းပင် ခေါင်းကိုခါလိုက်လေ၏။
“အမေ၊ ကျွန်မ ဒီမှာပဲ နေပါရစေ၊ တကယ်လို့ ကျွန်မ ဒီည ပြန်သွားရင်တောင် စိတ်အေးရမှာ မဟုတ်သလို အိပ်ပျော်နိုင်မှာလည်း မဟုတ်ပါဘူး”
ထိုစကားကို ကြားလိုက်ရပြီးနောက် ဘေးနားတွင် ရပ်နေသော ဒေါက်တာတင်းက ပြုံးလိုက်ပြီး လော်ယွီရှို့ကို မျက်စိမှိတ်ပြလိုက်လေသည်။
“အစ်မ၊ ရှင်ကတော့ အတော်လေး ကံကောင်းတာပဲ”
ချွေးမနှစ်ယောက်လုံးက ဤမျှအထိ ဆက်ဆံရေး ကောင်းမွန်နေကြသည် မဟုတ်ပါလား။
“ကျွန်မရဲ့ အကြီးဆုံးချွေးမက စိတ်ထားအကောင်းဆုံးပဲ၊ ပြီးတော့ တတိယချွေးမကလည်း တကယ့်ကို ကောင်းပါတယ်”
လော်ယွီရှို့က ဒေါက်တာတင်း၏ အရှေ့တွင် သူမ၏ ချွေးမနှစ်ယောက်လုံးကို ချီးကျူးစကား ပြောလိုက်လေသည်။
ဤသည်က လီရှန်းအတွက်တော့ ကြားနေကျစကားပင် ဖြစ်သည်။
တစ်ဖက်တွင် ပုံမှန်အားဖြင့် ကလေးကို လာပို့ပြီး အလုပ်များနေတတ်သော ဝူလီမှာတော့ လော်ယွီရှို့က သူမကို ပထမဆုံးအကြိမ် ချီးကျူးစကားပြောသည်ကို ကြားလိုက်ရသောကြောင့် သူမ၏ မျက်နှာက နီရဲသွားရတော့၏။
“ရှင့်ရဲ့ ချွေးမသုံးယောက်လုံးက ကောင်းကြပါတယ်၊ ရှင့်ရဲ့ ဒုတိယသားရဲ့ ဇနီးလည်း ကောင်းတာပါပဲ၊
သူမက တိတ်ဆိတ်ပြီး နူးညံ့တဲ့ မိန်းကလေး ဖြစ်ပေမဲ့ စစ်တပ်ထဲကို တွန့်ဆုတ်မှုတွေ လုံးဝမရှိဘဲ ဝင်သွားခဲ့တာလေ၊ ဒုက္ခခံရမှာတွေ၊ ပင်ပန်းရမှာတွေကို မကြောက်ဘူး၊ သူမကရော ကလေးရပြီလား”
ဒေါက်တာတင်းက ကျန်းဝမ်ကျန့်ကိုလည်း သိရှိထားလေ၏။
စုမိသားစု၏ ချွေးမသုံးယောက်အနက် ဒုတိယချွေးမ၏ မိသားစုက အရည်အချင်းအရှိဆုံးဖြစ်ပေသည်။
သူမတွင် မောင်နှမ အများအပြား ရှိရုံသာမက သူတို့အားလုံးက ပြည်နယ်ထဲရှိ စက်ရုံများတွင် အမြဲတမ်းဝန်ထမ်းများ ဖြစ်ကြလေ၏။
အကြီးဆုံးချွေးမ၏ မိသားစုကတော့ အဆိုးရွားဆုံး ဖြစ်သည်။
ယခုနှစ်အစပိုင်းက သူမ၏ မိခင်နှင့် ရန်ဖြစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မည်သူကမျှ မပြောခဲ့ကြသော်လည်း သူမ၏ ကွယ်ရာတွင် ပြောဆိုစရာများစွာ ရှိနေခဲ့ကြ၏။
တတိယချွေးမကတော့ အလယ်အလတ် ဖြစ်သည်။ သူမတွင် မိဘများက မရှိသော်လည်း သူမ၏ ဦးလေးများနှင့် အဒေါ်များက ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်ပြီး သူတို့အားလုံးက အတော်လေး အရည်အချင်း ရှိကြသည်။
ပြီးတော့ လော်ယွီရှို့ကရော။
သူမအနေဖြင့် သူမ၏ တတိယချွေးမကို ပို၍ မျက်နှာသာပေးသည်က သာမန်မျက်စိဖြင့်ပင် အထင်အရှား မြင်တွေ့နိုင်သည်။
သေချာတာပေါ့။
သူမက သူမ၏ တတိယသားကို ပို၍ ချစ်မြတ်နိုးသည်ကလည်း ထင်ရှားလွန်း၏။
လီရှန်းက သူတို့၏ နှုတ်ဆက်စကားများကို နားထောင်ရန် စိတ်မပါပေ။
နာကျင်မှုလှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာသောကြောင့် သူမက အံကို တင်းတင်းကြိတ်ပြီး လက်ရန်းကို မြဲမြံစွာ ဆုပ်ကိုင်ရင်း ထိုနာကျင်မှုကို မာန်တင်း၍ အောင့်ခံနေခဲ့ရလေ၏။
သို့သော်လည်း...
နာကျင်မှုက လျော့ပါးသွားခဲ့သော်လည်း သူမ၏ မျက်ဝန်းများတွင် မျက်ရည်များက ဝဲတက်လာခဲ့သည်။
သူမက သူမကို မွေးဖွားပြီး မကြာမီမှာပင် သေဆုံးသွားခဲ့သော ကျန်းဟုန်မေ့ကို တွေးမိလိုက်ပြီး ကျန်းဟုန်မေ့ကလည်း နောက်ထပ် ကလေးမွေးဖွားခြင်းအတွက် ခွန်အားများကို ထိန်းသိမ်းရန် ထိုသို့သော နာကျင်မှုကို အောင့်ခံနေခဲ့ရမည်လားဟု တွေးတောနေမိ၏။
“ရှန်းရှန်း၊ ဘယ်လိုနေလဲ၊ အရမ်း နာနေလား”
စုဝေ့ချင်းက တစ်ခွန်းမျှ မပြောဘဲ ခုံတန်းလျားလေးတစ်ခုကို အိပ်ရာရှေ့သို့ ရွှေ့ပြီး လီရှန်းကို စူးစိုက်ကြည့်နေခဲ့သည်။
သူက လီရှန်းက နာကျင်လွန်းသောကြောင့် ငိုနေရှာသည်ကို သတိပြုမိသွားပြီး သူမအတွက် အလွန် သနားမိသွားရ၏။
သူက ဘေးဘီသို့ လှည််ပတ်ကြည့်လိုက်သော်လည်း မည်သည့်အရာမှ ရှာမတွေ့သောကြောင့် သူ၏ လက်ကို ဆန့်ထုတ်ပြီး လီရှန်း၏ ပါးစပ်နားသို့ ပို့ပေးလိုက်လေသည်။
“အရမ်း နာရင် ကိုယ့်လက်ကို ကိုက်လိုက်ပါ၊ ဒါပေမဲ့ မင်းရဲ့ သွားတွေကိုတော့ မကျိုးစေနဲ့ဦး”
လီရှန်းက ခေါင်းကို ခါလိုက်လေ၏။
“မနာတော့ပါဘူး”
ဗိုက်နာခြင်းက တစ်လှိုင်းပြီးတစ်လှိုင်း လာခြင်းဖြစ်ပြီး ကလေးမွေးမည့်အချိန်သို့ မရောက်သေးသောကြောင့် ခေတ္တမျှ ကြာပြီးနောက် နာကျင်မှုက လျော့ပါးသွားခဲ့သည်။
ဒေါက်တာတင်းက ဘေးနားရှိ ဒေါက်တာလျို့ကို ပုခုံးဖြင့် တွန်းလိုက်ရင်း ပြောလိုက်လေ၏။
“ကြည့်စမ်း၊ အဲဒီ ဇနီးမောင်နှံလေးက ဘယ်လောက်တောင် ချစ်ကြလဲ”
“စုဝေ့ချင်းတစ်ယောက် ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
ဒေါက်တာလျို့က သက်ပြင်းချလိုက်လေ၏။
အတိတ်တုန်းက စုဝေ့မင်က သူ့တတိယသားအကြောင်းကို ပြောဆိုမိတိုင်း ခေါင်းခါလေ့ရှိပြီး သူ့အတွက် အလွန် စိုးရိမ်ပူပန်နေခဲ့ရခြင်း ဖြစ်သည်။
ယခု သူက နားရွက်ချိတ်မတတ် ပြုံးနေလောက်လေပြီ။
“ဟုတ်တယ်၊ ဒါကြောင့် လူတွေကို အကဲဖြတ်တဲ့အချိန်ကျရင် ရှေ့တင်ရှိတာကိုပဲ ကြည့်လို့မရဘူး၊ ရေရှည်ကို ကြည့်ရမယ်”
ဒေါက်တာတင်းက ဤသို့ပြောရင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
“အခုဆိုရင် တစ်နှစ်တာရဲ့ အကုန်ပိုင်းကို ရောက်တော့မှာဆိုတော့ စက်ရုံက ဝန်ထမ်းအသစ်တွေ ပြန်ခေါ်တော့မယ်၊
ကျွန်မ ထင်တာတော့ လူငယ်အမျိုးသားနဲ့ အမျိုးသမီး အများအပြားက လာရောက် လျှောက်ထားကြလိမ့်မယ်၊
ပြီးတော့ လက်ထပ်ကြတဲ့ လှိုင်းလုံးကြီးတစ်ခုကိုလည်း ပြန်တွေ့ရဦးမှာပဲ”
အထူးသဖြင့် ဆေးဝါးစက်ရုံက အိမ်ရာများကို ခွဲဝေပေးပြီးစ ဖြစ်သောကြောင့် ထိုအရာက သူတို့၏အ ရှေ့တွင် ဆွဲဆောင်မှုရှိသော မုန်လာဥနီအကြီးကြီးတစ်ခုက ရှိနေသကဲ့သို့ ဖြစ်နေခဲ့၏။
ယမန်နှစ်က စက်ရုံသို့ ဝင်ရောက်ခဲ့သော ဝန်ထမ်းအသစ်များကလည်း ဝင်ငွေနှစ်ခုရှိသော မိသားစုများဟူသည့် အချက်အောက်တွင် အိမ်ရာခွဲဝေမှု၌ ပါဝင်ခွင့် ရရှိခဲ့ကြသောကြောင့် ဖြစ်သည်။
သူတို့က ပထမထပ် သို့မဟုတ် ဒုတိယထပ်ရှိ အခန်းအသေးစားလေးများကိုသာ ရရှိနိုင်သော်လည်း တခြားစက်ရုံများနှင့် နှိုင်းယှဉ်ပါက ပိုမို၍ ကောင်းမွန်နေဆဲပင်။
ယခုနှစ်တွင် စက်ရုံသို့ ဝင်ရောက်လာကြမည့် လူငယ်အမျိုးသားနှင့် အမျိုးသမီးများက အိမ်ရာကို စောစီးစွာ ရရှိရန်အတွက် လက်ထပ်ရန် ပိုမို၍ လိုလားကြမည်က သေချာလွန်း၏။
အဆုံးတွင်တော့ စက်ရုံအနေဖြင့် အဆောက်အအုံအသစ်တစ်ခုကို ဆောက်လုပ်နိုင်လျှင် နောက်ပိုင်းတွင် ဒုတိယတစ်ခုကိုလည်း ဆောက်လုပ်နိုင်ပေလိမ့်မည်။
ပိုင်မားခရိုင်က ဆေးဝါးစက်ရုံသို့ မြေကွက်များကို ခွဲဝေပေးခဲ့ချိန်က ကြီးမားသော မြေလွတ်အမြောက်အမြား ကျန်ရှိနေသေးသည်ကို သတိပြုသင့်သည်။
ဆေးဝါးစက်ရုံ၏ စာမေးပွဲအကြောင်းကို ကြားလိုက်ရလျှင် လီရှန်းက သူမ၏ ဗိုက်နာခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ လျင်မြန်စွာ ပြောလိုက်လေ၏။
“ကျွန်မကို မနှစ်က စာမေးပွဲမေးခွန်းဟောင်းတစ်စောင်လောက် ပေးလို့ရမလား၊ ကျွန်မမှာ ဆေးဝါးစက်ရုံ စာမေးပွဲကို ဖြေဆိုချင်နေတဲ့ ဝမ်းကွဲမောင်လေးတစ်ယောက် ရှိတယ်၊
သူ့ကို အိမ်မှာ စမ်းဖြေကြည့်စေချင်လို့၊ တကယ်လို့ သူ မအောင်မြင်ရင် ဒီနှစ် စာမေးပွဲကို စာရင်းမပေးတော့ဘူး”
“မင်းရဲ့ မောင်လေးက အသက် ဘယ်လောက်ရှိပြီလဲ”
ဒေါက်တာလျို့က မေးမြန်းလိုက်လေသည်။
“သူက အသက် ဆယ့်ငါးနှစ်ပဲ ရှိပါသေးတယ်”
“အသက်က နည်းနည်း ငယ်လွန်းသေးတယ်၊ အရင်ဆုံး ကျောင်းတက်တာက ပိုကောင်းပါတယ်၊အထက်တန်းကျောင်းပြီးမှ စာမေးပွဲဖြေလည်း မနှောင်းပါဘူး”
ဒေါက်တာလျို့က သူမကို ရိုးသားစွာ အကြံပြုလိုက်လေ၏။
သူမက အမှန်တကယ်ပင် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ထားမှသာ လူတစ်ဦး၏ အလုပ်အကိုင်တွင် ပိုမို၍ ကောင်းမွန်သော အနာဂတ် ရှိနိုင်မည်ဟု ယုံကြည်ထားလေ၏။
ထိုအချိန်တွင်ပင် ဗိုက်နာခြင်းက ပြန်လည်၍ စတင်လာသောကြောင့် လီရှန်း၏ အပြုံးက အနည်းငယ် မချိပြုံး ဖြစ်သွားခဲ့ရသော်လည်း သူမက ဆက်ပြောနေခဲ့ဆဲ ဖြစ်၏။
“ကျွန်မလည်း အဲဒီအတိုင်း တွေးထားတာပါ၊ အလောတကြီး မဟုတ်ပါဘူး၊ အချိန်တန်တဲ့အချိန်ကျရင် ဘာမှမသိတာထက်စာရင် သူ့အတွက် မေးခွန်းတွေ ပိုပြီး ယူသွားပေးတာက ပိုကောင်းပါတယ်”
ဆေးဝါးစက်ရုံ ဝန်ထမ်းများ၏ သားသမီးများက ဆေးဝါးစက်ရုံတွင် အလုပ်အကိုင် ရရှိရန်အတွက် အဘယ်ကြောင့် ပိုမို၍ လွယ်ကူနေရသနည်း။
ဤသည်က အဓိက သော့ချက်ပင် ဖြစ်သည်။
သာမန်ကျောင်းသားများအတွက် ဆေးဝါးစက်ရုံသို့ ဝင်ရောက်ရန်က အလွန် ခက်ခဲလွန်းသော်လည်း ချွင်းချက်များက ရှိနေခဲ့၏။
ဥပမာအားဖြင့် မနှစ်က ထိပ်ဆုံး သုံးယောက်အနက် စုဝေ့ချင်း တစ်ဦးတည်းသာ ဆေးဝါးစက်ရုံ ဝန်ထမ်း၏ သားသမီး ဖြစ်ခဲ့သည်။
ကျန်နှစ်ယောက်အနက် ရွှမ်ယန်၏ ဦးလေးက ပြည်နယ်ရုံးတွင် အလုပ်လုပ်နေသော်လည်း အရောင်းပိုင်းကိုသာ တာဝန်ယူရခြင်းဖြစ်ပြီး စက်ရုံစီမံခန့်ခွဲမှု မဟုတ်သောကြောင့် ဆေးဝါးစက်ရုံ ဝန်ထမ်း၏ သားသမီး တစ်ဝက်ဟုသာ သတ်မှတ်နိုင်
၏။
ကျန်ရှိသော ပထမဆုကို ရရှိသူက လက်ရှိတွင် ကလေးမွေးရန်အတွက် ခုတင်ပေါ်၌ လဲလျောင်းနေပြီး သူမ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့် ဆေးဝါးစက်ရုံသို့ အမှန်တကယ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချက်က ဒေါက်တာလျို့က သူမကို အလေးထားရသည့် အကြောင်းရင်းပင် ဖြစ်၏။
သူမက အမှန်တကယ်ပင် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူတို့က စကားပြောနေကြချိန်မှာပင် လီရှန်း၏ လက်က ခုတင်လက်ရန်းကို တင်းကျပ်စွာ ပြန်လည် ဆွဲကိုင်လိုက်ပြန်သည်။
သို့သော် ယခုအကြိမ်တွင် ပို၍ပင် နာကျင်ပုံရသည်။ လီရှန်း၏ နဖူးပြင်ပေါ်တွင် ချွေးစေးများပင်ထွက်လာခဲ့လေ၏။
လော်ယွီရှို့က ချက်ချင်းပင် လှမ်းခေါ်လိုက်လေတော့သည်။
“လောင်တင်း၊ ဘာလို့ ဗိုက်နာတဲ့ အချိန်အပိုင်းအခြားက ပိုပြီး တိုတောင်းလာသလို ဖြစ်နေရတာလဲ”
“သားအိမ်ဝက ပိုပြီး အမြန် ပွင့်လာနေပြီ၊ သားအိမ်ဝ ပွင့်နေပြီလို့ ငါ ခန့်မှန်းရတယ်”
ဒေါက်တာတင်းက သူမ၏ အင်္ကျီပေါ်မှ ဖရဲသီးစေ့ခွံများကို ပွတ်ခါချလိုက်ပြီးနောက် လှည့်ထွက်ပြီး လူနာဆောင်မှ ထွက်ခွာသွားခဲ့လေသည်။
သူမက သူမ၏ ရုံးခန်းသို့ ပြန်သွား၍ လက်ကို သေချာစွာ ဆေးကြောပြီးနောက် လက်အိတ်ကို စွပ်ပြီး ပြန်လည်၍ ရောက်ရှိလာခဲ့လေ၏။
“လောင်စု အပြင်ကို ထွက်ပေးကြပါဦး၊ ရှောင်လီရဲ့ သားအိမ်ဝက ဘယ်နှစ်စင်တီမီတာလောက် ပွင့်နေပြီလဲဆိုတာကို ငါ စစ်ဆေးရမယ်”
“ကျွန်တော် ဒီမှာပဲ နေပါ့မယ်”
စုဝေ့ချင်းက ခုတင်တိုင်ကို ဖက်ထားရင်း အပြင်သို့ မထွက်ဘဲ ငြင်းဆန်နေခဲ့လေသည်။
“အပြင်ကို ထွက်စမ်း၊ ဒီငတုံးကောင်!”
လော်ယွီရှို့က ဒေါသတကြီးဖြင့် စုဝေ့ချင်း၏ နဖူးကို တောက်လိုက်လေ၏။
စုဝေ့ချင်းက သူ၏ ခေါင်းကို အုပ်လျက် တံခါးအပြင်သို့ ဆွဲထုတ်ခြင်းကို ခံလိုက်ရလေတော့သည်။
ဝူလီကလည်း သူမ၏ မျက်နှာက ဖြူလျော်နေပြီး တစ်ကိုယ်လုံးက တုန်ရင်လျက် အနောက်မှ လိုက်ပါလာခဲ့၏။
သူမက လော်ယွီရှို့၏ အင်္ကျီလက်စကို ဆွဲကိုင်ပြီး မေးမြန်းလိုက်လေသည်။
“အမေ၊ လီရှန်း ဘာမှမဖြစ်နိုင်ဘူးမလား”
“မင်း ဘာတွေ ပြောနေတာလဲ၊ မိခင်ရော ကလေးပါ သေချာပေါက် ဘေးကင်းမှာပါ”
လော်ယွီရှို့ ဒေါသထွက်ချင်သွားရသော်လည်း ဝူလီတစ်ယောက် အသက်ပင် ဝဝမရှူနိုင်တော့ဘဲ သူမ၏ မျက်နှာက အတွင်းရှိ လီရှန်း၏ မျက်နှာကဲ့သို့ပင် ဖြူလျော်နေသည်ကို မြင်တွေ့လိုက်ရလျှင် သူမက အမှန်တကယ်ပင် ထိတ်လန့်နေခဲ့ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူမ၏ ဒေါသများက ချက်ချင်းပင် ပြယ်လွင့်သွားခဲ့ရလေ၏။
ထို့နောက် သူမ တွေးတောလိုက််မိသည်။
စုဝေ့ဟိုင်တွင် ကလေးနှစ်ယောက် ရှိနေပြီဖြစ်သော်လည်း ဝူလီကိုယ်တိုင် တစ်ခေါက်မျှ မမွေးဖွားဖူးသေးသောကြောင့် သူမ ကြောက်လန့်နေခြင်းက သဘာဝကျသည်။
ထို့ကြောင့် သူမက နှစ်သိမ့်ပေးလိုက်လေ၏။
“မကြောက်ပါနဲ့၊ ကလေးမွေးပြီးသွားရင် အားလုံး အဆင်ပြေသွားမှာပါ”
ဝူလီ : “...”
ကျွန်မ အခုပိုလို့တောင်ကြောက်သွားပြီနော် ဟုတ်ပြီလား။
*
အခန်း(250)
ဝူလီအနေဖြင့် ကလေးမွေးဖွားခြင်းက ဤသို့ ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူမက လွန်ခဲ့သော အချိန်များက သူမ၏ အစ်မများကို မေးမြန်းဖူးသော်လည်း သူတို့အားလုံးက မနာကျင်ဟုသာ ပြောခဲ့ကြသည်။
ယခုအချိန်တွင် အဘယ်ကြောင့် ဤမျှအထိ နာကျင်ပုံရနေရသနည်း။
အမျိုးသမီးများက ကလေးမွေးဖွားခြင်းနှင့် ပတ်သက်လျှင် မှတ်ဥာဏ် ပိတ်ဆို့မှုကို ခံစားရတတ်ကြောင်းကို သူမက မသိရှိခဲ့ပေ။
သူတို့က ကလေးမွေးဖွားပြီး သုံးလခန့် ကြာလျှင် ကလေးမွေးဖွားခြင်း၏ နာကျင်မှုအားလုံးကို မေ့လျော့သွားတတ်ကြ၏။
နာကျင်သည်ကို သိသော်လည်း မည်မျှအထိ နာကျင်ခဲ့သည်ကို အတိအကျ မမှတ်မိကြတော့ပေ။
“သားအိမ်ဝက အတော်လေး မြန်မြန် ပွင့်နေတယ်၊ အခုဆိုရင် ခြောက်စင်တီမီတာတောင် ပွင့်နေပြီ”
ဒေါက်တာတင်းက လူနာဆောင်ထဲမှ ထွက်လာပြီး ထိုစကားကို ပြောလိုက်ပြီးနောက် ကလေးမွေးဖွားခြင်းကို ကူညီပေးမည့်လူများကိုစုရန်အတွက် ခပ်သွက်သွက် ပြေးထွက်သွားခဲ့လေသည်။
လီရှန်းကို မွေးခန်းထဲသို့ တွန်းရွှေ့သွားခဲ့ချိန်တွင် သူမ၏ ဗိုက်နာခြင်းက ငါးမိနစ်လျှင် တစ်ကြိမ်ခန့် ဖြစ်ပေါ်နေခဲ့လေပြီ။
ပထမတစ်ကြိမ် ဗိုက်နာခြင်းက မပျောက်ကွယ်သေးမီမှာပင် ဒုတိယတစ်ကြိမ် ဗိုက်နာခြင်းက နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ ဤခံစားချက်က နာကျင်လွန်းသောကြောင့် သူမက အော်ဟစ်ငိုကြွေးမိတော့၏။
သို့သော် ဘေးနားရှိ ဝမ်းဆွဲသည့် သူနာပြုက ပြောလိုက်လေသည်။
“မအော်ပါနဲ့ဦး၊ အခု အားတွေကို အော်ဟစ်ပြီး သုံးပစ်လိုက်ရင် မင်း ကလေးမွေးတဲ့အချိန်ကျရင် အားရှိတော့မှာ မဟုတ်ဘူး”
လီရှန်းက လူအုပ်စုကြီးကို ဝေဝါးစွာ လှမ်းကြည့်လိုက်ငည်။ စုဝေ့ချင်းက နံရံကို မှီထားရင်း ခြေလှမ်းများက မမြဲဘဲဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဝူလီကလည်း တစ်ကိုယ်လုံး တုန်ရင်နေခဲ့ပြီး လုံးဝ ထိတ်လန့်ချောက်ချားကာ စိတ်မတည်ငြိမ်နိုင်ဘဲ ဖြစ်နေခဲ့၏။
လော်ယွီရှို့ တစ်ဦးတည်းကသာလျှင် အတော်အတန် တည်ငြိမ်နေခဲ့သည်။
လီရှန်းက လူအုပ်စုကြီးကို မကြည့်ဘဲ မနေနိုင်ခဲ့ဘဲ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များက ဝဲတက်လာခဲ့ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိတော့သည်။
“အဒေါ်.. ဦးလေး..”
ယခုအချိန်တွင် သူမက သူမ၏ မိခင်နှင့် ကလေးဘဝအကြောင်းကို မေ့လျော့နေခဲ့လေပြီ။
သူမ၏ စိတ်ထဲတွင် တွေးတောမိသမျှက သူမကို ချစ်မြတ်နိုးလွန်းသော ဦးလေးဖြစ်သူ ကျန်းကျူးရိနှင့် အဒေါ်ဖြစ်သူ ဖန်ချင်းတို့သာ ဖြစ်၏။
သူမ အလွန် ငယ်ရွယ်ချိန်ကတည်းက သူတို့က သူမ၏ မိဘများနေရာတွင် အစားထိုး၍ ဝင်ရောက်လာခဲ့ကြပြီး သူမ စိတ်အေးချမ်းသာစွာ မှီခိုအားထားနိုင်သည့် လူများ ဖြစ်လာခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
“မငိုပါနဲ့တော့၊ ငါ အခုပဲ ဝေ့ချင်းကို မင်းရဲ့ ဦးလေးနဲ့ အဒေါ်ဆီ ချက်ချင်း ဖုန်းဆက်ခိုင်းလိုက်မယ်၊ စိတ်အေးအေးထားပြီး ကလေးသာ မွေးနော်”
လော်ယွီရှို့၏ ကတိစကားကို ကြားလိုက်ရပြီးနောက် လီရှန်းက မျက်ရည်များကြားမှ ခေါင်းကိုညိတ်ပြလိုက်ပြီး သူနာပြုနှစ်ဦး၏ အကူအညီဖြင့် မွေးခန်းထဲသို့ ဝင်ရောက်သွားခဲ့လေ၏။
လီရှန်း၏ ကလေးမွေးဖွားမှု အခြေအနေက အလွန်ပင် ကောင်းမွန်လွန်းပြီး မွေးဖွားခြင်း လုပ်ငန်းစဉ်တစ်ခုလုံးက အဆင်ပြေချောမွေ့ခဲ့သည်။
မွေးခန်းထဲသို့ ကူညီပိုးဆောင်ခြင်းကို ခံရသည့်အချိန်မှ ကလေးမွေးဖွားပြီးသည့်အချိန်အထိ နှစ်နာရီမျှသာ ကြာမြင့်ခဲ့၏။
စုဝေ့ချင်းက အထဲမှ ကလေးငိုသံကို ကြားလိုက်ရသည့်အချိန်တွင် သူ၏ ခြေထောက်များက ပျော့ခွေသွားခဲ့ရလေတော့သည်။
သူက သူ၏ ခြေလှမ်းကို အရှေ့သို့ပင် မလှမ်းနိုင်တော့ဘဲ နံရံကို မှီလျက် ဆွံ့အနားမကြားသူကဲ့သို့ ကြောင်အမ်းအမ်းရပ်နေခဲ့၏။
ရုတ်တရက်ပင် သူ၏ လက်မောင်းကို အားပြင်းစွာ ဆွဲတင်ခြင်းကို ခံလိုက်ရပြီးနောက် သူ မကြားရသည်မှာ ကြာမြင့်လွန်းပြီဖြစ်သော အသံတစ်ခုက ဘေးနားမှထွက်ပေါ်လာခဲ့သည်။
“မင်း ခြေထောက်တွေ ပျော့ခွေနေတာလား”
စုဝေ့ချင်းက သူ့ကိုယ်သူ အိပ်မက်မက်နေသကဲ့သို့ ခံစားရသောကြောင့် ဆွံ့အစွာဖြင့် လှည့်ကြည့်လိုက်မိ၏။
သို့မဟုတ်ပါက အဝေးမှ ချုံကျိုးတွင် ရှိနေရမည့် စုဝေ့ယန်ကို ဤနေရာတွင် မည်သို့ မြင်တွေ့နိုင်ပါမည်နည်း။
ထိုအချိန်တွင်ပင် ကလေးငယ်ကို ပွေ့ချီထားသည့် သူနာပြုတစ်ဦးက မွေးခန်းထဲမှ ထွက်လာပြီး ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်လေ၏။
“ ခန္ဓာကိုယ် ထွားကြိုင်းပြီး ကျန်းမာတဲ့ မိန်းကလေးလေး မွေးဖွားခဲ့ပါတယ်၊
အလေးချိန် ခုနစ်ပေါင်နဲ့ သုံးအောင်စ ရှိပါတယ်၊ အမိဝမ်းထဲမှာ အတော်လေး ဖွံ့ဖြိုးခဲ့တာပဲ”
ဖြူဖွေးထွားကြိုင်းတဲ့ မိန်းကလေးလေးလား။
စုဝေ့ချင်းက ခုနတင်က ပျောက်ကွယ်သွားခဲ့သော ခွန်အားများက ရုတ်တရက် ပြန်လည်၍ ရောက်ရှိလာသကဲ့သို့ ချက်ချင်းပင် မတ်တတ်ရပ်လိုက်တော့၏။
စုဝေ့ချင်းမှာ အလွန် စိတ်လှုပ်ရှားနေခဲ့သော်လည်း ယခုအချိန်တွင် လီရှန်းကို ပို၍ စိုးရိမ်ပူပန်နေမိသည်။
သူက ကလေးကို ခပ်သွက်သွက် တစ်ချက် ကြည့်လိုက်ပြီး သူနာပြုကို မေးမြန်းလိုက်လေ၏။
“ကျွန်တော့်ဇနီး ဘယ်လိုနေလဲ”
“သူမ အထဲထဲမှာ ရှိနေတုန်းပဲ၊ ခဏနေရင် ထွက်လာပါလိမ့်မယ်”
ကလေးကို ပွေ့ချီထားသည့် သူနာပြုမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ဤသို့ မေးမြန်းခံရသည့်အချိန်တွင် မည်သို့ပြန်ပြောရမည်ပင် မသိဖြစ်သွားရလေသည်။
“ကလေးကို ဟိုဘက်ကို သယ်သွားပေးပါဦး၊ ကျွန်မ အထဲထဲကို ပြန်ဝင်ပြီး အလုပ်လုပ်ရဦးမယ်”
စုဝေ့ချင်းက ခေတ္တမျှ ဆွံ့အသွားပြီးနောက် ကလေးကို ပွေ့ချီရန်အတွက် ချက်ချင်းပင် ခါးညွှတ်လိုက်လေသည်။
ကလေး တစ်ခါမှ မချီဖူးသေးသော စုဝေ့ချင်းက မတူညီသော လားရာများမှ လက်ကို အကြိမ်ကြိမ် ဆန့်ထုတ်ခဲ့သော်လည်း ကလေးကို မချီနိုင်ခဲ့ပေ။
နောက်ဆုံးတွင်တော့ ဆက်လက်၍ ကြည့်မနေနိုင်တော့သောကြောင့် လော်ယွီရှို့က အရှေ့သို့ တက်လာခဲ့ပြီး သူနာပြုထံမှ ထွားကြိုင်းလွန်းသော မြေးမလေးကို စိတ်လှုပ်ရှားစွာဖြင့် လှမ်းယူလိုက်လေ၏။
ခုနစ်ပေါင်နှင့် သုံးအောင်စ ရှိသော ကလေးငယ်က အမှန်တကယ်ပင် ထူးခြားလွန်းပြီး ချီထားရသည်က အတော်လေး လေးလံလွန်းသည်။
သူမ၏ မျက်နှာက ဝိုင်းစက်နေပြီး ဖောင်းကားနေခဲ့သည်။ မွေးခါစ ဖြစ်သောကြောင့်လည်း ဖြစ်ပေလိမ့်မည်။
သူမ၏ မျက်နှာတစ်ခုလုံးက ပန်းရောင်သန်းနေခဲ့ပြီး အပေါ်တွင် မွေးကျွတ်နာတချို့ ရှိနေခဲ့လေ၏။
သူမ၏ ကလေးဆံပင်ကလည်း ထူးခြားစွာ ကောင်းမွန်နေခဲ့ပြီး နက်မှောင်နေရုံသာမက ထူထဲပြီး ရှည်လျားကာ နားရွက်ဖျားလေးများကိုပင် ဖုံးအုပ်ထားခဲ့လေသည်။
ကလေးငယ်က ကျယ်လောင်စွာ ငိုယိုနေခဲ့သောကြောင့် စင်္ကြံတစ်ခုလုံးတွင် ကလေးငယ်၏ ငိုသံတစ်ခုတည်းသာ ပဲ့တင်ထပ်နေခဲ့ရဘေတော့၏။
“ဝါး၊ ဒီကလေးကတော့ တကယ်ကို ထွားတာပဲ”
စုဝေ့ယန်က ပိုမိုအနီးကပ် ကြည့်ရှုရန်အတွက် အနားသို့ တိုးကပ်လာရင်း မအော်ဘဲ မနေနိုင်ခဲ့ပေ။
“ဖက်.. ဖက်..ဖက်”
လော်ယွီရှို့သည်လည်း သူမ၏ ဒုတိယသားက ရုတ်တရက် ရောက်ရှိလာမှုကြောင့် အံ့ဩသွားခဲ့ရသော်လည်း ယခုအချိန်တွင် စိတ်လှုပ်ရှားနေရန် အချိန်မရှိခဲ့ပေ။
ထို့ကြောင့် သူမက စုဝေ့ယန်ကို ဒေါသတကြီးဖြင့် ကန်လိုက်ပြီး ပြောလိုက်လေသည်။
“ကလေးတွေက ဒီလိုစကားအပြောခံရရင် စိတ်ပြောင်းတတ်တာ မင်းမသိဘူးလား၊
တစ်ယောက်ယောက်က ဝတယ်လို့ ပြောလိုက်ရင် သူတို့က ချက်ချင်း ဝိတ်မတက်တော့ဘဲ နေတတ်တယ်”
စုဝေ့ယန် : “...”
ဒီအယူသည်းမှုက ဘယ်ကနေ ရောက်လာရတာလဲ။
သူ ချုံကျိုးတွင် ရှိချိန်က သူ့သားကို နေ့တိုင်း ဝတုတ်လေးဟု ခေါ်ဆိုခဲ့သော်လည်း သူက လုံးဝ အစားအသောက်ပျက်ခြင်း မရှိခဲ့ပေ။
သို့သော် လော်ယွီရှို့က ဤသို့သော ဆင်ခြေများကို နားထောင်ရန် စိတ်မပါတော့ပေ။
သူမ၏ နှလုံးသားနှင့် မျက်ဝန်းများက ထွားကြိုင်းလွန်းသော မြေးမလေးအပေါ်တွင်သာ ရှိနေခဲ့လေပြီ။
သူမက ကလေးငယ်ကို ငါ့ရဲ့ ရတနာလေးဟု အဆက်မပြတ် ခေါ်ဆိုနေခဲ့လေသည်။
စုဝေ့ချင်း၏ မွေးခန်းတံခါးဆီသို့ ကြည့်ရှုသည့် အကြည့်က မရေမရာ ဖြစ်လာခဲ့သည်။
သူ၏ မျက်ဝန်းများက သမီးဖြစ်သူဆီသို့ အဆက်မပြတ် ရောရှိနေခဲ့သော်လည်း ခင်ပွန်းကောင်းတစ်ယောက်၏ တာဝန်သိစိတ်က သူ့ကို ရွေ့လျားရန်အတွက် တွန့်ဆုတ်စေခဲ့၏။
သူက ဇနီးသည်ကို စောင့်မျှော်နေသော ကျောက်ရုပ်ကဲ့သို့ မွေးခန်းတံခါးဝတွင်သာ ဆက်လက်၍ ရပ်တည်နေခဲ့လေသည်။
စုဝေ့ယန်မှာ ပြန်ရောက်လာသည်နှင့် ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသောကြောင့် သူ၏ နှာခေါင်းကို ပွတ်သပ်ရင်း အနည်းငယ် အနေရခက်သကဲ့သို့ ခံစားလိုက်ရလေတော့၏။
ဤတွေ့ဆုံသည့်မြင်ကွင်းက သူ ရထားပေါ်တွင် မြင်ယောင်ခဲ့သည့်အရာနှင့် အတော်လေး ကွဲပြားနေခဲ့သည်။
တစ်ဘက်တွင် ဒေါက်တာလျို့က ကလေးငယ်၏ လက်လေးကို ညှစ်လိုက်ရင်း ပြောလိုက်လေ၏။
“အတော်လေး ကျန်းမာပုံရတယ်၊ ဒီစာကလေးလိုသေးငယ်တဲ့ကောင်မလေးက ဒီလောက်အထိ ကြီးမားတဲ့ ဥတစ်လုံးကို ဥလိမ့်မယ်လို့ ကျွန်မ မျှော်လင့်မထားခဲ့ဘူး၊
ရှောင်လီက ကိုယ်ဝန်ရှိနေပေမဲ့ သူမရဲ့ ခြေလက်တွေက သွယ်လျနေတုန်းပဲလေ၊ သူမ ကိုယ်ဝန်ဆိပ်တက်ပြီး မစားနိုင်ဘူးလို့ ကျွန်မ ထင်ခဲ့တာ၊ အာဟာရအားလုံးက ကလေးဆီ ရောက်သွားခဲ့တာပဲကိုး”
“ဟုတ်တယ်၊ ဒီကလေးက ဆန်ပြုတ်ကို အရမ်း နှစ်သက်တာ၊ သူမက ဆန်ပြုတ်ချဥ်ကို သောက်ရတာ ကြိုက်တယ်၊ ဆန်ဆေးရေကလည်း ချဉ်သွားတဲ့အခါ ပိုပြီး အရသာရှိတယ်တဲ့၊
အဲဒီချဥ်ခြင်းတ,တာ ပြီးသွားတဲ့အချိန်ကျတော့ တည်သီးတွေကို စားရတာ နှစ်သက်ပြန်ရော၊
သူမရဲ့ ဦးလေးက အပတ်တိုင်း ရွာကိုပြန်ပြီး တစ်ခြင်းအပြည့် သွားခူးပေးတာ၊ သူမက နေ့တိုင်း စားနေခဲ့တာပဲ”
“ဒါက သဘာဝကျပါတယ်၊ ဒါ့အပြင် တည်သီးစားတာက ကလေးအတွက် ကောင်းတယ်၊
ကလေးက ပန်းရောင်သန်းပြီး နူးညံ့နေတာပဲ၊ ရက်နည်းနည်း ကြာရင် အရေပြားက ဖြူလာလိမ့်မယ်၊ နောက်ပိုင်းမှာ မမည်းတော့ဘူးပေါ့”
ဝူလီက လော်ယွီရှို့၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်ပေါက်နေခဲ့၏။
သူနာပြုက ခန္ဓာကိုယ် ထွားကြိုင်းပြီး ကျန်းမာတဲ့ မိန်းကလေးလေးဟု ကြေညာခဲ့ချိန်က သူမ၏ ပထမဆုံး အတွေးက သူမ၏ ယောက္ခမနှင့် မတ်ဖြစ်သူတို့၏ မျက်နှာအမူအရာများကို စစ်ဆေးရန် ဖြစ်ဘေ၏။
သူမကို အံ့ဩသွားရသည်မှာ မိခင်နှင့် သားဖြစ်သူတို့က အမှန်တကယ်ပင် ဝမ်းမြောက်နေကြခြင်းပင်။
ထို့နောက်တွင် ရုတ်တရက် ရောက်ရှိလာသည့် ထို အရပ်ရှည်ရှည် အမျိုးသား..
ဝူလီတစ်ယောက် သူမ၏ ဘေးနားတွင် တောင်ငယ်တစ်ခုက မတ်တတ်ရပ်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့် အသက်ရှူရန်ပင် ခက်ခဲသွားခဲ့ရ၏။
ဝူလီက မသိစိတ်ဖြင့် ဘေးသို့ နှစ်လှမ်းမျှ ဖယ်ပေးလိုက်ပြီး ကလေးကို ဆက်လက်၍ ကြည့်ရှုလိုက်လေသည်။