အခန်း ၆၇
Vol. 7 Ch. 67
Chapter 67
“သွားကြတာပေါ့။”
ဟွမ်ယဲ့မှာ ဤနေရာတွင်ဆက်နေဖို့တောင် အလွန်ရှက်ရွံ့လာရပြီး ထွက်ခွာသွားတော့သည်။
ဟယ့်လျန်ယွီနှင့်ထောင်မင်ဝမ်မှာ တစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်လိုက်သည်၊ ထို့နောက် စုယွမ်ကိုသာ စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်လိုက်မိတော့၏။
စုယွမ်၏အရှိန်အဝါမှာ ဟွမ်ယဲ့တစ်ယောက်တည်းကိုသာ ဦးတည်ထားခဲ့ခြင်းဖြစ်သည့်အတွက် ကျန်သူနှစ်ဦးမှာ ဘာမှမခံစားခဲ့ရပေ။ သို့သော် သူတို့ လေထုထဲတွင် တစ်ခုခုမူမမှန်ကြောင်းတော့ အာရုံခံမိပါ၏။
သူတို့နှစ်ဦးလည်း စုယွမ်ကိုတေးထားလိုက်ပြီး ပြန်ထွက်ခွာကာ နောက်တစ်ပွဲအတွက်သာ စောင့်နေလိုက်ကြ၏။
ဝေ့ဝမ်မှာ စုယွမ်၏ဘေးအနီးအနားတွင်ပင် ရပ်နေခဲ့တာဖြစ်ရာ သူကတော့ အနည်းငယ်ပို၍ခံစားမိပေသည်။ သူသည်ကား အနှီစုယွမ်ထုတ်လွှတ်လိုက်သောအရှိန်အဝါကို ရင်းနှီးနေသလိုခံစားနေရသော်ငြား သူ ဘယ်ကမှန်းမမှတ်မိပေ။
“ဂိုဏ်းတူအစ်ကိုဝေ့၊ ခင်ဗျားအလှည့်ရောက်နေပြီ။”
စုယွမ် သတိပေးလိုက်သည်။
အကြီးအကဲမှာ ဝေ့ဝမ်၏နာမည်ကို ခေါ်နေလေပြီဖြစ်ရာ သူလည်း ဆက်မစဥ်းစားနိုင်တော့ချေ။
ဝေ့ဝမ်လည်း အသိပြန်ဝင်၍ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ၊ ငါလည်း သွားတော့မယ်။”
သူ စင်ပေါ်သို့ ကိုယ်ဖော့ကာသွားလိုက်သည်။ သူ ကိုယ်ဖော့နေတုန်း လေထဲတွင်ရှိနေချိန်တွင် သူ၏အကြည့်မှာ စင်မြင့်ပေါ်ရှိ ရွှေအမြူတေအဆင့်အကြီးအကဲများထံ ရောက်ရှိသွားရ၏၊ ထိုအခါမှသာ သူ ရုတ်ချည်း မှတ်မိသွားလေသည်။
“အဲ့ဒါက ကောင်းကင်နဲ့မြေကြီးရဲ့အရှိန်အဝါပဲ။”
ဝေ့ဝမ်၏အမူအရာမှာ ပြောင်းလဲသွား၏။
“ဟုတ်တယ်။ အဲ့ဒီခံစားချက်က ရွှေအမြူတေအဆင့်အကြီးအကဲဆီက ရခဲ့တဲ့ခံစားချက်ပဲ။”
ဝေ့ဝမ်မှာ တွေးလေလေ၊ ပို၍သေချာလာရလေလေပင်။ အစတုန်းကတော့ သူ စုယွမ်နှင့်ရွှေအမြုတေအဆင့်အကြီးအကဲကို မဆက်စပ်မိသောကြောင့် ချက်ချင်းမမှတ်မိဖြစ်သွားရတာဖြစ်၏။ သို့သော် ယခုပြန်မှတ်မိချိန်တွင်တော့ သူ့မှာ ထိတ်လန့်မှုများပြည့်သွားရချေပြီ။
စုယွမ်သည်ကား တကယ်ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့မဟုတ် ထိုထက်ပိုသောအဆင့်များသာ ပိုင်ဆိုင်နိုင်သည့် ကောင်းကင်နှင့်မြေကြီးအရှိန်အဝါကို ပိုင်ဆိုင်နေသည်လေ။
ပြိုင်ပွဲမှာ စတင်နေပြီဖြစ်သော်ငြား ဝေ့ဝမ်မှာတော့ စိတ်နှင့်ကိုယ်မကပ်နိုင်တော့ပေ။ ပြိုင်ဘက်ဖြစ်သူ၏တိုက်ခိုက်မှုများကြောင့် ဝေ့ဝမ်မှ ရှုံးလုနီးနီးတောင်ဖြစ်သွားခဲ့ရသည်။
အသိစိတ်ပြန်ဝင်လာသည့်အခါမှ ဝေ့ဝမ်လည်း အစွမ်းကုန်အားထုတ်သုံးတော့၏။ သူ ပြိုင်ပွဲကိုတတ်နိုင်သမျှမြန်မြန်အဆုံးသတ်ကာ စုယွမ်ထံ အကျိုးအကြောင်းသွားမေးချင်လှပေပြီ။
ထိုအချိန်တွင် စင်မြင့်ပေါ်တွင်စောင့်ကြည့်နေကြသော ရွှေအမြူတေအဆင့်အကြီးအကဲများမှာ စုယွမ်တို့ဖြစ်သွားသည်များကို အကုန်မြင်၏။
ဆေးဝါးဆိုင်ရာတောင်ထိပ်မှ ရွှေအမြူတေအဆင့်အကြီးအကဲက မျက်လုံးများပြူးသွားလျက် ဆိုသည်။
“အဲ့ဒါက ကောင်းကင်နဲ့မြေကြီးရဲ့အရှိန်အဝါမဟုတ်လား။ မီးစွမ်းအင်ရဲ့အရှိန်အဝါပဲ။ အဲ့ဒီအရှိန်အဝါထဲ ဖော်ကွဲရေး၊ ပူလောင်ခြင်းနဲ့လောင်ကျွမ်းခြင်းနိယာမတွေပါနေတာ။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့က အဲ့နိယာမတွေကို ဘယ်လိုလုပ်နားလည်နိုင်သွားတာလဲ။”
သူလည်း ဆေးဝါးဆိုင်ရာတောင်ထိပ်သခင်ကို မြန်မြန်ပြောလိုက်သည်။
“တောင်သခင်၊ ကျွန်တော်တို့ ဒီကလေးကို တပည့်အဖြစ်ခေါ်ထားသင့်ပါတယ်။ သူက သေချာပေါက် ဆေးပညာမှာ အဆင့်မြင့်ပါရမီရှင်တစ်ယောက်ဖြစ်လာမှာပါ။”
ဆေးဝါးဆိုင်ရာတောင်သခင်လည်း အံ့သြနေရတာဖြစ်၏။
“ဒီတစ်ယောက်ရဲ့နာမည်က စုယွမ်ဆိုတာ ငါမှတ်မိတယ်။ ငါတော့ သူ့ရဲ့နာမည်ကို ပင်မတပည့်စာရင်းထဲမတွေ့ပါလား။”
သာလွန်တောင်ထိပ်သခင်ဝမ့်စစ်မင်မှာ သူတို့စကားတွေကြားသည်နှင့် ချက်ချင်း ဝင်ပြောတော့သည်။
“ဟေး၊ဟေး၊ မင်းတို့အဘိုးကြီးတွေဘာတွေတွေးနေတာလဲ။ စုယွမ်က သာလွန်တောင်ထိပ်ရဲ့တပည့်ကွ။”
“ဟမ်၊ ဖြစ်ရဦးမယ်။ မင်းတောင် မင်းတပည့်သေသလားရှင်သလားမသိတာမဟုတ်ဘူးလား။ မင်းသူ့ကို အခုမှသင်ပေးရမှာ မရှက်ဘူးလား။”
ဆေးဝါးဆိုင်ရာတောင်ထိပ်သခင်က မကျေမချမ်းဖြင့် ပြန်ပက်၏။
ဝမ့်စစ်မင်မှာ အေးခဲသွားရသည်။ ဤကိစ္စများမှာ တကယ်ကို သူ၏ပေါ့ဆမှုကြောင့်ပင်၊ သို့လင်ကစား ထိုအချိန်တုန်းက သူတို့လည်းရှိနေခဲ့ကြတာမဟုတ်ပေလား။
လက်နက်ရေးရာတောင်ထိပ်သခင်ကလည်း ချောင်းဟန့်ကာ ဝင်ပြောလာသည်။
“တကယ်တော့ ငါလည်း သူက လက်နက်ရေးရာတောင်နဲ့ပိုကိုက်ညီမယ်ထင်တယ်။”
“သွားစမ်းပါ။”
ဝမ့်စစ်မင်နှင့်ဆေးဝါးဆိုင်ရာတောင်သခင်မှာ တညီတညွတ်တည်း ပြန်အော်မိတော့သည်။
လက်နက်ရေးရာတောင်သခင်၏မျက်နှာမှာ မဲမှောင်သွား၏။ ဤနှစ်ယောက်မှာ ရန်ဖြစ်ချင်နေသည်လား။
ဤသို့ဖြင့် မိုးကြိုးတောင်သခင်မှလွဲ၍ ကျန်တောင်သခင်များအားလုံး အပျော်အနေဖြင့် ဝင်လုကြတော့သည်။ သူတို့အားလုံးက စုယွမ်၏အကွက်များကြောင့် စိတ်လှုပ်ရှားသွားရကြောင်း သိသာပေသည်။ စုယွမ်၏ကောင်းကင်နှင့်မြေကြီးအရှိန်အဝါမှာ အနည်းငယ်မတည်ငြိမ်သေးသော်ငြား ပိုင်ဆိုင်နေသည်ကပင် မက်မောဖွယ်ရာကောင်းနေချေပြီ။
ဂိုဏ်းချုပ်ကုကတော့ တည်တည်ငြိမ်ငြိမ်သာထိုတောင်သခင်များကို ငြင်းခုန်ခွင့်ပြုထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ စုယွမ်ကို ဘယ်သူမှခေါ်သွားနိုင်တော့မည်မဟုတ်။ စုယွမ်သည်ကား သူနှင့်အပေးအယူတည့်သွားပြီးဖြစ်လေပြီ။
ပြောရလျှင် ဤတစ်ဂိုဏ်းလုံးတွင် သူသည်သာ အမြင်အစူးရှဆုံးဖြစ်သည်မို့ လက်ဦးသွားရခြင်းပါပေ။ သူက ဂိုဏ်းချုပ်ပဲလေ။
သို့သော်လည်း ဂိုဏ်းချုပ်ကုမှာ သူကိုယ်တိုင်ကလည်း စုယွမ်ကို စစချင်းတွင် စိတ်ဝင်စားစရာကောင်းသည်ဟူ၍သာ သတ်မှတ်ထားခဲ့ကြောင်း မေ့သွားခဲ့လေသည်။
ထိပ်တန်းဆယ်ယောက်အဖြစ်ဇကာတင်မှန်းထားသောလူများအကုန်မှာ အောင်မြင်၍ နောက်တစ်ဆင့်သို့ တက်သွားလေသည်။
ဤအချီမှာ တတိယအချီဖြစ်၍ အယောက်၇၀ကျန်ရှိသည်ကို ၃၅ယောက်အဖြစ် ဖြတ်ချခဲ့ပေမည်။ ထို့အတွက် ပြိုင်ပွဲ၏လေထုမှာ များစွာတင်းမာလာရ၏။
မကြာမီတွင် တတိယအချီစတော့သည်။
စုယွမ်ကတော့ ထုံးစံအတိုင်း ပထမဆုံးအသုတ်တွင်ပါဝင်ကာ အရင်ဆုံးစင်ပေါ်တက်ရ၏။
သူ့နာမည်ခေါ်သည့်အချိန် စုယွမ်လည်း စင်ပေါ်တက်သွားလိုက်သည်။
သူ၏မျက်နှာချင်းဆိုင်မှာကား မည်းမှောင်နေသောအမူအရာနှင့် ဟွမ်ယဲ့ပါပေ။
ဝိညာဉ်ရေးရာတောင်ထိပ်တွင် တပည့်များအကြားကျော်ကြားသူ ဟွမ်ယဲ့ဖြစ်ပေသည်။
စင်အောင်တွင်မူ ဟွမ်ယဲ့ကိုမြင်သည်နှင့် ကြွတ်ကြွတ်ညံသွားကြပြန်သည်။
“ဟားဟားဟား၊ စုယွမ်နဲ့ဟွမ်ယဲ့ကတွေ့ရတယ်လို့။ ရန်သူတွေက တည့်တည့်ကြီးတိုးတာပဲ။ ခဏလေးကတင် ဟွမ်ယဲ့ရဲ့အမျိုး၊ဟွမ်ပေါ်ကို စုယွမ် နိုင်သွားတာ။ အခုတော့ သူက ဟွမ်ယဲ့နဲ့မှသွားတိုးရတယ်လို့ကွာ။”
“အဲ့ဒါဟွမ်ယဲ့လေကွာ၊ စွင်းဟုန်တို့နဲ့တောင် ပထမနေရာကိုလုနိုင်မဲ့သူကို။ အခုတော့ စုယွမ်ပြုတ်တော့မယ်ထင်ပါတယ်ကွာ။”
“ငါအစကတော့ စုယွမ်ကို ထိပ်ဆုံးဆယ်ယောက်ထဲထိဝင်ဦးမယ်ထင်တာ၊ အခုတော့ သွားပြီထင်တယ်။”
သူတို့၏အမြင်၌ စုယွမ်မှာ အသိအသာကို ရှုံးတော့မည်မို့ လူအများစုမှာ စုယွမ်ကို နှမျောတသဖြစ်နေကြတော့၏။
သို့သော်ဝိညာဉ်ရေးရာတောင်ထိပ်၏ပွဲကြည့်နေရာတွင်တော့ ဟယ့်လျန်ယွီနှင့်ထောင်မင်ဝမ်တို့မှာ စုယွမ်ကို အထင်မသေးရဲပါပေ။ သူတို့ ထိုအချိန်တုန်းက ဖြစ်ပျက်သွားတာကို တိတိကျကျမသိသည်တောင်မှ၊ ဟွမ်ယဲ့ကလည်း ဘာမှမပြောတာတောင်မှ စုယွမ်က မရိုးရှင်းကြောင်းတော့ သေချာပေါက် ခံစားမိ၏။
သူတို့ဘာကြောင့်များ စုယွမ်ကို ခဏတုန်းက သွားရန်စမိပါသနည်း။
ဤသည်မှာ သူတို့ ပြိုင်ပွဲအတွဲအစပ်များကိုကြည့်ကာ စုယွမ်က ဟွမ်ယဲ့နှင့်တွေ့တော့မည်ကိုခန့်မှန်းသောကြောင့်၊ ဟွမ်ယဲ့ကလည်း စုယွမ်ကို ရင်ဆိုင်နိုင်မည်ထင်ခဲ့သောကြောင့် သူတို့ဟာ ပွဲမတိုင်မီ ချိုးနှိမ်ထားချင်ခဲ့ခြင်းပါပေ။ သို့သော်ငြား ယခုတွင်တော့ ကိစ္စများက ပြောင်းပြန်ဖြစ်သွားရချေပြီ။
ဟွမ်ယဲ့မှာ မျက်မှောင်ကြုတ်လျက် ဆိုသည်။
“ဝိညာဉ်ရေးရာတောင်ထိပ်ရဲ့ဟွမ်ယဲ့၊ ဂိုဏ်းတူအစ်ကိုစု ညွှန်ပြပေးတာကို တောင်းခံပါတယ်။”
စုယွမ်မှာ သူ့စကားကြောင့် အံ့သြသွားရလျက် သူလည်း ပြန်အရိုအသေပေးလိုက်သည်။
“သာလွန်တောင်ထိပ်ရဲ့စုယွမ်လည်း ညွှန်ပြပေးတာကို တောင်းခံပါတယ်။”
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသောဒိုင်မှာ ဟွမ်ယဲ့ကို အထူးတဆန်းကြည့်မိသွား၏။ပြီးမှ သူပြောသင့်တာပြောလိုက်ပါ၏။
“ပြိုင်ပွဲစတင်ပါပြီ။”