← Chapters

အခန်း ၄၈၃

Vol. 33 Ch. 483

အခန်း ၄၈၃

Vol. 33 Ch. 483

အခန်း (၄၈၃) - ရတနာသေတ္တာအတွင်းမှ လျှို့ဝှက်ချက် ၂

ဤသည်မှာ သူကိုယ်တိုင် သွားရောက်ရှာဖွေသည်လောက် စိတ်မချရပါပေ။

အကယ်၍ အမှန်တကယ် ပြဿနာတစ်ခုခု ရှိနေမည်ဆိုပါက ပို၍ပင် အန္တရာယ် များလှ၏။

"ဖေးအာ အဲ့လိုလုပ်တာက တကယ်ပဲ အန္တရာယ်များပါတယ်..."

လီဝမ်ရှီးသည် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်၏။

"စိတ်ချပါ၊ အဆင်ပြေပါတယ်"

ရွှီရှင်းသည် လက်ထဲက လှံရှည်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် သူ့အနားသို့ တိုးကပ်လာသော လီဝမ်ရှီး၏ ပါးပြင်လေးကို မထိန်းနိုင်ဘဲ ထပ်မံဆွဲလိုက်မိပြန်သည်။

သူမ၏ ပါးပြင်လေးမှာ ချောမွတ်နူးညံ့နေပြီး အေးစက်စက်လေးဖြစ်ရာ၊ သူ့လက်ကိုပင် ပြန်မဖယ်ချင်လောက်အောင် ဖြစ်ရပေသည်။

"နင် အထဲကို ဝင်ပြီး လွတ်လပ်စွာ ရှာနိုင်တယ်၊ ဘာပြဿနာမှ မရှိပါဘူး"

လီဝမ်ရှီးသည် သူမ၏ပါးကို ဆွဲနေသော ရွှီရှင်း၏ လက်ကို လှမ်းကိုင်လိုက်သော်လည်း ဖယ်ရှားပစ်ခြင်းမရှိဘဲ ညင်သာစွာ ဆွဲခွင့်ပြုထားရင်း "တကယ်ပဲ ရတာလားဟင်။ ဒါဆိုရင် ကျွန်မလည်း..." ဟု ဆို၏

"ကောင်းတဲ့ ပစ္စည်းတစ်ခု ရှာတွေ့ပြီ"

ခန္ဓာကိုယ်တစ်ခုလုံး သေတ္တာအတွင်းသို့ ငုံ့ထားပြီး တင်ပါးနှင့် ခြေထောက်နှစ်ဖက်သာ အပြင်သို့ တွဲလောင်းကျနေသော လုဖေးအာသည် ရတနာသေတ္တာအတွင်းမှနေ၍ အော်ဟစ်လိုက်ပြီးနောက် အပြင်သို့ ခုန်ထွက်လာခဲ့၏။

သူမ လှည့်လာသည့်အခါ လက်ထဲတွင် အပြာရောင်အဆင့် အလင်းတန်းများ ထွက်ပေါ်နေသော သားရဲစာချုပ်အချို့ ပါရှိနေပြီး မျက်လုံးများတွင်လည်း အံ့သြမှုများဖြင့် ပြည့်နှက်လျက် "ဒါက တကယ့်ကို ကောင်းတဲ့ ပစ္စည်းပဲ" ဟု ဝမ်းသာအားရ ဆိုလိုက်ပေသည်။

ထိုသို့ဆိုကာ သူမသည် ထိုစာချုပ်များကို ရွှီရှင်းထံသို့ လှမ်းပေးလိုက်၏။

[ဗီဇပြောင်းသားရဲစာချုပ် (အပြာရောင်): အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတစ်ကောင်ကို စာချုပ်ချုပ်ဆိုနိုင်ပြီး၊ ၎င်းအား မိမိအပေါ် လုံးဝ ကျိုးနွံနာခံလာစေနိုင်သည်။]

ဟင်....

ရွှီရှင်း၏ မျက်စိသူငယ်အိမ်များမှာ အနည်းငယ် ကျုံ့သွားခဲ့ရ၏။

ဗီဇပြောင်းသားရဲစာချုပ်ဆိုပါလား။

အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများကို စာချုပ်ချုပ်ဆိုနိုင်မည့် အပြာရောင်အဆင့် သားရဲစာချုပ်ပင်။

ထိုစာချုပ်အချို့၏ အပေါ်တွင်မူ သွေးနီရောင် မှော်စာလုံးလက်ရာများ ရှိနေပြီး မှိန်ဖျော့လှသော သွေးညှီနံ့တစ်ခုပါ ထွက်ပေါ်နေပေသည်။

ဤမှော်စာလုံးများက ဘာစာလုံးလဲဆိုသည်ကို သူ အတိအကျ ခွဲခြားနိုင်ခြင်းမရှိသော်လည်း ထိုစာလုံးများကို ရေးသားခဲ့သူကိုမူ သူ သေချာပေါက် သိရှိနေပေသည်။

ဤသည်မှာချန်ရင် တို့ မိသားစု၏ စာရေးသားဟန် မဟုတ်ပါလား။

သူသည် ယခင်က ရရှိခဲ့ဖူးသော အစိမ်းရောင်အဆင့် ဗီဇပြောင်းသားရဲစာချုပ်တစ်ခုကို အမြန်ထုတ်ယူကာ နှိုင်းယှဉ်ကြည့်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ဤသည်မှာ ချန်ရင်၏ လက်ရေးအစစ်အမှန်ပင် ဖြစ်ပေသည်။

လက်ရေးမှာ တစ်ထေရာတည်း တူညီနေ၏။

ဤအပြာရောင်အဆင့် ဗီဇပြောင်းသားရဲစာချုပ်မှာ သေချာပေါက် ချန်ရင်ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ရမည်။

သို့သော် အဘယ်ကြောင့် ဤရတနာသေတ္တာကောင်၏ ဝမ်းဗိုက်အတွင်း၌ ချန်ရင်ဖန်တီးထားသော သားရဲစာချုပ် ရှိနေရပါသနည်း။

လုဖေးအာသည် သေတ္တာအတွင်းသို့ နောက်တစ်ကြိမ် ငုံ့လျှိုး၍ ရှာဖွေနေပြန်ပြီဖြစ်ရာ ရွှီရှင်းသည် ဤသံသယကို စိတ်ထဲ၌သာ ခေတ္တသိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်၏။

အထဲတွင် အခြားဘာပစ္စည်းတွေ ရှိနေသေးလဲဆိုတာ အရင်ဆုံး ကြည့်ရမည်။

"ဒါက ဗီဇပြောင်းသားရဲစာချုပ်လား"

လီဝမ်ရှီးသည် ရွှီရှင်း၏ လက်ထဲက စာချုပ်ကို လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် မှတ်မိသွားခဲ့ပေသည်။

ရွှီရှင်းသည် ယခင်က သူမအား စာချုပ်တစ်ခု ပေးခဲ့ဖူးပြီး ၎င်းဖြင့် သူမသည် နွားမကို စာချုပ်ချုပ်ဆိုခဲ့ဖူးသဖြင့် သူမအနေဖြင့် ဤအရာနှင့် အတော်ပင် ရင်းနှီးနေခြင်း ဖြစ်၏။

"အင်း၊ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေအတွက် စာချုပ်ပဲ" ဟု ဆိုကာ ရွှီရှင်းက ထိုစာချုပ်ကို သူမအား ကြည့်ရှုရန် ကမ်းပေးလိုက်ပေသည်။

"ပိုမြင့်တဲ့ အဆင့်ရှိတဲ့ စာချုပ်ပေါ့"

လီဝမ်ရှီးသည် ဗီဇပြောင်းသားရဲစာချုပ်များအပေါ်တွင်မူ အလွန်အမင်း စိတ်ဝင်စားခြင်းမျိုး မရှိလှသဖြင့် စာချုပ်ကို ရွှီရှင်းထံသို့ ပြန်လည်ပေးအပ်လိုက်၏။

သူမသည် ဧရာမသေတ္တာကြီးကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်ရင်း "အဲ့တာကြီးက တကယ်ပဲ အန္တရာယ်မရှိတော့တာပဲ။ ကျွန်မလည်း တစ်ခုခု သွားရှာကြည့်ဦးမယ်" ဟု ဆိုလိုက်ပေသည်။

လုဖေးအာသည် ဆက်လက်၍ လှန်လှောရှာဖွေနေဆဲ ဖြစ်၏။

သူမသည် အသုံးမဝင်ကြောင်း အတည်ပြုထားပြီးဖြစ်သော ရွှေရောင် ငွေရောင် ရတနာများကို မိမိ၏ ကျောပိုးအိတ်အတွင်းသို့ သေသေချာချာ ထည့်သွင်းနေသော်လည်း သေတ္တာအတွင်းက ပစ္စည်းများမှာမူ လုံးဝ လျော့နည်းသွားခြင်း မရှိသကဲ့သို့ ဖြစ်နေပေသည်။

"ဘာကြီးလဲဟ..."

သူမသည် ရတနာသေတ္တာအတွင်းမှ ခုန်ထွက်လာခဲ့ပြီး နောက်ဆုံးတွင် သူမ၏ဘေး၌ ရပ်နေသော လီဝမ်ရှီးကို မြင်တွေ့လိုက်ရ၏။

"ဘာဖြစ်လို့လဲ၊ ဘာလို့ ရှာတာကို ရပ်လိုက်တာလဲ။ ကျွန်မ ကူညီပေးပါ့မယ်"

လီဝမ်ရှီးသည် ခြေဖျားထောက်လျက် အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်ပြီး "ဝါး... ရွှေ ငွေ ရတနာတွေ များလိုက်တာ။ တကယ်လို့ ဒီပစ္စည်းတွေကိုသာ ကမ္ဘာမြေပေါ်ကို သယ်သွားနိုင်ရင်၊ ငါတို့ ချက်ချင်းပဲ ဘီလီယံနာတွေ ဖြစ်သွားမှာ သေချာတယ်" ဟု ရေရွတ်လိုက်မိပေသည်။

"ဒါက တကယ့်ကို များလွန်းတာပါ"

လုဖေးအာက ခေါင်းကို ခါယမ်းကာ "ဒါတင်မကသေးဘူး၊ ကျွန်မရဲ့ ကျောပိုးအိတ်ထဲကို ရတနာသေတ္တာ အတော်များများကို ထည့်ပြီးပြီလို့ ခံစားရပေမဲ့ အထဲက ပစ္စည်းတွေကတော့ လုံးဝ မလျော့သလိုပဲ။ အဲ့တာကို မှောက်ချပြီး အပြင်ကို သွန်ချလိုက်တာက ပိုပြီး အဆင်ပြေလိမ့်မယ်" ဟု ဆို၏။

၎င်းမှာ တကယ်ပင် မှန်ကန်လှပေသည်။

သို့သော်လည်း အပြင်ဘက်တွင် ပြုလုပ်ရန်မှာမူ အဆင်မပြေလှပါပေ။

ယခုအခါ ရတနာသေတ္တာကောင်ကြီးသည် အရှုံးပေးကျိုးနွံသွားခဲ့ပြီဖြစ်ရာဤကိစ္စကို သစ်ပင်အိမ်အတွင်း၌သာ ပြုလုပ်ရပေမည်။

"မင်းဘာသာ လှုပ်ရှားပြီး သွားနိုင်လား" ဟု ရွှီရှင်းက သေတ္တာအဖုံးဖက်သို့ လှမ်း၍ မေးမြန်းလိုက်၏။

ရတနာသေတ္တာကောင်ကြီးသည် ၎င်း၏အဖုံးကို ပိတ်လိုက်ပြီးနောက် ပြန်လည်ဖွင့်ဟလာသည့်အခါ အတွင်းက ရတနာများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး အတွင်းပိုင်းမှာ ပါးစပ်ကြီး ပွင့်နေသော ပုံစံသို့ ပြောင်းလဲသွားခဲ့ချေပြီ။

ပြီးနောက် ရွှီရှင်းတို့ စောင့်ကြည့်နေသည့် ရှေ့မှောက်၌၊ ၎င်း၏ ပါးစပ်အတွင်းမှ ရေတွက်၍မရနိုင်သော ဗီဇပြောင်းနွယ်ပင်များ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ဆီသို့ ကွေးညွတ်လိုက်ကြပေသည်။

ဆယ်ခုထက်မကသော ပင့်ကူနွယ်ပင်ခြေထောက်ကြီးများသည် ရတနာသေတ္တာတစ်ခုလုံးကို ပင့်တင်လိုက်ကြပြီးနောက် ၎င်းသည် ရွှီရှင်းတို့၏ ပတ်ဝန်းကျင်တွင် ပင့်ကူတစ်ကောင်ကဲ့သို့ စတင်၍ လျှောက်လှမ်းပြလာခဲ့၏။

"တကယ့်ကို ထူးဆန်းလိုက်တာ..."

လီဝမ်ရှီးသည် လှုပ်ရှားနေသော ထိုသေတ္တာကြီးကို ကြည့်ရင်း မျက်တောင်ခတ်မိလိုက်ပေသည်။

"ဒါက တကယ်ပဲ လှုပ်ရှားနိုင်တာပဲ..."

လုဖေးအာ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် တွန့်သွားခဲ့ရပြီး "အဲ့တာက ဧရာမ ပင့်ကူကြီးတစ်ကောင်နဲ့ တူလို့၊ အနည်းငယ် ရွံစရာကောင်းတယ်..." ဟု ဆို၏။

ရွှီရှင်းသည် သေတ္တာကောင်အား ရပ်တန့်ရန်နှင့် အဖုံးပြန်ပိတ်ရန် လက်ဟန်ပြလိုက်ပြီးနောက် ၎င်းကို သူ၏ လက်ပတ်အတွင်းသို့ တိုက်ရိုက် သိမ်းဆည်းလိုက်တော့သည်။

အရင်ဆုံး ၎င်းကို အပေါ်သို့ သယ်ဆောင်သွားပြီးမှ အတွင်းက ပစ္စည်းများကို သွန်ချ၍ ဘာတွေရှိလဲဆိုသည်ကို စစ်ဆေးရပေမည်။

"နင် ပြန်တော့မလို့လား" ဟု ရွှီရှင်းက ခေါင်းကို လှည့်၍ လီဝမ်ရှီးအား မေးမြန်းလိုက်၏။

"အာ"

လီဝမ်ရှီးမှာ ခဏမျှ မှင်သက်သွားပြီးမှ ခေါင်းကို ခါယမ်းကာ "မပြန်သေးပါဘူး၊ မပြန်သေးပါဘူး... အနည်းဆုံးတော့ အဲဒီရတနာသေတ္တာထဲမှာ ဘာတွေရှိလဲဆိုတာကို ကျွန်မ ကြည့်ရဦးမယ်၊ ကျွန်မ တကယ်ကို စူးစမ်းချင်နေတာ" ဟု ဆိုရှာ၏။

"...ဒါဆိုရင်တော့ ကျွန်မ အရင်ဆုံး ပြန်နှင့်ပါ့မယ်"

လုဖေးအာသည် သူမ၏ သစ်ပင်အိမ်ရှိရာဆီသို့ ညွှန်ပြလျက် "ကျွန်မကို ထပ်ပြီး မလိုအပ်တော့ဘူး မဟုတ်လားဟင်" ဟု မေး၏။

သူမသည် ထိုပင့်ကူကဲ့သို့ လှုပ်ရှားနေသော ရတနာသေတ္တာကြီးအပေါ်တွင် စိတ်ဝင်စားမှု ချက်ချင်း လျော့နည်းသွားခဲ့ခြင်း ဖြစ်ပေသည်။

"အင်း၊ နင် ပြန်ပြီးတော့ သေသေချာချာ အနားယူပြီး ပြင်ဆင်ထားလိုက်တော့။ မနက်ဖြန်ကျရင် ငါတို့ ဆီးနှင်းတောင်တက်ဖို့အတွက် နင့်ကို လိုအပ်ဦးမှာ"

"ကောင်းပါပြီ။"

သစ်ပင်အိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသောအခါ မီမီနှင့် ငွေရောင်ဘုရင်တို့မှာ တတိယထပ်သို့ ပြန်လည်တက်ကာ နားနေကြပြီဖြစ်ပြီး ရွှီရှင်းကမူ ညောင်ပင်၏ ချဲ့ထွင်ထားမှုကြောင့် ပထမထပ်တွင် ရှိနေသော စတုရန်းမီတာ ရာဂဏန်းခန့် ကျယ်ဝန်းလှသည့် လွတ်နေသော ဟင်းလင်းပြင်နေရာသို့ ရောက်ရှိလာခဲ့၏။

သူသည် စားပွဲခုံကြီးတစ်လုံးကို အသင့်ပြင်ဆင်လိုက်ပြီးနောက် ရတနာသေတ္တာကောင်ကြီးကို ၎င်းပေါ်သို့ ထုတ်ယူလိုက်ပေသည်။

ယခုအခါ ရတနာသေတ္တာကောင်ကြီးသည် ရတနာသေတ္တာ ပုံသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲထားဆဲ ဖြစ်၏။

"အီး..."

ရွှီရှင်း၏ အနောက်ကနေ ဒုတိယထပ်သို့ လိုက်ပါလာခဲ့သော ခဲခဲလေးသည် ရုတ်တရက် ပေါ်ထွက်လာသော ဧရာမသေတ္တာကြီးကြောင့် အံ့အားသင့်သွားခဲ့ရပေသည်။

"ခဲခဲလေး"

လီဝမ်ရှီးသည် ခဲခဲလေးကို ပွေ့ချီလိုက်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ရတနာသေတ္တာကြီးအား စူးစမ်းလိုစိတ်ဖြင့် အသေအချာ ဝိုင်းဝန်းကြည့်ရှုကြတော့သည်။

ရွှီရှင်းသည် မြေပြင်ပေါ်တွင် ဝပ်နေသော ထိုရတနာသေတ္တာကြီး၏ အဖုံးကို တိုက်ရိုက်ပင် လှန်ဖွင့်လိုက်၏။

"ဝုန်း"

ရေတွက်၍မရနိုင်သော ရွှေ ငွေ ရတနာများသည် သေတ္တာအတွင်းမှ အဆက်မပြတ်ထွက်ပေါ်လာခဲ့ကြပြီး စားပွဲခုံအောက်က ကြမ်းပြင်ပေါ်သို့ ကျရောက်ကာ စတုရန်းမီတာ အတော်များများကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့ပါတော့သည်။

"ဝါး"

"အီး အီး"

လီဝမ်ရှီးနှင့် ခဲခဲလေးတို့နှစ်ဦးစလုံးမှာ အလွန်ပင် အံ့အားသင့်သွားကြရပေသည်။

"ရတနာတွေ များလိုက်တာ၊ တကယ်ကို များလွန်းတယ်"

လီဝမ်ရှီးမှာ မှင်သက်သွားခဲ့ရ၏။

ယခုအခါ ကြမ်းပြင်တစ်ခုလုံးတွင် မရေမတွက်နိုင်သော ရွှေ ငွေ ရတနာများဖြင့် ဖုံးလွှမ်းနေခဲ့ချေပြီ။

ရတနာသေတ္တာကြီးမှာ တကယ့်ကို ကြီးမားလှသည်မှာ မှန်သော်လည်း ဤမျှအထိ များပြားလှသော ပစ္စည်းအားလုံးကိုတော့ ဝင်ဆန့်နိုင်စွမ်း ရှိပုံမပေါ်ပါပေ။

ဒါတင်မကသေးဘဲ သေတ္တာအတွင်းမှ ရတနာများသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်၍ စီးဆင်းထွက်ပေါ်နေဆဲ ဖြစ်၏။

ဤအရာက ဘာပစ္စည်းများလဲ။

ဤရတနာသေတ္တာကောင်ကြီးသည် နဂါးတို့၏ ရတနာသိုက်ကို သွားရောက်လုယက်ခဲ့ခြင်းများလား။

ထိုစဉ် ရုတ်တရက် ကြီးမားလှသော ပစ္စည်းတစ်ခုမှာ သေတ္တာအတွင်းမှ ပြုတ်ကျလာခဲ့ပြီး ရတနာပုံကြီး၏ အပေါ်သို့ ဗုန်းခနဲ ကျရောက်သွားခဲ့ရာ များပြားလှသော ရွှေငွေ ရတနာများကို ကြိတ်ခြေပျက်စီးသွားစေခဲ့သဖြင့် ၎င်းတို့နှစ်ဦးစလုံးမှာ ထိတ်လန့်သွားကြရပေသည်။

"ဒါက... ကျောက်ဆစ်ရုပ်တုတစ်ခုလား။ ကလေးတစ်ယောက်ရဲ့ ကျောက်ဆစ်ရုပ်တုပါလား"

လီဝမ်ရှီးသည် အတွင်းမှ ပြုတ်ကျလာသောအရာကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်၏။

ရွှီရှင်း မျက်မှောင်ကို အနည်းငယ် တွန့်လိုက်မိပေသည်။

ဤကျောက်ဆစ်ရုပ်တုကတော့...။

ရတနာများသည် အပြင်သို့ ဆက်လက်စီးဆင်းနေဆဲဖြစ်သဖြင့် ထိုရုပ်တုမှာ ရတနာပုံကြီးအောက်သို့ နစ်မြုပ်လုနီးပါး ဖြစ်သွားခဲ့ရာ ၎င်းတို့နှစ်ဦးစလုံးသည် ထိုကျောက်ဆစ်ရုပ်တုကို ရတနာပုံကြီးအတွင်းမှ အမြန်ဆုံး ဆွဲထုတ်လိုက်ကြရပေသည်။

"...အီး"

ခဲခဲလေးသည် သံသယဖြစ်ဖွယ် အသံတစ်ခု ပြုလုပ်လိုက်ပြီးနောက် ထိုရုပ်တု၏ ဘေးတွင် နှစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုလျက် ခေါင်းလေးကို စောင်းကာ စဉ်းစားနေမိ၏။

၎င်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး "အီး အီး အီး အီး" ဟု အော်ဟစ်လိုက်တော့သည်။

၎င်းသည် ရွှီရှင်း၏ ခြေထောက်နားသို့ ပြေးသွားကာ သူ၏ ဘောင်းဘီစကို လှမ်းဆွဲလျက် ၎င်း၏ ခြေဖဝါးလေးဖြင့် ထိုရုပ်တုဆီသို့ ညွှန်ပြကာ "အီး အီး" ဟု အကြိမ်ကြိမ် ဆက်တိုက် အော်ဟစ်ပြလာခဲ့၏။

ရွှီရှင်းသည် ခဲခဲလေး မည်သည့်အရာကို ဖော်ပြလိုသည်ကို ရှင်းလင်းစွာ သိရှိထားပေသည်။

သို့သော် ယခုအခါ သူ၏ မျက်နှာအမူအရာမှာမူ လုံးဝ ဆွံ့အ အံ့သြခြင်းသို့ ရောက်ရှိသွားခဲ့ရချေပြီ။

ဤလူကလေး၏ ကျောက်ဆစ်ရုပ်တုမှာ ၎င်း၏ ခြေထောက်နှစ်ဖက်ကို မြဲမြံစွာ ဖက်တွယ်ထားလျက် ခန္ဓာကိုယ်ကို ကျုံ့ထားပြီး ခေါင်းကို ငုံ့ချထားသည့် ပုံစံ ဖြစ်နေပေသည်။

ရွှီရှင်းသည် လက်ကိုဆန့်၍ ၎င်းကို မတ်မတ်ရပ်ပေးလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်လျက်အနေအထား ဖြစ်အောင် ပြုလုပ်ပေးလိုက်၏။

ထိုကလေး ကျောက်ဆစ်ရုပ်တုသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက်ရှိနေပြီး မိမိရှေ့က မြေပြင်ကို မည်သည့်အမူအရာမျှမရှိဘဲ ဗလာကျင်းစွာဖြင့် စိုက်ကြည့်နေမိပေသည်။

၎င်းပုံစံမှာလုဖေးအာတစ်ယောက် လက်ပတ်အတွင်းမှ ထွက်လာတိုင်း ထိတ်လန့်စရာကောင်းလှသော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည့်အလား ဖြစ်နေသည့် ပုံစံနှင့် အလွန်ပင် တူညီနေခြင်း ဖြစ်၏။

သေတ္တာကြီးသည်လည်း ရတနာများကို ထပ်မံ၍ သွန်ချခြင်းမရှိတော့ဘဲ အတွင်း၌ တစ်ဝက်ခန့်သာ ကျန်ရှိတော့သော အခြေအနေတွင် ရပ်တန့်သွားခဲ့ချေပြီ။

ကြမ်းပြင်ပေါ်တွင်မူ စတုရန်းမီတာ ဆယ်ဂဏန်းခန့်အထိ ကျယ်ဝန်းလှသော နေရာအနှံ့အပြား၌ မရေမတွက်နိုင်သော ရတနာများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး၊ အချို့မှာ စားပွဲခုံဘေးတွင် တောင်ငယ်တစ်ခုကဲ့သို့ပင် စုပုံနေခဲ့ချေပြီ။

ခြေဖဝါးအောက်ခြေက အဖြူရောင်အဆင့် ရတနာပုံကြီးကြားတွင်မူ ရေတွက်၍မရနိုင်သော အပြာရောင်နှင့် အစိမ်းရောင် အလင်းစက်များ ထွက်ပေါ်နေသလို အခရမ်းရောင် အလင်းတန်းတစ်ခုပင် ရှိနေသဖြင့် ဆိုလိုသည်မှာ ဤနေရာတွင် တကယ့် စစ်မှန်သော အဖိုးတန်ရတနာများ ရှိနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း ဤအရာအားလုံးမှာ ရွှီရှင်းအတွက်မူ သူ့ရှေ့က အစိမ်းရောင်အဆင့်ရှိသော ကလေး ကျောက်ဆစ်ရုပ်တုလောက် ဆွဲဆောင်နိုင်စွမ်း မရှိကြပါပေ။

ဤမျက်နှာကိုမူ ရွှီရှင်းအနေဖြင့် အလွန် ရင်းနှီးကျွမ်းဝင်နေခဲ့ခြင်း ဖြစ်ပေသည်။

ဤသည်မှာ...

ဤသည်မှာ ချန်ရင်နှင့် ရွှယ်လန် တို့၏ ကလေးဖြစ်ပြီး ဟို ရှောင်ဟုန်ဟု ခေါ်သော ကလေး မဟုတ်ပါလား။

အဘယ်ကြောင့် ဤကလေးသည် ရတနာသေတ္တာကောင်ကြီး၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိနေရပါသနည်း။

သေတ္တာအတွင်းမှ ချန်ရင်ကိုယ်တိုင် ဖန်တီးခဲ့သော ဗီဇပြောင်းသားရဲစာချုပ်ကိုပါ ပြန်လည်တွေးတောမိရင်း ရွှီရှင်းသည် ထိုကလေး ကျောက်ဆစ်ရုပ်တုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုသေတ္တာကြီးဆီသို့ လေးနက်လှသော အကြည့်များဖြင့် ပြန်လည်စိုက်ကြည့်မိလိုက်ပေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အနည်းငယ် အေးစက်တုန်ရီသွားခဲ့ရ၏။

ဤသေတ္တာကြီးသည် ချန်ရင်တို့ မိသားစုနှင့် သေချာပေါက် ဆက်စပ်မှု ရှိနေရမည် ဖြစ်ပေသည်။

အကယ်၍ ထိုသို့သာ ဆိုပါက ဆီးနှင်းတောင်ကြီးကကော...။

ပြီးတော့ ဆီးနှင်းတောင်ထိပ်ပေါ်က ချန်ရင်တို့ မိသားစု၏ ရုပ်တုများနှင့် အလွန်ပင် တူညီလှသော ထိုကျောက်ဆစ်ရုပ်တုအုပ်စုကြီးကော။

ဖြစ်နိုင်တာကတော့...။

အခန်း ၄၈၃ ပြီး။

All Chapters