အခန်း ၂၉၇
Vol. 25 Ch. 297
အခန်း (၂၉၇)
အနီရောင် လျှပ်စီးတန်းများက စုတ်တံတစ်ချောင်းအလား ကောင်းကင်ယံတစ်ခွင် ရူးသွပ်စွာ ဆေးခြယ်နေလေ၏။
မျက်ရည်နီက ရဲချီယန်၏ ဘေးတွင် ဒူးထောက်လျက် သူမ၏ ဓားရှည်ကြီးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားပေသည်။
သူမ၏ မျက်လုံးထောင့်တွင် မျက်ရည်တစ်ပေါက် ခိုတွဲလာခဲ့၏။
ထိုမျက်ရည်စက်လေး သူမ၏ ပါးပြင်ပေါ်မှ လိမ့်ဆင်းသွားချိန်တွင်။
ပူလောင်လှသော ဤမြူခိုးမြို့တော်ကြီးသည် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည့် မိုးရေစက်များကို ကြိုဆိုလိုက်ရလေတော့သည်။
ရဲချီယန်က ရထားခေါင်မိုးပေါ်တွင် မတ်မတ်ရပ်နေပြီး လီဆက်က အနက်ရောင်ထီးတစ်လက်ကို ကိုင်ဆောင်ကာ သူ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပေသည်။
မုန်တိုင်းမျက်လုံး ကျောက်တုံးက သူ၏ လက်ဖဝါးပေါ်တွင် ငြိမ်သက်စွာ ရှိနေလေ၏။
စိတ်စွမ်းအား အမျှင်တန်းများကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်ချိန်တွင်။
၎င်းက ဖြည်းညင်းစွာ လွင့်တက်လာခဲ့ချေပြီ။
ပတ်ဝန်းကျင်ရှိ လေထုမှာ အလျင်အမြန် ဖိသိပ်ခံလိုက်ရလေသည်။
အလင်းမျက်နှာပြင် အသက်ဝင်လာပေပြီ။
မုန်တိုင်းက အပြင်ဘက်သို့ ပြန့်နှံ့သွားလေတော့၏။
ထူထပ်သော မြူခိုးများမှာ ဖယ်ရှားမောင်းထုတ်ခံလိုက်ရပေသည်။
အသက်ရှင်ကျန်ရစ်နေသေးသော လူများက ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြလေ၏။
သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားသော မြူခိုးများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် အထက်ကောင်းကင်ယံရှိ အနီရောင် မိုးကြိုးတိမ်တိုက်များကို မြင်တွေ့လိုက်ကြရပေသည်။
ထိုအရာက ကောင်းကင်ယံပင် ဖြစ်လေသည်။
မှိုင်းညို့နေမည် ဆိုလျှင်တောင်မှ ဤသည်မှာ ဤမြို့တော်တွင် နေထိုင်ကြသော လူများ နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ရသော မြင်ကွင်းတစ်ခုပင် ဖြစ်လေတော့၏။
မိုးက ပိုမို သည်းထန်လာခဲ့ပေသည်။
လူများ၏ မျက်နှာပေါ်ရှိ မျက်ရည်များနှင့် မိုးရေစက်များကို မည်သို့မျှ ခွဲခြား၍ မရနိုင်တော့ပါချေ။
နာကျင်မှု၊ ဝမ်းနည်းပူဆွေးမှု။
မျက်ရည်နီ၏ လွှမ်းမိုးမှုအောက်တွင် အတိတ်က ရေနွေးငွေ့ ပြည်တွင်းစစ်အပေါ် လူများ၏ ရွံရှာမုန်းတီးမှုများက သူတို့၏ နှလုံးသားထဲသို့ ပြန်လည်ရောက်ရှိလာခဲ့လေ၏။
ဤအရာက မည်သည့်အရာကိုမျှ ပြောင်းလဲသွားစေမည် မဟုတ်သလို ရဲချီယန်အနေဖြင့်လည်း ပြောင်းလဲသွားခဲ့လျှင်တောင် ဂရုစိုက်နေမည် မဟုတ်ပါချေ။
သူ ဂရုစိုက်သည်မှာ အရာတစ်ခုတည်းသာ ဖြစ်လေသည်။
(ဘူတာ၏ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်ခြင်း - ပြီးမြောက်ပါပြီ)
မှတ်တိုင်မှ ထွက်ခွာရန် ဒုတိယမြောက် ရွေးချယ်ခွင့်မှာ ပြီးမြောက်သွားခဲ့ပြီ ဖြစ်ပေသည်။
သူ၏ မျက်စိရှေ့တွင် စနစ်၏ အလင်းမျက်နှာပြင်က တိတ်ဆိတ်စွာ ထွက်ပေါ်လာလေ၏။
(လျှို့ဝှက်တာဝန် - ဤနေရာတွင် လူသားများက ကောင်းကင်ယံကို နောက်တစ်ကြိမ် ပြန်လည်မြင်တွေ့ခဲ့ရချေပြီ)
(တာဝန် အကြောင်းအရာ - ထူထပ်သော မြူခိုးများကို ဖယ်ရှားပြီး ဤမြို့တော်ထက်တွင် ကောင်းကင်ယံ၏ အရောင်အသွေးများကို ပြန်လည်ပေါ်ပေါက်လာစေရန် လုပ်ဆောင်ပါ [ကြာမြင့်ချိန် - ၁ နာရီ သို့မဟုတ် ၎င်းထက်ပို၍])
(တာဝန် ဆုလာဘ် - ကျပန်း [အဆင့် ၈] ရေနွေးငွေ့သုံး စက်ယန္တရား ကျပန်း လဲလှယ်ရေး လက်မှတ် ၁ စောင်)
(သင် ရှေ့ဆက်၍ ချီတက်နိုင်ပါစေ)
စနစ်၏ အလင်းမျက်နှာပြင် ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် ရဲချီယန်အတွက် ဤမှတ်တိုင်၌ လုပ်ဆောင်ရန် အရာတစ်ခုသာ ကျန်ရှိတော့ကြောင်း အဓိပ္ပာယ်သက်ရောက်လေ၏။
ဝေါလီကို စောင့်ဆိုင်းရန်ပင်တည်း။
သူက ရထားခေါင်မိုးပေါ်တွင် ထိုင်ချလိုက်လေသည်။ မုန်တိုင်းမျက်လုံး ကျောက်တုံး၏ အလင်းမျက်နှာပြင်ကို မြို့တော်တစ်ခုလုံး နီးပါး လွှမ်းခြုံနိုင်ရန် ချဲ့ထွင်လိုက်ရသဖြင့် စိတ်စွမ်းအား အမှတ် ၂၀၀ နီးပါး ကုန်ဆုံးသွားခဲ့ရပေသည်။
အကယ်၍ သူ၏ မူလကတည်းက ထူးဆန်းလှသော စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှုနှုန်းမှာ ဆေးရည်သောက်သုံးပြီးနောက် နောက်ထပ် နှစ်ဆ မတိုးလာခဲ့ပါက ၎င်းကို တစ်ရက်တိတိ ထိန်းသိမ်းထားနိုင်ရန် အတော်လေး ရုန်းကန်ရမည် ဖြစ်လေ၏။
တစ်ရက် ကုန်လွန်သွားပြီးနောက် ကောင်းကင်ယံတွင် မိုးမရွာတော့ချိန်၌နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကြည်လင်သော နေရောင်ခြည်က ဤမြေပြင်ပေါ်သို့ ဖြာကျလာခဲ့ပေသည်။
တစ်ရက် ကုန်လွန်သွားပြီးနောက် ဝေါလီ၏ ကိုယ်ပေါ်တွင် ကပ်ထားသော အလင်းစတစ်ကာလေးကို နောက်ဆုံးတွင်တော့ နှိပ်လိုက်ပြီ ဖြစ်လေ၏။
တရားသူကြီး၏ စွမ်းရည်ဖြစ်သော ဖမ်းဆီးခြင်းအသက်ဝင်လာချေပြီ။
စက်ရုပ်ငယ်လေးက သူ၏ရှေ့တွင် ထွက်ပေါ်လာခဲ့ပေသည်။
"ပြန်လာတာကို ကြိုဆိုပါတယ်ကွာ"
သူက ဝေါလီ၏ သံခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေ၏။
လေဟာနယ် လျှပ်စစ်မီးဖို ထံမှ လျှပ်စစ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ဝေါလီထံသို့ လွှဲပြောင်းပေးလိုက်ပေသည်။
စက်ရုပ်ငယ်လေးက ၎င်း၏ မျက်လုံးများကို ကွေးညွတ်သွားအောင် ပြုံးလိုက်ကာ သံချေးတက်နေသော ကိရိယာသေတ္တာတစ်ခုကို ၎င်း၏ စက်ယန္တရား လက်သည်းနှစ်ဖက်ဖြင့် ခေါင်းပေါ်သို့ မြှောက်တင်ပြလိုက်လေ၏။
ဤအရာက ၎င်း၏ သခင်အတွက် ပြန်လည်သယ်ဆောင်လာခဲ့သော လက်ဆောင်ပင် ဖြစ်လေတော့သည်။
(အဆင့် ၈ ရတနာသေတ္တာ [ဖွင့်လှစ်နိုင်ပါသည်])
အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ရသော ရတနာသေတ္တာတစ်လုံးပင်။
ရဲချီယန်က စက်ရုပ်ငယ်လေး၏ ခေါင်းကို ထိုးဆွလိုက်လေ၏။
"ဟေ့... မင်းကြောင့်သာပေါ့။ မဟုတ်ရင် ဒီလိုပုံစံပေါက်နေတဲ့ သေတ္တာမျိုးကို ရှာတွေ့ဖို့ လူတစ်ယောက်က ဘယ်လောက်တောင် ကံကောင်းနေဖို့ လိုမလဲဆိုတာ ငါတောင် မသိတော့ဘူး"
မဟုတ်သေးပေ၊ သူ၏ ကံကြမ္မာက တကယ်တော့ သိပ်မဆိုးရွားလှကြောင်း ရဲချီယန် ရုတ်တရက် ခံစားလိုက်ရလေသည်။
အဘယ်ကြောင့်ဆိုသော် သူက ဝေါလီကို စောစီးစွာကတည်းက ရရှိထားခဲ့သဖြင့် ဤထူးဆန်းသော ပုံစံရှိသည့် ရတနာသေတ္တာများကို ရှာဖွေရန် ကံတရားအပေါ် အားကိုးနေစရာ မလိုတော့သောကြောင့်ပင်။
ရဲချီယန်က ၎င်းကို ဖွင့်ရန် အလျင်လိုမနေခဲ့ပါချေ။
ယခင် အတွေ့အကြုံများအရ အဆင့် ၈ ရတနာသေတ္တာတစ်ခုအပေါ် အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ကို အသုံးပြုလိုက်ပါက ၎င်း၏အမည် ရှေ့နားတွင်သပ်ရပ်လှပသောဟူသည့် စကားလုံးကို ပေါင်းထည့်ပေးမည် ဖြစ်လေ၏။
ထို့အပြင် လိုအပ်သော ကုန်ကျစရိတ်မှာ အမှတ် ၂၀၀ တိတိ ဖြစ်ပေသည်။
ယခုအချိန်တွင် သူ့ထံ၌ ထိုမျှလောက် များပြားစွာ မရှိနေပါချေ။
"ထွက်သွားရမယ့် အချိန်ရောက်ပြီ"
ဤနေရာတွင် နေရာရွှေ့ပြောင်းအမှတ် တစ်ခုကို ချန်ရစ်ထားခဲ့လေ၏။
မြူခိုးနိုင်ငံဟု အမည်ရသော ဤကမ္ဘာတွင် အိုပိုလွန် မြို့တော်မှာ ရေခဲတောင်၏ ထိပ်စွန်းလေးသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
တစ်နေ့နေ့တွင် အခြားသော ရထားမောင်းနှင်သူများ ဤနေရာသို့ ရောက်ရှိလာနိုင်ကောင်းပေ၏။
သို့သော် ထိုအရာက သူနှင့် မည်သို့မျှ မသက်ဆိုင်တော့ပါချေ။
"ပြောရမယ်ဆိုရင် အရင်က သန့်ရှင်းသော မြေယာ ဆိုတဲ့ နေရာတစ်ခုအကြောင်း တစ်ယောက်ယောက် ပြောတာကို ငါ ကြားခဲ့ဖူးတယ်။ အခုအချိန်အတွက်တော့..."
သူက ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်လေသည်။
အပြာရောင် ကောင်းကင်ယံကြီးမှာ မည်သည့် အညစ်အကြေးမျှ မရှိဘဲ ရှင်းလင်းနေခဲ့ချေပြီ။
သန့်ရှင်းတယ်ဆိုသည်မှာ ဤမျှလောက်ထက် ပိုမည် မဟုတ်ပါချေ။
ရဲချီယန်က သူ၏ လက်ဖဝါးထက်တွင် လွင့်မျောနေသော မုန်တိုင်းမျက်လုံး ကျောက်တုံးကို နောက်တစ်ကြိမ် ပြန်လည် ဆုပ်ကိုင်လိုက်လေ၏။
အလင်းမျက်နှာပြင်၏ စွမ်းအားက တဖြည်းဖြည်း ပျောက်ကွယ်သွားပေသည်။
သို့သော်ငြား မြို့ပြင်တွင် ခိုအောင်းနေသော မြူခိုးများ ပြန်လည် ဖုံးလွှမ်းလာစေရန်အတွက် အချိန်အတော်ကြာ ယူရဦးမည် ဖြစ်လေသည်။
ဤ သန့်ရှင်းသော ကာလအတွင်း မြို့တော်ရှိ အသက်ရှင်ကျန်ရစ်သူများ မည်သို့သော ရွေးချယ်မှုများ ပြုလုပ်ကြသည်ဖြစ်စေ သူ ဂရုစိုက်ရမည့် ကိစ္စ မဟုတ်တော့ချေ။
ရထားမောင်းနှင်သူ တစ်ယောက်ဆိုသည်မှာ ကယ်တင်ရှင် မဟုတ်ပါချေ။
မည်သည့် ပလက်ဖောင်းဖြစ်နေပါစေ သူတို့သည် ခရီးသွား ဧည့်သည်များ သက်သက်သာ ဖြစ်လေ၏။
တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်မည်၊ သယံဇာတများကို စုဆောင်းမည်။
သူတို့က အရှုပ်အထွေးများကို ချန်ရစ်ထားခဲ့မည်လား သို့မဟုတ် အခြား တစ်စုံတစ်ရာကို ချန်ရစ်ထားခဲ့မည်လား ဆိုသည်မှာ ရထားမောင်းနှင်သူများ၏ မတူညီသော ရှင်သန်ရေး လမ်းကြောင်းများအပေါ်တွင်သာ မူတည်လေတော့သည်။
ထွက်ခွာရမည့် အချိန်ရောက်ပြီ။
ကျီးကန်းနတ်ဆိုးက မြွေရေခွံအိတ် တစ်လုံးကို သယ်ဆောင်ကာ နောက်ဆုံး သယံဇာတများကို ရထားပေါ်သို့ သယ်ဆောင်လာခဲ့လေ၏။
မုန်တိုင်း အလင်းမျက်နှာပြင် ဖွင့်လိုက်ပြီးနောက် သတ္တုများကို စုဆောင်းရန် သူ စေလွှတ်ထားခဲ့သော အပ်ကြီးပျားများမှာလည်း ပျားအုံထဲသို့ ပြန်လည်ရောက်ရှိလာကြပေသည်။
ဝဲယံပျံသန်းနေသော သိမ်းငှက်နှင့် ကျီးကန်းနတ်ဆိုးတို့မှာလည်း ရထားစက်ခေါင်းတွဲပေါ်သို့ ဆင်းသက်လာကြလေသည်။
အရာအားလုံး ရထားပေါ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင်။
ရဲချီယန်က မှတ်တိုင်မှ ထွက်ခွာရန် ရွေးချယ်ခွင့်ကို နှိပ်လိုက်လေတော့၏။
ဝုန်း...
ကျယ်လောင်သော ဥသြဆွဲသံကြီး ထွက်ပေါ်လာကာ အိုပိုလွန် မြို့တော်ရှိ အသက်ရှင်ကျန်ရစ်သူများ အားလုံးမှာ မိုးကုတ်စက်ဝိုင်းတစ်လျှောက် ပဲ့တင်ထပ်သွားသော ဤစူးရှသည့် အသံကြီးကို ကြားလိုက်ကြရလေသည်။
ပျက်စီးယိုယွင်းနေသော ထိုနှစ်ထပ် အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် နိတ်က မတ်မတ်ရပ်လျက် ရဲချီယန် ထွက်ခွာသွားရာ အရပ်ဆီသို့ ငေးကြည့်နေခဲ့ပေသည်။
"ကျေးဇူးတင်ပါတယ် သခင်ကြီး။ သခင့်ကို ကျွန်တော် ထာဝစဉ် အမှတ်ရနေပါ့မယ်"
ရထားလမ်းကြောများက အရှေ့သို့ ရှည်ထွက်သွားပြီး ရထားကြီးက အရှိန်တင်လာလေ၏။
ရထားကြီး လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားချိန်တွင် ပြတင်းပေါက် အပြင်ဘက်၌ ရင်းနှီးကျွမ်းဝင်နေသော လွင်တီးခေါင်ပြင်ကို မြင်တွေ့လိုက်ရပေသည်။
ဝုန်း...
နေသာသော အရုပ်လေး၏ ရာသီဥတု ခန့်မှန်းချက်က ပြောင်းလဲသွားလေ၏။
(ယနေ့ ရာသီဥတု - မိုးသည်းထန်စွာ ရွာသွန်းမည်)
(မနက်ဖြန် ရာသီဥတု - မိုးသည်းထန်စွာ ရွာသွန်းမည်)
"ဒါဆိုရင် နှစ်ရက်ပေါ့။ အချိန်စီးဆင်းမှု အချိုးအစားက စစ်တလင်းနဲ့ အတူတူလောက်ပဲ"
ရဲချီယန်က ပြတင်းပေါက်နံဘေးတွင် ထိုင်လိုက်ရာ လီဆက်က နို့နှင့် သကြားတို့ ရောစပ်ထားသော ချိုမြိန်သည့် ကော်ဖီတစ်ခွက်ကို ယူဆောင်လာပေးလေသည်။
"ဟူး..."
"ခဏလောက် အနားယူပြီးမှ အဆင့်မြင့် အသွင်ကူးပြောင်းခြင်း လုပ်ဖို့လိုတဲ့အရာတွေကို အရင် ကိုင်တွယ်ရမယ်"
ဆက်တိုက်ဆိုသလို မှတ်တိုင်များသို့ စွန့်စားခရီးထွက်ခဲ့ရပြီးနောက် သူ သိပ်မပင်ပန်းလှသော်ငြားလည်း အရာအားလုံးကို သေချာစွာ စနစ်တကျ စီစဉ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေ၏။
အိုပိုလွန် မြို့တော်မှ ရရှိလာခဲ့သော သယံဇာတများအနက် အခြေခံ သတ္တုများနှင့် စက်ယန္တရား အစိတ်အပိုင်းများမှလွဲ၍ ထို ရေနွေးငွေ့သုံး အစားထိုးကိုယ်လက်အင်္ဂါများကို မှောင်ခိုဈေးကွက်တွင် ရောင်းချရသည့် အမြန်နှုန်းမှာ ရဲချီယန်၏ စိတ်ကူးယဉ်ထားမှုထက် များစွာ ကျော်လွန်နေခဲ့ပေသည်။
ထို အစားထိုး ကိုယ်လက်အင်္ဂါများမှာ အခြေခံအားဖြင့် အဆင့် ၁ သာ ဖြစ်လေ၏။
သို့သော်ငြား ဤအဆင့် ၁ အစားထိုး ကိုယ်လက်အင်္ဂါများအတွက် မှောင်ခိုဈေးကွက်မှ အကြံပြုထားသော စျေးနှုန်းမှာ ရထားဒင်္ဂါး လေးပြား အထိပင် မြင့်မားနေခဲ့ပေသည်။
ဤစျေးနှုန်းမှာ အဆင့် ၂ ပစ္စည်း အများအပြားထက်ပင် ပိုမို စျေးကြီးနေခဲ့ချေပြီ။
ထိုစဉ်က မုရှန်းယို့ရန်ထံမှ သူဝယ်ယူခဲ့သော အဆင့် ၂ ဒက်ဇတ်အီးဂဲလ် ပစ္စတိုမှာ ရထားဒင်္ဂါး လေးပြား သာ ပေးခဲ့ရသည် မဟုတ်ပါလော။
သို့သော် လက်နက်များ သို့မဟုတ် ကိရိယာများကို တပ်ဆင်နိုင်သည့် အချို့သော အထူး အဆင့် ၂ အစားထိုး ကိုယ်လက်အင်္ဂါများမှာမူ သိပ်ပြီး စျေးမကြီးလှဘဲ ဒင်္ဂါး ခြောက်ပြား မျှသာ ရှိလေ၏။
သို့သော်လည်း ရဲချီယန်က ဤ အစားထိုး ကိုယ်လက်အင်္ဂါများကို မှောင်ခိုဈေးကွက်တွင် မရောင်းချခဲ့ပါချေ။
၎င်းတို့၏ အဆင့်မှာ မမြင့်မားလှသဖြင့် သာမန် ကုန်သွယ်ရေး ပလက်ဖောင်းတွင် အရောင်းအဝယ် ပြုလုပ်နိုင်ပေသည်။
ဤနည်းအားဖြင့် သူက မှောင်ခိုဈေးကွက်၏ ငါးရာခိုင်နှုန်း ကုန်သွယ်မှု အခွန်အခကို ချွေတာနိုင်မည် ဖြစ်လေ၏။
အချိန်အတိုင်းအတာတစ်ခုအထိ အရောင်းအဝယ် ပြုလုပ်ပြီးနောက် အိုပိုလွန် မြို့တော်မှ စုဆောင်းရရှိခဲ့သော ဤ အသစ်စက်စက် ရေနွေးငွေ့သုံး စက်ယန္တရား ခြေတုလက်တုများက သူ့အတွက် စုစုပေါင်း ရထားဒင်္ဂါး လေးရာ့လေးဆယ့်ရှစ်ပြား ကို ရှာဖွေပေးနိုင်ခဲ့ချေပြီ။
ဤအရာက သူ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုနေခဲ့ပေသည်။
"ဒီပစ္စည်းတွေက တကယ်ပဲ အဲဒီလောက်တောင် အရောင်းသွက်တာလား"
ရဲချီယန် အံ့အားသင့်သွားသော်လည်း ပြန်စဉ်းစားကြည့်သည့်အခါ အချို့သော အဆင့်နိမ့် ရထားမောင်းနှင်သူများနှင့် မြို့များတွင် အလုပ်လုပ်နေကြသည့် ဌာနေလူသားများအတွက်မူ ပြတ်တောက်သွားသော လက် သို့မဟုတ် ခြေထောက်ကို ပြန်လည်တက်ဆင်ရန် ကုန်ကျစရိတ်မှာ အစားထိုး ကိုယ်လက်အင်္ဂါ တစ်ခု ဝယ်ယူခြင်းထက် များစွာ ပိုမို စျေးကြီးပေလိမ့်မည်။
မဟာမိတ်အဖွဲ့ ခေါင်းဆောင် အများအပြားမှာ ဌာနေ အလုပ်သမားများအပေါ် ကုသခြင်း စွမ်းရည်များ သို့မဟုတ် ဆေးဝါးများကို အသုံးပြုကြမည် မဟုတ်ဘဲ ၎င်းတို့ ဆက်လက် အလုပ်လုပ်နိုင်စေရန်အတွက် အစားထိုး ကိုယ်လက်အင်္ဂါ အချို့ကိုသာ တပ်ဆင်ပေးကာ လူတစ်ယောက်ထံမှ တန်ဖိုးရှိသမျှ အရာအားလုံးကို ညှစ်ထုတ်ယူလိုကြပေလိမ့်မည်။
နွေးထွေးသော ရထားဒင်္ဂါးများကို လက်ထဲတွင် ပိုင်ဆိုင်ထားပြီဖြစ်ရာ ယခုအခါ အဆင့်မြှင့်တင်ရေး ဆိုင်ရှိ နောက်ဆုံး ရွေးချယ်စရာကို သူ ဝယ်ယူနိုင်ပြီ ဖြစ်လေတော့သည်။
(နတ်ဆိုး ကတ်ပြားတစ်ခု၏ ကိုဩဒိနိတ်များ [ရထားဒင်္ဂါး ၄၄၄ ပြား])