← Chapters

အခန်း ၄၈၆

Vol. 33 Ch. 486

အခန်း ၄၈၆

Vol. 33 Ch. 486

အခန်း (၄၈၆) - ဝမ်ကွေ့ရှင်းနှင့် ကျောက်ရှောင်ချွမ်းတို့ တောင်ထိပ်သို့ ရောက်ရှိလာခြင်း

ကျောပိုးအိတ်တစ်ခုကို အခြားကျောပိုးအိတ်တစ်ခုအတွင်းသို့ ထည့်သွင်း၍မရနိုင်ပါပေ ကျောပိုးအိတ်ချင်း ထပ်ဆင့်သိုလှောင်ခြင်း ကို စနစ်က ခွင့်မပြုပါချေ။

သို့သော်လည်း ဤအခရမ်းရောင်အဆင့်ရှိသော လက်ကောက်အတွင်း၌မူ အံ့သြစရာကောင်းလောက်အောင်ပင် ကျောပိုးအိတ်တစ်ခုလုံးကို ထည့်သွင်းနိုင်စွမ်း ရှိပေသည်။

ဤသည်မှာ...

ခရမ်းရောင်အဆင့်ရှိသော ကျောပိုးအိတ်က အလေးချိန်ကို ၂ ရာခိုင်နှုန်းအဖြစ် လျှော့ချပေးနိုင်ခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် လက်ကောက်ကလည်း သက်မဲ့ပစ္စည်း ကီလိုဂရမ် တစ်ထောင်အထိကို သယ်ဆောင်ပေးနိုင်ခြင်း ဖြစ်ရာ...

"ဟူး"

ရွှီရှင်းသည် အသက်ကို နောက်တစ်ကြိမ် ပြင်းပြင်းရှူလိုက်မိပြန်၏။

ဤလက်ကောက်သည် ရိုးရှင်းစွာ ပြောရလျှင် တကယ့်ကို အနှိုင်းမဲ့လှ၏။

တစ်ပြိုင်နက်တည်းမှာပင် သူသည် သူ၏ ဘယ်ဘက်လက်ပေါ်က လက်ပတ်နာရီကို သတိပြုမိလိုက်၏။

သူ၏ စိတ်ထဲ၌ လျှပ်စီးလက်သကဲ့သို့ အတွေးတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ဘယ်ဘက်လက်ကို မြှောက်ကာ နာရီမျက်နှာပြင်ကို ပွတ်ဆွဲဖွင့်လိုက်ရာ ပုံရိပ်ယောင်စခရင်မှာ ချက်ချင်း ပေါ်ထွက်လာခဲ့ချေပြီ။

မျှော်လင့်ထားသည့်အတိုင်းပင် လက်ပတ်နာရီကို အသုံးပြု၍ ရနေ၏။

ဤလက်ကောက်၏ အတွင်းပိုင်းတွင် လိုင်းဆွဲအား ရှိနေပေသည်။

သူသည် လီဝမ်ရှီးထံသို့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ချက်ချင်း ပေးပို့လိုက်တော့၏။

...

သစ်ပင်အိမ်အတွင်း၌မူ လီဝမ်ရှီးသည် လက်ထဲ၌ လက်ကောက်ကို ကိုင်ဆောင်ထားလျက် မိနစ်ပိုင်းပြည့်၍ ရွှီရှင်းအား ပြန်လည်ထုတ်ပေးရမည့် အချိန်ကို စိတ်ထဲကနေ ခပ်တိုးတိုး ရေတွက်စောင့်ဆိုင်းနေခဲ့ပေသည်။

သူမ အကြိမ်ပေါင်း သုံးဆယ်ကျော်အထိ ရေတွက်ပြီးချိန်၌ သူမ၏ လက်ပတ်နာရီမှာ ရုတ်တရက် တုန်ခါလာခဲ့၏။

သူမ ငုံ့ကြည့်လိုက်သည့် ခဏ၌ ဗာဒံစေ့ပုံစံ မျက်လုံးလေးများမှာ အံ့သြတကြီး ပြူးကျယ်သွားခဲ့ရရှာသည်။

"ရွှီရှင်းလား။ ဟင်... ဘယ်လိုဖြစ်လို့လဲ"

၎င်းတို့နှစ်ဦးသည် ဗီဒီယိုခေါ်ဆိုမှုဖြင့် ချိတ်ဆက်မိသွားကြပြီး တစ်ဦးကိုတစ်ဦး မျက်လုံးပြူးကာ စိုက်ကြည့်နေမိကြပေသည်။

"လက်ကောက်ထဲကနေ ဆက်သွယ်လို့ ရတာပဲဥစ္စာ"

လီဝမ်ရှီးသည် ရွှီရှင်း၏ အနောက်က ပတ်ဝန်းကျင်ကို မြင်တွေ့လိုက်ရသဖြင့် သူသည် လက်ရှိအချိန်အထိ လက်ကောက်၏ အတွင်းဟင်းလင်းပြင်ထဲ၌ ရှိနေဆဲဖြစ်ကြောင်း သိရှိသွားခဲ့၏။

"လက်ပတ်နာရီကတစ်ဆင့် အပြင်ကလူတွေနဲ့ ဆက်သွယ်လို့ ရတယ်"

ရွှီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး "ဒါက တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ၊ ဒီနည်းနဲ့ဆိုရင်တော့ အထဲကလူနဲ့ အပြင်ကလူ ဆက်သွယ်ရခက်ခဲမယ့် ပြဿနာအတွက် စိုးရိမ်နေရတော့မှာ မဟုတ်ဘူး" ဟု ဆိုလိုက်ပေသည်။

ဤလက်ကောက်သည် ဟင်းလင်းပြင်ကျယ် ဝန်းမှု၊ ဆက်သွယ်နိုင်စွမ်း ရှိမှုနှင့် ပစ္စည်းများကို သယ်ဆောင်နိုင်စွမ်း ရှိမှုတို့ကြောင့် တကယ့်ကို ပြီးပြည့်စုံလှသော ခိုလှုံရာ ဟင်းလင်းပြင်တစ်ခု ဖြစ်ပေသည်။

တစ်ခုတည်းသော အားနည်းချက်မှာမူ အကယ်၍ လက်ကောက်၏ သခင်ကိုယ်တိုင် အတွင်းသို့ ဝင်ရောက်သွားမည်ဆိုပါက မိမိဘာသာ ပြန်လည်ထွက်ခွာနိုင်မည့် နည်းလမ်း မရှိခြင်း ဖြစ်၏။

သူ အပြင်သို့ ပြန်လည်ထွက်ခွာလိုသည့်အခါ အပြင်ဘက်၌ လက်ကောက်ကို ထိန်းချုပ်ပေးမည့် အခြားလူတစ်ဦးဦး သေချာပေါက် လိုအပ်ပေသည်။

"တကယ့်ကို အစွမ်းထက်တဲ့ လက်ကောက်ပါလား။ ဒါက ပြောရရင် ကမ္ဘာငယ်လေးတစ်ခုအတိုင်းပဲ"

လီဝမ်ရှီးက အံ့သြတကြီး ရေရွတ်လိုက်မိ၏။

"ကဲ... ငါ့ကို အပြင်ထုတ်ပေးပါဦး"

"ကောင်းပါပြီ"

တစ်ခဏအတွင်းမှာပင် ရွှီရှင်း၏ ရှေ့မှောက်က မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့ပြီး သစ်ပင်အိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ။

"ရော့... နင့်ကို ပြန်ပေးမယ်။"

လီဝမ်ရှီးသည် လက်ကောက်ကို ရွှီရှင်း၏ လက်ပေါ်သို့ ပြန်လည်ဝတ်ဆင်ပေးလိုက်ရင်း "ဒီလက်ကောက်က တကယ်ကို ကောင်းလွန်းတယ်" ဟု ဆို၏။

လက်ကောက်ကို ကိုင်ဆောင်ထားသူသည် အတွင်းရှိ ပစ္စည်းများနှင့် သက်ရှိအားလုံးကို လုံးဝ စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

သို့သော် နှမြောဖို့ကောင်းလှသည်မှာ မိမိကိုယ်တိုင် အတွင်းသို့ ဝင်ရောက်လိုပါက အပြင်ဘက်က ကိုင်ဆောင်သူကို ပြောင်းလဲပေးရမည်ဖြစ်ပြီး သို့မဟုတ်ပါက ပြန်ထွက်လာနိုင်မည် မဟုတ်ပါချေ။

၎င်းတို့၏ ဘေးတွင်မူ ကလေး ကျောက်ဆစ်ရုပ်တုမှာ ခန္ဓာကိုယ်ကို ကျုံ့ထားလျက် မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး အစိမ်းရောင်အဆင့် အလင်းတန်းများကိုသာ ထုတ်လွှင့်နေကာ နိုးထလာမည့် မည်သည့်အရိပ်အယောင်မျှ မပြသသေးပါပေ။

ဒါတင်မကသေးဘဲ ကြမ်းပြင်ပေါ်တွင်မူ အဖြူရောင်အဆင့်ရှိသော ရွှေ ငွေ ရတနာပုံကြီးသာ ကျန်ရှိတော့ပေသည်။

ရွှီရှင်းသည် လီဝမ်ရှီး၏ လည်ပင်းပေါ်က ငွေဆွဲကြိုးလေးကို လှမ်းကြည့်လိုက်မိ၏။

ရွှီရှင်း၏ အကြည့်ကို သတိပြုမိသွားသောအခါ လီဝမ်ရှီးသည် သူမ၏ ရင်ညွန့်ကို မတ်လိုက်ပြီး လက်ဖြင့် ဆွဲကြိုးလေးကို ပင့်မပြလျက် "ဟိဟိ... ဘယ်လိုလဲ၊ ကြည့်ရတာ တကယ်လှတယ် မဟုတ်လား" ဟု ဆိုရှာ၏။

"တကယ်လှပါတယ်"

ရွှီရှင်းသည် သူမ၏ ပါးပြင်လေးကို မထိန်းနိုင်ဘဲ ထပ်မံဆွဲလိုက်မိပြီးမှ "ကျန်တဲ့ ပစ္စည်းတွေကိုတော့ ငါတို့ ထပ်ပြီး ဂရုစိုက်နေဖို့ မလိုတော့ဘူး မဟုတ်လား" ဟု မေးလိုက်၏။

"မလိုတော့ပါဘူး"

လီဝမ်ရှီးက ခေါင်းကို ခါယမ်းကာ "အဲ့တာတွေကို အကုန်လုံး ပြန်သိမ်းလိုက်ကြရအောင်" ဟု ဆို၏။

ရွှီရှင်းသည် ရတနာသေတ္တာကောင်ကြီးအား ထိုလက်ဝတ်ရတနာများအားလုံးကို ၎င်း၏ဝမ်းဗိုက်အတွင်းသို့ ပြန်လည်ဝါးမြိုသိမ်းဆည်းခိုင်းလိုက်ပေသည်။

သေတ္တာကောင်ကြီး၏ ဝမ်းဗိုက်အတွင်း၌ ၎င်း၏ လုပ်ဆောင်ချက်များကို ပြသနိုင်ရန်အတွက် ရတနာအချို့ သေချာပေါက် ရှိနေရမည်ဖြစ်ပြီးဤအသုံးမဝင်လှဟု ထင်မှတ်ရသော ရတနာများသည် ၎င်းအတွက် အလွန်ပင် သင့်တော်လှပေသည်။

မည်သို့ပင်ဆိုစေ အခြားသူများအနေဖြင့် အဆင့်အတန်း အရောင်အဆင်းများကို တိုက်ရိုက်မြင်တွေ့နိုင်ခြင်း မရှိကြသဖြင့် စနစ်တကျ စစ်ဆေးခြင်း မပြုလုပ်ဘဲနှင့်တော့ ဤပစ္စည်းများသည် အဖိုးတန်ရတနာများ မဟုတ်ကြဘူးဟု ထင်မှတ်ကြလိမ့်မည် မဟုတ်ပါချေ။

ထို့နောက်တွင်မူ သူသည် ထိုကလေး ရုပ်တုကိုလည်း အာကာသလက်ကောက်အတွင်းသို့ ထည့်သွင်းသိမ်းဆည်းလိုက်တော့၏။

သူ မရှိခိုက် ဤကလေး ရုပ်တုကို ဤနေရာ၌ ဒီအတိုင်း ပစ်ထား၍ မဖြစ်ပါပေ။

အကယ်၍ သူ မရှိသည့် အချိန်အတွင်း ၎င်းက ရုတ်တရက် နိုးထလာခဲ့မည်ဆိုပါက အဆင်ပြေမည် မဟုတ်သောကြောင့် ဖြစ်၏။

သို့ဖြစ်ရာ ၎င်းကို မိမိနှင့်အတူ တစ်ခါတည်း သယ်ဆောင်ထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

ရွှီရှင်းသည် ရတနာသေတ္တာကောင်ကြီးအား ဤထပ်တွင် ဆက်လက်ရှိနေစေခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ သစ်ပင်အိမ်၏ တတိယထပ်ဆီသို့ ပြန်လည်တက်ခဲ့ကြတော့သည်။

"ငါ အောက်ကို ဆင်းပြီး ကပ်ပါးသစ်ပင်အိမ် မျိုးစေ့ကို သွားစိုက်လိုက်ဦးမယ်၊ ပြီးတော့..."

ရွှီရှင်းသည် ပြတင်းပေါက်မှတစ်ဆင့် မီတာငါးဆယ်ခန့် ကွာဝေးသော နေရာတွင် ကြီးထွားနေပြီဖြစ်သော ညောင်ပင်ကြီးကို လှမ်းကြည့်လိုက်ရင်း "နင်ကတော့ သစ်ပင်အိမ်ထဲမှာပဲ အနားယူနေလိုက်တော့" ဟု ဆို၏။

သူသည် လီဝမ်ရှီးအား အပြင်သို့ ထပ်မံထွက်ခွာခြင်း မပြုစေလိုပါပေ။

အပြင်ဘက်တွင် ဤမျှအထိ မှောင်မည်းနေပြီဖြစ်ရာ ဘာလို့ ပြန်သွားရဦးမည်နည်း။

လီဝမ်ရှီးသည် ဆိုဖာပေါ်သို့ ခုန်တက်လိုက်ပြီး ကိုယ်ကိုလှည့်လျက် ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ကာ "သိပါပြီ၊ အမြန်ဆုံး ပြန်လာခဲ့ဦးနော်" ဟု ဆိုရှာ၏။

လက်ရှိတွင်မူ ပင်မသစ်ပင်အိမ်၏ အရှေ့ဘက်နှင့် အနောက်ဘက် မီတာတစ်ရာခန့်စီ အကွာအဝေးရှိသော ပတ်ဝန်းကျင်၌ ကပ်ပါးသစ်ပင်အိမ်များ ရှိနှင့်နေပြီး ဖြစ်ရာ ၎င်းတို့မှာ ကပ်ပါးသစ်ပင်အိမ် ၀၁ နှင့် ကပ်ပါးသစ်ပင်အိမ် ၀၂ တို့ ဖြစ်ကြပေသည်။

ဤကပ်ပါးသစ်ပင်အိမ် နှစ်လုံး၏ လက်ရှိပိုင်ရှင်များမှာ လီဝမ်ရှီးနှင့် လုဖေးအာတို့ ဖြစ်ကြ၏။

ဒါတင်မကသေးဘဲ ၎င်းတို့အပြင် အရှေ့တောင်ဘက် အရပ်၌မူ ပင်မသစ်ပင်အိမ်နှင့် အလွန်ပင် နီးကပ်လှသော နေရာတွင် မာဟုန်ဝေ ၏ သစ်ပင်အိမ်လည်း ရှိနေသေးသည်။

အချိန်ကို တွက်ချက်ကြည့်ခြင်းအားဖြင့် မာဟုန်ဝေသည် ၎င်း၏ အားနည်းနေသော အခြေအနေမှ ပြန်လည်သက်သာလာခဲ့ပြီ ဖြစ်ရမည်ဖြစ်ပြီး ၎င်း၏ ဆင်းရဲလှသော သစ်ပင်အိမ်ကိုလည်း အင်အားဖြည့်တင်းနေလိမ့်မည်ဟု ခန့်မှန်းရပေသည်။

ရွှီရှင်းသည် ယခုရရှိထားသော ကပ်ပါးသစ်ပင်အိမ် ၀၃ ကိုမူ၊ ပင်မသစ်ပင်အိမ်၏ မြောက်ဘက် မီတာတစ်ရာခန့် အကွာအဝေးရှိသော နေရာတွင် စိုက်ပျိုးရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

၀၁ နှင့် ၀၂ တို့၏ လက်ရှိပိုင်ရှင်များမှာ လီဝမ်ရှီးနှင့် လုဖေးအာတို့ ဖြစ်ကြသည်မှာ မှန်သော်လည်း စင်စစ်အားဖြင့် ၎င်းတို့နှစ်ဦးစလုံးတွင် မိမိတို့၏ ကိုယ်ပိုင်သစ်ပင်အိမ်များ ရှိကြပြီး ဖြစ်ပေသည်။

နယ်မြေ ၁ ၏ အခြေအနေများ အပြည့်အဝ ပြေလည်သွားခဲ့ပြီးပါက နယ်မြေ ၁ ရှိ လုဖေးအာ၏ သစ်ပင်အိမ်ကို ဤနေရာသို့ ပြောင်းရွှေ့စိုက်ပျိုးရမည် ဖြစ်သဖြင့် သူမသည် ဤသစ်ပင်အိမ်အသေးလေးအတွင်း၌ ဆက်လက်နေထိုင်တော့မည် မဟုတ်ပါချေ။

လီဝမ်ရှီး၏ သစ်ပင်အိမ်မှာလည်း သူမအား လုပ်ပိုင်ခွင့် ခွင့်ပြုချက်များ ပေးအပ်ရန်အတွက် ကြားခံကိရိယာတစ်ခုမျှသာ ဖြစ်သဖြင့် သူမသည်လည်း ထိုနေရာ၌ နေထိုင်မည် မဟုတ်ပါချေ။

သူမသည် သေချာပေါက် ဤပင်မသစ်ပင်အိမ်ကြီးအတွင်း၌သာ အတူတူ နေထိုင်သွားမည် ဖြစ်ပေသည်။

ဝ၁၊ ၀၂ နှင့် ၀၃ ဟူသော ဤသစ်ပင်အိမ် သုံးလုံးသည် အခြေခံအားဖြင့် သူ၏ ကိုယ်ပိုင် ဗလာကျင်းနေသော သစ်ပင်အိမ်များသာ ဖြစ်ကြသဖြင့် ၎င်းတို့ကို မိမိ၏ ပင်မသစ်ပင်အိမ်နှင့် နီးကပ်စွာ စိုက်ပျိုးထားခြင်းက အပင်နှလုံးသား၏ ကာကွယ်ရေးအပိုင်းအခြားအတွင်း၌ တည်ရှိနေမည်ဖြစ်ရာ အလွန်ပင် သင့်တော်လှပေသည်။

သူ စိုက်ပျိုးလိုက်သော ကပ်ပါးသစ်ပင်အိမ်လေးမှာ ဖြည်းဖြည်းချင်း ကြီးထွားလာနေသည်ကို သူ စောင့်ကြည့်နေမိ၏။

လက်ရှိအချိန်တွင်မူ လူမရှိဘဲ လွတ်နေသော ကပ်ပါးသစ်ပင်အိမ်များ၏ မဟာဗျူဟာမြောက် အရေးပါမှုမှာ တကယ့်ကို ကြီးမားလှပေသည်။

လီဝမ်ရှီးသည်လည်း ယခုအခါ သူနှင့်အတူ ဤနေရာတွင် ကပ်ပါးပြုနေပြီ ဖြစ်သဖြင့် မြေပုံပေါ်တွင် အဖော် အဖြစ် ပြသနေခဲ့ချေပြီ။

ထို့ပြင် အားလုံးထဲတွင် အရေးအကြီးဆုံးသော အချက်မှာမူ ပင်မသစ်ပင်အိမ်တစ်ခုတည်းပေါ်တွင် အတူတူ ကပ်ပါးပြုထားကြသော အဖော်များကြား၌ သစ်ပင်အိမ်စနစ်မှတစ်ဆင့် ရမှတ် များကို အပြန်အလှန် လွှဲပြောင်းပေးနိုင်ခြင်းပင် ဖြစ်ပေသည်။

ဆိုလိုသည်မှာ လီဝမ်ရှီးသည် ယခုအခါတွင် သူမ၏ ရမှတ်အားလုံးကို သူ့ထံသို့ လုံးဝ လွှဲပြောင်းပေးနိုင်ပြီဖြစ်ရာ သူ၏ ရမှတ်ဈေးဝယ်စင်တာအတွင်း၌ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်းအထိ လျှော့စျေးခံစားခွင့်ကို အတူတူ ပျော်ရွှင်စွာ ခံစားနိုင်ကြတော့မည် ဖြစ်၏။

သေချာပေါက် အရေအတွက် ကန့်သတ်ချက် ရှိနေသော ပစ္စည်းများအတွက်မူ ရွှီရှင်းအနေဖြင့် ကူညီပေးနိုင်ခြင်း မရှိပါပေ။

သူကိုယ်တိုင်ပင်လျှင် လုံလောက်မှု မရှိသဖြင့် ပိုမိုမြင့်မားသော ရမှတ်များကို အသုံးပြုလျက် လုဖေးအာနှင့် မာဟုန်ဝေတို့၏ ဈေးဝယ်စင်တာများထံမှနေ၍ ထိုပစ္စည်းများကို ထပ်မံဝယ်ယူနေရသောကြောင့် ဖြစ်၏။

အခန်း ၄၈၆ ပြီး။

All Chapters