ဉာဏ်နီဉာဏ်နက်များသည့် မြေခွေး
Vol. 004 Ch. 171
အဘိုးအိုက ညည်းညူ လိုက်သည်… “တကယ်ကို စိတ်အနှောင့်အယှက် ပေးတာပဲ…”
ထို့နောက် သူက ကျောင်းချွမ်လျန့်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်… “အခု ငါ မင်းကို သတ်ချင်စိတ် မရှိသေးဘူး… ထွက်သွားစမ်း…”
အဘိုးအိုသည် အလောင်းကောင် ဂိုဏ်းနှင့် ပြဿနာ မဖြစ်ချင်ပေ။ အလောင်းကောင် ဂိုဏ်းသည် သူ့အား အဆင့်၄နှင့် အဆင့်၅ နိုင်ငံများထက်ပင် ပို၍ ထိတ်လန့်စေသည်။ ထို့ကြောင့် မလိုအပ်ဘဲ သူတို့နှင့် မတိုက်ခိုက်ချင်ပေ။
ကျောင်းချွမ်လျန့်သည် အဘိုးအိုကို စိုက်ကြည့် လိုက်သည်။ ထိုအဘိုးအိုသည် သူ၏တိုက်ခိုက်မှုကို လက်လေး လှုပ်လိုက်ရုံမျှဖြင့် ဖျက်ဆီး ပစ်နိုင်သည့်အတွက် သူ့အား အံ့အားသင့် စေသည်။ ထိုအဘိုးအို၏ အကြောင်းကို ဟိုဖန်နိုင်ငံမှ ကြားသိခဲ့ရသဖြင့် စဦးစိတ်ဝိညာဉ် အဆင့်အားလုံးကို ခေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း ထိုအဘိုးအို၏ ကျင့်ကြံခြင်း အဆင့်သည် သူတွေးထားသည်ထက် ပိုပြီး မြင့်မားနေသည်။ ထို့ကြောင့် သူက ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်… “စီနီယာ… ဒီကောင်လေးက ငါ့အလောင်းကောင် ဂိုဏ်းရဲ့ အရေးကြီးတဲ့ကိစ္စ တစ်ခုနဲ့ ဆက်စပ်နေတယ်… ဒါကြောင့် သူ့ကို ခေါ်သွားရပါလိမ့်မယ်…”
အဘိုးအိုသည် မသိမသာဖြင့် သက်ပြင်း ချလိုက်သည်။ ဝမ်လင်းက မည်သည့် ပြဿနာကို ရှာထားမှန်း မသိချေ။ သူတောင်မှ အလောင်းကောင် ဂိုဏ်းကို ရန်မစရဲပေ။ သို့သော်လည်း သူ့ဘေးမှ ကောင်စုတ်လေး ကတော့ လုပ်ရဲနေသည်။ သူ့မှာသာ ရွေးချယ်ခွင့် ရှိခဲ့မယ်ဆိုလျှင် ဤကိစ္စထဲ၌ ဝင်မပါဘဲ ချက်ချင်း ထွက်သွားမှာ ဖြစ်သည်။
သို့သော်လည်း သူ့ထံတွင် ရွေးချယ်စရာ မရှိပေ။ သူသွားမည့် နေရာတွင် သူသာ အောင်မြင်ခဲ့ပါက အလောင်းကောင် ဂိုဏ်းကို ဆန့်ကျင်သည့် ကိစ္စသည် ကြီးမားသော ကိစ္စတစ်ခု ဖြစ်လာမည် မဟုတ်တော့ချေ။
ထို့အပြင် မိုင်လျန်း၏ အပြုအမူကို ကြည့်လိုက်လျှင်လည်း မိုင်လျန်းက အလောင်းကောင်ဂိုဏ်းနှင့် ရှုပ်ထားသည်မှာ သေချာသလောက် ရှိသည်။ ထို့ကြောင့် သည်ကောင်စုတ်လေးအား မုန်းတီးမိသော်လည်း သူ ဘာမှမတတ်နိုင်ဘဲ စိတ်ထဲမှပင် ချီးကျူး မိလိုက်သည်။
ကျောင်းချွမ်လျန့်၏ စကားကို ကြားပြီးနောက် မိစ္ဆာသခင်က မျက်မှောင်ကြုတ်ပြီး ဝမ်လင်းအား ကြည့်ကာ အေးစက်စွာ မေးလိုက်သည်… “မင်းက အလောင်းကောင် ဂိုဏ်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် ဘယ်လိုလုပ်ခဲ့တာလဲ…”
ဝမ်လင်းသည် အလောင်းကောင်ဂိုဏ်းမှ ကျင့်ကြံသူများအား ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်… “ငါ မသိဘူး…”
ထိုအခါ ကျောင်းချွမ်လျန့်၏ မျက်လုံးများက မီးဝင်းဝင်း တောက်သွားပြီး ဝမ်လင်းအား စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်… “မင်း မသိဘူး ဟုတ်လား… လောင်ကျွမ်းရွှေ တောင်တန်းမှာ အလောင်းကောင် ဂိုဏ်းက တပည့်တွေကို မင်း သတ်ခဲ့တာလေ… အဲဒါကိုတောင် မသိဘူး ငြင်းဦးမှာလား…”
ဝမ်လင်းက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ပြန်ပြောလိုက်သည်… “ငါ မသိသေးဘူး…”
ပြောပြီးသည်နှင့် သူက မျက်လုံးကို ပိတ်လိုက်သည်။ သို့သော်လည်း သူ၏စိတ်ထဲတွင်တော့ အဘိုးအိုကသာ သူ့အား မကူညီခဲ့ပါက မြေလွတ်မြောက်ခြင်း နည်းစနစ်ဖြင့် နတ်ဆိုး ပင်လယ်ထဲသို့ ထွက်ပြေးရန် ပြင်ဆင် ထား၏။
ကျောင်းချွမ်လျန့်က သရော်ပြုံး ပြုံးလိုက်ပြီး အဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်… “စီနီယာ… ဒီကောင်လေးက အလောင်းကောင် ဂိုဏ်းက တပည့်ကို သတ်ရုံတင် မဟုတ်ဘူး… ထျန်းကန်းက တပည့် ရှူလီကောရဲ့ ဝိညာဉ်ကိုလည်း ဖမ်းထားတယ် … ငါက ဒီသတင်းကို ထျန်းကန်း နိုင်ငံအထိ သွားပြီး အဘိုးအိုထျန်းဒီ ဆီကနေ ဝယ်လာရတာမို့ မမှားနိုင်ပါဘူး… “
အဘိုးအို၏မျက်နှာက အရုပ်ဆိုး၊ အကျည်းတန်သွားပြီး ရေရွတ်လိုက်သည်… “အဘိုးအို ထျန်းဒီ…”
“အဘိုးအိုထျန်းဒီက စွမ်းအား အလွန်ကောင်းတယ်… သူက ရှုလီကောရဲ့ ဝိညာဉ်မီးအိမ်ကို အသုံးပြုပြီးတော့ ဖြစ်ပျက်ခဲ့ တာတွေကို သိနိုင်တယ်… ဒါကြောင့် အလောင်းကောင် ဂိုဏ်းက တပည့်ကို သတ်ပြီး ရှုလီကောရဲ့ ဝိညာဉ်ကို ဖမ်းဆီးသွားတဲ့လူက မိုင်လျန်း ဆိုတာကို သိခဲ့ရတာပါ…”
ပြောပြီးသည်နှင့် ကျောင်းချွမ်လျန့်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ဝမ်လင်း၏အပေါ်တွင် ပြန်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် တခြား စဦးစိတ်ဝိညာဉ် အဆင့်၄ယောက်၏ ခန္ဓာကိုယ်များက ပျောက်ကွယ်သွားပြီး အဘိုးအို၏ ရှေ့တွင် ပြန်ပေါ်လာသည်။ ကျောင်းချွမ်လျန့်က ပြန်ပေါ် လာသည်နှင့် လက်ထဲတွင် အနက်ရောင် အငွေ့ထုကြီးကို ဖန်တီးပြီး အောက်သို့ ပစ်လိုက်သည်။ ထို့အတူ ဝင်္ကပါအတွင်းမှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်များကလည်း ထူးဆန်းသော လင်္ကာများကို ရွတ်လိုက်ကြရာ ဝင်္ကပါက ချက်ချင်း ကြီးမားလာပြီး ကီလိုမီတာ ၁၀၀၀အထိ ဖုံးအုပ်သွား၏။
မိစ္ဆာအရှင်သခင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင် တစ်ချက် လက်သွားပြီး သူ၏ခန္ဓာကိုယ်က နှစ်ခု ခွဲသွား၏။ သူ၏ကိုယ်ပွားက ကျောင်းချွမ်လျန့်နှင့် ဝမ်လင်း၏ကြားတွင် ပေါ်လာပြီး ပါးစပ်ကို ဟကာ အနက်ရောင် အငွေ့များအားလုံးကို စုပ်ယူလိုက်သည်။
ထို့နောက် ကိုယ်ပွား၏ လက်ထဲတွင် အစိမ်းရောင် ဘူးသီးခြောက်ဘူးက ပေါ်လာကာ ဘူးသီးခြောက်ဘူးကို လက်ဖြင့် ရိုက်လိုက်ရာ ဘူးဆို့က အောက်ခြေမှ ထွက်လာပြီး ပြင်းထန်သော အားတစ်ခုက ဘူးသီးခြောက် ဘူးအတွင်းမှ ထွက်လာသည်။
ဘူးသီးခြောက်ဘူး၏ အဝတွင် လှိုင်းတွန့်လေးများ ပေါ်လာပြီး တဖြည်းဖြည်း ကျယ်ပြန့်လာသောအခါ ကျောင်းချွမ်လျန့်၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူနှင့်စဦး စိတ်ဝိညာဉ်အဆင့် ၄ယောက်သည် တည်နေရာ ရွှေ့ပြောင်းခြင်းကို အကြိမ်များစွာ သုံး၍ ဝင်္ကပါအတွင်းသို့ ပြန်ဝင် သွားကြ၏။
အဘိုးအို၏မျက်လုံးများက အေးစက်နေသည်။
“လူတွေ အစုလိုက်၊ အပြုံလိုက် မသတ်တာ ကြာနေပြီဆိုပေမဲ့ ငါ့မှာ အကြောင်းရင်းတွေ အများကြီး ရှိတယ်… ဒါပေမဲ့ မင်းက အခုမှ စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်ပဲ ရှိသေးတယ်… ငါ့ရှေ့မှာတောင် ရိုင်းပျတဲ့ အပြုအမူမျိုး လာလုပ်ရဲတယ်… မင်းက မိုင်လျန်းရဲ့ ခန္ဓာကိုယ်ပေါ်မှ အမွေးတစ်မွေးကို ထိရဲရင် ထိကြည့်… မင်းတို့ အလောင်းကောင် ဂိုဏ်းတစ်ခုလုံးကို ငါ… မိစ္ဆာသခင်က ဒီနေ့ပဲ အမှုန့်ခြေပစ် ရလိမ့်မယ်…”
ပြောပြီးသည်နှင့် လက်ကို ဆန့်ထုတ်လိုက်ရာ ကြီးမားသော လက်ကြီးတစ်ခု ပေါ်လာပြီး ဝင်္ကပါကို ရိုက်လိုက်သည်။ ထိုအခါ အလောင်းကောင် ဂိုဏ်းမှ ရွှေ့ပြောင်းရေးဝင်္ကပါသည် ကလေးကစားစရာ အရုပ်ကဲ့သို့ တစ်စစီဖြစ်သွား၏။ ဝင်္ကပါအတွင်းမှ စွမ်းအင်များသည်လည်း ဝင်္ကပါပျက်စီး သွားသည်နှင့် အရပ်မျက်နှာ အသီးသီးဆီသို့ ပျံ့နှံ့သွားသည်။
စဦးစိတ်ဝိညာဉ် အဆင့်၅ယောက်က ထိုလက်ကြီးကို ရှောင်နိုင် လိုက်သော်လည်း ကျန်သည့် အမြုတေဖွဲ့တည်ခြင်း အဆင့်အားလုံးသည် သူတို့၏နောက်မှ ခေါင်းတလားများနှင့် အတူ အမှုန့်ဖြစ်သွား၏။
ကျောင်းချွမ်လျန့်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အဘိုးအိုအား စိုက်ကြည့်ကာ ခါးသက်သက်ဖြင့် ပြောလိုက်သည်… “စီနီယာရဲ့ ကျင့်စဉ်အဆင့်က အရမ်းကို မြင့်မားပါတယ်… ဒါပေမဲ့ အလောင်းကောင် ဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ရွေးချယ်တာကတော့ မချင့်ချိန်၊ မစဉ်းစားတတ်ရာ ကျသွားပြီနော်… စီနီယာရဲ့ ကျင့်စဉ်အဆင့်နဲ့ ဆိုရင် ကျွန်တော်တို့ အလောင်းကောင် ဂိုဏ်းအကြောင်းကို နားလည်မှာပါ… ဒါကြောင့် စီနီယာကို နောက်တစ်ကြိမ် အကြံဉာဏ် ပေးပါရစေ… အလောင်းကောင် ဂိုဏ်းနဲ့ ရန်သူမဖြစ်ချင်ပါနဲ့… စီနီယာက ဇီးပန်းမြို့၇မြို့က မြို့အရှင် ဖြစ်နေရင်တောင်မှ သေခြင်းတရားကို ရှောင်လွဲဖို့ ခက်လိမ့်မယ်…”
မိစ္ဆာသခင်သည် အလောင်းကောင် ဂိုဏ်းနှင့် ပြဿနာ ကြီးကြီးမားမား မတက်ချင်၍ စဦးစိတ်ဝိညာဉ် အဆင့်၅ယောက်ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ အမြုတေဖွဲ့တည်ခြင်း အဆင့်များကတော့ သူတို့၏ ခန္ဓာကိုယ်ကို ဘယ်သူမှ မပိုင်ဆိုင်သေးကြောင်း သေချာအောင် နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးမှသာ သတ်ပစ်ခဲ့ခြင်း ဖြစ်၏။
အဘိုးအိုက မျက်မှောင်ကြုတ်ပြီး တစ်လုံးချင်း ပြောလိုက်သည်… “ဒီလူက ငါ့အတွက် အရမ်းအရေးကြီးတဲ့ နေရာတစ်ခုမှာ အသုံးဝင်နေတယ်… မဟုတ်ရင် သူ့ကို ကာကွယ်ပေးနေမှာ မဟုတ်ဘူး… ဒါကြောင့် မင်းတို့တွေ ပြန်သွားသင့်ပြီ… ငါ့အလုပ်ကိစ္စ ပြီးသွားရင်တော့ မင်းတို့ကိစ္စကို ဝင်ရှုပ်မှာ မဟုတ်တော့ဘူး…”
ဝမ်လင်းကတော့ သူ့ရှေ့မှ အဖြစ်အပျက်များ အားလုံးကို အေးစက်စွာ ကြည့်နေလေသည်။ အဘိုးအိုက ဝင်္ကပါကို ဖျက်ဆီးလိုက်သည့် အချိန်တွင် သူ၏အမူအရာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ တုန်လှုပ်သွား၏။ အဘိုးအိုသည် ဟိုဖန်၏ အကာအကွယ် ဝင်္ကပါကိုလည်း တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ခဲ့ပြီး ယခု အလောင်းကောင် ဂိုဏ်း၏ရွှေ့ပြောင်းရေး ဝင်္ကပါကိုလည်း အလွယ်တကူ ဖျက်ဆီး ပစ်လိုက်၏။ ဝမ်လင်းက အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်ကို တွေးကြည့်ပြီး စိတ်ထဲတွင် မွန်းကျပ်လာသည်။
‘စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်လား…’
မိစ္ဆာအရှင်သခင်သည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ဖြစ်နိုင်သည်။ မဟုတ်လျှင် ထိုသို့ အလွယ်တကူ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျောင်းချွမ်လျန့်၏စကားကို ကြားပြီးနောက် နတ်ဆိုး ပင်လယ် အတွင်းပိုင်းမှ ဇီးပန်းမြို့၇မြို့ကို သတိရသွားပြီး ဝမ်လင်းက အဘိုးအို၏ အဝတ်အစားများပေါ်မှ ဇီးပန်းပွင့်၇ပွင့်ကို ကြည့်လိုက်မိသည်။
ကျောင်းချွမ်လျန့်သည် ခဏလောက် စဉ်းစားပြီး ဝမ်လင်းအား အေးစက်စွာ ကြည့်၍ ပြောလိုက်သည်… “မိုင်လျန်း… အလောင်းကောင် ဂိုဏ်းက မင်း ထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တယ်… အလောင်းကောင် ဂိုဏ်းကို ဆန့်ကျင်တာက မင်းဘဝမှာ အကြီးဆုံး အမှားတစ်ခုပဲ…”
ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က ပျောက်ကွယ် သွား၏။ အလားတူ စဦး စိတ်ဝိညာဉ်အဆင့် ၄ယောက်သည်လည်း ဝမ်လင်းအား အေးစက်စွာ ကြည့်၍ ပျောက်ကွယ် သွားသည်။
ဝမ်လင်းက ခဏလောက် စဉ်းစား ကြည့်လိုက်သည်။ အလောင်းကောင် ဂိုဏ်းမှ တပည့်များသည် သူ့အား သတ်ချင်နေကြသဖြင့် သူက သတ်ပစ်ခဲ့ရခြင်း ဖြစ်သည်။ ထို့အတူ ယခု ရှုလီကောအား သူတို့ကို ပေးလိုက်ပါက သူ့အတွက် ယခုထက် ဆိုးသည့် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
ကျင့်ကြံခြင်း လောကကြီးတွင် အင်အားကြီးမား သူကသာ အမှန်ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ယခုအချိန်တွင် ဤကိစ္စများအား ဖြေရှင်းနိုင်သည့် စွမ်းရည် မရှိသေးချေ။
ဝမ်လင်းသည် ထိုအကြောင်းများအား တွေးပြီး သက်ပြင်းချ လိုက်သည်။ သူက သတိဖြင့် နေတာတောင်မှ ပြဿနာများက ဖြစ်လာသေး၏။ သူကသာ မိစ္ဆာသခင်ကဲ့သို့ အစွမ်းထက်နေလျှင် အလောင်းကောင် ဂိုဏ်းမှ လူတစ်ယောက်ကို သတ်လျှင်တောင်မှ ဤမျှလောက် ပြဿနာ ဖြစ်လာမည် မဟုတ်ချေ။ ထို့ကြောင့် အကြောင်းရင်းသည် သူ၏ကျင့်ကြံခြင်း အဆင့်နိမ့်နေ၍သာ ဤကဲ့သို့ ပြဿနာများ ဖြစ်လာရသည်ဟု တွေးလိုက်တော့သည်။
ဝမ်လင်းသည် စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရန် ပိုပြီးတော့ပင် စိတ်အားထက်သန် လာသည်။ စဦးစိတ်ဝိညာဉ် အဆင့်ကိုသာ ရောက်လျှင် ကျောင်းနိုင်ငံသို့ ပြန်ပြီး ထန်းဟွယွမ်ကို လက်တုံ့ပြန်နိုင်ရုံ သာမက သူ လုပ်ချင်သည့် အရာအားလုံးကိုလည်း လုပ်နိုင်လိမ့်မည် ဖြစ်သည်။
မိစ္ဆာသခင်သည် ဝမ်လင်းအား ကြည့်ပြီး သုန်မှုန်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်… “ကောင်လေး… ငါ မင်းကို ကူညီတာ ဒုတိယအကြိမ် ရှိပြီ… ငါတို့ ကြားမှာ နားလည်မှုလွဲတာ ရှိခဲ့ရင်တောင်မှ အခု ကူညီပေးတာနဲ့တင် လုံလောက်တာထက် ကျော်နေပြီ… ငါတို့သွားမဲ့နေရာ ရောက်ရင် မလိုအပ်တဲ့ အကြံအစည်တွေ မတွေးဖို့ မျှော်လင့်ပါတယ်…”
မိစ္ဆာသခင်သည် ယခုအချိန်တွင် ဝမ်လင်း၏ လုပ်ရည် ကိုင်ရည်နှင့် အကြံ အစည်များအား အများစု နားလည်နေပြီ ဖြစ်သည်။ မိုင်လျန်းသည် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ယောက် ဖြစ်ရန်အတွက် မျိုးစေ့ကောင်း တစ်ခု ဖြစ်သည်။ သူက ကျောင်းချွမ်လျန့်ထံမှ ထိုကိစ္စကို ကြားလိုက်ရုံ မျှနှင့်တင် ထိုကိစ္စကို အလွယ်တကူ ခန့်မှန်းပြီး ဖြစ်သည်။ သည်ကောင်စုတ်လေးသည် အလွန် ရက်စက်ပြီး အရှက်လည်း မရှိသကဲ့သို့ ဘာမဆို လုပ်ရဲသည့် သတ္တိလည်း ရှိပေသည်။
နတ်ဆိုး ပင်လယ်ထဲတွင်လည်း သည်ကောင်စုတ်လေးသည် သတ်ဖြတ်ခြင်း အမိန့်တော်ဖြင့် ပေါ်တင်ကြီး တိုက်ခိုက်ရေး နတ်ဆိုးဂိုဏ်းသို့ သွားရဲခဲ့သည်။ သူက သတ်ဖြတ်ခြင်း အမိန့်တော်ဖြင့် တခြားသူများကို ဆွဲဆောင်ပြီး လမ်းတစ်လျှောက်ရှိ လူများအား သတ်ဖြတ်ကာ တခြားသူများကို ခြောက်လှန့်ခဲ့သည်။ ထို့ကြောင့် သူ့ရှေ့မှ ကောင်စုတ်လေးသည် ဆုံးဖြတ်ချက် ခိုင်မာပြီး အလွန် ရက်စက်မည့် လူတစ်ယောက် ဖြစ်ကြောင်း သိနိုင်သည်။
သူက မိုင်လျန်း၏နောက်ကို လိုက်သည့် အချိန်ကလည်း သူ့အား ဓားပျံဖြင့် ချောင်းမြောင်း တိုက်ခိုက်စေခဲ့ပြီး သွေးတောင် ထွက်စေခဲ့သည်။ ထိုအချက်က မိုင်လျန်း၏ အလွန်ရဲရင့်သည့် သတ္တိကို ပြသနေသည်။
ထို့အပြင် မိုင်လျန်းသည် တခြားသူ၏ စွမ်းအားကို အသုံးချပြီး အခွင့်အရေးလည်း ယူတတ်သေး၏။ စစ်နတ်ဘုရား ဗိမာန်မှ ကောင်းကင်လမ်း ကျင့်စဉ်ကို ကြည့်ရန် သူ၏စွမ်းအားကို အသုံးချခဲ့ခြင်းက မိုင်လျန်းသည် တကယ့် အကြံသမား တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသည်။
ယခုလည်း ကျောင်းချွမ်လျန့်က တိုက်ခိုက်သည့်အခါ သူကတော့ မျက်တောင်ပင် မခတ်သည့်အပြင် ကြောက်လန့်နေသည့် အမူအရာလည်း တစ်စက်မှ မပြပေ။ ဤအချက်သည် တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ပြတ်သားမှုတို့ကို ပြသနေသည်။
မိစ္ဆာသခင် ဖြစ်သည့် သူတောင်မှ မိုင်လျန်းအား သုံးနှစ် ကြာပြီးမှသာ ဖမ်းနိုင်ခဲ့သည်။ ထို့ကြောင့် မိုင်လျန်းအား သူ့အနေဖြင် ဖော်ပြစရာ စကားလုံးက တစ်လုံးတည်းသာ ရှိသည်။
“ဉာဏ်နီ ဉာဏ်နက်များသည့် မြေခွေး”
သူ့ရှေ့မှ ကောင်လေးသည် ရက်စက်ပြီး သတ္တိရှိသည့်အပြင် ဆုံးဖြတ်ချက်လည်း ခိုင်မာသည်။ ထို့ကြောင့် ရဲရင့်ပြီး ကလိမ်ကျတတ်ကာ စိတ်ဓာတ် ခိုင်မာသည့် သူ့ရှေ့မှ ကောင်လေးသည် တကယ်ကို ဉာဏ်နီ ဉာဏ်နက် များသည့် မြေခွေးဟု သတ်မှတ် နိုင်သည်။
မိစ္ဆာသခင် ဖြစ်သည့် သူ့ကိုတောင်မှ ဆွဲဆောင် သွားနိုင်ပြီး သူက ဝမ်လင်းအား ကြည့်နေရင်းဖြင့် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
***