← Chapters

အခန်း ၄၈၅

Vol. 33 Ch. 485

အခန်း ၄၈၅

Vol. 33 Ch. 485

အခန်း (၄၈၅) - အာကာသလက်ကောက် (ခရမ်းရောင်အဆင့်) ၂

"ဟာ...တကယ့်ကို ကောင်းတဲ့ ပစ္စည်းပါလား"

ရွှီရှင်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့ရချေပြီ။

ထိုလက်ကောက်ထံမှ အခရမ်းရောင် အလင်းတန်းများ ဖြာထွက်နေခြင်း ဖြစ်ပေသည်။

ဤသည်မှာ ခရမ်းရောင်အဆင့်ရှိသော ကိရိယာဆန်းတစ်ခု ဖြစ်၏။

ရွှီရှင်းသည် ခဲခဲလေး၏ ပါးစပ်အတွင်းမှ ထိုလက်ကောက်ကို ချက်ချင်းပင် လှမ်းယူလိုက်တော့၏။

[အာကာသလက်ကောက် (ခရမ်းရောင်): သက်ရှိများကို သိုလှောင်နိုင်သည့် လက်ကောက်တစ်ခု ဖြစ်သည်။ လက်ကောက်၏ အတွင်းပိုင်း၌ သီးခြား ဟင်းလင်းပြင်ကျယ်ငယ်တစ်ခု ရှိနေပြီး၊ ဆန့်ဝင်နိုင်မည့် သက်ရှိအရေအတွက် အကန့်အသတ်မရှိသည့်အပြင် မည်သည့်အလေးချိန်မျှလည်း ဖြစ်ပေါ်စေမည် မဟုတ်ပါပေ။ အတွင်း၌ ရှိနေကြသော သက်ရှိများသည် အချင်းချင်း လွတ်လပ်စွာ ဆက်သွယ်စကားပြောနိုင်ကြမည် ဖြစ်သည်။

ထို့ပြင် အလေးချိန် ကီလိုဂရမ် တစ်ထောင်အောက်ရှိသော သက်မဲ့ပစ္စည်းများကိုလည်း မည်သည့်အလေးချိန်မျှ မရှိဘဲ သိုလှောင်ထားနိုင်မည် ဖြစ်သော်လည်း၊ ကီလိုဂရမ် တစ်ထောင်ထက် ကျော်လွန်သောအရာမှန်သမျှသည် မူလအလေးချိန်အတိုင်းဖြစ်မည် ဖြစ်သည်။]

ဤအခရမ်းရောင်အဆင့်ရှိသော ကိရိယာဆန်းသည် သူ၏ ဗီဇပြောင်းသတ္တဝါလက်ကောက်နှင့် အလွန်ပင် ဆင်တူလှပေသည်။

နှစ်ခုစလုံးမှာ သက်ရှိများကို သိုလှောင်ရန်အတွက် အဓိက အသုံးပြုနိုင်ခြင်း ဖြစ်၏။

ဒါတင်မကသေးဘဲ ဤအာကာသလက်စွပ်တွင်မူ ဗီဇပြောင်းသတ္တဝါများသာ ဖြစ်ရမည်ဟူသော ကန့်သတ်ချက် ရှိမနေပါပေ။

မည်သည့်သက်ရှိပုံစံမျိုးကိုမဆို အတွင်း၌ သိုလှောင်ထားနိုင်သဖြင့်၊ ဆိုလိုသည်မှာ ရှင်ကျန်သူများကိုလည်း ၎င်းအတွင်းသို့ ထည့်သွင်းသိုလှောင်ထားနိုင်ခြင်း ဖြစ်ပေသည်။

ဤသည်မှာ ချန်ရင်တို့ မိသားစု ဖန်တီးခဲ့သော နောက်ထပ် အဆင့်မြင့် ကိရိယာတစ်ခု ဖြစ်ရမည် မဟုတ်ပါလား။

ရွှီရှင်းသည် ထိုလက်ကောက်ကို အနီးကပ် သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ပေသည်။

လက်ကောက်တစ်ခုလုံးမှာ ကြည်လင်တောက်ပလှသော အဖြူရောင်ဖြစ်ပြီး အတွင်း၌ အနီရောင်အစင်းကြောင်းအချို့ စီးဆင်းနေသဖြင့် နီဖြူစပ်ကြားလက်ကောက်လေးမှာ တကယ့်ကို လှပလွန်းလှ၏။

၎င်းမှာ ဗီဇပြောင်းသတ္တဝါများထံမှ ရရှိသော အစိတ်အပိုင်းများဖြင့် ဖန်တီးထားခြင်း ဖြစ်ရမည်ဖြစ်ပြီး အသွင်အပြင်အရဆိုလျှင် အရိုး သို့မဟုတ် ဦးချိုများဖြင့် ပြုလုပ်ထားပုံရပေသည်။

ဤလက်ကောက်ကို ကိုင်တွယ်ထားစဉ်မှာပင် သူ့ထံ၌ ထူးခြားသော ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့၏။

အကယ်၍ သူသာ အလိုရှိပါက သူကိုယ်တိုင်ပင်လျှင် အတွင်းသို့ ဝင်ရောက်သွားနိုင်မည်ဖြစ်သော်လည်း မိမိဘာသာ ပြန်ထွက်လာနိုင်ခြင်း ရှိ၊ မရှိကတော့ မရေရာသေးပါပေ။

"ဒီလက်ကောက်က အဆင့်မြင့် အရင်းအမြစ်တစ်ခုလားဟင်"

လီဝမ်ရှီးသည်လည်း စောစောက များပြားလှသော သတင်းအချက်အလက်များကြားမှ ပြန်လည်နိုးကြားလာခဲ့ပြီး စူးစမ်းလိုစိတ်ဖြင့် တိုးကပ်လာကာ ရွှီရှင်း၏ဘေး၌ မှီလျက် သူ၏လက်ထဲက လက်ကောက်ကို လှမ်းကြည့်ရင်း "ဒီအရာက ဟိုရွှေငွေ ရတနာတွေနဲ့ လုံးဝမတူဘဲ တကယ့်ကို ထူးခြားပြီး လှပလွန်းတယ်" ဟု ဆိုရှာ၏။

သူမသည် ချန်ရင်တို့ မိသားစုအကြောင်းကိုမူ ထပ်မံ၍ အများကြီး မမေးမြန်းတော့ပါပေ။

"အီး"

ခဲခဲလေးကလည်း ထောက်ခံသည့်အလား အော်ဟစ်လိုက်ပေသည်။

ရွှီရှင်းသည် လက်ကောက်ကို သူမထံသို့ ကမ်းပေးလိုက်ရင်း "အဲ့တာရဲ့ အချက်အလက်တွေကို တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ဦး" ဟု ဆို၏။

လီဝမ်ရှီးသည် ၎င်းကို လက်ထဲ၌ ကိုင်ဆောင်လိုက်ရာ သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်းနှင့် ပြူးကျယ်လာခဲ့ရပြီး "ဒါ... ဒါက..." ဟု ရေရွတ်မိလိုက်၏။

သူမ မြင်တွေ့ရသော အချက်အလက်များမှာလည်း ရွှီရှင်း မြင်တွေ့ခဲ့ရသည်နှင့် အတူတူပင်ဖြစ်ပြီး သက်မဲ့ပစ္စည်း ကီလိုဂရမ် တစ်ထောင်အကြောင်း ကိစ္စရပ်တစ်ခုသာ ပါဝင်ခြင်း မရှိပါပေ။

"လူတွေကို သိုလှောင်ထားနိုင်တဲ့ လက်ကောက်ပါလား"

လီဝမ်ရှီးက အံ့သြတကြီး အော်ဟစ်လိုက်ကာ "ဒီလိုမျိုး ပစ္စည်း တကယ်ရှိနေနိုင်လိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး" ဟု ဆို၏။

ခရမ်းရောင်အဆင့်ရှိသော ကိရိယာဆန်းများ၏ လုပ်ဆောင်ချက်များမှာ တဖြည်းဖြည်းနှင့် ပိုမို၍ အစွမ်းထက်လာခဲ့ကြပြီ ဖြစ်ပေသည်။

ခရမ်းရောင်အဆင့်ရှိသော ကျောပိုးအိတ်သည် အလေးချိန်ကို ၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခြင်းဖြစ်ပြီး ဆိုလိုသည်မှာ ကီလိုဂရမ် တစ်သောင်းရှိသော အလေးချိန်ကို ကျောပိုးအိတ်အတွင်း ထည့်သွင်းလိုက်ပါက ကီလိုဂရမ် နှစ်ရာအဖြစ်သာ ပြသမည်ဖြစ်သဖြင့် ရွှီရှင်း၏ လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ဆိုလျှင် လုံးဝ ခံနိုင်ရည်ရှိပေသည်။

သို့သော်လည်း ဤအခရမ်းရောင်အဆင့်ရှိသော အာကာသလက်စွပ်မှာမူ ပစ္စည်းများကို အခရမ်းရောင် ကျောပိုးအိတ်ကဲ့သို့ အရေအတွက် အများအပြား သိုလှောင်နိုင်ခြင်းမရှိသော်လည်း သက်ရှိများကိုမူ အကန့်အသတ်မရှိဘဲ မည်သည့်အလေးချိန်မှ မရှိအောင် သိုလှောင်ထားနိုင်ခြင်း ဖြစ်ပေသည်။

ထို့ပြင် အလေးချိန်သည် ကီလိုဂရမ် တစ်ထောင်အောက်သာ ဆိုပါက ဤအာကာသလက်စွပ်၏ စွမ်းဆောင်ရည်မှာ ပို၍ပင် အစွမ်းထက်လှ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းတွင် မည်သည့်အလေးချိန်မှ လုံးဝ ရှိမနေသောကြောင့် ဖြစ်၏။

ဤလက်ကောက်သည် ရိုးရှင်းစွာ ပြောရလျှင် ရွေ့လျားနိုင်သော ခိုလှုံရာအိမ်ကြီး တစ်ခုပင် ဖြစ်၏။ မဆိုးလှပါချေ။

ရွှီရှင်းသည် ရတနာပုံကြီးဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိပြန်၏။

အတွင်း၌ အစိမ်းရောင်အဆင့်ထက် မြင့်မားသော ပစ္စည်းများ ထပ်မံရှိမနေတော့ဘဲ အဖြူရောင်အဆင့် အလင်းတန်းများ ထွက်ပေါ်နေသော ရတနာပုံကြီးသာ ကျန်ရှိတော့ပေသည်။

အကယ်၍ သူ့ထံ၌ အဆင့်အတန်း ခွဲခြားနိုင်သော အစွမ်းမရှိပါက စစ်ဆေးရေးစားပွဲခုံကို အသုံးပြုလျက် ပစ္စည်းတစ်ခုချင်းစီကို ကောက်ယူကာ အဆင့်အတန်း လိုက်လံစစ်ဆေးနေရမည်ဖြစ်သဖြင့် အချိန်များစွာ ကုန်ဆုံးသွားမည်မှာ အမှန်ပင် ဖြစ်၏။

သို့သော်လည်း အဘယ်ကြောင့် ဤရတနာသေတ္တာကောင်ကြီး၏ ဝမ်းဗိုက်အတွင်းက ပစ္စည်းအားလုံးသည် ချန်ရင်တို့ မိသားစုနှင့်သာ သက်ဆိုင်နေရပါသနည်း...။

၎င်းသည် ချန်ရင်တို့ မိသားစု၏ ရတနာသိုက်ကို သွားရောက်လုယက်ခဲ့ခြင်းများလော။

ရွှီရှင်းသည် ရတနာသေတ္တာကောင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုကလေး ရုပ်တုဆီသို့ အကြည့်ကို ပို့ဆောင်လိုက်၏။

"သူက ဘာလို့ မင်းရဲ့ ဝမ်းဗိုက်ထဲကို ရောက်နေရတာလဲ" ဟု ရွှီရှင်းက ကလေး ရုပ်တုကို ညွှန်ပြလျက်၊ စားပွဲပေါ်တွင် မလှုပ်မယှက် ဝပ်နေဆဲဖြစ်သော ရတနာသေတ္တာကောင်ကြီးအား လှမ်း၍ မေးမြန်းလိုက်ပေသည်။

ရတနာသေတ္တာကောင်ကြီးသည် အသံများ ပြုလုပ်နိုင်စွမ်း ရှိကြောင်းကို ယခင်က အရိုက်ခံရစဉ်အတွင်း စူးရှစွာ အော်ဟစ်ခဲ့ဖူးသဖြင့် သိထားပေသည်။

၎င်းအနေဖြင့် ဆက်သွယ်စကားပြောနိုင်ခြင်း ရှိ၊ မရှိကတော့ မသေချာသေးပါပေ။

ဤစကားကို ကြားလိုက်ရသောအခါ ရတနာသေတ္တာကောင်ကြီးသည် ၎င်း၏အဖုံးကို ချက်ချင်းပင် ပိတ်လိုက်ပြီး ပြန်လည်ပွင့်ဟလာသည့်အခါတွင်မူ ဧရာမပါးစပ်ကြီး ဖြစ်သွားခဲ့ချေပြီ။

၎င်း၏ ကိုယ်ထည်မှာ နူးညံ့သွားခဲ့ပြီး အနည်းငယ် လှုပ်ရှားသွားကာ စားပွဲခုံပေါ်တွင် သေသေချာချာ ဝပ်လိုက်ပြီးနောက် ပွင့်နေသော ပါးစပ်ကြီး၏ လည်ချောင်းနက်နက်ထဲမှနေ၍ ကွဲအက်နေသော သံချေးတက်တံခါးကြီး ပွင့်ဟလာသည့်အလား ထူးဆန်းလှသော အသံအချို့ ထွက်ပေါ်လာခဲ့၏။

"ခဲခဲလေး... ငါ့အတွက်ဘာသာပြန်ပေးစမ်းပါဦး"

လီဝမ်ရှီးသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခဲခဲလေး၏ ခေါင်းလေးကို အသာအယာ တို့ထိလိုက်၏။

သူမသည် ခဲခဲလေးအနေဖြင့် ဗီဇပြောင်းသတ္တဝါများ၏ စကားကို နားလည်နိုင်စွမ်း ရှိကြောင်း သိရှိထားသောကြောင့် ဖြစ်ပေသည်။

"အီး"

ခဲခဲလေးသည် ခေါင်းလေးကို စောင်းလျက် ရတနာသေတ္တာကောင်ကြီး၏ အသံများကို နားထောင်နေမိပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေသည့် ပုံစံ ရှိနေ၏။

"နင်လည်း နားမလည်ဘူးလား"

ရွှီရှင်းက မေးလိုက်ပေသည်။

"အီး..."

ခဏမျှ နားထောင်ပြီးနောက် ခဲခဲလေးသည် သူမ နားမလည်ကြောင်း ခေါင်းလေးကို ခါယမ်းပြလိုက်ပြီး ၎င်းနောက် ရွှီရှင်း၏ ပုခုံးပေါ်သို့ ခုန်တက်ကာ ၎င်း၏ ခြေဖဝါးလေးများဖြင့် အမူအရာအချို့ လုပ်ဆောင်ပြလာခဲ့၏။

ရွှီရှင်းသည် အချိန်အတော်ကြာ စောင့်ကြည့်ပြီးမှသာ ၎င်းဖော်ပြလိုသည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့ရပေသည်။

၎င်းမှာ ဤသေတ္တာကြီးသည် အသံများကိုသာ ပြုလုပ်နိုင်ခြင်းဖြစ်ပြီး အမှန်တကယ် စကားပြောနိုင်ခြင်း မရှိပါဟူ၍ ဖြစ်၏။

ကောင်းပါပြီ...။

သူသည်လည်း သေတ္တာတစ်လုံးက စကားပြောနိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပါပေ။

သို့သော်လည်း အနည်းငယ်တော့ နှမြောဖို့ကောင်းလှပေသည်။

ဤရတနာသေတ္တာကောင်ကြီးသည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ အခြေအနေများကို သေချာပေါက် သိရှိထားရမည် ဖြစ်သောကြောင့် ဖြစ်၏။

လောလောဆယ်တွင်မူ အရင်ဆုံး ဆီးနှင်းတောင်တယ်လီပို့စနစ်ကြီးကို အသက်သွင်းလိုက်ပြီးမှ ဘာတွေဖြစ်ပျက်လာမည်ကို ဆက်လက်စောင့်ကြည့်ရပေမည်။

ရတနာသေတ္တာကောင်ကြီးသည်လည်း ၎င်း၏စကားကို မည်သူမျှ နားမလည်နိုင်ကြကြောင်း မြင်တွေ့သွားသောအခါ ၎င်း၏အဖုံးကို ပြန်လည်ပိတ်ဆို့လိုက်ရုံမှတစ်ပါး အခြားမရှိတော့ဘဲ သာမန်ရတနာသေတ္တာတစ်လုံးအသွင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ပါတော့သည်။

"ဟို... ရွှီရှင်း၊ ကျွန်မ ဒီလက်ကောက်ရဲ့ အတွင်းထဲကို ဝင်ပြီးတော့ တစ်ချက်လောက် သွားကြည့်လို့ ရမလားဟင်။ ကျွန်မ တကယ်ကို ဝင်ကြည့်ချင်နေတာ"

လီဝမ်ရှီးသည် မိမိလက်ထဲက လက်ကောက်ကို စွဲလန်းစွာဖြင့် စိုက်ကြည့်ရင်း သူ့ကို မော့ကြည့်ကာ တောင်းဆိုလိုက်၏။

ရွှီရှင်းကလည်း ခေါင်းညိတ်ပြလိုက်ပေသည်။

မည်သို့ပင်ဆိုစေ သူကိုယ်တိုင်လည်း ဤလက်ကောက်၏ အတွင်းပိုင်းတွင် ဘာတွေရှိမလဲဆိုသည်ကို သိရှိလိုသောကြောင့် ဖြစ်၏။

သူက "ကောင်းပါပြီ၊ ငါ နင့်ကို အတွင်းထဲကို အရင်ဆုံး ထည့်သွင်းပေးမယ်၊ နင် အထဲက မြင်ကွင်းတွေကို စစ်ဆေးကြည့်ပြီး နင့်ဘာသာ ပြန်ထွက်လာလို့ ရ၊ မရဆိုတာကိုပါ တစ်ခါတည်း အတည်ပြုခဲ့လိုက်ဦး။ မိနစ်ပိုင်းလောက်ကြာရင် ငါ နင့်ကို ပြန်ထုတ်ပေးပါ့မယ်" ဟု ဆိုလိုက်ပေသည်။

"ကောင်းပါပြီ"

လီဝမ်ရှီးသည် လက်ကောက်ကို ရွှီရှင်း၏ ဘယ်ဘက်လက်ပေါ်သို့ တင်ပေးလိုက်ပြီးနောက် လက်ကောက်အတွင်းသို့ အထည့်ခံရမည့် အချိန်ကို မျက်တောင်ခတ်ရင်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေတော့သည်။

ရွှီရှင်းသည် သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး သူမ၏ ပါးပြင်လေးကို အသာအယာ ဆွဲလိုက်ရ၊ သူမသည် သူ့ရှေ့မှောက်မှနေ၍ ရိပ်ခနဲ ချက်ချင်း ကွယ်ပျောက်သွားခဲ့ပါတော့သည်။

"အီး"

ရွှီရှင်း၏ ပုခုံးပေါ်တွင် ဝပ်နေသော ခဲခဲလေးသည် ခေါင်းလေးကို စောင်းလျက် ၎င်း၏ ခြေဖဝါးလေးဖြင့် လက်ကောက်ကို တို့ထိကြည့်ရှုရှာ၏။

"...အင်း၊ ဒီလက်ကောက်ကို ညာဘက်လက်မှာ ဝတ်ထားတာက ပိုပြီး အဆင်ပြေလိမ့်မယ်။"

လက်ရှိတွင်မူ သူ၏ ဘယ်ဘက်လက်၌ သစ်ပင်အိမ်လက်ပတ်နာရီနှင့် ဗီဇပြောင်းသတ္တဝါလက်ကောက်တို့ ရှိနှင့်နေပြီး ဖြစ်ပေသည်။

ဤအာကာသလက်ကောက်သည် ယခင် ဗီဇပြောင်းသတ္တဝါလက်ကောက်ထက် များစွာ ပိုမိုအဆင့်မြင့်လှသည်မှာ မှန်သော်လည်း ရွှီရှင်းအနေဖြင့် ယခင်လက်ကောက်ကို စွန့်ပစ်ရန် ရည်ရွယ်ချက် မရှိပါပေ။

အဘယ်ကြောင့်ဆိုသော် ယခင်လက်ကောက်တွင်မူ အတွင်း၌ သိုလှောင်ထားသော သက်ရှိများသည် တစ်ဦးနှင့်တစ်ဦး လုံးဝ သက်ရောက်မှု မရှိစေရဟူသော လုပ်ဆောင်ချက် ပါရှိနေသောကြောင့် ဖြစ်၏။

ဤအချက်မှာ မိမိလူများအတွက်မူ ကောင်းမွန်လှသော လုပ်ဆောင်ချက်တစ်ခု မဟုတ်သော်လည်း အချို့သော အခြေအနေမျိုးတွင်မူ ယခုတစ်ကြိမ် ရတနာသေတ္တာကောင်ကြီးကို သိုလှောင်စဉ်ကကဲ့သို့ ၎င်းကို ယခင် ဗီဇပြောင်းသတ္တဝါလက်ကောက်အတွင်းသို့ ထည့်သွင်းထားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သောကြောင့် ဖြစ်ပေသည်။

ချန်ရင်သည် ယခင်က ဤကဲ့သို့သော ပစ္စည်းများကို ဖန်တီးရန်အတွက် အဆင့်မြင့် ဗီဇပြောင်းသတ္တဝါများ၏ အစိတ်အပိုင်းများ လိုအပ်ကြောင်း ပြောကြားခဲ့ဖူးပေသည်။

ကြည့်ရသည်မှာ ၎င်းသည် နောက်ထပ် အစိတ်အပိုင်း အတော်များများကို ထပ်မံရရှိခဲ့ခြင်း ဖြစ်ရမည်။

သို့သော် ၎င်းကိုယ်တိုင်ကမူ မိမိအနေဖြင့် အဆင့်မြင့် ဗီဇပြောင်းသတ္တဝါများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ပြောကြားခဲ့ဖူးရာ ဤပစ္စည်းများကို မည်သို့သော နည်းလမ်းဖြင့် ရရှိခဲ့ပါသနည်း။

မိနစ်ပိုင်းမျှ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ရွှီရှင်းသည် လက်ကောက်ကို လှည့်ပတ်လိုက်ပြီး လီဝမ်ရှီးကို ပြန်လည်ထုတ်ပေးလိုက်ပေသည်။

လီဝမ်ရှီး ပေါ်ထွက်လာသည့် ခဏ၌ သူမသည် ရှေ့သို့ အရှိန်လွန်ကာ ယိုင်တိုင်တိုင်ဖြစ်သွားခဲ့ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

"ဘာဖြစ်လို့လဲ၊ အဆင်ပြေရဲ့လား"

ရွှီရှင်းက သူမကို ချက်ချင်းပင် လှမ်း၍ ထူပေးလိုက်ပေသည်။

"အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်"

သူမသည် လက်ကို အမြန်ယမ်းပြလျက် "ကျွန်မ အထဲမှာ ပြေးလွှားနေတုန်း ရှင်က ပြန်ထုတ်ပေးလိုက်တာမို့လို့ပါ" ဟု ဆို၏။

"အထဲက အခြေအနေက ဘယ်လိုလဲ"

" ဖြူလွလွ အလင်းတန်းတွေ ထွက်နေတဲ့ ကျောက်နံရံတွေ ရှိပြီး တကယ်ကို ကြီးမားလှတဲ့ အခန်းကြီးတစ်ခုပဲ"

လီဝမ်ရှီးသည် လက်ညှိုးလေးကို ပါးစပ်တွင် တင်လျက် စဉ်းစားကာ

"ဟို... ဒါတင်မကသေးဘူး... အို၊ ကျွန်မလည်း သေသေချာချာ ရှင်းပြဖို့ ခက်တယ်။ ရှင်ကိုယ်တိုင်ပဲ အထဲကိုဝင်ပြီး တစ်ချက်လောက် သွားကြည့်လိုက်ပါလား။ အဲဒီလို ပတ်ဝန်းကျင်မျိုးဆိုရင်တော့ ဖေးအာသာ အထဲကို ဝင်ရင်တောင်မှ လုံးဝ ကြောက်လန့်မှာ မဟုတ်ဘူး" ဟု ဆိုလိုက်ပေသည်။

ကောင်းလှပေသည်၊ သူကိုယ်တိုင်လည်း ဝင်ရောက်ကြည့်ရှုရန် ရည်ရွယ်ထားပြီး ဖြစ်၏။

"ဒါဆိုရင်တော့ ငါ အထဲကို ဝင်ပြီး တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်၊ မိနစ်ပိုင်းလောက်ကြာရင် ငါ့ကို ပြန်ထုတ်ပေးဖို့ မမေ့နဲ့ဦးနော်"

"စိတ်ချပါ"

ရွှီရှင်းသည် လက်ကောက်ကို တို့ထိလိုက်ပြီး စိတ်အာရုံကို လှုပ်ရှားလိုက်ပေသည်။

တစ်ခဏချင်းအတွင်းမှာပင် သူ၏ ပတ်ဝန်းကျင် မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။

ကမ္ဘာကြီး လည်ပတ်သွားခြင်းမျိုး ရှိမနေခဲ့သလို အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည့် ခံစားချက်မျိုးလည်း ရှိမနေဘဲ သူသည် အာကာသလက်ကောက်၏ အတွင်းဟင်းလင်းပြင်ထဲသို့ တိုက်ရိုက်ပင် ရောက်ရှိသွားခြင်း ဖြစ်ပေသည်။

ဤသည်မှာ သေတ္တာပုံစံရှိသော ဟင်းလင်းပြင်ကျယ်ကြီးတစ်ခုဖြစ်ပြီး သူ၏ ပတ်ဝန်းကျင်နှင့် အောက်ခြေက ကျောက်နံရံများထံမှ မှိန်ဖျော့လှသော ဖြူလွလွ အလင်းရောင်ခြည်များ ဖြာထွက်နေပေသည်။

အချက်အလက်များတွင် ဖော်ပြထားသည့်အတိုင်းပင် အလျား၊ အနံ၊ အမြင့် မီတာသုံးဆယ်ခန့်စီ ရှိကြသော သီးခြား ဟင်းလင်းပြင်ကျယ်ငယ်တစ်ခုဖြစ်ပြီး ကြမ်းပြင်ဧရိယာမှာ အကြမ်းဖျင်းအားဖြင့် စတုရန်းမီတာ တစ်ထောင်ခန့် ရှိပေသည်။

စတုရန်းမီတာ တစ်ထောင်ဆိုသည်မှာ အတော်လေး ကြီးမားလှသည်ဟု ထင်မှတ်ရသော်လည်း အမှန်တကယ် ဧရိယာပမာဏအရဆိုလျှင်မူ အလွန်အမင်း ကြီးမားလှခြင်းမျိုးတော့ မဟုတ်ပါပေ။

စံသတ်မှတ်ချက်ရှိသော ဘောလုံးကွင်းတစ်ခု၏ ဧရိယာသည် စတုရန်းမီတာ ခုနစ်ထောင်ခန့် ရှိခြင်းဖြစ်ပြီး အထက်တန်းကျောင်း သို့မဟုတ် တက္ကသိုလ် အားကစားကွင်းများ၏ ဧရိယာမှာမူ စတုရန်းမီတာ တစ်သောင်းငါးထောင်ထက်ပင် ကျော်လွန်သောကြောင့် ဖြစ်၏။

သို့သော်လည်း အတွင်းသို့ လူစအများအပြားကို ထည့်သွင်းထားရန်အတွက်မူ ပြဿနာရှိမည် မဟုတ်ပါချေ။

လူဦးရေ အထူထပ်ဆုံးသော စာသင်ကျောင်းများတွင်ပင် စတုရန်းမီတာ ဆယ်ဂဏန်းခန့်သာ ကျယ်ဝန်းလှသော စာသင်ခန်းတစ်ခုအတွင်း၌ လူပေါင်း လေးငါးဆယ်ခန့်ကို ဆန့်ဝင်အောင် ထည့်သွင်းထားနိုင်သည် မဟုတ်ပါလော။

ရွှီရှင်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကြမ်းပြင်ကို လက်ဖြင့် အသာအယာ တို့ထိကြည့်လိုက်၏။

ထိုနေရာမှ မှိန်ဖျော့လှသော နွေးထွေးမှုတစ်ခု ထွက်ပေါ်နေပြီး ၎င်းခံစားချက်မှာ သူ၏ စွမ်းအင်ဗဟိုချက် အစိတ်အပိုင်း ထံမှ ခံစားချက်နှင့် တစ်ထေရာတည်း တူညီနေပေသည်။

သူသည် မိမိကိုယ်ကိုယ် ပြန်လည်စစ်ဆေးကြည့်လိုက်ရာ သူ၏ ညာဘက်လက်ပေါ်မှ လက်ကောက်မှာ ပျောက်ကွယ်နေခဲ့သော်လည်း သူ သယ်ဆောင်လာခဲ့သော ပစ္စည်းမှန်သမျှမူ သူနှင့်အတူ အတွင်းသို့ ပါဝင်လာခဲ့ကြောင်း တွေ့ရှိလိုက်ရ၏။

ဟင်...

ရွှီရှင်းသည် သူ၏ ခရမ်းရောင်အဆင့်ရှိသော ကျောပိုးအိတ်ကို အူကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိတော့သည်။

ခရမ်းရောင်အဆင့် ကျောပိုးအိတ်ကိုပါ အတွင်းသို့ သယ်ဆောင်လာနိုင်ခြင်းပင်။

အခန်း ၄၈၅ ပြီး။

All Chapters