အခန်း ၇၀
Vol. 7 Ch. 70
Chapter 70: လွန်စွာစွမ်းပကားကြီးသော ဓါးကျင်စဥ်။
စုယွမ်မှာ တစ်ခဏမျှတွေးတောပြီး သူ၏ခြေလှမ်းများကို နတ်ဘုရားအာရုံတောင်ထိပ်၏ပွဲကြည့်စင်ဆီဦးတည်လိုက်သည်။
လူအများစုမှာ သူ၏အပြုအမူကိုသတိထားမိကြပြီး အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။
စုယွမ်လည်း ခြေလှမ်းများကို လျင်မြန်စေလိုက်ရာ နတ်ဘုရားအာရုံတောင်ထိပ်ထံမြန်မြန်ရောက်သွားရှိ၏။ သူလည်း ယန်မုန့်ထင်ထံ တိုက်ရိုက်သွားလိုက်သည်။ ယန်မုန့်ထင်၏အမူအရာမှာကား စုယွမ်ဘာလိုချင်သလဲမသိသည့်အတွက် တည်တံ့သွားလေသည်။
“ဂိုဏ်းတူအစ်မယန်၊ ကျွန်တော် တောင်းဆိုချင်တာလေးရှိလို့ပါ။ နားထောင်ပေးလို့ရမလားဗျာ။”
စုယွမ် ပြောလိုက်သည်။
“ဘာပြောချင်တာလဲ။”
ယန်မုန့်ထင် မေးလိုက်သည်။
စုယွမ် ပြုံးပြလိုက်သည်။
“ကျွန်တော် ဒီစင်ပေါ်မှာတိုက်ခိုက်ရတာ ကြာတယ်ထင်လို့လေ၊ အဲ့ဒီတော့ အစ်မကို တစ်နေရာရာကို တိုက်ရိုက်တိုက်ဖို့ဖိတ်ချင်လို့ပါ။ အဲ့ဒီလိုဆိုရင် အနိုင်ရတဲ့သူကိုမြန်မြန်ဆုံးဖြတ်ပြီးသားဖြစ်သွားမယ်လေ။ မြန်မြန်နားလို့ရတာပေါ့၊ နောက်ပြီး ကျွန်တော် စိတ်ချရမဲ့ဒိုင်ကိုပါခေါ်လာပါမယ်။”
ဤသည်ကိုကြားတော့ ယန်မုန့်ထင်မှာ တစ်ခဏတုံ့ဆိုင်းသွားသော်ငြား ခေါင်းညိတ်၍ဆိုလိုက်သည်။
“ရှင်သာ ပြိုင်ပွဲကိုသေချာစောင့်ကြည့်ပေးမဲ့အကြီးအကဲတစ်ယောက်ရှာနိုင်ရင် ကျွန်မသဘောတူပါ့မယ်။”
စုယွမ် ဤစကားကြားတော့ ပြုံးသွားပြီး ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ။ ခဏစောင့်ပါ၊ ကျွန်တော် အခြားသူတွေက သွားပြောလိုက်ဦးမယ်။”
ယန်မုန့်ထင်မှာ စုယွမ်ထွက်သွားတာကိုကြည့်ရင်း အနှီသူဘာလုပ်ချင်နေသလဲကို ဆက်တိုက်စဥ်းစားနေမိ၏။
စုယွမ်မှာ ဆက်လက်လျှောက်သွားလျက် ဆေးဝါးဆိုင်ရာတောင်ထိပ်ပွဲကြည့်နေရာစီရောက်ရှိသွားတော့၏။
စွင်းဟုန်မှာ စုယွမ်၏ထူးဆန်းသောအပြုအမူများကို မြင်ပြီးဖြစ်သော်ကြောင့် သူ့ဆီ စုယွမ်ရောက်လာမှာကို စောင့်နေလိုက်သည်။
စုယွမ်မှာ စွင်းဟုန်၏အရှေ့ရောက်လာလျက် ပြုံး၍ဆိုသည်။
“ဂိုဏ်းတူအစ်ကိုစွင်း၊ ဒီမှာ ပြိုင်ပွဲတွဲထားတဲ့အတွဲအစပ်တွေနဲ့ဆိုရင် ပွဲပြီးဖို့အရမ်းကြာမှာ။ ဘာလို့ ကျွန်တော်တို့အကုန်ပြိုင်လို့ရမဲ့ နေရာတစ်ခုကိုမရှာရမှာလဲ။ တချို့ကျင့်စဥ်တွေဆိုရင် လူရှေ့ထုတ်ပြလို့မသင့်တာတွေရှိတယ်လေ။ အစ်ကို ကျွန်တော်ပြောချင်တာသိတယ်မလား။”
စွင်းဟုန်က ဘာသိဘာသာသာဖြစ်နေမြဲ။
“စိတ်မဝင်စားဘူး။”
စုယွမ်လည်း ဤစကားကိုကြားတော့ ရယ်ကျဲကျဲဖြစ်သွား၏။
“အဲ့ဒီတော့ဂိုဏ်းတူအစ်ကိုစွင်းက ကြောက်နေတာလား။”
စွင်းဟုန်က အေးတိအေးစက်ပြန်ပြောလာသည်။
“ကလေးကလားနဲ့။”
“ဟုတ်လား။ အဲ့ဒါဆိုရင် ဒီလိုဆိုရင်ရော။”
ကြီးမားလှသောအရှိန်အဝါကြီးတစ်ခုမှာ စုယွမ်ကိုယ်မှထွက်ပေါ်လာလျက် စွင်းဟုန်ကို ဖိနှိပ်လာသည်။
စွင်းဟုန်၏အမူအရာမှာ ချက်ချင်းတည်ကြည်သွားပြီး သူ၏စုယွမ်အပေါ်အကြည့်ကလည်း များစွာလေးနက်လာပေ၏။ သူ၏ယခင်ကအထင်အမြင်သေးနေသောအမူအရာမှာလည်း အလုံးစုန် လွှင့်ပြယ်သွားလေပြီ။
“ကောင်းပြီ။ ငါ သဘောတူတယ်။”
စွင်းဟုန်၏တိုက်ပွဲဆန္ဒမှာ နိုးဆွခံလိုက်ရဟန်ပင်၊ အနှီသူက စုယွမ်ကို မီးဟုန်းဟုန်းတောက်နေသောမျက်လုံးများဖြင့် စိုက်ကြည့်လာသည်လေ။
စုယွမ်လည်း ချက်ချင်း အနှီစွင်းဟုန်မှာ အေးစက်စက်ဖြင့် တိုက်ပွဲရူးနေသောလူတစ်ယောက်မှန်း သိလိုက်ရချေသည်။
စုယွမ်လည်း အခြားတောင်ထိပ်များကိုသွား၍ မန္တန်ဆိုင်ရာတောင်ထိပ်၏စစ်မာကျဲ့ကောင်း၊ လက်နက်ရေးရာတောင်ထိပ်-၏လန်စစ်ရှန်၊ မိုးကြိုးတောင်ထိပ်၏လိုင်ယိုချင်းနှင့်အတူ ဝိညာဉ်ရေးရာတောင်ထိပ်၏ထောင်မင်ဝမ်တို့ကို ဖိတ်ကြားခဲ့လေသည်၊ သူဟာ ဝေ့ဝမ်နှင့်ဟွမ်ယဲ့ကိုပါ ခေါ်လာခဲ့သေးပါ၏။
ထို့နောက် စုယွမ် ဂိုဏ်းချုပ်ကိုလှမ်းကြည့်၍ တိုးတိုးလေးပြောလိုက်သည်။
“အစ်ကိုကု၊ နောက်ထပ်ပြိုင်ပွဲနေရာတစ်ခုစီစဥ်ပေးပါလား။ ကျွန်တော် ဒီပြိုင်ပွဲကို မြန်မြန်အဆုံးသတ်မလို့။”
ဂိုဏ်းချုပ်ကုကလည်း စုယွမ်လုပ်နေတာများကို မြင်ပြီးဖြစ်သောကြောင့် အသံလွှင့်လာ၏။
“ကောင်လေး၊ မင်းဘာတွေလုပ်နေတာလဲ။”
“ဘာမှတော့မဟုတ်ပါဘူး။ အခုပြိုင်ပွဲမှာ အတွဲအဖက်တွေက ကြုံရာကျပန်းနိုင်လွန်းတယ်။ ပြိုင်ရင်းပြိုင်ရင်းပြီးရင် နောက်ဆုံးကျဒီလူတွေပဲကျန်ခဲ့မှာပဲလေ။ ဒီလိုဆိုမှတော့ ကျွန်တော်တို့ ပွဲမြန်မြန်ပြီးအောင်လုပ်လိုက်တာမကောင်းဘူးလား။”
စုယွမ် ပြောလိုက်သည်။
“မင်းက တော်တော်လေးယုံကြည်မှုရှိနေတာပဲ။ မင်းဘာလုပ်မလဲကြည့်ကြသေးတာပေါ့။”
ဂိုဏ်းချုပ်ကုလည်း အတော်လေးစိတ်ဝင်စားသွားရာ စုယွမ်ကို ကူ၍ညှိနှိုင်းပေးလိုက်၏။
ထိုသို့ဖြင့် ကြည့်ရှုနေကြသောတပည့်များမှာ ထိပ်တန်းဆယ်ယောက်အဖြစ်ဝင်နိုင်သူများအားလုံးက ယခုနေရာမှထွက်ခွာကာ အခြားတိုက်ခိုက်ရေးခန်းမထံ ဦးတည်နေကြကြောင်း သတိထားမိလိုက်ရသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိဒိုင်သုံးဦးကလည်း သူတို့နှင့်အတူ ထွက်ခွာသွားကြရာ လူတိုင်းမှာ ကြောင်အကျန်ခဲ့တော့၏။
“သူတို့ဘာလုပ်နေကြတာလဲ။”
“မသိဘူး။ ကြည့်ရတာ ထိပ်တန်းဆယ်ယောက်ကိုပဲခေါ်သွားတာဆိုတော့ အချင်းချင်းပဲ တိုက်ရိုက်ပြိုင်လိုက်တော့မှာလားမသိဘူး။’
“ဘာလို့ဒီမှာမပြိုင်တာလဲ။ ဘာကိုပုန်းရှိုးကွယ်ဝှက်လုပ်နေတာလဲ။ ငါလောင်းထားရတာရတာကို။ တစ်ခုခုမသမာတာရှိရင်ဘယ်လိုလုပ်မလဲ။”
“ဘာမသမာတာကဖြစ်ရမှာလဲ။ တောင်သခင်တွေအကုန်ပါသွားတာမသိဘူးလား။ ဂိုဏ်းချုပ်တောင်ပါသွားတာကို။”
“ဟမ်၊ အဲ့ဒီလိုဆိုရင် ငါတို့ ထိပ်တန်းဆယ်ယောက်ရဲ့ပြိုင်ပွဲကိုမမြင်ရတော့ဘူးပေါ့။”
“မပြောတတ်ဘူးကွ။ ဆက်စောင့်ကြည့်ကြတာပေါ့။”
လူတိုင်းမှာ ဘာဖြစ်သွားသလဲဆိုတာကို အလွန်သိချင်နေကြလေသည်။
သို့သော် သူတို့အားလုံး စုယွမ်လုပ်နေသည်များကိုမြင်လိုက်ရသည်မို့ ဤကိစ္စများမှာ စုယွမ်နှင့် သက်ဆိုင်နေကြောင်းတော့သိပါ၏။
တိုက်ခိုက်ရေးခန်းမထဲတွင် ထိပ်တန်းအတွင်းတပည့်ဆယ်ဦးဖြစ်သော၊ စွင်းဟုန်၊ ယန်မုန့်ထင်၊ ဝေ့ဝမ်၊စစ်မာကျဲ့ကောင်း၊လန်စစ်ရှန်၊ လိုင်ယိုချင်း၊ဟယ့်လျန်ယွီ၊ထောင်မင်ဝမ်၊ ဟွမ်ယဲ့နှင့် စုယွမ်တို့အားလုံး စုဝေးနေကြ၏။
“ငါတို့ကဘယ်လိုပြိုင်မှာလဲ။ တစ်ခါမှာ ငါးတွဲချမှာလား။”
စွင်းဟုန်မှာ ဟွမ်ယဲ့ကို မကြည်ကြည့်ကြည့်လာ၏။ ဤလူမှာ ပွဲကထွက်သင့်ပြီမဟုတ်လား။
ဂိုဏ်းချုပ်ကုကလည်း ပွဲကြည့်စင်တွင်ထိုင်ကာ သိချင်စိတ်များစွာ စောင့်ကြည့်လာ၏။
စုယွမ်ကလည်း ကျန်သူကိုးယောက်ကိုပြုံး၍ကြည့်လာသည်။
“အဲ့ဒီလောက်မရှုပ်ပါဘူး။ ကျွန်တော်က အစ်ကိုတို့ကိုးယောက်လုံးကို တခါတည်းစိန်ခေါ်ချင်လို့ပါ။ ကိုးယောက်တစ်ယောက်လေ။”
ဤသည်ကိုကြားတော့ အခြားလူများ၏အမူအရာမှာ ပြောင်းလဲသွားကြပြီး စုယွမ်ကို အံ့သြတကြီးကြည့်လာကြသည်။
ဝေ့ဝမ်မှာ ချက်ချင်းဝင်တားလာ၏။
“စုယွမ်၊ လျှောက်မလုပ်စမ်းနဲ့။ ငါတို့ကိုးယောက်ကို မင်းဘယ်လိုလုပ်နိုင်မှာလဲ။”
စွင်းဟုန်မှာ မျက်မှောင်ကြုတ်၍ ပြောလာသည်။
“ငါ အဲ့ဒီလိုဝိုင်းတိုက်တာတွေကို အထင်သေးတယ်။”
စုယွမ်လည်း ရယ်ပြီးပြောလာ၏။
“အခုလိုဆိုရင်ရော။”
ပြောပြီးသည့်နောက်တွင် စုယွမ်လည်း ခုနစ်စဥ်လွှင့်မြောခြေလှမ်းကျင့်စဥ်ကိုထုတ်သုံးကာ လေထုထဲ လမ်းလျှောက်လာ၏။
စုယွမ်လေထုအလယ်ရောက်သော် ကြီးမားလှသောဓါးသေတ္တာကြီးမှာ စုယွမ်အနောက်တွင်ပေါ်ပေါက်လာလေသည်။
စုယွမ် အတွေးတစ်ချက်ဖြင့်အမိန့်ပေးလိုက်ရာ ဓါးသေတ္တာထဲမှ ဓါးရှည်တို့မှာ တစ်ခုပြီးတစ်ခုထွက်လာလေ၏။ ကိုးချောင်းသောဓါးတို့မှာ စုယွမ်၏ဝိုင်းရံလျက် ရောင်စဥ်ကိုးဖြာထုတ်လွှင့်နေရင်း ခန်းမတစ်ခုလုံးကိုပင် လင်းထိန်သွားစေ၏၊ စုယွမ်မှာကား ဓါးနတ်ဘုရားတစ်ပါးအလားသွင် အရှိန်အဝါများလွှင့်ထုတ်နေတော့သည်။