← Chapters

အခန်း ၂၉၅

Vol. 25 Ch. 295

အခန်း ၂၉၅

Vol. 25 Ch. 295

အခန်း (၂၉၅) ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရား၏ သေဆုံးခြင်း မှတ်တမ်း

အီဗ်နှင့် ရင်ဆိုင်ရချိန်တွင် သံချပ်ကာများကို စွန့်လွှတ်ရသည့် ဤအနီးကပ် တိုက်ခိုက်ရေးမုဒ်ကို ၎င်းအနေဖြင့် အသက်မသွင်းရဲခဲ့ပါချေ။ သို့သော် တစ်ချိန်က ၎င်း အနိုင်ယူဖူးသော ဗီလိန်နှင့် ရင်ဆိုင်ရချိန်တွင်တော့ အစပြု၍ တိုက်ခိုက်ရန် အမှန်တကယ်ပင် ရဲတင်းနေခဲ့လေ၏။

စစ်တူရွင်းကြီးမှာ ပြတ်တောက်သွားပြီး ကျန်ရစ်နေသော အစိတ်အပိုင်းကို ဓားတစ်လက်အဖြစ် အသုံးပြုလိုက်လေသည်။

သို့သော် ဗီလိန်က ရေနွေးငွေ့ဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်သွားချိန်တွင် မာကျောသော သံချပ်ကာများ၏ ကာကွယ်မှု မရှိတော့သဖြင့် ဗီလိန်မှာ တကယ်ကို သောင်းကျန်းနေသော လရောင် တောခွေးဘုရင်တစ်ကောင်အလား ထက်မြက်သော အစွယ်များဖြင့် ကိုက်ဖြဲကာ လက်သည်းများဖြင့် ဆွဲဆုတ်ပစ်လိုက်လေတော့၏။

ရေနွေးငွေ့ဘုရင်၏ ခန္ဓာကိုယ်ကြီးမှာ အလျင်အမြန် ပြိုကျပျက်စီးလာခဲ့ချေပြီ။ ၎င်း၏ အနီးကပ် တိုက်ခိုက်ရေးမုဒ် ဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေခြင်း သက်သက်သာ ဖြစ်ပေသည်။

"မိစ္ဆာ..." ရေနွေးငွေ့ဘုရင်၏ ခန္ဓာကိုယ်ကြီး အဆက်မပြတ် ဖျက်ဆီးခံရသည်နှင့်အမျှ ရေတွက်၍မရနိုင်သော အစိတ်အပိုင်းများက အရပ်မျက်နှာစုံသို့ လွင့်စင်ထွက်သွားကာ နောက်ဆုံးတွင်တော့ ရေနွေးငွေ့ဘုရင်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြိုလဲကျသွားရလေတော့သည်။

ဗီလိန်က ၎င်း၏အပေါ်တွင် မတ်တတ်ရပ်လျက် ကောင်းကင်ယံရှိ လရောင်ဆီသို့ သားရဲတစ်ကောင်အလား ဟိန်းဟောက်လိုက်လေ၏။ ထို့နောက် ၎င်းက ခေါင်းကို နောက်သို့ပစ်ချကာ လဲကျသွားပေသည်။

【ဗီလိန် (အလွန်အမင်း ဝန်ပိနေခြင်း) (ပြင်းထန်စွာ ဒဏ်ရာရရှိထားခြင်း) (လှုပ်ရှား၍မရတော့ခြင်း) (ဆုံမှတ် ကြေမွသွားခြင်း)】

"ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ နောက်တစ်ကြိမ်ကျရင် ဒီလိုအခြေအနေမျိုး မဖြစ်သွားရင် ပိုကောင်းမှာပေါ့" ရဲချီယန်က ရေနွေးငွေ့ဘုရင်၏ ကြေမွနေသော ခန္ဓာကိုယ်ပေါ်သို့ တက်လှမ်းသွားကာ လက်ဖျစ်တီးလိုက်ပြီး ဗီလိန်ကို လက်နက်တပ်ဆင်မှု နေရာလွတ် အတွင်းသို့ ယာယီ ပြန်လည်ရုပ်သိမ်းလိုက်လေ၏။

"တစ်ပိုင်းနတ်ဘုရား အမြုတေက အမှတ်စဉ်ပါတဲ့ နတ်ဘုရား အမြုတေလောက် စွမ်းအားမကြီးပေမဲ့လည်း မဆိုးပါဘူးလေ"

ရေနွေးငွေ့ဘုရင်၏ အပိုင်းပိုင်းပြတ်တောက်နေသော ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် ရဲချီယန်၏ အကြည့်များက အတွင်းပိုင်း အနက်ရှိုင်းဆုံးရှိ အမြုတေ တည်ရှိရာ နေရာသို့ ကျဆင်းသွားပေသည်။ ခြေလက်အင်္ဂါများ မရှိသော လူသားခန္ဓာကိုယ်တစ်ခုက အဝါရောင် အားဆေးရည်များထဲတွင် နစ်မြုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေ၏။

ရဲချီယန် အနားသို့ ချဉ်းကပ်သွားသည့် အခိုက်အတန့်မှာပင် ထိုခန္ဓာကိုယ်က မျက်လုံးများကို ဖွင့်လာကာ ရေနွေးငွေ့ဘုရင်အတွင်းရှိ များပြားလှသော စက်ယန္တရား ကပ်ပါးကောင် အုပ်စုကြီးက သူ့ထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာကြလေတော့သည်။

ရွှီး... ဓားကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်လေ၏။ ချမ်းမြေ့သော ကောင်းကင်ယံ၊ လရိပ်ဓား က လက်နက်တပ်ဆင်မှု နေရာလွတ်ထဲမှနေ၍ ထွက်ပေါ်လာခဲ့ပေသည်။ ဓားတစ်ချက်တည်းဖြင့်ပင် ရေနွေးငွေ့ စက်ယန္တရား ကပ်ပါးကောင်များ အားလုံးမှာ အပိုင်းပိုင်းအစစ ပြတ်တောက်သွားရချေပြီ။

ရဲချီယန်က အမြုတေ ဆောင်းခိုခန်း၏ အလင်းဖောက်ထွင်းမြင်ရသော အဖုံးပေါ်သို့ တက်နင်းလိုက်လေသည်။ သူ၏ ခြေဖဝါးအောက်ရှိ ကျားမခွဲခြား၍မရသော လူသားခန္ဓာကိုယ်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပေ၏။

"အရေးမပါတဲ့ အင်းဆက်ကောင်" ထိုခန္ဓာကိုယ်ထံမှ ရေနွေးငွေ့ဘုရင်နှင့် ထပ်တူကျသော အသံကြီး ထွက်ပေါ်လာလေသည်။ ၎င်းက ခုခံရန် ကြိုးစားနေဆဲပင် ဖြစ်လေ၏။

သို့သော် ဤတစ်ကြိမ်တွင်တော့ ရဲချီယန်အနေဖြင့် လက်တစ်ချောင်းမျှပင် လှုပ်ရှားရန် မလိုအပ်ခဲ့ပါချေ။ သူ၏ဘေးရှိ လီဆက်နှင့် အီဗ်တို့က တိုက်ခိုက်မှုများ အားလုံးကို ကြားဖြတ်တားဆီးပေးလိုက်ကြလေတော့သည်။

"ရေနွေးငွေ့ဘုရင်တဲ့လား။ နောက်ဆုံးတော့လည်း လူသားတစ်ယောက် မောင်းနှင်နေတဲ့ စက်ရုပ်ကြီး သက်သက်ပါပဲလား"

"ငါက ရေနွေးငွေ့နဲ့ စက်ယန္တရားတွေရဲ့ ဘုရင်ပဲ၊ မင်းပြောသလို အောက်တန်းကျတဲ့ လူသား မဟုတ်ဘူး"

"အော်... မင်းက လူသားတစ်ယောက် ဖြစ်ရတာကို သဘောမကျတဲ့ သူတွေထဲက တစ်ယောက်ပေါ့လေ။ ကိစ္စမရှိပါဘူး။ ငါ့မှာ မေးခွန်းတချို့ ရှိတယ်၊ မင်း မဖြေပေးချင်ဘူးလား"

ဖြားယောင်းသွေးဆောင်ခြင်း... "ငါ့မေးခွန်းတွေကို ဖြေပေးရင် မင်းကို ငါ လွှတ်ပေးကောင်း လွှတ်ပေးနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ကြားမှာ တကယ့် ပဋိပက္ခမှ မရှိတာ မဟုတ်လား"

"သဘောတူတယ်" ရေနွေးငွေ့ဘုရင်၏ မျက်လုံးများထဲတွင် ဒေတာအလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။ ၎င်းအနေဖြင့် နတ်ဆိုး၏ စွမ်းအားကို မခုခံနိုင်ခဲ့ဘဲ ရဲချီယန်၏ စကားများကို ယုံကြည်သွားရချေပြီ။

"အဲဒါက ဘယ်သူ့ခေါင်းလဲ။ ပြီးတော့ တစ်ပိုင်းနတ်ဘုရားရဲ့ ခေါင်းကို မင်း ဘယ်လိုလုပ်ပြီး ရလာတာလဲ" ဒေတာအလင်းတန်းများ ထပ်မံ လင်းလက်သွားပြန်သည်။ ရဲချီယန် လိုချင်သော အဖြေကို ၎င်းက အလျင်အမြန် စတင်ပြောပြလာလေတော့၏။

ထိုခေါင်းမှာ ရေနွေးငွေ့ဟု အမည်ရသော တစ်ပိုင်းနတ်ဘုရားတစ်ပါး၏ ခေါင်းပင် ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ့်ခုနစ်နှစ်က ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရားသည် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီး ထိုခေတ်အခါက နိုင်ငံကို ရေနွေးငွေ့ စက်ယန္တရား နည်းပညာများကို သင်ကြားပေးခဲ့ပေသည်။

ထို့နောက် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ ထွက်ပေါ်လာခဲ့လေ၏။ ထိုနိုင်ငံမှစတင်ကာ ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရားမှာလည်း ရေနွေးငွေ့ ကိုးကွယ်မှုဂိုဏ်း၏ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ချေပြီ။

ကမ္ဘာကြီးက နေ့စဉ်နှင့်အမျှ ပြောင်းလဲလာခဲ့ပေသည်။ ရေတွက်၍မရနိုင်သော စက်ရုံများ မြေပြင်မှ ထွက်ပေါ်လာကြလေ၏။ မရေမတွက်နိုင်သော ရေနွေးငွေ့သုံး စက်ယန္တရားများ၊ အစားထိုး ကိုယ်လက်အင်္ဂါများနှင့် ကိရိယာပစ္စည်းများ... ၎င်းတို့ကို အဆုံးအစမရှိ အဆက်မပြတ် ထုတ်လုပ်ခဲ့ကြလေတော့သည်။

ကမ္ဘာကြီးတစ်ခုလုံး ရေနွေးငွေ့ ရူးသွပ်မှုထဲသို့ လုံးဝ ကျဆင်းသွားခဲ့ရချေပြီ။ ဤအရာများက လက်တွေ့တွင် မည်သည့် အသုံးဝင်မှုမျှ မရှိလျှင်တောင်မှ မည်သူကမျှ သတိမပြုမိခဲ့ကြပါချေ။

ထိုအချိန်က ကောင်းကင်ယံကို မီးခိုးရောင် မြူခိုးတစ်လွှာက တဖြည်းဖြည်း လွှမ်းခြုံလာခဲ့လေ၏။ ဤအခြေအနေက ဆယ့်ငါးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပေသည်။ ကမ္ဘာကြီး၏ သယံဇာတများက အချိန်တစ်ခုတွင် ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့၊ သို့မဟုတ် တိုးပွားလာသကဲ့သို့ပင် ဖြစ်လေသည်။

ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရားက နတ်သံတစ်ခု ပေးပို့လာခဲ့ပြီး ထိုခေတ်အခါက လူသားများအား ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော ရေနွေးငွေ့ ဘီလူးကြီးများကို တည်ဆောက်ရန် အမိန့်ပေးခဲ့ပေသည်။ နှစ်နှစ်ဆယ် ကုန်လွန်သွားခဲ့လေ၏။ ရေနွေးငွေ့ ဘီလူးကြီး ဆယ့်နှစ်ကောင်ကို တည်ဆောက်နိုင်ခဲ့ကြသည်။

နောက်ဆုံးဖြစ်သော ဆယ့်နှစ်ကောင်မြောက် ဘီလူးကြီးကို တည်ဆောက်ပြီးစီးချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးမှာ ထူထပ်သော မြူခိုးများဖြင့် လွှမ်းခြုံခံနေရပြီ ဖြစ်လေသည်။ နေမင်းကြီးကို မမြင်တွေ့နိုင်တော့ချေ။ မြို့ပေါ်ရှိ လူများမှာ စက်ရုံများမှ စွန့်ပစ်ဓာတ်ငွေ့များကြောင့် အဆက်မပြတ် ဖျားနာလာကြရပေသည်။

ထို့အပြင် သိုလှောင်ရုံများ ပြည့်လျှံနေသောကြောင့် ထုတ်လုပ်ထားသော ရေနွေးငွေ့သုံး စက်ယန္တရားများကို မြို့ပြင်၌ ဖြစ်သလို စွန့်ပစ်ခဲ့ကြလေ၏။ နှစ်ပေါင်းများစွာ စုပုံလာပြီး အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီးနောက် လူသားများအနေဖြင့် လွင်တီးခေါင်ပြင်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ပါချေ။

အချိန်ကြာလာသည်နှင့်အမျှ... မြို့တော်များမှာ တစ်ခုနှင့်တစ်ခု ကင်းကွာလာကာ စိမ်းသက်လာကြလေတော့သည်။ မြို့တိုင်းက အစွမ်းအထက်ဆုံး ရေနွေးငွေ့ စက်ရုပ်စစ်သည်တော်ကို ထုတ်လုပ်နိုင်သည့်မြို့ ဖြစ်ချင်ခဲ့ကြပေသည်။

အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ... စစ်ပွဲတွေ စတင်လာခဲ့လေ၏။ ဆယ့်ငါးနှစ်ကြာ စစ်ပွဲများအပြီးတွင် စက်ရုပ်စစ်သည်တော် ဆယ့်နှစ်ကောင်အနက် တစ်ကောင်သာ ကျန်ရစ်ခဲ့တော့သည်။ ယင်းမှာ ၎င်းကိုယ်တိုင်ပင် ဖြစ်လေ၏။

ထိုနေ့မှာပင်... အဆုံးအစမရှိသော ရေနွေးငွေ့ မြူခိုးများက ကမ္ဘာကြီးတစ်ခုလုံးကို အလုံးစုံ ဖုံးလွှမ်းသွားခဲ့ချေပြီ။ ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရား ထွက်ပေါ်လာခဲ့ပေသည်။

၎င်း၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ဖြစ်လေ၏။ ယင်းမှာ ၎င်း၏ တစ်ပိုင်းနတ်ဘုရား ခန္ဓာကိုယ်ကို အသုံးပြု၍ နတ်ဘုရားနိုင်ငံတော်တစ်ခု တည်ထောင်ရန်ပင် ဖြစ်သည်။ ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရား၏ အဆိုအရ ထိုသို့လုပ်ဆောင်ခြင်းက ၎င်းကို အလွန်အဆင့်မြင့်သော နတ်ဘုရား အမှတ်စဉ်တစ်ခု ရရှိစေမည်ဖြစ်ကာ ဤကမ္ဘာကြီးကို အဆုံးအစမရှိသော အဆင့်မြင့်တက်မှုတစ်ခု ပြီးမြောက်အောင် လုပ်ဆောင်နိုင်စေမည် ဖြစ်ပေသည်။

သို့သော်ငြားလည်း... ထိုနေ့မှာပင်... ရထားတစ်စင်းက ဤကမ္ဘာသို့ ရောက်ရှိလာခဲ့လေ၏။ ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရားသည် ထိုရထား၏ ပိုင်ရှင်နှင့် တိုက်ခိုက်ခဲ့ကြပေသည်။ နောက်ဆုံးတွင် ၎င်း၏ ခန္ဓာကိုယ်မှာ ချေမှုန်းခံလိုက်ရပြီး ဦးခေါင်းတစ်လုံးသာလျှင် လူသားလောကသို့ ကျဆင်းလာခဲ့တော့သည်။

ထိုရထား၏ ပိုင်ရှင်သည် ကမ္ဘာကြီးမှ သယံဇာတ အမြောက်အမြားကို သိမ်းကျုံးယူဆောင်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားခဲ့လေ၏။ ရေနွေးငွေ့ တစ်ပိုင်းနတ်ဘုရား သေဆုံးသွားပြီးနောက် ကမ္ဘာကြီးမှာ ပိုမို၍ ပျက်စီးယိုယွင်းလာခဲ့ကာ တစ်ချိန်က အဆက်မပြတ် တူးဖော်နိုင်ခဲ့သော သယံဇာတများမှာလည်း တဖြည်းဖြည်း ခမ်းခြောက်လာခဲ့ချေပြီ။

တစ်ချိန်က မကုန်ခန်းနိုင်သော ရေနွေးငွေ့ စွမ်းအားများမှာလည်း ထိန်းသိမ်းရန်အတွက် လောင်စာများ ပိုမို လိုအပ်လာခဲ့ပေသည်။ ဤမြို့တော်၏ အစွမ်းအထက်ဆုံး စက်ရုပ်စစ်သည်တော် တစ်ကောင်အနေဖြင့်... ရေနွေးငွေ့ဘုရင်သည် ဤကမ္ဘာကြီးက အဆက်မပြတ် အားနည်းလာနေကြောင်း ရှင်းလင်းစွာ ခံစားနေရလေသည်။

"ဒါက တစ်ပိုင်းနတ်ဘုရားရဲ့ ဇာစ်မြစ်ပဲ။ အင်းဆက်ကောင်။ မင်းရဲ့ ကတိကို မင်း တည်ရမယ်" ရဲချီယန်က ရေနွေးငွေ့ဘုရင်ကို လျစ်လျူရှုထားကာ ခေတ္တမျှ စဉ်းစားခန်း ဝင်သွားလေတော့၏။

တစ်ပိုင်းနတ်ဘုရား... နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလား။ တစ်နည်းဆိုရရင် တစ်ပိုင်းနတ်ဘုရားဆိုတာက နတ်ဘုရားတမန်တော် ထက် အဆင့်တစ်ဆင့် ပိုမြင့်ပြီး နတ်ဘုရားတစ်ပါးထက်တော့ နိမ့်ကျတဲ့ အဆင့်ပေါ့လေ။

ထိုရထားနှင့် ပတ်သက်၍မူ ဤကမ္ဘာသို့ ရောက်ရှိလာပြီး စက်ယန္တရား တစ်ပိုင်းနတ်ဘုရားကို သတ်ဖြတ်သွားခဲ့သော ရထားမောင်းနှင်သူ တစ်ယောက်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပါချေ။ ကမ္ဘာကြီး ကျဆင်းသွားရခြင်းကိုလည်း နားလည်ရန် မခက်ခဲပေ။

ဤဘူတာရုံကမ္ဘာ၏ မူလအဆင့်မှာ ယခုထက် ပိုမို မြင့်မားခဲ့သင့်လေ၏။ ထိုစက်ယန္တရား တစ်ပိုင်းနတ်ဘုရား သေဆုံးသွားပြီးနောက် ၎င်း၏ အဆင့်မှာ ကျဆင်းသွားခဲ့ကာ ယင်းကြောင့်ပင် သယံဇာတများ စတင် ပျောက်ကွယ်သွားရခြင်း ဖြစ်ပေသည်။

"အင်း... အခုတော့ အကြမ်းဖျင်း နားလည်သွားပါပြီ" ရဲချီယန်က ခေါင်းညိတ်လိုက်ကာ သူ၏ ခြေဖဝါးအောက်ရှိ အရည်များ ပြည့်နှက်နေသော အခန်းအတွင်းမှ ရေနွေးငွေ့ဘုရင်၏ အစစ်အမှန် ခန္ဓာကိုယ်ကို ပြုံးလျက် လှမ်းကြည့်လိုက်လေ၏။

"ငါတို့ကြားမှာ ပဋိပက္ခ မရှိဘူးဆိုရင် ငါ့မေးခွန်းတွေကို ဖြေပေးပြီးတာနဲ့ မင်းကို တကယ် လွှတ်ပေးမယ်လို့ ငါ ပြောခဲ့တယ်လေ"

"ဒါပေမဲ့... ခုနလေးတင်က မင်း ငါ့ကို အင်းဆက်ကောင် လို့ ခေါ်ခဲ့တယ်လေ"

"ငါက စိတ်ထား သိပ်မကောင်းဘူး... အဲဒီလို အခေါ်ခံရတာကို လုံးဝ သည်းမခံနိုင်ဘူး"

"ဒါကြောင့်..."

"အီဘိုနီ"

တိုးညင်းသော ခေါ်ဆိုသံတစ်ခု။ အနုပညာလက်ရာ တစ်ခုကဲ့သို့ လှပသော ပစ္စတိုတစ်လက်က ရဲချီယန်၏ လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာလေ၏။ သေနတ်ပြောင်းဝကို ရေနွေးငွေ့ဘုရင်ထံသို့ သူ ချိန်ရွယ်လိုက်ပေသည်။

"အဲဒါကပဲ ငါတို့ရဲ့ ပဋိပက္ခလေ၊ မဟုတ်ဘူးလား"

"အဲဒီလိုဆိုမှတော့ မင်းကို ငါ လွှတ်ပေးလို့ မဖြစ်တော့ဘူးပေါ့"

【သေနတ်သံ တရားစီရင်ခြင်း အသက်ဝင်လာပါပြီ】

【မင်းမှာ အပြစ်ရှိတယ်】

အထူး အကျိုးသက်ရောက်မှုကို ပူးကပ်လိုက်လေ၏။ အနက်နှင့် အဖြူ၊ ကွဲပြားသော အရောင်နှစ်မျိုးက သေနတ်ပြောင်းဝအတွင်း၌ စုစည်းသွားကြချေပြီ။ အနက်နှင့် အဖြူရောင် ပေါက်ကွဲစေတတ်သည့် သံချပ်ကာဖောက် ကျည်ဆန် တစ်တောင့်ကို ပစ်ခတ်တော့မည် ဖြစ်လေသည်။

မောင်းတံက ၎င်း၏ တေးသွားကို သီကုံးလိုက်လေတော့၏။

"ဒိုင်း..."

All Chapters