ပြောင်းပြန်သန့်စင်ခြင်း
Vol. 004 Ch. 169
ဟိုဖန်နိုင်ငံတွင် မီးလျှံသားရဲများကို ရှင်းလင်းပြီးနောက် ဂိုဏ်းကြီး ၄ဂိုဏ်းတွင် အလောင်းကောင်ဂိုဏ်း တစ်ခုတည်းသာ ဟိုဖန်သို့ ပြန်လာသည်။
သူတို့၏ လှုပ်ရှားမှုက လူအများအပြားကို စိတ်ရှုပ်ထွေး စေသည်။ မီးလျှံသားရဲများ မရှိတော့သော်လည်း စိတ်စွမ်းအင်များသည် ကျင့်ကြံသူများ အတွက် ကျင့်ကြံရန် အလွန်ပြင်းထန် နေသေး၏။ ထို့ကြောင့် နိုင်ငံတစ်ခုလုံးသည် ကျင့်ကြံသူများ အတွက် အန္တရာယ် နယ်မြေဟုပင် သတ်မှတ်နိုင်သည်။
သို့သော်လည်း အလောင်းကောင် ဂိုဏ်းသည် မည်သူ့ကိုမှ ဖြေရှင်းချက် ပေးမနေဘဲ ညတစ်ညတွင် ဟိုဖန် အဖွဲ့အစည်းမှ ပျောက်ကွယ် သွား၏။
အလောင်းကောင် ဂိုဏ်းသည် တခြား ၃ဂိုဏ်း၏ အမြင်တွင် အလွန် လျှို့ဝှက်သော ဂိုဏ်းတစ်ခု ဖြစ်သည်။ အလောင်းကောင် ဂိုဏ်းတွင် စဦးစိတ်ဝိညာဉ် အဆင့်များ အများအပြား မရှိသော်လည်း စဦးစိတ်ဝိညာဉ် အဆင့်များ တွေ့ဆုံကြသည့် အချိန်တွင် အလောင်းကောင် ဂိုဏ်း၏ စဦးစိတ်ဝိညာဉ် အဆင့်များထံမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ခံစားမိကြသည်။
ထို့ကြောင့် တခြား ဂိုဏ်း၃ဂိုဏ်းသည် အလောင်းကောင် ဂိုဏ်း၏ ကိစ္စများအား ဝင်ရောက်စွက်ဖက်ခြင်း မရှိကြဘဲ တိတ်ဆိတ်၍သာ နေကြသည်။
ဟိုဖန်၏ အနောက်ပိုင်းရှိ ပေါက်ကွဲနေသော မီးတောင်များ၏ အောက်၌ လိုဏ်ခေါင်း အသေးများနှင့် ဆက်သွယ်ထားသော ဂူကြီးတစ်ခု ရှိသည်။
ကျောင်းနိုင်ငံမှ အလောင်းကောင် ဂိုဏ်းနှင့် ယှဉ်လိုက်လျှင် တည်ဆောက် ထားပုံခြင်းက တူညီသော်လည်း ကျောင်းနိုင်ငံရှိ အလောင်းကောင် ဂိုဏ်းမှ ဂူထက် ပိုပြီး ကြီးမားစွာ တည်ဆောက် ထား၏။
လက်ရှိ အလောင်းကောင် ဂိုဏ်းခေါင်းဆောင် ကျောင်းချွမ်လျန့်သည် သလင်းကျောက် အပိုင်းအစများဖြင့် ပြလုပ်ထားသော မညီညာ ဖြစ်နေသည့် သလင်းကျောက် တစ်ခု၏ ရှေ့တွင် ဒူးတစ်ဖက် ထောက်လျက် ရှိနေသည်။
ကျောင်းချွမ်လျန့်သည် အလွန် ရိုသေသည့် အမူအရာဖြင့် ရှိနေပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ တစ်စွန်းတစ်စ ပေါ်ထွက် နေသည်။ သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်… “ရှန်းဇောင်… ကျေးဇူးပြုပြီး ငါ့ကို ရက်နည်းနည်းလောက် ပေးပါ … ဝိညာဉ်နံပါတ် ၄၈၇၆နဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို ငါ ရအောင် ရှာပေးပါ့မယ်…”
“ငါက မင်းကို ရက်နည်းနည်းလောက် ထပ်ပေးရင် ငါ့ကို ဘယ်သူက ရက် နည်းနည်းလောက် ပြန်ပေးမှာလဲ … ဝိညာဉ်နံပါတ် ၄၈၇၆က ငါ တာဝန်ကျနေတဲ့ နေရာက ထျန်းကန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ … အခုက သူတို့က သူ့ကို ရှာနေကြပြီ … ပုံမှန်ဆိုရင် ဝိညာဉ်နံပါတ် ၄၈၇၆က အခုအချိန်ဆို ခန္ဓာကိုယ် ပိုင်ဆိုင်ပြီးသား ဖြစ်နေရမယ်… အခု ငါ သူတို့ကို ဘယ်လို ပြန်ပြောရမှာလဲ…”
ကျောင်းချွမ်လျန့်သည် စိတ်ထဲမှ ကျိတ်၍ ကျိန်ဆဲလိုက်ပြီး မျက်နှာပေါ်တွင် ကြောက်လန့်နေသည့် အမူအရာ တစ်ခုကို ဖော်ကာ အလျင်အမြန် ပြောလိုက်သည်… “ရှန်းဇောင်… ဝိညာဉ်နံပါတ် ၄၈၇၆နဲ့ ပတ်သက်တဲ့ သဲလွန်စတချို့ကို ငါတွေ့ထားပြီးပါပြီ… သဲလွန်စနောက်ကို လိုက်ကြည့်တော့ အဲဒီကိစ္စက စစ်နတ်ဘုရား ဗိမာန်က မိုင်လျန်းဆိုတဲ့ တပည့်နဲ့ ဆက်စပ် နေတာကို တွေ့ရတယ်… အခု သူက ရွှမ်းဝူနိုင်ငံမှာ ပေါ်လာတယ်လို့ သတင်းရထားလို့ အဲဒီကို ငါ လူတချို့ လွှတ်ထားပါတယ် … ငါ့ကို အချိန်၁၀ရက်ပဲ ပေးပါ … အမှန်တရားကို ငါ ရှာလာခဲ့ပါ့မယ်…”
သလင်းကျောက် အတွင်းမှ မျက်နှာသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည့် ဟန်ဖြင့် ကျောင်းချွမ်လျန့်ကို ကြည့်ကာ သက်ပြင်း ချလိုက်သည်… “ချွမ်လျန့်… အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ မင်းကို ၁၀ရက် အချိန်ပေးမယ် … ဒါပေမဲ့ ၁၀ရက်ပြည့်လို့မှ အဖြေရမလာရင် … အဆင့်၅နိုင်ငံကို ဒီကိစ္စ တင်ပြရလိမ့်မယ်… သူတို့ရဲ့ အလုပ်လုပ်ပုံနဲ့ ဆိုရင် မင်းပိုင်ဆိုင်ရမဲ့ ခန္ဓာကိုယ်ကို သူတို့ ယူသွားကြမှာ သေချာတယ်…”
ပြောပြီးသည်နှင့် သလင်းကျောက် အတွင်းမှ မျက်နှာက ပျောက်ကွယ် သွား၏။
ကျောင်းချွမ်လျန့်သည် ကြမ်းပြင်ပေါ်သို့ ပစ်လှဲလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ဒီဝိညာဉ်နံပါတ် ၄၈၇၆က ထျန်းကန်းနိုင်ငံဆိုရင် ထျန်းကန်းမှာရှိတဲ့ အလောင်းကောင် ဂိုဏ်းရဲ့ ခန္ဓာကိုယ်က ပိုမကောင်းဘူးလား… ဘာကြောင့် သူကို့ ငါ့ဆီ ပို့လိုက်တာလဲ… အား …”
သို့သော်လည်း တစ်ယောက်ယောက် ကသာ ခန္ဓာကိုယ် တစ်ခုကို ပိုင်ဆိုင်ချင်လျှင် တခြားနိုင်ငံမှ ယူရသည် ကိုတော့ သူလည်း နားလည်ပေသည်။
ထိုအချိန်တွင် ကျောင်းချွမ်လျန့်ထံမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်… “ကျောင်းချွမ်လျန့် … မင်းကတော့ ခန္ဓာကိုယ် ရွေးချယ်ရမဲ့ အခွင့်အရေးကို မေ့လိုက်တော့ … မင်း ကံမကောင်းဘူးလို့ပဲ မှတ်ထားလိုက်ပါ…”
ကျောင်းချွမ်လျန့်က သက်ပြင်းချပြီး ပြန်မေးလိုက်သည် … “ရီဇီကျိုင်း … ငါ ဘာလုပ်သင့်လဲ…”
“ဘာလုပ်ရမှာလဲလား … ငါလည်း မသိဘူး … ဒါပေမဲ့ ကျောင်းနိုင်ငံရဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်တဲ့ ငါလည်း ဒီလိုအဖြစ်မျိုး ကြုံဖူးတယ် … ဖြစ်တာကတော့ ငါ့ရဲ့ဂိုဏ်းတူညီနဲ့ပါ … ဒါပေမဲ့ နည်းနည်းလေးတော့ ကွဲတယ် … ဝိညာဉ်နံပါ ၄၈၇၆ရဲ့ ဝိညာဉ်မီးအိမ်က မငြိမ်းသေးဘူး… ဒါကြောင့် သူက အသက်ရှင် နေသေးတယ်… သူ့ကို မင်း ရှာတွေမယ်ဆို အကောင်းဆုံးပဲ … ဒါပေမဲ့ မင်း မလုပ်နိုင်ရင်တော့ မင်းမှာ အန္တရာယ် ရှိတယ်…”
“ဒါပေမဲ့လည်း ရှန်းဇောင်က အဲဒီ ခန္ဓာကိုယ်ကြောင့် မင်းကို အချိန်၁၀ရက် ပေးလိုက်တာကိုတော့ စိတ်ထဲတစ်မျိုး ဖြစ်နေတယ် … မင်းနဲ့ အဲဒီခန္ဓာကိုယ်နဲ့က ဘယ်လိုပတ်သက် နေတာလဲ…”
ကျောင်းချွမ်လျန့်က တည်ငြိမ်စွာ ပြောလိုက်သည်… “အဲဒါ ငါ့ရဲ့ ဂိုဏ်းတူညီလေးပဲ… ငါတို့၂ယောက်က အလောင်းကောင် ဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်၄၀၀က အတူတူ ဝင်ခဲ့ကြတာ… သူ့ရဲ့ပင်ကို စွမ်းရည်က ငါ့ထက်သာတယ် … ဒါကြောင့် သူ့ကို ရှန်းဇောင်က ယူသွားတာ…”
ထိုအခါ ရီဇီကျိုင်းက မကျေနပ်စွာဖြင့် ပြောလိုက်သည် … “ငါ့အတွက် ငါကိုယ်တိုင် ပြင်ဆင်ထားတဲ့ ခန္ဓာကိုယ်ကို အဆင့်၅ နိုင်ငံကသာ မယူသွားရင် အချိန်လောက်ဆို ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်ကို ပြန်ရောက်ရုံတင် မဟုတ်ဘူး … ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင် နေလောက်ပြီ…”
ကျောင်းချွမ်လျန့်သည် အသက်ကို ပြင်းပြင်းရှူပြီး ကျောက်စိမ်းပြား တစ်ခုကို နဖူးပေါ် တင်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပြားကို အဝေးသို့ ပစ်လိုက်၏။
“အမြုတေ ဖွဲ့တည်ခြင်း အဆင့် အားလုံးနဲ့ စဦးစိတ် ဝိညာဉ်အဆင့် ကျင့်ကြံသူ အားလုံးက ငါနဲ့အတူ ဟိုဖန်နိုင်ငံကို လိုက်ခဲ့ရမယ်…”
ထိုအမိန့်ကြောင့် အလောင်းကောင် ဂိုဏ်းမှ တပည့်အားလုံး၏ မျက်လုံးများက ပွင့်လာပြီး အလင်းရောင် တစ်ချက် ဖြတ်ပြေး သွား၏။
***
ကောင်းကင်လမ်း ကျင့်စဉ်သည် အလွန် ထူးခြားသည့် ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ဝမ်လင်းအတွက် သင့်တော်သည့် ကျင့်စဉ်တစ်ခု မဟုတ်ပေ။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်၏။
ဝမ်လင်းအတွက် တစ်ခု ထူးဆန်းနေသည်ကား ကောင်းကင်လမ်း ကျင့်စဉ်သည် ပျောက်ကွယ် သွားရမည့်အစား သူ့ခေါင်းထဲတွင် ကျန်ရှိနေသေး၏။
သို့သော်လည်း ဝမ်လင်းက ကောင်းကင်လမ်း ကျင့်စဉ်ကို ကူးယူရန် ကြိုးစားသောအခါ ကူးယူ၍ မရချေ။ ကောင်းကင်လမ်း ကျင့်စဉ်ကို ကူးယူခြင်း မပြုနိုင်စေရန် မမြင်နိုင်သည့် အားတစ်ခုက တားဆီးထား သကဲ့သို့ ခံစားနေရ၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကူးယူမည့် အကြံအား လက်လျှော့ လိုက်သည်။ သူက ရေမှန်တံခါးများ အားလုံးအား ကြည့်လိုက်ရာ အားလုံးက မည်းမှောင်နေ၏။
ဝမ်လင်းက ခဏလောက် စဉ်းစားပြီး သူ၏နတ်ဘုရား စိတ်အာရုံကို ဖြန့်ထုတ်လိုက် သော်လည်း ရေမှန်တံခါးများတွင် အကာအကွယ်များ ရှိနေသကဲ့သို့ သူ၏နတ်ဘုရား စိတ်အာရုံက ပြန်ကန်ထွက် လာသည်။ ထိုအခါ ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွားပြီး ဝင်ပေါက်ကို ကြည့်လိုက်သည်။ ဝင်ပေါက်၏ အပြင်ဘက်တွင် မျက်နှာနီနီနှင့် အဘိုးကြီးက သူ့ကို စောင့်နေမှာ သေချာသည်။
ဝမ်လင်းက ခုန်လိုက်ရာ ရေမှန်တံခါး တစ်ချပ်၏ ရှေ့သို့ ရောက်သွား၏။ ရေမှန်တံခါးထဲသို့ သူ၏လက်ကို ထည့်ကြည့်လိုက်ရာ အေးမြသည့် ခံစားမှုကို ခံစားရသည်။
ထို့နောက် သူက လက်ကို ပြန်ထုတ်ပြီး အနည်းငယ် စဉ်းစားလိုက်သည်။ ဝမ်လင်းက စစ်နတ်ဘုရား ဗိမာန်မှ သန့်စင်ခြင်း နည်းစနစ်များကို ရေးသားထားသော ကျောက်စိမ်းပြား တစ်ခုအား အလျင်အမြန် ထုတ်ယူကာ တစ်ခုခုအား ရှာဖွေလိုက်သည်။
စစ်နတ်ဘုရား ဗိမာန်၏ သန့်စင်ခြင်း နည်းစနစ်မှ အဓိကအဆင့် ၃ဆင့်မှာ နုတ်ယူခြင်း (ရွှေ့ပြောင်းခြင်း)၊ အရည်ပျော်ခြင်းနှင့် ပေါင်းစပ်ခြင်းတို့ ဖြစ်သည်။ မှော်ရတနာ အားလုံးကို ထိုအဆင့် ၃ဆင့်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဝမ်လင်းက ကျောက်စိမ်းပြား အတွင်းမှ ပြောင်းပြန် သန့်စင်ခြင်း နည်းစနစ်ကို လျင်မြန်စွာ ရှာတွေ့သွား၏။
သာမန်အားဖြင့် ပြောင်းပြန် သန့်စင်ခြင်း နည်းစနစ်သည် တခြားသူများ၏ သန့်စင်ခြင်း နည်းစနစ်များကို သိရှိနိုင်ရန် အတွက် အသုံးပြုကြ၏။
ပြောင်းပြန် သန့်စင်ခြင်း နည်းစနစ်သည် သန့်စင်ထားသည့် ပစ္စည်း၏ စွမ်းရည်များ ကိုလည်း တိုးမြှင့် ပေးနိုင်သည်။ တခြားသူများ၏ တခြားသူများ၏ ရတနာများကို ပြောင်းပြန် နည်းစနစ် အသုံးပြုခြင်းဖြင့် သူတို့၏ သန့်စင်ခြင်း နည်းစနစ်များကို သင်ယူနိုင်သကဲ့သို့ ပြောင်းပြန် နည်းစနစ်ဖြင့် ကိုယ်ပိုင် ရတနာများကိုလည်း သန့်စင်နိုင်သည်။
သို့သော်လည်း ယခု သန့်စင်ခြင်း နည်းစနစ်သည် နုတ်ယူခြင်း၊ အရည်ပျော်ခြင်းနှင့် ပေါင်းစပ်ခြင်းကို အသုံးပြုထားသော ရတနာများ၏အပေါ်တွင်သာ အသုံးပြုနိုင်၏။
ဝမ်လင်းက ပြောင်းပြန် သန့်စင်ခြင်း နည်းစနစ်ကို သေသေချာချာ လေ့လာပြီးနောက် ကျောက်စိမ်းပြားကို ပြန်သိမ်းထား လိုက်သည်။ သူက လက်ဖက်ကို ရင်ဘတ်ရှေ့တွင် ထားလိုက်ကာ လက်နှစ်ဖက်ဆီသို့ စိတ်စွမ်းအင်များ ပို့လွှတ်ပြီး လက်နှစ်ဖက်အား လှုပ်ရှားလိုက်ရာ လက်ဖဝါး နှစ်ဖက်ကို ဆက်သွယ်ထားသော စိတ်စွမ်းအင် ကြိုးများ ဖြစ်ပေါ်လာသည်။
ဝမ်လင်းက အော်လိုက်သည်… “သွား…”
စိတ်စွမ်းအင် ကြိုးများက အလယ်မှ ပြတ်သွားပြီး ပြတ်သွားသည့် နေရာမှ စိတ်စွမ်းအင် ကြိုးအစွန်း တစ်ဖက်သည် ရေမှန်တံခါးထဲသို့ လွန်ဖြင့် ထိုးဖောက် သကဲ့သို့ ထိုးဖောက်သွားပြီး တခြား အစွန်းတစ်ဖက် ကတော့ ဝမ်လင်း၏လက်နှင့် ဆက်သွယ် ထား၏။ ဝမ်လင်းက လက်ထဲသို့ စိတ်စွမ်းအင်များ ပိုမို ပို့လွှတ်လိုက်ရာ စိတ်စွမ်းအင်ကြိုးများ ပိုမိုဖြစ်ပေါ်လာပြီး ရေမှန်တံခါး တစ်ခုလုံးအား ရစ်ပတ်သွား၏။
သန့်စင်ခြင်း နည်းစနစ်၏ ပေါင်းစပ်ခြင်း အပိုင်းသည် စိတ်စွမ်းအင်များကို ညီမျှအောင် ပြုလုပ်ထားသည်နှင့် တူပြီး မှော်ရတနာ၏ အတွင်းရှိ ဖွဲ့စည်းပုံကို ညီမျှအောင် ပြုလုပ်ခြင်း ဖြစ်သည်။
ပြောင်းပြန် သန့်စင်ခြင်း နည်းစနစ်၏ ပထမအဆင့်သည် ထိုညီမျှမှုကို ဖျက်ဆီးရမည် ဖြစ်သည်။ ဝမ်လင်းက စိတ်စွမ်းအင်များကို တည်ငြိမ်စွာဖြင့် ဆက်လက် ပို့လွှတ်နေသော်လည်း သူ၏အကြည့်က ရေမှန်တံခါးကို စူးစိုက်ကြည့် နေလေသည်။
ရုတ်တရက် သူ၏လက်မှ ထွက်နေသော စိတ်စွမ်းအင် ကြိုးများက စတင်၍ တုန်ခါလာပြီး ရေမှန်တံခါး၏ အလယ်တွင် တောက်ပနေသော အလင်း စက်ကွင်းတစ်ခု ပေါ်လာသောကြောင့် သူ၏အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ အလင်းစက်ကွင်းမှ အက်ကွဲသံများ ပေါ်လာပြီး ချက်ချင်း ကွဲထွက်သွားသည်။ အလင်းစက်ကွဲ ကွဲထွက်သွားသည့် အချိန်တွင် ကွဲထွက်သွားသည့် အလင်းရောင်များက ရေမှန်တံခါး၏ ထောင့်စွန်းများဆီသို့ ပျံ့လွင့်ပြီး ပျောက်ကွယ် သွား၏။
ရေမှန်တံခါးက တဖြည်းဖြည်းဖြင့် မှိန်လာသည်။ ထိုအခါ ရေမှန်တံခါး အတွင်းရှိ ညီမျှမှုက ပျက်စီးသွားပြီ ဖြစ်ကြောင်း ဝမ်လင်း သိလိုက်၏။ နောက်တစ်ဆင့်သည် အရည်ပျော်ခြင်း ဖြစ်စဉ်ကို ပြန်လည် ခွဲထုတ်ရမည် ဖြစ်သည်။
ဝမ်လင်း၏ အမူအရာက အလွန် လေးနက်နေပြီး သူ၏ စိတ်စွမ်းအင် ကြိုးများကို ဖြည်းဖြည်းချင်း ပြန်သိမ်းယူ လိုက်သည်။
စိတ်စွမ်းအင်ကြိုးများ ပြန်သိမ်းယူနေသည့် အချိန်တွင် ရေမှန်တံခါးက စတင် လှုပ်လာပြီး ရေမှန်တံခါး၏ ထောင့်စွန်းများက စတင် တောက်ပလာသည်။ ထောင့်စွန်းများမှ အလင်းရောင်သည် တဖြည်းဖြည်း အပြင်သို့ ထွက်လာပြီး အလင်းလုံးတစ်ခု အဖြစ်သို့ စုစည်းသွား၏။
အလင်းလုံးတွင် စိတ်စွမ်းအင်ကြိုးများ အများအပြား ရှိနေပြီး စိတ်စွမ်းအင် ကြိုးများ အားလုံးက ဝမ်လင်း၏လက်နှင့် ဆက်သွယ်ထား၏။
ဝမ်လင်းက အော်လိုက်သည်… “ပြန်သိမ်းမယ်…”
အလင်းလုံးကို ရေမှန်တံခါးမှ ထုတ်ယူပြီးနောက် ဝမ်လင်းက သူ၏လက်ကို အလျင်အမြန် လက်ကို ခါလိုက်ရာ စိတ်စွမ်းအင် ကြိုးများက သူ၏ ခန္ဓာကိုယ်တွင်းသို့ ပြန်လည် ဝင်ရောက် သွား၏။
ဝမ်လင်းက အလင်းလုံးကို ကြည့်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသ်။ သူက ပြောင်းပြန် သန့်စင်ခြင်း နည်းစနစ်၏ ဒုတိယ အဆင့်ကို အောင်မြင် သွားလေပြီ။
ဝမ်လင်းက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး ဝင်ပေါက်ကို လှည့်ကြည့် လိုက်သည်။ ဤနေရာတွင် သူရှိနေသည်မှာ မည်မျှကြာပြီလဲ ဆိုတာကို သူ မသိချေ။ သို့သော်လည်း ရေမှန်တံခါးများသည် နတ်ဘုရား စိတ်အာရုံနှင့် စိတ်စွမ်းအင်များကို တားဆီး ထားနိုင်သည်။ ထို့ကြောင့် သူက အထဲတွင် မည်မျှပင် ဆူဆူညံညံ လုပ်စေကာမူ အပြင်ဘက်ရှိ မည်သူကမှ သတိထားမိ လိမ့်မည် မဟုတ်ပေ။
မျက်နှာနီနီနှင့် အဘိုးအိုသည် ဝမ်လင်း၏ အမြုတေဖွဲ့တည်ခြင်း အဆင့်လောက်ဖြင့် ရေမှန်တံခါးကို ဖျက်ဆီး နိုင်လိမ့်မည်ဟု ထင်မထားသည့် အတွက်ကြောင့် သူက အထဲတွင် စောင့်မနေခြင်း ဖြစ်သည်။
ထို့အချက်က ဝမ်လင်းအား အခွင့်အရေး ဖြစ်သွားစေသည်။ သို့သော်လည်း သူက မြန်မြန် လုပ်သင့်သည်ကို နားလည်ပေသည်။ အပြင်ဘက်မှ အကြီးအကဲကသာ အထဲသို့ ရုတ်တရက် ဝင်လာပါက သူလုပ်ခဲ့သမျှ အရာအားလုံးသည် အလကား ဖြစ်သွားပေလိမ့်မည်။
***