အခန်း ၂၈၃
Vol. 25 Ch. 283
အခန်း (၂၈၃)
နာကျင်လိုက်သည်ဖြစ်ခြင်း။ အလွန်အမင်းကို နာကျင်လွန်းလှပေ၏။
မာကျောလှသော ကျောက်တုံးခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသည့် ဘိုဇန်ကာအနေဖြင့် ဤမျှလောက် နာကျင်မှုကို တစ်ခါမျှ မခံစားခဲ့ဖူးချေ။
စိတ်ရှုပ်ထွေးဖွယ် နှင်းတောင်ကြီးထဲတွင် လေးဆယ့်ခုနစ်ကြိမ်တိုင်တိုင် အဝါးမျိုခံခဲ့ရခြင်းက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဖြစ်ပြီး ဤဓားဖြင့် နှစ်ပိုင်းပိုင်းခံလိုက်ရခြင်းက ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုပင် ဖြစ်လေသည်။
စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနှစ်ခု၏ ထပ်တူကျပေါင်းစပ်သွားမှုက ကျောက်တုံးလူသား ဘိုဇန်ကာ၏ စိတ်စွမ်းအားကို ကမောက်ကမ ဖြစ်သွားစေတော့၏။
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ကြယ်အမြုတေ စစ်တလင်းကိုပဲ ဝင်ရောက်နိုင်တဲ့ သာမန် ရထားမောင်းနှင်သူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားနိုင်ရတာလဲ"
မည်သို့မျှ တွေးတောနိုင်စွမ်းမရှိတော့ဘဲ ၎င်း၏ အမြင်အာရုံက ဆိုးရွားစွာ ဝါးယွင်းလာကာ ခန္ဓာကိုယ်ထဲမှ ရွှေနီရောင် ချော်ရည်များ စီးကျလာလေ၏။ ထိုအရာက ၎င်း၏သွေးဖြစ်ပြီး လူသားများအတွက်မူ မကောင်းဆိုးဝါးတစ်ကောင်၏ သွေးပင် ဖြစ်ပေသည်။
သို့တိုင်အောင် ပထမတန်းစား တမန်တော်တစ်ပါးအနေဖြင့် ထူးကဲသော စွမ်းရည်များကို သေချာပေါက် ပိုင်ဆိုင်ထားပေရာ ၎င်း၏ အသိစိတ်က ကမောက်ကမဖြစ်မှုထဲမှနေ၍ အလျင်အမြန်ပင် ပြန်လည်နိုးထလာချေပြီ။
ဝါးယွင်းနေသော အမြင်အာရုံထဲတွင် ထိုလူသားက ၎င်းကို စောင့်ကြည့်နေသည်ကို မြင်လိုက်ရ၏။ ၎င်း၏ မျက်နှာပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာပြီးနောက် လက်မောင်းများဖြင့် ခန္ဓာကိုယ်အထက်ပိုင်းကို ထောက်ကာ အက်ရှရှအသံဖြင့် စကားဆိုလိုက်လေသည်။
"မင်းက ငါသေမယ့်အချိန်ကို စောင့်နေတာလား"
"ဟီးဟီး... တကယ်ပဲ... အဲဒီတိုက်ခိုက်မှုက တော်တော်လေး နာကျင်တယ်"
"ဒါပေမဲ့ လူသား၊ မင်းက နတ်ဘုရားရဲ့ တမန်တော်ကို အထင်သေးလွန်းတယ်၊ ငါ့ရဲ့ စွမ်းအားကိုလည်း မင်း အထင်သေးနေတာပဲ"
"မင်းက ငါ့ကို တစ်ခါပဲ ခုတ်ပိုင်းနိုင်တာပါ"
"ငါ ဘိုဇန်ကာ၊ ချော်ရည်နတ်ဘုရားရဲ့ ပထမမြောက် တမန်တော်က ဒီနေရာမှာ ဘယ်တော့မှ လဲကျသွားမှာ မဟုတ်ဘူး"
ဘိုဇန်ကာက ယခင်ကထက် ပိုမိုကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်ရာ မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်လာလေ၏။
သေဆုံးသွားသော ကျောက်တုံးလူသားတပ်ဖွဲ့၏ အလောင်းများပဲဖြစ်ဖြစ်၊ ထွက်ပြေးသွားကြသော ကျောက်တုံးလူသားများပဲဖြစ်ဖြစ် အားလုံးမှာ တစ်ချိန်တည်းမှာပင် ၎င်းထံသို့ ဆွဲငင်ခံရကာ စုစည်းသွားကြတော့သည်။
ဒြပ်ထုက အမြင့်ဆုံးအမှတ်သို့ ရောက်သည်အထိ ထပ်မံတိုးပွားလာပြီးနောက် ၎င်း၏ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်း ကြီးမားလာကာ မီတာတစ်ရာကျော် မြင့်မားသော ကျောက်တုံးဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားချေပြီ။
"ငါ..."
"ရှုး..."
၎င်းပြောချင်နေသော စကားများမှာ ရုတ်တရက် ရပ်တန့်သွားရလေ၏။
ဖြားယောင်းသွေးဆောင်ခြင်း...
"ငါ တော်တော်လေး သိချင်နေတာ၊ အခု မင်း ယုံကြည်ကိုးကွယ်တဲ့ နတ်ဘုရားက ဒီနေရာကို ကြည့်နေတာလား"
ဘိုဇန်ကာက မသိစိတ်မှနေ၍ အလိုအလျောက် ပြန်ဖြေလိုက်လေသည်။
"သဘာဝကျကျပဲ ငါ့ရဲ့ နတ်ဘုရားက ငါ့ကို ကြည့်နေတာပေါ့၊ လူသား... မင်း"
"ဒါဆိုရင်... ဒုတိယမေးခွန်း"
ဖြားယောင်းသွေးဆောင်ခြင်း...
"တကယ်လို့ မင်း သေတော့မယ်ဆိုရင် သူက မင်းရဲ့ ခန္ဓာကိုယ်ထဲကို ဆင်းသက်လာမှာလား၊ ငါဆိုလိုတာက သူ့ရဲ့ အသိစိတ်တစ်ခုလုံးကို ပြောတာ"
ဘိုဇန်ကာက ရှင်းပြ၍မရနိုင်သော ထူးဆန်းမှုကို ခံစားလိုက်ရသော်လည်း ၎င်းက ထိန်းချုပ်မရစွာဖြင့်ပင် ပြန်ဖြေလိုက်ပေသည်။
"ငါက ပထမမြောက် တမန်တော်ပဲ၊ ငါ့ရဲ့ နတ်ဘုရားက သေချာပေါက် ဆင်းသက်လာမှာပေါ့"
"ဒါဆိုရင်လည်း ကောင်းတာပေါ့"
တတိယအကြိမ်မြောက်အဖြစ် ၎င်း၏စကားများက ဆုံးခန်းတိုင်အောင် ထွက်ပေါ်မလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရဲချီယန်က နားထောင်ရန် ဆန္ဒမရှိတော့သောကြောင့်ပင်။
သူက ဘေးနားရှိ အီဗ်ကို ဖွဖွလေး ပုတ်လိုက်လေ၏။
"အကန့်အသတ်ကျော်လွန် မုဒ်"
"ထပ်တူကျပေါင်းစပ်ခြင်း၊ အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့်"
မုဒ်များ ထပ်တူကျ ပေါင်းစပ်သွားခြင်းပင်တည်း။ နှစ်ဆတိုးလာသော အမြန်နှုန်းက ဆယ်ဆသော စွမ်းရည်မြှင့်တင်မှုနှင့်အတူ ထပ်တူကျပေါင်းစပ်သွားလေ၏။ ဤအခိုက်အတန့်တွင် အီဗ်၏ အဆင့်မှာလည်း ဆယ့်နှစ်အထိ မြင့်တက်သွားပေသည်။
၎င်း၏ ခန္ဓာကိုယ်အား ပေါက်ကွဲစေတတ်သော သံချပ်ကာတစ်လွှာက ဖုံးလွှမ်းသွားကာ အတွင်း၌ အပြာရောင်အလင်းတန်းများက အရည်များသဖွယ် စီးဆင်းနေကြသည်။ အီဗ်က လေထဲသို့ ပျံတက်သွားပြီးနောက် လက်နက်များအားလုံးကို အသက်သွင်းလိုက်လေတော့၏။
ဘိုဇန်ကာက နားကွဲမတတ် လှောင်ပြောင်လိုက်လေသည်။
"ဒါက မင်းရဲ့ ဝှက်ဖဲလား၊ သာမန် စက်ရုပ်လေးတစ်ရုပ်ရဲ့ လက်နက်တွေက ဘယ်လိုလုပ်ပြီး..."
"အဲဒီလိုလား"
အမှန်ပင် ယခင်ကဆိုလျှင် အီဗ်အနေဖြင့် ဘိုဇန်ကာကို ဖောက်ထွင်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့သော် ၎င်း၏ လက်နက်တပ်ဆင်သည့် နေရာလွတ်ထဲမှနေ၍ ငွေရောင်သန်းနေသော အဖြူရောင် ဓားတစ်လက်ကို အကြည်ရောင် ဓားအိမ်ထဲမှ ဖြည်းညင်းစွာ ဆွဲထုတ်လိုက်လေ၏။
အီဗ်၏ ပုံရိပ်က အလျင်အမြန် ခုန်တက်သွားပြီး ဘိုဇန်ကာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ခင် ၎င်း၏ ခေါင်းပေါ်သို့ ရောက်ရှိသွားချေပြီ။
"မင်း..."
"အား"
ငွေရောင်သန်းနေသော အဖြူရောင် အလင်းတန်းက ဘိုဇန်ကာ၏ ခေါင်းပေါ်သို့ ကျဆင်းလာသည်။ ၎င်း၏ မာကျောသောခေါင်း၊ ဖျက်ဆီး၍မရနိုင်သော ခန္ဓာကိုယ်ကြီးမှာ ရိုးရှင်းပြီး သာမန်ဟုထင်ရသော ဤဓားချက်အောက်တွင် ကျယ်ဝန်းစွာ ပြဲဟထွက်သွားလေတော့၏။
"အဲဒါက ဘာလဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါ့မှာ နတ်ဘုရားက ချီးမြှင့်ထားတဲ့ ဖျက်ဆီးလို့မရတဲ့ ခန္ဓာကိုယ် ရှိနေတာကို"
ထိုအရာက ထာဝရ ဖြတ်တောက်သူ ပင်ဖြစ်လေသည်။ ရဲချီယန် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ပထမဆုံး အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ခဲ့သော လက်နက်ဖြစ်သည်။ အမှတ်တရဖြစ်စေသော ထိုဓားမြှောင်ငယ်လေးပင်တည်း။
ယနေ့တွင်တော့ ၎င်းသည် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း၏ ကန့်သတ်ချက်အထိ ရောက်ရှိသွားချေပြီ။ မာကျောနေသလား။ ထာဝရ ဖြတ်တောက်သူက ရဲချီယန်၏ လက်ထဲတွင် သိပ်ပြီး အသုံးမဝင်လှဟု ထင်ရသော်လည်း အီဗ်အတွက်မူ မည်သို့ရှိမည်နည်း။
(အကန့်အသတ်ကျော်လွန်သော ကြယ်ပွင့်)
(ဤမုဒ်ကို အသက်သွင်းပြီးနောက် စွမ်းရည်များ၊ လက်နက်များနှင့် အကျိုးသက်ရောက်မှုများအားလုံးကို ဆယ်ဆမြှင့်တင်ပေးမည်ဖြစ်ပြီး အဆင့် +၂ အကျိုးသက်ရောက်မှုကို ရရှိမည်ဖြစ်ကာ ဆယ်မိနစ်ကြာမြင့်မည်ဖြစ်သည်)
ထာဝရ ဖြတ်တောက်သူသည်လည်း လက်နက်တစ်ခုဖြစ်သည်။ ဆယ်ဆသော စွမ်းရည်မြှင့်တင်မှု။ ထို့အပြင် အလွန်အမင်း မြန်ဆန်လှသော အမြန်နှုန်းနှင့် ပေါင်းစပ်သွားသောအခါ အီဗ်က ၎င်း၏ စွမ်းဆောင်ရည်ကို စတင်ပြသလေတော့၏။
လေထဲတွင် အဆက်မပြတ် ခုန်ပျံနေကာ အီဗ်ကို ငွေရောင်သန်းနေသော အဖြူနှင့် အပြာရောင် အလင်းတန်းတစ်ခုအဖြစ်သာ မြင်တွေ့နိုင်ပြီး ဘိုဇန်ကာ၏ ခန္ဓာကိုယ်အနှံ့ အပြန်အလှန် ဖြတ်သန်းသွားလာနေပေသည်။ ပြတ်တောက်သွားခြင်း၊ ခုတ်ပိုင်းခံရခြင်း၊ အပိုင်းပိုင်း အတစ်တစ် ဖြစ်သွားခြင်းပင်။
ဆယ်ဆမြှင့်တင်ထားသော ထာဝရ ဖြတ်တောက်သူနှင့် ရင်ဆိုင်ရချိန်တွင် ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ အမည်းရောင် တို့ဟူးပုပ်တစ်တုံးနှင့်ပင် တူနေတော့သည်။
ဘိုဇန်ကာ၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ခုတ်ပိုင်းခံလိုက်ရပြန်လေ၏။
"မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ ခန္ဓာကိုယ်... ငါ့ရဲ့ ခန္ဓာကိုယ်၊ ကျက်သရေယုတ်တဲ့ လူသား၊ ငါ သေရရင်တောင် မင်းကို အတူတူ ခေါ်သွားဦးမှာပဲ"
မလဲကျသွားခင်လေးတွင် ဘိုဇန်ကာက ၎င်း၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားကိုအသုံးပြုကာ ပြတ်တောက်သွားသော လက်ဝါးကြီးဖြင့် ရဲချီယန်ကို ပစ်ပေါက်လိုက်လေသည်။ တောင်ထွတ်တစ်ခုပမာ ကြီးမားလှသော ထိုလက်ဝါးကြီးက ပြင်းထန်စွာ ကျဆင်းလာပေ၏။
လီဆက်က ဆွန်နာတာကို ဝှေ့ယမ်းလိုက်သလို မျက်ရည်နီကလည်း စွဲထင်နေသောမျက်ရည် ဓားကို ဆွဲထုတ်လိုက်လေသည်။ တောင်တန်းကြီးနှင့်တူသော ထိုလက်ဝါးကြီးမှာ သူတို့နှစ်ဦး၏ ပေါင်းစပ်စွမ်းအားဖြင့် တားဆီးခံလိုက်ရချေပြီ။
သို့သော် ရဲချီယန်ကလည်း သူ၏လက်ထဲရှိ အီဘိုနီကို မြှင့်လိုက်လေသည်။
(ကောင်းကင်ယံကို လုယူသော တောင်ပံများ)
သူရှိနေခဲ့သော နေရာတွင် အနက်ရောင် အလင်းတောင်ပံအမွေးအနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး သူက ပျောက်ကွယ်သွားလေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ဘိုဇန်ကာ၏ ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့ကာ လက်ထဲရှိ အီဘိုနီ၏ ပြောင်းဝတွင် စွမ်းအင်များ စုစည်းလာတော့သည်။
"မင်းရဲ့ နတ်ဘုရားက မင်းပြောသလောက် မင်းကို သဘောကျပုံမရဘူး"
"ဘာလို့လဲဆိုတော့"
"မင်း သေရတော့မှာမို့လို့ပဲ"
အီဗ်က ဘိုဇန်ကာ၏ ဦးခေါင်းခွံကို ခုတ်ခွဲလိုက်ချိန်တွင် အတွင်းရှိ နူးညံ့လှသော ကျောက်တုံးအမြုတေမှာ ထွက်ပေါ်လာလေ၏။ ရဲချီယန်၏ သေနတ်ပြောင်းဝကလည်း ချိန်ရွယ်ခြင်းကို အဆုံးသတ်လိုက်ချေပြီ။
(မော်ဂျူး အသက်သွင်းခြင်း · သေနတ်သံ တရားစီရင်ခြင်း)
(အပြစ်များကို တရားစီရင်ခြင်း)
(နတ်ဘုရားများကို ယုံကြည်ခြင်း၊ လူသတ်ခြင်း၊ လောဘကြီးခြင်း၊ မနာလိုဝန်တိုခြင်း၊ ဝါးမျိုခံရခြင်း၊ အနိုင်ကျင့်ခြင်း)
(မော်ဂျူး · မင်းမှာ အပြစ်ရှိတယ်! အသက်သွင်းလိုက်ပါပြီ)
(ထပ်ဆောင်း · အပြစ်ကင်းစင်သူကို အပြစ်ပေးခြင်း)
(တရားစီရင်ခြင်း၊ အပြစ်ရှိတယ်)
(ဒင်...)
(သင်သည် အထွတ်အထိပ်ဖြစ်တည်မှု၏ တရားစီရင်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားပါသည်)
(ထို့ကြောင့်)
(သေနတ်သံ တရားစီရင်ခြင်း မော်ဂျူးသို့ တရားစီရင်ခြင်း စွမ်းအားကို ပေါင်းထည့်လိုက်ပါပြီ)
ရဲချီယန်က တရားသူကြီး ကတ်ပြားကို အသုံးမပြုခဲ့ပေ။ သို့သော် တရားသူကြီး၏ စွမ်းအားက သေနတ်သံ တရားစီရင်ခြင်း မော်ဂျူးကို အပြောင်းအလဲအသစ်တစ်ခု ဖြစ်ပေါ်သွားစေခဲ့လေ၏။ တရားစီရင်ခြင်းပင်တည်း။
ဒိုင်း...
ရဲချီယန် မောင်းတံကို ဆွဲညှစ်လိုက်ချိန်တွင် ၎င်း၏စွမ်းအားအားလုံး ပူးကပ်နေသော အနက်နှင့် အဖြူရောင် ပေါက်ကွဲစေတတ်သည့် သံချပ်ကာဖောက် ကျည်ဆန်က ဘိုဇန်ကာ၏ ဦးခေါင်းခွံကို ဖောက်ထွင်းသွားလေတော့သည်။
ယခုအခါ ၎င်း၏ခေါင်းမှာ ဂေါ်ဘလင်၏ ပထမမြောက် တမန်တော်နည်းတူ ပျောက်ကွယ်သွားလေ၏။
ဝုန်း...
ဧရာမ ကျောက်တုံးလူသားကြီးမှာ ဤအခိုက်အတန့်တွင် အလုံးစုံ ပြိုကျသွားရချေပြီ။ လေထဲတွင် အနက်ရောင် အမွေးအတောင်များ လွင့်မျောနေပြီး ရဲချီယန်က မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းလာခဲ့ပေသည်။
ပြီးသွားပြီလား။
သေချာပေါက် မပြီးသေးချေ။
ရထားစနစ်ရော ဤစစ်တလင်း၏ အတုအယောင် စနစ်ကပါ စမ်းသပ်မှု ပြီးဆုံးသွားကြောင်း အသိပေးချက်တစ်ခုမျှ မပို့လာခဲ့ပေ။
ကောင်းကင်ယံရှိ အလင်းမျက်နှာပြင်ပေါ်တွင်ပင် သူ၏ ဆက်တိုက်အနိုင်ရရှိမှုမှာ ၁၁ တွင်သာ ရှိနေဆဲဖြစ်သည်။
ဘိုဇန်ကာ မသေသေးဘူးလား။
မဟုတ်ပေ။
ကျီးကန်းနတ်ဆိုးက ၎င်း၏ခေါင်းပေါ်တွင် ဝဲပျံနေခဲ့ပြီ ဖြစ်သည်။ ကျီးကန်းနတ်ဆိုးက မြေပြင်သို့ အလျင်အမြန် ဆင်းသက်လာကာ ဘိုဇန်ကာ၏ ကျောက်တုံးခန္ဓာကိုယ် အပိုင်းအစတစ်ခုကို ကောက်ယူပြီး ဝမ်းဗိုက်ထဲသို့ မျိုချလိုက်လေ၏။
သူတို့က သေလွန်သူများကိုသာ စားသောက်ကြသည် မဟုတ်ပါလော။
ဒါဆိုရင် ဘာလို့ မပြီးဆုံးသေးတာလဲ။
"ကောင်းပြီလေ၊ ငါပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းလိုက်မယ်၊ မင်းရဲ့ နတ်ဘုရားက မင်းကို တော်တော်လေး သဘောကျနေတာပဲ"
"ဟီးဟီးဟီးဟီး..."
အလောင်းကြီးက ရယ်မောနေလေ၏။
"ငါ့ရဲ့ ပထမမြောက် တမန်တော်ကို သတ်နိုင်တယ်ဆိုတော့ နတ်ဆိုးတစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ လူသားပဲ"
"မင်းကိုသာ ဆက်ပြီး ကြီးထွားလာခွင့် ပေးလိုက်မယ်ဆိုရင်"
"ငါတို့ နတ်ဘုရားတွေတောင် ယှဉ်ပြိုင်လို့မရတဲ့ အခြား ရထားမောင်းနှင်သူ တစ်ယောက်ဖြစ်လာဖို့ မင်းက ကံပါလာတာပဲ"
"ဒါပေမဲ့... ကိစ္စမရှိပါဘူး"
"ဘာလို့လဲဆိုတော့ ချော်ရည်နတ်ဘုရားဖြစ်တဲ့ ငါကိုယ်တိုင် ဒီကို ရောက်လာပြီမို့လို့ပဲ"
"နတ်ဆိုးကို ပိုင်ဆိုင်ထားတဲ့ ရထားမောင်းနှင်သူ၊ မင်းရဲ့ လမ်းခရီးက ဒီနေရာမှာတင် အဆုံးသတ်ပြီ"