အခန်း (၁၀၈၉)
Vol. 105 Ch. 1089
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
တုပိုင် အေးစက်ခက်ထန်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်...။ မင်း လိမ်နေတာပဲ။ ဘာလို့ မင်းရဲ့ ကံကြမ္မာက ငါ့သမီး တုရှောင်နဲ့ ဆက်စပ်နေရမှာလဲ။"
"တုရှောင်က ငါ့သမီး ၊ သူ့ဆီမှာ နဂါးမျိုးနွယ်ရဲ့ သွေး ရှိတယ်။ မင်းလို မိစ္ဆာဝိညာဉ်မျိုးက သူ့ခန္ဓာကိုယ်ထဲ ဘယ်လိုလုပ် သွားပုန်းနိုင်မှာလဲ။ မင်းဝိညာဉ်က တခြားတစ်နေရာမှာ ပုန်းနေတာ မှန်ပေမဲ့ ငါ့သမီးဆီမှာတော့ မဟုတ်ဘူး။ အဲ့ဒါက... ကျောက်ယန်ဖိန်ရဲ့သား လီတလုဆီမှာ ပုန်းနေတာပဲ။ အဲ့ဒီတုန်းက အသက်နှစ်နှစ်တောင် မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်က အနီးကပ် သေနတ်နဲ့ လေးချက်တောင် အပစ်ခံရတာကို ဘယ်လိုများ အသက်ရှင်ကျန်ရစ်ခဲ့တာလဲဆိုတာ ငါ အမြဲတမ်း သိချင်နေခဲ့တာ။ အခုတော့ အားလုံး ရှင်းလင်းသွားပြီ။"
"နောက်ထပ် အချက်တစ်ချက် ရှိသေးတယ်။ ဒီကမ္ဘာ့ဗဟိုချက်ထဲက မင်းရဲ့ ခန္ဓာကိုယ်က အင်မတန် စွမ်းအားကြီးမားတယ်။ မင်းဝိညာဉ်ကို တခြားခန္ဓာကိုယ်တစ်ခုထဲမှာ ပုန်းစေတာက သေကွင်းသေကွက်ကို ဖန်တီးလိုက်တာပဲ။ အဲ့ဒီအကြောင်းကို မင်းက ဘာလို့ ငါ့ကို ပြောရတာလဲ။"
ကံကြမ္မာမိစ္ဆာဘုရင်မှာ ခဏမျှ အံ့ဩသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ဟားဟား... ကောင်းပြီလေ... မင်း သိသွားရင်တောင် ငါ့ဝိညာဉ်က လီတလုဆီမှာ ပုန်းနေတော့ ဘာဖြစ်လဲ။ သူက မင်းရဲ့ ဒုတိယသမီး ဖန်ရှောင်ဘေးနားမှာ အမြဲတမ်း ရှိနေတယ်ဆိုတာ မင်း အသိဆုံးပဲလေ။ မင်း ငါ့ကို သတ်ရင် မင်းသမီးလည်း ငါနဲ့အတူ သေရလိမ့်မယ်။"
မိစ္ဆာဘုရင် သူ၏ ဧရာမလက်ကြီးအား ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်နှင့် တုပိုင်ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုပုံရိပ်ထဲ၌ ကောင်မလေး ဖန်ရှောင်မှာ ပျော်ရွှင်စွာ ဆော့ကစားနေပြီး လီတလုက သူမ၏ ဘေးနားမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ရုတ်တရက် လီတလုသည် သေနတ်တစ်လက်ကို မြှောက်လိုက်ပြီး ပြောင်းဝကို ဖန်ရှောင်၏ နောက်စေ့ဆီသို့ တိုက်ရိုက် ချိန်ရွယ်လိုက်၏။
မိစ္ဆာဘုရင်က သရော်လိုက်သည်။ "ဟမ့်... ဒါကို မြင်လား တုပိုင်။ မင်း ငါ့ကို သတ်ရင် မင်းသမီးလည်း သေလိမ့်မယ်။ မင်းရဲ့ သမီးအသက်ကို စတေးဖို့ ဆန္ဒမရှိဘူးဆိုရင် မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။"
တုပိုင် အေးခဲတောင့်တင်းသွား၏။ သို့သော် ထိုအခြေအနေမှာ တစ်စက္ကန့်မျှသာ ကြာမြင့်လိုက်သည်။
အမြင့်မားဆုံးသော စွမ်းအင်ဥပဒေသများဖြင့် ဖန်တီးထားသည့် ရွှေမည်းရောင်ဓားကြီးက ကံကြမ္မာမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ထဲသို့ အကြမ်းပတမ်း ထိုးစိုက်လိုက်၏။ ချက်ချင်းပင် ဓားသည် ကံကြမ္မာမိစ္ဆာဘုရင်၏ ဧရာမ ရေဘဝဲကြီးပုံစံ အကျည်းတန် ခန္ဓာကိုယ်ကြီးထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားတော့သည်။
"ဖူးးး" ကံကြမ္မာမိစ္ဆာဘုရင်၏ ဧရာမ အကျည်းတန် ခန္ဓာကိုယ်ကြီးမှာ ပေါက်သွားသည့် ပူဖောင်းတစ်လုံးကဲ့သို့ လျော့ကျလာ၏။
မိစ္ဆာဘုရင်က နာကျင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။ "အားးး အားးး အားးး" အသက်စွမ်းအင်များ အလျင်အမြန် ယိုစိမ့်ထွက်သွားသည်နှင့်အမျှ မိစ္ဆာဘုရင်မှာ ယခင်က တစ်ခါမှ မကြုံဖူးသည့် နာကျင်မှုမျိုးဖြင့် စူးရှစွာ အော်ဟစ်နေရ၏။
"ဟင့်အင်း... မဟုတ်ဘူး... မဟုတ်ဘူး...။ အားးးးးးး။"
ထိတ်လန့်ဖွယ်ရာ ဧရာမ ရေဘဝဲခန္ဓာကိုယ်ကြီးမှာ အကြီးအကျယ် ကျုံ့ဝင်သွားပြီးနောက် အဆုံး၌ ကံကြမ္မာမိစ္ဆာဘုရင်သည် သူ၏ မူလခန္ဓာကိုယ်အဖြစ်သို့ ပြန်လည်ရောက်လာသည်။ အနက်ရောင် သရဖူကို ဆောင်းထားပြီး သာမန်မျက်နှာသွင်ပြင်သာ ရှိသည့် မိစ္ဆာမင်းသားတစ်ပါး ဖြစ်သည်။ ရင်ဘတ်ရှိ ဟောင်းလောင်းပေါက်ကြီးထံမှ သွေးများကလည်း အဆက်မပြတ် ပန်းထွက်နေဆဲပင်။
မိစ္ဆာဘုရင်က သွေးများအန်ထုတ်ရင်း ရွံရှာဖွယ်ကောင်းအောင် အတင်းအကျပ် ပြုံးပြကာ ဩရှရှအသံဖြင့် ခနဲ့လိုက်သည်။ "တုပိုင်... မင်း တကယ့်ကို ရက်စက်တာပဲ။ ငါ့ကို သတ်ဖို့အတွက် မင်းရဲ့ သမီးအရင်းကိုတောင် စတေးရဲတယ်ပေါ့။ ဒါပေမဲ့... မင်း သိလား။ မင်း အရမ်းနောက်ကျသွားပြီ။ အရမ်းနောက်ကျသွားပြီကွ။"
မိစ္ဆာဘုရင်က ယုတ်မာစွာ ပြုံးလိုက်သည်။ "မရေမတွက်နိုင်တဲ့ နဂါးတွေရဲ့ အနှစ်သာရတွေနဲ့ ပေါင်းစည်းထားတဲ့ နေမင်းငယ်လေး... ပျောက်သွားပြီ။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ ဝါးမျိုနေတဲ့ ကမ္ဘာမြေရဲ့ စွမ်းအင်တွေက အရှင်မင်းကြီး ကြီးစိုးသူ မိစ္ဆာဧကရာဇ် အတွက်ပဲ။ အဲ့ဒါက အများကြီး လိုအပ်နေသေးတာ။ ဒါပေမဲ့ နောက်ဆုံး အဆုံးအဖြတ် အချိန်လေး... မင်း ငါ့ကို သတ်ဖို့ လှုပ်ရှားလိုက်တဲ့ အချိန်လေးမှာပဲ ငါက အဲ့ဒီ မရေမတွက်နိုင်တဲ့ နဂါးတွေရဲ့ စွမ်းအင်တွေကို နေမင်းငယ်လေးထဲ ထည့်သွင်းပြီး ငါ့ရဲ့ သခင်ဆီ တိုက်ရိုက် ပေးပို့လိုက်ပြီ။"
"ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး"
ထိုအချိန်လေး၌ပင် ကမ္ဘာ့ဗဟိုချက်၏ နက်ရှိုင်းသည့် နေရာ၌ ဧရာမ ဟင်းလင်းပြင် ဝဲကတော့ကြီးတစ်ခု ပြဲကွဲထွက်ပေါ်လာ၏။ အခြားသော ဟင်းလင်းပြင် နယ်ပယ်တစ်ခုဆီသို့ ဦးတည်နေသည့် တံခါးပေါက်ကြီးပင် ဖြစ်သည်။
"ဝုန်းးး ဝုန်းးး ဝုန်းးး"
နဂါးများ၏ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် နေမင်းငယ်လေးမှာ ထိုဝဲကတော့ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ အဆုံးအစမဲ့သည့် စွမ်းအင်များကို ဖြာထွက်စေရင်း ထိုအထဲ၌ ဆက်လက် ပေါက်ကွဲနေသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်မှ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက ဝါးမျိုလိုက်သကဲ့သို့ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားရ၏။
ထို့နောက်... အခြားသော ကမ္ဘာ့ဟင်းလင်းပြင် နယ်ပယ်ကြီး၏ တစ်ဖက်ဆီမှ ဧရာမ အရိပ်မည်းကြီးတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ကြီး တစ်ခုလုံးကို ဝါးမျိုသွားမတတ် အုပ်မိုးလိုက်သည်။
သို့သော် တုပိုင်တစ်ယောက် ထိုအရိပ်ကြီး၏ အရွယ်အစားကို အပြည့်အဝ သဘောမပေါက်နိုင်ခင်မှာပင် ဟင်းလင်းပြင် ဝဲကတော့ကြီးမှာ ပြိုကျကာ ပျောက်ကွယ်သွား၏။
မိစ္ဆာဘုရင်က သေခါနီး အားပျော့နေသည့် အသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ပြီးပြည့်စုံတယ်... မူလကဆိုရင် အရှင်မင်းကြီးကို အသက်ပြန်ရှင်လာဖို့ လုံလောက်တဲ့ စွမ်းအင်တွေ စုဆောင်းနိုင်အောင် ဒီကမ္ဘာကြီးကို ဝါးမျိုဖို့ နောက်ထပ် ငါးနှစ်လောက် အချိန်ယူရဦးမှာ။ ငါ မင်းကို ကျေးဇူးတင်ရမယ်။ မင်း ယူဆောင်လာတဲ့ မရေမတွက်နိုင်တဲ့ နဂါးတွေရဲ့ စွမ်းအားတွေက လိုအပ်နေတဲ့အရာကို အတိအကျ ဖြည့်ဆည်းပေးလိုက်တာပဲ။ မင်းကြောင့် သူက ငါးနှစ်စောပြီး အသက်ပြန်ရှင်လာနိုင်ပြီ။ ငါ့ရဲ့ တာဝန် ပြီးဆုံးသွားပြီ။"
ကံကြမ္မာမိစ္ဆာဘုရင်က အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟား... အခု နေမင်းငယ်လေးကို သူ ဝါးမျိုပြီးသွားပြီဆိုတော့ ငါ့ရဲ့ သခင် ပြန်လာနေပြီ။ တုပိုင်... မင်း ကျရှုံးသွားပြီ။ ငါ့သခင်က ဟင်းလင်းပြင်နယ်ပယ် အားလုံးရဲ့ အမြင့်မြတ်ဆုံး အရှင်သခင် ဖြစ်လာတော့မယ်။ သူက ငါ့ထက် အဆတစ်ထောင်မက... အဆတစ်သောင်းမက ပိုပြီး စွမ်းအားကြီးမားတယ်။"
"မင်းရဲ့ ကမ္ဘာမြေ ၊ မင်းရဲ့ တာ့နင်အင်ပါယာ ၊ အရာအားလုံး အပြတ်ရှင်းခံရလိမ့်မယ်။ အဲ့ဒီတုန်းက ငါ့သခင်ဟာ အမြင့်မားဆုံး အထွတ်အထိပ် ရောက်နေတဲ့ နဂါးထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ။ အခု သူက ပိုပြီးတောင် စွမ်းအားကြီးလာဦးမယ်။ သူက မင်းသိထားတဲ့ ဟင်းလင်းပြင်နယ်ပယ် အားလုံးကို ဖျက်ဆီးပစ်ပြီး သိထားသမျှ စကြာဝဠာကြီးတစ်ခုလုံးရဲ့ ပကတိ အရှင်သခင်အဖြစ် စိုးစံတော့မှာကွ... အဟားဟားဟား။"
မိစ္ဆာဘုရင်မှာ သွေးများ သီးနေသည့်ကြားမှပင် ရူးသွပ်စွာ ရယ်မောနေ၏။ "တုပိုင်... မင်းရဲ့ သနားစရာ ကယ်တင်ခြင်း အိပ်မက်ကြီး အဆုံးသတ်သွားပြီ။ ဟားဟားဟား။"
"ငါ့ရဲ့ သခင် ကြီးစိုးသူ မိစ္ဆာဧကရာဇ် အသက်ပြန်ရှင်လာပြီ။ သူက သိထားသမျှ ကမ္ဘာလောကတွေ အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်။ ဟားဟားဟားဟား။" မိစ္ဆာဘုရင်က အစွမ်းကုန် ကြုံးဝါးလိုက်သည်။
တုပိုင်၏ မျက်နှာအမူအရာမှာ လုံးဝကို အေးစက်နေ၏။ ရွှေမည်းရောင် နဂါးဓားကို ရက်စက်စွာ လွှဲယမ်းလိုက်ကာ မိစ္ဆာဘုရင်၏ ခေါင်းကို ခုတ်ဖြတ်ချပစ်လိုက်သည်။
မိစ္ဆာဘုရင်၏ ခေါင်းမှာ လည်ပင်းမှ ပြတ်ထွက်သွား၏။
**--**--**--**--**--**--**--**
ထိုအချိန်လေးမှာပင်... အဝေးတစ်နေရာရှိ ထိုက်ခန်အင်ပါယာ၏ မြို့တော်၌ လီတလုသည် ဖန်ရှောင်၏ နောက်စေ့အား ချိန်ရွယ်ထားရာမှ ရုတ်တရက် မောင်းဖြုတ်လိုက်လေပြီ။
"ဒိုင်းးး"
**--**--**--**--**--**--**--**
ကမ္ဘာ့ဗဟိုချက်ထဲ၌ တုပိုင်၏ ပုံသဏ္ဍာန်က လူသားခန္ဓာကိုယ်အဖြစ်သို့ ပြန်လည် စုစည်းသွားသည်။ တုပိုင် သရဖူကို ကောက်ယူကာ သူ၏ ခေါင်းထက်၌ ဆောင်းလိုက်၏။
"ဝုန်းးး"
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင်... ကမ္ဘာမြေ၏ အထက် ကောင်းကင်ယံ၌ မမှန်းဆနိုင်လောက်အောင် ဧရာမ အရိပ်မည်းကြီးတစ်ခုက ကောင်းကင်တစ်ခုလုံးကို ဝါးမျိုသွား၏။
နေမင်းကြီးမှာ ထိုကြောက်မက်ဖွယ်ကောင်းသည့် အမှောင်ထုကြီး၏ အပြည့်အဝ ဖုံးကွယ်ခြင်းကို ခံလိုက်ရလေပြီ။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၀၈၉ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။