အခန်း ၃၂
Vol. 4 Ch. 32
အပိုင်း (၃၂) ငါ တစ်နှစ်တောင် အလေလိုက်ခဲ့မိတာလား
“ဟေး .... မင်း”
ဟုရိုင်အိကို ကျွန်တော် နှောင့်ယှက်တော့မဲ့အချိန်မှာ ခန်က ကျွန်တော့်ကို ဆွဲလိုက်သည်။
“ငါ့တာဝန်ထားလိုက်ပါ”
ဟုရိုင်အိဆီ မသွားခင် ခန်က ကျွန်တော့်ကို ကျေးဇူးတင်သည့် အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်လုံးနှင့် ကြည့်ခဲ့သည်။
ခန်က ခေါင်းညိတ်လိုက်ပြီး
“မင်း ပြောတာက အမှန်တရားပဲ။ ငါတို့က အနာဂတ်မှာ ဒီလိုကုမ္ပဏီကြီးနဲ့ ယှဉ်တွဲနေထိုင်တာက ပိုကောင်းတာပေါ့”
ခန်က ဘာပြောလိုက်တာလဲ။
ဒေသခံများထဲတွင် မီရိုကုမ္ပဏီကို မကျေနပ်ဆုံးဖြစ်သည့် ခန်က ဟုရိုင်အိစကားကို လက်ခံသတဲ့လား။ အခု အချိန်တွင် မျက်လုံးတွေ နားတွေ အားလုံးက ခန်အပေါ်ကို အာရုံစိုက်ထားနေကြသည်။ ခန်က ဆက်ပြောလိုက်သည်။
“တကယ်လို့သာ ဝင်စတန်က မြို့စားစတိုင်းရဲ့ ပိုင်နက်သာမဟုတ်ရင် ငါတို့က မင်း ပြောသလို မီရိုကုမ္ပဏီနဲ့ ယှဉ်တွဲနေထိုင်ဖို့ ရွေးချယ်မှာပါ”
စကားက ပညာပါလွန်းနေသဖြင့် ဟုရိုင်အိက မေးခွန်းထုတ်ရတော့မည်။
“မြို့စားစတိုင်းနယ်မြေ မဟုတ်ခဲ့ရင်....”
“ဟုတ်တယ်။ အရေးအကြီးဆုံးကိစ္စက ဒီရွာက မြို့စားစတိုင်းရဲ့ပိုင်နက်နယ်မြေပဲ။ မင်း ဘယ်နေရာကနေ လာလဲဆိုတာကို ငါ မသိပေမဲ့ ဒီနေရာမှာ ‘လူတို့၏ ပိုင်ဆိုင်ခွင့်’ ပြည်တွင်းဥပဒေဆိုတာ ရှိတယ်။ ဒီဥပဒေကို မြို့စားစတိုင်းက သူ့လူတွေကို တန်ဖိုးထားလို့ ပြဌာန်းပေးထားတာပဲ။ ‘ မြို့စားစတိုင်းနယ်မြေတွင် နေထိုင်သူများသည် မည်သူထက်မဆို သက်ဆိုင်ရာနယ်မြေတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို လျင်လျင်မြန်မြန်သတင်းပို့ရမည်’”
ခန်က သူပြောပြထားသည့် ဥပဒေစာကြောင်းကို ပြန်ရှင်းပြပါသည်။
“မင်းလည်း မြောက်ပိုင်းရဲ့ နယ်မြေအသစ်ရှာဖွေတဲ့ ခေတ်အကြောင်းကို သိမှာပေါ့။ မြောက်ပိုင်းမှာက မွန်းစတားအများကြီးနဲ့ ဆိုးရွားတဲ့ ရာသီဥတု ရှိတယ်လေ။ ဒါကြောင့် မရေမတွက်နိုင်တဲ့ စွန့်ဦးနယ်မြေရှာဖွေသူတွေဟာ ရုန်းကန်နေကြရတယ်။ စိုက်ပျိုးနေထိုင်လို့ရတဲ့ နယ်မြေအသစ်တစ်ခု ရှာတွေ့ခဲ့ရင် ဘာဖြစ်မလဲ”
“....ပတ်ဝန်းကျင် နယ်မြေ ရွာတွေကို အကျိုးသက်ရောက်မှု ကြီးကြီးမားမားရှိမယ်”
ဟုရိုင်အိစကားကို ခန်က ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ မှန်တာပေါ့။ ဝင်စတန်ရဲ့လက်ရှိတိုးတက်လာမှုမှာ တာဝန်ရှိတာက ဘာလဲ။ လမ်းတွေ တိုးတက်လာပြီး ပို့ဆောင်ဆက်သွယ်ရေးလွယ်ကူလာလို့။ ဒါဆိုရင် ဘာလို့ လမ်းက တိုးတက်လာပြီး ပို့ဆောင်ဆက်သွယ်ရေးက လွယ်ကူလာတာလဲ။ ဘာလို့လဲဆိုတော့ ဒီနေရာကနေ မဝေးသည့်နေရာမှာ နယ်မြေအသစ်ရှာတွေ့ထားပြီမို့ပေါ့။ ဒါကြောင့် ဝင်စတန်က နယ်မြေအသစ်နဲ့ မြို့တော်ကြားမှာ ဆက်သွယ်ထားတဲ့ တံတားတစ်စင်းဖြစ်လာတာ။ မင်းနားလည်သွားပြီမလား။ မြောက်ပိုင်းမှာက အချိန်တိုင်း အပြောင်းအလဲရှိတယ်။ ဒီအပြောင်းအလဲက မြောက်ပိုင်းက လူတွေအပေါ် သက်ရောက်တယ်”
ခန်က ဆက်ပြောလိုက်သည်။
“ဒါကြောင့်ပဲ မြို့စားစတိုင်းက သူ့နယ်မြေမှာ နေထိုင်သူကို သူတို့ရဲ့နယ်မြေမှာ ဖြစ်နေတာတွေ သတင်းပို့ခွင့်ပေးထားတာပေါ့။ ဒါမှပဲ လူတွေက ရုတ်တရက်အပြောင်းအလဲကို ကြိုတင်ပြင်ဆင်ထားလို့ ရမှာလေ။ ဒါဆိုရင် ငါတို့က ထိခိုက်နစ်နာမှုကို လျော့နိုင်ပြီး အကျိုးအမြတ်ကို မြှင့်တင်နိုင်မှာပေါ့”
ဟုရိုင်အိက အဓိကအချက်ကို ရှာတွေ့သွားသည်။
“ဝင်စတန်ဒေသခံတွေကပဲ တိုးတက်မှုကနေ ရရှိလာတဲ့ အကျိုးအမြတ်ကို ခံစားခွင့်ရှိမယ်။ ခင်ဗျားတို့ ဒီလိုနစ်နာနေတာက မြို့စားစတိုင်းရဲ့ဆန္ဒကို ဆန့်ကျင်နေပြီ။ ဒါကြောင့်ပဲ မီရိုကုမ္ပဏီရဲ့ အနိုင်ကျင့်တာကို ဆန့်ကျင်နေတာပေါ့။ ပြီးတော့ ဝင်စတန်အရှင်ကလည်း ဝင်စတန်ဒေသခံတွေ ဒုက္ခရောက်နေတာကို ဖုံးကွယ်ထားတယ်... ကျွန်တော် အဓိပ္ပာယ်ကောက်တာ မှန်ရဲ့လား”
“မှန်တယ်။ ဒါကြောင့် ငါတို့က မီရိုကုမ္ပဏီနှင့် မညှိနှိုင်းချင်တာပဲ။ ငါတို့ အကျိုးအတွက်ပဲ မဟုတ်ဘူး။ မြို့စားစတိုင်းလူဖြစ်တာကြောင့် မြို့စားစတိုင်းရဲ့ဆန္ဒကို သစ္စာမဖောက်ချင်ကြဘူးလေ။ ဒါကြောင့်ပဲ ငါတို့က မြို့စားစတိုင်းရဲ့ဆန္ဒကို ဆန့်ကျင်နေတဲ့ မီရိုကုမ္ပဏီနဲ့ သူ့အပေါင်းအပါ ဝင်စတန်အရှင်ကို ဆန့်ကျင်နေတာပဲ”
သိပ်ကို လှလိုက်တဲ့ ခုခံပြောဆိုမှုဗျာ။ ခန်ရဲ့ စကားများကြောင့် လူများက စိတ်လှုပ်ရှားလွန်းလို့ ငိုကုန်ကြသည်။ ပြီးနောက် ခန်ရဲ့နာမည်ကို ဟစ်ကြွေးကြသည်။ ခုဆိုရင် လူများအားလုံးက မီရိုကုမ္ပဏီကို ရင်ဆိုင်ဖို့ တသားတည်းဖြစ်သွားကြပြီ။
ဟုရိုင်အိက အသံကျယ်ကြီးနှင့် အံ့အားသင့်စွာ ပြောလိုက်သည်။
“ ဒါဆိုရင် မြို့စားစတိုင်းဆီကို မီရိုကုမ္ပဏီနှင့် ဝင်စတန်အရှင်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို သတင်းပို့ရမှာပေါ့။ ဒါပေမဲ့ ခင်ဗျားတို့က အရှင်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတော့ မြို့စားစတိုင်းဆီ တင်ပြလို့မရဘူးမလား။ ကျွန်တော့်တာဝန်ထားလိုက်။ ဝင်စတန်အတွက် မြို့စားစတိုင်းဆီကို ဒီမှာဖြစ်ပျက်နေတာကို သတင်းပို့ဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ မြို့စားစတိုင်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဝင်စတန်အရှင်ကို တိုင်ချက်ဖွင့်ရမယ်”
“ကျေးဇူးတင်ပါတယ်။ ငါမင်းကို ယုံကြည်တယ်။ မင်းဆီက သတင်းကို မျှော်နေမယ်နော်”
အမ်။ ဒါက ဟုရိုင်အိ ခန်ဆီကနေ တာဝန်ရသွားတာလား။ ထူးဆန်းတာ။ ပုံမှန်ဆို NPC က ကစားသမားကိုပဲ တာဝန်ပေးတာလေ။ ကစားသမားကလည်း ပေးတဲ့ဟာကိုပဲ လက်ခံကြတာ။ ဒါပေမဲ့ အထင်ကြီးလောက်စရာတွေ မရကြဘူး။ ဟုရိုင်အိ ခန်ကို တာဝန်ပေးအောင် ဆွဲဆောင်လိုက်တာလို့ ငါ ခံစားမိနေတယ်နော်။
‘ဒီကိစ္စက မဖြစ်နိုင်လိုက်တာ’
ကျွန်တော် ပန်းပဲဖိုဆီကနေ ထွက်သွားသည့် ဟုရိုင်အိနောက် အပြေးအလွှားလိုက်သည်။
“ဟေး”
ဟုရိုင်အိက ကျွန်တော့်ကို သံသယအပြည့်နှင့် သတိထားပြီး ကြည့်နေသည်။ ပန်းပဲဖိုက သူ့ရဲ့ စူးစမ်းချင်စိတ်များ ပြည့်နှက်နေသည့်ပုံစံနှင့် ကွာလွန်းလို့ လူများမှားသွားတာလားဆိုတာကို တွေးလိုက်မိသည်။
“ထောင့်မှာ လေထဲမှာပေါ်နေသည့် ဖန်သားပြင် ရှိတယ်လေ။ မင်း ငါ့ဆီကနေ ဘာလိုချင်လို့လဲ။ ငါ အခု အလုပ်များနေတယ်”
ထောင့်မှာ ပေါ်နေသည့် ဖန်သားပြင်......
‘အာ ဟုတ်သားပဲ။ ငါ့ပုံစံက ခုမှ ဂိမ်းစဆော့တဲ့ ပုံပေါက်နေတာကို’
အရမ်းသဘောကောင်းတာ မဟုတ်ရင် ကစားသမားတွေက ခုမှစဆော့သူတွေကို စကားသိပ်မပြောချင်ကြတာ သဘာဝပဲ။ အသစ်တွေက ဘာမှမသိတော့ မေးခွန်းထူတယ် တခါတလေဆို အိုင်တမ်ကိုပါ တောင်းကြတာ။
ကျွန်တော်နှင့် စကားစပြတ်သွားသဖြင့် ဟုရိုင်အိက လျစ်လျူရှုလိုက်ပြီး ထွက်သွားပါသည်။
“မင်း အစက ဒီကိုလာတာ မီရိုကုမ္ပဏီဆီက တာဝန်ရလာလို့ မလား။ မင်းရဲ့နဂိုအစီအစဉ်က ဝင်စတန်ဒေသခံတွေကို မီရိုကုမ္ပဏီအတွက်အလုပ်လုပ်ဖို့ သိမ်းသွင်းရမှာလေ။ ဒါပေမဲ့ ဘာလို့ အခုလိုလုပ်လိုက်တာလဲ”
“ဟို” ဟုရိုင်အိက စိတ်ဝင်စားသည့် အမူအရာ ပြလာပါသည်။
“မင်းက ငါ တာဝန်ယူနည်းကို မေးချင်တာလား။ မင်းက ခုမှ စဆော့တာ မဟုတ်ဘူးပဲ။ ကောင်းပြီလေ။ ဘာလို့လဲဆိုတော့ ငါက ပိုများတဲ့ အကျိုးအမြတ်ကိုပဲ လိုချင်လို့ပေါ့။ တာဝန်သတင်းအချက်အလက်မျှဝေပါ”
[ကစားသမားဟုရိုင်အိသည် သင့်အား သတင်းအချက်အလက်ကို မျှဝေချင်နေသည်။ သင် လက်ခံလိုပါသလား]
ကျွန်တော် လက်ခံလိုက်သည်နှင့် ဟုရိုင်အိ တာဝန်အကြောင်း ပေါ်လာသည်။
[ဝင်စတန်ဒေသခံများအတွက်]
ခက်ခဲမှု : A
တကိုယ်ကောင်းဆန်သော အရှင်နှင့် မီရိုကုမ္ပဏီကြောင့် ဝင်စတန်ဒေသခံများ ကြီးကြီးမားမားနစ်နာနေကြရသည်။
အစတွင် သင်သည် မီရိုကုမ္ပဏီက တာဝန်ပေးအပ်ခြင်းခံရသော်လည်း သနားစရာကောင်းသည့် မြို့ခံများအခြေအနေကို မကြည့်နိုင်သဖြင့် မီရိုကုမ္ပဏီကို သစ္စာဖောက်လိုက်သည်။
ယခု သင်သည် မီရိုကုမ္ပဏီ၏ လိုက်လံဖမ်းဆီးမှုကို ရှောင်ရှား၍ နယ်စပ်တွင်ရှိသော မြို့မားစတိုင်းမြို့တော်နယ်မြေကို ဦးတည်ရမည်။ နယ်စပ်ကို ရောက်အောင်သွား၍ မြို့စားစတိုင်းအား ဝင်စတန်တွင် ဖြစ်ပျက်နေသောအကြောင်းအရာများကို ပြောပြပါ။
တာဝန်ရှင်းလင်းရန်အခြေအနေ: မြို့စားစတိုင်းကို တွေ့ဆုံဂါဝရပြုခြင်း
ဆုလာဘ် : ‘တရားမျှတမှုတမန်တော်’ ခေါင်းစဉ်။ ဝင်စတန်ဒေသခံများနှင့် ရင်းနှီးမှုအမြင့်ဆုံးသို့ ရောက်ရှိမည်။ ဝင်စတန်ရွာတွင် ဂုဏ်သတင်းအမြင့်ဆုံးသို့ ရောက်ရှိမည်။ မြို့စားစတိုင်း၏ လက်ဆောင်။
*တရားမျှတမှုတမန်တော် : ‘သတ္တိအညွှန်းကိန်းအား ဖွင့်လှစ်မည်။ အညွှန်းကိန်းများအားလုံး +10။ ‘ချိုးဖျက်၍ မရနိုင်သော တရားမျှတမှု’ စွမ်းရည်အား ဖြစ်ပေါ်စေမည်။
ကျရှုံးမှု : အဆင့် -1။ ဝင်စတန်ဒေသခံများနှင့် ရင်းနှီးမှု ပယ်ဖျက်မည်။ ဝင်စတန်အရှင်မပြောင်းလဲမချင်း ဝင်စတန်ကို ဝင်ရောက်၍ မရတော့ပါ။
“ဒါ ဒါက ရူးချင်စရာပဲ”
ရွာမှာ ဂုဏ်သတင်းနဲ့ ရင်းနှီးမှုအများဆုံးရှိတာက ကစားသမား ဈေးဝယ်ရင် ဈေးချိုချိုရပြီး ကန့်သတ်တာဝန်တွေ ပေးတတ်တယ်။ ပြီးတော့ စီနီယာမျိုးရိုးမြင့်သူတယောက်ဆီက လက်ဆောင်ဆိုတာက အနည်းဆုံး မော်ကွန်းအဆင့်အိုင်တမ်ပဲ။
ပြီးတော့ ဒီအညွှန်းကိန်းအသစ်နဲ့ ခေါင်းစဉ်ကနေ ဖြစ်လာတဲ့ စွမ်းရည်က ရှားပါးလွန်းလို့ ပိုက်ဆံပေးဝယ်လို့တောင် မရဘူး။ ဒါက ကန့်သတ်တာဝန်ပဲ။ ငါ ရထားတာထက်တောင် ပိုကောင်းနေသေးတယ်။
‘ဗိုက်အောင့်လာပြီ...’
ကျွန်တော့်အထဲမှာ မနာလိုတာတွေ လောင်ကျွမ်းလွန်းလို့ ခေါင်းတောင် မူးလာသလိုပဲ။ ကျွန်တော် ခံပြင်းနေတာကို မြင်သဖြင့် ဟုရိုင်အိက အားရကျေနပ်စွာ ပြုံးလိုက်သည်။
“အံ့ဩစရာပဲ မဟုတ်လား။ ဒါက ကန့်သတ်တာဝန်လေ။ ဒါက ငါ ပထမဆုံး ရဖူးတာပဲ”
ဒီကောင့်အပြုံးက ဒေါသထွက်စရာကောင်းလိုက်တာ။ ဒါပေမဲ့ ကျွန်တော့်မှာလည်း သိက္ခာရှိသေးလို့ မနာလိုနေတာကို ဒီကောင့်ကို သိခွင့်ပေးလို့ မရပါဘူး။
“ဟမ်။ ဒါလား အံ့ဩစရာကောင်းတာ။ ကန့်သတ်တာဝန်တွေက ဒီလောက်ကြီးလဲ မဟုတ်ပါဘူး။ ချီးပဲ။ ဘာမှကို အံ့ဩစရာကို မကောင်းတာ။ ငါ ဒီဆုကို တခုမှ မနာလိုမဖြစ်မိဘူးနော်။ ငါ တကယ်ကို မနာလိုမဖြစ်တာ”
“အေးပါ ငါသိပါပြီ”
“ဟုတ်တယ်။ ငါ မနာလို မဖြစ်ဘူး။ ကြွားနေတာကို ရပ်လိုက်ပြီး မင်း ဘယ်လိုလုပ်လဲဆိုတာကိုသာ ငါ့ကိုပြောပြတော့။ ငါ မမှားဘူးဆိုရင် မင်းက NPC ကို တာဝန်ပေးအောင် လုပ်လိုက်တာမလား”
ဟုရိုင်အိ ပုခုံးတွန့်လိုက်ပြီး
“မင်းသတိထားမိသားပဲ။ ဒါပေမဲ့ ဒီသတင်းက မကြာခင် ပြန့်တော့မှာဆိုတော့ လျှို့ဝှက်မထားတော့ပါဘူး။ ငါ မင်းကို နည်းလမ်းပြောပြမယ်”
ဒီနောက်တော့ ကျွန်တော် ကြားလိုက်ရသည့် အရာကြောင့် တုန်လှုပ်သွားခဲ့ရပါသည်။
“ဆက်တစ်စ်ဖိုင်းန်မှာ လွတ်လပ်မှုအတိုင်းအတာက အကန့်အသတ်မဲ့ပဲ။ ငါ ဒီအားသာချက်ကို အသုံးချပြီးတော့ တာဝန်ယူလိုက်တာလေ။ NPC တွေ ငါ့ကို တာဝန်ပေးလာတဲ့ထိ စောင့်မနေနိုင်ဘူး။ ငါ ဥပမာတခု ပြောပြမယ်။ တကယ်လို့သာ ငါက စားသောက်ဆိုင်ပိုင်ရှင်ရှေ့မှာ ကျွန်တော်က ပစ္စည်းပို့တာမှာ မြန်ဆန်ပြီး အလုပ်ကြိုးစားပါတယ်လို့ ပြောလိုက်ရင် စားသောက်ဆိုင်ပိုင်ရှင်က ငါ့ကို ပစ္စည်းပို့တာနဲ့ ဆိုင်တဲ့ တာဝန်ပေးဖို့များတယ်လေ”
“အံ့ဩစရာကောင်းလိုက်တာ... ငါ ဒါကို အရင်က မသိခဲ့ဘူး... လူတိုင်း ဒီလိုမျိုး ရှာနေကြတာလား။ ဒါဆိုရင် ဂိမ်းကို သေချာမဆော့တတ်ရင် နစ်နာတာပေါ့”
“စိတ်ဓာတ်မကျပါနဲ့။ ဒါက ဆက်တစ်စ်ဖိုင်းန်ကို အစောပိုင်းနှစ်များက ကစားတဲ့ လူတွေ သုံးကြတာပါ။ နောက်မှ ဆော့တဲ့ သူတွေက ဒီနည်းကို မသိဘူး။ ဒါကြောင့် မင်း အရမ်းကြီးမနစ်နာပါဘူး။ အစောပိုင်း ကစားသမားအနည်းငယ်ကသာ သိကြတာပါ။ အခုဆိုရင် ဆိုက်မှာ ပြန့်တော့မှာဆိုတော့ လူတိုင်း သိကြတော့မှာပါ”
“…”
“ဟေး မင်းက ဘာလို့ ဒီလောက် ဖြူလျော်နေတာလဲ ချွေးလဲ ထွက်နေလိုက်တာ”
“.... ငါက အဲဒီလူထဲက တယောက်ပဲ”
“…?”
“.....ငါ ငါ ဆက်တစ်ဖိုင်းန်ဖွင့်ကတည်းက စဆော့လာတာ တနှစ်ရှိပြီ...”
“ဘာ ဖူး ဟားဟားဟား” ဟုရိုင်အိ ဗိုက်ကို နှိပ်ပြီး ရယ်ပါတော့သည်။ မျက်ရည်များ ကျလာသည်အထိ ရယ်ပြီးမှ လက်မကို ထောင်ပြီးပြောလိုက်သည်။
“ဒါက ငါကြားဖူးခဲ့တာထဲမှာ ရယ်စရာအကောင်းဆုံးဟာသပဲ။ မင်း လက်တွေ့ဘဝမှာ လူရွှင်တော်မလား။ ငါတို့ သူငယ်ချင်းလုပ်ရအောင်။ သူငယ်ချင်း လုပ်ချင်လား”
“....ထွက်သွား”
ဟာသ လုပ်နေတာမှ မဟုတ်တာ။ ကျွန်တော်က ဆက်တစ်စ်ဖိုင်းန်ကို စဆော့သည့် အစောဆုံးကစားသမားများထဲက တယောက် ဖြစ်သည်။ ဆက်တစ်စ်ဖိုင်းန်ကို ဆော့ဖို့ ကျောင်းတောင် နားလိုက်တာ။ ဒါပေမဲ့ ကျွန်တော် ဒီလို တောင်းလို့ ရသည့်အကြောင်းကို မသိခဲ့ဘူးလေ။ ကျွန်တော် ဆက်တစ်စ်ဖိုင်းန်ကို တနှစ်လုံးလုံး ဘယ်လိုတောင် ဆော့ခဲ့တာပါလိမ့်။
မဟုတ်သေးဘူး။ ငါက လူတိုင်းကြည့်နေသည့် သူလိုငါလို ဝက်ဆိုက်များကို အားထားလွန်းနေသည်။ ငါ့ရဲ့ ဆက်တစ်စ်ဖိုင်းန်ကို နားလည်မှုနိမ့်နေလိုက်တာ ကိုယ့်ကိုယ်ကို အစောပိုင်းကစားသမားဆိုတာကိုတောင် မယုံနိုင်ဘူး။
‘ငါသနားစရာကောင်းလိုက်တာ.... ရှက်ဖို့ကောင်းတယ်’
မျက်လုံးကနေ မျက်ရည်စီးကျလာပါသည်။
“ချီး..... ချီး ... ပဲ ထွက်မယ်”
“ဟေး ဝေး ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ”
ကျွန်တော် ရုတ်တရက်ကြီး ထွက်သွားတာကြောင့် ဟုရိုင်အိခေါင်းရှုပ်သွားပါသည်။
***
“ဒီလူက ဘာလဲဟ”
ဟုရိုင်အိတယောက် ဂရစ်လို့ခေါ်သည့်လူက ရုတ်တရက်ကြီး ဂိမ်းကနေထွက်သွားလို့ ကြက်သေသေသွားပါသည်။ ဒီလူက အာရှကစားသမားဖြစ်ပြီး ဟာသဉာဏ်ရှိလို့ သူငယ်ချင်းဖြစ်ချင်ရုံပဲကို။
“ဖူး”
ဂရစ်ဆိုသည့်လူက သူ့ကိုသူ တာဝန်မယူတတ်သည့်အစောပိုင်းကစားသမားလို့ ပြောတာကို ပြန်ပြန်တွေးရင်း တခစ်ခစ်ရယ်မိနေပါသည်။
“သူက ဘာလို့များ ကစားသမားဟောင်းလို့ ဟန်ဆောင်တာပါလိမ့်။ သူ့မှာ ထူးခြားတဲ့ စရိုက်ရှိတာပဲ။ ငါလဲ သွားသင့်ပြီ”
ဟုရိုင်အိက ဂရစ်ကို ဘဝကို ဖြတ်သန်းနေရင်း လမ်းမှာ တွေ့ခဲ့ရသည့် လူတယောက်လို့ပဲ တွေးမိပါသည်။ ဒါကြောင့် ထူးထူးခြားခြားကြီး မခံစားရပါဘူး။ ဒီအဖြစ်အပျက်ကို ဖြေးဖြေးချင်း မေ့လျော့သွားပါသည်။
ဒါပေမဲ့ ဒီလူသားနှစ်ယောက်ကို ဆန်းကြယ်သည့် ကံတရားက ချည်နှောင်လိုက်ပြီကို သူတို့နှစ်ယောက်လုံး မသိခဲ့ကြ။