← Chapters

အခန်း (၁၀၈၈)

Vol. 105 Ch. 1088

အခန်း (၁၀၈၈)

Vol. 105 Ch. 1088

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

ကံကြမ္မာမိစ္ဆာဘုရင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်စွာ ပြောလာသည်။ "ဟုတ်တယ်။ ငါ မင်းကို မသတ်နိုင်ဘူး။ ဒါပေမဲ့ လူသားအားလုံးကိုတော့ ငါ သတ်ပစ်နိုင်တယ်။"

ထိုသို့ပြောပြီးနောက် ကမ္ဘာ့ဗဟိုချက်၏ လည်ပတ်မှုကို ထပ်မံရပ်တန့်ရန် ကြိုးပမ်းလိုက်ပြန်၏။ သူ၏ ရည်ရွယ်ချက်မှာ ထိုက်ခန်အင်ပါယာ၏ စွမ်းအင်အကာအကွယ်ကို လုံးဝ ဖျက်ဆီးပစ်ကာ နေမုန်တိုင်းတိုက်ခတ်မှုနှင့် ဓာတ်ရောင်ခြည်များဖြင့် လူသားများကို မျိုးတုံးသတ်ဖြတ်ပစ်ရန်ပင်။

တုပိုင်က အချက်ကျကျ ထောက်ပြလိုက်သည်။ "ဒီကမ္ဘာလောကကြီးထဲက စွမ်းအင်တွေမှာ အဆင့်သတ်မှတ်ချက် ရှိတယ်။ နဂါးတွေ မရေမတွက်နိုင်အောင် ပေါင်းစည်းထားတဲ့ နေမင်းငယ်လေးက မင်းကို မပေါက်ကွဲစေနိုင်သလို မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း မဖျက်ဆီးနိုင်ခဲ့ဘူး။ ဒါက အချက်တစ်ချက်ကို သက်သေပြနေတယ်။ မင်းခန္ဓာကိုယ်ရဲ့ စွမ်းအင်အဆင့်က နဂါးတွေထက် သာလွန်နေတယ်ဆိုတာပဲ။"

မိစ္ဆာဘုရင်က တိတ်ဆိတ်နေ၏။

တုပိုင်က ဆက်ပြောသည်။ "ဒါပေမဲ့ မင်းက မိစ္ဆာမင်းသား တစ်ပါးသာသာပဲလေ။ ကမ္ဘာကြီးကို ဝါးမျိုပြီး လည်ပတ်မှုကို ရပ်တန့်ပစ်နိုင်လောက်အောင် စွမ်းအားကြီးချင် ကြီးနိုင်ပေမဲ့ မင်းကိုယ်ပိုင် စွမ်းအင်အဆင့်က နဂါးတွေထက် သာလွန်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။"

မိစ္ဆာဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ဘာဆိုလိုချင်တာလဲ။"

တုပိုင်က တည်ငြိမ်စွာ ပြောလိုက်၏။ "ငါ့ရဲ့ စွမ်းအင်အဆင့်က နဂါးတွေထက် သာလွန်သွားပြီး နဂါးအားလုံးရဲ့ ဘုရင် ဖြစ်လာခဲ့တယ်။ ဘာလို့လဲဆိုတော့ ငါက နဂါးသရဖူကို ဆောင်းထားပြီး နဂါးတောင်ဝှေးကို ကိုင်ဆောင်ထားလို့ပဲ။ ဒါကြောင့် နဂါးအားလုံးက ငါ့ကို သစ္စာခံကြတာလေ။"

"ကမ္ဘာ့ဗဟိုချက်ထဲက ဖိအားက လေထုဖိအား အဆပေါင်း လေးသန်းလောက် ရှိတယ်။ ငါက ဘာလို့ ဘေးကင်းကင်းနဲ့ ရှိနေနိုင်တာလဲ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်ကို နဂါးသရဖူနဲ့ ဖွဲ့စည်းထားလို့ပဲ။ မိစ္ဆာမင်းသား တစ်ပါးရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ကမ္ဘာ့ဗဟိုချက်ကို ဝါးမျိုဖို့နေနေသာသာ ဒီအထဲမှာ အသက်ရှင်ရပ်တည်နိုင်ဖို့တောင် ခက်ခဲလိမ့်မယ်။"

"ဒါကြောင့်... မင်းက မင်းရဲ့ မူလခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး အင်မတန် ရုပ်ဆိုးအကျည်းတန်တဲ့ ဒီခန္ဓာကိုယ်ကြီးကို ဖန်တီးဖို့ အနက်ရောင် သရဖူကို အသုံးပြုခဲ့တယ်။ သရဖူရဲ့ စွမ်းအင်အဆင့်က ပိုမြင့်မားတဲ့အတွက် မင်းကို နဂါးတွေရဲ့ စွမ်းအားကနေ ခံနိုင်ရည်ရှိအောင် လုပ်ပေးထားတာပဲ။"

မိစ္ဆာဘုရင်က သဘောကျစွာ ပြုံးလိုက်သည်။ "အံ့ဩစရာပဲ... အံ့ဩစရာပဲ...။ တကယ့်ကို ထက်မြက်လှတဲ့ သီအိုရီပဲ။"

တုပိုင်က ခပ်အေးအေး ဆက်ပြောသည်။ "သူ့ရဲ့ လွတ်လပ်မှုဆိုတာကို ရှာဖွေဖို့အတွက် အိပ်မက်ဆိုးမိစ္ဆာဘုရင်က အနက်ရောင် သရဖူဆီကနေ သူ့ကိုယ်သူ လုံးဝ ခွဲထုတ်ပစ်ခဲ့တယ်။ အဲ့ဒီ ဆုံးဖြတ်ချက်ကို မင်းက လှောင်ပြောင်ခဲ့သေးတယ်လေ။ အဲ့ဒီအချိန်တုန်းက ငါက အရှေ့တိုင်းနဂါးရဲ့ စွမ်းအားကို အသုံးပြုပြီးတောင် သူ့ကို မသတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ မင်းကတော့ အနက်ရောင် သရဖူကို သုံးပြီး သူ့ကို အလွယ်တကူ ရှင်းလင်းပစ်နိုင်ခဲ့တယ်။ ဒါကိုကြည့်ရင် အနက်ရောင် သရဖူက အရမ်းကို မြင့်မားတဲ့ စွမ်းအင်အဆင့် ရှိနေတယ်ဆိုတာ ထင်ရှားတယ်။"

တုပိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ "ဒါကြောင့် ဒီ ဧရာမရေဘဝဲကြီးပုံစံက မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘူး။ ဒါက တကယ်တော့ အနက်ရောင် သရဖူကနေ အသွင်ပြောင်းထားတဲ့ ခန္ဓာကိုယ်ပဲ။"

"ဖြောင်းးး ဖြောင်းးး ဖြောင်းးး" မိစ္ဆာဘုရင်က ကျယ်လောင်စွာ လက်ခုပ်တီးလိုက်၏။

တုပိုင်က လှောင်ပြောင်သည့် လေသံဖြင့် ဆက်ပြောသည်။ "ဒီ အနက်ရောင် သရဖူက အရမ်း စွမ်းအားကြီးမားပေမဲ့ မင်းရဲ့ လွတ်လပ်ခွင့်ကိုတော့ ဆွဲခွာသွားတယ်။ မင်းကို စွမ်းအင်ကျွန် အဖြစ် ပြောင်းလဲပစ်လိုက်တာပဲ။ အိပ်မက်ဆိုးမိစ္ဆာဘုရင်က သရဖူဆီကနေ ခွဲထွက်ဖို့ ရွေးချယ်ခဲ့ပေမဲ့ မင်းကတော့... သရဖူနဲ့ ပေါင်းဆက်ဖို့ ရွေးချယ်ခဲ့တာကိုး။"

မိစ္ဆာဘုရင်က အေးစက်စက် သရော်လိုက်သည်။ "ဟက်... ပြောတာ တော်တော်ကောင်းတယ်။ ဒါပေမဲ့... အားလုံးက အဓိပ္ပာယ်မရှိပါဘူး။ ငါ မင်းကို မေးပါရစေ... မင်း ငါ့ကို တကယ် သတ်နိုင်လို့လား။"

တုပိုင်က မဆိုင်းမတွ ပြောလိုက်သည်။ "အရမ်းမြင့်မားတဲ့ စွမ်းအင်အဆင့် ရှိတဲ့အရာတစ်ခုကို ဘယ်လို ဖျက်ဆီးပစ်မလဲ။ သေချာပေါက် ပိုပြီး မြင့်မားတဲ့ စွမ်းအင်အဆင့် ရှိတဲ့အရာတစ်ခုကို အသုံးပြုရမှာပေါ့။ ဥပမာ သံမဏိက မာကျောတဲ့ အရာတချို့ကို မဖြတ်တောက်နိုင်ပေမဲ့ စိန်ကတော့ ဖြတ်တောက်နိုင်သလိုမျိုးပေါ့။"

မိစ္ဆာဘုရင်က နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... ပြီးပြည့်စုံတဲ့ သီအိုရီပဲ။ ကံမကောင်းစွာနဲ့ပဲ... ဒီသိထားသမျှ ဟင်းလင်းပြင်နယ်ပယ်တွေထဲမှာ အနက်ရောင် သရဖူက အမြင့်မားဆုံး စွမ်းအင်အဆင့် ရှိတယ်။ မင်းရဲ့ နဂါးသရဖူက အကောင်းဆုံး အခြေအနေမှာတောင် သူ့နဲ့ ရင်ပေါင်တန်းနိုင်ရုံလောက်ပဲ ရှိတာ။"

တုပိုင်က ပြုံးလိုက်သည်။ "ဟုတ်တယ်။ ငါ့ရဲ့ နဂါးသရဖူက အနက်ရောင် သရဖူနဲ့ စွမ်းအင်အဆင့်တူ အရာတစ်ခုမျှသာပဲ။ ဒါပေမဲ့ မမေ့နဲ့ဦး... နဂါးသရဖူအပြင် ငါ့ဆီမှာ ကိုယ်ပိုင် အနက်ရောင် သရဖူ တစ်ခုလည်း ရှိသေးတယ်။ မင်းတို့ မိစ္ဆာမျိုးနွယ်တွေ တစ်ခါက ပြောဖူးတယ်။ အနက်ရောင် သရဖူကို တစ်ခါဆောင်းပြီးသွားရင် ဘယ်တော့မှ ပြန်ချွတ်လို့ မရတော့ဘူးတဲ့။ အပေါ်ယံကြည့်ရင် ဖျက်ဆီးခံရတယ်လို့ ထင်ရပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်အပေါ်မှာ ထာဝရ စွဲထင်ကျန်ရစ်နေဆဲပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒါက ရုပ်ဝတ္ထုပစ္စည်း လုံးဝ မဟုတ်ဘဲ... စွမ်းအင် ပုံစံတစ်ခု ဖြစ်နေလို့ပဲ။"

စကားပြောနေရင်းပင် တုပိုင်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။

ပထမဆုံးအနေဖြင့် ရွှေရောင် နဂါးသရဖူအဖြစ် စုစည်းသွားသည်။ ထို့နောက် အခြားသရဖူတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။ ထိုအရာမှာ မူလက အိပ်မက်ဆိုးမိစ္ဆာဘုရင် ပိုင်ဆိုင်ခဲ့သည့် အနက်ရောင် သရဖူပင်။

သရဖူနှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားလေပြီ။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာဘုရင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။

တုပိုင်၏ အနက်ရောင် သရဖူနှင့် နဂါးသရဖူတို့ ပေါင်းစပ်သွားသည်နှင့် တစ်ပြိုင်နက် ယခင်က တစ်ခါမှ မရှိဖူးသည့် စွမ်းအင်အဆင့်ရှိသော အရာတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ တဖြည်းဖြည်းနှင့် ပေါင်းစပ်သွားသည့် သရဖူများသည် ဓားတစ်လက်အဖြစ် အသွင်ပြောင်းလာ၏။

ရွှေမည်းရောင် ဓားထဲ၌ ကမ္ဘာပေါ်ရှိ အမြင့်မားဆုံးသော စွမ်းအင်အဆင့် ပါဝင်နေသည်။ ထိုဓား၌ ကြီးမားလှသည့် စွမ်းအင်ပမာဏ ရှိမနေနိုင်ပေ။ စွမ်းအင်ပမာဏမှာ ကံကြမ္မာမိစ္ဆာဘုရင်၏ သောင်းပုံတစ်ပုံမျှပင် ရှိမည်မဟုတ်ချေ။

သို့သော် မှန်ဖြတ်ကိရိယာတစ်ခုထက်မှ စိန်သွားလေးကဲ့သို့ အလုပ်လုပ်၏။ စိန်ကိုယ်တိုင်က သေးငယ်နိုင်သော်လည်း ကမ္ဘာပေါ်ရှိ အမာကျောဆုံး မှန်များကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိနေသည် မဟုတ်လော။

အဆုံးစွန်သော စွမ်းအင်အဆင့်ကို ထုတ်လွှတ်နေသည့် ရွှေမည်းရောင်ဓားကြီးက မိစ္ဆာဘုရင်၏ ဧရာမ အကျည်းတန် ခန္ဓာကိုယ်ကြီးပေါ်သို့ ထိုးစိုက်သွားသည်။

မိစ္ဆာဘုရင်က ထိတ်လန့်တကြား အော်လိုက်၏။ "ရပ်... ရပ်လိုက်စမ်း။" ထို့နောက် အေးစက်စွာ ခြိမ်းခြောက်လိုက်ပြန်သည်။ "တုပိုင်... မင်းသမီးရဲ့ အသက်ကို ဂရုမစိုက်တော့ဘူးလား။"

ရွှေမည်းရောင်ဓားက ရပ်တန့်သွား၏။

မိစ္ဆာဘုရင်က မဲ့ပြုံးပြုံးလိုက်သည်။ "မင်း မြင်တဲ့အတိုင်းပဲ... ငါက အနက်ရောင် သရဖူရဲ့ စွမ်းအင်ကို သုံးပြီး ကမ္ဘာမြေရဲ့ စွမ်းအင်တွေကို အသည်းအသန် ဝါးမျိုဖို့ ဒီ အကျည်းတန်တဲ့ ဧရာမရေဘဝဲကြီးအဖြစ် ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်ခဲ့တယ်။.

"နေ့ရက်တွေ ကြာလာတာနဲ့အမျှ အင်မတန် ပျင်းစရာကောင်းလာတယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်က တခြား ဖျော်ဖြေမှု ပုံစံတွေ လိုအပ်လာတယ်။ ဒီ ဧရာမရေဘဝဲကြီးထဲမှာပဲ ထာဝရ နေလို့ မရဘူးလေ။ မင်း ကျောက်ယန်ဖိန်ရဲ့ ဇာတ်လမ်းကို ကြားဖူးမှာပေါ့။ ကျောက်ယန်ဖိန်ကို လုံးဝ ရူးသွပ် ယိုယွင်းသွားအောင် လမ်းညွှန်ဖို့ ငါ့ရဲ့ စိတ်ဝိညာဉ်က လေလွင့်နေတဲ့သူ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း ငါ့ရဲ့ စိတ်ဝိညာဉ် ဘယ်မှာ သွားပုန်းနေတယ်လို့ မင်းထင်လဲ။"

မိစ္ဆာဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ငါက ကံကြမ္မာမိစ္ဆာဘုရင်ပဲ။ ဒါကြောင့် သဘာဝကျကျပဲ ဘယ်သူ့ရဲ့ ကံကြမ္မာကိုမဆို ငါ ခြယ်လှယ်နိုင်တယ်။"

သူ၏ ရေဘဝဲလက်တံတစ်ခုကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်နှင့် လှပသည့် ပုံရိပ်တစ်ခုက တုပိုင်ရှေ့၌ ထွက်ပေါ်လာ၏။ ထိုသူမှာ သမီးဖြစ်သူ တုရှောင်ပင်။

မိစ္ဆာဘုရင်က သရော်လိုက်သည်။ "မင်းရဲ့သမီးက မင်းရဲ့သမီးပါပဲ။ ငါ သူ့ရဲ့ ခန္ဓာကိုယ်ကို မလုယူခဲ့သလို စိတ်ဝိညာဉ်နဲ့ ဆန္ဒကိုလည်း မချုပ်ကိုင်ထားဘူး။ ငါက ရိုးရိုးလေးပဲ... သူ့ရဲ့ စိတ်ထဲမှာ ငါ့ရဲ့ စိတ်ဝိညာဉ် အစိတ်အပိုင်းလေး တစ်ခုကို ဖျောက်ထားခဲ့ရုံတင်။ ဒါကြောင့် မင်း ငါ့ကို သတ်လိုက်ရင်... မင်းသမီးအရင်းကို မင်းကိုယ်တိုင် ပြန်သတ်လိုက်သလို ဖြစ်သွားလိမ့်မယ်။"

အဆုံးစွန်သည့် စွမ်းအင်များဖြင့် တုန်ခါနေသည့် ရွှေမည်းရောင်ဓားက ရပ်တန့်သွား၏။

မိစ္ဆာဘုရင်က ရူးသွပ်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား... အဆွေတော် တုပိုင်... ဒီကမ္ဘာလောကကြီးက နာကျင်မှုတွေနဲ့ ပြည့်နှက်နေတာပဲ။ မင်းက လုံလောက်အောင် စွမ်းအားကြီးလာပြီး ဉာဏ်ကောင်းလာတဲ့အခါ ခြိမ်းခြောက်နေတဲ့ အနာဂတ်ကို အရိပ်အမြွက် မြင်တွေ့ရလိမ့်မယ်။"

"ငါမြင်ခဲ့ရတဲ့ အနာဂတ်က ငါနဲ့ မင်းကြားက ဒီ နောက်ဆုံးတိုက်ပွဲပဲ။ ဒါကြောင့်မို့လို့ မင်း ငါ့ကို တကယ်သတ်နိုင်မယ့်နေ့ ရောက်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ အပြည့်အဝ မယုံကြည်ခဲ့ပေမဲ့ နှစ်ပေါင်းများစွာ ကြိုတင်ပြီး ပြင်ဆင်ထားခဲ့ရတယ်။ ဒါပေမဲ့... အခု အဲ့ဒီနေ့ ရောက်လာပြီဆိုတော့ မင်းရဲ့ နောက်ဆုံး အဆုံးအဖြတ် တိုက်ကွက်ကို ဘယ်တော့မှ မလုပ်နိုင်စေဖို့ သေချာအောင် ငါ့မှာ ဝှက်ဖဲတစ်ခု လိုအပ်လာပြီလေ။"

မိစ္ဆာဘုရင်က အောင်ပွဲခံသည့်ဟန်ဖြင့် ဆက်ပြောသည်။ "လက်ရှိ အခြေအနေက အရမ်းရိုးရှင်းတယ်။ မင်း ငါ့ကို သတ်ရင် မင်းရဲ့ သမီး တုရှောင်လည်း သေလိမ့်မယ်။ ကံတရားက ငါ့ရဲ့ အသက်နဲ့ စိတ်ဝိညာဉ်ကို သူ့နဲ့ ယှက်နွယ်ထားပြီးပြီ။ ထွက်သွားတော့ တုပိုင်... မင်းရဲ့ ဇနီးနဲ့ သားသမီးတွေကို ခေါ်ပြီး... လူသား သောင်းချီကို ခေါ်ပြီးတော့ မင်းတို့ရဲ့ အာကာသယာဉ်တွေနဲ့ ကမ္ဘာမြေပေါ်ကနေ ထွက်ပြေးကြတော့။ ကမ္ဘာမြေကြီး ပျက်စီးဖို့ဆိုတာ ကြိုတင်သတ်မှတ်ပြီးသား အဆုံးသတ်ပဲ။"

သူက ထပ်မံ နှင်ထုတ်လိုက်ပြန်၏။ "အခုပဲ ထွက်သွားတော့... ထွက်သွားတော့ အရှင်တုပိုင်..."

တုပိုင်ကမူ တိတ်ဆိတ်စွာဖြင့် ရပ်နေသည်။ ထို့နောက် ဘာမှမပြောပဲ ရွှေမည်းရောင်ဓားဖြင့် မိစ္ဆာဘုရင်ထံသို့ အသက်ငင်လောက်မည့် နှေးကွေးသည့် ထိုးစိုက်မှုကို ပြန်လည် စတင်လိုက်၏။

တုပိုင်ကြောင့် ကံကြမ္မာမိစ္ဆာဘုရင်မှာ ထိတ်လန့်တကြား ဖြစ်သွားရတော့သည်။ "မင်း လုပ်ရဲလို့လား တုပိုင်... မင်း ရဲလို့လား။ မင်း ငါ့ကို သတ်ရင် မင်းရဲ့သမီး တုရှောင်လည်း ငါနဲ့အတူ သေရလိမ့်မယ်နော်။ ငါ့ရဲ့ ကံကြမ္မာက သူမနဲ့ ဆက်စပ်နေတယ်​နော်။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters