← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အပိုင်း (၃၁) ဟုရိုင်အိရဲ့ စကားကြွယ်မှုများ

“ခန် ငါ ကောလာဟလတွေ ကြားခဲ့တယ်... အဘိုးကြီး မင်း အရက်မသောက်ထားဘူးပေါ့”

ကျွန်တော် ပန်းပဲဆရာစွမ်းရည်ကို ပန်းပဲဖိုထဲတွင် ကြိုးစားတင်နေချိန် ခန်၏ သူငယ်ချင်းက စကားပြောရင်းနှင့် ဝင်လာသည်။

“မသောက်ထားဘူးလားလို့ ဘာလို့မေးတာလဲ”

“မင်းသာ မမူးနေရင် ဘာလို့များ ဒီအထင်ကြီးစရာတစက်မှ မရှိတဲ့ ကောင်လေးနဲ့ ပန်းပဲဖိုထဲမှာ ဘာလို့ နေ့တိုင်းတူတူရှိနေမှာလဲ။ ကျွတ် ကျွတ်။ ပြောရတာ စိတ်မကောင်းပေမဲ့ တချက်ကြည့်တာတင် ဒီကောင်လေးပုံက အူတူတူအတတရုပ်နဲ့”

ငါ သခင်လေးကို ‘အထင်ကြီးစရာ တစက်မှ မရှိဘူး’ ဆိုပြီး ဒီခွေးသားကြီးက ပြောလိုက်တာလား။ ပန်းပဲဖိုထဲ ရောက်လာကတည်းက အကောင်းတစက်မှ မပြောသေးဘူးပဲ။

“အဘိုးကြီးခန် ခင်ဗျား အရက်မသောက်တော့တာ ဒီကောင်လေးကြောင့်လား....”

ကျွန်တော် သတ်ဖြတ်ချင်စိတ်များ မြင့်တက်လာတာကြောင့် လက်ထဲက တူကို အားထည့်မိလွန်းသဖြင့် တူက တုန်ယင်လာပါသည်။ ဒီအချက်ကို ခန်က သတိထားမိသွားသဖြင့် သူ့သူငယ်ချင်းကို မြန်မြန်တားလိုက်သည်။

“ဟေး ပါးစပ်ပိတ်အုံး မင်း အထင်လွဲနေပြီ”

“အထင်လွဲနေတာလား”

“ဟုတ်တယ်။ ဒီကောင်လေးက ပုံကို ကြည့်ရတာ အသုံးမကျပုံပေါက်ပေမဲ့ အဘိုးကြီး မင်း လူတယောက်ကို သူတို့ရဲ့ အပြင်ပန်းသွင်ပြင်ကိုကြည့်ပြီး အကဲမဖြတ်သင့်ဘူးလေ။ တကယ်တော့ ဒီကောင်လေးက ပါရမီရှင်ပဲ”

အသုံးမကျပုံပေါက်တယ်လို့ ခန်က ငါ့ကို အမြဲတမ်း တွေးနေတာလား။ ကျွန်တော် သစ္စာအဖောက်ခံရသလို ခံစားသွားရသည်။

ကျွန်တော် ဒေါသတကြီးနှင့် တူကို အားပိုထည့်ပြီး ထုနေသည်။ ဒီအချိန်မှာ ရုတ်တရက်ပဲ ကျွန်တော့်ကို ကျွန်တော် ပြန်သုံးသပ်မိသွားသည်။ ဂိုဏ်းလူမိုက်များကြောင့် အဆင့်မြင့်သွားခဲ့သော်လည်း ခုမှ အဆင့်က ၂၁ ပဲ ရှိသေးသည်။ ဒါ့အပြင် ချပ်ဝတ်နှင့် လက်နက်များကို ဂိုဒေါင်မှာထားခဲ့သဖြင့် ကျွန်တော်က ဂိမ်းစဆော့သူများ ဝတ်လေ့ရှိသည့် ပုံစံဖြစ်နေသည်။

NPC များ ကစားသမားများကို သုံးသပ်သည့်စနစ်က ကစားသမားများ၏ အဆင့်၊ ကိရိယာနှင့် ဂုဏ်သတင်းတို့ ဖြစ်ပါသည်။ အခု ကျွန်တော့်ဆီမှာ ကိရိယာတခုမှမရှိ၊ အဆင့်နှင့် ဂုဏ်သတင်းတို့ကလည်း နိမ့်နေသဖြင့် NPC များအမြင်တွင် ကျွန်တော်က အမှိုက်ကောင်လို ဖြစ်နေလေသည်။

‘ငါ လူမိုက်တွေကို သတ်တုန်းက ရထားတဲ့ ဂုဏ်သတင်းတွေ ဘယ်နားရောက်သွားလဲဟ’

ကျွန်တော်လည်း သံသယရှိရှိနှင့် ခန် သူ့သူငယ်ချင်းဖြင့် စကားပြောနေသည်ကို နားထောင်နေလိုက်သည်။

“မင်းမယုံဘူးကို။ လာ သူ့နည်းစနစ်ကို အနီးကပ်လာကြည့်။ ဒါက ပုံမှန်ပန်းပဲဆရာပညာတောင် မဟုတ်ဘူး။ ပြီးတော့ ဒါက လျှို့ဝှက်ချက်ဆိုပေမဲ့ ဒီကောင်လေးက ဗဲလ်ရဲ့ဂိုဏ်းကို အမှုန့်ကြိတ်ပစ်တာလေ”

“ဟဟ ဘာများပြောနေတာလဲကွာ အင်း ဒီကောင်လေးက သာမန်မဟုတ်ဘူးဆိုတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ ဗဲလ်ရဲ့ဂိုဏ်းကို ဒီကောင်လေးဖြိုပစ်တာကိုတော့ မယုံဘူး။ ဒီကောင်တွေကို မနိုင်လို့ မြို့စောင့်ကတောင် ဆုငွေထုတ်ပြီး လွှတ်ထားပေးရတာ။ ဒီကောင်လေးတယောက်တည်း ဂိုဏ်းတခုလုံးကို ဖျက်ဆီးပစ်တာ ဘယ်ဖြစ်နိုင်မှာလဲ”

“ဟာ ငါကိုယ်တိုင်မြင်ခဲ့တာပါဆို။ မင်းရော ဒီရက်မှာ ဗဲလ်တို့ကောင်တွေကို လမ်းမှာ မြင်လို့လား။ ဒီကောင်တွေ ပျောက်နေတာ ဒီကောင်လေးလုပ်လိုက်လို့လေ”

“ဟဟ... သူငယ်ချင်း မင်း လျှော့သောက်သင့်နေပြီ။ မင်းပြောတာ တကယ်ဆို ဒီကောင်လေးက လူမသိသူမသိဖြစ်နေပါ့မလား”

ခန်က အခုမှသတိပြုမိသွားပုံနှင့်

“တွေးကြည့်မှ ဒီကောင်လေး ဗဲလ်တို့ကို ရှင်းလိုက်တာ မီရိုကုမ္ပဏီသိရင် ဒီကောင်လေးကို ဒီတိုင်း အေးဆေးပေးနေမှာ မဟုတ်ဘူး။ အခုမှ သိတော့တယ်။ ကောလာဟလ မပြန့်နေတာ မျက်မြင်သက်သေမရှိလို့ကို”

“ အေးလေ မင်း တယောက်ပဲ မြင်ခဲ့တာကို။ ဒီကောင်လေးက ဒီလောက်ဟုတ်လို့လား။ ဟက်ဟက် အခု ငါ အနီးကပ်ကြည့်လိုက်တော့ လူရှိန်မဲ့ပုံလဲ မပေါက်ပါဘူးဟ”

ကျွန်တော် အခုမှ အဖြေရှာတွေ့တော့သည်။ ကျွန်တော် ဗဲလ်အုပ်စုကို ရှင်းလိုက်တာ ကောလာဟလ မပြန့်သေးလို့ ဂုဏ်သတင်းသက်ရောက်မှုမရှိသေးတာကိုး။

“ခန်ရေ မင်း အထဲမှာ ရှိလား”

ဒီအချိန်မှာပဲ လူအုပ်စုလိုက်ကြီး ပန်းပဲဖိုထဲကို ဝင်လာပါသည်။ သူတို့ရဲ့လက်ထဲမှာလည်း လက်ကမ်းကြော်ငြာများ ကိုင်ထားကြသည်။ သက်လတ်ပိုင်းအရွယ်လူကြီးက ခန့်ကို လက်ကမ်းကြော်ငြာပေးလိုက်ပြီး မေးလိုက်သည်။

“ဒါ ဟုတ်လား”

ခန်က လက်ကမ်းကြော်ငြာကို အတည်ပြုလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

လူတွေ စိတ်လှုပ်ရှားကုန်ကြသည်။ ဒါက ဘယ်လိုဖြစ်သွားကြတာလဲ။ ကျွန်တော်လည်း စိတ်လှုပ်ရှားစွာနှင့် ကြော်ငြာစာရွက်မှာ ပါသည့်ဟာကို စပ်စုကြည့်လိုက်သည်။

‘ဟိုက်’

(မီရိုကုမ္ပဏီက ပန်းပဲဆရာခန်နှင့် အိုင်တမ်ဖန်တီးသည့် ပြိုင်ပွဲတခု ကျင်းပပါမည်။ အကြောင်းအရင်းကတော့ ကျွန်တော်တို့ မီရိုကုမ္ပဏီ အနေနှင့် ခန်ကို အရည်အချင်းရှိသည့် ပန်းပဲဆရာတယောက်အနေနှင့် အသိအမှတ်ပြုပြီး လေးစားလို့ပါ။ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ကုမ္ပဏီက ရှုံးခဲ့ရင် ခန်ရဲ့အကြွေးတွေကိုချေလိုက်ပြီး ခန့်ကို ပန်းပဲဖိုပိုင်ဆိုင်ခွင့်ထိန်းသိမ်းခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ခန်က ရှုံးခဲ့ရင်တော့ ပန်းပဲဖိုကို မီရိုကုမ္ပဏီစီ ဥပဒေနဲ့အညီလွှဲပြောင်းပေးရမှာဖြစ်ပြီး ခန့်ကိုပဲ ပန်းပဲဖိုလည်ပတ်ဖို့ အလုပ်ခန့်ထားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မီရိုကုမ္ပဏီရဲ့ရည်မှန်းချက်ပန်းတိုင်က ဒေသခံပြည်သူများနှင့် ယှဉ်တွဲနေထိုင်နိုင်ဖို့ဖြစ်တာကြောင့် ဒီအတောအတွင်းမှာပဲ ရက်တစ်ခုသတ်မှတ်ပြီး ပြိုင်ပွဲကို ကျင်းပမှာဖြစ်သဖြင့် အားလုံးကို ဖိတ်ခေါ်လိုက်ပါသည်။)

ဒီစာက လူတွေ ကိုင်ထားကြသည့် ကြော်ငြာစာရွက်တွင် ပုံနှိပ်ထားသည့် အတိုင်း ဖြစ်ပါသည်။ ကျွန်တော်ကတော့ ပြိုင်ပွဲဝင်ရတော့မည့် အချိန်နီးလာပြီဟု ခံစားနေရသည်။

‘ဟီး ဒါပေမဲ့ စိတ်နည်းနည်းလေးတောင် မပူပါဘူး။ မီရိုကုမ္ပဏီက ဘယ်လောက်ပဲ အရည်အချင်းရှိတဲ့ ပန်းပဲဆရာကို ဌားလာပါစေ ငါက ပက်မာအမွေဆက်ခံသူပဲလေ”

ပက်မာမျိုးဆက်အနေနှင့် ကျွန်တော့်မှာ ‘ဒဏ္ဍာရီလာပန်းပဲဆရာလက်မှုအတတ်ပညာစွမ်းရည်’ ရှိသည်။ မီရိုကုမ္ပဏီက ပန်းပဲဆရာကောင်းရှာတွေ့ခဲ့ရင်ပင် ကျွန်တော်က ပိုအဆင့်မြင့်သည့်အိုင်တမ်ကို ထုတ်နိုင်မယ်လို့ ယုံကြည်သည်။

ပန်းပဲဆရာစွမ်းရည်ကိုပဲ ယုံကြည်လွန်းနေတာ မဟုတ်ပါဘူး။ အခု လူသိအများဆုံးပန်းပဲဆရာ NPC တောင်မှပဲ တန်းမြင့်အဆင့်ပဲရှိသေးတာ။ ပြိုင်ဘက်က တန်းမြင့်အဆင့်ဖြစ်ရင်တောင် ပက်မာမျိုးဆက်အနေနှင့် ဒီတန်းမြင့်ပန်းပဲဆရာလောက်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေခြင်း ဖြစ်သည်။

လူများ စိတ်လှုပ်ရှားနေကြပါသည်။

“မီရိုကုမ္ပဏီက ခန့်ပန်းပဲဖိုကို ယူချင်ရင် လွယ်လွယ်လေးလေ။ ဒါပေမဲ့ သူတို့က အတင်းအကြပ်မလုပ်ဘဲ မျှမျှတတပြိုင်ပွဲစီစဉ်ပေးသေးတယ်။ ပြီးတော့ ခန့်ကိုတောင် အလုပ်ပေးအုံးမှာ။ ဒီအတိုင်းဆိုရင် ခန့်ကို သူတို့က တကယ် လေးစားနေကြတာပဲ”

“ဟုတ်တယ်။ သူတို့နိုင်ရင်တောင်မှ ခန့်ကို ဒီပန်းပဲဖိုစီမံခန့်ခွဲဖို့ ခွင့်ပြုအုံးမှာမလား။ ဒါဆိုရင် မီရိုကုမ္ပဏီက ဒေသခံတွေအတွက် အလုပ်စီစဉ်ပေးမယ်ဆိုတာ တကယ်ပေါ့”

“ဒီကိစ္စကို ကြည့်လိုက်ရင်တော့ မီရိုကုမ္ပဏီက ထင်သလောက်မဆိုးပါဘူး။ သူတို့ တကယ်ပဲ ငါတို့နဲ့ ယှဉ်တွဲနေထိုင်ချင်ကြတာ ဖြစ်မယ်”

လူတွေ စကားပြောတာ ကြားရသလောက် အကောင်းမြင်လာကြပုံပင်။

‘မီရိုကုမ္ပဏီ.... သူတို့က ခန့်ကိုဖိအားပေးဖို့ လူမိုက်ဌားလို့ လူဆိုးလို့ ထင်နေတာ။ ဒါပေမဲ့ သူတို့က တကယ်တော့ ကောင်းသားပဲ။ လူမိုက်တွေကပဲ အကိုင်အတွယ်မတတ်တာလား။ ဘယ်နားမှာ မှားနေတာလဲ’

မီရိုကုမ္ပဏီကြောင့် ကျွန်တော့်ဒေါသထွက်နေတာလေးတောင် ဘယ်ပျောက်သွားလဲ မသိဘူး။

‘မီရိုကုမ္ပဏီကြောင့် ဖြစ်လာသည့် တာဝန်ကို ရှင်းနိုင်ရင် ရွှေပြားခြောက်ရာရမှာ။ မကောင်းတာတွေ မတွေးနဲ့’

လက်ရှိမှာ လူအများစုနှင့် ကျွန်တော်အပါအဝင် မီရိုကုမ္ပဏီကို ကြိုက်နှစ်သက်သည့် သဘောထားများ ပြသလာပါသည်။ ဒါပေမဲ့ ခန်ကတော့ ဒီကိစ္စကို မနှစ်သက်ပါဘူး။

“ဒါကြောင့်ကိုး။ မီရိုကုမ္ပဏီက ဒါကြောင့် ငါ့ကို အခွင့်အရေးပေးချင်ယောင်ဆောင်နေတာ။ အက်ရက်ဘ်ဘစ်ဒ်ဆိုတဲ့ ကောင်က ဉာဏ်တော်တော်များတာပဲ”

ခန်က ဒေါသတကြီးနှင့် လက်ကမ်းကြော်ငြာကို ဆုတ်ဖြဲပြီး လုံးခြေလိုက်သည်။ ပြီးတော့ လူတွေကို ခန်တယောက် ဒေါသတကြီးနှင့် အပြစ်တင်သည်။

“မင်းတို့ ငါတို့ အရှက်ခွဲခဲ့ရတာတွေ ခံစားခဲ့ရတာတွေကို ဒီစာရွက်ပိုင်းလေးကြောင့် မေ့ပျောက်သွားကြပြီလား။ မီရိုကုမ္ပဏီက သတင်းအချက်အလက်သုံးပြီး ငါတို့ မြေတွေကို လက်ဝါးကြီးအုပ်သွားတာ။ နောက်ကွယ်က လက်မည်းကြီးက ဒီကောင်တွေပဲ။ ဒါကြောင့် မင်းတို့ ဆာလောင်ပြီး ချို့တဲ့ခဲ့ကြရတာလေ။ ငါတို့ ဒီလို ဖြစ်တာကြာလှနေပြီ အခုမှ ထပြီး သူတော်စင်လုပ်နေကြတာလား”

အခုမှ လူများက သဘောပေါက်သွားဟန်နှင့် သဘောတူထောက်ခံကြသည်။

“ဟုတ်တယ်။ မီရိုကုမ္ပဏီက ငါတို့ ရန်သူပဲ။ သူတို့လှည့်ကွက်ကြောင့် ငါတို့တခါခံရပြီးတာတောင် နောက်တခါအမှားထပ်လုပ်ကြတော့မလို့။ ဒီကောင်တွေကို ကြင်နာပြမနေကြနဲ့။ ငါတို့ ငရဲရောက်သွားမယ်ဆိုရင်တောင် သူတို့ကို ငရဲအပါဆွဲချကြရမယ်”

မီရိုကုမ္ပဏီနဲ့ ဝင်စတန်ဒေသခံတွေ ကြား ဆက်ဆံရေးတော်တော်ဆိုးရွားနေတာပဲ။ သူတို့ရဲ့ မီရိုကုမ္ပဏီအပေါ် မနာလိုမှုဟာ နက်ရှိုင်းသထက် နက်ရှိုင်းလာနေပြီ။

“တဆိတ်လောက်”

မနီးမဝေးအကွာအဝေးမှာရှိသည့်လူတယောက်က လက်မြောက်ပြီးပြောလိုက်သည်။ အားလုံးရဲ့အကြည့်များက ဒီလူဆီ ရောက်သွားတာပေါ့။

‘ကစားသမားတယောက်ပဲ’

NPC ဆိုရင် ခေါင်းအပေါ်မှာ ပေါ်နေသည့် နာမည်များက အစိမ်းရောင်ပါ။ ဒါပေမဲ့ ဒီလူ့အရောင်က အဖြူရောင်ဆိုတော့ မကောင်းသည့် အလုပ်များ မလုပ်ထားသည့် သာမန်ကစားသမားတစ်ယောက် ဖြစ်မည်။

ခန်က သူ့ကိုမေးလိုက်သည်။

“လူငယ်လေး မင်းက ဒီဒေသခံမဟုတ်ဘူး ထင်တယ်”

“ကျွန်တော့်နာမည်က ဟုရိုင်အိပါ။ ခုမှ ဝင်စတန်ကို ပထမဆုံးလာရောက်လည်ပတ်သူပေါ့”

“ခုမှ ပထမဆုံးလာလည်တာပေါ့။ ဟုရိုင်အိ မင်းသိချင်တာကို မေးလို့ရတယ်”

“ဟုတ်ကဲ့။ ဒီမေးခွန်းက မေးရင် စိတ်ဆိုးနိုင်ပေမဲ့.... ဖြစ်နိုင်ရင် ပြောပြပေးပါခင်ဗျာ”

“ရဲရဲသာမေး”

NPC ဆိုတာက သူတို့နဲ့ ပထမဆုံးအကြိမ် စစကားပြောရင် ဖော်ရွေပုံမပြကြဘူးလေ။ ဒီကောင်က အဆင့်မြင့်ပြီး တိုက်ကြီးမှာ ဂုဏ်သတင်းကျော်ကြားရမယ်။

“ကျွန်တော် ဝင်စတန်ကို စရောက်တော့ ကောလာဟလတွေ ကြားခဲ့တယ်.... မီရိုကုမ္ပဏီက ဒေသခံတွေကို ချဉ်းကပ်ပြီးတော့ မြေဝယ် စီးပွားရေးလုပ်ငန်းတွေကိုပါ လက်ဝါးကြီးအုပ်ခဲ့တယ်လို့ ကြားခဲ့တယ်။ ဒါကြောင့်လည်း ဝင်စတန်က ခြေလှမ်းကျယ်ကျယ်နှင့် ဒီလောက်ထိတိုးတက်လာတာလို့ ပြောတယ်။ ဒီကောလာဟလက မှန်ရဲ့လားမသိဘူး”

“မှန်တယ်”

“ဒါဆိုရင် မီရိုကုမ္ပဏီက မြေတွေကို ဖိအားပေးပြီး ဝယ်ခဲ့သလားမသိဘူး”

“မလုပ်ပါဘူး”

“ဒါဆိုရင် မီရိုကုမ္ပဏီရဲ့လုပ်ရပ်က တကယ်ရော မသမာတာ ဟုတ်ရဲ့လားဗျာ။ ခင်ဗျားတို့ မျက်စိကန်းနေကြလို့ မြေနဲ့ စတိုးဆိုင်တွေကို မီရိုကုမ္ပဏီဆီ ရောင်းလိုက်ကြတာလား။ ပြီးတော့ ငွေလက်ခံပြီးတာနဲ့ ဘာလို့ အိမ်ပြောင်းဖို့ မလုပ်ကြတာလဲ။ ဝင်စတန်က ဒီလောက်ကြီးတိုးတက်လာတော့ မနာလိုပြီး ပြဿနာရှာနေကြတာမလား။ တကယ်ဆိုရင် ခင်ဗျားတို့အပြစ်တင်ရမှာက မီရိုကုမ္ပဏီမဟုတ်ဘူး။ ကိုယ့်ရဲ့မသိနားမလည်မှုနှင့် အတ္တကို အပြစ်တင်ကြရမှာ”

“ဒီကောင် ဘာစကားပြောတာလဲ”

“ဒီကောင်က မီရိုကုမ္ပဏီဘက်ကဆိုတာ ရှင်းနေတာပဲ”

ပတ်ဝန်းကျင် အခြေအနေက တင်းမာလာပေမဲ့ ဟုရိုင်အိက နောက်မဆုတ်ပါဘူး။

“ဒီကုမ္ပဏီကပဲ ချမ်းသာမှုကို တည်ဆောက်ထားတာ။ ဒီလိုလုပ်တာက သူတို့အတွက် မိုနိုပိုလီကစားကွက်လိုပဲ ကျွမ်းလွန်းလို့ အံသေနေပြီ။ ခင်ဗျားတို့များ မီရိုကုမ္ပဏီကိုမုန်းရင်တောင် ရန်သူဖြစ်ဖို့ မလိုပါဘူး။ တကယ်တမ်း သူတို့ ဘာအမှားလုပ်ထားတာ ရှိလို့လဲ”

“ဒီကောင်က တဆုံးပြောတော့တာပဲ”

“ငါတို့ ဒီကောင့်ပါးစပ်ပေါက်ကို ပိတ်သင့်ပြီလို့ မထင်ဘူးလား”

ဒေသခံများက မီရိုကုမ္ပဏီဘက်ကပြောတာကို မကြိုက်ကြပါဘူး။ သူတို့ထဲက တချို့ဆိုရင် ဟုရိုင်အိကို ရိုက်ဖို့ ပြင်နေကြပြီ။ ဒါပေမဲ့ ဟုရိုင်အိက ကြောက်ရွံ့ပုံ မပေါ်ပါဘူး။

“ကျွန်တော့်ကို မီရိုကုမ္ပဏီကနေ ဌားထားတာမဟုတ်ဘူး။ ကျွန်တော်က ခင်ဗျားတို့အကျိုးအတွက် ပြောနေတာ။ မီရိုကုမ္ပဏီကို မတိုက်ခိုက်ကြဘဲ ယှဉ်တွဲနေထိုင်ကြပါ။ ဒါက ပညာရှိတဲ့ ရွေးချယ်မှုပဲလေ”

ဒေါသထွက်နေသည့်လူများက ဟုရိုင်အိစကားကိုကြားတော့ စိတ်လျှော့သွားကြပါသည်။ ဒါကို မြင်တော့ ဟုရိုင်အိက သူတို့ကို ဆက်သိမ်းသွင်းလိုက်ပါသည်။

ဒီအခိုက်အတန့်မှာ ခန်က စကားပြောလိုက်သည်။

“ဒီကောင်လေးက တခြားလူကိစ္စကို ဝင်စွက်ဖက်နေတယ်။ သူ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာ ထင်မြင်ချက်ရှိကြလား”

ခန်က သူ့ရဲ့သံသယများကို ဖုံးကွယ်မထားပါဘူး။ သူက ဟုရိုင်အိကို မီရိုကုမ္ပဏီကလွှတ်လိုက်တာလို့ အခိုင်အမာယုံကြည်နေပါသည်။

‘သူ ဆွဲဆောင်နေတာက အသိအသာကြီးကို’

ကျွန်တော်ကတော့ ဟုရိုင်အိက မီရိုကုမ္ပဏီက တာဝန်ရထားသည်ဟု သေချာပါသည်။ လူတွေကို စည်းရုံးနိုင်ရင် သူ့တာဝန်ပြီးသွားလိမ့်မယ်။

‘အခုတောင် လူတွေက ပါချင်ချင်ဖြစ်နေပြီ။ ငါ ဒီကိစ္စကို ဒီလို ဖြစ်ခွင့်ပေးလို့မရဘူး။ ငါ ဝင်နှောင့်ယှက်ရမယ်”

မီရိုကုမ္ပဏီက ရန်သူဟုတ်ဟုတ် မဟုတ်ဟုတ်စိတ်မဝင်စားဘူး။ ဒါဆိုရင် ဘာလို့ ဆန့်ကျင်ဘက်လုပ်နေတာလဲ။ အကြောင်းက....

‘တခြားလူတွေ ကံမကောင်းရင် ငါ ပျော်လို့ပဲ။ မနာလိုလိုက်တာ။ ဒီကောင် ငါ့ရှေ့မှာ ဒီတာဝန်ကို မရှင်းနိုင်စေရဘူး။ ဒီသခင်လေးဝင်မွှေမယ်’

ဟုတ်တာပေါ့။ ကျွန်တော်က အကျင့်မကောင်းတဲ့ ကောင်ပါ။

All Chapters