← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း (၃၅) ကောင်လေး ငါ့ကို စိတ်မပျက်စေနဲ့ ....

“ဒီကောင်လေးက ဒဏ္ဍာရီလာဇာတ်ကောင်ရှိတာတောင် အဆင့်က ခုမှ ၂၁ ပဲ ရှိသေးတာပဲ။ ဂိမ်းကို ဘယ်လိုများ ကစားနေပါလိမ့်။ ဒီလိုကစားပုံနှင့် ဇာတ်ကောင်တာဝန်ကို ရှာတွေ့သွားတာကိုက အံ့ဩစရာပဲ”

ယွန်းဆောင်မင်သည် ရှင်းယောင်ဝူးကို ဂိမ်းဆော့ရာတွင် ဆိုးရွားမှုကြောင့် မနှစ်သက်ပေ။ ဒဏ္ဍာရီလာဇာတ်ကောင်ကို ရပြီးတာတောင် အဆင့်က ဒီလောက်ပဲ ရှိသေးသည်။ ဒါက ဝက်ကို အဖိုးတန်ပုလဲပေးလိုက်တာနှင့် အတူတူပဲ။ ဖြုန်းတီးတာ။ ယွန်းဆောင်မင်က ဒဏ္ဍာရီလာဇာတ်ကောင်တခု တိမ်မြှုပ်သွားသည်ကို တွေးရင်း နှမျောနေမိ၏။

“သူက သူ့ဘဝတလျောက်လုံး ဘယ်တော့မှ ထိပ်တန်းကစားသမားစာရင်းမှာ ပါမလာမဲ့ သူပဲ။ ဒါပေမဲ့ သူက ဒဏ္ဍာရီဇာတ်ကောင်ကြောင့် ဖြစ်လာမဲ့ ဖြစ်ရပ်များကို ကာကွယ်ပေး လိုက်တာ ဆိုတော့ ဂိမ်းမျှခြေကို ဆက်ထိန်းနိုင်ခဲ့ပြီ ...”

‘ ငါ တခုတော့ သေချာတယ်။ ဒီရှင်းယောင်ဝူးက အဆိပ်။ ဟုတ်တယ် ဆက်တစ်စ်ဖိုင်းန်အတွက် သေစေနိုင်တဲ့ အဆိပ်ပဲ။ ဒီထက်ပိုပြီး ဘာမှမလုပ်နိုင်ခင် ငါတို့ သူ့အကောင့်ကို ထာဝရပိတ်ချပစ်ရမယ်’

သို့သော်လည်း ကစားသမားအကောင့်များကို စီမံပိုင်ခွင့်မရှိသဖြင့် ဒါရိုက်တာယွန်းဆောင်မင်မှာ အတွေးများကို မျိုသိပ်ထားရန်သာ တတ်နိုင်ခဲ့သည်။ ရှင်းယောင်ဝူးအား ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲပြီးနောက် ယွန်းနာဟီးအား လေးနက်နေသော အမူအရာဖြင့် မေးလိုက်၏။

“ဘာလို့ တာဝန်အောင်နိုင်ခြေက ကိုးရာခိုင်နှုန်းတောင် ရှိနေတာလဲ။ ဒီအခြေအနေမှာ အယ်လ်လန်ဘာတာကို ကယ်တင်နိုင်ဖို့အခွင့်အရေးက ဇီးရိုးရာခိုင်နှုန်းတောင် လွန်လွန်းနေပြီ”

တခြားအမှုဆောင်များကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။

“ဒီနံပါတ်က မှားနေတာ ဖြစ်မယ်”

“ဟုတ်တယ်။ စူပါကွန်ပျူတာမော်ဖီးယပ်က ဗိုင်းရပ်ကူးစက်ခံထားရတာ ဖြစ်မယ်”

အဆင့် ၂၁ ကစားသမားက အယ်လ်လန်ဘာတာကို ကယ်တင်နိုင်ဖို့ အခွင့်အရေးလုံးဝမရှိတာကြောင့် ဒီတာဝန်က ကျရှုံးမှာ အသေအချာပါပဲ။ လူတိုင်းဟာ အယ်လ်လန်ဘာတာအတွက် စိတ်မကောင်းဖြစ်နေကြသည်။

ဒီဝမ်းနည်းနေသည့် လူအုပ်ကြီးအလယ်တွင် လင်ချန်းဟိုသည်သာ ပျော်ရွှင်နေခဲ့သည်။

‘ မင်းက ဒဏ္ဍာရီလာဇာတ်ကောင်ကို ရနိုင်ခဲ့ပြီး ပထမဆုံးမော်ကွန်းမြှားကို ဖန်တီးနိုင်ခဲ့တယ်။ ဒီလို လူက ဘယ်လိုလုပ် အရည်အချင်းမရှိရမှာလဲ။ ကောင်လေး မင်း ငါ့ကို စိတ်မပျက်စေနဲ့ကွာ”

အနာဂတ်အကြောင်းအရာများသည် ဖြစ်နိုင်သည့် အပြောင်းအလဲ အလွန်များသဖြင့် ခန့်မှန်းရန် ခက်ခဲလွန်းလှသည်။ လင်ချန်းဟိုက ရှင်းယောင်ဝူးကြောင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို ကြည့်ရှုခွင့်ရသည့်အတွက် ပျော်ရွှင်နေ၏။

လင်ချန်းဟိုက တာဝန်ကြောင့် ဖြစ်ပေါ်လာမည့် ရလဒ်များကို လျစ်လျူရှုထားရင်း ပျော်ရွှင်နေခဲ့သည်။ ယွန်းဆောင်မင်အပါအဝင် တခြားအမှုဆောင်များသည် ဝမ်းနည်းမှုပင်လယ်ထဲ၌ နစ်မြှုပ်နေကြ၏။

***

ငါက ခန်ကို ဟုရိုင်အိထက် အရင်တွေ့တာ ပန်းပဲဖိုကိုလည်း ကာကွယ်ပေးရသေး ပြီးတော့ ဆေးဖိုးကိုပါ စိုက်ပေးရသေးသည်။ ငါကမှ သူ့ကျေးဇူးရှင်ကြီးပဲ။

ဟုရိုင်အိကကော။ သူက အားပေးစကားနည်းနည်လေးပဲ ပြောခဲ့တာလေ။

“ဘာကြောင့်လဲ”

ဘာလို့ ခန်က ဒီလို တာဝန်အကြီးကြီးကို ငါ့လို ကျေးဇူးရှင်ကြီးကို မပေးရတာလဲ။ ငါ့ကျတော့ ပိုက်ဆံစိုက်ထုတ်ရပြီး တခြားလူကျတော့ ရွှေခြောက်ရာရမဲ့ တာဝန်ကို ပေးလိုက်သတဲ့။

‘ပုံမှန်ဆို ငါက ဒီတာဝန်ကို ရသင့်တာလေ’

ခန်က ကျေးဇူးသိသည့် NPC ဟု ထင်ခဲ့မိသော်လည်း ကျေးဇူးမသိတတ်သည့် NPC တယောက် ဖြစ်နေခဲ့သည်။

“ခန်က ငါ့ကို ကျေးဇူးဆပ်သင့်တာပေါ့။ ရူးနေလို့များ တခြားလူကို တာဝန်ပေးရလား။ ဇာတ်လမ်းတခုလုံးကို စေ့စေ့စပ်စပ်တွေးကြည့်ရင် NPC ဆီက တာဝန်ကောင်းကောင်းရဖို့ ဟန်ဆောင်ကောင်းရမယ်ဆိုတာကို သင်ခန်းစာရလိုက်သည်”

‘ဝင်စတန်ဒေသခံများအတွက်’ တာဝန်အကြောင်း ပိုပြီးတွေးမိလေ ခံစားချက်များ ပိုပြီးဆိုးရွားလာပါသည်။ ဒီလို တာဝန်မျိုးကို ခန်က ဘာလို့ သူ့အရင်းနှီးဆုံးလူကို မပေးလဲ။ ဒီအစား ဟုရိုင်အိကို ပေးလိုက်တယ်။ ကြည့်ရတာ ငါ့ရဲ့ လူဆိုးဘက်ကို ခန် အရင်က မမြင်ဖူးလို့ ထင်တယ်။

“ ငါ့အဖြစ်က ခွေးထက်တောင် သနားစရာကောင်းနေပြီ”

ကျွန်တော် အိမ်ဘေးက လမ်းဘေးဈေးဆိုင်မှာ ဆိုဂျူပုလင်းကို ပုလင်းလိုက် မော့နေသည်။

ပုံမှန်ဆို ကျွန်တော့်အကန့်အသတ်က တပုလင်းနှင့် တဝက်ဆိုပေမဲ့ ခန်ကို အရမ်းစိတ်ပျက်မိတာကြောင့် အများကြီး သောက်ပစ်လိုက်သည်။

အခုဆိုရင် တတိယမြောက်ပုလင်းပါ ဗလာဖြစ်သွားပြီပေမဲ့ ကျွန်တော့်နှလုံးသားကတော့ ငိုနေဆဲပါပဲ။

ငါ ဒီအကြောင်းမတွေးမိချင်ဘူး။ ပိုတွေးရင် ခန်အပေါ် ပိုမုန်းသွားလိမ့်မယ်။ ခန်အပေါ်ကို ငါက စိတ်ရင်းနှင့် ဆက်ဆံခဲ့ပေမဲ့ ဘာကြောင့်လဲ။ ဘာကြောင့် ခန်က ငါ့ကို မယုံကြည်တာလဲ။

“ဒီလောက်ကောင်းသည့် တာဝန်ကို ဘာလို့ တခြားလူကို ပေးလိုက်ရတာလဲ။ ဘာကြောင့်လဲ .... ။ သစ္စာဖောက်”

ဒီမိုးကလည်း မနက်ဖြန်ကနေ နောက်သုံးရက်နေ့ထိ ရွာအုံးမှာဆိုတော့ ဒီအချိန်လေးတော့ အလုပ်သွားဖို့ စိုးရိမ်စရာမလိုပါဘူးလေ။

ဆိုင်ရှင်အဒေါ်ကြီးကို အသံဗြဲကြီးနှင့် အော်ခေါ်လိုက်သည်။

“အဒေါ်ကြီး”

တော့ပိုကီကို ဖြတ်နေသည့် သတ်လတ်ပိုင်းအရွယ်အမျိုးသမီး ကျွန်တော့်ခေါ်သံကြောင့် တုန်ထွက်သွားသည်။ သူမရဲ့ အကြည့်များထဲမှာ တုန်လှုပ်မှုအရိပ်အယောင်တစွန်းတစကို ကျွန်တော် တွေ့လိုက်မိသည်။

‘ …. အထီးကျန်တာ များသွားလို့ အထီးကျန်မှုအော်ရာတောင် ငါ့ကိုယ်ကနေ ထွက်နေပြီး အမျိုးသမီးကို ဆွဲဆောင်မိတာလား”

ကျွန်တော့်ရဲ့ မျက်လုံးများက နှင်းများဖုံးလွှမ်းနေသည့် ဧဝရတ်တောင်အလား အထီးကျန်မှုများနှင့် ပြည့်နှက်နေသည်။ ဒီသတ်လတ်ပိုင်းအရွယ် အမျိုးသမီးရဲ့ မျက်လုံးက တုန်လှုပ်ဟန်များက သူ့သားအရွယ်ကလေးတယောက်ကို ဆွဲဆောင်ဖို့ လွန်ဆွဲနေသလိုပဲ။

‘အင်း ငါကိုက ဒီလောက်ဆွဲဆောင်မှုရှိနေတော့ ....’

ကျွန်တော် ဒီသတ်လတ်ပိုင်းအရွယ် အမျိုးသမီးကို အားနာမိပေမဲ့ သူမလို အိမ်ထောင်ရှိအမျိုးသမီးကို စိတ်မဝင်စားပါဘူး။

‘သူများမိသားစုကို ဖြိုခွဲမိတာက အပြစ်ကြီးတခုပဲ’

ဒါကြောင့် ဒီအမျိုးသမီးရဲ့ ကျွန်တော့်အပေါ် စွဲလမ်းမှုများကို ဖြတ်တောက်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ဆိုဂျူနောက်တပုလင်း။ ငါးစွပ်ပြုတ်ကိုလည်း ပြန်ဖြည့်ပေးပါအုံး။ ဝန်ဆောင်မှုပေးတဲ့ အနေနဲ့မုန်လာတခြမ်းပါ ငါးစွပ်ပြုတ်ထဲ ထည့်ပေးနော် ....”

သတ်လတ်ပိုင်းအရွယ်အမျိုးသမီးက ကိုင်ထားသည့် ဓားများကို စဉ်းတီတုံးပေါ် ပစ်ချလိုက်ပြီး ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက်ထိုး အော်လိုက်သည်။

“ မင်း အရမ်းလွန်နေပြီ။ ဆိုဂျူသုံးပုလင်းကို ထည့်မပြောဘူး။ ဒီ ငါးစွပ်ပြုတ်ကိုတော့ ကိုးခါမြောက်ထပ်မထည့်ပေးနိုင်တော့ဘူးလို့ ပြောပြီးသားလေ။ အမြဲတမ်း ဝန်ဆောင်မှုပဲ ပြောနေတာ။ မင်းမှာတဲ့ အမြည်းက ဆိုဂျူတန်ဖိုးထက် ကျော်နေပြီဟဲ့။ ငယ်ငယ်ရွယ်ရွယ်လေးရှိသေးတာ ဘာလို့ ဒီလောက်အရှက်မရှိရတာတုန်း”

“ ... ခင်ဗျားက ဖော်ရွေမှု မရှိဘူးပဲ။ အနည်းဆုံးတော့ ကိုယ့်ဆိုင်လာတဲ့ ဖောက်သည်ကို ငါးစွပ်ပြုတ်လောက်တော့ တိုက်မှပေါ့ ... ဒီလောကကြီးက ငါ့ကို တော်တော်စိတ်ပျက်စေတာပဲ။ ခင်ဗျားကလဲ ခန်လိုပဲ သိလား”

“ကောင်စုတ်လေး ဘာများ ပြောနေတာလဲ။ ငါ ထပ်ပြီး အမြည်းအလကားမပေးနိုင်တော့ဘူးနော်”

ခေါင်းမာတဲ့ ဆိုင်ရှင်ပဲ။ ကျွန်တော့်အစီအစဉ်က ဟာနေသည့် အစာအိမ်ကို ငါးစွပ်ပြုတ်နှင့် ဖြည့်ဖို့ဆိုပေမဲ့ ထားပါတော့လေ .....

“ နှုတ်ဆက်ပြီး ရက်စက်သည့် အစစ်အမှန်လောကကို ပြန်ဖို့ အချိန်တန်ပြီ ....”

ကျွန်တော် အမြည်းမတောင်းတော့ဘဲ ဆိုဂျူအတွက် ပိုက်ဆံကို စားပွဲခုံပေါ်တင်ပြီး လမ်းပေါ် ထထွက်လာခဲ့သည်။ အထီးကျန်ဆန်နေသည့် ခြေလှမ်းများနှင့် ကျွန်တော့်ကို အနောက်ကနေ ဒေါသတကြီး အော်ခေါ်သည့် အသံ ကြားလိုက်ရသည်။

“ဟေး ကောင်လေး ဝမ်တစ်ထောင်လိုနေတယ်။ ဝမ်တစ်ထောင်ပေးအုံး”

မူးနေလို့ ပိုက်ဆံ မှားရေမိတာပဲ။

‘ တထောင်မပေးဘဲ နေရင် ကောင်းမလား’

အတိတ်မှာတုန်းက ပိုက်ဆံချွေတာဖို့ မစဉ်းစားမိပေမဲ့ အခုတော့ အကြွေးပုံထဲ နစ်နေလို့ စဉ်းစားဖို့ လိုပြီလေ။ ကိုယ်ကျင့်တရားကောင်းသည့် လူငယ်ကြောင့်ပဲ ကိုရီးယားနိုင်ငံအနာဂတ်က မျှော်လင့်ချက်ရှိတာ မဟုတ်လား။ တောင်ကိုရီးယားနိုင်ငံအနာဂတ်အတွက်ကော လိပ်ပြာသန့်ဖို့ အတွက်ပါ ကျွန်တော် ဝမ်တထောင်ကို ပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

‘ …. ဘယ်လိုပဲဖြစ်ဖြစ် လမ်းလျောက်တာတောင် ယိုင်နေတာဆိုတော့ ပြေးဖို့ကလဲ မဖြစ်နိုင်။ ပြေးရင်လည်း မိမှာဆိုတော့ တန်း ရဲစခန်းကို ခေါ်သွားခံရမှာပဲ’

ဝမ်တထောင်အတွက် ပြေးရတာက ရှက်ဖို့ မကောင်းဘူးလား။ ကျွန်တော်လည်း နောက်လှည့်ပြီး သက်လတ်ပိုင်းအရွယ်အမျိုးသမီးကို ဝမ်တထောင်ပေးလိုက်သည်။

“ဒီပျက်စီးနေတဲ့ ခေတ်သစ်အဖွဲ့အစည်းက လူတယောက်အနေနဲ့ ကျွန်တော် ပိုက်ဆံမပေးဘဲ ထွက်ပြေးနိုင်တယ်။ ဝမ်တထောင်ကို ပြန်ပေးမိတာ အံ့ဩစရာမကောင်းဘူးလား”

“ .... လူအများစုကတော့ ထွက်ပြေးကြမယ် ဆိုပေမဲ့ပေါ့”

“ဒါ .... ဒီကမ္ဘာကြီးကို စိတ်မပူဘူးလား။ ဒီရက်မှာ ကိုယ်ကျင့်တရားပျက်စီးနေသူတွေ ဘယ်လောက်တောင် များလာနေပြီလဲ။ ကျွန်တော့်လို လူမျိုးက ရှားပါးလာပါပြီလေ”

“ဟုတ်ပါပြီ ငါ နားလည်တယ်။ ငါနားလည်ပြီမို့ မင်းလဲ အိမ်ပြန်သင့်ပြီ။ မူးနေပြီ”

“ အဒေါ်ကြီး။ ဒီချမ်းစိမ့်အေးစက်နေတဲ့ ရာသီဥတုမှာ လူငယ်လေးတယောက်ကို ငါးစွပ်ပြုတ်ပူပူလေးတထုပ်လောက် မပေးချင်ဘူးလား”

“…”

သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ဘာမှပြန်မပြောဘဲ ဆိုင်ထဲ ပြန်ဝင်သွားပါသည်။ ကျွန်တော် သူ့ကို ငါးစွပ်ပြုတ်လေးတထုပ်နှင့် ပြန်ထွက်လာဖို့ စောင့်နေပေမဲ့ ငါးမိနစ် ဆယ်မိနစ်ကြာလာသည့်အထိ သူက ပြန်ထွက်မလာခဲ့ပါဘူး။

“ဟဟ ငါ နောက်ထပ်တခါ သစ္စာအဖောက်ခံလိုက်ရတာပဲ။ လူကော NPC ကပါ ငါ့ယုံကြည်ချက်ကို ဘာလို့သစ္စာဖောက်ကြတာလဲ”

ဒီခါးသီးသည့် ကမ္ဘာကြီးမှာ ကျွန်တော်တယောက်တည်းသာ အားကိုးရာဆိုတာကို နားလည်မိသွားသည့် အချိန် အိမ်ကို ပြန်လာခဲ့ပါသည်။

***

“အကို နောက်ကျမယ် ဆိုရင်လည်း ဖုန်းဆက်လေ။ အခု ဘယ်အချိန်တောင် ရှိနေပြီလဲ”

ကျွန်တော် အိမ်ပြန်လာသည့် အချိန်က ညသန်းခေါင်ကို ကျော်သွားခဲ့ပါပြီ။ ကျွန်တော် အိမ်ထဲ ဝင်လာတော့ ဧည့်ခန်းထဲမှာ တီဗီကြည့်နေသည့် ဆယ်ဟီးက ကျွန်တော့်ကို နားပူနားဆာလုပ်ပါတော့သည်။

“အကို အခုအချိန်ထိအောင် အပြင်မှာ သောက်နေတာလား။ အခုအချိန်ထိ သူငယ်ချင်းလည်းမရှိ ရည်းစားလည်း မရှိနဲ့။ တယောက်တည်း အရက်သောက်နေတာလား”

“ ... ဟေး မနက်ဖြန် ကျောင်းသွားရမှာလေ မအိပ်သေးဘူးလား”

“အလုပ်နှင့် ဂိမ်းအတွက်ပဲ အချိန် ပေးနေတဲ့ လူတယောက်က ရုတ်တရက် ပျောက်သွားတာကို စိတ်ပူနေတာလေ .... တော်တော်ထူးဆန်းမနေဘူးလား”

“ အကို့ကို စိတ်ပူနေလို့ အခုအချိန်အထိ မအိပ်ဘဲ စောင့်နေတာလား”

“ဘယ်သူက စောင့်နေလို့လဲ။ ည ညီမက ဒီတိုင်း တီဗီကြည့်နေတာ ဒါကြောင့် မအိပ်သေးတာ အထင်မလွဲနဲ့ အစ်ကို့ကို ဘယ်သူက စောင့်နေမှာလဲ”

“စိတ်ဆိုးသွားတာလား။ ဆယ်ဟီး မျက်နှာက နီနေတာကော။ အကို ဘာအမှားလုပ်မိလို့လဲ”

“ဘ ဘယ်သူ့မျက်နှာက နီနေလို့လဲ။ ဟာသလာမလုပ်နဲ့။ သွားအိပ်ပြီ”

ဒုန်း

ဆယ်ဟီးက လှည့်ထွက်သွားပြီး အခန်းထဲ ဝင်သွားပါသည်။

“ဖူး ဆယ်ကျော်သက်မိန်းကလေးက တကယ်ကို နားလည်ရခက်တာပဲ”

ဆယ်ဟီးအော်လိုက်သည့် အသံကြောင့် သောက်ထားသည့် ရီဝေမှုများ လွင့်ထွက်သွားပါသည်။ ‘ဝင်စတန်မြို့ခံများအတွက်’ တာဝန်ကို တွေးမိတော့ ဒေါသထပ်ထွက်လာရပြန်ပါသည်။

“ငါ စောစောအိပ်သင့်ပြီ”

ဆယ်ဟီးက နောက်တကြိမ် အခန်းထဲကနေ ထွက်လာပြီး ကျွန်တော့်နား ကပ်လာကာ နားပူနားဆာထပ်လုပ်ပြန်သည်။

“မအိပ်ခင် သွားတိုက်ပြီး ခြေထောက်ဆေးအုံး။ သောက်ထားလို့ ရေတော့ မချိုးရဘူးနော်။ မှာပဲ မှာရတာ အကိုကလဲ နေ့တိုင်း ရေချိုးတာ မဟုတ်ပါဘူး”

“... အိပ်တော့မှာဆို”

“ဟမ့် မအိပ်ခင် ရေသောက်မလို့”

“သွား ရေသောက်ချေတော့ ဂွတ်နိုက်”

ဆယ်ဟီး မီးဖိုချောင်ကို သွားလိုက်ပြီး ကျွန်တော်ကတော့ ရေချိုးခန်းထဲ ဝင်လိုက်ပါသည်။

“ငါက တနေ့ကို တကြိမ်ထက် သွားတိုက်ရအောင် ကလေးမှ မဟုတ်တော့တာ”

ကျွန်တော် တချို့နေ့များမှာဆို တနေ့ သုံးကြိမ်စလုံး သွားတိုက်သည်။ အခု အိပ်ချင်လို့ မျက်ခွံများတောင် လေးနေပြီ။

‘တနေ့လောက် သွားမတိုက်လို့ သေမသွားပါဘူးလေ’

ကျွန်တော် ခြေ လက်တွေကို ဆေးလိုက်ပြီး ရေချိုးခန်းကနေ ထွက်လာခဲ့သည်။ ကျွန်တော် အခန်းထဲ ရောက်တော့ ဆယ်ဟီးက အခန်းပြင်ကနေ အော်ဟစ်နေပေမဲ့ ကျွန်တော်ကတော့ အိပ်ပျော်သွားသည်။

တနေ့တာ ကုန်ဆုံးသွားလေပြီ။

All Chapters