အခန်း ၆၁
Vol. 7 Ch. 61
Chapter 61
စုန့်ချိုက်၏အမူအရာမှာလည်း အေးခဲနေသည့်ဟန်ပင်၊ သူ စုယွမ်ကို အပြစ်ရှိစိတ်များဖြင့် ပြန်ကြည့်လာလေ၏။
ထို့နောက်သူ့မှာ ကျန်းဝေ့နှင့်ကျိုးဝူယိုကို ကြောင်တောင်တောင်ပြန်ကြည့်လာသည်။
ကျန်းဝေ့က လျှို့ဝှက်အသံလွှင့်လာသည်။
“စုန့်ချိုက်၊ ဘာတွေဖြစ်နေတာလဲ။”
စုန့်ချိုင်ကလည်း ခေါင်းကုတ်လျက် ပြန်ပို့လိုက်သည်။
“ကျွန်တော် ဂိုဏ်းတူအစ်ကိုရဲ့အဓိပ္ပါယ်ကို မှားကောက်မိသွားတယ်ထင်တယ်။”
ကျိုးဝူယိုက ဝင်ပြောလိုက်သည်။
“အဲ့ဒီတော့ မင်းကမင်းဘာမင်းစာရင်းသွင်းလိုက်တာလား။”
“ကျွန်တော်တော့ ဂိုဏ်းတူအစ်ကိုနိုင်မယ်ထင်တာပဲ။ အဓိကကတော့ နိုင်နိုင်ရှုံးရှုံးဝင်ပြိုင်စေချင်လို့လေ။”
စုန့်ချိုက်ပြောလိုက်၏။
ကျိုးဝူယိုကတော့ လက်မသာထောင်ပြမိတော့သည်။
“မင်းတော်တယ်။”
စုယွမ်မှာ တစ်ခုခုမှားနေသလို ခံစားလိုက်ရပြီး သူတို့သုံးယောက်လုံးကို စိုက်ကြည့်လိုက်မိ၏။
“ဘာတွေလျှို့ဝှက်ပြောနေကြတာလဲ။ မင်းတို့ ငါမသိအောင်ဘာလုပ်ထားတာလဲ။”
စုန့်ချိုက်၏မျက်နှာပေါ်တွင် ရှက်ရွံ့ဟန်ပေါ်လာ၏။
“အဲ့ဒါကလေ ... “
ဝုန်း။
ကျယ်လောင်လှသောအသံကြီးမှာ ကောင်းကင်တစ်ခွင်ပျံ့လွှင့်လာ၏။
လူတိုင်း တိတ်ကျသွားလေပြီး အပေါ်ကိုမော့ကြည့်လိုက်သည်။
တစ်ခိုက်တန့်တွင် တောင်ထိပ်အသီးသီးထံမှ ရောင်စဥ်ခုနစ်ဖြာထွက်ပေါ်လာပြီး လေထုထဲတွင်ပင် ရောင်စုံတံတားကြီးဖြစ်ပေါ်လာလျက် ပင်မတောင်ထိပ်နှင့် ချိတ်ဆက်သွားလေသည်။
ကြီးမားလှသော ခုနစ်စဥ်သက်တန့်တံတားပေါ်၌ တောင်သခင်ခုနစ်ဦးနှင့် ရွှေအမြူတေအဆင့်အကြီးအကဲများမှာ နေရာယူထားလျက် ၎င်းတို့၏အရှိန်အဝါများမှာ အောက်ရှိတပည့်များကို အသက်ရှုအောင့်မိသွားစေ၏။
ယခင်ကကျင်းပခဲ့သောအတွင်းတပည့်ပြိုင်ပွဲကိုကြည့်ဖူးသောတပည့်များမှာ အံ့သြသွားရ၏၊ ယခင်က ဤမျှလောက် မကြီးကျယ်သည်မဟုတ်ပါလား။
ထို့နောက် ခုနစ်စဥ်သက်တန့်မှာ ကွင်းပြင်ကျယ်ထံကျရောက်လာပြီး လူတိုင်းအပေါ် ရောင်စဥ်ဖြာကျလာတော့၏။
ခုနစ်စဥ်သက်တန့်တံတားပေါ်မှ ရောင်စဥ်တို့ဟာ စင်မြင့်ခုနစ်ပေါ်သို့အသီးသီးကျရောက်သွားပြီး ရွှေအမြူတေအဆင့်အကြီးအကဲများနှင့် သူတို့၏ တပည့်ရင်းများကလည်း တစ်ယောက်ပြီးတစ်ယောက်ဆင်းသက်လာကြသည်။
တောင်သခင်ခုနစ်ဦးမှာလည်း သက်ဆိုင်ရာစင်မြင့်ပေါ်ရှိ အဓိကထိုင်နေရာများတွင် ကြာပန်းများပွင့်၊ ရောင်စဥ်အလင်းတန်းတို့ ထွက်လျက် အသီးသီးပေါ်လာကြ၏။
သက်တန့်ကြီးပြန်ပျောက်သွားမှလျှင် လူတိုင်းမှာ အသိစိတ်ပြန်ဝင်လာတော့သည်။
စုယွမ်မှာ စိတ်နှလုံးအတွင်း ထပ်မံဝေဖန်မိပြန်တော့သည်။
“တော်တော်လေးအထင်ကြီးစရာပဲ။ ဒီဂိုဏ်းကိုက အစဥ်အလာလိုဖြစ်နေတာ၊ ဘယ်ချိန်ပေါ်လာလာ၊ ပေါ်လာတဲ့ပုံစံမှန်သမျှက တကယ်လက်ဖျားခါတယ်။ ဟင်း၊ ငါလည်း အဲ့ဒီလိုလုပ်နည်းတွေလေ့လာထားမှ။ မဟုတ်လို့ ငါ ကျင့်ကြံဆင့်မြင့်လို့ အကြီးအကဲဖြစ်သွားချိန်ကျမှ အထူးတဆန်းပေါ်လာတဲ့ပုံစံမရှိရင် အဟားခံရလောက်တယ်။”
ထိုအချိန်တွင် စုယွမ်မှာ တစ်ယောက်ယောက်ဆီက စိုက်ကြည့်ခံနေရသလို ခံစားလိုက်ရသည်။
သူလည်း ချက်ချင်း မော့ကြည့်လိုက်၏။
သူ သာလွန်တောင်ထိပ်သခင်ဝမ့်စစ်မင်မှာ သူ့ကို သံသယဖြစ်မှု၊ မယုံကြည်နိုင်မှုတို့နှင့်အတူ ရှုပ်ထွေးနေသောအကြည့်များဖြင့် ကြည့်နေတာကို မြင်လိုက်ရသည်။
ထို့နောက် သီးသန့်ပို့လွှတ်လာသောအသံမှာ လေလှိုင်းမှတဆင့် သူ့နားထဲရောက်ရှိလာသည်။
“ငါအရင်က စုယွမ်ဆိုတဲ့သူ လောင်းကစားဝိုင်းထောင်နေတယ်ကြားတော့ နာမည်တူတယ်ပဲထင်ခဲ့တာ။ တကယ်ကြီး မင်းဖြစ်နေမယ်ထင်မထားဘူး။ သောက်ကလေး၊ မင်းမသေသေးတာလား။”
ဝမ့်စစ်မင်ပြောလာ၏။
စုယွမ်မှာ ကြောင်အသွားလျက် တီးတိုးရွတ်လိုက်မိသည်။
“ဘာကိုငါကမသေသေးတာလဲ။ ဘယ်တုန်းကသေသွားလို့လဲ။ ငါ့ဟာငါတောင်မသိပါလား။”
“ကောင်းပြီလေ၊ ဒီပြိုင်ပွဲပြီးသွားရင် ငါမင်းကို သာလွန်တောင်ထိပ်ထဲတရားဝင်သွင်းပေးမယ်။ ဒီကလေး၊ တစ်နှစ်တောင်နောက်ကျသွားတာများ၊ အခုထိ သာလွန်တောင်ထိပ်ရဲ့ပင်မတပည့်အဖြစ် မခံယူရသေးဘူး။”
ဝမ့်စစ်မင်က ထပ်ပြောလာသည်။
စုယွမ်မှာ ကိစ္စများကို နားမလည်နိုင်သေးသော်လည်း သူ ခေါင်းသာညိတ်ပြလိုက်ပါ၏။
“ကျွန်တော် နားလည်ပါတယ်။”
ဝမ့်စစ်မင်မှာ စုယွမ်ကို အထင်လည်းကြီးသွားရသည်။ သူ စုယွမ်ပြန်ပေါ်လာဦးမည်ဟု မထင်ထားပါချေ၊ သို့သော် ကံကောင်းသည်မှာ အလွန်နောက်ကျမသွားသေး။
ထို့အပြင် ဤကလေးမှာချီစုဆောင်းခြင်းအဆင့်ခြောက်ကိုတောင် ရောက်နေချေပြီ။
အနိမ့်တန်းဝိညာဥ်အရင်းမြစ်နှင့် ဤမျှလုပ်ဆောင်နိုင်ခြင်းက သူ၏အရည်အချင်းမှာ သာလွန်နေကြောင်းပြ၏။ သူ ထိုကလေးကို အခြားတောင်ထိပ်များက ဆွဲခေါ်သွားတာမျိုးဖြစ်ခွင့်မပေးနိုင်ပါချေ။
စုယွမ်ကတော့ ဝမ့်စစ်မင်၏အတွေးကိုမသိပေ။ သူက ပြိုင်ပွဲဆီကိုသာ မျှော်ကြည့်နေရင်း ဂိုဏ်းတူအစ်ကို၊ အစ်မများကို အကဲဖြတ်နေလေသည်။
ရုတ်တရက် တောင်သခင်ခုနစ်ယောက်ကမတ်တပ်ရပ်ကာ အမြင့်တစ်နေရာဆီ တပြိုင်နက် အရိုအသေပြုလာသည်။
“ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။”
ဤသည်ကိုကြားတော့ တပည့်များလည်း မြန်မြန်မတ်တပ်ရပ်ကာ ထိုလားရာသို့ ဦးညိတ်လိုက်ကြသည်။
ဤသို့ဖြင့် နည်းနာလေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးရှိ သိန်းနှင့်ချီသောတပည့်များမှာ တစ်စုတစည်းတည်း ဟစ်ကြွေးလာတော့သည်။
“ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်။”
ကြွေးကြော်သံမှာ ဟိန်းထွက်လျက် ကောင်းကင်ယံကိုပင် တုန်လှုပ်စေမတတ်ပင်၊ ဤသည်မှာ ဂိုဏ်းခေါင်းဆောင်တစ်ဦး၏အဖွင့်မြင်ကွင်းတွင် ရှိသင့်သောခမ်းနားခြင်းမျိုးပင်။
စုယွမ်းလည်း ခေါင်းငုံ့၍ ကျယ်လောင်စွာ အော်နေတာဖြစ်သည်၊ သို့သော် သူ မနေနိုင်ဘဲ သိချင်စိတ်ဖြင့် မော့ကြည့်မိလိုက်သည်။
သူ ငယ်ရွယ်သောအမျိုးသားတစ်ယောက်က လေထုအလယ်ရွှေရောင်ပွင့်ချပ်များကိုနင်းလျက် အောက်သို့ ခမ်းနားစွာ ဆင်းသက်လာတာကို မြင်လိုက်ရသည်။
သို့သော်လည်း စုယွမ်မှာ ထိုလူ၏သရုပ်ပြမှုများကို အာရုံမရပါချေ၊ ထိုအစား သူဟာ ထိုလူ၏ရုပ်ကြောင့် အလွန့်အလွန်ကို ထိတ်လန့်သွားရတော့သည်။
“ဒါ၊ဒါ၊ဒါ ... ကု .. “
စုယွမ် လုံးဝအေးခဲသွားရသည်။
အနှီအမျိုးသားကလည်း စုယွမ်၏အကြည့်ကိုခံစားမိဟန်တူပြီး ပြန်ကြည့်လာ၏။
ဤသို့ဖြင့် သူတို့နှစ်ဦးအကြည့်မှာ လေထုအလယ် တွေ့ဆုံသွားရာ စုယွမ်လည်း ချက်ချင်း အကြည့်လွဲလိုက်မိတော့သည်။
စုယွမ်မှာ ဂိုဏ်းချုပ်ကု၏မျက်နှာထက်ရှိ ပြုံးချင်ချင်ဖြစ်နေသောအမူအရာကိုပင် မြင်လိုက်ရသေးသည်။
“သေပြီ၊ သေပြီ၊ သေပြီ။”
“ဒီနေ့မှာ ခွေးမဖြစ်ရင် ဘယ်န့မှမဖြစ်တော့ဘူး”
စုယွမ်မှာ သူ၏နှလုံးသားထဲမှပင် အော်ဟစ်မိသွား၏။
“ဂိုဏ်းတူအစ်ကိုကုက တကယ်ကြီး ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်နေတာပဲ။ ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့သခင်ကြီး၊ အကြီးအကဲအားလုံးထက်က ပုဂ္ဂိုလ်ကြီးလေ။ ဘာလို့ ဒီလိုလူက ငါ့ကိုလာကစားနေရတာလဲ။ ငါတုံးတာပဲ၊ တကယ်ကိုတုံးသွားတာ။ ဒီဂိုဏ်းက ဂိုဏ်းချုပ်ကတောင် လိမ်နေတော့တာပဲ၊ ငါ လျှို့ဝှက်နယ်မြေဆီပြန်သွားချင်လာပြီ။ ခုသွားရင်မှီသေးလား”
စုယွမ်မှာ အကြိမ်အနည်းငယ် ကျိန်ဆဲပြီးသွားခါမှ တဖန် ပြန်ပျော်ရွှင်သွားပြန်သည်။
“နေဦး၊ အဆင်ပြေသွားတာမဟုတ်လား။ လောင်းကြေးငွေတွေက တကယ်အဆင်ပြေပြီ။ ဂိုဏ်းချုပ်ကိုယ်တိုင်က သောက်ကျိုးနည်းလောင်းကစားဝိုင်းထောင်နေတာကို၊ အဲ့ဒါကြောင့်မလို့ သူက အကြီးအကဲတွေအရေးယူမှာကို မကြောက်တာ။ ငါတော့ အသာလေးလှဲနေပြီး အကျိုးအမြတ်လေးသဲ့ယူနေရုံပဲ။ ဂိုဏ်းချုပ်က MVP ဆိုရင် ငါက သူ့နောက်ကလိုက်နေတဲ့ ကံကောင်းသွားပြီး အနိုင်ရတဲ့သူပဲ ၊ဟားဟား။”
ဂိုဏ်းချုပ်ကုက တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆိုလာသည်။
“အတွင်းတပည့်ပြိုင်ပွဲဟာ တရားဝင်စတင်ကျင်းပကြောင်း ကြေညာပါတယ်။”
“အကြီးအကဲယွီ၊ မင်း အစီအစဉ်မှုးလုပ်လိုက်ပါ။ အရင်ဆုံး အစေခံတပည့်နဲ့အပြင်ဆောင်တပည့်တွေပြိုင်ပွဲကို အရင်ကြေညာလိုက်ပေါ့။”
“ဟုတ်ကဲ့ပါ။”
ဆံပင်များစုပ်ဖွာနေသောလူအိုကြီးတစ်ဦးက တက်ကြွနေသည့်မျက်နှာဖြင့် ထွက်လာသည်။
သူက လေထုထဲပျံသန်းသွားကာ ပြိုင်ပွဲကြီးကို စတင်တင်ဆက်ပေးတော့သည်။
စုယွမ်လည်း စိတ်ဝင်တစားကြည့်နေမိ၏။
အစေခံတပည့်နှင့်အပြင်ဆောင်တပည့်များပြိုင်ပွဲများမှာလည်း အလွန်အသက်ဝင်လှသည်။
သို့ပေတည်း ဘယ်သူမှဂရုမစိုက်ကြပါပေ။ အစေခံတပည့်များနှင့် အပြင်ဆောင်တပည့်များမှာ အလွန်စိတ်လှုပ်ရှားနေကြရာ ပြိုင်ပွဲမှာ အလွန်မြန်မြန်ပြီးသွားကြ၏။
နှစ်နာရီအတွင်းမှာတင် ၎င်းတို့ပြိုင်ပွဲမှာအဆုံးသတ်သွားရာ သမိုင်းတစ်လျှောက်အမြန်ဆုံးဟုပင် ပြော၍ရပေသည်။
ယခင်ကဆိုလျှင် အနှီအစေခံတပည့်နှင့်အပြင်ဆောင်တပည့်များပြိုင်ပွဲမှာ တစ်ရက်တောင်ကြာမြင့်လေ့ရှိခဲ့သည်။
“အခု၊ အတွင်းဆောင်ပြိုင်ပွဲတွေကိုကြေညာပေးပါ့မယ်။ တစ်ကြိမ်ကို ဆယ်ပွဲကြေညာပါ့မယ်၊ နာမည်အခေါ်ခံရတဲ့လူတွေ ပြိုင်ပွဲဝင်ဖို့ စင်မြင့်ကိုတက်လာပေးကြပါ။”
“ကျိုးဟုန်ကော ... လီဇီပင်း ... ယွမ်ထောင် .. “
နာမည်များမှာ တစ်ခုပြီးတစ်ခုခေါ်လာသည်။
စုယွမ်မှာ အလွန်တည်ငြိမ်နေ၏။
“... စုယွမ်။ ကျေးဇူးပြုပြီး စင်မြင့်ပေါ်တက်ပေးကြပါ။”
စုယွမ်လည်း ကြောင်အသွားပြီး နားကြားမှားသည်ဟုပင်ထင်သွားရသည်။
သို့သော် အကြီးအကဲမှာ ထပ်ခေါ်လာသည့်အတွက် နားကြားမှားတာမဟုတ်မှန်း သိလိုက်ရ၏။
စုယွမ်မှာ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ပြီး စုန့်ချိုက်ကို စိုက်ကြည့်လိုက်မိ၏။
စုန့်ချိုက်မှာလည်း ကြောင်အစွာသာ ပြန်ပြောလာ၏။
“အင်း၊ ဂိုဏ်းတူအစ်ကို၊ ကျွန်တော် အစ်ကိုကို စာရင်းသွင်းလိုက်မိတာ။ မြန်မြန်စင်ပေါ်သွားတော့လေ၊ မဟုတ်ရင် အကြီးအကဲ ဒေါသထွက်သွားလိမ့်မယ်နော်။”
“မြေနိုးတွေ….”