အခန်း ၆၉
Vol. 7 Ch. 69
Chapter 69
ဟွမ်ယဲ့မှာ သူ၏တိုက်ခိုက်မှုများက စုယွမ်အပေါ်အလုပ်မဖြစ်ကြောင်းကိုသိ၏။ သို့သော် စုယွမ်မှာ သူ၏ဝိညာဉ်စွမ်းအင်များကို ဆက်တိုက်တိုက်ဖြတ်နေရာ သူ၏ခံစစ်သည်ကား အချိန်တစ်ခုထိသာခံတော့ပေမည်။
“မဖြစ်ဘူး။ ငါ ပြန်တိုက်ခိုက်မှဖြစ်တော့မယ်။”
ဟွမ်ယဲ့မှာ ဤကဲ့သို့သာ အရှုံးမပေးလိုက်ချင်ပါပေ။
သူ လက်တစ်ချက်ဝှေ့လိုက်ရာ ထိပ်တန်းအဆင့်ဓါးပျံတစ်ချောင်းသူ့လက်ထဲပေါ်လာ၏။
ထိုသို့သော ထိပ်တန်းအဆင့်ဓါးရှည်မှာ ပြင်ပလောကကတွင်အလွန်ရှားပါးသော်ငြား ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင်တော့ ရံဖန်ရံခါပေါ်လာလေ့ရှိသည်မှာ လက်နက်ဆိုင်ရာတောင်ထိပ်၏ကျေးဇူးများပါပင်။
“သွားတော့။”
ဟွမ်ယဲ့မှာ အစွမ်းကုန်အားသုံးကား သူ၏အကန့်အသတ်ရောက်သည်အထိ ဓါးရှည်ကို ထိန်းချုပ်ကာ စုယွမ်ထံ တိုက်ခိုက်စေလိုက်၏။
စုယွမ်၏အမူအရာကတော့ ပုံမှန်အတိုင်းသာ တည်ငြိမ်နေဆဲ။
“ခုနစ်စဥ်အကာအကွယ်ကျင့်စဥ်အသက်သွင်းစေ။”
ခုနစ်စဥ်သောအလင်းတန်းတို့ဟာ စုယွမ်၏ခန္ဓာကိုယ်ပေါ်တွင်တောက်ပလာကြပြီး အကာအကွယ်အဖြစ်စုစည်းသွားကြသည်။
ထိပ်တန်းအဆင့်ဓါးရှည်မှာ ဝင်၍တိုက်ခိုက်သော်ငြား ခုနစ်စဥ်ကြယ်စွမ်းအင်၏အကာအကွယ်နှင့်တွေ့သွားချိန်တွင်တော့ ယင်းမှာ အာကာသဝေဟင်ကိုဝင်တိုင်မိသည့်အလား ချက်ချင်းတောင့်တင်းသွားကာ ရပ်တန့်သွားလျက် လုံးဝမထိုးဖောက်နိုင်ပါချေ။
ကြယ်စွမ်းအင်တို့မှာ ပါးလွှာသော်ငြား စွမ်အင်သိပ်သည်းမှုကတော့ ပြည့်ဝ၏။ ကြယ်စွမ်းအင်တစ်မျှင်ချင်းကတောင်အလေးဆတစ်ထောင်ညီမျှပေသည်။
ဤသို့ဖြင့် ဆန်းကြယ်သောကြယ်စွမ်းအင်တို့မှာ ခိုင်မာသောဒိုင်းကာသဖွယ် စုယွမ်ကို ခိုင်မြဲစွာ အကာအကွယ်ပြုထားကြသည်။
စုယွမ် လက်ကိုသာမန်လျှံရွေ့လျက်လိုက်ရာ သူ၏ဓါးချီစွမ်းအင်တို့မှာ သိပ်သည်းလာလျက် ထိပ်တန်းအဆင့်ဓါးရှည်ကို တိုက်ခိုက်တော့သည်။ အနှီဓါးရှည်မှာ စုယွမ်၏ဓါးချီကို မခံနိုင်လေဘဲ အနောက်သို့သာ ပြန်လွှင့်သွားကာ မြေကြီးတွင် စိုက်ဝင်လျက် ဘေးပတ်လည်တွင် ချိုင့်ကြီးတစ်ခုဖြစ်သွားစေလေသည်။
ဟွမ်ယဲ့၏မျက်နှာမှာ ဖြူဖျော့သွားရသည်၊ ထို့အတူ ဝိညာဉ်စွမ်းအင်အသုံးအစွဲများမှုကြောင့် သူ၏စိတ်ဝိညာဥ်အသိစိတ်သည်လည်း ကမောက်ကမဖြစ်နေရချေပြီ။
တစ်ချိန်တည်းမှာတင် ယောင်ကွမ်းဓါးရှည်ကား နောက်ဆုံးတော့ ဝတ်ရုံ၏ခုခံမှုကိုချိုးဖြတ်နိုင်သွားပြီး ဟွမ်ယဲ့၏ပုခုံးထံ တိုးဝင်သွားတော့သည်။
ဟွမ်ယဲ့၏ခန္ဓာကိုယ်မှာ ရွှေငွေကျောက်တို့ဖြင့်ပြုလုပ်ထားသည့်အလားပင်။ ဓါးရှည်နှင့်ထိတွေ့မိသော်ငြား ချက်ချင်းစုတ်ပြဲမသွားပါချေ။ ထိုအစား အရေပြား၏အပေါ်ယံအလွှာသာ အနည်းငယ်ပေါက်ပြဲလျက် သွေးအနည်းသာကျလာ၏၊ သို့သော်လည်း ၎င်းဒဏ်ရာမှာ မျက်စိတစ်မှိတ်အတွင်း ပြန်ကောင်းသွားပြန်သည်။
စုယွမ်မှာ မနေနိုင်ဘဲ ချီးကျူးမိသွားရသည်။
“တော်တော်မာတဲ့ခန္ဓာပဲ။ မင်းက ခံစစ်လုပ်ရတာစွဲလန်းနေတာလားကွာ။”
စုယွမ်မှာ ဟွမ်ယဲ့ကို တော်တော်လေးအထင်ကြီးသွားရသည်။ သူ သုံးသွားခဲ့သော အကာအကွယ်မန္တန်နှစ်ခုလုံးမှာ ထိပ်တန်းအဝါရောင်အဆင့်များဖြစ်ရာ သာမန်တပည့်များကျင့်ကြံရန် တတ်နိုင်သည်မဟုတ်။ ထို့အပြင် အကာအကွယ်ဝတ်ရုံသည်လည်း အလိုအလျောက်အကာအကွယ်အပြင် ကုသနိုင်စွမ်းပါရှိနေရာ အံ့မခန့်ပါပေ။ ထိုသည်များတောင်မကုန်သေး၊ ဟွမ်ယဲ့က ကိုယ်ခန္ဓာကြံ့ခိုင်ရေးကျင့်စဥ်ကိုပါ ကျင့်ကြံထားသေးလေရာ သူ၏ခန္ဓာကိုယ်မှာ သတ္ထုသားအလားဖြစ်နေလေ၏။
ဟွမ်ယဲ့ကတော့ သူ၏ခန္ဓာကိုယ်ကလည်း စုယွမ်၏တိုက်ခိုက်မှုများကို ခံနိုင်တော့မည်မဟုတ်ကြောင်း သိပေသည်။ သူဟာ ပြန်လည်းမတိုက်ခိုက်နိုင်တော့သလို ခုခံမှုလည်းဆက်မလုပ်နိုင်တော့သော်ငြား စုယွမ်ကတော့ အစွမ်းကုန်မသုံးရသေးမှန်း သူ ခံစားနေရ၏။
ထိုအချိန်လေးတွင်ပင် ဟွမ်ယဲ့မှာ သူလုံးဝရှုံးနိမ့်သွားကြောင်း သိလိုက်ရချေပြီ၊ သူ့စိတ်ဓါတ်များလည်း အကုန် ပြိုလဲသွားရလေပြီ။
သူသည်ကား စင်ပေါ်သို့စရောက်ကတည်းက ဤရလဒ်ကို မျှော်မှန်းပြီးသားဖြစ်၏။ ကောင်းကင်နှင့်မြေကြီး၏အရှိန်အဝါကိုပိုင်ဆိုင်ထားသောကျင့်ကြံသူတစ်ယောက်မှာ မည်မျှပင် ကျင့်ကြံဆင့်နိမ့်နေပါစေ၊ ဘယ်လိုမှနိုင်နိုင်မည်မဟုတ်။
ဟွမ်ယဲ့လည်း လက်ကိုမြှောက်၍ ဒိုင်သူကြီးထံ ပြောလိုက်ပါ၏။
“ကျွန်တော် အရှုံးပေးတယ်။”
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိဒိုင်က ခေါင်းညိတ်လျက် စုယွမ်ကို လေးစားမှုများဖြင့် ကြည့်မိသွား၏၊ ထို့နောက် သူ ကြေညာလိုက်ပါ၏။
“သာလွန်တောင်ထိပ်ရဲ့စုယွမ်နိုင်ပါပြီ။”
ဝုန်း။
လူအုပ်ကြီး ဝုန်းဒိုင်းကြဲသွားရသည်။
ပြိုင်ပွဲမှာကား ရှည်လျားသည်ထင်ရသော်ငြား အမှန်တကယ်ပြန်တွေးလိုက်ပါလျှင် အလွန်ခဏလေးသာရှိသေး၏။ ပြောရလျှင် ဟွမ်ယဲ့မှာ အကွက်ရေအနည်းငယ်ဖြင့်ပင် ခဏလေးအတွင်း အရှုံးပေးလိုက်ရခြင်းဖြစ်၏။ ဤပြိုင်ပွဲမှာ ဟွမ်ပေါ်တုန်းကကဲ့သို့ ရုပ်ပျက်ဆင်းပျက်ရှုံးနိမ်သွားတာမဟုတ်သော်ငြား ဤသည်မှာ ဟွမ်ယဲ့က အရှုံးပေးလိုက်ခြင်းပါပေ။ အနှီသူမှာ လတ်တလောဆယ်နှစ်တာအတွင်း ဝိညာဉ်ရေးရာတောင်ထိပ်၏အသန်မာဆုံးဖြစ်ခဲ့သူဖြစ်လင့်ကစား အတွေ့အကြုံတစ်နှစ်မျှသာရှိသေးသော ဂိုဏ်းသားသစ်ထံမှ အနိုင်ယူခံလိုက်ရချေပြီ။
လူတိုင်းမှာ စုယွမ်ကို မိစ္ဆာတစ်ကောင်အလား ကြည့်မိရတော့သည်။
“အရမ်းကို သန်မာလွန်းတယ်ကွာ။ အရမ်းအရမ်းကြီးကို သန်မာတာဟ။”
“ဒါ၊ ဒါကြီးက ဘယ်လိုဖြစ်သွားတာလဲ။”
“အဲ့ဒါဘယ်လိုဓါးကျင့်စဥ်လဲ။ မမြင်ဖူးသလိုပဲ၊ နောက်ပြီး တော်တော်လေးလန်းတာကွ။”
“ကျင့်စဥ်ကအဲ့ဒီလောက်သန်မာလို့လား။ အဓိကက လူကတော်တာဟ။”
“ချီစုဆောင်းခြင်းအဆင့်ခြောက်က ချီစုဆောင်းခြင်းအဆင့်ကိုးကို နိုင်သွားတာ။ နိုင်တာကလည်းအပြတ်အသတ်၊ ငါ့မျက်လုံးနဲ့သာကိုယ်တိုင်မမြင်ရရင် ငါတကယ်ယုံမိမှာမဟုတ်ဘူး။”
လူအုပ်ကြီးမှာ ကြွပ်ကြွပ်ညံနေကြ၏။
လျှိုမူဝမ်ကလည်း ပါးစပ်အဟောင်းစားဖြင့်ရှိနေပြီး အသိပြန်ဝင်ဖို့ အချိန်ခဏယူလိုက်ရသည်။ သူမမှာ ပါးစပ်ကိုလက်ဖြင့်ပြန်ကာမိလျက် ထိတ်လန့်မှုကို မဖြေဖျောက်နိုင်ပါချေ။
“သူ ဘယ်လို၊ ဘယ်လိုတောင် ကျင့်ကြံလိုက်တာလဲ။”
ယဲ့ပိဖန်မှာလည်း မပြုံးနိုင်တော့။
“ဒီလူက ... အဲ့ဒီတုန်းက ငါ့ကိုနိုင်ခွင့်ပေးလိုက်တာလား။”
သူ့မှာ စုယွမ်ကိုရန်စမိတုန်းကအချိန်ကိုပြန်စဥ်းစားမိရင်း မသေတာကံကောင်းဟုသာ ခံစားလိုက်ရသည်။
အကယ်၍သာ ထိုအဖြစ်အပျက်သာ ဂိုဏ်းထဲမှာမဟုတ်ခဲ့ပါက ယခုချိန်တွင် သူ၏အုတ်ဂူပေါ်ရှိမြက်များတောင် သုံးပေရှည်နေလောက်ချေပြီ။
ထို့အပြင် သူဟာ သူ့ကိုယ်သူနှင့် အနှီထိပ်တန်းဆယ်ယောက်ကြားက ကွာဟချက်ကို သေချာနားလည်ပါသော်ငြား စုယွမ်၏ခွန်အားအစွမ်းကုန်ကို မမြင်ရသေးသည်ဖြစ်ရာ မှန်းမရဖြစ်ရချေသည်။
ယဲ့ပိဖန်၏နှလုံးသားထဲ ခက်ခဲဝေးဝါးမှုများဖြစ်နေလျက် သူ၏မျက်နှာတွင် တုံ့ဆိုင်းနေမှုတစ်ရပ်ကို ချိတ်ဆွဲထားလေ၏။
စုယွမ်လည်း စင်မြင့်အပြင်သို့ပြန်လျှောက်လာလိုက်သည်။ စင်အောက်ရှိတပည့်များမှာ လေးစားမှုများ၊ မယုံကြည်နိုင်မှုများနှင့်အတူ မနာလိုမှုစသည်ဖြင့် ခံစားအမျိုးမျိုးပါဝင်သော မျက်ဝန်းများဖြင့် ကြည့်လာကြ၏။
သူ၏ကျော်ကြားမှုအမှတ်မှာလည်း မိုးထိတိုင်းမြင့်တက်သွားသလို ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းထဲရှိသူ၏အမည်ကလည်း တရားဝင်နေရာတစ်ခုရှိသွားချေပေပြီ။
အချို့အမျိုးသမီးတပည့်များဆိုလျှင် စုယွမ် မကြာခဏပင် လှည့်ကြည့်လာကြသေးသည်။
စုယွမ်ကတော့ မည်သည့်အမူအရာကိုမှ ထူးထူးခြားခြားမပြ။ သူက ပြီးရင် ဂူပိတ်ကျင့်ကြံတော့မည်ဟု တွေးနေပြီးဖြစ်သည်။ သာမန်တပည့်များကတော့ ပင်မတောင်ထိပ်ဆီလာရောက်နိုင်မည်မဟုတ်။ ဆယ်နှစ်၊နှစ်နှစ်ဆယ်လောက် အေးချမ်းစွာကျင့်ကြံနိုင်မည့်နေရာကိုရှာလိုက်ပါက ကမ္ဘာကြီးသည်လည်း သူ့ကိုတဖြည်းဖြည်းမေ့လျော့သွားချေမည်သာ။
စုယွမ်လည်း သူ့စိတ်ကိုဖြေလျော့နေရင်း ပွဲကြည့်စင်ထံပြန်သွားလိုက်၏။
ထိုအချိန်တွင် တောင်ထိပ်အသီးသီးရှိထိပ်တန်းဆယ်ယောက်အဖြစ်သတ်မှတ်ခံထားရသူများကလည်း စုယွမ်ကို အန္တာရယ်များသောရန်သူတစ်ယောက်အဖြစ် သတ်မှတ်နေကြလေသည်။
အတွင်းတပည့်ခေါင်းဆောင်ကျူးကောကျန့်က ပြုံး၍ပြောလာသည်။
“အဲ့ဒီစုယွမ်လေ၊ အဲ့ဒီအချိန်တုန်းက သူ့အဖြေတွေက တိကျပြီးအဆင့်မြင့်နေတာ။ အဲ့ဒါ့ကြောင့် ဒီကလေးက နားလည်နိုင်စွမ်းကအဆင့်တစ်နေရာမှရှိတဲ့အတွက် အနာဂတ်ကျရင် မိုးသက်လေပြင်းလိုမျိုး လူတွေကို အံ့သြတိုက်ခတ်သွားမယ်လို့မှန်းခဲ့တာ။ ကြည့်လေ၊ ငါမှန်းတာပဲ။”
သူ့ဘေးတွင်မူ အတွင်းဆောင်၏ဂိုဏ်းတူအစ်မနန်ကုန်းဟော်ယွီရှိနေခဲ့လေသည်။
“အဲ့ဒီတော့ ရှင်က သူ့ကို ကျွန်မတို့နှင့်ပူပေါင်းဖို့ ဖိတ်မလို့လား။”
“ဘာလို့မဖိတ်ရမှာလဲ။ ငါတော့ သူ့လိုဥာဏ်ကြီးရှင်က ငါ့ကိုငြင်းမယ်မထင်ဘူး။”
ကျူးကောကျန့် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူသည်လည်း ပါရမီရှင်တစ်ဦးဖြစ်ရာ နောက်ထပ်ပါရမီရှင်တစ်ဦး၏နှလုံးသားကို အပြည့်အဝနားလည်ပေ၏။ သူတို့ဆိုသည်မှာ လောကကြီးကိုအုပ်မိုးလျက် ကမ္ဘာမြေအဆုံးလှည့်လည်ချင်သူများပါပေ။
ကျူးကောကျန့်၏အမြင်တွင် ဤပြိုင်ပွဲမှာ ဆက်လက်၍တောင် ပြိုင်စရာမလိုတော့၊ ပြိုင်ပွဲသည်ကား စုယွမ်၏ကိုယ်ပိုင်ဖျော်ဖြေပွဲအဖြစ် ပြောင်းလဲသွားချေပြီလေ။ ထို့အတွက် ပထမနေရာသည်ကား ခက်ခက်ခဲခဲခန့်မှန်းနေစရာမလိုတော့ပါပေ။