အခန်း ၂၈၂
Vol. 25 Ch. 282
အခန်း (၂၈၂)
ကျောက်တုံးလူသားတပ်ဖွဲ့၏ နောက်တန်း။
မီးခိုးရောင်သန်းနေသော ကျောက်တုံးလူသားတစ်ကောင်က ထိတ်လန့်တကြားဖြင့် ပြေးလာခဲ့လေ၏။ ၎င်းက အရှေ့ရှိ ဧရာမ အမည်းရောင် ကျောက်တုံးလူသားကြီးရှေ့တွင် ဒူးထောက်လိုက်ချေပြီ။
"တ... တမန်တော်၊ ကျွန်တော်တို့ ရှုံးနိမ့်သွားပါပြီ"
ချော်ရည်နတ်ဘုရား၏ ပထမမြောက် တမန်တော်၊ ဘိုဇန်ကာပင် ဖြစ်လေ၏။ ၎င်းက လက်ထဲရှိ ဧရာမ ကျောက်ခွက်ကြီးကို ညှစ်ခွဲလိုက်ရာ အတွင်းမှ ဆူပွက်နေသော ချော်ရည်များက လက်ချောင်းများမှတစ်ဆင့် သဲပြင်ပေါ်သို့ စီးကျသွားပေသည်။
"ငါ မြင်နေရတယ်"
ဘိုဇန်ကာက မတ်တတ်ရပ်လိုက်ကာ ဘေးရှိ ကျောက်တုံးလူသားမကို ဘေးသို့ ပေါ့ပေါ့ပါးပါးပင် တွန်းဖယ်လိုက်လေ၏။ သဲခုံပေါ်တွင် ရပ်လျက် စစ်တလင်းပေါ်၌ တစ်ဖက်သတ် အသတ်ခံနေရသော ကျောက်တုံးလူသားတပ်ဖွဲ့ကို လှမ်းကြည့်လိုက်သည်။
"နတ်ဆိုးတွေလား၊ ပြီးတော့... စက်ယန္တရားတွေ"
"ထင်တဲ့အတိုင်းပဲ... ကတ်ပြား အစီအစဉ်ဆိုတာကို ပိုင်ဆိုင်ထားတဲ့ ရထားမောင်းနှင်သူတွေကိုသာ ကြီးထွားလာခွင့်ပေးလိုက်ရင် နတ်ဘုရားတွေအတွက် ဆူးငြောင့်ခလုတ်တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ နတ်သံက ဆိုခဲ့တယ်"
"ဒါပေမဲ့ ဒီနေရာမှာတော့ ဟွန်း၊ ကြယ်အမြုတေ စစ်တလင်းထဲ ဝင်လာတယ်ဆိုတာ ဒီလူသားရဲ့ အဆင့်က သိပ်မမြင့်နိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အခုက သူ့ကို ရှင်းထုတ်ဖို့ အကောင်းဆုံးအချိန်ပဲ"
"ဒါပေမဲ့ ဒီစက်ယန္တရားတွေက ဘာတွေလဲ..."
ဘိုဇန်ကာက ကောင်းကင်ယံတွင် အမြောက်များ ဆက်တိုက်ပစ်ခတ်နေသော အမဲလိုက်နဂါး စက်ယန္တရားနဂါးကြီးကို မရေရာသော အမူအရာဖြင့် မော့ကြည့်လိုက်လေ၏။
"ထားလိုက်ပါ၊ ကိစ္စမရှိဘူး၊ သူတို့သခင်ကို သတ်လိုက်နိုင်သရွေ့ စက်ယန္တရားပဲဖြစ်ဖြစ်၊ ကတ်ပြား အစီအစဉ်ပဲဖြစ်ဖြစ် အားလုံးက ငါ့ရဲ့နတ်ဘုရား အထွတ်အထိပ်ကို တက်လှမ်းဖို့ ခြေနင်းခုံတွေ ဖြစ်လာမှာပဲ"
"ဒါပေမဲ့..."
၎င်း၏အကြည့်က အောက်ဘက်သို့ ပြန်ရောက်သွားချေပြီ။ ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်ထံမှ ထွက်ပေါ်လာနေသော မကောင်းဆိုးဝါး အငွေ့အသက်များကြောင့် ဘိုဇန်ကာပင် ကြောက်ရွံ့တုန်လှုပ်သွားရပေသည်။
"ဘာလို့ တမန်တော်တစ်ပါးရဲ့ အငွေ့အသက် ရှိနေရတာလဲ၊ ဒီအငွေ့အသက်က... အနည်းဆုံး ငါနဲ့တန်းတူ ပထမတန်းစား တမန်တော်တစ်ပါးလို့ ခံစားနေရတယ်... ဒီလူသားက တခြားနတ်ဘုရားတွေနဲ့များ ပူးပေါင်းထားတာလား"
"မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်ဘူး... နတ်ဘုရားတွေနဲ့ ကတ်ပြား အစီအစဉ် ပိုင်ရှင်တွေဆိုတာ မတည့်တဲ့ ရန်သူတွေပဲ၊ ဘယ်လိုလုပ်ပြီး ပူးပေါင်းနိုင်မှာလဲ"
၎င်းက မိမိ၏ ကျောက်တုံးခေါင်းကို ခေါက်လိုက်ရာ ညာဘက်လက်တွင် ချော်ရည်ကျောက်တုံးများ စုစည်းသွားပြီး သုံးမီတာကျော် ရှည်လျားသော အမည်းရောင် ကျောက်တုံးဓားကြီးတစ်လက် ဖြစ်တည်လာလေ၏။
အခြားလက်တစ်ဖက်ကလည်း အားမနေခဲ့ပေ။ အမည်းရောင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော ဧရာမ ဒိုင်းလွှာကြီးတစ်ခုကိုလည်း ကိုင်ဆောင်လိုက်လေသည်။ ဓားနှင့် ဒိုင်းကို ကိုင်ဆောင်ကာ အရှေ့သို့ လျှောက်လှမ်းသွားရာ ခြေလှမ်းတိုင်းတွင် မြေကြီးများ တုန်ခါသွားရချေပြီ။
ဤသတ္တဝါတစ်ကောင်၏ အလေးချိန်က ကျောက်တုံးလူသား ထောင်ပေါင်းများစွာ၏ အလေးချိန်စုစုပေါင်းနှင့် ညီမျှနေပေသည်။
ရထားခေါင်မိုးပေါ်တွင် ရဲချီယန်က ဘိုဇန်ကာ ထွက်ပေါ်လာရာ အရပ်သို့ လှမ်းကြည့်လိုက်၏။ သူက အမှန်တရားနှင့် အတုအယောင် စာအုပ်၏ ဒုတိယမြောက် စာမျက်နှာကို လှန်လိုက်လေသည်။
"မင်း နောက်ဆုံးတော့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့"
"တမန်တော်တစ်ပါး ဖြစ်နေမှတော့ လောဘတကြီး စားသောက်ခြင်း၊ သွားပြီး ဒီကောင်ရဲ့ စွမ်းရည်ကို စမ်းသပ်လိုက်စမ်း"
အရှေ့ဘက်တွင် လောဘတကြီး စားသောက်ခြင်း နတ်ဆိုးမှ အသွင်ပြောင်းထားသော ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်က ၎င်း၏စစ်တူရွင်းကြီးဖြင့် ကျောက်တုံးလူသားတစ်ကောင်ကို ရိုက်ချေလိုက်ပြီးနောက် လိုက်လံတိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပေသည်။ စစ်တူရွင်းကြီးကို ပခုံးပေါ်တင်လိုက်ကာ ၎င်း၏ ပြင်းထန်လှသော ရန်လိုမှုများက ဘိုဇန်ကာထံသို့ တည့်မတ်စွာ သော့ခတ်သွားလေတော့၏။
ယခုလေးတင်မှ ထွက်ပေါ်လာသော ဘိုဇန်ကာ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားရချေပြီ။
"ဒါက တကယ်ကြီး ပထမတန်းစား တမန်တော်ပါလား၊ ပြီးတော့ ဒီလို ရန်လိုတဲ့ အငွေ့အသက်မျိုးက..."
"ကျစ်... ဂေါ်ဘလင်ပဲ"
ဘိုဇန်ကာ၏ စိတ်ထဲတွင် ဂေါ်ဘလင် နတ်ဘုရား ဖန်တီးခဲ့သော ဂေါ်ဘလင် အင်ပါယာဆီသို့ တစ်ချိန်က သွားရောက်ခဲ့ပြီး အလွန်အမင်း အရှက်ခွဲခံခဲ့ရသည့် မှတ်ဉာဏ်များ ပေါ်ထွက်လာလေ၏။ ထိုအရာက ဂေါ်ဘလင်များ၏ ကမ္ဘာပင် ဖြစ်ပေသည်။ ၎င်းသည် သာမန်နတ်ဘုရားများ ဖန်တီးရန် တောင့်တနေကြသော နတ်ဘုရားနိုင်ငံတော်လည်း ဖြစ်လေသည်။ သို့သော် ကံမကောင်းစွာဖြင့် ဘိုဇန်ကာ ကိုးကွယ်သော ချော်ရည်နတ်ဘုရားမှာ ယင်းအတွက် အရည်အချင်း သို့မဟုတ် စွမ်းဆောင်နိုင်ရည် မရှိခဲ့ချေ။
"မဟုတ်ဘူး၊ ငါက ဘာကို ကြောက်နေရမှာလဲ၊ ဒါက အစစ်အမှန် တမန်တော်ရဲ့ ခန္ဓာကိုယ်မှ မဟုတ်တာ။ ဒါက စိတ်စွမ်းအင် ပုံရိပ်သက်သက်ပဲ၊ ခွေးကောင် လူသား၊ ဒီလို အတုအယောင်ကိုတောင် ဖန်တီးရဲတယ်ပေါ့"
"ချော်ရည်နတ်ဘုရား... ကျွန်တော့်ကို စောင့်ရှောက်တော်မူပါ"
ဟိန်းဟောက်သံကြီးနှင့်အတူ ဘိုဇန်ကာ၏ ကျောက်သားအရေပြားပေါ်တွင် ရွှေနီရောင် ချော်ရည် သွေးကြောများ ထွက်ပေါ်လာလေ၏။ ၎င်း၏ ခန္ဓာကိုယ်ပတ်လည်ရှိ အပူချိန်က အလျင်အမြန် မြင့်တက်လာပေသည်။ ရှေ့သို့ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ရဲချီယန်၏ စက်ယန္တရားများနှင့် နတ်ဆိုးများ ဖျက်ဆီးထားသော ကျောက်တုံးလူသားများ၏ အကြွင်းအကျန်များက ၎င်းထံသို့ စုပ်ယူခံရပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလေတော့၏။
မာကျောလာသည်။ အဆက်မပြတ် မာကျောလာလေသည်။ ၎င်း၏ အလေးချိန်နှင့် ဒြပ်ထုက ရူးသွပ်ဖွယ်ရာ မြင့်တက်လာချေပြီ။
"အစစ်အမှန် ဂေါ်ဘလင် တမန်တော်တောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ အတုအယောင်လေးကများ"
ကျောက်တုံးဓားကြီးကို ဝှေ့ယမ်းလိုက်လေ၏။ ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်က ၎င်း၏စစ်တူရွင်းကြီးဖြင့် ကာကွယ်လိုက်ပေသည်။
ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းပစ်မည်ဟု ဘိုဇန်ကာ စိတ်ကူးထားသော မြင်ကွင်းမှာ ဖြစ်ပေါ်မလာခဲ့ချေ။ ၎င်း၏ဓားက ဂေါ်ဘလင် တမန်တော်၏ တူရွင်းကြီးနှင့် ထိရိုက်မိသွားလေ၏။ အမှန်ပင် ၎င်း၏ခွန်အားက ပိုမိုကြီးမားနေသည်။ ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်မှာ တဖြည်းဖြည်း နောက်ဆုတ်သွားရပေသည်။
သို့သော် အတုအယောင်တစ်ခုက တကယ်ပဲ ဤမျှလောက် လုပ်နိုင်ပါမည်လော။
"ဟွန်း... တစ်ဝက်တည်းရှိတဲ့ စိတ်စွမ်းအင် ပုံရိပ်ဆိုတော့ နည်းနည်းတော့ လိုနေတာပေါ့၊ ကိစ္စမရှိပါဘူး၊ နောက်မှ နောက်တစ်ဝက်ကို ရှာတွေ့တဲ့အခါ မင်းကို ကျွေးလိုက်မယ်"
ရဲချီယန်၏ အသံက ကျယ်လွန်းခြင်းမရှိသလို တိုးလွန်းခြင်းလည်း မရှိခဲ့ပေ။ သို့သော် ဘိုဇန်ကာက ရှင်းလင်းစွာ ကြားလိုက်ရလေ၏။
ဒါက ဘာအဓိပ္ပာယ်လဲ။ "စားမယ်" ဆိုတာ ဘာကိုဆိုလိုတာလဲ။
ရဲချီယန်က ရထားပေါ်မှ ခုန်ဆင်းလိုက်လေသည်။ သူက တည့်တည့်မတ်မတ် ရှေ့သို့ တိုးသွား၏။ သူနှင့် ဘိုဇန်ကာကြားရှိ လမ်းကြောင်းတွင် မည်သည့် အတားအဆီးမှ မရှိတော့ချေ။ သူသည် စစ်တလင်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ပေပြီ။
ဘိုဇန်ကာ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားလေ၏။
"ရူးသွပ်နေတဲ့ လူသား၊ ငါ့ရှေ့ကို ဒီအတိုင်း ထွက်လာရဲတယ်ပေါ့၊ ဟားဟားဟား၊ သူ ဘယ်လိုနည်းလမ်းကိုပဲ သုံးခဲ့သုံးခဲ့ သူ့ကို သတ်နိုင်ဖို့ပဲ အရေးကြီးတာ"
အင်အားအပြည့်ဖြင့် ရိုက်ချလိုက်ရာ စိတ်စွမ်းအင် ပုံရိပ်တစ်ခုသာဖြစ်သော ခေါင်းမဲ့ ဂေါ်ဘလင် တမန်တော်မှာ ဘေးသို့ လွင့်စင်သွားရလေတော့သည်။
ဘိုဇန်ကာ ရှေ့သို့ ပြေးဝင်လာ၏။ ယခုအခါ ၎င်း၏တည်ရှိမှုက တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်နေပေပြီ။ ၎င်း၏ ဝင်တိုက်မှုက တောင်တန်းကြီးတစ်ခု အရှိန်ဖြင့် ဝင်တိုက်လာသည်နှင့် တူလေသည်။ သာမန် တိုက်ခိုက်မှုနည်းလမ်းများက ဤကောင်၏ ကာကွယ်ရေးကို ဖျက်ဆီးနိုင်ရန် ခက်ခဲလှပေသည်။
ရဲချီယန်က မျက်ရည်နီကို ဓားဆွဲထုတ်ခိုင်းခြင်း မရှိသလို အမဲလိုက်နဂါး စက်ယန္တရားနဂါးကိုလည်း အကန့်အသတ်ကျော်လွန် မုဒ် ဖွင့်ခိုင်းခြင်း မရှိခဲ့ချေ။ သူက အမှန်တရားနှင့် အတုအယောင် စာအုပ်၏ တတိယမြောက် စာမျက်နှာကိုသာ လှန်လိုက်လေ၏။
"အဝါးမျိုခံရတဲ့ ခံစားချက်ကို ခံစားကြည့်ချင်လား၊ နတ်ဘုရားတစ်ပါးရဲ့ တမန်တော်ဆိုတော့ ခဏလောက်တော့ တောင့်ခံနိုင်မယ် ထင်ပါတယ်"
ရှေ့သို့ ပြေးဝင်လာနေသော ဘိုဇန်ကာမှာ ရဲချီယန်၏ စကားအဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ ၎င်းမြင်လိုက်ရသည်မှာ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်လာပြီး သဲကန္တာရထဲတွင် သန့်စင်သော နှင်းတောင်ကြီးတစ်ခု၏ ပုံရိပ်ယောင်က တလက်လက် တောက်ပလာခြင်းကိုသာ ဖြစ်လေသည်။
【အမှန်တရားနှင့် အတုအယောင် စာအုပ်】
ပထမ စွမ်းရည်။
ရန်သူကို အတုအယောင် စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးထဲသို့ ဆယ်မိနစ်ကြာ ယာယီ ပြည်နှင်ဒဏ်ပေးရန် စိတ်စွမ်းအားကို သုံးစွဲသည်။ ထိုဆယ်မိနစ်အတွင်း နှင်းတောင်ကြီးက လူများကို ဝါးမျိုသည့်ဖြစ်စဉ်မှာ ၄၇ ကြိမ် ထပ်မံဖြစ်ပေါ်မည်ဖြစ်သည်။
ချော်ရည်နတ်ဘုရား၏ တမန်တော် ဘိုဇန်ကာသည် ဤလှပသော နှင်းတောင်ကြီးအတွက် ဒုတိယမြောက် သရုပ်ဆောင် ဖြစ်လာခဲ့လေတော့၏။
"နှင်းတောင် ပြည်နှင်ဒဏ်"
အလင်းတန်းများ စုစည်းသွားပြီးနောက် ဘိုဇန်ကာ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ အသက်ရှင်ကျန်ရစ်နေသေးသော ကျောက်တုံးလူသားများက ဤမြင်ကွင်းကို ကြည့်ကာ အဆုံးမဲ့ ကြောက်ရွံ့မှုကို ခံစားလိုက်ကြရချေပြီ။
တမန်တော်ကြီး ပျောက်သွားပြီလား။
ဒီလူသားက တမန်တော်ကြီးကို တစ်ချက်တည်းနဲ့ သတ်လိုက်တာလား။
"အား... အား"
မျက်ရည်နီ၏ စွမ်းအားကြောင့် စစ်တလင်းကို ထိတ်လန့်နေခဲ့ကြသော သူတို့သည် ထပ်မံ၍ တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ထို့အပြင် ရဲချီယန်က အမှန်တရားနှင့် အတုအယောင် စာအုပ်၏ ပထမစွမ်းရည်ကို အသုံးပြုပြီးနောက် ဒုတိယစွမ်းရည်၏ စိတ်ပိုင်းဆိုင်ရာ ထပ်တူကျမှု ကျဆင်းခြင်းကိုပါ အသက်သွင်းလိုက်လေ၏။
ကျောက်တုံးလူသားတပ်ဖွဲ့ အလုံးစုံ ပြိုလဲသွားလေတော့သည်။
ဆယ်မိနစ် ကြာပြီးနောက်။
ဘိုဇန်ကာက နာကျင်စွာ အော်ဟစ်ညည်းတွားလျက် ဤသဲကန္တာရထဲသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ၎င်း၏ မာကျောသော ကျောက်တုံးခန္ဓာကိုယ်မှာ တုန်ရီနေပြီး ကျောက်တုံးလူသားတပ်ဖွဲ့မှာ မူလပမာဏ၏ ဆယ်ပုံတစ်ပုံပင် မကျန်တော့ချေ။
"လ... လူသား၊ မင်း သေဖို့ ကောင်းတယ်"
အစာအဖြစ် လေးဆယ့်ခုနစ်ကြိမ်တိုင်တိုင် ဝါးမျိုခံရပြီးတာတောင် ခွန်အားအပြည့် ရှိနေသေးသည်မှာ နတ်ဘုရားတစ်ပါး၏ တမန်တော် ပီသပေသည်။ သို့သော်လည်း ရဲချီယန်၏ ရည်မှန်းချက်က အောင်မြင်ပြီးဖြစ်လေ၏။
"မင်းခေါင်းပေါ်ကို ကြည့်လိုက်"
""
ဘိုဇန်ကာက အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်ပေသည်။
ဝုန်း...
ကြက်သွေးရောင် လျှပ်စီးတန်းများက ကမ္ဘာကြီးကို လင်းထိန်သွားစေ၏။ မျက်လုံးထောင့်များမှ သွေးရောင် မျက်ရည်နီများ လိမ့်ဆင်းနေသော နတ်ဆိုးမလေးက ခါးရှိ နတ်ဆိုးတောင်ပံများကို ခတ်ကာ လေထဲတွင် ဝဲပျံနေလေသည်။ သူမက အိမ်မှ ကျွတ်နေပြီဖြစ်သော ဓားရှည်ကို မြင့်မြင့်မြှောက်ထားပြီး လေတိုက်ခတ်သွားချိန်တွင် မျက်နှာဖုံးအောက်မှ အေးစက်သော အမူအရာက ထုတ်ဖော်ပြသလာချေပြီ။
"အသုံးမဝင်ဘူး၊ ငါ့ရဲ့ခန္ဓာကိုယ်က..."
စကားပင် မဆုံးလိုက်ချေ။ စွဲထင်နေသောမျက်ရည် ဓားက ခုတ်ပိုင်းချလိုက်ပြီး ဖြစ်လေ၏။
ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့လှသည်။
ဓားတစ်ချက်တည်းပင်။
နှစ်ပိုင်း ပြတ်သွားချေပြီ။
ဘိုဇန်ကာ၏ ခန္ဓာကိုယ်မှာ ဤဓားချက်ဖြင့် ခါးလယ်မှနေ၍ နှစ်ပိုင်း ပြတ်တောက်သွားလေတော့သည်။