အခန်း (၁၀၈၇)
Vol. 105 Ch. 1087
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၇
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
လီတလုသည် အင်မတန် အရုပ်ဆိုး အကျည်းတန်လွန်းသည့် ကောင်လေးတစ်ယောက် ဖြစ်၏။
မျက်နှာထက်၌ ဧရာမအမာရွတ်ကြီးတစ်ခု ရှိနေသည်။ မျက်လုံးတစ်ဖက်ကန်းကာ ခြေတစ်ဖက်ကျိုးနေပြီး ဘယ်ဘက်လက်တစ်ဖက်လည်း ပြတ်နေ၏။ ဤကမ္ဘာပျက်လောကကြီးထဲ၌ပင် သူ၏ရုပ်ဆင်းသွင်ပြင်က အလွန်တရာ အကျည်းတန် ရုပ်ဆိုးလွန်းသည်ဟု ဆိုရပေမည်။
ထိုက်ခန်အင်ပါယာ၏ ပထမစစ်သေနာပတိ လီစစ်စစ်က သူ့ကို မွေးစားခဲ့ပြီး သိုင်းပညာသင်ကြားပေးရန် အစွမ်းကုန် ကြိုးပမ်းခဲ့၏။ သို့သော် ပါရမီမှာ သာမန်မျှသာဖြစ်ပြီး ခန္ဓာကိုယ်ချို့ယွင်းချက်များကြောင့် သိုင်းလမ်းစဉ်၌ ခရီးမပေါက်နိုင်ခဲ့ချေ။
သူ၏ ဝါသနာမှာ ပန်းချီဆွဲခြင်း ဖြစ်သည်။
ထို့အပြင် သဘာဝကျစွာပင် ဗီဒီယိုဂိမ်းကစားခြင်းကိုလည်း နှစ်သက်သွားခဲ့၏။
အစပိုင်း၌ ဖန်ရှောင်က သူ့ကို အတင်းဆွဲခေါ်ကာ ဝင်္ကပါဖောက်သည့် ဂိမ်းတစ်ခုကို ဒေါင်းလုဒ်ဆွဲခိုင်းရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ သူက မှော်ဆရာတစ်ယောက်အဖြစ် ကစားကာ အဖွဲ့၏ ပင်မတိုက်ခိုက်ရေးသမား ဖြစ်လာခဲ့၏။ ထိုအချိန်မှစ၍ ဖန်ရှောင်သည် သူ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်လာခဲ့သည်။
သို့သော် ပြီးခဲ့သည့် တစ်နှစ်အတွင်း ဖန်ရှောင်က ဂိမ်းကစားခြင်းကို ရပ်နားလိုက်ပြီ ဖြစ်၏။ နေ့စဉ်ရက်ဆက် သူမသည် ထိန်းချုပ်နိုင်သည့် နျူကလီးယားပေါင်းစပ်ခြင်း နည်းပညာ၌ အောင်မြင်မှုရရှိရန် မှော်သိပ္ပံပညာရှင်များနှင့်အတူ အသည်းအသန် ကြိုးပမ်းနေခဲ့သည်။
ထို့ကြောင့် လီတလုသည်လည်း ဂိမ်းကစားခြင်းကို ရပ်နားလိုက်ပြီး ပုံကြမ်းများ ရေးဆွဲရာ၌ ကူညီပေးရန် ဖန်ရှောင်နောက်သို့ လိုက်ပါခဲ့၏။ သူရေးဆွဲထားသည့် ပုံများမှာ အသက်ဝင်လွန်းလှပြီး လှုပ်ရှားနေသကဲ့သို့ပင်။
မြို့တော်အတွင်း၌ ဖန်ရှောင်၏ အရင်းနှီးဆုံး အဖော်များမှာ သဘာဝကျစွာပင် သူမ၏အမ တုရှောင်နှင့် မောင်လေး တုမိုတို့ ဖြစ်ကြ၏။ သူတို့ပြီးလျှင် လီတလုပင်။ လီဟိုင်ထက်ပင် သူမနှင့် ပို၍ ရင်းနှီးသည်။
အကြောင်းရင်းက ရိုးရှင်းလှ၏။ လီဟိုင်က ဖန်ရှောင်ကို တိတ်တခိုး ကြွေနေသောကြောင့်ပင်။
ရင့်ကျက်မှုမရှိသေးသည့် ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို သဘောကျမိသည့်အခါ အရာအားလုံးက မလွှဲမသွေ အနေရခက်ကာ ပျော်စရာမကောင်းချေ။ ကောင်မလေး၏ အာရုံစိုက်မှုကို ရရှိရန် ထိုအရွယ် ကောင်လေးများသည် အလွန်တရာ မိုက်မဲသည့် လုပ်ရပ်များကို မကြာခဏ ပြုလုပ်လေ့ရှိကြသည်။
သို့သော် လီတလုကမူ ကွာခြား၏။ သူသည် ဖန်ရှောင်၏ အဖော်ဖြစ်လာကတည်းက စကားအလွန်နည်းသည့် ကောင်လေးတစ်ယောက် ဖြစ်နေဆဲပင်။ တစ်ခါတစ်ရံ တစ်နေကုန် စကားတစ်ခွန်းမှပင် မပြောချေ။ သို့သော် မည်သည့်အရာကိုလုပ်လုပ် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည်။ ဂိမ်းကစားသည်ဖြစ်စေ ၊ လက်တွေ့ဘဝ ပရောဂျက်များ၌ အလုပ်လုပ်သည်ဖြစ်စေ သူက အမြဲတမ်း အကောင်းဆုံး လက်ထောက်တစ်ယောက် ဖြစ်ခဲ့၏။
သူ၏ ပုံကြမ်းဆွဲသည့် စွမ်းရည်မှာလည်း အလားတူပင် ဖြစ်သည်။
ဖန်ရှောင်က ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်၏။ သူမ၏ စိတ်ထဲ၌ ထူးခြားဆန်းကြယ်သည့် အယူအဆများဖြင့် ပြည့်နှက်နေပြီး ဖခင်ဖြစ်သူနှင့် စိတ်ချင်းဆက်သွယ်ကာ တိုက်ရိုက် စကားပြောဆိုနိုင်သော်လည်း ၊ မှော်သိပ္ပံပညာရှင်များ နားလည်စေရန် အကြံဉာဏ်များကို ပုံဖော်ပြသရာ၌ အခက်အခဲ ရှိခဲ့သည်။
သို့သော် သူမ၏အမြင်ကို လီတလုအား တစ်ကြိမ်မျှ ရှင်းပြလိုက်သည်နှင့် သူက သူမစိတ်ထဲရှိ ပုံရိပ်ကို အတိအကျ ပုံဖော်ရေးဆွဲပေးနိုင်၏။ အယူအဆက မည်မျှပင် ရှုပ်ထွေးနေပါစေ အပြစ်အနာအဆာကင်းစွာ တိကျစွာ ပုံဖော်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူသည်လည်း ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ဖန်ရှောင် မေးငေါ့လိုက်သည်။ "ဟေ့... လီတလု... နင် မဆော့တော့ဘူးလား။"
လီတလုက ခေါင်းရမ်းလိုက်သည်။ "ဟင့်အင်း... ကမ္ဘာပျက်သွားတဲ့အထိ Game B က ထွက်ဖို့နေနေသာသာ စတောင်မရေးရသေးဘူး။"
ဖန်ရှောင်နှင့် အတူရှိနေချိန်မှသာ သူ ဤမျှလောက် စကားပြောခြင်း ဖြစ်၏။ ပုံမှန်ဆိုလျှင် ရေငုံနှုတ်ပိတ်နေတတ်သည်။
ဖန်ရှောင်က နှုတ်ခမ်းဆူလိုက်သည်။ "အဲ့ဒါဆို မဆော့ဘူးလား။"
လီတလုက ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မဆော့ဘူး။"
ဖန်ရှောင်က စိတ်ပျက်လက်ပျက် ညည်းတွားလိုက်သည်။
"ကျစ်... ဒီလောကက တအား ပျင်းစရာကောင်းတာပဲ။ ကောင်းတဲ့ တီဗီရှိုးတွေ အကုန်လုံးလည်း အကြိမ်ကြိမ် ပြန်ကြည့်ပြီးပြီ။ ပျော်စရာကောင်းတဲ့ ဂိမ်းမှန်သမျှလည်း အကုန်ဆော့ပြီးသွားပြီ။"
လီတလုက မေးလိုက်သည်။ "Total War စီးရီးတွေ ဆော့ကြည့်မလား။"
ဖန်ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ "မဆော့ဘူး။ ငါက မိန်းကလေးလေ... ပျင်းစရာကောင်းတဲ့ စစ်တိုက်ဂိမ်းတွေ မကြိုက်ဘူး။"
လီတလုက ထပ်မေးလိုက်သည်။ "Civilization စီးရီးတွေကရော။"
သူမက ချက်ချင်းပင် ခေါင်းခါလိုက်သည်။ "ဟင့်အင်း... အဆင့်တတ်ဖို့ အကြာကြီးစောင့်ရမှာ မစောင့်ချင်ဘူး။"
လီတလုက ခဏမျှ တွေးတောလိုက်သည်။ "နင့်ကို Resident Evil နဲ့ မိတ်ဆက်ပေးမလို့ပဲ။ ဒါပေမဲ့ အတွဲ ၅ နဲ့ ၆ ရုပ်ထွက်က အမှန်တိုင်းပြောရရင် တော်တော်ဆိုးတယ်။"
(Resident Evil လေးပြန်ဆော့ချင်သဝါးပြီ 😭)
ဖန်ရှောင်က စိတ်ဝင်စားသွားဟန်ဖြင့် ပြောလိုက်သည်။
"ငါက ဂိမ်းရုပ်ထွက် မကောင်းမှာကို မကြောက်ဘူး။ ပျင်းရမှာကိုပဲ ကြောက်တာ။ ဘယ်ကနေ စဆော့ရမလဲ။"
အစအဦးဆုံး အပိုင်းမှစ၍ ကစားရန် အကြံပြုဖို့ လီတလု အနည်းငယ် တုံ့ဆိုင်းနေ၏။ ထိုအတွဲက အကောင်းဆုံး ဂန္တဝင်ဖြစ်သော်လည်း ရုပ်ထွက်ပိုင်း ခေတ်နောက်ကျနေသည့် အလွန်ဟောင်းနွမ်းသော ဂိမ်းတစ်ခု ဖြစ်နေပြီး ဖန်ရှောင်က ဤဂိမ်းစီးရီးများကို အတိတ်လွမ်းစရာအဖြစ် နှစ်သက်သည့် ပရိသတ်မျိုး မဟုတ်ချေ။
နောက်ဆုံး၌ လီတလုက ဆုံးဖြတ်ချက်ချလိုက်သည်။
"အစကနေပဲ ဆော့ကြတာပေါ့။"
ဖန်ရှောင်က ဝမ်းသာအားရ ပြောလိုက်သည်။ "ကောင်းပြီ... ဖွင့်ပေး။"
မကြာမီ ဖန်ရှောင်က ပျော်ရွှင်စွာ ဂိမ်းကစားနေပြီး လီတလုက သူမဘေး၌ တိတ်ဆိတ်စွာ ထိုင်ကြည့်နေ၏။ အထူးခက်ခဲသည့် အဆင့်များကို ရောက်သွားတိုင်း သူ့အကူအညီကို တောင်းလေ့ရှိသည်။ သူမအတွက်တော့ လီတလုက လမ်းလျှောက်နေသည့် အကောင်းဆုံးသော ဂိမ်းလမ်းညွှန်စာအုပ်ကြီးပင်။
ဖန်ရှောင်က အလွန်တရာ ဉာဏ်ကောင်းလွန်းသူ ဖြစ်ရာ ဗီဒီယိုဂိမ်းတစ်ခုကို ဖြတ်ကျော်နိုင်ရန် တစ်စုံတစ်ယောက်၏ လမ်းညွှန်မှု တကယ် လိုအပ်သည်လော။
အံ့သြစရာကောင်းစွာပင် အဖြေက လိုအပ်သည်။ ဂိမ်းကစားသည့်အခါ ကာတွန်းကားကြည့်ချိန်များကဲ့သို့ပင် သူမက ဦးနှောက်ကို လုံးဝ ပိတ်ထားလေ့ရှိ၏။
တစ်ခါတစ်ရံ၌ အတော်ဆုံး ဉာဏ်ကြီးရှင်များသည် အနားယူအပန်းဖြေချိန်၌ သူတို့၏ ဦးနှောက်ကို အသုံးချရန် အပျင်းဆုံးသူများ ဖြစ်နေတတ်ကြသည်။
တုပိုင် ထိုက်ခန်အင်ပါယာ မြို့တော်သို့ ပြန်ရောက်ချိန်၌ လီတလုအား အထူးအာရုံစိုက်ခဲ့၏။ သို့သော် အချိန်တိုမျှသာ စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။
ဧရာမအမာရွတ်ကြီးနှင့် ကန်းနေသည့် မျက်လုံးကြောင့် လီတလု၏ မူလမျက်နှာသွင်ပြင်ကို ခွဲခြားသိမြင်ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ သို့သော် တုပိုင်က ကောင်လေးသာ ဒဏ်ရာမရထားလျှင် မည်သို့ရုပ်သွင်မျိုးရှိမည်ကို စိတ်ထဲ၌ ပုံဖော်ကြည့်လိုက်ချိန်၌ ရလဒ်က သူသံသယရှိထားသည့်အတိုင်း အတိအကျ ထွက်ပေါ်လာ၏။ လီတလုက ကျောက်ယန်ဖိန်နှင့် အင်မတန် ဆင်တူနေသည်။
**--**--**--**--**--**--**--**
အလွန်ဝေးကွာလှသည့် နေရာ... ကမ္ဘာ့ဗဟိုချက်၏ နက်ရှိုင်းသော နေရာ၌... နဂါးများ၏ သန့်စင်သော စွမ်းအားများမှတဆင့် စုစည်းထားသည့် မရေမတွက်နိုင်သော နေမင်းငယ်လေးများသည် ကံကြမ္မာမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်အတွင်း၌ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားကြ၏။
"ဝုန်းးးးးးး"
မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားလေပြီ။ သို့သော် ဤနေရာသည် ကမ္ဘာ့ဗဟိုချက်ဖြစ်ပြီး သာမန် လေထုဖိအားထက် အဆပေါင်း လေးသန်းခန့်ကို ခံနိုင်ရည်ရှိနေရသဖြင့် ကြီးမားလှသည့် ပေါက်ကွဲမှုကြီးမှာ ပြင်းထန်စွာ ဖိနှိပ်ခံလိုက်ရသည်။
ထို့ကြောင့် ပေါက်ကွဲမှုမှာ နှေးကွေးလေးလံသည့် အနေအထားဖြင့်သာ ဖြစ်ပေါ်လာ၏။ သို့သော် ပို၍ ကြောက်စရာကောင်းသည်က ပေါက်ကွဲမှုအပြီး နောက်ဆက်တွဲ ရလဒ်ပင်။
မိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ကြီး ပေါက်ကွဲသွားသော်လည်း အပိုင်းပိုင်း ပြတ်ထွက်သွားခြင်း မရှိချေ။
ထူးကဲလှသည့် ကြံ့ခိုင်မှုမျိုးကို ပိုင်ဆိုင်ထားသဖြင့် ပေါက်ကွဲမှုကို ထိန်းချုပ်ရန် သူ၏တစ်ကိုယ်လုံးက ချက်ချင်းဆိုသလို အဆပေါင်းများစွာ ဖောင်းကားလာ၏။ အချင်းမှာ မီတာသောင်းချီမှသည် ကီလိုမီတာ ရာချီအထိ ကြီးထွားလာသည်။
အသားများက အဆုံးအစမဲ့ ပျော့ပြောင်းဆန့်ထွက်နိုင်သည့် ပူဖောင်းတစ်လုံးကဲ့သို့ ဆန့်ထွက်သွား၏။ ပေါက်ကွဲမှုကြီး နောက်ဆုံး၌ ငြိမ်သက်သွားချိန်၌ သူ၏ ဧရာမခန္ဓာကိုယ်ကြီးက မူလပုံစံအတိုင်း တဖြည်းဖြည်း ပြန်လည် ကျုံ့ဝင်လာသည်။
နဂါးများ စုစည်းထားသည့် မရေမတွက်နိုင်သော နေမင်းငယ်လေးသည် သူ၏ ဝမ်းဗိုက်ထဲ၌ ပိတ်မိနေဆဲဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်နှင့် သန့်စင်သည့် စွမ်းအင်များကို ထုတ်လွှတ်နေဆဲပင်။
မိစ္ဆာဘုရင်က ယုတ်မာစွာ ရယ်မောလိုက်သည်။ "ဟားဟား... တုပိုင် ၊ ငါ မင်းကို ပြောပြီးသားပဲ။ နဂါးသောင်းချီရဲ့ သစ္စာခံမှုကို ရထားတာက အထင်ကြီးစရာပဲ။ ဒါပေမဲ့ မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး။ မင်း ငါ့ကို မသတ်နိုင်ဘူး။"
"ငါ့ရဲ့ ရည်မှန်းချက်က အမြင့်မြတ်ဆုံး မဟာမိစ္ဆာဧကရာဇ်မင်းကြီး ပြန်လည်ရှင်သန်လာဖို့ စွမ်းအင်အားလုံးကို ဝါးမျိုဖို့ပဲ။ အခုတော့ မင်းက နဂါးသောင်းချီရဲ့ စွမ်းအားတွေကို ငါ့ဗိုက်ထဲ တန်းပို့ပေးလိုက်တာပဲ။ ကျေးဇူးအများကြီးတင်ပါတယ် တုပိုင်ရာ...။ ဟားဟား"
ထို့နောက် မိစ္ဆာဘုရင် သူ၏ ခန္ဓာကိုယ်တွင်းရှိ နေမင်းငယ်လေး၏ အဆုံးအစမဲ့ စွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုကာ ချေဖျက်စုပ်ယူလိုက်သည်။
မိစ္ဆာဘုရင်က လှောင်ပြောင်လိုက်သည်။
"တုပိုင်... မင်းက တကယ် သနားစရာကောင်းတာပဲ။ ငါ့ကို အဆုံးသတ်ဖို့ လိုအပ်တဲ့ စွမ်းအား မင်းဆီမှာ မရှိဘူး။"
တုပိုင်ကမူ သူ့အား တည်ငြိမ်စွာ စိုက်ကြည့်နေရင်း မေးခွန်းထုတ်လိုက်သည်။ "ဒါဆို ငါ့ကို ဘာလို့ မသတ်တာလဲ။"
မိစ္ဆာဘုရင်က ခနဲ့တဲ့တဲ့ သရော်လိုက်သည်။
"ငါက ဘာလို့သတ်ရမှာလဲ။ မင်းကို အသက်ရှင်လျက်ထားပြီး ကမ္ဘာမြေကြီး ပျက်စီးသွားတာကို ကြည့်ခိုင်းချင်တာလေ။ ရန်သူတစ်ယောက်ကို ရိုးရိုးလေးသတ်ပစ်တာက ပျင်းစရာပဲ။ သူတို့စိတ်ဓာတ်ကို ရိုက်ချိုးပြီး စိတ်ပျက်အားငယ်မှုနဲ့ သေဆုံးခိုင်းတာကမှ စစ်မှန်တဲ့ အောင်ပွဲကွ။"
သို့သော် ကံကြမ္မာမိစ္ဆာဘုရင်း အဆိုကို တုပိုင်က မထီမဲ့မြင်ဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ "ဟက်... မင်း ငါ့ကို မသတ်တာက... မသတ်ချင်လို့ မဟုတ်ဘူး။ မသတ်နိုင်လို့ပဲ။"
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၇ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။