← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း။ ၁၇၃

ကူး... ကူး... ကူး...

စိမ်းပြာရောင် ဓားလိပ်ပြာ၏ လှုပ်ရှားမှုများက ငှက်ကို ဒေါသအမျက်ချောင်းချောင်း ထွက်သွားစေခဲ့သည့်အလားပင်။

၎င်းသည် စူးရှလွန်းသော အော်ဟစ်သံတစ်ချက်ကို ထုတ်လွှတ်လိုက်ပြီးနောက် ခန္ဓာကိုယ်မှာ အဆတစ်ရာခန့် ကြီးမားထွားကျိုင်းလာခဲ့ကာ ဝုန်းခနဲ ထတောက်လာသော မီးတောက်မီးလျှံများ ဝန်းရံနေသည့် ကြီးမားလှသော ငှက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။

၎င်းက ပတ်ဝန်းကျင် မီတာရာချီသော နယ်ပယ်တစ်ခုလုံးကို မီးပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ဟင်းလင်းပြင်ကြီးပင်လျှင် ထိုအပူရှိန်ကြောင့် ပြာကျကာ ပျက်စီးလုမတတ် ဖြစ်သွားခဲ့ရသည်။

၎င်းက ခံတွင်းကို ဟလိုက်ပြီး အမည်းရောင်သန်းနေသော စစ်မှန်သောမီးတောက်များကို မှုတ်ထုတ်လိုက်တော့သည်။

ကုယွမ်ပင်လျှင် ကိုယ့်ကိုကိုယ် ကာကွယ်ရန်အတွက် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မူလစစ်မှန်သောအတွင်းစွမ်းအားများကို ထပ်မံ၍ အလွှာတစ်ခု တိုးမြှင့်ကာ အသုံးပြုလိုက်ရတော့သည်။

ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်သောမီးတောက်များကို ရင်ဆိုင်ရသော်လည်း ရှောင်ချင်းသည် လုံးဝ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိချေ။

၎င်းက သူ၏ အတောင်ပံများကို အနည်းငယ်မျှသာ ဆက်တိုက်ခတ်လိုက်ရာ အပြာနုရောင် ဓားစွမ်းအားတန်းများစွာမှာ အဆုံးမရှိ ပျံသန်းထွက်ပေါ်လာခဲ့တော့သည်။

ထို့နောက်တွင်မူ ဤမရေမတွက်နိုင်သော ဓားစွမ်းအားတန်းများသည် ဝိညာဉ်အသိစိတ် ရှိနေသည့်အလား ဓားစွမ်းအားမြစ်ပြင်ကြီးတစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ငှက်ကြီးကို လုံးဝ ဝန်းရံ၍ ပိတ်ဆို့လိုက်တော့သည်။

ငှက်၏ စစ်မှန်သောမီးတောက်မှာ အလွန်တရာ ပူပြင်းလှပြီး ဓားစွမ်းအားများကိုပင် လောင်ကျွမ်းပစ်နိုင်စွမ်း ရှိသော်လည်း ဤဓားစွမ်းအားမြစ်ပြင်ကြီး၏ အရှေ့တွင်မူ ထိုမီးတောက်များမှာ ဖြတ်တောက်ခြင်းခံလိုက်ရကာ အရောင်အဝါများ မှေးမှိန်လျက် ငြှိမ်းသတ်ခြင်း ခံလိုက်ရပြီး အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားခဲ့ရရှာသည်။

ငှက်ကြီးသည် ဘေးအန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် ရှည်လျားစွာ အော်ဟစ်လိုက်ပြီး စစ်မှန်သောမီးတောက်များဖြင့် ဖွဲ့စည်းထားသော မီးငှက်တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲလိုက်ရာ ပတ်ဝန်းကျင်ရှိ မီးတောက်များမှာ ယခင်ကထက်ပင် ပိုမိုပြင်းထန်လာခဲ့သည်။

သို့သော်လည်း နောက်ဆုံးတွင်မူ ဓားစွမ်းအားမြစ်ပြင်ကြီး၏ အောက်တွင် ၎င်းသည် ထပ်တလဲလဲ ဖြတ်တောက်ခြင်းကို ခံလိုက်ရပြီး မကျေမနပ်ဖြစ်လှသော အော်ဟစ်သံကြီးနှင့်

အတူ မရေမတွက်နိုင်သော မီးပွားစလေးများအဖြစ်သို့ အပိုင်းပိုင်း ပြတ်တောက်ကာ ပျက်စီးသွားခဲ့ရတော့သည်။

ဖျတ်...

မီးငှက်ကြီး ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ပန်းချီလိပ်ကြီးသည်လည်း တစ်ဆက်တည်းမှာပင် အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်သို့ အပိုင်းပိုင်းအစစ ကြွေလွင့်၍ ပျက်စီးသွားခဲ့ရတော့သည်။

လျူရှင်းကျွင်း၏ မျက်နှာမှာ ပြာနှမ်းသွားခဲ့ရသည်။

ဤအရာက သူ ထပ်မံ၍ အရေးနိမ့်သွားခဲ့ရခြင်းကြောင့်တင်မကဘဲ သူ၏ မန္တန်လက်နက် ပန်းချီလိပ်မှာ သူ၏စိတ်အသိနှင့် ဆက်နွယ်နေခဲ့သဖြင့် သူ၏ နတ်ဘုရားအသိစိတ်ပါ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ခြင်းကြောင့်ပင်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ သားရဲသတ်ဓားကို ဆုပ်ကိုင်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် ဓားသွားတစ်လျှောက် အသာအယာ သုတ်သပ်လိုက်သည်။

ဇင်...

သားရဲသတ်ဓားမှာ ထပ်မံ၍ တုန်ခါမြည်ဟည်းလာခဲ့ပြီး ၎င်း၏ အရောင်အဝါများ တောက်ပလာခဲ့ကာ သားရဲတစ်ကောင် ဟိန်းဟောက်လိုက်သည့်အလား ဓားသံစူးစူးကြီး ထွက်ပေါ်လာခဲ့သည်။

"ဂျူနီယာညီလေးကုယွမ်... မင်းရဲ့ ဓားသိုင်းပညာရဲ့ ပြင်းထန်တဲ့ စွမ်းအားက ငါ့ရဲ့ ထင်မှတ်ချက်တွေထက် အများကြီး သာလွန်နေခဲ့တယ်။ ဓားသိုင်းပညာရဲ့ အောင်မြင်မှုအပိုင်းမှာတော့ မင်းရဲ့ အရည်အချင်းက ငါ့ထက် မနည်းပါဘူး။ အကယ်၍ မင်းသာ ငါ့ရဲ့ ဒီဓားချက်ကို ခုခံနိုင်မယ်ဆိုရင်... ငါ့အနေနဲ့ ရှုံးနိမ့်မှုကို ကြည်ကြည်ဖြူဖြူနဲ့ ဘာဖြစ်လို့ အရှုံးမပေးနိုင်ရမှာလဲ"

လျူရှင်းကျွင်းသည် ယခုအတိုင်းသာ ဆက်သွားနေပါက သူသည် ဆေးဘုရင်တောင်၏ လှောင်ပြောင်စရာ ပြက်လုံးတစ်ခု ဖြစ်သွားရုံတင်မကဘဲ သိက္ခာအားလုံး ညှိုးနွမ်းသွားရတော့မည်ကို ကောင်းစွာ သိရှိနေခဲ့သည်။

ဆေးဘုရင်တောင်၏ အတွင်းစည်းတံခါးတပည့်များထဲတွင် သူသည် ကိုယ်စားလှယ်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော်လည်း ဆေးဘုရင်တောင်သို့ ရောက်ရှိနေခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ရှိပြီဖြစ်သော အတွင်းစည်းတံခါးတပည့်တစ်ဦးက ဂိုဏ်းသို့ ရောက်ရှိခါစသာ ရှိသေးသော ဂိုဏ်းတူဂျူနီယာညီလေးတစ်ဦးကိုပင် မယှဉ်နိုင်ပါက ဤအရာက ပြင်ပတွင် ပြောရက်စရာ မရှိလောက်အောင်ပင် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် လျူရှင်းကျွင်းသည် သူ၏ သတ်ဖြတ်ခြင်းအကွက်ကို ထုတ်ဖော်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်ခြင်းပင်။

ကုယွမ်ကမူ စကားများစွာ ပြောမနေဘဲ လက်ဟန်ခြေဟန်ဖြင့်သာ အချက်ပြလိုက်သည်။

"ဖိတ်ခေါ်ပါတယ်"

လျူရှင်းကျွင်းက ဘာစကားမျှ ဆက်မပြောတော့ဘဲ ဓားကို သူ၏ ခါးဘေးတွင် ဝှက်ကွယ်လိုက်ရင်း ဓားဆွဲထုတ်တော့မည့် အမူအရာတစ်ရပ်ကို ပြုလုပ်လိုက်သည်။

ခဏချင်းမှာပင် မမြင်နိုင်သော ချီစွမ်းအင်လှိုင်းတစ်ခုက တဖြည်းဖြည်း ပျံ့နှံ့ကာ ထွက်ပေါ်လာခဲ့သည်။

လေးလံပြီး ဖိအားပေးလှသော စွမ်းအားကြီးတစ်ခုက လွှမ်းမိုးသွားခဲ့သည်။

ကုယွမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် သတိကြီးစွာထားသည့် ပုံစံသို့ ပြောင်းလဲသွားခဲ့ပြီး ပိုမို၍ လေးနက်တည်ကြည်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေပြီး မွေးညှင်းနုလေးများ ထောင်ထသွားစေမည့် ဘေးအန္တရာယ်ရှိလှသော ချီစွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့လာနေခြင်းကို အာရုံခံမိလိုက်သောကြောင့်ပင်။

ဤဓားချက်မှာ သူ၏ အသက်အန္တရာယ်ကို သေချာပေါက် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

ချလွင်...

လျူရှင်းကျွင်းသည် သူ၏ဓားရှည်ကို နှေးကွေးသယောင်နှင့် အလွန်တရာ မြန်ဆန်စွာ ဆွဲထုတ်လိုက်ပြီးနောက် ကောင်းကင်ယံသို့ မြှောက်ကာ ဒေါသတကြီး ခုတ်ပိုင်းချလိုက်တော့သည်။

ဓားအလင်းတန်းက ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားရှိ မိစ္ဆာအငွေ့အသက်၊ ယင်ချီစွမ်းအင်၊ ရန်လိုမုန်းတီးမှုနှင့် ညစ်ညမ်းသော ချီစွမ်းအင်အားလုံးတို့က စုစည်းသွားခဲ့ကာ ၎င်းအတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။

ယခင်က ဓားချက်နှင့် နှိုင်းယှဉ်ပါက ဤဓားချက်မှာ အဆင့်အနည်းငယ်မျှ သိသိသာသာ အားနည်းသွားသည်ဟု ထင်ရသော်လည်း မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ထိုအေးစိမ့်လှသော ဓားအလင်းတန်းကို ကြည့်လိုက်ရုံနှင့်ပင် ကုယွမ်သည် အရိုးထဲအထိ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤဓားချက်ကို သူ မည်သို့မျှ တားဆီးနိုင်မည် မဟုတ်သကဲ့သို့ပင်။

ကုယွမ်သည် ဘယ်တုန်းကမှ မကြုံဖူးလောက်အောင်ပင် စတင်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့သည့်အလား ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဤဓားချက်၏ ကျင့်ကြံခြင်းအဆင့်အတန်းမှာ အလွန်တရာ ဆန်းကြယ်နက်နဲလှသဖြင့် ဆန့်ကျင်ဘက်ပြုသူ၏ ဓားသိုင်းနည်းလမ်းများမှ ထွက်ပေါ်လာသော ချီစွမ်းအင်လှိုင်းကို သူ လုံးဝ ဖမ်းဆုပ်နိုင်ခြင်း မရှိသောကြောင့်ပင်။

"ဒါက ခုနစ်ချက်သတ် သားရဲဖြူဓားသိုင်းရဲ့ နတ်ဘုရားသတ်ခြင်းအတတ်ပဲ... ဒီကောင်လေးက တကယ်ပဲ အသေခံချင်နေတာလား"

ဆရာကြီးဟယ်လင်၏ မျက်နှာမှာ အရောင်အဆင်း အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားကာ လျူရှင်းကျွင်းကို မနှစ်မြို့လှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်မိတော့သည်။

သူသည် ဤဓားချက်ကို ဝင်ရောက်တားဆီးရန်အတွက် ချက်ချင်းပင် ပြင်ဆင်လိုက်တော့သည်။

သူ ဤမျှအထိ သတိကြီးစွာ ထားရခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် လျူရှင်းကျွင်း ထုတ်ဖော်လိုက်သည့် ဓားချက်မှာ ခုနစ်ချက်သတ် သားရဲဖြူဓားသိုင်းထဲရှိ တားမြစ်ဓားကွက် တစ်ခုဖြစ်ပြီး သက်ရှိကျင့်ကြံသူများ၏ နတ်ဘုရားဝိညာဉ် ကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သောကြောင့်ပင်။

ဤဓားသိုင်းအကွက်မှာ အလွန်တရာ အန္တရာယ်ကြီးမားလှပြီး တစ်ကြိမ် ထုတ်ဖော်လိုက်သည်နှင့် ပြန်လည်ရုပ်သိမ်း၍ မရနိုင်တော့ချေ။

ဓားထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်မှာ ထိုဓားအောက်တွင် သေချာပေါက် လဲကျရမည်ဖြစ်ကာ ရန်သူ သေဆုံးရမည် သို့မဟုတ် သူကိုယ်တိုင် ပျက်စီးရမည်ပင်။

ဤအရာက အသက်နှုတ်မည့် သေမင်းဓားချက်ပင်။

လျူရှင်းကျွင်း၏ ကျင့်ကြံခြင်းစွမ်းအားနှင့်ဆိုလျှင် သူသည် ဤဓားချက်ကို အပြည့်အဝ နားလည်ထိန်းချုပ်နိုင်စွမ်း မရှိသေးဘဲ အတင်းအဓမ္မ ထုတ်ဖော်ခြင်းက အကောင်းဆုံးအခြေအနေတွင်ပင် နှစ်ဦးနှစ်ဖက်လုံး ပျက်စီးသွားခြင်း သို့သာ ဦးတည်သွားပေလိမ့်မည်။

အကယ်၍ ကံမကောင်းပါက နှစ်ဦးစလုံး အတူတကွ သေဆုံးသွားကြရမည်ပင်။

ဆရာကြီးဟယ်လင်သည် သဘာဝအတိုင်းပင် ဒီအတိုင်း ထိုင်ကြည့်မနေနိုင်

သဖြင့် ဝင်ရောက်စွက်ဖက်ရန် ပြင်လိုက်စဉ်မှာပင် သူ လက်ညှိုးဖြင့် ထုတ်လွှတ်လိုက်သော ဓားအလင်းတန်းမှာ တစ်စုံတစ်ယောက်၏ လက်ဝှေ့ယမ်းလိုက်မှုကြောင့် ပျောက်ကွယ်သွားခဲ့ရသည်။

ဆရာကြီးဟယ်လင်မှာ အံ့အားသင့်သွားခဲ့ရပြီး သူ၏ဘေးနားရှိ ရိုးရှင်းသော ဝတ်စုံဖြူကို ဝတ်ဆင်ထားကာ မည်သည့်တန်ဆာဆင်မှုမျှ မပါရှိဘဲ လက်ဗလာနှင့် ရှိနေသည့် ကြည်လင်တောက်ပသော မျက်ဝန်းများဖြင့် နတ်ဘုရားတစ်ပါးအလား တည်ရှိနေသော လူငယ်လေးကို မြင်လိုက်ရသောအခါ သူ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရတော့သည်

"လီချန်ရှန်း... မင်းကိုး"

ဤဝတ်စုံဖြူနှင့် လူငယ်လေးမှာမူ သန့်စင်သောယန်တာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပထမအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ကာ ဆေးဘုရင်တောင်၏ အဆင့်မြင့်ဆုံး စစ်မှန်သောအမွေဆက်ခံသူဟု ချီးမွမ်းခံထားရသည့် လီချန်ရှန်းပင်။

"အကြီးအကဲဟယ်လင်း... မျိုးဆက်သစ်တွေကြားက ကိစ္စတွေကို ဘာဖြစ်လို့ ဝင်ရောက်

စွက်ဖက်နေတာလဲဗျာ။ ဒါ့အပြင် အကြီးအကဲရဲ့ တပည့်ကလည်း ဒီအရာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိနေဦးမှာပဲ မဟုတ်လား..."

"မျိုးဆက်သစ်တွေ ဟုတ်လား... ဟွန်း..."

ဆရာကြီးဟယ်လင်သည် ဤစကားကို ကြားရသောအခါ အေးစိမ့်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာစကားမျှ ဆက်မပြောတော့ချေ။

...

တိုက်ပွဲကွင်းပြင်အတွင်း၌မူ ကုယွမ်သည် ဆန့်ကျင်ဘက်လူ၏ ဓားချက်မှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုတင်မကဘဲ နတ်ဘုရားဝိညာဉ်ကိုပါ ပိုမို၍ ပစ်မှတ်ထားနေကြောင်း ကောင်းစွာ သဘောပေါက်ထားခဲ့ပြီး ဖြစ်သည်။

ထိုဓားအလင်းတန်းက သူ့ကို အနည်းငယ်မျှ ထိမှန်သွားရုံနှင့်ပင် ပြန်လည်ကုစား၍မရနိုင်သော ကြီးမားလှသည့် ထိခိုက်ဒဏ်ရာများကို ရရှိစေမည်ပင်။

သူသည် သူ၏ ဓားအလင်းတန်းနှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး လျူရှင်းကျွင်း၏ ရင်ဘတ်ဆီသို့ ဓားဖြင့် တိုက်ရိုက်ပင် ထိုးစိုက်လိုက်တော့သည်။

လျူရှင်းကျွင်း၏ ဓားချက်မှာ အလွန်တရာ မြင့်မားလှသော ရည်ရွယ်ချက်များ ပါဝင်နေပြီး ဖမ်းဆုပ်ရန်ခက်ခဲကာ အရိပ်အယောင် ကင်းမဲ့လှသဖြင့် ကုယွမ်အနေနှင့် ၎င်း၏ ချီစွမ်းအင်လှိုင်းကို ဖမ်းဆုပ်ရန် ခက်ခဲနေခဲ့ပြီး ခုခံချင်လျှင်ပင် ခုခံရမည့် နည်းလမ်းကို ရှာမတွေ့နိုင်ခဲ့ချေ။

သို့သော်လည်း သူ ခုခံနေရန် မလိုအပ်ပေ။

လျူရှင်းကျွင်း၏ ဓားသိုင်းတွင် မည်သည့်အားနည်းချက်မျှ မရှိဟု ဆိုနိုင်သော်လည်း သို့မဟုတ် အားနည်းချက်ရှိနေလျှင်ပင် ကုယွမ်က ၎င်းတို့ကို ဖမ်းဆုပ်နိုင်ခြင်း မရှိသေးချေ။

သို့သော်ငြားလည်း ထိုဓားချက်ကို မတားဆီးနိုင်လျှင်ပင် ဓားထုတ်သူ လူကိုမူ သူ တားဆီးနိုင်သည်။

ထိုအရာကပင် လုံလောက်နေပြီပင်။

ဆန့်ကျင်ဘက်လူသည် လူက ဓားကို ထိန်းချုပ်သည့် လမ်းစဉ်ပေါ်တွင် ရှိနေသဖြင့် ထိုလူကို သတ်ဖြတ်နိုင်သရွေ့ ဓားသိုင်းပညာမှာ သူဘာသာ ပျက်စီးသွားမည်ပင်။

ငွေရောင်ရေနဂါးဓားမှ ထွက်ပေါ်လာသော ဓားအလင်းတန်းမှာ တောက်ပလှသော ကြယ်

ရောင်ခြည်များကဲ့သို့ ရှိနေပြီး ဟင်းလင်းပြင်ကြီးကို ထိုးဖောက်လျက် ရှည်လျားလှသော သက်တံရောင်စဉ်တန်းကြီးတစ်ခုအလား အလင်းတန်းများကို ဆွဲဆန့်ထုတ်လွှတ်လိုက်တော့သည်။

လျူရှင်းကျွင်းက အံတင်းတင်းကြိတ်လိုက်မိသည်။

ကုယွမ်က သူ့အပေါ်တွင် ဤကဲ့သို့သော အကွက်မျိုးကို အသုံးပြုလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

မတတ်သာသည့်အဆုံး သူသည် သူ၏ ဓားရှည်ကို မြှောက်လိုက်ပြီး ဤဓားအလင်းတန်းကို ပိတ်ဆို့ရန် ကြိုးစားလိုက်ရတော့သည်။

ချွမ်ဟူသော အသံကြီးနှင့်အတူ ဓားထံမှနေ၍ ပြင်းထန်လှသော စွမ်းအားကြီးတစ်ခု စီးဆင်းလာခဲ့သဖြင့် သူသည် သံမဏိတောင်ကြီးတစ်ခုကို ခုတ်ပိုင်းလိုက်ရသည့်အလား ခံစားလိုက်ရသည်။

လျူရှင်းကျွင်း၏ လက်မောင်းမှာ ထုံကျဉ်သွားခဲ့ရပြီး လက်ဖျံမှာ ကွဲအက်သွားခဲ့ကာ သားရဲသတ်ဓားသည်လည်း သူ၏လက်ထဲမှ လွင့်စဉ်ထွက်ပြေးသွားခဲ့ပြီး ကျောက်နံရံအတွင်းသို့ စိုက်ဝင်သွားခဲ့ရတော့သည်။

နောက်တစ်ခဏတွင်မူ မြင့်မားလှသော လူရိပ်တစ်ခုသည် သူ၏အရှေ့တည့်တည့်တွင် အရိပ်တစ်ခုအလား ထွက်ပေါ်လာခဲ့သည်။

ဤလူရိပ်မှာမူ အခြားသူမဟုတ်ဘဲ ကုယွမ်ပင်။

လျူရှင်းကျွင်း၏ မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ရကာ အဘယ်ကြောင့်ဆိုသော် ကုယွမ်သည် သူ၏အရှေ့တွင် လက်နှစ်ဖက်ကို ပေါင်းစပ်လျက် ရတနာအိုးတံဆိပ်ခတ်နှိပ်ခြင်းအဖြစ် ပြောင်းလဲလိုက်ပြီး ရေဓာတ်အလင်းတန်းများစွာ စုစည်းသွားခဲ့ကာ ဝမ်းဗိုက်ကြီးပြီး ခံတွင်းကျဉ်းလှသည့် ကျောက်စိမ်းဖြူကဲ့သို့ လင်းပွင့်နေသော ရတနာအိုးတစ်လုံးအဖြစ် ပုံဖော်လိုက်ခြင်းကြောင့်ပင်။

၎င်းထက်မှနေ၍ လုံးဝန်းညီညွတ်ပြီး အပြစ်အနာအဆာကင်းမဲ့ကာ ထာဝရတည်တံ့မည့် အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

မူလရေရတနာအိုးမှာ နှေးကွေးစွာဖြင့် အရှိန်အဟုန်နှင့် ကျဆင်းလာခဲ့ရာ လျူရှင်းကျွင်းအနေနှင့် ထိုအိုးကြီး သူအား တိုက်ရိုက်မရိုက်ခတ်မိစေရန်အတွက် ခန္ဓာကိုယ်ထက်ရှိ ကာကွယ်ရေးမန္တန်လက်နက်ကိုသာ အလျင်အမြန် စတင်လှုံ့ဆော်နိုင်ခဲ့တော့သည်။

ဝုန်း...

တိုးညှင်းလှသောအသံကြီးနှင့်အတူ လျူရှင်းကျွင်း၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားခဲ့ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လွင့်စဉ်သွားခဲ့ရတော့သည်။

သူသည် မီတာဆယ်ချီသော အကွာအဝေးအထိ လွင့်ထွက်သွားခဲ့ပြီးမှ ရပ်တန့်သွားခဲ့ကာ သွေးများစွာကို အဆက်မပြတ် အန်ထုတ်လိုက်ရတော့သည်။

သူ့ထက်တွင်ရှိသော တိမ်တိုက်နှင့် မိုးကြိုးပုံသဏ္ဌာန်ပါရှိသည့် အရည်အသွေးမြင့် ကျောက်စိမ်းဆွဲပြား မန္တန်လက်နက် မှာမူ ဖျတ်ဟူသောအသံနှင့်အတူ ကွဲအက်ပျက်စီးသွားခဲ့ရပြီး ၎င်း၏ အရောင်အဝါများ မှေးမှိန်သွားခဲ့ရသည်။

ထိုအခါမှသာ ကုယွမ်သည် သူ၏ လက်ဖဝါးကို အသာအယာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး လက်ဟန်မန္တန်များကို ဖြည်ချလိုက်ရင်း ပြုံးရွှင်စွာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် ဂါရဝပြုလိုက်တော့သည်။

"စီနီယာအစ်ကိုလျူ... အရှုံးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

အခန်း။ ၁၇၄

"အဟွတ်…အဟွတ်"

လျူရှင်းကျွင်းသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ရာ သူ အန်ထုတ်လိုက်သော သွေးများထဲတွင် အတွင်းအင်္ဂါ အစိတ်အပိုင်း အနည်းငယ်တို့ပင် ရောပါလာခဲ့သည်။

သူသည် ကုယွမ်၏ ငြိမ်သက်ပြီး အနည်းငယ် ပြုံးပြနေသော မျက်နှာကို ကြည့်လိုက်ကာ ထို့နောက် အံ့ဩမှင်သက်ပြီး မယုံကြည်နိုင်ဖြစ်နေကြသော ဂိုဏ်းတူညီအစ်ကိုများကို တစ်ချက်ကြည့်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"ဒီတစ်ခေါက်တော့ ငါ ရှုံးသွားပြီ။ ငါ လျူရှင်းကျွင်းက ရှုံးနိမ့်ခြင်းကို ကြည်ဖြူစွာ လက်ခံပါတယ်"

သူသည် သူတွင်ရှိသမျှ နည်းလမ်းအားလုံးကို သင့်တော်သည်ဖြစ်စေ မသင့်တော်သည်ဖြစ်စေ အစွမ်းကုန် ထုတ်သုံးခဲ့သော်လည်း ကုယွမ်၏ လက်ချက်ဖြင့် ဆိုးဝါးစွာ ရှုံးနိမ့်သွားခဲ့ရသည်။ သူသည် ၎င်းကို လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

မကျေနပ်သော်လည်း လူအများအပြား၏ ရှေ့မှောက်တွင် ပြောပြီးသောစကားကို ပြန်ရုပ်သိမ်း၍ မရနိုင်ပေ။

ကုယွမ်၏ တိုက်ခိုက်မှုများက ပြင်းထန်လွန်းသည်ဟု သူ မတွေးမိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် အခုလေးတင်က တိုက်ခိုက်ခဲ့စဉ်တွင် မည်သို့မျှ လျှော့ပေးခဲ့ခြင်း မရှိခဲ့သောကြောင့်ပင်။

ကုယွမ်သာ ပိုမိုထူးချွန်သော အရည်အချင်း မရှိခဲ့ပါက သူသည် ယခုအချိန်တွင် အသက်မဲ့နေသူတစ်ယောက် ဖြစ်နေပေလိမ့်မည်။

သူ ယခုအချိန်တွင် အသက်ရှင်နေရခြင်းမှာ ကုယွမ်က ကရုဏာသက်၍ သက်ညှာပေးခဲ့သောကြောင့်သာ ဖြစ်သည်။

"ဟယ်လင်းဆရာသခင်က ဘာကြောင့် ဂျူနီယာညီလေးကုယွမ်ကို တပည့်အဖြစ် လက်ခံဖို့ အတင်းအကျပ် ပြောခဲ့ရတာလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး..."

ရှာလော့ရှန်း၏ စိတ်ထဲတွင် လှိုင်းထန်နေခဲ့သည်။

ဟယ်လင်းဆရာသခင်က ကုယွမ်ကို ဘာကြောင့် တပည့်အဖြစ် လက်ခံခဲ့တာလဲ၊ ကုယွမ်က ဘာကြောင့် လျူရှင်းကျွင်း၏ စိန်ခေါ်မှုကို ရဲဝံ့စွာ လက်ခံခဲ့သလဲဆိုသည်ကို သူ ယခုမှပင် နားလည်သဘောပေါက်သွားတော့သည်။

ကုယွမ်၏ ဓားသိုင်းပညာအကြောင်း ပြောရမည်ဆိုပါက ထူးခြားလှပြီး ဆေးဘုရင်တောင်၏ လူငယ်တပည့်များကြားတွင် ယှဉ်ပြိုင်နိုင်သူ အလွန်တရာ ရှားပါးသည်။

သူ၏ အသက်အရွယ်၊ စိမ်းပြာရောင် ဓားလိပ်ပြာနှင့် ငွေရောင်ရေနဂါးဓားတို့ကို ထည့်သွင်းစဉ်းစားပါက ဆေးဘုရင်တောင်၏ တူညီသော အရွယ်ရှိ အုပ်စုများတွင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး မရှိပေ။

"ဒီလောက်တောင် ယုံကြည်မှုအပြည့် ရှိနေတဲ့ ကုယွမ်က... လျူရှင်းကျွင်းနဲ့ တိုက်ပွဲမှာ အရှုံးပေးမယ့်သူမျိုး ဖြစ်နိုင်ပါ့မလား"

လီချန်ချင်းသည် လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး စိတ်ပျက်အားငယ်ကာ မကျေမနပ်ဖြစ်နေမိသည်။

သူကိုယ်သူ လောကတွင် ရှားပါးသော ပါရမီရှင်တစ်ယောက်ဟု ယူဆထားခဲ့သော်လည်း ကုယွမ်၏ အားနည်းသူက အားသန်သူကို အနိုင်ယူသွားပုံကို မြင်လိုက်ရသည့်အခါ သူပင်လျှင် ဤသို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု မယုံကြည်တော့ချေ။

ကြည့်ရှုနေသူများမှာ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေကြသော်လည်း ကုယွမ်ကမူ တိတ်တဆိတ်သာ သက်ပြင်းချနေမိသည်။

"အတွင်းစည်းတံခါးတပည့်တွေတင် ဒီလောက်အစွမ်းထက်နေမှတော့... မုရုံဝူရွှမ်နဲ့ ချူဟယ်လိုမျိုး စစ်မှန်တဲ့တပည့်တွေက ဘယ်လောက်တောင် စွမ်းနိုင်ကြမှာလဲ။ ပြီးတော့ ပထမအဆင့် မူလဝိညာဉ်စေ့ကို ပိုင်ဆိုင်ထားတဲ့ လီချန်ရှန်းဆိုတဲ့သူကကော ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားဦးမှာလဲ"

"ငါ့မှာ နည်းလမ်းအချို့ ရှိတယ်လို့ ထင်ထားမိပေမဲ့ တကယ်တမ်းတော့ ဒီလောကကြီးမှာ အစွမ်းထက်တဲ့သူတွေက အများကြီး ရှိနေသေးတာပဲ။ သူတို့နဲ့ ယှဉ်နိုင်ဖို့ဆိုရင် အခုထက်ပိုပြီး ကြိုးစားရဦးမှာ"

...

"ဒီပွဲမှာ ငါ ရှုံးတယ်။ ငါက ပြောတဲ့စကားအတိုင်း တည်တဲ့လူပါ။ ဒီကျောက်စိမ်းအိုးကို ဂျူနီယာညီလေး သိမ်းထားလိုက်ပါ..."

လျူရှင်းကျွင်းသည် ထရပ်ရန် ကြိုးစားလိုက်ပြီး အတွင်းအားကို လည်ပတ်ကာ ဒဏ်ရာများကို တည်ငြိမ်စေလိုက်ပြီးနောက် ယခင်က ပြောခဲ့သော ကျောက်စိမ်းအိုးကို ထုတ်ယူကာ ကုယွမ်ထံသို့ ပစ်ပေးလိုက်သည်။

ကုယွမ်သည် သူ၏ ဝိညာဉ်အသိစိတ်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်ရာ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် "ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို" ဟု ပြောလိုက်သည်။

ထို့နောက်တွင်မူ သူသည် တစ်ဖက်လူ၏ ရှုပ်ထွေးလှသော မျက်နှာအမူအရာများကို ဂရုမစိုက်တော့ဘဲ ဟယ်လင်းဆရာသခင်၏ ရှေ့သို့ ရောက်သွားပြီး "ဆရာ" ဟု ခေါ်လိုက်သည်။

"တော်လိုက်တာ"

ဟယ်လင်းဆရာသခင်က ဝမ်းမြောက်ဝမ်းသာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဆရာ ခုနက တစ်ယောက်က..."

ကုယွမ်သည် ခုနက ဝတ်စုံဖြူနှင့်လူငယ်အကြောင်းကို မေးလိုက်သည်။

ထိုလူငယ်သည် ရုပ်ရည်ချောမောပြီး ထူးခြားသော အမူအရာရှိသဖြင့် သူ့အား အလိုလိုပင် ထူးဆန်းသည်ဟု ခံစားမိစေသည်။

ထိုလူသည် ကျင့်ကြံခြင်း မရှိသည့်အလား ထင်ရသော်လည်း အလွန်တရာ နက်နဲပြီး ခန့်မှန်းရခက်သော အရှိန်အဝါကို ခံစားမိစေသည်။

"သူက မင်းရဲ့ အကြီးဆုံး စီနီယာအစ်ကို လီချန်ရှန်းလေ"

ဟယ်လင်းဆရာသခင်က ပြန်ဖြေလိုက်သည်။

လီချန်ရှန်း ဟုတ်လား။

ဆေးဘုရင်တောင်ရဲ့ ပထမဆုံး စစ်မှန်သောအမွေဆက်ခံသူ မူလဝိညာဉ်စေ့လို့ လူသိများတဲ့ လီချန်ရှန်းပေါ့။

ကုယွမ်သည် ခဏမျှ ကြောင်အသွားမိသည်။

သူသည် ထိုနာမည်နှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ထိုအကြောင်းကို ကြားရလွန်းသဖြင့် နားထဲတွင်ပင် စွဲနေခဲ့ပြီ ဖြစ်သည်။

ဤသူသည် ဂုဏ်သရေရှိ မိသားစုအစုအဖွဲ့၏ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ဖြစ်ပြီး ဂိုဏ်းအတွင်းရှိ လူငယ်မျိုးဆက်တပည့်များအားလုံးကို သူ၏စွမ်းအားတစ်ခုတည်းဖြင့်ပင် ဖိနှိပ်ထားနိုင်သူ ဖြစ်သည်။

မမျှော်လင့်ဘဲ သူ၏ တိုက်ပွဲတစ်ခုကပင် ဤကဲ့သို့သော ထင်ရှားသူကို လှုပ်ခတ်သွားစေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။

"မင်း ဒီအကြောင်းနဲ့ပတ်သက်ပြီး အများကြီး စဉ်းစားမနေနဲ့"

ဆရာကြီးဟယ်လင်က တည်ငြိမ်သောလေသံဖြင့် စိတ်ချင်းဆက်သွယ် ပြောကြားလိုက်သည်။

"သူက ငါတို့ဂိုဏ်းရဲ့ တိုက်ရိုက်အမွေအနှစ်အစုအဖွဲ့ကို ဆန့်ကျင်နေသူ ဖြစ်ပေမယ့် သူရဲ့ မာနတရားကြောင့် သူဟာ ဘယ်တော့မှ ညစ်ပတ်တဲ့နည်းလမ်းတွေကို အသုံးပြုမှာ မဟုတ်ဘူး"

"မင်းရဲ့ ပါရမီနဲ့ အသိဉာဏ်ပွင့်လင်းမှုတွေအရ ကောင်းကောင်းမွန်မွန် ကျင့်ကြံသွားမယ်ဆိုရင် အနာဂတ်မှာ ပထမတန်းစား ရွှေအမြုတေကို သွန်းလုပ်နိုင်မယ့် အခွင့်အရေး ရှိလာမှာပါ"

"ဆရာ့စကားအတိုင်းပါပဲ"

ကုယွမ်က ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် စကားမပြောနိုင် ဖြစ်သွားမိသည်။

ဆရာကြီးဟယ်လင်မှာ စစ်မှန်သော ဓားကျင့်ကြံသူတစ်ဦးဖြစ်ပြီး ကိုယ့်ကိုကိုယ် အမြဲပင် အထင်ကြီးကာ ဆုံးဖြတ်ချက်ပြတ်သားပြီး တည့်တည့်ပြောတတ်သူ ဖြစ်သည်။

ဆရာကြီးပေါင်ချန်ကဲ့သို့သော ရွှေအမြုတေအဆင့် ကျွမ်းကျင်သူကြီးနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဓားကို ဆွဲထုတ်နိုင်သူ ဖြစ်သည်။

သို့သော် ယခု လီချန်ရှန်းကို ရင်ဆိုင်ရချိန်တွင်မူ ဤကဲ့သို့သော စကားမျိုးကို ပြောလိုက်ခြင်းမှာ သူကိုယ်တိုင်ပင် လီချန်ရှန်းအပေါ် အနည်းငယ် စိုးရိမ်ပူပန်မှု ရှိနေကြောင်း ထင်ရှားသည်။

နှစ်ဦးစလုံးမှာ ရွှေအမြုတေကို သွန်းလုပ်ထားသူများ ဖြစ်ကြသော်လည်း လီချန်ရှန်းမှာမူ သန့်စင်သောယန်တာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပထမတန်းစား ရွှေအမြုတေကို သွန်းလုပ်ထားသဖြင့် အနာဂတ်တွင် ဆေးဘုရင်တောင်တစ်ခုလုံး၏ မူလဝိညာဉ် စစ်မှန်သောနတ်ဘုရား ဖြစ်လာမည့်သူအဖြစ် လျာထားခြင်းခံထားရသည်။

ဆရာကြီးဟယ်လင်နှင့် ပတ်သက်၍ ကုယွမ်သိထားသမျှမှာ သူသည် ဝိညာဉ်ဓားရိုး ပါရမီရှိပြီး အထက်တန်းလွှာ ရွှေအမြုတေကို သွန်းလုပ်ထားသူ ဖြစ်သော်လည်း လီချန်ရှန်းနှင့် နှိုင်းယှဉ်ပါက ဒုတိယတန်းစား ရွှေအမြုတေ ဖြစ်နေသဖြင့် တစ်ဆင့်နိမ့်ကျနေသည်။

ဤအခြေအနေအောက်တွင် ဆရာကြီးဟယ်လင် ဤကဲ့သို့ တုံ့ပြန်မှုမှာ အံ့ဩစရာ မရှိချေ...

...

တိုက်ပွဲမှာ မြန်ဆန်စွာပင် အဆုံးသတ်သွားခဲ့သည်။

ဤနေ့မှစ၍ ကုယွမ်၏ နာမည်မှာ ဝဲပျံနဂါးလှေကြီးပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ယခင်က လူအများအပြားသည် ကုယွမ်ဟူသော နာမည်ကို ကြားဖူးကြသော်လည်း သူသည် ကံကောင်းပြီး ပါရမီရှိသူတစ်ဦးအဖြစ်သာ မြင်ခဲ့ကြသည်။

သို့သော် ယခုအခါတွင်မူ သူ၏ တိုက်ပွဲစွမ်းဆောင်ရည်ကြောင့် ကုယွမ်ဟု နာမည်ကို မည်သူမျှ ထုတ်ဖော်ပြောဆိုရန် မဝံ့မရဲ ဖြစ်သွားခဲ့ကြသည်။

အနည်းဆုံးတော့ သူ၏ရှေ့မှောက်တွင် မည်သူမျှ သူ၏နာမည်ကို တိုက်ရိုက် မခေါ်ဆိုရဲကြတော့ချေ။

ကုယွမ်သည် ကျင့်ကြံခြင်းအခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး မငြိမ်မသက်ကောင်းကင်ယံ မိစ္ဆာသတ်ဓားကျမ်းစာကို နားလည်သဘောပေါက်ရန်အတွက် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။

လျူရှင်းကျွင်းနှင့် တိုက်ပွဲမှ သူသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး အသက်နှုတ်ဓားကျမ်းစာကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။

မငြိမ်မသက်ကောင်းကင်ယံ မိစ္ဆာသတ်ဓားကျမ်းစာထဲတွင်လည်း အနှစ်သာရအချို့ကို နားလည်သွားခဲ့သဖြင့် ဤအရှိန်အဟုန်ကို အသုံးပြု၍ ထိုနားလည်မှုများကို အပြည့်အဝ စုပ်ယူကာ သူ၏ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲလိုက်သည်။

နေ့ရက်များစွာ တံခါးပိတ်ကျင့်ကြံပြီးနောက် ကုယွမ်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် စူးရှသော ဓားအလင်းတန်းနှစ်ခုအလား အေးစိမ့်သည့်အရိပ်အယောင်များ ပေါ်ထွက်နေခဲ့သည်။

မငြိမ်မသက်ကောင်းကင်ယံ မိစ္ဆာသတ်ဓားကျမ်းစာသည် ရှေးဟောင်းဓားမသေနိုင်သောသူတို့၏ ဂိုဏ်းအုပ်အနွယ်မှ ဆင်းသက်လာသည့် လျှို့ဝှက်အမွေအနှစ်တစ်ခု ဖြစ်သည့်အတိုင်းပင် ဂုဏ်သတင်းနှင့် ညီစွာ တန်ဖိုးကြီးမားလှသည်။

၎င်း၏ ဓားသိုင်းသဘောတရားများမှာ နက်နဲလှပြီး အဆင့်မြင့်မားလှသည်။

မြင့်မားသော အဆင့်အထိ ကျင့်ကြံအောင်မြင်ပါက ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များကိုပင် ခုတ်ပိုင်းနိုင်စွမ်း ရှိပြီး သူ ယခင်က ကျင့်ကြံခဲ့သော ကျောက်စိမ်းရှုခင်း ထူးကဲအမြုတေဓားကျမ်းစာထက် မည်သို့မျှ မနိမ့်ကျသည့်အပြင် ဖျက်ဆီးခြင်းစွမ်းအားတွင်မူ ပို၍ပင် ပြင်းထန်လှသည်။

ယခင်ကျမ်းစာမှာ ပြင်းထန်လှသော ဖျက်ဆီးခြင်းစွမ်းအားကို ရှာဖွေပြီး အလွန်တရာ ရက်စက်ပြင်းထန်လှသည်။

နောက်ကျမ်းစာမှာမူ ဖြောင့်မတ်ပြီး ဟန်ချက်ညီကာ ခမ်းနားလှသော တာအိုလမ်းစဉ်ဖြစ်သည်။

ဆရာကြီးဟယ်လင်၏ အဆိုအရ မငြိမ်မသက်ကောင်းကင်ယံ မိစ္ဆာသတ်ဓားကျမ်းစာကိုသာ အဓိကထား ကျင့်ကြံပါက ကျင့်စဉ်ဖောက်ပြန်ပြီး လမ်းလွဲသွားနိုင်သည့် အန္တရာယ် ရှိသည်။

သို့သော် ကျောက်စိမ်းရှုခင်း ထူးကဲအမြုတေဓားကျမ်းစာနှင့် တွဲဖက်ကျင့်ကြံပါက ကုယွမ်၏ ဓားတာအိုကို ပြုပြင်ပေးနိုင်ပြီး လမ်းလွဲမသွားစေရန် ကာကွယ်ပေးနိုင်သည်။

ဤကျမ်းစာနှစ်စောင် ပေါင်းစပ်လိုက်ခြင်းက ကုယွမ်၏ ဓားတာအို အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာလာစေသည်။

ကုယွမ်သည် လက်ကို လှန်လိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

ပုလင်းဆို့ကို ဖွင့်လိုက်သောအခါ ကြွယ်ဝပြီး ရှုပ်ထွေးလှသော ဆေးရနံ့များ ထွက်ပေါ်လာခဲ့သည်။

ထိုရနံ့ကို ရှူရှိုက်လိုက်သောအခါ ကုယွမ်သည် လန်းဆန်းသွားခဲ့ရပြီး သူ၏ မူလစစ်မှန်သောအတွင်းစွမ်းအား လည်ပတ်မှုမှာလည်း အနည်းငယ် မြန်ဆန်သွားခဲ့သည်။

အရောင်ခုနစ်မျိုးဖြင့် တောက်ပနေသော သန့်စင်သော ဝိညာဉ်အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့ပြီး အရောင်ခုနစ်မျိုးဖြင့် ငှက်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ပျံသန်းထွက်ပြေးရန် ကြိုးစားသော်လည်း ကုယွမ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ဤအရာမှာ သူ လျူရှင်းကျွင်းနှင့် တိုက်ပွဲမှ ရရှိခဲ့သော ဆေးဝိညာဉ်ပင်။

၎င်းမှာ ဖန်ဆင်းခြင်းစွမ်းအား အပိုင်းအစလေးတစ်ခုနှင့် ဆေးဖက်ဝင် အနှစ်သာရပေါင်းများစွာကို စုပ်ယူထားသည့် ထူးခြားလှသော သက်ရှိဝိညာဉ်တစ်ခု ဖြစ်ပြီး ဆေးဖက်ဝင်အာနိသင်များကို စီစစ်ပေးနိုင်ကာ ဆေးဖိုမီးကို တည်ငြိမ်စေနိုင်သော စွမ်းအားရှိသည်။

All Chapters