အခန်း ၃၉
Vol. 4 Ch. 39
အပိုင်း (၃၉) ယူဖီမီနာ လှည့်ကွက်သုံးပြီ
တစ်ဖက်သတ်အားပေးနေတာပဲ။ ဒါပေမဲ့ ဂရစ် တကယ်ကို ပိုပြီး စိတ်လှုပ်ရှားလာသည်။ မြက်ပင်တပင်က အနင်းခံရရင် ပိုပြီးသန်မာလာသလိုပေါ့။
‘ငါ အနိုင်ယူပြီး မင်းတို့ ပါးစပ်ပေါက်ကို ပိတ်ပြမယ်’
ဂရစ်က အရည်ကျိုပြီးသွားတာနှင့် ဓားမြှောင်ပြုလုပ်သည့် လုပ်ငန်းစဉ်ကို စတင်လိုက်သည်။
ထန် ထန်
ဂရစ် တူထုသံကို ကြားလိုက်ရသည့်အခါ ယူဖီမီနာက စိတ်ရှုပ်ထွေးလာသည်။ သူမက အခုထိ အရည်ကျိုတာတောင် မပြီးသေးဘူးလေ။
‘မြန်လိုက်တာ ငါတို့ကြားက စွမ်းရည်ကွာခြားချက်က ကြီးလွန်းတယ်’
စိတ်ထိန်း။ ငါက ပန်းပဲဆရာဇာတ်ကောင် မဟုတ်ဘူး။
‘အလျင်စလို မဖြစ်နဲ့။ အလျင်လိုရင် အမှားများမယ်’
ယူဖီမီနာက စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး သတ္တုကျိုနေတာကို အာရုံစိုက်လိုက်သည်။ ဒီအချိန်မှာ ဂရစ်က မီးငြိမ်းသတ်တာနှင့် ပုံသွင်းတာကို အကြိမ်ရေ တော်တော်များများ ပြီးသွားပြီ။ ဒါကြောင့် သူမက သိုလှောင်ခန်းကနေ တူတစ်ခုကို ထုတ်လိုက်သည်။ ဒီတာဝန် အောင်ဖို့ ဒီတူကို ပိုက်ဆံအများကြီး အကုန်ကျခံ ဝယ်လာရတာ။
[ကောင်းချီးပေးခံထားရသောပန်းပဲဆရာတူ]
အဆင့် : မော်ကွန်း
တာရှည်ခံမှု : 299/300 တိုက်ခိုက်စွမ်းအား : 50~70 ရှားပါးအဆင့်အိုင်တမ်ပြုလုပ်ရန်အခွင့်အလမ်း : +15% မော်ကွန်းအဆင့်အိုင်တမ်ပြုလုပ်ရန်အခွင့်အလမ်း : +5%
နာမည်ကျော်ကြားသောပန်းပဲဆရာ၏ တူတစ်လက်ဖြစ်သည်။ ဤအိုင်တမ်သည် ကစားသမားကို အဆင့်မြင့်မားသော အိုင်တမ် ဖန်တီးရန် ကူညီပေးမည်။
ကစားသမားကန့်သတ်ချက် : အဆင့် ၁၅၀ နှင့် အထက်။ ခွန်အား ၁၀၀ အထက်။ အလယ်အလတ်အဆင့်ပန်းပဲပညာကျွမ်းကျင်မှု
[အိုင်တမ်အသုံးပြုရန် လိုအပ်ချက်နှင့် မကိုက်ညီသောကြောင့် အိုင်တမ်ကို တပ်ဆင်၍ မရပါ]
ယူဖီမီနာက အစကတည်းက ပန်းပဲဆရာမှ မဟုတ်တာ။ အလယ်အလတ် ပန်းပဲပညာကျွမ်းကျင်မှု မရှိတော့ ဒီအိုင်တမ်ကို သုံးလို့ မရဘူးပေါ့။ ဒါပေမဲ့ ဂရစ်ရဲ့ ပန်းပဲပညာကို ပုံတူကူးလိုက်ရင် အခြေအနေက ပြောင်းသွားလိမ့်မယ်။
ယူဖီမီနာက ဓားမြှောင်လုပ်တာကို အာရုံစိုက်နေသည့် ဂရစ်ကို ကြည့်လိုက်ပြီး စွမ်းရည်လေ့လာခြင်းကို အသုံးပြုလိုက်သည်။ ယူဖီမီနာ ကျေနပ်စွာ ပြုံးပြလိုက်ရင်းပေါ့။
‘ငါတို့သာ တူညီတဲ့ ပန်းပဲပညာကျွမ်းကျင်မှု ရှိရင် ပိုကောင်းတဲ့ ကိရိယာကို သုံးတဲ့ သူက အနိုင်ရမှာပဲလေ’
ဂရစ်ရဲ့တူက ဟောင်းနွမ်းပြီး ညစ်ပတ်နေတာကို မြင်တော့ ယူဖီမီနာက သူမရဲ့ တူကို ကြည့်ပြီး ယုံကြည်မှုပိုရှိသွားသည်။ သူမ အတွေးထဲ နစ်မြောနေတုန်းမှာပဲ အသိပေးစာ ပေါ်လာတာ မြင်တော့ တုန်လှုပ်သွားသည်။
[စွမ်းရည်လေ့လာခြင်းအဆင့် နိမ့်ကျနေသည်]
[ပစ်မှတ်၏ စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာ၍ မရပါ]
“ဘာ”
အခု ယူဖီမီနာရဲ့ စွမ်းရည်လေ့လာခြင်းက အဆင့် ၇ ကိုရောက်နေတော့ တတိယအကြိမ်တိုးမြှင့်ထားသည့် အန်ပီစီကို လေ့လာရင်တောင် သူမစွမ်းရည်က မကျရှုံးပါဘူး။ အရေးအကြီးဆုံးက သူမရဲ့ စွမ်းရည်က အဆင့် ၅ ပဲရှိတုန်းကတောင် တန်းမြင့်အဆင့်ပန်းပဲဆရာစွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တာပဲ။
အခု ဂရစ်ရဲ့ ပန်းပဲကျွမ်းကျင်မှုကို စွမ်းရည်လေ့လာခြင်း အဆင့် ၇ နှင့်တောင် လေ့လာလို့ မရဘူးဆိုတော့ ဂရစ်က တန်းမြင့်အဆင့်မှာ မရှိဘူး ဆိုသည့် သဘောလား။
“ .... မဖြစ်နိုင်ဘူး။ စွမ်းရည်လေ့လာခြင်း။ စွမ်းရည်လေ့လာခြင်း”
[စွမ်းရည်လေ့လာခြင်းအဆင့် နိမ့်ကျနေသည်]
[ပစ်မှတ်၏ စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာ၍ မရပါ]
[စွမ်းရည်လေ့လာခြင်းအဆင့် နိမ့်ကျနေသည်]
[ပစ်မှတ်၏ စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာ၍ မရပါ]
သူမ လက်မခံနိုင်ဘဲ အကြိမ်ကြိမ် စွမ်းရည်လေ့လာခြင်းကို မသုံးပြုပေမဲ့ တူညီသည့် အသိပေးစာပဲ တက်လာပါသည်။
“ချို့ယွင်းချက် ဖြစ်နေတာပဲ ဖြစ်ရမယ်။ စွမ်းရည်လေ့လာခြင်း”
[စွမ်းရည်လေ့လာခြင်းအဆင့် နိမ့်ကျနေသည်]
[ပစ်မှတ်၏ စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာ၍ မရပါ]
မှော်စွမ်းအင် အကုန်ကုန်သွားသည့်အထိ စွမ်းရည်ကို သုံးခဲ့ပေမဲ့ ခွဲခြမ်းစိတ်ဖြာမှု ကျရှုံးနေလို့ မျက်နှာက ဖြူဖျော့သွားသည်။
“ဖြစ်နိုင်စရာမှ မရှိတာပဲ ....”
ဒီခပ်တုံးတုံးပုံနှင့် လူက တန်းမြင့်အဆင့်ပန်းပဲဆရာထက် ကျော်လွန်နေတာ ဖြစ်ရမယ်။
‘သူက လက်မှုပညာရှင်လား။ ဒါလဲ မဟုတ်နိုင်ဘူး’
ပန်းပဲဆရာအဆင့်မှာ နံပါတ်တစ်ချိတ်သည့် လူတောင် အလယ်အလတ်အဆင့်ပဲ ရှိသေးတာ။ ဂရစ်ဆိုသည့် နာမည်ကို အဆင့်ဇယားမှာလဲ မတွေ့ဖူးဘူး။ အန်ပီစီပန်းပဲဆရာများမှာတောင် လက်မှုပညာရှင်က ရှားတာမို့ ဂရစ်က လက်မှုပညာရှင် မဖြစ်နိုင်ပါဘူး။
‘ဟုတ်တယ် သူက ပန်းပဲဆရာတယောက်ပဲ လက်မှုပညာရှင် မဟုတ်ဘူး။ ဒါဆို ငါ့စွမ်းရည်က ဘာလို့ ပန်းပဲဆရာတယောက်ကို ခွဲခြမ်းစိတ်ဖြာတာ ကျရှံးတာလဲ။ ငါ့ကို မပြောနှင့်’
ယူဖီမီနာက ယူဆချက်တစ်ခုကို ပြုလုပ်လိုက်သည်။ ဂရစ်က သာမန်ပန်းပဲဆရာ မဟုတ်ဘူး။ ဂရစ်က သူမလိုပဲ လျှို့ဝှက်ဇာတ်ကောင်ထဲက တခုကို ပိုင်ဆိုင်ထားဖို့ ဖြစ်နိုင်ခြေရှိသည်။
‘ငါမယုံကြည်နိုင်ဘူးဆိုပေမဲ့ ဒါက အကျိုးအကြောင်းဆီလျော်တယ်။ မဟုတ်ရင် ဒီကောင့်စွမ်းရည်ကို ဘာလို့ ပုံတူးကူးလို့ မရတာလဲ ဆိုတာကို ငါလဲ မပြောတတ်တော့ဘူး’
ပန်းပဲဆရာအပါအဝင် ထုတ်လုပ်ရေးဇာတ်ကောင်များ အားလုံးရဲ့ အဆင့်က လောလောဆယ် အလယ်အလတ်အဆင့်ပဲ ရှိသေးသည်။ ကျော်ကြားသည့် အန်ပီစီများပဲ တန်းမြင့်အဆင့်စွမ်းရည်ကို ပိုင်ဆိုင်ပြီး လက်မှုပညာရှင် အန်ပီစီများက အရမ်းရှားသည်။
ဂရစ်က သာမန်ကစားသမားသာ ဆိုရင် လက်မှုပညာရှင်စွမ်းရည်များကို ကျွမ်းကျင်ဖို့ မဖြစ်နိုင်ဘူး။ ယူဖီမီနာက ဂရစ်ဆိုတာ သာမန်ပန်းပဲဆရာပဲလို့ ယုံကြည်အောင် ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ တွန်းအားပေးလိုက်သည်။ ဒါပေမဲ့ ဂရစ်မှာက မော်ကွန်းအဆင့်ကို ကျော်လွန်သည့် ပန်းပဲဆရာဇာတ်ကောင် ရှိနေခဲ့သည်လေ။
‘ရှားပါးအဆင့် ဇာတ်ကောင်တော့ မဟုတ်ဘူး။ ငါက မော်ကွန်းဇာတ်ကောင်ဆိုတော့ ရှားပါးအဆင့် ဇာတ်ကောင်များကို ပုံတူကူးနိုင်သည်။ အနည်းဆုံး မော်ကွန်းဇာတ်ကောင် ဖြစ်ရမယ်။ ဒါပေမဲ့ ငါ့အပြင် အားနယူးစ် နှင့် ကပ်စ်ပဲ မော်ကွန်းဇာတ်ကောင်ပိုင်တာ .... ဒီကောင်က ပြိုင်ဘက်ကင်းအဆင့် ဇာတ်ကောင်ပိုင်တာ ဖြစ်ရမယ်။ ဒါနှင့် ဘယ်အချိန်ကများ ပြိုင်ဘက်ကင်းအဆင့် ဇာတ်ကောင်က ထွက်ပေါ်လာတာလဲ’
အခြေအနေက အရမ်းဆိုးရွားနေပြီ။ သူမက အမည်မသိအဆင့် ခက်ခဲမှုကို ပေါ့ပေါ့လေး တွေးခဲ့မိသည်။
‘ဒေါသထွက်စရာ ကောင်းလိုက်တာ။ ငါ ပြိုင်ဘက်ကင်းဇာတ်ကောင်နဲ့ ပြိုင်ရမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး’
ယူဖီမီနာက ရှုပ်ထွေးနေသည့် စိတ်အခြေအနေကို ကျရောက်သွားသည်။
‘ငါ ဘာလုပ်သင့်လဲ။ ဒီအတိုင်း ဘာမှ မလုပ်နိုင်ရင် တာဝန်ကျရှုံးပြီ’
သူမမှာ ပန်းပဲဆရာစွမ်းရည်မရှိလို့ အိုင်တမ်ကို စလုပ်လို့ မရဘူး။ သူမ ဘာသာ ပန်းပဲစွမ်းရည်မပါဘဲ အိုင်တမ်လုပ်ရင် အမှိုက်ပဲ ထွက်လာမှာ။
‘ငါ ထပ်ပြီး အရှုံးပေးရတော့မှာလား’
သူမက တာဝန်တစ်ခု ကျရှုံးခဲ့ပြီး နောက်ထပ်အခွင့်အရေး ရခဲ့ပေမဲ့ ဒီတာဝန်ကိုပါ အရှုံးထပ်ပေးရမယ်ဆိုတော့ ကံတရားက ဆိုးရွားလွန်း အားမကြီးဘူးလား။
“ဘာလဲ။ ငါ့စွမ်းရည်ကို မြင်ပြီး ဘာမှမလုပ်နိုင်တော့အောင် ဖြစ်သွားတာလား ကလေးမရေ”
“အိုး”
ဒေါသတရားဟာ ယူဖီမီနာရဲ့ မျက်နှာမှာ နောက်တကြိမ်ထွက်ပေါ်လာပါသည်။
‘ငါ ဒီလူကို အရှုံးပေးလို့ မရဘူး’
ဒီအတိုင်းသာ ဆက်ဖြစ်နေရင် ဂရစ် နိုင်သွားလိမ့်မယ်။ သူမ ပန်းပဲဆရာတယောက်ရှာပြီး သူ့စွမ်းရည်ကို ပုံတူကူးဖို့ လိုသည်။
‘ဒီအချိန်မှာ ဘယ်ပန်းပဲဆရာ ရှိ .... အာ’
ယူဖီမီနာ အကြံကောင်းရသွားပြီး ရုတ်တရက် ပရိသတ်ဖက်ကို ကြည့်လိုက်သည်။ ရက်ဘ်ဘစ်ဒ် ထူးဆန်းသည့် အဖြစ်အပျက်ကို သတိပြုမိသွားပြီး သူမဆီကို ချဉ်းကပ်လာသည်။
“ဘာပြဿနာ ရှိလို့လဲ”
ယူဖီမီနာ ရက်ဘ်ဘစ်ဒ်နားရွက်နား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဂရစ်ရဲ့ ဆရာက ဘယ်သူလဲ။ သူ့ကိုလည်း စတိတ်စင်ပေါ်ကို တက်ခိုင်းပြီး ဂရစ်ကို ကူခိုင်းပေးပါ”
အဓိပ္ပာယ်မရှိသည့် တောင်းဆိုချက်ကြောင့် ရက်ဘ်ဘစ်ဒ် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“မင်း ဘာလုပ်ချင်နေတာလဲ”
ယူဖီမီနာက ရှက်ရွံ့နေသည့် အမူအရာနှင့် ရှင်းပြလိုက်သည်။
“ပုဂ္ဂိုလ်ရေးကိစ္စမလို့ ဒီထက်ပိုပြီး ပြောပြလို့ မရတာကို နားလည်ပေးပါ။ ကျွန်မ ပြောသည့်အတိုင်း လိုက်လုပ်ရင် အောင်မြင်မဲ့အခွင့်အရေး တိုးလာလိမ့်မယ်”
“ဟမ် .....”
ဒါက သူမနိုင်ဖို့ အခွင့်အရေးကို တိုးလာစေမယ်လား။ ရက်ဘ်ဘစ်ဒ် မယုံကြည်ပေမဲ့ ဘာတတ်နိုင်မှာလဲ။ ပြိုင်ပွဲက စပြီးနေပြီလေ။ အခုအချိန်မှာ သူတခုခုပြောင်းလဲလိုက်ရင် ပါးစပ်ပေါက် အများကြီးနှင့် ရင်ဆိုင်ရလိမ့်မယ်။
‘ငါ ရွေးချယ်စရာ မရှိဘူး’
အဆုံးမှာတော့ ယူဖီမီနာရဲ့ တောင်းဆိုချက်အတိုင်း လိုက်လုပ်ပေးဖို့ ရက်ဘ်ဘစ်ဒ် ကိုယ့်ကိုယ်ကို ဖိအားပေးလိုက်သည်။
“ငါ ကြိုးစားကြည့်မယ်”
ရက်ဘ်ဘစ်ဒ်က အားပေးနေသည့် ပရိသတ်ကြားက ခေါင်းဆောင်ဖြစ်ဟန် တူသည့် လူကို လှမ်းအော်လိုက်သည်။
“မစ်စတာခန်။ စတိတ်စင်ပေါ်ကို တက်လာပါ။ အဲရိနာက ခင်ဗျားရဲ့ ခွန်အားကိုသုံးပြီး ဂရစ်ကို ကူညီပေးပါလို့ ပြောနေပါတယ်”
“ဘာ”
အမှန်တကယ်ကို ထိတ်လန့်စရာကောင်းသည့် ကြော်ငြာချက်ပါ။ ဂရစ်ရဲ့ မျက်နှာမှာ ရှုပ်ထွေးသည့် အရိပ်အယောင်များ ပေါ်လာသည်။
“ဘာလဲ။ အဲရိနာက နှစ်ယောက် တစ်ယောက် ပြိုင်မယ်လို့ ပြောနေတာလား”
“ဂရစ်ဆိုတဲ့ ကောင် အရည်အချင်းက အရမ်းဆိုးရွားနေလို့ အဲရိနာက သနားသွားပြီး ဂရစ်ဆရာကို ခေါ်လိုက်တာ ဖြစ်ရမယ်”
“အင်း ဒါကိုမှ ယုံကြည်ချက်ရှိတယ်လို့ ခေါ်တာ။ သူမက တကယ်ကို အံ့ဩစရာကောင်းသူပဲ”
လူအုပ်ကြီးက နားလည်မှုလွဲသွားပြီး အဲရိနာဘက်ကို ပိုပြီး အခိုင်အမာရပ်တည်လာကြသည်။ သူတို့ အမြင်မှာတော့ သူမက သနားကြင်နာတတ်ပြီး ယုံကြည်ချက်ရှိတဲ့ ဘုရင်မပေါ့။ တခြားတစ်ဖက်မှာတော့ ဂရစ်က သူ့ဂုဏ်သိက္ခာ ကျဆင်းသွားရသည့်အတွက် အဲရိနာအပေါ် ရန်လိုမှု ပိုအားကောင်းလာသည်။
‘ဒီကြက်မက လုပ်ရဲတယ်….’
ခန်က စိတ်ရှုပ်ထွေးနေသည့် ဂရစ်ဆီ သွားပြီး ပြောလိုက်သည်။
“စိတ်အေးအေးထား။ ဒါက ငါတို့အတွက် မဟာအခွင့်အရေးကြီးပဲ။ သူမ တောင်းဆိုသလို လုပ်ကြရအောင်”
ဂရစ် ဒေါသပေါက်ကွဲသွားပြီး
“ဘာတုန်း။ ခင်ဗျားလည်း သူ့ကို ကျုပ်က ရှုံးလိမ့်မယ်လို့ မြင်နေတာလား”
“မဟုတ်ပါဘူးကွာ။ မင်းကို ငါက အားလုံးထက် ယုံကြည်တယ်။ မင်းက ပက်မာမျိုးဆက်ပဲ မလား”
“ဒါဆို သူမတောင်းဆိုချက်ကို ဘာလို့ လက်ခံချင်တာလဲ”
“ငါ လေးစားရတဲ့ ပန်းပဲဆရာဖြစ်တဲ့ မင်းနဲ့ အလုပ်တူတူတွဲလုပ်ရတဲ့ ဂုဏ်ကို လိုချင်မိလို့ကွာ။ ပြီးတော့ ငါ့ရဲ့ ပန်းပဲဆရာနှလုံးသားကလည်း ကူညီပေးဖို့ လှုံ့ဆော်နေတယ်။ ဂရစ် ဒါက တောင်းဆိုတာပါ။ ကျေးဇူးပြုပြီး မင်းရဲ့ နောက်ကနေ ပန်းပဲဖိုကို အတူတူကာကွယ်ခွင့်လေး ပေးပါ”
ခန်ရဲ့ စကားကြောင့် ဂရစ် မငြင်းဆန်နိုင်တော့ပါဘူး။
“ .... ငါတို့ အတူတူရှိနေသ၍ နိုင်ရမယ်။ လူတွေရှေ့မှာ ဒီကောင်မလေးကို နင်းခြေပစ်ကြစို့”
“ဒါပေါ့”
လူနှစ်ယောက်အဖွဲ့ဖွဲ့လိုက်ပါသည်။ အထူးသဖြင့် ခန်က လူအများကြီးရှေ့မှာ ဂရစ်နှင့် အတူတူတွဲလုပ်ခွင့်ရလို့ ဝမ်းသာနေမိပါသည်။
“ငါ မင်းရဲ့ လက်ထောက်အဖြစ် အကောင်းဆုံးကြိုးစားမယ်။ ညွှန်ကြားပေးပါ”
ခန်က ဂရစ်ကို ကူညီဖို့ ပြင်လိုက်သည့် အချိန် ယူဖီမီနာက စွမ်းရည်လေ့လာခြင်းကို အသက်သွင်းလိုက်သည်။
[‘တန်းမြင့်အဆင့်ပန်းပဲဆရာ၏ လက်မှုအတတ်ပညာ’ အဆင့် ၂ ကို အောင်မြင်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်]
အစီအစဉ်အတိုင်း ခန်ရဲ့ ပန်းပဲစွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့လို့ ယူဖီမီနာ ပြုံးလိုက်မိသည်။
“စွမ်းရည်ကို ပုံတူကူးမယ်”
[‘တန်းမြင့်အဆင့်ပန်းပဲဆရာ၏ လက်မှုအတတ်ပညာ’ အဆင့် ၂ ကို အောင်မြင်စွာ ပုံတူကူးနိုင်ခဲ့သည်]
[စွမ်းရည် ‘တန်းမြင့်အဆင့်ပန်းပဲဆရာ၏ လက်မှုအတတ်ပညာ’ အဆင့် ၂ ကို တကြိမ် အသုံးပြုနိုင်ပါသည်။ အသုံးပြုမည့် အချိန်အထိ စွမ်းရည်ကို သိမ်းဆည်းထားမည်]
ပထမဆုံးအချက်က ပန်းပဲဆရာများ ပြိုင်ရင် ရလဒ်က ကံတရားပေါ်လဲ မူတည်နေသည်။ တကယ်လို့ ဂရစ်မှာ ပြိုင်ဘက်ကင်းသည့် ပန်းပဲစွမ်းရည်ရှိရင်တောင် သူက ခြွင်းချက်မရှိ အဆင့်မြင့်အိုင်တမ်ကို လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ယူဖီမီနာမှာ ကောင်းချီးပေးခံထားရသည့် ပန်းပဲဆရာတူ ရှိသည်လေ။
‘အခွင့်အရေး ရှိတုန်းပဲ’
ယူဖီမီနာ ဓားမြှောင်လုပ်တာကို ပြန်ပြီး ဈာန်ဝင်စားလိုက်သည်။