အခန်း ၃၆
Vol. 4 Ch. 36
အပိုင်း (၃၆) ဆံပင်ရွှေရောင်နှင့် မိန်းမလှလေး ယူဖီမီနာ
နောက်နေ့မနက် ကျွန်တော် အိပ်ရာကနေ နိုးသည်နှင့် ဆက်တစ်စ်ဖိုင်းန်နှင့် ချိတ်ဆက်လိုက်ပြီး ပန်းပဲဖိုကို သွားလိုက်သည်။ ခန်က ကျွန်တော့်ကို စောင့်နေတာ မြင်တော့ ချက်ချင်းပဲ သူ့ကို ပြဿနာရှာလိုက်သည်။
“ခင်ဗျား ဘာလို့ ဟုရိုင်အိလို သူစိမ်းတယောက်ကို တာဝန်ပေးလိုက်တာလဲ။ ကျွန်တော်က လူဆိုးမို့လို့လား။ ခင်ဗျား ကျွန်တော့်ကို အဲဒီတာဝန်ကို ပေးသင့်တာပေါ့”
ခန်က ကျွန်တော် ဘာပြောနေမှန်း မသိသည့် အမူအရာနှင့် ကြည့်နေသည်။ ကျွန်တော့် စကားများကို ဆက်စပ်မိသွားမှ သဘောပေါက်သွားသည့် ပုံနှင့်
“မင်းက မြို့စားစတိုင်းကို ဝင်စတန်အကြောင်း ပြောခိုင်းသည့် တာဝန်အကြောင်း ပြောနေတာလား”
“ဟုတ်သည်”
ဟဟ ၊ ခန်က နှလုံးသားကနေ လာသည့် ရယ်ပုံမျိုးနှင့် ရယ်ပြီး ရှင်းပြသည်။
“မင်းက ငယ်ရွယ်လွန်းတဲ့ ကောင်လေးတယောက် ဆိုပေမဲ့ မင်းအသက်နှင့် ယှဉ်ရင် မင်းမှာက အရည်အချင်းကောင်းရှိပြီး တရားမျှတမှုနဲ့ အနစ်နာခံမှုတွေ ....”
“အမ်”
သူ ဘာပြောနေတာလဲ။
“ မင်းနဲ့ ဘာရင်းနှီးမှုမှ မရှိသည့် ဝင်စတန်ဒေသခံအတွက် စွန့်စားမှုကြီးလုပ်ဖို့ ရည်ရွယ်နေတာ မဟုတ်လား”
“အမ် ကျွန်တော်က ဒီလို ရည်ရွယ်တာ မဟုတ် ....”
“ရပြီ ထပ်မပြောနဲ့တော့ မင်းကလေ အရမ်းရိုးသားလွန်းတာပဲ”
“……”
ခန်က ကျွန်တော့်ကို အထင်လွဲပြီး တရားမျှတမှုကို အင်မတန်မြတ်နိုးသည့် ကောင်လိုပုံစံကို ပြောင်းပစ်လိုက်သည်။ ကျွန်တော် ထပ်မပြောရသေးခင်မှာပဲ ခန်က ပုခုံးပေါ်ကို လက်တင်လိုက်ပြီး
“မင်းက ဝင်စတန်ဒေသခံတွေအတွက် စိတ်ပူနေတာ ငါ သိပါတယ်ကွာ။ ဒါပေမဲ့ မင်းကို ငါက ဘေးအန္တရာယ်ထဲ ဘယ်လိုလုပ် စွန့်စားခိုင်းရက်မလဲ။ မင်းက ငါ့အတွက်တော့ ငါ့သားလိုပဲ။ တန်ဖိုးထားတယ်။ မင်းကို ဒီလိုမျိုး အန္တရာယ်ရှိတာတွေကို လုပ်ခိုင်းဖို့ မမေးရက်ဘူးကွာ”
ခန်ရဲ့မျက်လုံးက နွေးထွေးလိုက်တာ။
“မီရိုကုမ္ပဏီကလည်း မင်းနဲ့ ငါ ရင်းနှီးတာ သိနေတယ်လေ။ ဒါကြောင့် ဂရုတစိုက် လုပ်ရမယ်။ မီရိုဘက်က မင်း ဝင်စတန်ကနေ ထွက်မသွားမချင်း ဘာမှ လှုပ်ရှားမှာ မဟုတ်ဘူး။ မင်းသာ ငါ့ကြောင့် ထိခိုက်မှု တခုခုဖြစ်သွားခဲ့ရင် ငါ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးကွာ”
ခန်က တကယ်ငါ့ကို ရိုးရိုးသားသား ချစ်ခင်နေတာပါလား။ ကျွန်တော့်ရင်ပင် တဒိန်းဒိန်းခုန်သွားသည်။ ခန်ကို နားလည်မှုလွဲမိလို့ စိတ်မကောင်းဖြစ်နေခဲ့သည်။
“ခန် ... ကျွန်တော် ခင်ဗျားစိတ်ရင်းစေတနာကို ကျွန်တော် မမြင်နိုင်ခဲ့ဘူး။ ကျွန်တော် ထင်တာက ကျွန်တော့်ကို မယုံကြည်ဘူးလို့”
“ဘယ်လိုလုပ် ဒီလိုဖြစ်ရမှာလဲ။ ငါက မင်းကို ဘယ်သူ့ထက်မဆို ယုံကြည်တယ်။ ဒါကြောင့်ပဲ ဒီပန်းပဲဖိုရဲ့ ကံကြမ္မာကိုတောင် မင်းဆီ အပ်ထားခဲ့တာ မဟုတ်လား”
ကျွန်တော် ခန့်စကားကို နားထောင်ပြီးနောက် သူ့အပေါ် အထင်လွဲခဲ့တာ မရှိတော့ပါဘူး။ ခန်က စိတ်လှုပ်ရှားစွာနှင့်
“မင်း ပြိုင်ပွဲကို အာရုံစိုက်ရမယ်။ မင်း ဘာလုပ်နိုင်တယ်ဆိုတာ မီရိုကုမ္ပဏီကို ပြလိုက်”
“ရက်သတ်မှတ်ပြီးသွားပြီလား”
“ဟုတ်တယ်။ နောက်နှစ်ရက်ပဲ။ ဒီအတောအတွင်း မင်းစွမ်းရည်ကို မြှင့်ရမယ်။ မင်းရဲ့ အရောင်တင်ထားတဲ့ ဒဏ္ဍာရီလာပန်းပဲဆရာစွမ်းရည်နဲ့ လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ကြစို့”
အိုကေ။ ကျွန်တော် အားတက်လာပါသည်။
“ခန် ကျွန်တော် ဒီပြိုင်ပွဲကို အနိုင်ယူပေးမယ်”
“ ကျေးဇူးတင်တယ္ကွာ။ ငါ့မှာ မင်းကို ကူညီဖို့ နည်းစနစ်ကောင်းကောင်းမရှိပေမဲ့ တဘဝလုံးစုဆောင်းထားသည့် အတွေ့အကြုံတွေတော့ ရှိပါသေးတယ်။ ငါ အတတ်နိုင်ဆုံး ကူညီပေးမယ်”
ဒီနေ့ကစပြီး ခန်နှင့် ကျွန်တော် ပိုပြီးလေ့ကျင့်သည်။ ထုတ်လုပ်ရေးနည်းစနစ်များကို ထပ်ကာထပ်ကာလေ့ကျင့်ခဲ့တာကြောင့် စွမ်းရည်က ပိုပြီးကျွမ်းကျင်လာပြီး အရောင်အဝါထွက်လာသည်။ ကျွန်တော် ထိရောက်သည့် အပြုအမူကိုပဲ ပြုလုပ်ခဲ့ပြီး မလိုအပ်သည့် လှုပ်ရှားမှုများကို ရှောင်ရှားခဲ့သည်။
ပစ္စည်းဖန်တီးသည့်အခါ ရှားပါးအဆင့်နှင့် မော်ကွန်းအဆင့်အိုင်တမ်များ ပေါ်ထွက်လာသည့် ရာခိုင်နှုန်းက နည်းနည်းလေး တိုးလာသည်။
[ ရှားပါးအဆင့်အိုင်တမ်ကို ထုတ်လုပ်နိုင်ခဲ့သဖြင့် အညွှန်းကိန်းများအားလုံးကို နှစ်မှတ်ပေါင်းထည့်ပေးလိုက်သည်။ တိုက်ကြီးတွင် ဂုဏ်သတင်းအမှတ်သုံးဆယ် မြင့်တက်လာသည်]
[မော်ကွန်းအဆင့်အိုင်တမ်ကို ထုတ်လုပ်နိုင်ခဲ့သဖြင့် အညွှန်းကိန်းများအားလုံးကို လေးမှတ်ပေါင်းထည့်ပေးလိုက်သည်။ တိုက်ကြီးတွင် ဂုဏ်သတင်းအမှတ်ရှစ်ဆယ် မြင့်တက်လာသည်]
[ဇွဲလုံ့လမြင့်တက်လာသည်]
[ကျွမ်းကျင်မှုမြင့်တက်လာသည်]
ဇွဲလုံ့လနှင့် ကျွမ်းကျင်မှု အညွှန်းကိန်းတွေတက်လာတာ ပျော်ပေမဲ့ သတ္တုအရေအတွက်က အကန့်အသတ်ရှိတော့ ဒီအချက်က အားနည်းချက် ဖြစ်နေသည်။
ခန်ကလဲ နဂိုကတည်းက မွဲနေပြီး ကျွန်တော်လည်း ပိုက်ဆံချွေတာနေရလို့ ပိုပြီး အဆင့်မြင့်သတ္တုကို မသုံးနိုင်ခဲ့ဘူး။ ကျွန်တော် ဂိုဒေါင်ထဲက သတ္တုကို သုံးလို့ရပေမဲ့ အများစုက ပစ္စည်းအရည်အသွေးညံ့သည်။ မီရိုကုမ္ပဏီကြောင့် သူ့မှာလည်း ပစ္စည်းကောင်းကောင်းတွေ မရခဲ့တော့ ကျွန်တော်လည်း စွမ်းဆောင်ရည်မြင့်မားတဲ့ အိုင်တမ်တွေ ထုတ်လို့ မရနိုင်တာပေါ့။
အဆင့်မြင့်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ အိုင်တမ် များများထုတ်နိုင်ရင် ကျွန်တော့်ထုတ်လုပ်ရေးစွမ်းရည်တွေမှာ အတွေ့အကြုံမှတ်များများရလိမ့်မယ်။ အိုင်တမ်က အဆင့်နိမ့်ပါဝင်ပစ္စည်းနဲ့ အရည်အချင်းညံ့နေရင် ရှားပါးအဆင့်ဖြစ်သွားရင်တောင် အတွေ့အကြုံမှတ်အရနည်းပြီး ဈေးမရဘူး။
‘ရှားပါးအဆင့်အိုင်တမ်ကို စတိုးဆိုင်မှာ ရောင်းလိုက်ပြီး မော်ကွန်းအဆင့်ကို ငါ ကစားသမားတွေဆီ ရောင်းလို့ ရလောက်တယ်’
[အသုံးပြု၍ ရသော သံဓား]
အဆင့် : မော်ကွန်း
အကြမ်းခံမှု : 19/19 တိုက်ခိုက်စွမ်းအား : 35~40 တိုက်ခိုက်မြန်နှုန်း : +2%
ဤဓားကို ပြုလုပ်သူသည် မြင့်မားသော စွမ်းရည်နှင့် အလားအလာတို့ ရှိသော်လည်း အတွေ့အကြုံနှင့် ဂုဏ်သတင်းကင်းမဲ့နေသည်။
အရှည်နှင့် အလေးချိန်တို့ ပြီးပြည့်စုံစွာ တွဲဖက်ထားသဖြင့် အသုံးပြုရလွယ်ကူသည်။ ကစားသမားကို အနည်းငယ်မြန်ဆန်စွာ တိုက်ခိုက်နိုင်ရန် ထောက်ပံ့ပေးသည်။
အဆင့်နိမ့်သတ္တုများဖြင့် ဤဓားအား ဖန်တီးနိုင်သည်မှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။
ကစားသမားကန့်သတ်ချက် : အဆင့် ၁၂ နှင့် အထက်။ ခွန်အားအမှတ်သုံးဆယ်အထက်။ လက်သင်အဆင့်ဓားကျွမ်းကျင်မှု။
[မထင်မှတ်ထားလောက်အောင် သက်တောင့်သက်သာရှိသော ကြွက်သားရေချပ်ဝတ်]
အဆင့် : မော်ကွန်း
တာရှည်ခံမှု : 24/24 ခုခံမှု : 22 လှုပ်ရှားမှုအမြန်နှုန်း : +3%
ဤချပ်ဝတ်ကို ပြုလုပ်သူသည် မြင့်မားသော စွမ်းရည်နှင့် အလားအလာတို့ ရှိသော်လည်း အတွေ့အကြုံနှင့် ဂုဏ်သတင်းကင်းမဲ့နေသည်။
ချပ်ဝတ်ကို ဒီဇိုင်းထုတ်ထားပြီးဖြစ်သဖြင့် ဝတ်ဆင်သူ လှုပ်ရှားရာတွင် ကသိကအောင့်ဖြစ်နိုင်သည်။ ဝတ်ဆင်သူအား အနည်းငယ်ရွေ့လျားမှု မြန်ဆန်စေရန် ထောက်ပံ့ပေးသည်။
အဆင့်နိမ့်သတ္တုများဖြင့် ဤချပ်ဝတ်အား ဖန်တီးနိုင်သည်မှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။
ကစားသမားကန့်သတ်ချက် : အဆင့် ၁၃ နှင့်အထက်။ လက်သင်အဆင့်သားရေချပ်ဝတ်ကျွမ်းကျင်မှု။
“နာမည်က စုတ်ပြတ်လှချည်လား ....”
ဒီအိုင်တမ်များကို အဆင့် ၁၂ နှင့် ၁၃ ကစားသမားများ တပ်ဆင်လိုက်ရင် အမဲလိုက်ရတာ ပိုလွယ်သွားလိမ့်မယ်။ ပြီးတော့ ဈေးလည်း တန်သည်လေ။
[ဒဏ္ဍာရီလာပန်းပဲဆရာ၏ လက်မှုအတတ်ပညာစွမ်းရည်] Lv 1 (12.7%)
[ဒဏ္ဍာရီပန်းပဲဆရာ၏ အသက်ရှူခြင်း] Lv 1 (8.9%)
‘ဂျယ်ဖာမြားလုပ်တုန်းကလိုပဲ ငါ့ရဲ့ အများ့အကြုံက ချက်ချင်းကြီးကို 3.7% နှင့် 2% တက်လာတော့တာပဲ’
ထုတ်လုပ်ရေးစွမ်းရည်အတွေ့အကြုံမှတ် အရနည်းလို့ စိတ်ပျက်ပေမဲ့ ဒါကိုပဲ ကျေနပ်ရတော့မှာပေါ့။
ငါ့စွမ်းရည် အားလုံးတိုးတက်လာရမယ်။
‘ဒဏ္ဍာရီလာပန်းပဲဆရာ၏ လက်မှုအတတ်ပညာစွမ်းရည်က အဆင့်တစ်ပဲ ရှိသေးပေမဲ့ အရင်ကထက်စာရင် အိုင်တမ် ပိုပြီး ဖန်တီးလို့ရပြီ’
ထုတ်လုပ်မှုအမြန်နှုန်းနှင့် အိုင်တမ်ပြီးပြည့်စုံမှု အတိုင်းအတာကလည်း တိုးတက်လာပြီ။ ဒဏ္ဍာရီလာပန်းပဲဆရာ၏ လက်မှုအတတ်ပညာစွမ်းရည်နှင့် လက်မှုပညာကျွမ်းကျင်မှုတို့ပါ တိုးတက်လာရင် ပိုကောင်းတာပေါ့။
‘ ဒါပေမဲ့ အချိန်က ကပ်နေတော့ ဒဏ္ဍာရီလာပန်းပဲဆရာ၏ လက်မှုအတတ်ပညာစွမ်းရည်ကို အချိန်မှီ မြှင့်ဖို့ မဖြစ်နိုင်တော့ဘူး။ အခုက ငါ့ရဲ့ လက်မှုအတတ်ပညာကျွမ်းကျင်မှု အညွှန်းကိန်းကို တတ်နိုင်သမျှ မြှင့်ဖို့ အချိန်ပဲ’
လက်မှုအတတ်ပညာကျွမ်းကျင်မှု မြင့်လာရင် အိုင်တမ်ရဲ့ ပြီးပြည့်စုံမှုကလည်း တိုးလာလိမ့်မယ်။ အနိုင်ပွဲသေချာဖို့ ကျွန်တော်က အညွှန်းကိန်းအမှတ်များကို လက်မှုအတတ်ပညာကျွမ်းကျင်မှုထဲ ရင်းနှီးဖို့ ဆုံးဖြတ်လိုက်သည်။
“အညွှန်းကိန်းဖန်သားပြင်”
အမည် : ဂရစ်
အဆင့် : 21 (5,350/16,700)
ဇာတ်ကောင် : ပက်မာ၏ မျိုးဆက်
* အိုင်တမ်များ ပြုလုပ်ရာတွင် အပိုစိတ်ကြိုက်စွမ်းရည်များ ထည့်သွင်းရန် ဖြစ်နိုင်ခြေ တိုးလာလိမ့်မည်။
* အိုင်တမ်အဆင့်မြှင့်ရန် ဖြစ်နိုင်ခြေတိုးလာမည်။
* ကိရိယာအိုင်တမ်အားလုံးအား ခြွင်းချက်မရှိ ဝတ်ဆင်နိုင်သည်။ အိုင်တမ်အဆင့်ပေါ် မူတည်၍ ပြစ်ဒဏ်သက်ရောက်မှု ရှိသည်။
ခေါင်းစဉ် : ဒဏ္ဍာရီလာဖြစ်လာမည့် သူ
* မကောင်းသော အခြေအနေများ သင့်အပေါ်တွင် ကောင်းစွာအလုပ်လုပ်ခြင်း မရှိပါ။
* အသက်အမှတ်အနိမ့်ဆုံးသို့ ရောက်သွားချိန်တွင် မသေဆုံးနိုင်တော့ပါ။
* အလွယ်တကူ အသိအမှတ်ပြုခြင်း ခံရမည်။
အသက် : 936/936 မှော်စွမ်းအင် : 177/177
ခွန်အား : 104 သက်လုံ : 52 လှုပ်ရှားမှု : 96 ဉာဏ်ရည် : 59
လက်မှုအတတ်ပညာကျွမ်းကျင်မှု : 99 ဇွဲလုံ့လ : 60
တည်ငြိမ်မှု : 44 အနိုင်မခံအရှုံးမပေး : 50 ဂုဏ်သိက္ခာ : 44 ထိုးထွင်းသိမြင်မှု : 44
အညွှန်းကိန်းအမှတ်များ : 130
အလေးချိန် : 842/3,080
ရှားပါးအဆင့်နှင့် မော်ကွန်းအဆင့်အိုင်တမ်များ ထုတ်လုပ်နိုင်ခဲ့သည့် ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ အညွှန်းကိန်းတွေ သိသိသာသာကို တက်လာသည်။ ကျွန်တော့်မှာ အမှတ်က တစ်ရာ့သုံးဆယ်ကြီးတောင် ရှိတာမို့ ဘယ်ထဲ ပေါင်းထည့်ရမလဲဆိုတာ စဉ်းစားနေရပါသည်။
‘အမှတ်အားလုံးကို လက်မှုအတတ်ပညာကျွမ်းကျင်မှုထဲ အကုန်ထည့်လိုက်ရင်ကော။ ဒီလိုဆိုရင် ထုတ်လုပ်ရေးစွမ်းရည်က သိသိသာသာမြင့်လာနိုင်ပေမဲ့ တခြားအညွှန်းကိန်း ကိုလည်း သက်ရောက်သွားနိုင်သည်။ နောက်မှ နောင်တမရချင်ဘူး’
ကျွန်တော် ဂရုတစိုက် စဉ်းစားနေရသည်။
‘တနေ့တုန်းက အမှတ်အများကြီးကို ခွန်အား ပြီးတော့ လျင်မြန်မှု ထဲထည့်လိုက်တော့ ဒီကောင်တွေကို ထပ်မြှင့်စရာ မလိုတော့ဘူး။ သက်လုံအားနည်းနေတော့ မြှင့်လိုက်ရင် ကောင်းမလား။ ဂိုဏ်းလူမိုက်လို အားကောင်းသည့် ရန်သူကို ရင်ဆိုင်ရရင် သွက်လက်ချက်ချာမှု ရှိတာပေါ့။ ခုခံမှုကိုပါ ပေါင်းထည့်လိုက်မယ်’
ကျွန်တော် အမှတ်တွေကို စထည့်လိုက်သည်။
[သက်လုံတွင် အညွှန်းကိန်းအမှတ်ခြောက်ဆယ် ရင်းနှီးမြှုပ်နှံမည်။ မှန်ကန်ပါသလား]
“ထည့်ပါ”
[အမှတ်များကို ရင်းနှီးမြှုပ်နှံလိုက်သည်နှင့် ပြန်လည်ပြောင်းလဲ၍ မရတော့ပါ။ ဆက်လက်လုပ်ဆောင်လိုပါသလား]
“ဆက်လုပ်”
[လက်မှုအတတ်ပညာကျွမ်းကျင်မှုတွင် အညွှန်’အမှတ်ခုနှစ်ဆယ် ရင်းနှီးမြှုပ်နှံမည်။ မှန်ကန်ပါသလား]
“အိုကေ”
[အမှတ်များကို ရင်းနှီးမြှုပ်နှံလိုက်သည်နှင့် ပြန်လည်ပြောင်းလဲ၍ မရတော့ပါ။ ဆက်လက်လုပ်ဆောင်လိုပါသလား]
“ငါ့ကို မေးမနေနဲ့ လုပ်စရာ ရှိတာလုပ်။ အညွှန်းကိန်း ဖန်သားပြင်”
အမည် : ဂရစ်
အဆင့် : 21 (5,350/16,700)
ဇာတ်ကောင် : ပက်မာ၏ မျိုးဆက်
* အိုင်တမ်များ ပြုလုပ်ရာတွင် အပိုစိတ်ကြိုက်စွမ်းရည်များ ထည့်သွင်းရန် ဖြစ်နိုင်ခြေ တိုးလာလိမ့်မည်။
* အိုင်တမ်အဆင့်မြှင့်ရန် ဖြစ်နိုင်ခြေတိုးလာမည်။
* ကိရိယာအိုင်တမ်အားလုံးအား ခြွင်းချက်မရှိ ဝတ်ဆင်နိုင်သည်။ အိုင်တမ်အဆင့်ပေါ် မူတည်၍ ပြစ်ဒဏ်သက်ရောက်မှု ရှိသည်။
ခေါင်းစဉ် : ဒဏ္ဍာရီလာဖြစ်လာမည့် သူ
* မကောင်းသော အခြေအနေများ သင့်အပေါ်တွင် ကောင်းစွာအလုပ်လုပ်ခြင်း မရှိပါ။
* အသက်အမှတ်အနိမ့်ဆုံးသို့ ရောက်သွားချိန်တွင် မသေဆုံးနိုင်တော့ပါ။
* အလွယ်တကူ အသိအမှတ်ပြုခြင်း ခံရမည်။
အသက် : 1,536/1,536 မှော်စွမ်းအင် : 177/177
ခွန်အား : 104 သက်လုံ : 112 လှုပ်ရှားမှု : 96 ဉာဏ်ရည် : 59
လက်၏ကျွမ်းကျင်မှု : 169 ဇွဲလုံ့လ : 60
တည်ငြိမ်မှု : 44 အနိုင်မခံအရှုံးမပေး : 50 ဂုဏ်သိက္ခာ : 44 ထိုးထွင်းသိမြင်မှု : 44
အညွှန်းကိန်းအမှတ်များ : 0
အလေးချိန် : 842/3,080
“ခူးခူးခူး”
ကျွန်တော် ပျော်လွန်းလို့ ခန္ဓာကိုယ်ပင် တုန်ခါနေသည်။ ကျွန်တော့် အညွှန်းကိန်းကို မြင်သွားမဲ့ ဘယ်သူမဆို တုန်လှုပ်သွားမှာ အသေအချာပဲ။ အဆင့်နှစ်ဆယ့်တစ်လေးနှင့် ဘာလို့ အညွှန်းကိန်းတွေ ဒီလောက် မြင့်နေတာလဲ။ အခု အမှတ်တွေကို ပေါင်းလိုက်ရင် အဆင့်ခုနှစ်ဆယ့်ငါးလောက်ကတော့ နောက်ကောက်ချန်လို့ ရပြီ။
ခွန်အား၊ သက်လုံ၊ လှုပ်ရှားမှု၊ ဉာဏ်ရည် ဒီအခြေခံစွမ်းရည်ကိုပဲ ပေါင်းရင်တောင် အဆင့်လေးဆယ်လောက် သန်မာနေပြီ။
‘အခု ကျွန်တော့်ဟာကက ထုတ်လုပ်ရေးဇာတ်ကောင်အညွှန်းကိန်းဆိုတာ မယုံနိုင်စရာပဲ’
ပန်းပဲဆရာဇာတ်ကောင်တင်မကပဲ ထုတ်လုပ်ရေးနှင့် ပတ်သတ်သည့် ဇာတ်ကောင်များ အကုန်လုံးက အဆင့်မြင့်မားသည့် အိုင်တမ်များ ထုတ်လုပ်ခြင်းက အကျိုးအမြတ်ရရှိကြသည်။ ထုတ်လုပ်ရေးဇာတ်ကောင်များက တိုက်ခိုက်စွမ်းအားနည်းတာကြောင့် ထုတ်လုပ်ရေးကို အခြေခံပြီး ရသည့် အမှတ်များနှင့် အားနည်းချက်ကို ဖာထေးကြသည်။ ဒီလို အားနည်းချက်ကို ဖာထေးဖို့ အတွက် အလုပ်တော့ အများကြီးလုပ်ဖို့ လိုတာပေါ့။
“အလုပ်ကြမ်း ဆိုတာက ဘဝရဲ့ အနှစ်သာရဖြစ်ပြီး ငါဆိုတာက အလုပ်ကြမ်းလုပ်ဖို့ မွေးဖွားလာတာပဲ။ ကြည့်ရှုကြလော့။ ဒါက အလုပ်ကြမ်းရဲ့ စွမ်းအားပဲ”
ကျွန်တော် ပေါင်မုန့်ကို မျိုချလိုက်ပြီး အိုင်တမ်ထုတ်လုပ်ခြင်းမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်လိုက်သည်။ ပြိုင်ပွဲမရောက်ခင်နေ့အထိ ကြိုးစားမှုကို ရပ်တန့်လိုက်လို့ မရဘူး။ ကျွန်တော့်ဇာတ်ကောင် ကြီးထွားလာတာနှင့်အတူ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကိုလည်း ကျွန်တော် ခံစားမိသည်။
[ရှားပါးအဆင့်အိုင်တမ်ကို ထုတ်လုပ်နိုင်ခဲ့သဖြင့် အညွှန်းကိန်းများအားလုံး နှစ်မှတ်တက်သွားသည်။ တိုက်ကြီးတခုလုံးတွင် ဂုဏ်သတင်းအမှတ်သုံးဆယ် မြင့်တက်သွားသည်]
ကျွန်တော် စစ်သည်တော်ဘဝက အမဲလိုက်၊ တာဝန်လုပ်ရင်း ရသည့် ပျော်ရွှင်မှုကို ခံစားလိုက်ရတာကြောင့် အသံခြစ်ရယ်မောလိုက်သည်။
“ဘ ဘာများလဲ .... ငါ အခု အိပ်မက်များ မက်နေတာလား။ မင်း အချိန်တိုတိုလေးနှင့် ဒီလောက်ထိအောင် တိုးတက်လာတယ်ပေါ့”
ခန် တုန်လှုပ်သွားခဲ့သည်။ ကျွန်တော်ကတော့ ‘ဒါက လက်မှုအတတ်ပညာကျွမ်းကျင်မှုကို မြှင့်လိုက်လို့’ ဆိုပြီး ဘယ်ပြောမလဲ။
“ငါက သာမန်ပါရမီရှင် မဟုတ်ဘူးလေ”
ခန်က ပျော်ရွှင်စွာနှင့်
“ဟုတ်တယ်၊ ဟုတ်တယ်။ မင်းက ပက်မာရဲ့ မျိုးဆက်ပဲ။ ဟဟ ငါတော့ ဒဏ္ဍာရီလာဇာတ်လမ်းတပုဒ်ရဲ့ စာမျက်နှာတရွက် ဖြစ်ခွင့်ရခဲ့ပြီ။ အခုအချိန် သေသွားရင်တောင် သေပျော်ပြီကွာ”
အစစ်အမှန်ကမ္ဘာမှာတော့ မိုးက အဆက်မပြတ်ရွာသွန်းနေပါသည်။ ဒါကြောင့် အိပ်ချိန်ကလွဲပြီး တချိန်လုံး ဆက်တစ်စ်ဖိုင်းန်ကိုပဲ ဆက်သွယ်ထားပါသည်။ ပြိုင်ပွဲနေ့မတိုင်ခင်ရက်အထိ ကျွန်တော်က ပုံမှန်နှင့် တဖြည်းဖြည်း ကြီးထွားလာနေပါသည်။
***
အခုလောလောဆယ် ဆက်တစ်စ်ဖိုင်းန်မှာ မော်ကွန်းဇာတ်ကောင်သုံးခုရှိတာ သိကြမှာပါ။ ‘သွေးစစ်သည်’ လို တခြားမော်ကွန်းဇာတ်ကောင်နှစ်ခုကိုတော့ အသေးစိတ်အချက်အလက်မသိရပါဘူး။ ပထမမော်ကွန်းဇာတ်ကောင်ကို အမည်မသိလူတယောက်ပိုင်ဆိုင်ပြီး ဒုတိယမော်ကွန်းဇာတ်ကောင်ကိုတော့ ဇာတ်ကောင်အဆင့်နံပါတ်ခုနှစ်က အားနယူးစ်ဆိုသူ ပိုင်ပါသည်။
ဆက်တစ်စ်ဖိုင်းန်ကစားသမားများဟာ ဒီမော်ကွန်းဇာတ်ကောင်နှစ်ခုရဲ့ အချက်အလက်ကို တင်းကျပ်စွာ လျှို့ဝှက်ထားသဖြင့် အံ့အားသင့်နေကြပါသည်။ သက်ဆိုင်သည့် ဖိုရမ်များ၊ ထုတ်လွှင့်သူများကလည်း ဒီမော်ကွန်းဇာတ်ကောင်များအကြောင်း ငြင်းခုံဆွေးနွေးကြပေမဲ့ သတင်းအချက်အလက်များကို ပိတ်ပင်ထားတာကြောင့် ထင်ကြေးအဆင့်သာ ရှိခဲ့သည်။
တခြားမော်ကွန်းဇာတ်ကောင်များကကော ဘာအမျိုးအစားများ ဖြစ်မလဲ။ ကပ်စ်ရခဲ့သည့် သွေးစစ်သည်လိုပဲ အထင်ကြီးစရာကောင်းလား။ ဒါမှမဟုတ် အထင်ကြီးစရာ ကောင်းတာထက်ကို ကျော်လွန်နေသလား။
ထာဝရနိုင်ငံတော်။ မြို့စားစတိုင်းမြို့တော်ရှိရာ နယ်စပ်အနီး အကီရိုမြေအောက်အကျဉ်းတိုက်တွင်
“မွန်းစတားများလှချည်လား။ ဒီတလမ်းလုံး ရှင်းခဲ့ရတာတင် မနည်းဘူး”
နတ်သမီးပုံပြင်များ ထဲက မင်းသမီးလေးလို အမျိုးသားကစားသမားများကို ဆွဲဆောင်နိုင်သည့် ရွှေရောင်ဖျော့ဆံပင်ပိုင်ရှင် မိန်းကလေးက အော်ငိုလိုက်ပါသည်။
“အကီရိုမြေအောက်အကျဉ်းတိုက်ကို အဆင့်မြင့်ကစားသမားတောင် တယောက်ထဲ အမဲလိုက်ထွက်ရဲဘူး။ ပါတီထဲ ဝင်ချင်လား။ အကိုတို့ရဲ့ စွမ်းရည်ကလည်း ကောင်းပါတယ်”
“မဟုတ်ဘူး၊ ညီမလေး အတွေးမမှားနဲ့။ အကိုတို့ ပါတီကို ဝင်။ အကိုတို့ ပါတီက ဒီမြေအောက်အကျဉ်းတိုက်ကို အမဲလိုက်ထွက်လွန်းလို့ ရင်းနှီးနေပြီ။ အကိုတို့ အမဲလိုက်နှုန်းက မြန်လွန်းလို့ ညီမလေး ဝင်ရင် စိတ်ကျေနပ်မယ်ဆိုတာ အာမခံတယ်”
“မရဘူး အကိုတို့ ပါတီကို လာ အိုင်တမ်အများကြီးပေးမယ်”
Satisfy ဇာတ်ကောင်က မပြီးပြည့်စုံပါဘူး။ ဇာတ်ကောင်ဖန်တီးရင် ကစားသမားများရဲ့ အပြင်ကရုပ်သွင်ကို ရောင်ပြန်ဟပ်ပါသည်။ အသားအရေအရောင်၊ တခြားပုံစံများ ဥပမာ ဆံပင်စတိုင်၊ တက်တူး၊ အမာရွတ် နှင့် အရပ်ကိုတော့ နည်းနည်းလေး ပြောင်းလို့ ရပါသည်။
ဆက်တစ်စ်ဖိုင်းန်မှာ ရုပ်ချောသည့်လူက အပြင်မှာလည်း ရုပ်ချောပါသည်။ ဒါကြောင့် ဒီကောင်မလေးကို ဒီဘဲတသိုက် လိုက်ပိုးနေတာပေါ့။
‘တောက် လှရက်လိုက်တာကွာ’
‘ငါ့ပုံစံလေး’
ကောင်မလေးကို ကြည့်ရင်း ငနဲတသိုက် ရင်များတဒိန်းဒိန်းခုန်နေကြပါသည်။
“အကိုတို့က ပါတီထဲ ဝင်စေချင်ကြတာလား။ ဒါဆိုရင် ညီမရှေ့က အမဲလိုက်ပြလေ။ ညီမက အသန်မာဆုံးပါတီကိုပဲ ဝင်ချင်တာ။ အမဲလိုက်ပြမှ ညီမ ဝင်ချင်တဲ့ ပါတီကို ဆုံးဖြတ်လို့ ရမှာပေါ့”
“ဟမ့် သူက ထူးခြားပုံ မပေါက်ပါဘူး”
“အေး။ ငါလဲ ပါတီထဲ အသုံးမဝင်တဲ့ လူတယောက်ပါလာမှာကို ကန့်ကွက်တယ်”
အမျိုးသမီးကစားသမားများက ကောင်မလေးကို အတင်းတုတ်နေကြပါသည်။ သူတို့ ဘာပဲပြောနေပါစေ ကောင်မလေး စကားကြားတာနှင့် သကောင့်သားများက စိတ်တက်ကြွကုန်ပြီး
“ အိုး ကတိ တည်ရမယ်နော်။ အပူလှိုင်း။ မီးဓား”
“မိန်းမလှလေး။ ငါ့အစွမ်းကို သက်သေပြမယ်။ တားဆီးမရသော လေမုန်တိုင်း”
“အရူး။ ဒီလို လုပ်နိုင်လို့လား။ စတီးအသားအရေ။ တမှတ်ချိုးဖောက်ခြင်း”
“ဒီလောက်လေးနှင့် ဘဝင်မြင့်နေကြတာလား။ မိုးကြိုးကျဆင်းစေ”
အမျိုးသားအသုံးပြုများက မွန်းစတားများဆီကို သွားပြီး သူတို့စွမ်းရည်ကို ထုတ်ပြနေကြသည်။
မီးတောက်များ၊ မိုးကြိုးပစ်တာများနှင့် ချာလပတ်ရမ်းနေသည့် လေမုန်တိုင်းတို့လို အားကောင်းသည့် စွမ်းရည်များကြောင့် မြေအောက်အကျဉ်းတိုက်နံရံများကပါ တုန်ခါလာပါသည်။ မွန်းစတားများက ဒီထူးဆန်းသည့် မြင်ကွင်းကို မြင်တော့ ထွက်ပြေးကုန်ကြသည်။
ဒီကိစ္စရဲ့ လက်သည်တရားခံ ရွှေရောင်ဆံပင်နှင့် မိန်းကလေးကတော့ စွမ်းရည်ကို လိုက်ကြည့်နေသည်။
‘ဒီလေမှော်ပညာက တခြားနိုင်ငံတော်များက မှော်ပညာရှင်များနှင့် ယှဉ်လိုက်ရင် အားမနည်းဘူး။ ဒီကို လာရတာ ထိုက်တန်ပြီ’
သူမက သူမရဲ့ ပုံမှန်မဟုတ်ဘဲ မြင့်မားသည့် ထိုးထွင်းသိမြင်မှုအညွှန်းကိန်းနှင့် စွမ်းရည်လေ့လာခြင်းတို့ဖြင့် တားဆီးမရသောလေမုန်တိုင်းကို ထောက်လှမ်းလိုက်ရင်း တီးတိုးပြောလိုက်သည်။
“စွမ်းရည်ပုံတူကူးခြင်း”
[‘တားဆီးမရသောလေမုန်တိုင်း’ အဆင့်သုံးအား အောင်အောင်မြင်မြင် ကူးယူလိုက်သည်]
[စွမ်းရည် ‘ တားဆီးမရသောလေမုန်တိုင်း’ အဆင့်သုံးအား တကြိမ် အသုံးပြုနိုင်ပါသည်။ စွမ်းရည်ကို အသုံးမပြုမချင်း သိမ်းဆည်းထားပါမည်]
[တားဆီးမရသောလေမုန်တိုင်း]
Lv. 3
တစက္ကန့်တွင် ထိခိုက်မှု 1,530~2,380 သက်ရောက်သော လေလှိုင်းတခုကို အချိန်ငါးစက္ကန့်ဖန်တီးပေးသည်။ လေလှိုင်းသည် ပစ်မှတ်အား ဖမ်းမိသွားပါက ပစ်မှတ်၏ အမြန်နှုန်းကို ရှစ်ဆယ်ရာခိုင်နှုန်း လျော့ချပေးသည်။
စွမ်းရည် မှော်စွမ်းအင်ကုန်ကျမှု : 700
စွမ်းရည် ပြန်လည်အသုံးပြုရန် ကြာချိန် : 300 seconds
ဆံပင်ရွှေရောင်ကောင်မလေးနာမည်က ယူဖီမီနာ လို့ခေါ်ပြီး ဇာတ်ကောင်က ပုံတူကူးသူပါ။
ပုံတူကူးသူတယောက်အနေနှင့် ပစ်မှတ်အသုံးပြုလိုက်သည့် စွမ်းရည်ကို စွမ်းရည်လေ့လာခြင်း၊ စွမ်းရည်ပုံတူကူးခြင်းတို့နှင့် ခွဲခြမ်းစိတ်ဖြာပြီး ပုံတူကူးနိုင်ပါသည်။ သူမ ကူးယူလိုက်သည့် ဘယ်စွမ်းရည်ကို မဆို ကြိုက်သည့်အချိန် တကြိမ်သာ အသုံးပြုနိုင်ပါသည်။
စွမ်းရည်ပုံတူကူးခြင်းကို တနေ့တွင် သုံးကြိမ်သာ အသုံးပြုရန် ကန့်သတ်ထားသည်။ ဒီလို ကန့်သတ်ထားပေမဲ့ ညစ်ထားသည့် စွမ်းရည် ဖြစ်နေတုန်းပါပဲ။
‘ဒါဆို ပီအာရိုကို ရဖို့ လုံလောက်ပါပြီ’
မြေအောက်အကျဉ်းထောင်မှာ စွမ်းရည် ပြနေသည့် ကောင်တွေကို ထားခဲ့ပြီး ယူဖီမီနာ ထွက်သွားသည်။ သူမ မြန်မြန်လှုပ်ရှားလိုက်တာနှင့် ကပ်ဆန်ချောက်ကြီးဆီကို ရောက်သွားပါသည်။
“တွေ့ပြီ”
ချောက်အဆုံးမှာ ဂူလေးတဂူကို ရှာတွေ့သဖြင့် ယူဖီမီနာက ဂူထဲ မဝင်ခင် တာဝန်အကြောင်း အသေးစိတ်ကို ပြန်ဖတ်လိုက်ပါသည်။