← Chapters

အခန်း ၄၈၄

Vol. 33 Ch. 484

အခန်း ၄၈၄

Vol. 33 Ch. 484

အခန်း (၄၈၄) - အာကာသလက်ကောက် (ခရမ်းရောင်အဆင့်)

"ဒီကလေးလေးရဲ့ ကျောက်ဆစ်လက်ရာက တကယ်ကို ချစ်စရာကောင်းတာပဲ။ သက်ရှိတစ်ယောက်လိုပဲ အသက်ဝင်လွန်းလို့ သေချာပေါက် ကျောက်ဆစ်ပညာရှင်ကြီးတစ်ယောက်ရဲ့ လက်ရာပဲ ဖြစ်ရမယ်"

လီဝမ်ရှီးသည် ကလေး ကျောက်ဆစ်ရုပ်တု၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ၎င်း၏ ကျောက်သားပါးပြင်လေးကို လက်ချောင်းဖြင့် အသာအယာ တို့ထိရင်း အံ့သြတကြီး ရေရွတ်လိုက်၏။

"လျှို့ဝှက်ဆန်းပြားတဲ့ ကျောက်ဆစ်ရုပ်တုကြီးပါလား"

သူမတွင် ရွှီရှင်းကဲ့သို့ ထူးကဲသော ခွဲခြားနိုင်စွမ်း ရှိမနေသဖြင့် ရုပ်တုပေါ်တွင် ပြသနေသည့် [ထူးဆန်းလှသော သက်စောင့်ခွန်အားများ ကိန်းအောင်းနေသည်] ဟူသော အချက်အလက်ကိုမူ မြင်တွေ့နိုင်ခြင်း မရှိပါပေ။

"အီး..."

ခဲခဲလေးသည်လည်း ထိုကလေး ကျောက်ဆစ်ရုပ်တုဆီသို့ ပြေးသွားကာ ၎င်း၏ ခြေဖဝါးလေးများဖြင့် တွန်းဆွဲကြည့်ပြီး ကိုယ်ကိုပင် မှီချလျက် ၎င်း၏မျက်နှာလေးကို တို့ထိနေမိသော်လည်း မည်သည့်ထူးခြားမှုမျှ ရှိမလာခဲ့ပါပေ။

ရွှီရှင်းမှာမူ မိမိ၏ အတွေးကောက်ချက်ကြောင့် လန့်ဖြန့်သွားရပြီး ခဏမျှ ဆွံ့အနေခဲ့ရ၏။

သူသည် အပြင်ဘက်က ဧရာမကျောက်တိုင်ကြီးကို လှမ်းကြည့်လိုက်မိသည်။

ကြည့်ရသည်မှာ ဤဆီးနှင်းတောင်ကြီးအတွင်း၌ ဝှက်ထားသော လျှို့ဝှက်ချက်သည် တယ်လီပို့စနစ်တစ်ခုတည်းတင် သေချာပေါက် ဟုတ်လိမ့်မည် မဟုတ်ပါချေ။

ရွှီရှင်းသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကလေး ကျောက်ဆစ်ရုပ်တုဆီသို့ အကြည့်ကို ပြန်လည်ပို့ဆောင်လိုက်ပေသည်။

ထိုကလေး ကျောက်ဆစ်ရုပ်တုမှာမူ အသက်ဝင်လာမည့် အရိပ်အယောင်မပြသဘဲ မလှုပ်မယှက် ဆက်လက်ငြိမ်သက်နေဆဲ ဖြစ်၏။

ရုပ်တု၏ ခန္ဓာကိုယ်ပေါ်တွင်မူ အစိမ်းရောင်အဆင့် အလင်းတန်းများ ဖြာထွက်နေဆဲ ဖြစ်ပေသည်။

ရွှီရှင်း သိရှိထားသည်မှာ အကယ်၍ ၎င်းအသက်ဝင်လာမည်ဆိုပါက ခန္ဓာကိုယ်ပေါ်က အလင်းတန်းမှာ အပြာရောင်သို့ ပြောင်းလဲသွားရမည် ဖြစ်၏။

ပြီးခဲ့သည့်အကြိမ်က မြေအောက်မြို့တော်တုန်းကမူ သူသည် ဗီဇပြောင်းလဲစေမည့် ဆေးရည်ထုတ်လုပ်သည့် စက်ကြီးကို သိမ်းဆည်းလိုက်ခြင်းကြောင့် ချန်ရင်တို့ မိသားစုကို နိုးထလာစေမည့် ယန္တရားတစ်ခုကို စတင်သက်ရောက်စေခဲ့ခြင်း ဖြစ်ပေသည်။

၎င်းက မည်သည်ကိုအခြေခံကာ ဤသို့ဖြစ်သွားရသည်ကိုတော့ သူ သေသေချာချာ မသိပါပေ။

သို့ဖြစ်ရာ ဤကလေး ကျောက်ဆစ်ရုပ်တုကို မည်သည့်နည်းဖြင့် အသက်ပြန်သွင်းရမည်နည်းဆိုသည်ကို သူ နားမလည်နိုင်သေးပါချေ။

"နင် ဘာဖြစ်လို့လဲ"

လီဝမ်ရှီးသည် ရွှီရှင်း၏ မျက်မှောင်များ တွန့်နေပြီး မျက်နှာအမူအရာမှာလည်း လေးနက်နေကာ ကလေး ကျောက်ဆစ်ရုပ်တုကို စိုက်ကြည့်ရင်း အတွေးနက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် မော့၍ မေးမြန်းလိုက်၏။

သူမ၏ အကြည့်မှာ ကလေး ကျောက်ဆစ်ရုပ်တုနှင့် ရွှီရှင်းကြားတွင် နှစ်ကြိမ်ခန့် ကူးချည်သန်းချည် ဖြစ်သွားခဲ့ပြီးနောက် သတိကြီးစွာဖြင့် "ဒီကျောက်ဆစ်ရုပ်တုမှာ တစ်ခုခု ပြဿနာရှိလို့လားဟင်" ဟု ထပ်မံမေးလိုက်ပေသည်။

"အင်း၊ ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေတာ။"

ရွှီရှင်းသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ထိုကလေး ကျောက်ဆစ်ရုပ်တု၏ ခေါင်းကို အသာအယာ တို့ထိလိုက်ကာ "ရှောင်ဟုန်... ငါပြောတာ ကြားရလား။ လှုပ်ရှားလို့ ရရဲ့လား" ဟု လှမ်း၍ မေးလိုက်၏။

"အီး"

ခဲခဲလေးကလည်း ထောက်ခံသည့်အလား အော်ဟစ်လိုက်ပြီး ၎င်း၏ ခြေဖဝါးလေးများဖြင့် ရုပ်တု၏ မျက်နှာကို တွန်းဆွဲပြနေသလို ၎င်း၏ ဧရာမအမြီးကြီးဖြင့်လည်း ကလေး ကျောက်ဆစ်ရုပ်တု၏ ခြေထောက်ပေါ်တွင် ဟိုဖက်ဒီဖက် ယမ်းခါပြနေတော့သည်။

"ဟင်"

လီဝမ်ရှီးသည် ရွှီရှင်း၏ လုပ်ဆောင်ချက်ကြောင့် စက္ကန့်အနည်းငယ်ခန့် ကြောင်အမ်းသွားခဲ့ရပြီး စိတ်ထဲတွင်လည်း အနည်းငယ် ကြောက်လန့်လာကာ "နင်တို့... ဘာတွေလုပ်နေကြတာလဲ၊ ကျောက်ဆစ်ရုပ်တုတစ်ခုကို ဘာလို့ လှမ်းစကားပြောနေရတာလဲ။ ရှောင်ဟုန် ဟုတ်လား။ ဒီရုပ်တုရဲ့ အမည်က ရှောင်ဟုန်လား" ဟု တုန်လှုပ်စွာ မေးရှာ၏။

ကလေး ကျောက်ဆစ်ရုပ်တုထံမှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့သော်လည်း ရွှီရှင်း၏ နားထဲတွင်မူ သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့ချေပြီ။

[ကလေး ကျောက်ဆစ်ရုပ်တု (အစိမ်းရောင်): လျှို့ဝှက်ဆန်းပြားသော ကျောက်ဆစ်ရုပ်တုတစ်ခု ဖြစ်ပြီး ထူးဆန်းလှသော သက်စောင့်ခွန်အားများ ကိန်းအောင်းနေပုံရသည်။]

မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းအချက်အလက်မျိုး ထပ်မံထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

မြေအောက်မြို့တော်အတွင်း၌ ချန်ရင်တို့ မိသားစု အိပ်ပျော်နေစဉ်က အချက်အလက်များနှင့် လည်းကောင်း ယခုတစ်ကြိမ် ဆီးနှင်းတောင်ထိပ်ပေါ်က ကျောက်ဆစ်ရုပ်တုများ၏ အချက်အလက်များနှင့် လည်းကောင်း တစ်ထေရာတည်း တူညီနေခြင်း ဖြစ်၏။

ရွှီရှင်းအနေဖြင့် ဤနှစ်ခုကြားတွင် မည်သည့်ဆက်စပ်မှုမျှ မရှိဘူးဆိုသည်ကို လုံးဝ မယုံကြည်နိုင်ပါပေ။

လီဝမ်ရှီးသည် ရွှီရှင်း၏ လက်မောင်းကို ဆွဲကိုင်လှုပ်ယမ်းလိုက်ပြီး

"ဘာတွေဖြစ်နေတာလဲ၊ ရှင် ဘာမှမပြောတော့ ကျွန်မ ကြောက်လာပြီ..." ဟု ဆို၏။

မည်သူမဆို လေးနက်လှသော မျက်နှာအမူအရာနှင့် အကြောင်းပြချက်မရှိဘဲ ကျောက်ဆစ်ရုပ်တုတစ်ခုကို လှမ်း၍ စကားပြောနေသည့် ထူးဆန်းသော လုပ်ဆောင်ချက်မျိုးကို မြင်တွေ့ရပါက စိတ်ထဲတွင် သေချာပေါက် ထိတ်လန့်မိမည်မှာ အမှန်ပင် ဖြစ်ပေသည်။

ရွှီရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲက ယုတ္တိမရှိလှသော အတွေးများကို ခေတ္တဖယ်ထုတ်လိုက်ကာ "ဒါက ပြောရရင် သမိုင်းကြောင်း တော်တော်လေး ရှည်တယ်၊ ငါ ပစ္စည်းပုံကြီးကို စနစ်တကျ စီရင်းနဲ့ပဲ နင့်ကို တစ်ခါတည်း ပြောပြပါ့မယ်" ဟု ဆို၏။

"ဩော်... ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မ ကူညီပေးမယ်လေ"

"မလိုပါဘူး၊ နင်က ပစ္စည်းတွေရဲ့ အဆင့်အတန်းကို ခွဲခြားနိုင်စွမ်း မရှိတဲ့အပြင်၊ ဒီနေရာက တကယ်ကို ပရမ်းပတာ ဖြစ်နေတာမို့ နင် စီဖို့ ခက်လိမ့်မယ်" ဟု ဆိုကာ ရွှီရှင်းက သူမအား လက်ဟန်ပြ တားဆီးလိုက်ပြီးမှ ပြုံးလျက် "အဲ့တာအစား ဒီနေရာက ရွှေ ငွေ ရတနာတွေထဲမှာ နင်နှစ်သက်တဲ့ လက်ဝတ်ရတနာ ပါ၊ မပါဆိုတာကိုပဲ ရှာဖွေကြည့်လိုက်တော့" ဟု ဆိုလိုက်ပေသည်။

"ဟိဟိ... ဟုတ်သားပဲ"

လီဝမ်ရှီးသည် ရွှီရှင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ဒူးနှစ်ဖက်ကို ပွေ့ဖက်လျက် သူပြောပြမည့် သမိုင်းကြောင်းကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတော့သည်။

ရွှီရှင်းသည် ရတနာပုံကြီး၏ ရှေ့တွင် ဒူးထောက်ထိုင်ကာ အတွင်းပိုင်းသို့ လက်လှမ်းနှိုက်လျက် ရှာဖွေစစ်ဆေးတော့၏။

တစ်ပြိုင်နက်တည်းမှာပင် သူသည် ယခင်က မည်သူ့ကိုမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိဖူးသောမြေအောက်မြို့တော်အတွင်း၌ ချန်ရင်တို့ မိသားစုနှင့် မည်သို့ ဆုံတွေ့ခဲ့ပုံ၊ ၎င်းတို့ကို မည်သို့ ခေါ်ဆောင်လာခဲ့ပုံနှင့် သစ်ပင်အိမ်အတွင်းသို့ မည်သို့ ပြန်လည်ရောက်ရှိလာပုံ အစရှိသည့် ဖြစ်ရပ်အားလုံးကို လီဝမ်ရှီးအား မျှဝေပြောပြလိုက်ပေသည်။

"အသက်ပြန်ရှင်လာတဲ့ ကျောက်ဆစ်ရုပ်တု မိသားစု၊ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်က လျှို့ဝှက်ချက်၊ ပြီးတော့ ဆီးနှင်းတောင်ထိပ်ပေါ်က ကျောက်ဆစ်ရုပ်တုအုပ်စုကြီး..."

လီဝမ်ရှီးသည် ရတနာပုံကြီး၏ ရှေ့တွင် ထိုင်ရင်း ပါးစပ်လေး အနည်းငယ် ပွင့်ဟသွားခဲ့ရပြီး ဤမျှအထိ များပြားလှသော သတင်းအချက်အလက်များကို ချက်ချင်း လက်ခံတွေးတောနေမိကာ "သူတို့က တကယ့်ကို သနားစရာကောင်းလိုက်တာ..." ဟု ရေရွတ်ရှာ၏။

ရွှီရှင်းသည် လီဝမ်ရှီး၏ အတွေးများကို ကြားဖြတ်မနှောင့်ယှက်တော့ဘဲ အတွင်းပိုင်းက အဆင့်ရှိသော ပစ္စည်းများကိုသာ ဆက်လက်ရှာဖွေနေခဲ့ပေသည်။

သူသည် နောက်ထပ် အစိမ်းရောင်အဆင့်ရှိသော ဗီဇပြောင်းသားရဲစာချုပ် ငါးခုနှင့် အပြာရောင်အဆင့်ရှိသော ဗီဇပြောင်းသားရဲစာချုပ် နှစ်ခုကို ထပ်မံရှာဖွေတွေ့ရှိလိုက်၏။

ရင်းနှီးကျွမ်းဝင်လှသော စာချုပ်များ နှင့် ရင်းနှီးလှသော သွေးနီရောင် လက်ရေးလက်ရာများ၊ အရာအားလုံးက ဤပစ္စည်းများသည် ချန်ရင်ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားစွာ ဖော်ညွှန်းနေပေသည်။

ယခင်က သစ်ပင်အိမ်အောက်၌ လုဖေးအာ ရှာဖွေတွေ့ရှိခဲ့သော အပြာရောင်အဆင့်ရှိသည့် ဗီဇပြောင်းသားရဲစာချုပ် လေးခုနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ယခုအခါ သူ့ထံတွင် အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါများကို စာချုပ်ချုပ်ဆိုနိုင်မည့် အပြာရောင်အဆင့် သားရဲစာချုပ် ခြောက်ခုနှင့် အစိမ်းရောင်အဆင့် သားရဲစာချုပ် ခုနစ်ခုအထိ ရှိနေခဲ့ချေပြီ။

ဤသည်မှာ သူ၏အင်အားကို သိသိသာသာ မြင့်တက်သွားစေခဲ့ခြင်း ဖြစ်ပေသည်။

သူသည် ဤရတနာပုံကြီးအတွင်း လှန်လှောရှာဖွေနေရင်း မကြာမီမှာပင် အခြားသော အပြာရောင်အဆင့် အလင်းစက်တစ်ခုကို ထပ်မံသတိပြုမိလိုက်၏။

"ဒါက ဘာပစ္စည်းလဲ..."

သူက ထိုပစ္စည်းကို ကောက်ယူလိုက်ပေသည်။

၎င်းမှာ အနီရောင်ရှိသော စက္ကူလေရဟတ်ငယ်လေး တစ်ခု ဖြစ်၏။

[စက္ကူလေရဟတ်ငယ် (အပြာရောင်): ၎င်းကို လည်ပတ်စေသည့်အခါ၊ အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည့် ထူးခြားဆန်းပြားသော လေစီးကြောင်းနှင့် ရနံ့တစ်ခုကို ဖန်တီးပေးနိုင်သည်။ ဗီဇပြောင်းသတ္တဝါတွေကလည်း လေစွန်ရဟတ်တွေနဲ့ ဆော့ကစားရတာကို နှစ်သက်ကြတာ ဖြစ်နိုင်မလား...]

သူသည် ဤပစ္စည်းနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့ခြင်း ဖြစ်ပေသည်။

ယခင်က သူသည် ဤကဲ့သို့သော ကစားစရာပစ္စည်းတစ်ခုကို ထိုကလေးအား လက်ဆောင်ပေးခဲ့ဖူးသောကြောင့် ဖြစ်၏။

ထို့ပြင် သူ ယခင်က ယဇ်ပလ္လင်ကျောက်တိုင်ကို စူးစမ်းစဉ်တုန်းကလည်း ပျက်စီးနေသော လေရဟတ်ငယ်တစ်ခုကို ထိုနေရာ၌ ရှာဖွေတွေ့ရှိခဲ့ဖူးပြီး ၎င်းမှာ ယဇ်ပလ္လင်အတွက် ပူဇော်သက္ကာအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ချန်ရင်သည် နောက်ထပ်တစ်ခုကို ထပ်မံ၍ ဖန်တီးခဲ့ခြင်းများလော။

ထိုစဉ် ရတနာပုံကြီးမှာ ရုတ်တရက် လှုပ်ရှားသွားခဲ့ပြီး ခဲခဲလေးသည် ၎င်းအတွင်းမှ ထိုးထွက်လာကာ ရွှီရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လာခဲ့၏။

၎င်း၏ ပါးစပ်အတွင်း၌မူ လက်ကောက်တစ်ခုကို ကိုက်ခဲထားလျက်ရှိပြီး ဗောက်ဗောက်ဗက်ဗက်နှင့် အသံအချို့ကိုလည်း ပြုလုပ်နေတော့၏။

အခန်း ၄၈၄ ပြီး။

All Chapters