← Chapters

အခန်း ၄၈၂

Vol. 33 Ch. 482

အခန်း ၄၈၂

Vol. 33 Ch. 482

အခန်း (၄၈၂) - ရတနာသေတ္တာအတွင်းမှ လျှို့ဝှက်ချက်

ခရမ်းရောင်အဆင့်ရှိသော သော့တစ်ချောင်းပင်။

ရတနာသေတ္တာကောင်ကြီးကို ထိန်းချုပ်နိုင်မည့် သော့တစ်ချောင်းပင် ဖြစ်ပေသည်။

ရွှီရှင်း ထိုသော့ကို ရရှိလိုက်သည့် ခဏ၌ပင် မြေပုံပေါ်ရှိ ရတနာသေတ္တာကောင်ကြီး၏ တည်နေရာပြအမှတ်အသားမှာ အနီရောင်အစက်အပြောက်မှနေ၍ အစိမ်းရောင်အလင်းစက်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ချေပြီ။

ကောင်းပေသည်။ ယခုအခါတွင်မူ ရတနာသေတ္တာကောင်ကြီးသည် ၎င်းတို့အဖွဲ့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့လေပြီ။

ငွေရောင်ဘုရင်နှင့် မီမီတို့သည်လည်း ရတနာသေတ္တာကောင်ကြီးထံမှ ပြောင်းလဲမှုများကို ခံစားမိကြပုံရပြီး တင်းမာနေသော ၎င်းတို့၏ ခန္ဓာကိုယ်များကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ကြကာ တိုက်ခိုက်မည့် အမူအရာမျိုး ထပ်မံမပြုလုပ်ကြတော့ပါပေ။

သေတ္တာကို ဝန်းရံထားလျက် ရတနာသေတ္တာကောင်ကြီးကို အချိန်မရွေး ရိုက်ပုတ်ရန် ပြင်ဆင်နေကြသော နွယ်ပင်များသည်လည်း မည်သည့်တိုက်ခိုက်လိုစိတ်မျှ ရှိမနေကြတော့ဘဲ မြေပြင်အောက်သို့ ဖြည်းဖြည်းချင်း ပြန်လည်ဝင်ရောက်သွားကြတော့သည်။

လုဖေးအာသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ သူမ၏ရှေ့တွင် အသင့်ပြင်ထားသော ဓားမြှောင်ကို အောက်သို့ နှိမ့်ချလိုက်ရင်း

"ဒီသေတ္တာကြီးစီကနေ ရန်လိုမှုနဲ့ အန္တရာယ်အငွေ့အသက် ငါ ထပ်ပြီး ခံစားလို့မရတော့ဘူး၊ အဲ့တာက အရှုံးပေးလိုက်တာလား" ဟု မေးမြန်းလိုက်၏။

ရွှီရှင်းသည် လက်ထဲက သော့ကို လှုပ်ယမ်းပြလိုက်ရင်း ပြုံးလျက် "အဲ့တာက အခု ငါတို့အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ... မဟုတ်သေးဘူး၊ ငါတို့ရဲ့ သေတ္တာလေး ဖြစ်သွားပြီပေါ့" ဟု ဆိုလိုက်ပေသည်။

"ကျွန်မ သဘောပေါက်ပြီ။"

လီဝမ်ရှီးသည် ရွှီရှင်း၏ လက်ထဲက သော့ကို ကြည့်လျက် အကဲခတ်ကာ "သော့ကို ပိုင်ဆိုင်တဲ့သူက အဲ့တာရဲ့ သခင်ဖြစ်ရမယ် ဟုတ်တယ်မလား။ နင်က အခု ရတနာသေတ္တာကောင်ကြီးရဲ့ သခင် ဖြစ်သွားတာပေါ့" ဟု ဆို၏။

"မှန်တာပေါ့။"

ရွှီရှင်းက ခေါင်းညိတ်လိုက်ပြီး ရတနာသေတ္တာကောင်ကြီး၏ ဘေးသို့ လှမ်းလျှောက်သွားခဲ့သည်။

ရွှီရှင်း အနားသို့ မချဉ်းကပ်မီမှာပင် ရတနာသေတ္တာကောင်ကြီးသည် ၎င်း၏အဖုံးကို အလိုအလျောက် ဖွင့်ဟလိုက်ရာ ချွန်ထက်သော သွားတန်းကြီးများပါရှိသည့် သွေးနီရောင် ပါးစပ်ကြီး ပေါ်ထွက်လာပြီး ၎င်း၏ လည်ချောင်းနက်နက်ထဲမှ ဗီဇပြောင်းနွယ်ပင်များသည် သေတ္တာ၏ ပြင်ပသို့ တွဲလောင်းကျလျက် လှုပ်ရှားပြလာခဲ့၏။

အင်း...

၎င်းပုံစံက ခွေးတစ်ကောင်က သခင်ဖြစ်သူကို ချစ်ခင်ကြောင်း ပြသသည့်အနေဖြင့် လျှာထုတ်ပြနေသည်နှင့် အလွန်ပင် တူလှပေသည်။

"မင်းရဲ့ ဗိုက်ထဲမှာ ဘာပစ္စည်းတွေ ရှိနေလဲ၊ ငါ ကြည့်ရအောင် အကုန်လုံး အပြင်ကို ထွေးထုတ်လိုက်စမ်း" ဟု ရွှီရှင်းက လုံးဝ ကျိုးနွံသွားခဲ့ပြီဖြစ်သော ရတနာသေတ္တာကောင်ကြီးကို အမိန့်ပေးလိုက်ပေသည်။

ရတနာသေတ္တာကောင်ကြီးသည် ပြန်လည်တုံ့ပြန်သည့်အနေဖြင့် လျှာကဲ့သို့ တွဲလောင်းကျနေသော နွယ်ပင်ကို အတွင်းသို့ ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် အဖုံးကို ပြန်လည်ပိတ်ဆို့သွားခဲ့ချေပြီ။

၎င်းသည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ပြီး ၎င်းဘာသာ ထပ်မံပွင့်ဟခြင်းမရှိတော့ဘဲ ရွှီရှင်း လာရောက်ဖွင့်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေသည့်အလား ဖြစ်နေပေသည်။

"ဒါက..."

ရွှီရှင်းသည် လက်ကိုဆန့်၍ ရတနာသေတ္တာကောင်ကြီးကို ထိကြည့်လိုက်ရာ ယခင်က အသားခဲကဲ့သို့ အနည်းငယ် နူးညံ့နေခဲ့သော ၎င်း၏ ကိုယ်ထည်မှာ ယခုအခါတွင်မူ အေးစက်မာကျောသွားခဲ့ပြီး စစ်မှန်သော သတ္တုကို ကိုင်တွယ်ရသည့် ခံစားချက်မျိုးနှင့် တစ်ထေရာတည်း တူညီနေကြောင်း တွေ့ရှိလိုက်ရပေသည်။

သူသည် သေတ္တာအဖုံးကို မရန် လက်လှမ်းလိုက်၏။

သေတ္တာမှာ သော့ခတ်ထားခြင်းမရှိသလို ရွှီရှင်း ကိုင်ဆောင်ထားသော သော့ကို အသုံးပြုရန်လည်း မလိုအပ်ပါပေ။

သေတ္တာအဖုံးမှာ အတော်လေး လေးလံလှသော်လည်း ရွှီရှင်း၏ လက်ရှိခွန်အားဖြင့်ဆိုလျှင်မူ ၎င်းကို အလွယ်တကူပင် လှန်ဖွင့်နိုင်ပေသည်။

အတွင်းပိုင်း၌မူ တောက်ပလှသော ရွှေရောင် ငွေရောင် ရတနာများ ရှိနေဆဲ ဖြစ်၏။

သူသည် အခြေအနေကို ပို၍ နားလည်သဘောပေါက်သွားခဲ့ချေပြီ။

ဤရတနာသေတ္တာကောင်ကြီးတွင် သေချာပေါက် ပုံသဏ္ဌာန်နှစ်မျိုး ရှိနေရမည် ဖြစ်သည်။

ပထမပုံသဏ္ဌာန်မှာ ပါးစပ်ကြီး ပွင့်နေသော ပုံစံ ဖြစ်၏။

ဤပုံစံအတွင်း၌ ရတနာသေတ္တာကောင်ကြီးသည် ၎င်း၏ ဧရာမပါးစပ်ကြီးဖြင့် အစားအစာများကို ကြိတ်ခြေဝါးမြိုနိုင်ခြင်းဖြစ်ပြီး ၎င်းမှာ စောစောက နွယ်ပင်များကို ကြိတ်ခြေခဲ့သကဲ့သို့ ဖြစ်ပေသည်။

ထို့ပြင် ၎င်းသည် တိုက်ခိုက်ရန်အတွက် ပါးစပ်အတွင်းမှ ဗီဇပြောင်းနွယ်ပင်များကို ထုတ်လွှတ်နိုင်သဖြင့် ၎င်းမှာ တက်ကြွလှသော တိုက်ခိုက်ရေး ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေသည်။

ဒုတိယပုံသဏ္ဌာန်မှာမူ လက်ရှိ မြင်တွေ့နေရသော သေတ္တာပုံစံ ဖြစ်၏။

ဤပုံစံအတွင်း၌ ရတနာသေတ္တာကောင်ကြီး၏ အတွင်းပိုင်းမှာ ထိုဧရာမပါးစပ်ကြီး မဟုတ်တော့ဘဲ စစ်မှန်သော ရတနာသေတ္တာတစ်လုံး၏ အတွင်းပိုင်း ဖြစ်သွားခြင်း ဖြစ်ပေသည်။

သော့၏ အချက်အလက်များအရဆိုလျှင် ဤနေရာ၌ ၎င်းယခင်က ဝါးမြိုခဲ့ဖူးသော အရာမှန်သမျှကို သိမ်းဆည်းထားခြင်းဖြစ်ပြီး မချေဖျက်ရသေးသော ပစ္စည်းများအားလုံး ကျန်ရှိနေခြင်း ဖြစ်၏။

သို့သော်လည်း ဤဒုတိယပုံသဏ္ဌာန်ရှိနေသော အချိန်တွင်မူ ရတနာသေတ္တာကောင်ကြီးသည် ၎င်းဘာသာ အလိုအလျောက် ပွင့်ခြင်း ပိတ်ခြင်း သို့မဟုတ် လှုပ်ရှားခြင်းများကို ပြုလုပ်နိုင်စွမ်း ရှိပုံမပေါ်ပါပေ။

သေတ္တာမှာ ကြီးမားသောထုထည်ရှိလှသဖြင့် ရှင်ကျန်သူများအနေဖြင့် ၎င်းကို လက်ဖြင့် ဖွင့်လှစ်သည့်အခါ အတွင်းက ရတနာများ၏ အပေါ်ယံ အစိတ်အပိုင်းအနည်းငယ်ကိုသာ လက်လှမ်းမီနိုင်ကြမည် ဖြစ်၏။

အတွင်းပိုင်း နက်နက်ထဲက ရတနာများအားလုံးကို မြင်တွေ့လိုပြီး ယူဆောင်လိုပါက မိမိ၏ ခန္ဓာကိုယ်ကို အတွင်းထဲသို့ နှိမ့်ချ၍ လက်လှမ်းယူရမည်သာ ဖြစ်ပေသည်။

ထိုကဲ့သို့သော အချိန်ကျမှသာ ရတနာသေတ္တာကောင်ကြီးသည် လူသားစားမည့် ပုံသဏ္ဌာန်သို့ ချက်ချင်း ပြောင်းလဲလိုက်ပြီး အဖုံးကို ရုတ်တရက် ပြန်လည်ပိတ်ဆို့က၊ အတွင်းသို့ လက်လှမ်းနှိမ့်ချထားသော ရှင်ကျန်သူကို တစ်ခါတည်း ဝါးမြိုပစ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကောင်ကြီးပင်။

ရွှီရှင်းပင်လျှင် အတွင်းပိုင်းက ထူထဲလှသော ရွှေရောင် ငွေရောင် ရတနာပုံကြီးကို မြင်တွေ့လိုက်ရသောအခါ ထိုရတနာပုံကြီး၏ အောက်ခြေတွင် အခြားသော အဖိုးတန်ပစ္စည်းများ ပုန်းကွယ်နေခြင်း ရှိ၊ မရှိကို မထိန်းနိုင်ဘဲ စစ်ဆေးကြည့်ချင်စိတ် ပေါ်ထွက်လာခဲ့ရပေသည်။

အကယ်လို့ ၎င်းက သာမန်ရတနာသေတ္တာတစ်လုံးသာ ဆိုပါက သူသည် အတွင်းက ရတနာများကို သေချာပေါက် လှန်လှောရှာဖွေမိမည်မှာ အမှန်ပင် ဖြစ်၏။

သို့သော်လည်း အထဲတွင် ဤပစ္စည်းများတင်မကဘဲ အခြားအရာများလည်း ရှိနေဦးမည် မဟုတ်ပါလား။

"မင်းရတနာတွေကို မင်းဘာသာ အပြင်ကို ထွေးထုတ်ပေးလို့ မရဘူးလား" ဟု ရွှီရှင်းက မေးမြန်းလိုက်ပေသည်။

သေတ္တာကြီးမှာ အနည်းငယ် တုန်ခါသွားခဲ့ပြီးနောက် မည်သည့်တုံ့ပြန်မှုမျှ ပြသခြင်း မရှိတော့ပါပေ။

ထင်ရှားလှသည်မှာ ၎င်းက မလုပ်ဆောင်နိုင်ခြင်းဖြစ်ပြီး သူကိုယ်တိုင်သာ ရှာဖွေရတော့မည် ဖြစ်၏။

ရွှီရှင်းသည် သေတ္တာ၏ အတွင်းပိုင်းဆီသို့ လက်လှမ်းရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် လက်နှစ်ဖက်၏ ဆွဲကိုင်တားဆီးခြင်းကို ခံလိုက်ရပေသည်။

လက်တစ်ဖက်မှာ လီဝမ်ရှီး၏ လက်ဖြစ်ပြီး ကျန်လက်တစ်ဖက်မှာမူ လုဖေးအာ၏ လက် ဖြစ်ပေသည်။

"နင် သော့ကို ရခဲ့တယ်ဆိုရင်တောင်မှ၊ ဒီလိုလုပ်တာက အရမ်းကို အန္တရာယ်မများလွန်းဘူးလား"

လီဝမ်ရှီးသည် သေတ္တာပိတ်သွားစဉ်က နွယ်ပင်များ ချက်ချင်း ပြတ်တောက်သွားခဲ့ရသည့် မြင်ကွင်းကို ပြန်လည်တွေးတောမိရင်း အနည်းငယ် ထိတ်လန့်စွာဖြင့် ဆို၏။

"နင့်ရဲ့ လက် ညှပ်မိသွားမှာကို မကြောက်ဘူးလား၊ ပြီးတော့ ကြည့်ရတာလည်း အထဲမှာ ဘာအဖိုးတန်ပစ္စည်းမှ ရှိနေပုံမရပါဘူး..."

ရတနာသေတ္တာကောင်ကြီးသည် လီဝမ်ရှီး၏ စကားများကို နားလည်ပုံရပြီး သူမ၏ မယုံကြည်မှုနှင့် မိမိရတနာများအပေါ် အထင်သေးမှုကို ကန့်ကွက်သည့်အနေဖြင့် မလှုပ်မယှက်ရှိနေသော ဤပုံစံဖြင့်ပင် ခန္ဓာကိုယ်ကို နှစ်ကြိမ်ခန့် ပြင်းပြင်းထန်ထန် လှုပ်ယမ်းပြလာခဲ့၏။

"ကျွန်မ သွားကြည့်ပါ့မယ်၊ အထဲမှာ ဘာတွေရှိလဲဆိုတာ ကျွန်မပဲ သွားရှာပါ့မယ်။ ကျွန်မရဲ့ အရှိန်က မြန်ဆန်လွန်းလို့ ပြန်ပိတ်ဖို့ ကြိုးစားရင်တောင် ကျွန်မကို ဖမ်းမိမှာ မဟုတ်ဘူး"

လုဖေးအာသည် ရွှီရှင်းအား မစွန့်စားစေလိုသဖြင့် ဤသို့ ဆိုလိုက်ခြင်း ဖြစ်ပေသည်။

"..."

ရွှီရှင်းကမူ မတတ်သာသည့်အမူအရာဖြင့် ခေါင်းကို ခါယမ်းလိုက်မိတော့သည်။

ထိုမိန်းကလေးနှစ်ဦးမှာ မြေပုံပေါ်က အစိမ်းရောင်အစက်အပြောက်ကို မြင်တွေ့နိုင်ခြင်း မရှိကြသဖြင့် ဤရတနာသေတ္တာကောင်ကြီးမှာ ၎င်းတို့ဖက်သို့ လုံးဝ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း မသိရှိကြပါပေ။

"ကောင်းပါပြီ၊ ဒါဆိုရင်တော့ နင်ပဲ ဤရွှေရောင် ငွေရောင် ရတနာပုံကြီးရဲ့ အောက်ထဲမှာ ဘာတွေရှိလဲဆိုတာ သွားပြီး ရှာဖွေကြည့်လိုက်တော့။"

ရွှီရှင်းက ဇွတ်အတင်း မပြုလုပ်တော့ပါပေ။

မိမိကိုယ်စား အလုပ်လုပ်ပေးမည့်သူ ရှိနေမှတော့ သူလည်း သက်တောင့်သက်သာ နားနေရသဖြင့် ပျော်ရွှင်မိပေသည်။

ခွင့်ပြုချက် ရရှိသွားခဲ့ပြီဖြစ်ရာ လုဖေးအာသည် သေတ္တာ၏ ကျောက်နံရံကို လျင်မြန်စွာ ဆုပ်ကိုင်လျက် အပေါ်သို့ ခုန်တက်လိုက်ကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သေတ္တာအစွန်းတွင် မှီထားရင်း အတွင်းပိုင်းသို့ လက်လှမ်းကာ လှန်လှောရှာဖွေပါတော့သည်။

သူမ၏ အရပ်မှာ အကြမ်းဖျင်းအားဖြင့် ၁.၆၅ မီတာခန့် ရှိခြင်းဖြစ်ပြီး သေတ္တာ၏ အမြင့်မှာမူ ၁.၅ မီတာ ရှိသဖြင့် ၎င်း၏ အစွန်းပိုင်းသည် သူမ၏ ပါးစပ်နှင့် နှာခေါင်းအဆင့်တွင် ရှိနေသောကြောင့်၊ အတွင်းထဲသို့ လက်လှမ်းမီရန်အတွက် အပေါ်သို့ ခုန်တက်၍ ကိုယ်ကို ကိုင်းထားရခြင်း ဖြစ်ပေသည်။

လုဖေးအာ၏ ထိုကဲ့သို့သော ရှာဖွေပုံကို ကြည့်ရင်း ရွှီရှင်းမှာမူ ပြောစရာစကားပင်မရှိတော့ချေ။

အခန်း ၄၈၂ ပြီး။

All Chapters