← Chapters

အခန်း (၁၀၉၀)

Vol. 105 Ch. 1090

အခန်း (၁၀၉၀)

Vol. 105 Ch. 1090

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

"ဒိုင်းးး"

လီတလု မောင်းခလုတ်ကို ဆွဲလိုက်၏။

သို့သော်... ဖန်ရှောင်ကမူ နေရာမှ မလှုပ်ဘဲ ကွန်ပျူတာမျက်နှာပြင်ကိုသာ တိတ်ဆိတ်စွာ ဆက်ကြည့်နေဆဲဖြစ်သည်။ ကျည်ဆန်မှာ သူမ၏ ခေါင်းလုံးလုံးလေးကို မထိမှန်ခင်မှာပင် လုံးဝ ပျောက်ကွယ်သွား၏။

ဤကောင်မလေး၏ သိုင်းပညာစွမ်းရည်မှာ သာမန်သာဖြစ်သော်ငြား သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာမူ အံ့မခန်းပင်။

ထိုသို့ အစွန်းရောက်သည့် အဆင့်အထိ ကျင့်ကြံထားသည့်အခါ စိတ်ဝိညာဉ်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိလာ၏။ ထို့ကြောင့် သူမထံ ဦးတည်လာသည့် မည်သည့်လက်နက်ကိုမဆို ပြာအဖြစ်သို့ ပြောင်းလဲပစ်နိုင်စွမ်း ရှိနေခြင်းပင်။

ဤဖြစ်စဉ်ကို... စိတ်ဝိညာဉ် ပဲ့တင်ထပ်ခြင်း ဟူ၍ ခေါ်ဆိုသည်။

ဖန်ရှောင်သည် တကယ့်တိုက်ပွဲမျိုးကို တစ်ခါမှ မကြုံဖူးသလို ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် စွမ်းရည်များကိုလည်း ယခင်က တစ်ခါမှ မပြသဖူးခဲ့ပေ။

**--**--**--**--**--**--**--**

တစ်ချိန်တည်း၌ပင် ကမ္ဘာ့ဗဟိုချက်၏ နက်ရှိုင်းသည့် နေရာ၌ ကံကြမ္မာမိစ္ဆာဘုရင်၏ ခေါင်းကို တုပိုင် ခုတ်ဖြတ်လိုက်လေပြီ။

သူ့အား ဖမ်းချုပ်ထားသည့် စိတ်ဝိညာဉ်ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်နှင့် လီတလု၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားသည်။ သူသည် လက်ထဲရှိ သေနတ်ကို လုံးဝ မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိပြီးနောက် ဖန်ရှောင်အား လှမ်းကြည့်လိုက်၏။

သေနတ်သံ ကြားလိုက်ရသဖြင့် ရန်ယဲ့ရှောင် ၊ နီရှန် ၊ ဖန်းချင်းယီနှင့် အခြားသူများမှာ ချက်ချင်းပင် ထိတ်လန့်တကြားဖြင့် အခန်းထဲသို့ ပြေးဝင်လာကြသည်။

ဖန်ရှောင်ကမူ လှည့်ပင်မကြည့်ဘဲ ဂိမ်းကိုသာ ဆက်လက် ကစားနေဆဲပင်။

လီတလု၏ အကြည့်များက သေနတ်ဆီမှ ဖန်ရှောင်ဆီသို့ ၊ ထိုမှတစ်ဆင့် နီရှန် ၊ ရန်ယဲ့ရှောင်နှင့် အခြားသူများဆီသို့ ဂနာမငြိမ်စွာ ရွေ့လျားသွား၏။ ကြီးမားသည့် အပြစ်ရှိစိတ် လွှမ်းမိုးသွားမှုကြောင့် သေနတ်ပြောင်းဝကို သူ၏နားထင်ဆီ ဖိကပ်ကာ မောင်းဖြုတ်ချလိုက်သည်။

"ဒိုင်းးး"

သေနတ်သံ ထွက်ပေါ်လာပြီး ကျည်ဆန်တစ်တောင့်က ပြောင်းဝမှ ပွင့်ထွက်ကာ လီတလု၏ ခေါင်းဆီသို့ တည့်မတ်စွာ ပြေးဝင်သွား၏။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားလိုက်ခြင်းပင်။

သို့သော် ကျည်ဆန်က သူ၏ နားထင်ကို ရှပ်မိသည့် အချိန်လေးမှာပင် ဖုန်မှုန့်အဖြစ်သို့ ကွဲကြေသွားတော့သည်။ အခြားသူမဟုတ်ဘဲ ဖန်ရှောင်က ထိုစိတ်ဝိညာဉ် ပဲ့တင်ထပ်ခြင်း နည်းစနစ်ကို အသုံးပြု၍ သူ့ကို ကယ်တင်လိုက်ခြင်းပင်။

ဖန်ရှောင်က ကွန်ပျူတာမျက်နှာပြင်ကို လက်ညှိုးထိုးပြရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "စောစောက နင်လုပ်တာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒီအဆင့်မှာ တစ်ဆို့နေလို့။ ဒီမြစ်ကို ဘယ်လိုကူးရမလဲ။"

လီတလု အံ့ဩမှင်တက်သွားပြီးနောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။ "အပေါ်မှာ... ရေဘားတစ်ခု ရှိတယ်။"

ဖန်ရှောင်က စခရင်ကို ကြည့်လိုက်၏။ "ဒီအပေါ်မှာလား။"

လီတလုက အမြန် ခေါင်းညိတ်လိုက်သည်။ "အင်း...။"

ဖန်ရှောင်က လေသံအေးအေးဖြင့် ပြောလိုက်သည်။ "အခုကစပြီး နင် လွတ်လပ်သွားပြီ။ နင့်ကို ကာကွယ်ပေးမယ်လို့ ငါ့အဖေက နင့်အဖေကို ကတိပေးထားတယ်။ သူက ကတိတည်တယ်။"

**--**--**--**--**--**--**--**

လက်ရှိအချိန်၌ ကမ္ဘာမြေမှာ လုံးဝ ဝိုင်းရံခံလိုက်ရလေပြီ။

မည်သည့် အရပ်မျက်နှာသို့ ကြည့်စေကာမူ ကောင်းကင်ယံမှာ အလုံးစုံ အမှောင်အတိ ကျနေသည်။ မိစ္ဆာဘုရင် ဆယ့်တစ်ပါး၏ ဧရာမ မျက်နှာကြီးများက ကမ္ဘာကြီးကို လွှမ်းခြုံထားပြီး ကောင်းကင်ယံကို ထောင့်ပေါင်းစုံမှ ဖုံးကွယ်ထား၏။

နေရောင်ခြည်မှာ အနည်းငယ်မျှပင် ထိုးဖောက်မဝင်ရောက်နိုင်တော့ပေ။ ကမ္ဘာမြေသည် ထာဝရ ညအမှောင်ခေတ်သို့ ဝင်ရောက်သွားလေပြီ။

ဤသည်မှာ ရုပ်ရှင် သို့မဟုတ် ဇာတ်လမ်းတွဲများထဲ၌ ဖော်ပြထားသည်ထက် များစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းပင်။ မိစ္ဆာမျက်နှာ ဆယ့်တစ်မျက်နှာက လေထု၏ နေရာအနှံ့ကို လွှမ်းခြုံထားလျက် ကမ္ဘာကြီးကို ငုံ့ကြည့်နေကြ၏။

နေမင်းသည် စွမ်းအင်အားလုံး၏ အရင်းအမြစ်ဖြစ်ပြီး သက်ရှိအားလုံး၏ မိခင်သဖွယ် ဖြစ်သည်။ ယခုအခါ ကမ္ဘာမြေသည် နေမင်းနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပြီဖြစ်ရာ ကမ္ဘာ့မျက်နှာပြင် အပူချိန်များမှာလည်း အကြီးအကျယ် ထိုးကျလာတော့၏။

ဆဲလ်စီးယပ် သုညဒီဂရီမှ အနှုတ်တစ်ဆယ်ဒီဂရီ ၊ အနှုတ်နှစ်ဆယ် ၊ အနှုတ်သုံးဆယ်၊ ငါးဆယ် ၊ ရှစ်ဆယ် ၊ အနှုတ် တစ်ရာ့ငါးဆယ်ဒီဂရီ... အပူချိန်မှာ ဆက်လက် ကျဆင်းနေဆဲပင်။

မည်သည့် သာမန်လူသားကမှ ဤကဲ့သို့ ကပ်ဘေးဆိုက် အေးခဲမှုကြီးထဲ၌ အသက်ရှင် မကျန်ရစ်နိုင်ပေ။

သို့သော် ထိုက်ခန်အင်ပါယာ၏ မြို့တော်မှာမူ စွမ်းအင်အကာအကွယ်ဖြင့် ကာကွယ်ထားပေးသည်။ အတွင်းပိုင်း အပူချိန်ကို အေးခဲမှတ်ဝန်းကျင်၌ ထိန်းသိမ်းထားခြင်းဖြင့် လူပေါင်း သိန်းနှင့်ချီသည့် အသက်များကို ကယ်တင်ပေးထား၏။

သို့သော် နေမုန်တိုင်းများနှင့် ရေဒီယိုသတ္တိကြွမှုများကို ခုခံရန်အတွက် စွမ်းအင်အရံများကို အလွန်အကျွံ အသုံးပြုထားပြီးဖြစ်သည့်အတွက် အကာအကွယ်၌ ကျန်ရှိနေသည့် စွမ်းအင်များမှာ အကြီးအကျယ် ကုန်ဆုံးနေလေပြီ။

**--**--**--**--**--**--**--**

ဖန်ရှောင်က လေးနက်သည့် လေသံဖြင့် အသိပေးလိုက်၏။ "စွမ်းအင်အကာအကွယ်က နောက်ထပ် သုံးလလောက်တော့ ခံနိုင်သေးတယ်။ သုံးလကြာရင် ဥက္ကာပျံစွမ်းအင်တွေ လုံးဝ ခန်းခြောက်သွားမယ်။ ပိုဆိုးတာက နေရောင်ခြည်မရှိရင် မျိုးဗီဇပြောင်း သစ်သီးတွေ သေကုန်မယ်။ ထပ်မကြီးထွားနိုင်တော့ဘူး။ အဲဒါက လူသိန်းနဲ့ချီ မကြာခင် အစာပြတ်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။"

ထို့နောက် သူမက ဆက်ပြီး ရှင်းပြလိုက်သည်။ "ဒါက အဆိုးဆုံး မဟုတ်သေးဘူး။ ကမ္ဘာက နေမင်းနဲ့ အဆက်အသွယ် ပြတ်သွားလို့ လေထုအလွှာတွေက နောက်ဆုံးမှာ အေးခဲသွားပြီး နှင်းတွေလို မြေပြင်ပေါ် ကျလာလိမ့်မယ်။ ကျွန်မတို့ လေထုကို ဆုံးရှုံးရလိမ့်မယ်။ ဒါ့အပြင် နေရောင်ခြည် မရှိရင် ကမ္ဘာ့အလယ်က သံနဲ့ နီကယ်ဗဟိုချက်က အစိုင်အခဲဖြစ်သွားလိမ့်မယ်။ ကမ္ဘာ့ဗဟိုချက် လည်ပတ်တာ ရပ်သွားပြီး ကမ္ဘာကြီးကိုယ်တိုင် သေဆုံးသွားလိမ့်မယ်။"

သူမက မျက်နှာပျက်ယွင်းစွာဖြင့် ပြောလိုက်၏။ "ကျွန်မရဲ့ တွက်ချက်မှုတွေအရ ကမ္ဘာကြီး ပျက်သုဉ်းဖို့ ကွက်တိ ကိုးရက်ပဲ ကျန်တော့တယ်။ ကိုးရက်အတွင်း အလုပ်လုပ်နိုင်ပြီး ထိန်းချုပ်နိုင်တဲ့ နျူကလီးယား ပေါင်းစပ်မှု ကိရိယာတစ်ခု တည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ကမ္ဘာကြီး သေဆုံးတာနဲ့ လူသားတွေလည်း အတူတူ မျိုးသုဉ်းသွားလိမ့်မယ်။"

ကမ္ဘာမြေကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရိုးရှင်းလှသည်။ ထိုအရာမှာ ကောင်းကင်ယံ၌ ကြီးစိုးနေသည့် မိစ္ဆာဘုရင် ဆယ့်တစ်ပါးကို ဖျက်ဆီးပစ်ခြင်းဖြင့် နေမင်းနှင့် ကမ္ဘာမြေကြား ဆက်သွယ်မှုကို ပြန်လည် ရယူရန်ပင်။

ဖန်ရှောင်က ပြတ်သားစွာ ပြောလိုက်သည်။ "မိစ္ဆာဘုရင် ဆယ့်တစ်ပါးကို တိုက်ခိုက်ရမယ်ဆိုရင်တောင် ကျွန်မအဖေ ကမ္ဘာကြီးကို ကယ်တင်နိုင်မယ်လို့ ယုံတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ အဖေက ဘယ်သူ့ကိုမှ အကြွေးမတင်ထားဘူး။ သူ ကမ္ဘာကြီးကို မကယ်တင်နိုင်ရင်တောင် ကျွန်မတို့ အားလုံး အတူတူ အေးခဲသေဆုံးရုံပဲ။"

မိစ္ဆာဘုရင် ဆယ့်တစ်ပါး၏ မျက်နှာကြီးများက ကမ္ဘာကြီးကို အဆက်မပြတ် လွှမ်းခြုံထားဆဲပင်။ စက္ကန့်များ ကုန်ဆုံးသွားတိုင်း ကမ္ဘာမြေသည် သေဆုံးခြင်းဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီး နောက်ဆုံး သေရေးရှင်ရေး အချိန်ရေတွက်မှု စတင်နေလေပြီ။

ထိုက်ခန်အင်ပါယာ၏ မြို့တော်မှလွဲ၍ ကမ္ဘာတစ်ဝှမ်းလုံးမှာ အေးခဲနေသည့် လွင်တီးခေါင်ကြီး ဖြစ်နေလေပြီ။ နေရာတိုင်းမှာ အာတိတ်ဒေသ၏ အနက်ရှိုင်းဆုံးနေရာများထက်ပင် ပိုမို အေးခဲနေသည်။ လေထု အစိုင်အခဲဖြစ်သွားခြင်းမှ ဖြစ်ပေါ်လာသည့် အပြာရောင်နှင်းပွင့်များ... ထိုတစ်မူထူးခြားသည့် နှင်းပွင့်များက ကောင်းကင်ယံမှ အဆက်မပြတ် ကျဆင်းနေ၏။

သို့သော် ကမ္ဘာမြေသည် ပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်နေရသည့် တစ်ခုတည်းသော နယ်မြေ မဟုတ်ပေ။ မြင့်မြတ်နယ်မြေသည်လည်း သေဆုံးနေလေပြီ။

နဂါးသွေးတိုက်ကြီး ပျက်စီးသွားပြီးနောက်ပိုင်း မြင့်မြတ်နယ်မြေသည် နဂါးစွမ်းအင် အစီအရင်ကို အားကိုးခြင်းဖြင့် ဇိမ်ကျကျ နေထိုင်ခဲ့ကြသည်။ ဤစွမ်းအင် အရင်းအမြစ်၏ ဗဟိုချက်မှာ အရှေ့တိုင်းနဂါးတစ်ကောင်၏ ရုပ်အလောင်းပင် ဖြစ်၏။ တုပိုင်၏ မိခင်နဂါးအလောင်းပင်။

သဘာဝအရ အရှေ့တိုင်းနဂါး တစ်ကောင်တည်း၏ မွေးရာပါ စွမ်းအင်သည် နဂါးသွေးနွယ်ဖွား သန်းဆယ်နှင့်ချီအား နှစ်ပေါင်းထောင်နှင့်ချီ၍ ထောက်ပံ့ပေးရန် မလုံလောက်ပေ။ အစီအရင်သည် ထိုမျှလောက် အရာရာကို မစွမ်းဆောင်နိုင်ပေ။

ထိုအစား အစီအရင်သည် အဓိကအားဖြင့် နေရောင်ခြည်စွမ်းအင်ကို စုပ်ယူပြီး နယ်မြေအတွက် လိုအပ်သည့် ရေ ၊ အစားအစာ ၊ စိမ်းလန်းသည့် သစ်ပင်များနှင့် ပွင့်လန်းနေသော ပန်းများအပါအဝင် အရာအားလုံးအဖြစ် တဖြည်းဖြည်း ပြောင်းလဲပေးခြင်းဖြင့် အလုပ်လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်၏။

ယခုအခါ နေမင်းကို ပိတ်ဆို့ထားလိုက်သည့်အတွက် နယ်မြေ၏ စွမ်းအင်အစီအရင်သည် အရှေ့တိုင်းနဂါး၏ အကြွင်းအကျန် စွမ်းအားကိုသာ အားကိုးရပေလိမ့်မည်။ ဧရာမ နဂါးကြီးတစ်ကောင်၏ အစစ်အမှန် စွမ်းအားသည် တစ်နယ်မြေလုံးကို အလွန်ဆုံး လအနည်းငယ်ခန့်သာ ထောက်ပံ့နိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့်ပင် ထိုနဂါး၏ စွမ်းအားအများစုမှာ ခန်းခြောက်သွားလေပြီ။

ထို့ကြောင့် အခြေအနေကသာ ဤအတိုင်း ဆက်လက် တည်ရှိနေပါက မြင့်မြတ်နယ်မြေမှာ မလွဲမသွေ ပျက်သုဉ်းသွားရပေလိမ့်မည်။ နဂါးသွေးနွယ်ဖွား ယဉ်ကျေးမှု တစ်ခုလုံး ပျက်သုဥ်းရပေလိမ့်မည်။

နယ်မြေ၏ ပျက်သုဉ်းမှုသည် ကြေကွဲဖွယ်ရာ ဖြစ်သော်ငြား ခမ်းနားကြီးကျယ်သည့် မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။ စွမ်းအင်များ နောက်ဆုံး၌ ခန်းခြောက်သွားသည်နှင့် အကာအကွယ် ပျောက်ကွယ်သွားကာ မြေဆွဲအားဆန့်ကျင်ရေး စနစ်များ ကျရှုံးသွားမည်ဖြစ်ပြီး ကမ္ဘာမြေကြီး အောက်သို့ ပြုတ်ကျလာပေလိမ့်မည်။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၉၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

(အဆုံးသတ်ဖို့ အပိုင်း ၃၀ သာ လိုပါတော့တယ်ဗျ။ စာစဥ် ၁၀၆ ကြရင် ပြီးပါပြီဗျာ ^^)

All Chapters