← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အပိုင်း (၃၈) ပြိုင်ပွဲစတင်ပြီ

ဝင်စတန်ဗဟိုရင်ပြင်၌

ဗဟိုရင်ပြင်သည် မူလကတည်းက လူစည်ကားသော်လည်း ယနေ့တွင် ယခင်ကထက် လူများပိုစည်ကားနေသည်။ ထိုသို့ဖြစ်ရသည်မှာ ယနေ့တွင် ဗဟိုရင်ပြင်၌ ပန်းပဲဆရာများ အိုင်တမ်ပြုလုပ်သည့် ပြိုင်ပွဲကို ကျင်းပမည်ဟု သတင်းစကားကြားသောကြောင့်ပင်။

“ငါတော့ ဂရစ်နိုင်ပါစေလို့ မျော်လင့်တယ်။ ငါတို့ရဲ့ နောက်ဆုံး ဂုဏ်ယူစရာ ဒီပန်းပဲဖိုကို ဒီကောင်လေး ကာကွယ်နိုင်ပါစေ”

“ဟုတ်တယ်။ ဒီပန်းပဲဖိုသာ မီရိုကုမ္ပဏီလက်ထဲ ရောက်သွားရင် ဝင်စတန်မှာ ငါတို့ရဲ့ နေရာက လုံးဝပျောက်သွားလိမ့်မယ်”

“ဂရစ် အားတင်းထားနော်။ မင်း လုံးဝ ရှုံးလို့ မဖြစ်ဘူး”

ဝင်စတန် ဒေသခံများ အားလုံးက ဂရစ်အနိုင်ရရှိဖို့ နှလုံးသားနှင့် ဆုတောင်းပေးနေကြသည်။ ဒါပေမဲ့ ကစားသမားများကတော့ အနေသာကြီးပါ။ ရလဒ်က ဘာဖြစ်ဖြစ် သူတို့နှင့် မဆိုင်ဘူးလေ။

“အိုင်တမ်လုပ်မဲ့ ပြိုင်ပွဲ ဟုတ်လား။ ဘာမှ စိတ်ဝင်စားဖို့ မကောင်းတာ ဒီမှာ ဘာလို့ အချိန်ဖြုန်းမှာလဲ”

“ ငါလည်း ဘာမှ လုပ်စရာမှ မရှိတာ။ လာ အပျော်သဘော သွားကြမယ်။ နိုင်တဲ့ တယောက်ကို အားပေးကြတာပေါ့”

ကစားသမားအများစုက ပြိုင်ပွဲကို စိတ်ဝင်စားမှု အနည်းငယ်တော့ ရှိပါသည်။

“ဟာသပဲ ပန်းပဲဆရာ အိုင်တမ်လုပ်တာကို လူအများကြီးက အထူးအဆန်းလုပ်ပြီး လာကြည့်နေကြတယ်ကွ”

“ပန်းပဲဆရာက အိုင်တမ်လုပ်တာကို ကြည့်ရတာ စိတ်ဝင်စားဖို့ မကောင်းဘူး။ အလွန်ဆုံးမှ မော်ကွန်းအိုင်တမ်လေးပဲ ဖန်တီးနိုင်ရုံပေါ့။ ငါကတော့ နောက်ဆုံးရလဒ်က ဘာဖြစ်ဖြစ် စိတ်မဝင်စားပါဘူး”

“မော်ကွန်းအဆင့်အိုင်တမ် ဟုတ်လား။ ရှားပါးအိုင်တမ်ကို လုပ်နိုင်ရင်ပဲ ကောင်းနေပြီ။ ငါတော့ ပြိုင်မဲ့ သူတွေက ကျော်ကြားတဲ့ သူတွေ မဟုတ်ဘူးလို့ ကောလာဟလ ကြားထားတယ်”

“ဘာတုန်းဟ။ ဒါဆို ဒါက အချိန်သက်သက် ဖြန်းတာပဲ။ အမဲလိုက်ပြီးပဲ အဆင့်တင်ရအောင်။ ဘယ်သူပဲ ပန်းပဲဖိုပိုင်ပိုင် ငါတို့အတွက်မှ မထူးခြားတာ”

ကစားသမားများက ပြိုင်ပွဲဝင်များကို လှောင်ရယ်ပြီး ထွက်သွားဖို့ ပြင်သည်။

ခဏအကြာတွင်

ပြိုင်ပွဲဝင်များ ပေါ်လာချိန် အမျိုးသားကစားသမားများက ထွက်သွားဖို့ မပြောဖြစ်ကြတော့ပါဘူး။

“အခု။ ဒီပြိုင်ပွဲမှာ ပါဝင်မဲ့ ပြိုင်ပွဲဝင်တွေကို မိတ်ဆက်ပေးပါမယ်။ ဒီဘက်ကတော့ မီရိုကုမ္ပဏီဘက်က ဝင်ရောက်ယှဉ်ပြိုင်သည့် အဲရိနာဖြစ်ပြီး ဒီလူငယ်လေးကတော့ ခန်ရဲ့ ဆက်ခံသူ ဂရစ်ပါ”

“အိုး ......”

ဆံပင်ရွှေရောင်နှင့် မိန်းကလေး စင်မြင့်ပေါ်တက်လာသည့်အချိန် အမျိုးသားကစားသမားများရဲ့ မျက်လုံးများက ပြူးကျယ်လာပြီး စတင် အားပေးကြသည်။

“အလိုလေး တကယ်ကို လှရက်လိုက်တာ”

“ ဒါက မြင်မြင်ချင်း အချစ်လား”

“ငါ့အကြိုက်ပုံစံပဲ .... “

ဆံပင်ရွှေရောင်ပိုင်ဆိုင်သည့် မိန်းကလေးက ဦးထုပ်ဆောင်းထားပေမဲ့ ဦးထုပ်က သူမရဲ့ အလှတရားကို ဖုံးကွယ်မထားနိုင်ပါဘူး။ အထူးသဖြင့် သူမရဲ့ ပါးစပ်လေးက ဆွဲဆောင်မှုရှိသည်။ နဂိုက ပြိုင်ပွဲကို စိတ်မဝင်စားသည့် အမျိုးသားကစားသမားများတောင် သူမကို မြင်လိုက်တာနှင့် သစ္စာရှိသည့် ပရိသတ်များ ဖြစ်ကုန်သည်။

“အဲရိနာ ကိုယ် မင်းကို အားပေးနေမယ်နော်”

“အဲရိနာ နိုင်အောင်လုပ်”

“အဲရိနာ အဲရိနာ အဲရိနာ”

အဲရိနာပရိသတ်ကလပ်ကို ချက်ချင်းပဲ တည်ထောင်လိုက်ပါသည်။ အဲရိနာ တဖြစ်လဲ ယူဖီမီနာကတော့ သူမကို ကြည့်ပြီး စူးစူးဝါးဝါးအော်နေကြသည့် လူများကို နူးညံ့စွာ လက်ဝှေ့ယမ်းပြလိုက်သည်။

“အားပေးကြလို့ ကျေးဇူးတင်ပါတယ်နော်”

“အိုး ....”

သူမရဲ့ နူးညံ့သည့် အပြုံးက ယောက်ျားများ အတွက်တော့ သေမျိုးလောကကြီးကို နတ်သမီးတစ်ပါး ဆင်းသက်လာသလိုပဲ။ အမျိုးသမီးအိုင်ဒေါအဖွဲ့များ စစ်တပ်ဆီ လာရောက်ဖျော်ဖြေသည့် အခါ စစ်သားများ ဖြစ်နေသည့် ပုံစံလိုပင်။

ဂရစ်က ဒီဖြစ်ရပ်ကို မြင်တာနှင့် အသက်ပြင်းပြင်းရှူလိုက်သည်။

‘ငါက နောက်တလှည့်လား’

အမျိုးသားကစားသမားများ အနေနှင့် ချောမောလှပသည့် အမျိုးသမီးပြိုင်ပွဲဝင်ကို အားပေးတာက သဘာဝကျပါသည်။ ဂရစ်က ယူဖီမီနာပုံစံကို လိုက်တုလိုက်ပြီး အမျိုးသမီးကစားသမားများဆီ ပြုံးပြရင်း လက်ဝှေ့ယမ်းပြလိုက်သည်။

ဂရစ် မျှော်လင့်ထားတာနှင့် ဆန့်ကျင်စွာပဲ

“ဒီကောင် ဘာလုပ်နေတာလဲ ငါတော့ အန်ချင်လာပြီ”

“ငါ စားခဲ့သမျှ အန်ထွက်တော့မယ် သန့်စင်ခန်းရေ ....”

“သူ့ပုံစံက ဆိုးရွားလိုက်တာ ....”

အမျိုးသမီးကစားသမားများ အမူအရာက ဆိုးရွားလှပါသည်။

‘ဒီပျက်စီးညစ်ပတ်နေသည့် လူ့အဖွဲ့အစည်းကြီးက ရုပ်ရည်ကိုပဲ ကြည့်ကြတာ။ ငါသာ ရုပ်ချောရင် အားပေးလိုက်ကြမဲ့ ဖြစ်ခြင်း’

ဘယ်အမျိုးသမီးမှ အားမပေးတော့ မျက်နှာပျက်သွားသည့် ဂရစ်ကို ဝင်စတန်ဒေသခံများက အော်ဟစ်အားပေးကြသည်။

“ဂရစ် ဒီမှာ ငါတို့ရှိတယ်။ ငါတို့ မင်းကို အားပေးနေတယ်နော်။ မင်းနိုင်မှာကို ငါတို့ ယုံကြည်ပြီးသား”

“ခန်ရဲ့ ဆက်ခံသူလေး မင်းရဲ့ စွမ်းရည်ကို ထုတ်ပြလိုက်”

“ဂရစ်ရဲ့အောင်ပွဲ။ ဂရစ်ရဲ့အောင်ပွဲ။ ဂရစ်ရဲ့အောင်ပွဲ”

ဂရစ် တကိုယ်လုံး တုန်ယင်သွားသည်။

‘ခင်ဗျားတို့က ကျုပ်ကို အားပေးရင် ဘာလို့ မျက်လုံးက အဲဒီမိန်းကလေးကို ကြည့်နေတာတုန်း’

ခန်အပါအဝင် အန်ပီစီအမျိုးသားများကလည်း ဆံပင်ရွှေရောင်မိန်းကလေးက ရန်သူဆိုတာ မေ့သွားပြီး ဆာလောင်နေသည့် ဝံပုလွေလိုမျိုး ကြည့်နေသည်။

‘ဒီလူတွေ စိတ်ဓာတ်လေးသိရတာပေါ့ကွာ’

ဒီဆံပင်ရွှေရောင်နှင့် ကောင်မလေးက သက်ကြီးပိုင်း NPC များကိုတောင် ဆွဲဆောင်နိုင်ခဲ့သည်။ ဂရစ်ဆိုတာက သူမနှင့် ယှဉ်ရပ်လိုက်တော့ ပြည်ကြီးငါးတကောင် စင်ပေါ်ကို ရောက်နေသလိုပါပဲ။

“မင်းကို ငါသေချာပေါက် အနိုင်ယူပြမယ်။ ပြီးရင် ဒီမျက်နှာလှလှလေးကို ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ပြီး အရသာခံကြည့်မယ်”

ယူဖီမီနာက ဂရစ်ရဲ့ စစ်ကြေငြာချက်ကြောင့် အံ့ဩသွားသည်။ ဒီလူနှင့် သူမက ရန်သူဆိုပေမဲ့ သူမအလှကို လျစ်လျူရှုနိုင်သည်ပေါ့။

‘ဒီလူက ဂေးနေတာ မဟုတ်ရင် ပန်းသေနေတာ ဖြစ်မယ် မဟုတ်ရင် ငါ့အလှကို ဘယ်လိုလုပ် မမြင်ရမှာလဲ’

ယူဖီမီနာက သူမအလှနှင့် ပတ်သတ်ပြီး အရမ်းဂုဏ်ယူပါသည်။

‘ငါ့ရဲ့လှပမှုကို ရှုစားလိုက်စမ်း’

ယူဖီမီနာက သူမမျက်နှာကို ဖုန်းကွယ်ထားသည့် ဦးထုပ်အစွန်းလေးကို ပင့်လိုက်သည်။ သူမရဲ့ လှပသည့် မျက်နှာလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အခါ ဂရစ်တောင်မှ ငေးမောမိသွားသည်။

‘ဒီကောင်မလေးက တကယ်ကို လှတာပဲ။ ဒီအလှတရားက ဟိုစုန်းမယူရာကိုတောင် ယှဉ်နိုင်လောက်တယ်’

ယူရာက ကြော့ရှင်းလှပသည့် အမျိုးသမီးဖြစ်ပြီး ယူဖီမီနာကတော့ ငယ်ရွယ်လန်းဆန်းသည့် ကောင်မလေးဖြစ်ပါသည်။ သူတို့ရဲ့ လေထုက အတော်လေး ကွာခြားပေမဲ့ ကိုယ်စီကတော့ ထူးကဲသည့် အလှတရားများကို ပိုင်ဆိုင်ထားကြပါသည်။

‘လူတောင် ဟုတ်ရဲ့လား အရုပ်လေး မဟုတ်ဘူးလား’

ဂရစ်က အူကြောင်ကြောင်မျက်နှာပေးနှင့် ယူဖီမီနာဆီကနေ မျက်စိမလွှဲနိုင်ခဲ့ပါဘူး။

ဒါကို မြင်တော့ ယူဖီမီနာက တွေးလိုက်သည်။

‘ဟုတ်တယ်၊ ဒီလိုပဲ ဖြစ်ရမယ်။ ငါ့မျက်နှာကို မြင်လိုက်တာနဲ့ ငါ့ဆီမှာ ကျရှုံးသွားလိမ့်မယ်။ အခုဆိုရင် မင်းလည်း တခြားယောက်ျားတွေလိုမျိုး ငါ့နောက်ကနေ ခွေးလေးလို တကောက်ကောက်လိုက်ရတော့မယ်’

သူမရဲ့ အလှတရားကို ဆန့်ကျင်နိုင်သည့် လူ ဒီကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။ ယူဖီမီနာက သူမရဲ့ ရုပ်ရည်နှင့် ပတ်သတ်ပြီး မာနသိပ်ကြီးပါသည်။ အခုကတည်းက အောင်ပွဲရသွားသည့် လေသံနှင့် ဂရစ်ကို စကားပြောလိုက်သည်။

“ဂရစ်လို့ ခေါ်တာလား။ ကျွန်မကို ရန်မလိုပါနဲ့ရှင်။ အခုမှ တွေ့ဖူးကြတာလေ။ အနာဂတ်မှာလည်း ရေစက်ရှိရင် တွေ့ကြမှာဆိုတော့ ကောင်းမွန်မဲ့ ဆက်ဆံရေးကိုပဲ တည်ဆောက်ကြရအောင်။ စိတ်မဆိုးပါနဲ့။ အတူတူသွားကြမယ် လာ”

သူမက လခြမ်းကွေးလို မျက်လုံးလေးနှင့် သိမ်မွေ့စွာ ချွဲသည့် အသံနှင့် ပြောလိုက်ရင် ဘယ်အမျိုးသားများမဆို သူမ ခြေရင်း ဝပ်ဆင်းရတော့တာပါပဲ။

ဒါပေမဲ့ ဂရစ်ကတော့ နှာခေါင်းရှုံ့လိုက်သည်။

“ဘာလဲ။ ဆက်ဆံရေးကောင်း တည်ဆောက်ကြမယ် လို့ပြောတာလား။ ကြောက်စရာကောင်းသည့် အရာများကို မပြောပါနှင့် ကလေးရယ်”

ယူဖီမီနာရဲ့ မျက်နှာက နီရဲသွားသည်။

“ကြောက်စရာကောင်းတယ်။ ဆက်ဆံရေးကောင်း မတည်ဆောက်ချင်ဘူး။ ပြီးတော့ ကလေးလို့ ပြောလိုက်တာလား”

“ဟုတ်တယ်။ မင်းလို မြေခွေးမနှင့် ငါ ဆက်ဆံရေးကောင်း မလိုချင်ဘူး။ ကလေးလေး။ မင်းက အထက်တန်းတောင် ပြီးသေးရဲ့လား။ ငါ လိုလီလေးကို စိတ်မဝင်စားဘူး။ လိုလီကွန်မဟုတ်ဘူးကွ။ ချီးပဲ။ ငါ့ကိုများ ပိန်းနေတဲ့ ကောင်များထင်နေလား။ မင်းက ငါ့ကို လာဆွဲဆောင်တာဆိုရင် ဝမ်းနည်းပါတယ် လို့ပဲ ပြောလိုက်မယ် ငါ မင်းအလှမှာ မကျရှုံးဘူးကွ”

ဂရစ် ပြတ်သားခဲ့သည်။ သူ့အကြိုက်ပုံစံက အရပ်က အနည်းဆုံး တစ်ရာခြောက်ဆယ့်ရှစ်စင်တီလောက် ရင်ဘတ်က D Cup လောက်ရှိရမယ်။ ယူဖီမီနာက လှပေမဲ့ အရပ်က တစ်ရာ့ခြောက်ဆယ်စင်တီ ပြီးတော့ ရင်ဘတ်က B ပဲရှိတော့ ဂရစ် အကြိုက်ပုံစံနှင့် အဝေးကြီးလိုသေးသည်။

ဒီကောင်မလေးက ဘာလဲ။ မျက်နှာလှလှလေး ရှိရုံနှင့် ဒီဂရစ်ကို ဆွဲဆောင်နိုင်မယ်လို့ ထင်နေတာလား။

‘ကလေး၊ မြေခွေး ၊ ဒီလူ ဘာများ လွတ်နေတာလဲဟ’

ယူဖီမီနာက ဂရစ်ရဲ့ သရော်မှုကြောင့် ကြက်သေသေသွားပြီး မျက်တောင်မခတ်ငေးကြည့်နေသည်။ ဒီလို တခါမှ အစော်ကားမခံရတာကြောင့် ဒေါသအလွန်အကျွံထွက်နေသည်။

‘ငါ့အသက် နှစ်ဆယ် ရှိပြီဟဲ့ ကောင်စုတ်ရဲ့’

ဟုတ်ပါသည်။ ယူဖီမီနာက ငယ်ရွယ်သည့် ကောင်မလေးမဟုတ်ပါဘူး။ ပုံပန်းသွင်ပြင်ကြောင့်သာ ငယ်တယ်လို့ ထင်ရပေမဲ့ အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတဦးပါ။ အပြစ်ပြောစရာဆိုလို့ အရပ်လေးပုနေတာပါပဲ။

‘ဒီလူများ အားလုံးရှေ့မှာ ရှင့်ကို အရှက်ခွဲပြမယ်’

ယူဖီမီနာက ဒေါသတကြီး ဆုံးဖြတ်ချက်ချလိုက်သည်။ အေးစက်စွာ ပြုံးလိုက်ပြီး ဂရစ်ကို တချက်ကြည့်လိုက်ရင်း မေးလိုက်သည်။

“ရှင်က ကျွန်မရဲ့ ဆွဲဆောင်နိုင်စွမ်းကို မခံစားနိုင်ဘူးဆိုတော့ ဂေးနေတာပဲ ဖြစ်ရမယ်။ အိုကေလေ။ ရှင်က ဂေးနေတာ ဆိုတော့လည်း ရှင့်ကို အပြစ်ပြောလို့ မရပါဘူး။ ပိုကောင်းတဲ့ အိုင်တမ် ဘယ်သူလုပ်နိုင်လဲ ပြိုင်ကြတာပေါ့။ ဒါပေမဲ့ ကျွန်မပဲ နိုင်မှာ”

“ဘာပြောလိုက်တာ။ ဂေးနေတာ ဟုတ်လား။ သောက်ကျိုးနည်း ဘာပြောနေတာလဲ။ လာဘ်ပိတ်တဲ့ ကောင်မ။ ငါ အခြောက်မဟုတ်ဘူးကွ”

ဂရစ် မကျေမနပ်နှင့် ထအော်လိုက်သည်။

ယူဖီမီနာက ‘လာဘ်ပိတ်သည်”စကားကို ကြားလိုက်ချိန် ဒေါသထပ်ထွက်သွားသည်။ သူမက ယောက်ျားတယောက်ဆီက ဒီစကားကို ကြားရလိမ့်မယ်လို့ စိတ်တောင် မကူးဖူးဘူး။

“လာဘ်ပိတ်တယ်။ ငါက။ ရှင့်လို အမှိုက်က ကျွန်မကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဂရစ်က သူမကို စော်ကားသည့် ပထမဆုံးလူပါ။ ယူဖီမီနာဘက်က ကြည့်ရင် ဂရစ်က အရူးနှင့် တူနေပါသည်။ တုန်လှုပ်မှုများနှင့် အရှက်တရားများ စုပေါင်းပြီး မျက်ရည်ဝဲဝဲလေးဖြင့် အော်ဟစ်လိုက်သည်။

“ပြိုင်ပွဲ မြန်မြန်စတော့။ မဟုတ်ရင် သူ့ကြောင့် ကျွန်မ ဒေါသထွက်လွန်းလို့ သေသွားလိမ့်မယ်”

“ကောင်းပြီလေ၊ စကြစို့။ ငါကလဲ ဒီလိုတဖက်သတ်အားပေးနေတာကြီးကို ဂရုမစိုက်ပါဘူး။ မင်းကို ရှုံးအောင် လုပ်ပြမယ်”

ဒိုင်က ပြိုင်ပွဲစတင်ကြောင်း မကြေငြာခင်မှာပဲ ဂရစ်က သံရိုင်းများကို လောင်ကျွမ်းနေသည့် မီးပြင်းဖိုထဲ ထည့်လိုက်ပြီ ဖြစ်သည်။ ယူဖီမီနာကလည်း အတိတ်တုန်းက အတွေ့အကြုံရှိသဖြင့် သူမလည်း သတ္တုကို အရည်စကျိုလိုက်သည်။

ဒေါသထွက်နေသည့် လူနှစ်ယောက်ကြားက မီးပွားများလို မီးပြင်းဖိုရဲ့ အပူချိန်ကလည်း အလျင်အမြန် မြင့်တက်လာသည်။

ဒိုင်က အော်လိုက်သည်။

“ပြိုင်ပွဲဝင်နှစ်ယောက် ပြိုင်ပွဲစတင်ပြီ။ ပရိသတ်ကြီးကိုလည်း အသိပေးပါတယ်။ ဒီတခါ လုပ်ရမှာက ဓားမြှောင်ပဲ။ ပိုကောင်းတဲ့ ဓားမြှောင်ကို လုပ်နိုင်သူက အနိုင်ရမယ်”

ဓားမြှောင်များက မြန်မြန်ပြုလုပ်လို့ ရသည့် အိုင်တမ်များ ထဲမှာ ပါသည်။ ပြောင်မြောက်သည့် လက်ရာဖြစ်ဖို့ အချိန်သိပ်ယူစရာ မလိုတာကြောင့် အရည်အချင်းရှိသည့် ပန်းပဲဆရာများဆို နှစ်နာရီထဲနှင့် အပြီးသတ်နိုင်သည်။ ဒီပြိုင်ပွဲရဲ့ အချိန်ကန့်သတ်ချက်က သုံးနာရီ။

“အဲရိနာ ဖိုက်တင်း”

အချိန်ကြာလာတာနှင့်အမျှ ယူဖီမီနာရဲ့ ပရိသတ်အရေအတွက်ဟာ ကင်ဆာဆဲလ်များလို လျင်မြန်စွာ တိုးပွားလာသည်။ ဝင်စတန်ဒေသခံများရဲ့ အားပေးသံက သူတို့အသံလှိုင်းကြီးကြား လုံးဝနစ်မြှုပ်သွားသည်။ ဂရစ်က ရန်သူလှိုင်းလုံးကြီးကို တယောက်ထဲ ရင်ဆိုင်နေရသလိုပါပဲ။

All Chapters